အခန်း ( ၆၂၁ )

နေဝင်ချိန်မှာ ထွက်ခွာမယ်

ပိုင်ရှောင်ချန်းမှာ ယခုမှ မိစ္ဆာအကျဥ်းထောင်အကြောင်းကို ပထမဆုံး ကြားဖူးသည်တော့ မဟုတ်ပေ။ အစောပိုင်းက မျိုးနွယ်စုခေါင်းဆောင်သည် သူ့ကို ထိုအကျဥ်းထောင်ထဲသို့ ထည့်လိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဖြစ်ရာ ပိုင်ရှောင်ချန်း၏ စူးစမ်းလိုစိတ်များပင် ထကြွခဲ့ရသည်။ ထို့နောက် သူက ထိုနေရာနှင့်ပတ်သတ်သည့် အချက်အလက်များကို ကျိုးရီရှင်းအား မေးမြန်းခဲ့ရာ မိစ္ဆာအကျဥ်းထောင်ဆိုသည်မှာ သရဲကြီးမြို့တော်ရှိ ထောင်တစ်ခုဖြစ်သည်ကို သိခဲ့ရသည်။ ထိုထောင်မှာ အလွန် နာမည်ကြီးသော နေရာတစ်ခုဖြစ်ပြီး အလွန်တရာ အန္တရာယ်ရှိသည့် အကျဥ်းသားအမျိုးမျိုးကို ချုပ်နှောင်ထားသည့် နေရာဖြစ်သည်။ ထိုအကျဥ်းသားအားလုံးမှာ အကြောင်းအမျိုးမျိုးကြောင့် သေဒဏ်ချမှတ်မခံရသည့် လူဆိုးကြီးများဖြစ်ကြသည်။ သူတို့ကို မသတ်ပဲ ကျင့်ကြံခြင်းအခြေခံများကိုသာ ချုပ်နှောင်၍ အကျဥ်းချထားသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုလူများနှင့်ပြင်ပလောကတွင် မျက်နှာချင်းဆိုင်ရဲမည့် လူမှာ တစ်ယောက်မှရှိမည်မဟုတ်ပေ။

ထို့အပြင် သရဲကြီးမြို့တော်တွင် ဆိုရိုးစကားတစ်ခု ရှိသေးသည်။
” မိစ္ဆာအကျဥ်းထောင်ထဲ လှောင်ပိတ်ခံရတာထက်စာရင် သေလိုက်ရတာကမှ ပိုကောင်းပါသေးတယ် ” ဟူ၍ဖြစ်သည်။

” ငါ့လိုမျိုး ပြောင်မြောက်လှတဲ့ စစ်ဦးစည်းမှူးတစ်ယောက်က နိမ့်ပါးတဲ့ ထောင်စောင့်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရတယ်လို့ကွာ ”
ပိုင်ရှောင်ချန်းမှာ ဒေါသတကြီးတွေးနေတော့သည်။ သို့သော်လည်း စစ်မှန်သောခေါင်းဆောင်တစ်ယောက်မှာ ရေလိုက်ငါးလိုက်နေတတ်ရမည်ဖြစ်ကြောင်းကို သူကနားလည်ထားသည်။ ထို့အပြင် ပိပိရိရိသာ မီးစဥ်ကြည့်ကနိုင်ပါက ဤအခွင့်အရေးကိုအသုံးချကာ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို အသုံးပြု၍ အိမ်သို့ပြန်နိုင်မည် မဟုတ်ပါလော။

သူ မည်သို့မျှမပြောနိုင်ခင်မှာပင် နယ်စား သေမင်းအော်သံ မှာ ထွက်ခွာသွားပြီဖြစ်ပြီး လီရှူနှင့် သူ၏နောက်လိုက်များမှာလည်း ဦးညွှတ်နေရာမှ ပြန်မော့လာတော့သည်။ လီရှူဆိုသူမှာ ဒေါသမထွက်လျှင်တောင် ကြောက်စရာကောင်းသည့် လူစားမျိုးဖြစ်သည်။ သူက အေးစက်စက်အမူအရာဖြင့် ပိုင်ရှောင်ချန်းကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီး မေးခွန်းထုတ်လိုက်လေသည်။
” မင်းက ပိုင်မျိုးနွယ်စုက ပိုင်ဟောက်ပေါ့ ဟုတ်လား ”

သူ၏ လေသံအရဆိုလျှင် ပိုင်ဟောက်ကိုမြင်နေရသည်ကို မကျေမနပ်ဖြစ်နေသည်ဟု ယူဆနိုင်သည်။ သူ၏နောက်လိုက်နှစ်ဦးမှာလည်း ထိုနည်းတူပင်။ သူ၏ လတ်တလောလုပ်ရပ်များ အကြောင်းများကို သူတို့သုံးယောက်က ကြားသိထားသည် မဟုတ်ပါလော။

သူသည် ရက်စက်ကြမ်းကြုတ်ကာ မိသားစုကိုထည့်မတွက်တတ်သည့် ခန့်မှန်းရခက်သော လူထူးဆန်းတစ်ယောက်ဖြစ်သည်ကို သူတို့က သိသည်။ သူ၏မျိုးနွယ်စုထဲမှ အဖွဲ့ဝင်များစွာကိုပင် သူက သတ်ခဲ့ပြီးဖြစ်သည်။ သူ့လိုမျိုး ရက်စက်ကြမ်းကြုတ်သည့် လူစားကို မည်သူမှ အနီးကပ်ပေါင်းသင်းလိုမည်မဟုတ်။ တချိန်ထဲမှာပင် မည်သူကမှလည်း သူ့ကို အမျက်ဒေါသထွက်အောင် မလုပ်လိုကြပေ။

” မင်းမျိုးနွယ်စုတုံးက အချိုးမျိုး ဒီမှာလာလုပ်လို့ မရဘူး။ အခု မင်းက ဒီကိုရောက်နေတာဆိုတော့ ငါ့စည်းကမ်းတွေကို လိုက်နာရမယ်။ မိစ္ဆာအကျဥ်းထောင်မှာ ငါကခေါင်းဆောင်ပဲ။ ထောင်က အခုချိန်မဖွင့်သေးဘူးဆိုတော့ မနက်ဖန် ဒီလိုအချိန်မှာပြန်လာခဲ့ ”
ထို့နောက်သူက ပိုင်ရှောင်ချန်း၏ ပြန်ပြောစကားကိုပင် မစောင့်ပဲ အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်သောအခါ ကျုံးထဲရှိ အနက်ရောင်ရေများထဲတွင် ရေဝဲတစ်ခုပြန်ပေါ်လာသည်။ ထိုရေဝဲ၏ အောက်ဆုံးတွင်ရှိသော လှိုဏ်ဂူထဲသို့ လီရှူက ချက်ချင်းပင် ပြန်ဝင်သွားပြီး သူ၏နောက်လိုက်နှစ်ယောက်မှာလည်း လိုက်သွားတော့သည်။ ထို့နောက် ရေဝဲမှာ ပျောက်ကွယ်သွားတော့သည်။

” ဒီလိုကြီး ပျောက်သွားတာလား ”
ပိုင်ရှောင်ချန်းက မျက်လုံးများပြူးကာ တွေးလိုက်သည်။ သူတို့သည် မိစ္ဆာအကျဥ်းထောင်ထဲသို့ ဝင်ရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ကြောင်းကို သူ့အားသိစေချင်သည်။ သူတို့ပြောချင်သည့်စကားမှာ ရှင်းရှင်းလေးပင်။
” အခုကစပြီး အမြီးကုပ်ကုပ်လေးနဲ့ အချိုးပြေပြေနေစမ်း ” ဟူ၍ဖြစ်သည်။

” ဒီထောင်က ဘယ်လိုစုတ်ချာနေတဲ့ ထောင်ကြီးလဲကွာ ”
သူက ဒေါသတကြီး ရေရွတ်နေတော့သည်။
” အဲဒီထဲကို ဘယ်လိုနည်းနဲ့မှ မသွားနိုင်ပါဘူး ”
သူသည် စစ်ဦးစီးမှူးတစ်ဦးဖြစ်ပြီး ထောင်စောင့်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရမည်ကို အံကြိတ်၍ လက်ခံထားပါသော်လည်း သူ့ကိုခြိမ်းခြောက်သည့်လေသံဖြင့်ဆိုသောအခါ သူ၏စိတ်မှာ ပြောင်းလဲသွားတော့သည်။

ထိုသို့ တွေးတောလိုက်ပြီးနောက် သူက အေးစက်စက်နှာမှုတ်ကာ အဝေးသို့ ထွက်သွားတော့သည်။

နေ့လယ်ခင်းအချိန်သို့ ရောက်နေပြီဖြစ်သည်။ သရဲကြီးမြို့တော်မှာ ကြီးမားလွန်းလှသည့် နေရာကြီးတစ်ခုဖြစ်၍ အပြင်မြို့တော်မှာ အဆုံးမရှိလောက်အောင် ကျယ်ပြောလှသည်။ နေရာတိုင်းတွင် လူများရှိနေကြသည်။ ဝိညာဥ်ကျင့်ကြံသူများ၊ အောက်လမ်းဆရာများနှင့် လူ့ဘီလူးကြီးများပင် ရှိကြသည်။

မြေရိုင်းဒေသရှိ အဓိကမြို့ကြီးငါးမြို့ထဲမှ တစ်မြို့ဖြစ်ပြီး ကြီးမားကျယ်ပြန့်သော နယ်မြေတစ်ခုကိုပိုင်ဆိုင်ထားသည်ဖြစ်ရာ ရင်းမြစ်ပစ္စည်းများစွာနှင့် ပြည့်နှက်နေသည်လည်းဖြစ်သည်။ ဝယ်ယူလိုသည့်ပစ္စည်းအားလုံးနီးပါးရှိပြီး မည်သည့်ဘက်သို့သွားသည်ဖြစ်စေ လမ်းများမှာ လူအများထူထပ်ကာ ဆူညံနေမည်သာဖြစ်သည်။

မြို့စောင့်တပ်၏ ကင်းလှည့်များမှာ ရံခါဖန်ခါ ကောင်းကင်ယံတွင် ပျံသန်းနေတတ်ကြသည်။ သို့သော် အခြားလူများ ပျံသန်းနေကြသည်ကိုမူ သိပ်မမြင်ရပေ။ မြို့စောင့်တပ်များမှလွဲ၍ ပျံသန်းခွင့်ရှိသူများမှာ နတ်အဆင့်ကျင်ကြံသူများသာ ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ဒေါပွနေဆဲဖြစ်သဖြင့် ဟိုဟိုသည်သည် လျှောက်ပတ်ကြည့်ကာ တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ကို လိုက်ရှာနေတော့သည်။ ထိုနေရာမှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်သဖြင့် ခဏအကြာတွင် သူသည် ထိုဘက်သို့ ဦးတည်သွားနေတော့သည်။

” ကြည့်ရတာ နောက်ထပ်နတ်ဝိညာဥ်တစ်ခုမပါပဲ ပြန်ရတော့မယ်နဲ့တူတယ်။ မဟာတံတိုင်းဆီကို ပြန်ရောက်မှပဲ ဘာဆက်လုပ်ရမလဲ အဖြေရှာတာပေါ့ ”

သရဲကြီးမြို့တော်၏ တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်မှာ မြို့တော်၏ မြောက်ဘက်ပိုင်းရှိ မြေကွက်လပ်တစ်ခု တွင်တည်ရှိသည်။ ၎င်းမှာတောက်ပနေသည့် အလင်းတန်းများဖြင့် ဖန်တီးထားသော ဧရာမဝင်ပေါက်ကြီးတစ်ခုဖြစ်ပြီး ဝိညာဥ်ကျင့်ကြံသူများ၊ အောက်လမ်းဆရာများနှင့် လူ့ဘီလူးများမှာ အမြဲတစေ ဝင်လိုက်ထွက်လိုက် လုပ်နေသည့် နေရာလည်းဖြစ်သည်။

ပိုင်ရှောင်ချန်းက ထိုနေရာ သို့ရောက်သွားသောအခါ ညနေခင်းအချိန်သို့ ရောက်သွားပြီဖြစ်သည်။ ထိုနေရာကို အကဲခတ်လိုက်ပြီးနောက် တာဝန်ကျနေသည့် မြို့စောင့်တပ်သားများရှိနေသည်ကို သူက သတိထားမိလိုက်သည်။

သို့သော် ပိုင်ရှောင်ချန်းမှာ မြို့စောင့်တပ်သား အမြောက်အမြားကို မြင်ထားပြီးဖြစ်ရာ စိတ်မပူပေ။ ထိုဝင်ပေါက်အနီးသို့ ရောက်သွားသောအခါ သူ၏မျက်လုံးများမှာ အရောင်လက်လာတော့သည်။ ဤတည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်မှာ သူ့အတွက်ဆိုလျှင် မဟာတံတိုင်းဆီသို့ ပြန်နိုင်မည့် အိမ်အပြန်လက်မှတ်တစ်ခု ကဲ့သို့ဖြစ်နေသည်။ ထိုနေရာသို့ တိုက်ရိုက်တစ်ခါထဲ ရောက်ရှိသွားမည်မဟုတ်သော်လည်း နီးနီးနားနားတော့ ရောက်သွားမည်သာဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကြောင့် ထိုနေရာမှနေ၍ မဟာတံတိုင်းဆီသို့ ဆက်လက်ပြန်သွားရန်မှာ ခက်ခက်ခဲခဲ ကြီးမဟုတ်ပေ။

သူသည် စိတ်လှုပ်ရှားနေပါသော်လည်း ပိုင်မျိုးနွယ်စုထဲတွင် သူသိခဲ့ရသည့် အချက်တစ်ချက်ကို စိုးရိမ်ပူပန်နေမိသည်။ ဤ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်မှာ အသုံးပြုမည့်လူ၏ ကိုယ်ရေးကိုယ်တာအချက်အလက် အထောက်အထားများကို သေသေချာချာစစ်ဆေးပြီးမှသာ အသုံးပြုခွင့်ပေးသည်။

ကျိုးရီရှင်းက သူ့ကိုထိုသို့ ပြောခဲ့ပြီးကထဲက သူသည် ထိုဝင်ပေါက်၏ အလုပ်လုပ်ပုံကို သုံးသပ်နေခဲ့သည်။ ထို့ကြောင့် သူက ဝင်ပေါက်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး ဘေးဘီဝဲယာကို သေသေချာချာ လေ့လာဆန်းစစ်လိုက်ပြန်သည်။

ထို ဝင်ပေါက်ထဲသို့ဝင်သွားသည့် ဝိညာဥ်ကျင့်ကြံသူတိုင်းကို တလက်လက်တောက်ပနေသည့် တုန်ခါမှုလှိုင်းလေးများက တို့ထိနေသည်ကိုမြင်လိုက်ရသောအခါ သူ၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုတုန်ခါမှုလှိုင်းများကို ခဏတာမျှလေ့လာလိုက်ပြီးနောက် ၎င်းတို့၏ အလုပ်လုပ်ပုံကို သူကနားလည်သွားတော့သည်။

ထိုလှိုင်းများမှာ လူများ၏ ကိုယ်ရေးကိုယ်တာကို စစ်ဆေးနိုင်သည့် မှော်ပညာရပ်တစ်ခုကို ကိုယ်စားပြုနေသည်မှာ အသေအချာပင်။

” ငါ့မှာ မျက်နှာဖုံးပါတာပဲ။ ပြဿနာမရှိလောက်ပါဘူး ”
သူက အနည်းငယ် တွေဝေသွားပြီး မှောင်ရီပျိုးစပြုနေသည့် ညနေခင်းအချိန်၏ ကောင်းကင်ကိုမော့ကြည့်ကာ အံကြိတ်လိုက်တော့သည်။
” စမ်းတော့ စမ်းကြည့်ရမှာပဲ ”

ထို့နောက် သူက အသက်ပြင်းပြင်းရှူကာ ထို တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ဆီသို့ လမ်းလျှောက်သွားတော့သည်။ မည်သည့် အစောင့်ကမှ သူ့ကို အာရုံစိုက်မနေသဖြင့် လိုအပ်သော ဝိညာဥ်ဆေးအခွန်ကို ပေးဆောင်ပြီးသောအခါ သူ့ကိုဖြတ်သန်းခွင့် ပေးလိုက်တော့သည်။

ထို့နောက် သူသည် စိုးရိမ်မှုအပြည့်ဖြင့် ခြေလှမ်းများကို လှမ်းနေရတော့သည်။ ခဏအကြာတွင် သူသည် တောက်ပနေသည့် အလင်းတန်းကြီးရှေ့သို့ရောက်သွားပြီး သူ၏မျက်ဝန်းများထဲတွင် မျှော်လင့်မှုအရိပ်အယောင်များဖြင့် တောက်ပနေတော့သည်။

” သေချာပေါက် အလုပ်ဖြစ်မှာပါ။ နေဝင်ချိန်နဲ့အတူ ပျောက်ကွယ်သွားမှာ အသေအချာပဲ ”
ထိုသို့ရေရွတ်ကာ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး အလင်းတန်းကို တို့ထိလိုက်တော့သည်။

သို့သော် သူထိလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်လျှောက်တွင် ရွစိရွစိခံစားလိုက်ရသဖြင့် ရင်ခုန်နှုန်းမြန်သွားတော့သည်။ ဝိညာဥ်စက်ရုပ်ကဲ့သို့သော အရာကြီးတစ်ခုက သူ့ကိုစစ်ဆေးနေသည့် အတိုင်းပင်။ တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ထဲမှ ထစ်ချုန်းသံများ ပေါ်ထွက်လာပြီး အငွေ့အသက်များမှာ သူ၏ဝိညာဥ်ကို ဆေးကြောတော့မည့်အလား သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားကြတော့သည်။

သူ၏ သရုပ်မှန်ကို အတည်ပြုနိုင်ရန် သူ၏ဝိညာဥ်ကိုရှာဖွေနေခြင်းဖြစ်သည်။

ကံကောင်းသည်မှာ သူ၏မျက်နှာဖုံးကြောင့် သူ၏သရုပ်မှန်အစစ်ကို အလျင်အမြန်ပင် ဖုံးကွယ်ပေးနိုင်လိုက်သည်။ သို့သော် စစ်ဆေးမှု စွမ်းအင်အဆင့်မှာ ထင်ထားသည်ထက် များစွာသာလွန်နေသည်ဖြစ်၍ အနုစိတ်သော စစ်ဆေးမှုအောက်တွင် တစ်ခဏမျှသာ တောင့်ခံနိုင်မည်ဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက သိလိုက်သည်။ ဤစစ်ဆေးမှုကို သူ မကျော်ဖြတ်နိုင်ပဲ ဝိညာဥ်ရှာဖွေမှုမှ သူ၏သရုပ်မှန်အစစ်ကို သိသွားပါက အဝေးသို့ တည်နေရာရွှေ့ပြောင်းနိုင်မည်မဟုတ်သည့်အပြင် သူသည် အယောင်ဆောင်တစ်ယောက်ဖြစ်ကြောင်း လူတိုင်းကသိသွားကြမည်ဖြစ်သည်။

မျက်နှာဖုံးက အချိန်ဆွဲပေးနေစဥ် သူက နောက်သို့ဆုတ်လိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်နှင့်ဝေးရာသို့ ဆုတ်ခွာသွားတော့သည်။ ထိုအခါ လူအနည်းငယ်က သူ့ကိုသတိထားမိသွားသဖြင့် သူတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်လာကြတော့သည်။

သူ့ကို လူများစွာဝိုင်းကြည့်နေကြသည်ကို သိလိုက်ရသောအခါ သူက စိုးထိတ်သွားတော့သည်။ ထို့ကြောင့် အသံကျယ်ကျယ်ဖြင့် သူ့ကိုယ်သူရေရွတ်နေသည့်အလား အော်ဟစ်လိုက်သည်။
” အာ ထားပါတော့ကွာ။ ဘယ်မှမသွားတော့ပါဘူး။ သရဲကြီးမြို့တော်ဆိုတာ နာမည်ကြီးအောင်လုပ်ဖို့ အကောင်းဆုံးနေရာပဲ ”

ထို့နောက် သူက အဝေးသို့ထွက်ခွာသွားတော့သည်။

လူများမှာ သူ့ကို အထူးတဆန်းကြည့်နေကြစဥ် သူက လူအုပ်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ခပ်လှမ်းလှမ်းတွင်မူ သူက ဖြူဆုတ်နေသည့်မျက်နှာကြီးဖြင့် ရင်တထိတ်ထိတ်နှင့် ပြေးလွှားနေတော့သည်။

” ဘာလုပ်ရတော့မှာတုံး ”
သူက စိတ်ထဲတွင် ငိုကြွေးနေတော့သည်။
” တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ကိုသုံးလို့မရရင် ဘယ်နည်းနဲ့ အိမ်ပြန်ရမှာတုံးကွ ”
သူက ငိုချင်နေပါသော်လည်း မျက်ရည်များကျမလာပေ။ သူ၏ မျှော်လင့်ချက်များအားလုံးကို တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ထဲတွင် အပ်နှံထားသည်ဖြစ်သော်လည်း ယခုတွင်မူ သူက ထိုဝင်ပေါက်ကို အသုံးပြု၍မရကြောင်း သိသွားပြီဖြစ်သည်။

အနည်းငယ်ကြာသောအခါ သူက မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ပြီး သူ၏ ဘဝကြီးမှာ အလွန် ခါးသီးစရာကောင်းနေပြီဟု တွေးကာ သက်ပြင်းချနေတော့သည်။ ထို့နောက် စိတ်ပျက်အားလျော့စွာဖြင့် ကြုံရာစားသောက်ဆိုင်တစ်ဆိုင်တွင် ထိုတစ်ညတာကို ကုန်ဆုံးစေလိုက်တော့သည်။ နောက်နေ့တွင်မူ သူသည် အိပ်မှုန်စုန်မွှား မျက်လုံးများဖြင့် စားသောက်ဆိုင်ထဲမှ ထွက်လာတော့သည်။

” ပြန်မရမှတော့ ဒီနေရာမှာပဲ နာမည်ကြီးလာအောင် လုပ်ရတော့မှာပေါ့။ ကြည့်ရတာ ဒါငါ့ရဲ့ ကံကြမ္မာပဲ ထင်ပါရဲ့။ ငါ့လို သိုသိုသိပ်သိပ်နေတတ်တဲ့ လူတစ်ယောက်အတွက် စိတ်ရှုပ်စရာပဲ ” သူက တစ်လမ်းလုံး ကူရာကယ်ရာမဲ့နေသည့်အလား သက်ပြင်းချကာ ကျုံးဆီသို့ ဦးတည်သွားတော့သည်။

ယခုမှ သေချာစဥ်းစားကြည့်လိုက်သောအခါ မိစ္ဆာအကျဥ်းထောင်တွင် အစောင့်တစ်ယောက် ဖြစ်ရသည်မှာ ဆိုးဆိုးရွားရွားကြီးမဟုတ်ကြောင်း ယူဆလိုက်တော့သည်။ ထိုရာထူးသာရှိပါက ပိုင်မျိုးနွယ်စု၏ရန်မှ ယာယီမျှ လွတ်ကင်းနေမည်ဖြစ်သဖြင့် ကောင်းမွန်သောအရာတစ်ခုဟု ဆိုနိုင်သည်။

သူက ကျုံးဆီသို့ စောစောသွားကာ ညနေခင်းရောက်သည်အထိ တင်ပျဥ်ခွေထိုင်ကာ မျက်မှောက်ကြုတ်ရင်းစောင့်နေတော့သည်။ ထိုအချိန်တွင် ရေဝဲမှာ ထပ်မံထွက်ပေါ်လာပြီး လီရှူ၏ နောက်လိုက်တစ်ယောက်လည်း ပေါ်ပေါက်လာတော့သည်။ သူက ပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ အသက်မပါသည့် အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

” ကောင်းပြီ ငါနဲ့လိုက်ခဲ့ ”
သူက ဆိုလိုက်သည်။ ထို့နောက် မည်သည့်စကားတစ်ခွန်းမှ ဆက်မပြောပဲ နောက်သို့လှည့်ကာ ရေဝဲဆီသို့ ပြန်၍ ဦးဆောင်ခေါ်သွားသည်။


Comment

Leave a Reply


Options

not work with dark mode
Reset