နယ်မြေသခင်အိမ်တော်၏ အမိန့်အရ တုန်းဟွာကောင်းကင်တွင် စားသောက်ပွဲတစ်ခု ကျင်းပမည် ဖြစ်သည်။ လူတိုင်းက ထိုစားသောက်ပွဲ ကျင်းပမည်မှာ အနှေးနှင့်အမြန် ဖြစ်မည်ကို သိသော်လည်း ထိုသတင်း ထွက်ပေါ်လာသည့်အခါ အတော်လေး ပွက်လောရိုက်သွားဆဲပင် ဖြစ်သည်။
ဤတစ်ကြိမ်၌ သူတို့က တုန်းဟွာနယ်မြေ၏ အစွန်အဖျားတိုင်းမှ ထိပ်သီးပုဂ္ဂိုလ်များအား မြင်တွေ့ရမည့် အခွင့်အရေးကို ဖမ်းဆုပ်နိုင်လိမ့်မည် ဖြစ်သည်။ ဤရက်များအတွင်း လာရောက်ကြသော အရည်အချင်းရှိ ထင်ရှားသည့် မည်သည့်သူမျိုးမဆို ယခင်က မြင်တွေ့ရန် ခက်ခဲသူများ ဖြစ်ကြသည်။ သို့သော်လည်း ယခု တုန်းဟွာစားသောက်ပွဲတွင် သူတို့အားလုံးကို တစ်စုတစ်စည်းတည်း တွေ့ရန် အခွင့်အရေး ရပြီဖြစ်သည်။
နောက်ဆုံးတစ်ခေါက် နတ်သမုဒ္ဒရာကုန်းမြေမှ လိပ်နတ်ဘုရားကျွန်းစုတွင် ထိပ်သီးပုဂ္ဂိုလ်အမြောက်အမြား စုစည်းခဲ့သော်လည်း ကုန်းမြေအများအပြားကို ဖြတ်သန်း၍ ထိုနေရာသို့ လူတိုင်း မရောက်နိုင်ခဲ့ကြပေ။ ဤတစ်ကြိမ်၌ တုန်းဟွာစားသောက်ပွဲသည် တုန်းဟွာကောင်းကင်၌ အကြီးအကျယ် ကျင်းပမည် ဖြစ်သည်။ နောက်ဆုံးတစ်ကြိမ်ကျင်းပခဲ့သော ထိုသို့ အခမ်းအနားမျိုးမှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ကျင်းပခဲ့ခြင်း ဖြစ်သည့်အတွက် ၎င်းအတွက် သူတို့က အနည်းငယ် စိတ်လှုပ်ရှားနေကြပေသည်။
ထပ်ပြောရလျှင် သူတို့က ထိုထိပ်တန်း ပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်သည့်အပြင် အထွတ်အထိပ် ရန်ဟောင်အများအပြားနှင့် ကျော်ကြားသည့် တန်ခိုးရှင် လေးယောက်ကိုလည်း မြင်တွေ့နိုင်ပေသည်။ ပြီးပြည့်စုံသော မဟာလမ်းစဉ် နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသည့် လူငယ်ပါရမီရှင်များ၏ တည်ရှိမှုက သဘောကျဖွယ်ပင် ဖြစ်သည်။ သူတို့သည် ကလန်များမှ မျိုးဆက်များဖြစ်သလို ရှေးဟောင်းတော်ဝင်မိသားစုများ၏ မင်းသားမင်းသမီးများနှင့် နှင်းမြို့တော်၏ နတ်မိမယ်များ ဖြစ်ကြသည်။
သူတို့က ထိုသူများကို မမြင်ဖူးသော်လည်း ကောလာဟလများစွာက တုန်းဟွာကောင်းကင်တွင် ပျံ့နှံ့နေပြီး ဖြစ်သည်။
တုန်းဟွာနယ်မြေတွင် နံပါတ်တစ်ဖြစ်သော နင်ဟွာအပြင် ‘ပျက်စီးခြင်း’၊ ကျန်းယွဲ့လီ၊ ကျုံးချန်နှင့် လတ်တလောမှ ကျော်ကြားလာသော ဓားအင်ပါယာလျှို့နျန်နှင့် ယခုလေးတင် တုန်းဟွာကောင်းကင်သို့ ဝင်လာသည့် နတ်မိမယ်ထိုက်ဟွာတို့ကိုလည်း မြင်တွေ့နိုင်ကြပေမည်။
သတင်းများ ထွက်ပေါ်လာပြီးနောက် တုန်းဟွာကောင်းကင်မှ လူများသည် ဗဟိုဒေသတွင် စုဝေးလာကြကာ အခမ်းအနားတက်ရောက်ရန် နယ်မြေသခင်အိမ်တော်သို့ သွားဖို့ရာ ပြင်ဆင်နေကြသည်။ ဤတစ်ကြိမ်၌ တုန်းဟွာနယ်မြေတစ်ခုလုံးအတွက် ကျင်းပသော ပွဲတော်တစ်ခု ဖြစ်သည်။
အချိန်သုံးရက်မှာ မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံး၌ စားသောက်ပွဲ ကျင်းပသည့် ရက်သို့ ရောက်ရှိလာခဲ့သည်။
ထိုနေ့ မနက်အစောပိုင်းတွင် လိန်မိသားစုက အလွန် အလုပ်များနေခဲ့သည်။ လိန်မိသားစု ကလန်ခေါင်းဆောင်က စောစောထကာ အခမ်းအနားအား စူးစမ်းလေ့လာရန် လူတစ်စုအားခေါ်သွားရန် ပြင်ဆင်နေသည်။
အိမ်တော်အတွင်း ရီဖူရှင်းနှင့် အခြားလူများ စုစည်းနေကြသည်။
“ဆေးအင်ပါယာ မလာဘူးလား။” ရီဖူရှင်းက လီချန်ရှန်းကို မေးလိုက်သည်။
“ဆရာက အဲဒီကို တိုက်ရိုက်သွားလိမ့်မယ်။” လီချန်ရှန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ “ဆရာ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ ကြိုပြောလို့မရဘူး။ သူက အာကာသခရီးသွားဝင်္ကပါကို သုံးစရာမလိုဘူး။ ဖြစ်နိုင်တာက သူ ဟိုဟိုဒီဒီ လမ်းလျှောက်သွားချင်လို့ ထင်တယ်။ အချိန်သိပ်ကြာမှာ မဟုတ်ပါဘူး။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထိပ်သီးပုဂ္ဂိုလ်များက သူတို့နှင့် မတူသည့်အတွက် ကုန်းမြေများကို ဖြတ်သန်းသွားလာရန် အချိန် သိပ်ယူရမည်မဟုတ်ပေ။
“နယ်မြေသခင်အိမ်တော်က တုန်းဟွာ စားသောက်ပွဲကျင်းပဖို့ ကြေညာခဲ့တယ်။ ကြည့်ရတာ သူတို့က အဲဒီစားသောက်ပွဲမှာ နယ်မြေသခင်အိမ်တော်မှာ ကျင့်ကြံဖို့ အရည်အချင်း ပြည့်မီတဲ့သူကို ရွေးချယ်မယ် ထင်တယ်။ ဒါပေမယ့် မင်းရဲ့ ဂုဏ်သတင်းနဲ့ ခွန်အားအရဆို အရည်အချင်းပြည့်မီမှာ ပြောနေစရာတောင် မလိုဘူး။ မင်းက ရွေးချယ်ပွဲမှာ ဝင်မပါတောင် တုန်းဟွာကျောင်းတော်မှာ တိုက်ခိုက်ခဲ့တာကတင် အရည်အချင်း ပြည့်မီနေပြီးသား။” လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။
နယ်မြေသခင်အိမ်တော်မှ ရွေးချယ်ပွဲသည် အစွမ်းထက်တန်ခိုးရှင်များကို ရွေးချယ်ရန် ဖြစ်သည်။ ရီဖူရှင်းက အလွန်ထူးချွန်လှရာ နယ်မြေသခင်အိမ်တော်က သူ၏ ဝင်ရောက်မှုအား ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ရွေးချယ်ခံတစ်ယောက် ဖြစ်ခဲ့လျှင် သူသည် စည်းမျဉ်းများကို လိုက်နာကာ အခြားရွေးချယ်ခံများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
“လူတိုင်းအသင့်ဖြစ်ပြီလား။” ထိုအချိန်၌ လိန်မိသားစုခေါင်းဆောင်က သူတို့ဘက်သို့ လျှောက်လာကာ မေးလိုက်သည်။ သူသည် လိန်မိသားစု၏ အဓိကကလန်မှ တန်ခိုးရှင်များကို အခမ်းအနားအား လေ့လာရန် ခေါ်ဆောင်လာခဲ့သည်။
“အင်း၊ ကျုပ်တို့ အခု သွားလို့ရပြီ။” လီချန်ရှန်းက ပြန်တုန့်ပြန်လိုက်သည်။
“ကောင်းပြီ။ ဒါဆို ကျုပ်တို့ သွားကြတာပေါ့။ အခု နယ်မြေသခင်အိမ်တော်မှာ တန်ခိုးရှင်တွေ အတော်များများ ရောက်နေလောက်ပြီ။” လိန်မိသားစုခေါင်းဆောင်က အပြုံးနှင့် ပြောလိုက်ပြီး လူတိုင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် လူတိုင်းက လေထဲသို့ ခြေလှမ်းကာ နယ်မြေသခင်အိမ်တော်သို့ ဦးတည်လိုက်သည်။
ထိုစဉ် တုန်းဟွာကောင်းကင်အထက်၌ တန်ခိုးရှင်သန်းပေါင်းများစွာ လေထဲတွင် ခရီးဆက်နေကြပြီး တူညီသော နေရာသို့ ဦးတည်နေကြသည်။ ထိုမြင်ကွင်းက ခမ်းနားထည်ဝါပြီး ကောင်းကင်ဒေသ၏ နယ်မြေဆယ့်ရှစ်ခုမှ အဓိကကုန်းမြေများတွင် တန်ခိုးရှင်များစွာ ရှိကြောင်း ရီဖူရှင်းအား သတိပြုမိစေသည်။
အဆင့်မြင့် ကျင့်ကြံခြင်းလောကတွင်ပင် ထိုမြင်ကွင်းက ခမ်းနားလှပေသည်။
ကောင်းကင်ဒေသ၏ နယ်မြေသခင်အိမ်တော်သည် ထိပ်ဆုံးသို့ ရောက်လုနီးနီးပင် ဖြစ်သည်။ တော်ဝင်နန်းတော်မှ လွဲပြီး ၎င်းကို ကောင်းကင်ဒေသအတွင်း ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ပြောနိုင်သည်။
…
တုန်းဟွာနယ်မြေသခင်အိမ်တော်သည် ‘တုန်းဟွာကောင်းကင်’ ဟု အစောဆုံးခေါ်တွင်ခဲ့သော နေရာဖြစ်သည်။ နောက်ပိုင်းမှသာ တုန်းဟွာကုန်းမြေတစ်ခုလုံးအား တုန်းဟွာကောင်းကင်ဟု ခေါ်ခြင်း ဖြစ်သည်။
သို့သော် နယ်မြေသခင်အိမ်တော် ကိုယ်တိုင်က တုန်းဟွာကောင်းကင် ဖြစ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။
နယ်မြေသခင်အိမ်တော်ကို တုန်းဟွာကောင်းကင်ဟု ခေါ်သည်မှာ မူလက ကောင်းကင်နန်းတော် ဖြစ်သောကြောင့် ဖြစ်လေသည်။
နယ်မြေသခင်အိမ်တော်က ပုံမှန်အုပ်ချုပ်မှုနှင့် ကွဲပြားပြီး ကျင့်ကြံခြင်းအတွက် အကောင်းဆုံး သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည်။ ၎င်းက အဆုံးမဲ့ ကျယ်ပြောပြီး ကောင်းကင်နန်းတော်ကို နတ်အရောင်အဝါတို့နှင့် လွှမ်းခြုံထားသည်မှာ ဒဏ္ဍာရီလာ နယ်မြေတစ်ခုကဲ့သို့ပင် ဖြစ်လေသည်။
ထိုအချိန်တွင် နယ်မြေသခင်အိမ်တော်၏ အပြင်ဘက်၌ တန်ခိုးရှင်များနှင့် ပြည့်နှက်နေခဲ့သည်။ ကောင်းကင်အထက်တွင် တောက်ပသော အလင်းက ကောင်းကင်ဘုံကိုးဆင့်မှ ကျဆင်းလာပြီး တိမ်များက ရုတ်တရက် ဖယ်ခွာသွားခဲ့သည်။ အိမ်တော်အထက်ရှိ မြူများက ပျောက်ပျယ်သွားပြီး ကောင်းကင်ဘုံကိုးဆင့်အထက် မြင်ကွင်းများကို မပီဝိုးတဝါး မြင်လာရသည်။
“ဟိုဘက်မှာ” လူတိုင်းသည် အလွန် ခမ်းနားထည်ဝါသော ကောင်းကင်ဘုံကိုးဆင့်နန်းတော်ကို မြင်တွေ့လိုက်ကြရသည်။
“တုန်းဟွာနန်းတော်” လူတိုင်းက ရေရွတ်လိုက်ကြသည်။ နယ်မြေသခင်အိမ်တော်တွင် တုန်းဟွာနန်းတော်သည် နယ်မြေသခင် အလုပ်လုပ်ရာ နေရာဖြစ်သည်။ ယခု ၎င်းက သူတို့၏ မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်။ နတ်နန်းတော်သည် ယခင်က တိမ်များထဲတွင် ပုန်းကွယ်နေခဲ့သော်လည်း ယခုတွင် လောကအတွင်း ထုတ်ဖော်ပြသလာပြီ ဖြစ်၏။
တုန်းဟွာနန်းတော်တွင် ကျောက်တိုင်အချို့က ကောင်းကင်သို့တိုင် ရောက်ရှိပြီး နဂါးများနှင့် ဖီးနစ်များကို ရေးထွင်းထားကာ ပလ္လင်များက မတူညီသော နေရာများတွင် ရှိနေခဲ့သည်။ ၎င်းတို့က သိသာစွာပင် တုန်းဟွာကောင်းကင်မှ အရေးကြီးဆုံး ပုဂ္ဂိုလ်များအတွက် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။
တုန်းဟွာနန်းတော်နောက်ဘက်တွင် ဘုံကိုးဆင့်ကောင်းကင်မှ နတ်ရေတံခွန်က ကျဆင်းလာနေသည်။ ထိုသို့ ခမ်းနားထည်ဝါသော မြင်ကွင်းသည် စိတ်ကူးများထဲတွင်သာ တည်ရှိနိုင်သော်လည်း ယခု အမှန်တကယ် တွေ့ကြုံနေရပြီ ဖြစ်၏။
ဘုံကိုးဆင့်ကောင်းကင်၏ နတ်ရေတံခွန်နောက်ဘက်တွင် နတ်တောင်တန်းကို မပီဝိုးတဝါးမြင်နိုင်ပြီး မြင်ကွင်းက အနည်းငယ် ဝေဝါးနေခဲ့သည်။ ၎င်းသည် နယ်မြေသခင်အိမ်တော်၏ ရှုမြင်ကွင်းတစ်ခု ဖြစ်နိုင်ပြီး ကံမကောင်းစွာနှင့် သူတို့က မမြင်တွေ့နိုင်ကြပေ။ နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ကျင့်ကြံသူများသာ အထဲမှမြင်ကွင်းကို မြင်တွေ့နိုင်ကြပေသည်။
ထိုအခိုက်အတန့်တွင် ဘုံကိုးဆင့်ကောင်းကင်အထက် တုန်းဟွာနန်းတော်မှ ကြီးမားသော လှေကားတစ်ခု ထွက်ပေါ်လာကာ ၎င်းက ခမ်းနားအံ့ချီးဖွယ်ပင် ဖြစ်၏။
တုန်းဟွာနန်းတော်၏ အနိမ့်ပိုင်းတွင် ကောင်းကင်နှစ်လွှာအဖြစ် ခွဲခြားထားပြီး အလွှာတစ်ခုချင်းစီတွင် ထိုင်ခုံများစွာ ပြင်ဆင်ထားခဲ့သည်။ အမြင့်ပိုင်းသို့ ရောက်လေ ခုံများက နည်းပါးသွားလေဖြစ်ကာ အမြင့်၌ ထိုင်နိုင်သူက သိပ်မများလှပေ။
ထိုအချိန်တွင် လှေကားအထက်မှ မရေတွက်နိုင်သော နတ်မိမယ်များ ဆင်းသက်လာခဲ့သည်။ သူတို့၏ အဝတ်များက လေထဲတွင် တဖျတ်ဖျတ် လွင့်နေကာ လှေကားတစ်ဖက်တစ်ချက်တွင် ရပ်လိုက်ကြ၏။ ထိုစဉ် တစ်စုံတစ်ယောက်က နယ်မြေသခင်အိမ်တော်၏ အောက်ဘက် ကောင်းကင်အလွှာများသို့ ဆင်းသက်လိုက်ကာ စားသောက်ပွဲတွင် ပါဝင်လာသည့် ကျင့်ကြံသူများအား ကြိုဆိုလိုက်သည်။
တုန်းဟွာနန်းတော်ရှေ့တွင် အစွမ်းထက်တန်ခိုးရှင်များ ထွက်ပေါ်လာခြင်းနှင့်အတူ စောင့်ကြပ်သူအများအပြားလည်း ပေါ်ပေါက်လာ၏။ သူတို့၏ မျက်လုံးများက အဆုံးမဲ့လေဟာနယ်ကို နယ်မြေသခင်အိမ်တော်၏ အောက်ဘက် လေဟာနယ်ကို ကြည့်၍ ကျယ်လောင်စွာ ပြောလိုက်သည်။ “ဒီနေ့ နယ်မြေသခင်က တုန်းဟွာအခမ်းအနားကို ကျင်းပပေးပြီး အခမ်းအနား ကြည့်ရှုဖို့ လူတိုင်းကို ခွင့်ပြုတယ်။ ဘုံကိုးဆင့်ကောင်းကင်အောက်မှာ တစ်လောကလုံးက ရန်ဟောင်တွေကိုလည်း လက်ခံနေစဉ်မှာ နယ်မြေသခင်က နန်းတော်အတွင်းက တုန်းဟွာနယ်မြေရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်လိမ့်မယ်။ နေရာတွေကိုတော့ ကျင့်ကြံခြင်းအဆင့်နဲ့ ခွဲခြားနိုင်တယ်။ ဘုံကိုးဆင့်ကောင်းကင်မှာ ထိုင်ခုံတွေ အများကြီး ရှိပေမယ့် အခု တုန်းဟွာနယ်မြေ နေရာအနှံ့ကနေ ရောက်လာတဲ့ တန်ခိုးရှင်တွေက များလွန်းတယ်။ ဒါကြောင့် တစ်ခုခု အမှားအယွင်း ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါ။
မရေတွက်နိုင်သော တန်ခိုးရှင်များက ခေါင်းညိတ်လိုက်ကြသည်။ ယခုတစ်ကြိမ် လာရောက်သော ရန်ဟောင်များက များပြားလေရာ သူတို့က နားလည်နိုင်ပေသည်။ အနည်းဆုံး တုန်းဟွာကောင်းကင်မှ ရန်ဟောင်များသည် အခမ်းအနားကို လေ့လာရန် လာရောက်ကြခြင်း ဖြစ်သည်။ ထိုကောင်းကင်အလွှာများသည် ရောက်ရှိလာသော ရန်ဟောင်များအားလုံးကို ဝင်ဆံ့ရန် မလွယ်ကူလှပေ။
“ရန်ဟောင်အဆင့်က လူတွေ အခုချိန်ကစပြီး လှေကားကနေ တက်လို့ အခမ်းအနားကို ကြည့်ရှုနိုင်ဖို့ သွားလို့ရပါပြီ။” ရုတ်တရက် လူအများသည် ရှေ့သို့ စတင်ရွေ့လျားလိုက်ကြသည်။ သူတို့အားလုံးက ရန်ဟောင်အဆင့်များ ဖြစ်ကြသည်။ သူတို့က လှေကားမှ တက်ကာ မတူညီသော နေရာများသို့ သွားခဲ့ကြသည်။
အဆင့်ကိုးရန်ဟောင်များသည် ဘုံကိုးဆင့်ကောင်းကင်၌ တုန်းဟွာနန်းတော်၌ အနီးဆုံးဖြစ်ပြီး လာမည့် လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်များကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။
ထိိုစဉ်၌ အဝေးမှ တန်ခိုးရှင်တစ်စုက လေထဲတွင် ခရီးဆက် လာနေသည်။ သူတို့၏ အရှိန်အဝါများက ထူးခြားလှပြီး ထည်ဝါသော ဝတ်စုံများကို ဝတ်ဆင်ထားသည်။ သူတို့ ထွက်ပေါ်လာသည့်အခါ သူတို့အား နှုတ်ဆက်ရန် တစ်စုံတစ်ယောက်က ချက်ချင်း ရှေ့ထွက်လာခဲ့သည်။
“လင်းရှောင်နန်းတော်က လူတွေ ရောက်လာပြီ။” လူအများက စူးစမ်းလေ့လာနေကြသည်။ ထိပ်သီးအင်အားစုများတွင် တုန်းဟွာကောင်းကင်၏ လင်းရှောင်နန်းတော်မှ လူများက ပထမဆုံးရောက်ရှိလာသူများ ဖြစ်သည်။
“လင်းရှောင်နန်းတော်က တန်ခိုးရှင်တွေ စားသောက်ပွဲကို တက်ရောက်ပြီး အခမ်းအနားကို လေ့လာဖို့ ရောက်လာတာပဲ။” လေထဲတွင် သူတို့နှင့် တွေ့ဆုံရန် ရောက်လာသည့် အကြီးအကဲက ပြောလိုက်သည်။
“လူတိုင်းပဲ ကျေးဇူးပြုပြီး” သူတို့ကို နှုတ်ဆက်သည့် လူက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး တုန်းဟွာနန်းတော်အောက် စင်မြင့်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် မတူညီသော အပိုင်းများ ပိုင်းခြားကာ အခမ်းအနားကို ပြင်ဆင်ထားသည်။ ဘုံကိုးဆင့်ကောင်းကင်အထက် နန်းတော်တွင် အဓိကအင်အားစုများမှ ကျင့်ကြံသူများကို ထားရှိပေသည်။ သူတို့ကဲ့သို့ လူများပင်လျှင် နန်းတော်အတွင်းသို့ မသွားနိုင်ဘဲ ခန်းမအောက်ဘက်တွင်သာ နေနိုင်ကြသည်။
ထိုအချိန်တွင် အခြားသော ကျင့်ကြံသူတစ်စု အဝေးမှ လာနေသည်ကို မြင်လိုက်ကြရ၏။ သူတို့က နတ်မိမယ်တစ်စု ဖြစ်သည်။
“မြောက်ပိုင်း အဖြူရောင်နှင်းမြို့တော်က နတ်မိမယ်တွေ ရောက်လာပြီ။”
“မြူနှင်းဝေနတ်နန်းတော်က နတ်မိမယ်တွေရဲ့ အရှိန်အဝါက နှင်းလိုအေးစက်တယ်လို့ ပြောကြတယ်။ အဲဒါက သူတို့ရဲ့ ကျင့်ကြံခြင်းကြောင့် ဖြစ်နိုင်ပေမယ့် သူတို့က အရမ်းကို လှပနေကြတယ်။” လူအုပ်ကြီးက သဘောကျနှစ်သက်မှုများကို ပြသကာ ပြောဆိုလိုက်ကြသည်။
“မြူနှင်းဝေနတ်နန်းတော်က အခမ်းအနားတက်ရောက်ဖို့ ရောက်လာပါတယ်။” ကျန်းယွဲ့လီက ပြောလိုက်သည်။ သူတို့သည် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များနှင့် တူညီသော နေရာတွင် နေရာချထားခံရပေသည်။
ထို့နောက် နှစ်ဖက်အဖွဲ့က အချင်းချင်း အရိုအသေပေးလိုက်ကြကာ ကိုယ့်နေရာကိုယ် ထိုင်လိုက်ကြသည်။
ထို့နောက် တုန်းဟွာကျောင်းတော်၏ တန်ခိုးရှင်များ ရောက်ရှိလာမှုက ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
တုန်းဟွာကျောင်းတော်သည် တုန်းဟွာကောင်းကင်၏ ကျင့်ကြံခြင်းနယ်မြေတစ်ခု ဖြစ်သည်။ အစွမ်းထက် တန်ခိုးရှင်များက ကျောင်းတော်အတွင်း အများအပြားရှိကာ တုန်းဟွာကောင်းကင်မှ လူတိုင်းက လေးစားအားကျကြပေသည်။ တုန်းဟွာကျောင်းတော်သည် ထူးချွန်ထက်မြက်သော ကျင့်ကြံသူများကို မွေးထုတ်ပေးရာ နေရာ ဖြစ်သည်။
“နင်ဟွာက တုန်းဟွာကျောင်းတော်နဲ့အတူ ပါမလာဘူး။” တုန်းဟွာနယ်မြေ၏ ဒုနယ်မြေသခင် မပါလာကြောင်း တစ်စုံတစ်ယောက်က သတိပြုမိလိုက်သည်။
“ဒုနယ်မြေသခင်က နယ်မြေသခင်အိမ်တော်ကို ပြန်ရောက်ပြီးနေလောက်ပြီ။ သူက နယ်မြေသခင်နဲ့အတူ တုန်းဟွာနန်းတော်မှာ ထွက်ပေါ်လာလိမ့်မယ်။” တစ်ယောက်က ပြောလိုက်ပြီး သူ့အနီးရှိ လူများက ခေါင်းညိတ်ထောက်ခံလိုက်သည်။ နင်ဟွာ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအရ သူက တုန်းဟွာနန်းတော်၌ ပေါ်ထွက်လာခြင်းက လက်ခံနိုင်ဖွယ်ပင် ဖြစ်သည်။
ထို့နောက် နန်ဟွာကလန်မှ တန်ခိုးရှင်များ၊ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် ရှေးဟောင်းတော်ဝင် ကျန်းကလန်မိသားစုတို့ ဆက်တိုက်ရောက်ရှိလာသည်။ သူတို့၏ ထွက်ပေါ်လာမှုက လူတိုင်းကို အာရုံစိုက်စေခဲ့သည်။
နောက်ဆုံး၌ ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များလည်း ရောက်လာကြပေသည်။
***
👍👍👍
Good