ပိုင်ရှောင်ချန်းမှာ သူကဲ့သို့ ထူးချွန်ပြောင်မြောက်သော စစ်ဦးစီးမှူးတစ်ယောက်က ယခုလိုအခြေအနေထဲရောက်နေရခြင်းမှာ အလွန်တရာရှက်ရွံ့ဖွယ်ကောင်းလှသဖြင့် ကြိတ်၍ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သို့သော် အခြေအနေနှင့် အချိန်အခါကို စဥ်းစားကြည့်လျှင် ၄င်းကို လက်ခံရမည်သာဖြစ်ကြောင်း သူသိသည်။
” အာ ဘာပဲဖြစ်ဖြစ်။ ငါ ပိုင်ရှောင်ချန်းက အင်မတန် တော်ပြီး အံ့မခန်းပါရမီရှင်တစ်ယောက် ဖြစ်နေတော့ ဘယ်နေရာရောက်ရောက် လေးစားခံရမှာပဲ ”
သူက သူ့ကိုယ်သူအားပေးနေရင်း ရေဝဲထဲမှ ထွက်လာသည့်လူကို ကြည့်လိုက်သည်။ ယခုအခါ လီရှူက မိစ္ဆာအကျဥ်းထောင်၏ ခေါင်းဆောင်ဖြစ်ပြီး သူ၏ အနာဂတ်အထက်လူကြီး ဖြစ်မည်ဟု သူ သဘောပေါက်လိုက်လေသည်။ ထို့ပြင် သူ့ရှေ့ရှိလူသည်လည်း လီရှူ၏လက်ထောက်ဖြစ်ပေလိမ့်မည်။
” မြန်မြန်သွားစမ်းပါ” ထိုလူက ပြော၏။
“ မဟုတ်ရင် မင်း အပြင်မှာ နောက်တစ်ရက်စောင့်နေရမယ် ”
ပိုင်ရှောင်ချန်းက ထိုလူကို သဘောမကျဖြစ်နေပြီဖြစ်သည်။
“သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ငါဘာမှမလုပ်ထားပါဘူး”
သူက စိတ်ထဲတွင် မကျေမနပ်ပြောလိုက်သည်။ သို့သော် သူ့အတွက် ခေါင်းငုံ့ပြီး ရေဝဲထဲ အလျင်အမြန်ဝင်ရန်က လွဲ၍ ရွေးချယ်စရာမရှိပေ။
သူတို့ပျောက်ကွယ်သွားပြီး ကျုံးအောက်ခြေအထိ နစ်မြှုပ်သွားလေသည်။ ထိုလူသည် လီရှူ၏ လက်ထောက်ဖြစ်သည်ကို စဥ်းစားလိုက်ပါက သာမန်ထက်ထူးကဲသော ကျင့်ကြံခြင်းအခြေခံရှိသည်မှာ အံ့သြစရာတော့မရှိပေ။ သူ့တွင် အမိန့်လည်ဆွဲတစ်ခုရှိပြီး ၄င်းက ဖျော့တော့သော အလင်းရောင် ထုတ်လွှတ်လျက် သူနှင့် ပိုင်ရှောင်ချန်းတို့ပတ်လည်ရှိ သေစေနိုင်သော အမည်းရောင် ကျုံးရေများထံမှ ကာကွယ်ပေးထားလေသည်။
ပိုင်ရှောင်ချန်းသည် မည်းနက်နေသော ကျုံးရေကို ကြည့်ရင်း အတန်ငယ်စိတ်လှုပ်ရှားလာလေသည်။ မည်သည့်အရာမှ မမြင်နိုင်ရလောက်အောင် မည်းမှောင်နေသော်လည်း ရေကို ကြည့်လိုက်ရုံဖြင့် ၄င်းအထဲတွင် ကြောက်မယ်ဖွယ်သားရဲကြီး ရှိနေသည့်အလား ထူးဆန်းသော အန္တရာယ်အငွေ့အသက်ကို အာရုံရလိုက်လေသည်။
သူတို့နှစ်ယောက် အောက်သို့ဆက်လက်ဆင်းနေကြစဥ် သူက သတိထားနေသည်။ နောက်ဆုံးတွင် ရှေ့ရှိ အမည်းရောင်ရေအတွင်းမှ အစိမ်းရောင်အလင်းစက်နှစ်စက်ကို သူ သတိထားမိလိုက်သည်။
အလင်းစက်နှစ်စက်မှာ ဝိညာဥ်လောက အငွေ့အသက်များ ကိန်းအောင်းနေဟန်တူပြီး မျက်လုံးများအလားထင်ရသည်။ ၎င်းတို့ကို ကြည့်လိုက်ရုံဖြင့် သူ၏ ဆံပင်မွှေးများပင် ထောင်သွားရလေသည်။
သို့သော် သူ့ရှေ့မှသွားေနသည့် လူက မည်သို့ပင်ဖြစ်စေကာမူ အမူအရာမပျက်ပေ။ ထို့ကြောင့် ပိုင်ရှောင်ချန်းသည် သတိအပြည့်ကပ်လျက် နောက်ကသာ လိုက်သွားလိုက်တော့သည်။ သူတို့ ရှေ့ဆက်သွားနေစဥ် အစိမ်းရောင်အလင်းများက ပိုမိုလင်းလက်လာသည်။
သူတို့က အနီးသို့ ရောက်လာသည်နှင့်အမျှ ပိုမိုထင်ရှားပြတ်သားလာပြီး ပိုင်ရှောင်ချန်း၏နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။ ကျုံးအောက်ခြေရှိနေရာတွင် ဧရာမကျောက်ရုပ်တုကြီးတစ်ခုရှိနေသည်။
ရုပ်တုကြီးက ဟင်းလင်းပြင်တွန့်ခေါက်ခြင်းများ အသက်ဝင်နေသည့် ဧရာမ ရွှမ်ဝူ လိပ်ကြီးတစ်ကောင် ဖြစ်သည်။ စောစောက ပိုင်ရှောင်ချန်းတွေ့လိုက်သည့် အစိမ်းရောင်းအလင်းနှစ်ခုသည် အမှန်တကယ်တော့ လိပ်ကြီး၏ မျက်လုံးများပင်ဖြစ်သည်။
ထိုမျက်လုံးများထဲတွင် မှော်အချုပ်အနှောင်များ ရှိနေဟန်တူပြီး သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ထိုအချုပ်အနှောင်များကြောင့်သာမဟုတ်လျှင် အရှိန်အဝါများက တပွက်ပွက်ထနေမည်ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်မှာ ပြင်းထန်လာသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေပြီဖြစ်သော်လည်း မည်သည့်အတွက်ကြောင့်မသိ လိပ်ကို ရင်းနှီးနေသလို ခံစားနေရသည်။ တခဏကြာ အနီးကပ်ကြည့်လိုက်ပြီးနောက်တွင် သူ၏မျက်လုံးများသည် လက်ဖက်ရည်ပန်းကန်ပြားပမာ ပြူးကျယ်သွားပြီး သူ့နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။
” ဒီရုပ်တုကြီးက လိပ်ကလေးနဲ့ တော်တော်များများ တူတာပဲ ”
ယခုအထိ လိပ်ကလေးက အချိန်အတော်ကြာ ပျောက်နေခဲ့လေသည်။ ပိုင်ရှောင်ချန်းသည် အခါအားလျော်စွာ သူ့၏အိတ်ထဲတွင် သူ့ကို မွှေနောက်ရှာခဲ့သည့်တိုင် မတွေ့ခဲ့ပေ။ သို့ထိတိုင်အောင် လိပ်ကလေးက အိတ်ထဲတွင် ရှိနေသေးသည်ဟု ပိုင်ရှောင်ချန်းခံစားနေရလေသည်။
ထိုအခြင်းအရာများကြောင့် ပိုင်ရှောင်ချန်းက တွေဝေနေချိန် ရှေ့မှဦးဆောင်သွားနေသည့်လူက လိပ်ရုပ်တုကြီး၏ဘယ်ဘက်မျက်လုံးထံ ဦးတည်လိုက်သည်။ ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာဖြင့် နောက်ကလိုက်နေပြီး မကြာမီ မျက်လုံးအတွင်းထဲ ဝင်ရောက်သွားကြသည်။
အလွန်ပါးလွှာနူးညံသော အဟန့်အတားတစ်ခုသည် အမည်းရောင်ရေများကို တားဆီးထား၏။ ထိုလူတွင် ပါလာသော အမိန့်လည်ဆွဲကြောင့် သူတို့မှာ ဖြတ်သန်းခွင့်ပြုခံလိုက်ရလေသည်။
များမကြာမီ ပိုင်ရှောင်ချန်းသည် ရက်စက်ကြမ်းကြုတ်လှသော အစွယ်များသဖွယ် ရှုပ်ယှက်ခတ်နေသည့် ကျောက်စက်တွဲလောင်းများ၊ ကျောက်စက်မိုးမျှော်များဖြင့် ပြည့်နှက်နေသည့် ကျောက်လိုဏ်ဂူကြီးတစ်ခုထဲရောက်သွားကြောင်း သိလိုက်ရလေသည်။ ထိုနေရာတွင် စောင့်နေသည့် ဝိညာဥ်ကျင့်ကြံသူလေးဦးရှိပြီး သူတို့က ပိုင်ရှောင်ချန်းကို ဦးဆောင်လာသည့် အမျိုးသားအား တွေ့လိုက်သည်နှင့် လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
” လက်ဝဲဓမ္မအစောင့်အရှောက်ကို ဂါဝရပြုပါတယ်”
သူတို့၏ အသံများသည် ကျယ်ပြီးဟိန်းထွက်မသွားသော်လည်း အရိုးထဲထိပင် အေးစိမ့်သွားစေသည်။ သူတို့သည် သေခြင်းနှင့်ရှင်ခြင်း ကြားရှိ စည်းနှုတ်ခမ်းပေါ်တွင် ရှင်သန်နေသော လူများအလား သူတို့၏ အကြည့်များက နှလုံးသားထဲထိ ထွင်းဖောက်သွားနိုင်လေသည်။ သူတို့ကို တခဏကြည့်လိုက်ပြီးနောက်တွင် လေးယောက်လုံးသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများဖြစ်ကြောင်း ပိုင်ရှောင်ချန်း ဆုံးဖြတ်လိုက်သည်။
“ဒီ မိစ္ဆာအကျဥ်းထောင်က သာမန်ထောင်တော့ မဟုတ်ဘူးပဲ”
သူက တွေးလိုက်သည်။ သူက ဘေးဘီဝဲယာကို ဆက်လက်လှည့်ပတ်ကြည့်ရှုလိုက်ပြီး အရပ်လေးမျက်နှာတွင် လိုဏ်ခေါင်းလေးခုရှိပြီး ငါးခုမြောက်လိုဏ်ခေါင်းသဖွယ် အပေါက်တစ်ခု မျက်နှာကျက်ပေါ်တွင်ရှိနေကြောင်း သတိပြုမိလိုက်သည်။
” စွန်းဖုန်၊ ဒါက အမှတ်လေး ထောင်ခန်း ကို စောစောက တာဝန်ချပေးလိုက်တဲ့ ထောင်စောင့်အသစ်တစ်ယောက်ပဲ။ မင်း သူ့အတွက် အကုန်စီစဥ်ပေးလိုက် ”
အမိန့်ပေးပြီးနောက် ထိုလူသည် လက်နှစ်ဖက် နောက်ပစ်၍ ခေါင်းပေါ်ရှိ ငါးခုမြောက် လိုဏ်ခေါင်းထဲသို့ ပျံတက်သွားသည်။
ဝိညာဥ်ကျင့်ကြံသူလေးယောက်အဖွဲ့က သူထွက်သွားသဖြင့် လက်ယှက်အရိုအသေပေးလိုက်ကြပြီးနောက် အဘိုးအိုတစ်ယောက်က လွဲ၍ စင်္ကြံလေးခုထဲသို့ အလျှိုအလျှို ထွက်ခွာသွားကြသည်။ သူက မျက်မှောင်ကြုတ်ရင်း ပိုင်ရှောင်ချန်းကို ကြည့်ပြီး ပြော၏။
” လီရှူ ကိုယ်တိုင် လက်ဝဲဓမ္မစောင့်ရှောက်သူကို ကိစ္စတွေစီမံခိုင်းလိုက်ရင် မင်းက အမှတ်လေး ထောင်ခန်းမဟုတ်ပဲ အမှတ်တစ် ထောင်ခန်း ကို ရောက်သင့်တာ ”
အဘိုးအိုသည် အခြေအနေနှင့် ပတ်သက်၍ တစ်ခုခုလွဲနေကြောင်း တွေးတောနေပုံရသော်လည်း ပိုင်ရှောင်ချန်းကို ပြုံးပြနေသေးသည်။
ထိုအပြံးမှာ ဖော်ရွေသော အပြုံးတစ်ခုဖြစ်သော်လည်း ပိုင်ရှောင်ချန်းအတွက်တော့ အလွန် ကြောက်စရာကောင်းနေသည်။ အဘိုးအို၏ အန္တရာယ် အငွေ့အသက်များနှင့် ပေါင်းစပ်သွားသည်တွင် ပိုင်ရှောင်ချန်းမှာ ကျောချမ်းလာတော့သည်။
” မင်း နာမည်ကို သိခွင့်ရှိမလား ”
အဘိုးအိုက မေး၏။
ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ဂရုတစိုက်ဖြေလိုက်လေသည်။
” ကျုပ်က ပိုင်ဟောက်ပါ”
“ပိုင်ဟောက်၊ ပိုင်ဟောက်၊ ပိုင်… ” တခဏကြာစဥ်းစားပြီးသော် အဘိုးအို၏ မျက်လုံးများ ပြူးထွက်လာ၏။
” ပိုင်မျိုးနွယ်စုက ပိုင်ဟောက်လား”
ထိုလူ၏ အမူအရာကို ကျေနပ်သွားပြီး ပိုင်ရှောင်ချန်းက ဂုဏ်ယူစွာပြောလိုက်သည်။
” ဟုတ်တာပေါ့ မှန်ပဗျာ။ ကျုပ်က ပိုင်မျိုးနွယ်စု ပိုင်ဟောက်ပဲ ”
အဘိုးအိုမှာ အသက်တစ်ချက်ရှူလိုက်သည်။ အခုတွင် မည်သည့်အတွက်ကြောင့် လီရှူက အနှီလူငယ်ကို အမှတ်လေး ထောင်ခန်းသို့ တာဝန်ချပေးလိုက်သည်ကို သဘောပေါက်သွားလေပြီ။
” ဒီကောင်က အပယ်ခံမလား ”
သူကတွေးလိုက်သည်။
“ လီရှူက လက်ဝဲဓမ္မစောင့်ရှောက်သူဆီ လွှဲပေးလိုက်တယ်ဆိုတာ ပိုရာထူးမြင့်တဲ့လူက အမိန့်ပေးလိုက်လို့ပဲ။ ပြီးတော့ ဒီလို အမိန့်တွေပေးနိုင်လောက်တဲ့အထိ ရာထူးမြင့်တဲ့ လူတစ်ယောက်က နယ်စား သေမင်းအော်သံပဲဖြစ်ရမယ်။ ပြီးတော့ နယ်စားသေမင်းအော်သံကို အမိန့်ပေးနိုင်တဲ့ တစ်ယေါက်တည်းေသာလူက ကောင်းကင်ဘုရင်ပဲ”
” ဒီ ကလေးခေါင်းအတွက် ပိုင်မျိုးနွယ်စုက ဆုကြေးထုတ်ထားပေမယ့် ကောင်းကင်ဘုရင်က ဒီကို လွှတ်လိုက်တယ် ”
အဘိုးအိုသည် အတွင်းကျကျ ဆက်မတွေးရဲတော့ပေ။ သက်ပြင်းချင်း ဤအောက်လမ်းဆရာကို သူအနှောက့်အယှက်မပြုနိုင်ကြောင်း သဘောပေါက်လိုက်လေသည်။ ကောလဟာလများအရ သူသည် သူ၏ ကိုယ်ပိုင် မျိုးနွယ်စုကိုပင် ဆန့်ကျင်ခဲ့ပြီး သူ၏အဖေကို ပြန်ပေးဆွဲသည်အထိပင် လုပ်ရဲသည်မဟုတ်ပါလော။
ထိုလူငယ်သည် အလွန်တရာ စိတ်ရှည်သည်သာမက ရက်စက်ကြမ်းကြုတ်သူဖြစ်သည်။
” မိစ္ဆာထောင်ရဲ့ အမှတ်လေး ထောင်အခန်း ကနေ ကြိုဆိုပါတယ် တာအိုရောင်ရင်းပိုင်ဟောက်။ လာလာ လိုက်ပြပါရစေဦး”
သူက အတင်းပြုံးထားရရင်း ပိုင်ရှောင်ချန်းအား လိုဏ်ခေါင်းလေးခုအနက် မြောက်ဘက်ဆုံးကို ခေါ်ဆောင်သွားသည်။
” မိစ္ဆာအကျဥ်းထောင်က ကျောက်လိပ်ရုပ်တုကြီးရဲ့ အထဲမှာ ရှိပေမယ့် တကယ်တော့ တော်တော်ကျယ်တယ်။ ဒီမှာ အမှတ်တစ် ထောင်ခန်း အမှတ်နှစ်၊ အမှတ်သုံး၊ အမှတ်လေး နဲ့ အထူးထောင်ခန်း လို့အမည်ရတဲ့ ပြိုင်ဘက်ကင်း အခန်းငါးခုရှိတယ်။ “
” အထူးထောင်ခန်းကို ထောင်မှူးကြီးကိုယ်တိုင် ကြပ်မတ်တယ်။ပြီးတော့ အဲဒီအခန်းက မိစ္ဆာအကျဥ်းထောင်ရဲ့ အခရာပဲ။ ပုံမှန်ဆိုရင် ဘယ်သူမှ ဆင့်ခေါ်မခံရဘဲ အထဲဝင်လို့မရဘူး “
” တခြားအခန်းတွေမှာတော့ အကျဥ်းသားတွေ ဘယ်လောက်အန္တရာယ်များလဲ ပေါ်မူတည်ပြီး ချုပ်ထားတယ်။ အရေးအကြီးဆုံး အကျဥ်းသားတွေက အမှတ်တစ် ထောင်ခန်းကိုသွားရတယ်။ အကျဥ်းသားအားလုံးက အန္တရာယ်များပြီး ရက်စက်တဲ့လူတွေဆိုပေမယ့် အမှတ်လေး ထောင်ခန်းမှာရှိတဲ့လူတွေက တခြားလူတွေနဲ့ ယှဥ်ရင် ကလေးသာသာပဲရှိတာ”
” ထောင်ခန်းတစ်ခန်းစီမှာ လက်ထောက်ထောင်မှူးတစ်ယောက်၊ ထောင်ခေါင်းဆယ်ယောက်နဲ့ အစောင့်တစ်ရာလောက်အဖွဲ့တစ်ဖွဲ့ရှိတယ်။ ငါက အမှတ်လေးထောင်ခန်းရဲ့ လက်ထောက်ထောင်မှူးပဲ “
” တကယ်တော့ ထောင်မှူးကြီး လီရှူလက်အောက်မှာ လက်ထောက် ထောင်မှူးလေးဦးရှိတယ် “
စွန်းဖုန်သည် သူ့ကို အမှတ်လေး ထောင်ခန်းထံသို့ တန်းတန်းမတ်မတ်ခေါ်သွားပြီး လိုက်ပြလေသည်။ ပိုင်ဟောင့်ကို သူ့ထံ ပို့လိုက်ပြီး သူ့ကို ရှင်းထုတ်မရသည်ကတည်းက ကောင်းစွာဆက်ဆံရမည်ဟု သူဆုံးဖြတ်ပြီးသွားလေပြီ။ အမှတ်လေး ထောင်ခန်း ထဲတွင် လူပေါင်းများစွာ ရှိလေရာ တစ်ယောက်တိုးလာသည်က ဘာမှမထိခိုက်သွားပေ။
အမှန်တကယ်တော့ သူက လိုအပ်သည်ထက်တော့ ပိုမည်မဟုတ်ပေ။
နောက်ဆုံး၌ စွန်းဖုန်သည် ပိုင်ရှောင်ချန်းကို ထောင်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အမှတ်လေး ထောင်ခန်း ၏ အလယ်ရှိ မြေကွက်လပ်တစ်ခုသို့ ခေါ်သွားသည်။ ထိုမြေကွက်လပ်အလယ်တွင် တောက်ပနေသော တံခါးတစ်ချပ်ရှိလေသည်။
တံခါးသည် ပြင်းထန်သော ဖိအားနှင့် ရံဖန်ရံခါ ထစ်ခြုန်းသံများကို ထုတ်လွှတ်နေလေသည်။
၄င်းပတ်ပတ်လည်တွင် နေရာဆယ်ခုရှိပြီး အစောင့်ဆယ်ဖွဲ့နေသည့် ထောင်တန်းလျားများဖြစ်ကြောင်း စွန်းဖုန်က ရှင်းပြလေသည်။ တောက်ပနေသော တံခါးကြီးမှာမူ ထောင်ခန်းထံသို့ ဝင်ပေါက်ဖြစ်သည်။
ထောင်တန်းလျားဆယ်ခုလုံးသည် တစ်ထပ်ထည်းဖြစ်ပြီး အစိမ်းရောင် ထုံးကျောက်နှင့် တည်ဆောက်ထားသော်လည်း အရောင်အသွေးစုံလင်စွာ အလှဆင်ထားလေသည်။ သို့သော် မိစ္ဆာအကျဥ်းထောင်၏ အလယ်တွင် တည်ရှိနေဟန်တူရာ အလွန်တရာအန္တရာယ်များလှကြောင်း ပိုင်ရှောင်ချန်းသိလိုက်လေသည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်နှင့် ပတ်သက်၍ စိတ်ဓာတ်ကျနေသေးသော ပိုင်ရှောင်ချန်းသည် သက်ပြင်းချလိုက်ပြီး တွေးလိုက်လေသည်။
” အီး ငါ တကယ်ကြီး ထောင်စောင့်ဖြစ်လာတာ မယုံနိုင်သေးဘူးကွာ”