အပိုင်း(၂၀၂၄)

တုန်းဟွာအခမ်းအနား

ဓားအင်ပါယာ လျှို့နျန်အဖြစ် လူသိများသော ရီလျှို့နျန်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ တပည့်တစ်ယောက်ဖြစ်သည်။ သူက တုံ့လိုင်နတ်မိမယ်နောက်သို့ လိုက်ကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ကျင့်ကြံပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များကို တစ်ချက်တည်းနှင့် ချေမှုန်းကာ တော်ဝင်ယန်မင်းသား ယန်တုန်းရန်အား အနိုင်ယူခဲ့သည်။

အင်ပါယာရှီက သူ့လမ်းစဉ်အား သက်သေပြစဉ် လိပ်နတ်ဘုရားကျွန်းစု၌ ရီလျှို့နျန်သည် လင်းရှောင်နန်းတော်မှ လင်းဟယ်နှင့် တိုက်ခိုက်ကာ ပြောစမှတ်တွင်လောက်စရာ အနိုင်ကို ရရှိခဲ့၏။

ယခုတွင် တုန်းဟွာကျောင်းတော်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို ယဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ရီဖူရှင်းက သူ၏ အရည်အချင်းကို တဖန်ပြသခဲ့၏။ ကျော်ကြားသော တန်ခိုးရှင်သုံးယောက်ဖြစ်သည့် ‘ပျက်စီးခြင်း’၊ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့က ကောင်းကင်ဝင်ရိုးနတ်ကြေးမုံရှေ့ စမ်းသပ်သောအခါ သူတို့၏ နတ်ဝင်ရိုးများက နတ်အလင်းငါးလွှာကို ထုတ်လွှတ်နိုင်ခဲ့သည်။ ရီဖူရှင်း၏ နတ်ဝင်ရိုး နှစ်ခုလုံးက နတ်အလင်းငါးလွှာကို ထုတ်လွှတ်နိုင်ခဲ့ပြီး သူ့ကို ထိုကျော်ကြားသော တန်ခိုးရှင်သုံးယောက်နှင့် အဆင့်တူစေခဲ့သည်။

ထို့နောက် သူက တုန်းဟွာကျောင်းတော်၏ ပါရမီရှင် ကျင့်ကြံသူ ခုန်းရှောင်းနှင့် ယဉ်ပြိုင်ခဲ့သည်။ သူက ခုန်းရှောင်းကို အနိုင်ယူခဲ့ရုံမျှမက ကောင်းကင်ဝင်ရိုးနတ်ကြေးမုံရှေ့တွင် စမ်းသပ်ခဲ့သော နတ်ဝင်ရိုးများထက် ပို၍ သန်မာသည့် မဟာလမ်းစဉ်နတ်ဝင်ရိုးတစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။ သူသည် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံမှ နတ်အလင်းခြောက်လွှာကို ထုတ်လွှတ်အောင် စွမ်းဆောင်နိုင်သည့် နင်ဟွာနှင့်ပင် ယဉ်နိုင်စွမ်းရှိနိုင်သော်လည်း ထိုနတ်ဝင်ရိုးကို ယခင် အကဲဖြတ်စစ်ဆေးမှု၌ မထုတ်ဖော်ပြခဲ့ပေ။

ထို့အပြင် တုန်းဟွာကျောင်းတော်မှ ထွက်လာသော သတင်းအားလုံးက အမှန်ဖြစ်ကြောင်း အတည်ပြုပြီး ဖြစ်သည်။ ထိုမိုးကျရွှေကိုယ် ပါရမီရှင် ကျင့်ကြံသူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တုန်းဟွာကောင်းကင်သို့ ရောက်လာခြင်း ဖြစ်သည်။

လူအများသည် ဓားအင်ပါယာလျှို့နျန်က တုန်းဟွာနယ်မြေသခင်အိမ်တော်သို့ ဝင်ရန် ရောက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုသို့ဆိုလျှင် သူ၏ ပါရမီနှင့် အရည်အချင်းအရ သူ့ရည်မှန်းချက်က ပြည့်ဝမည်မှာ သံသယဝင်ရန် မလိုပေ။ သူက နယ်မြေသခင်အိမ်တော်သို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်လျှင် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မည်သူကမှ သူနှင့် ရင်ဆိုင်နိုင်စွမ်းရှိလိမ့်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုအား တိုက်ရိုက်ခြိမ်းခြောက်ကာ တုံ့လိုင်နတ်ဘုရားအကြီးအကဲအတွက် လက်စားချေရန်မှာပင် သူ့ထိန်းချုပ်မှုအတွင်း ရှိနေပေလိမ့်မည်။

ပြောရလျှင် တုန်းဟွာကျောင်းတော်သို့ ခရီးစဉ်ပြီးသည့်နောက် ရီဖူရှင်း၏ ဂုဏ်သတင်းက ကျော်ကြားမြင့်တက်လာလေသည်။ မရေတွက်နိုင်သော လူများသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ကျုံးချန်အပြင် နောက်ထပ် ပေါ်ပေါက်လာသည့် အစွမ်းထက် ပါရမီရှင်တစ်ယောက်အကြောင်း ပြောဆိုနေကြပေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ရှည်ကြာသော သမိုင်းကြောင်းနှင့် ကြွယ်ဝသော အရင်းအမြစ်တို့ မရှိလျှင်ပင် ယခုအချိန်က သူတို့၏ အထွတ်အထိပ်အချိန်အခါပင် ဖြစ်သည်။

ထိုအချိန်၌ ရီဖူရှင်းက တုန်းဟွာကောင်းကင်အတွင်း လှည့်ပတ်သွားလာနေကာ ရှုခင်းများကို ခံစားကြည့်ရှုနေသည်။

သူသည် မည်သည်ကိုမှ လုပ်စရာမရှိဘဲ ရှားပါးလှသော အားလပ်ချိန်လေးကို ရရှိထားရာ ပျော်ရွှင်စွာ အနားယူနေတော့သည်။

ရှားရှင်းယွန်၊ လိန်ယန်နှင့် လိန်ရှီးတို့သည်လည်း သူ့နောက်မှ လမ်းလျှောက် လိုက်ပါလာကြသည်။ လိန်ရှီးသည် သူတို့ လိန်မိသားစုသို့ ပြန်ရောက်သည့်နေ့မှစကာ အချို့သော လမ်းညွှန်မှုများ ရရှိရန် သူ့ထံသို့ လာရောက်မေးမြန်းတတ်သည်။ ရီဖူရှင်းက သဘောထားကြီးသော သူတစ်ယောက်ဖြစ်ကာ ကျင့်ကြံခြင်းနှင့် ပတ်သတ်သော အချို့အတွေးများ မျှဝေပေးတတ်သည်။ မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းဟူသည်မှာ ပုဂ္ဂိုလ်လေး ကိစ္စပင်ဖြစ်၍ တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုတွင် အများဆုံး မူတည်နေသည်။

“စီနီယာ ကျွန်မတို့ လာတဲ့ လမ်းတလျှောက် စီနီယာ့အကြောင်း ပြောနေတဲ့ လူတွေ အများကြီး တွေ့ခဲ့တယ်။” လိန်ရှီးက ခပ်တိုးတိုး ပြောလိုက်သည်။ သူတို့က မည်သည့်နေရာကို သွားသွား လူအများက ရီလျှို့နျန်အကြောင်း ပြောဆိုနေကြသည်ကို ကြားနေရပေသည်။ ရီလျှို့နျန်က တုန်းဟွာကောင်းကင်တွင် ဒဏ္ဍာရီတစ်ပါး ဖြစ်လာပုံပေါ်၏။

ရီဖူရှင်းက မတုံ့ပြန်ဘဲ ဘာသိဘာသာ ရှိနေခဲ့သည်။ ရှားရှင်းယွန်က သူ့အား ဘေးမှ တစ်ချက်လှမ်းကြည့်လိုက်၏။

လိန်ယန်က ရီဖူရှင်း၏ အမူအရာမဲ့သော မျက်နှာကို သတိပြုမိပြီးနောက် ရှားရှင်းယွန်အား မေးလိုက်သည်။ “သခင်မလေး ခင်ဗျားတို့ တကယ်ပဲ စိတ်မလှုပ်ရှားကြဘူးလား။”

လိန်ယန်သည်ပင် ရီဖူရှင်း တုန်းဟွာကောင်းကင်၌ ကျော်ကြားလာသည့်အခါ အတော်လေး စိတ်လှုပ်ရှားမိ၏။ ရီဖူရှင်းက မတုန်မလှုပ်ဘဲ ကျန်ရစ်နေသည်မှာ သူ၏ ရန်ဟောင်အဆင့် ကျင့်ကြံခြင်းကြောင့်ပေလား။

“သူက အသားကျနေပြီ။” ရှားရှင်းယွန်က ထိုသို့ အခေါ်ခံရသည်အား ထူးဆန်းသလို ခံစားရသော်လည်း သူ့အား မပြင်ပေးတော့ပေ။ သူမက ရီဖူရှင်း၏ ပုံရိပ်ကို ကြည့်နေရင်း လိန်ယန်အား ပြန်ဖြေလိုက်သည်။

“သူက အသားကျနေပြီလား။” လိန်ယန်က ရေရွတ်နေသည်။

ရှားရှင်းယွန်က ခေါင်းညိတ်လိုက်ပြီး ထပ်မရှင်းပြတော့ပေ။ မူလဘုံတွင် ရီဖူရှင်း၏ အမည်အား မကြားဖူးသူ မရှိချေ။ တုန်းဟွာကောင်းကင်သည် ပိုမိုများပြားသော ပါရမီရှင်များနှင့် သန်မာသော တန်ခိုးရှင်များစွာ ရှိနေသော ဖြစ်သည်။ သို့ဆိုလျှင်ပင် ရီဖူရှင်းက အားလုံးထဲမှာ အတောက်ပဆုံး ဖြစ်သည်။

ထို့အပြင် ရီဖူရှင်းက အတိတ်မှာ ကျန်ရစ်နေခဲ့သူ မဟုတ်ပေ။ သူသည် အလယ်အလတ်အဆင့် ရန်ဟောင်သို့ ရောက်အောင် ကျင့်ကြံခဲ့ပြီး ထိပ်ဆုံး၌ မြဲမြဲမြံမြံ ချီတက်နေခဲ့သည်။

လိန်ယန်က လိန်ရှီး၏ လက်မောင်းအား တို့လိုက်၏။ လိန်ရှီးက ကြည့်လိုက်သော်လည်း ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားကာ ရှားရှင်းယွန်အား မေးလိုက်သည်။ “သခင်မလေး ရှင်ကရော တပည့်တချို့ လက်မခံချင်ဘူးလား။ ကျွန်မက ရှင့်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးပြီး ရှင့် လမ်းညွှန်မှုအောက်မှာ ကျင့်ကြံချင်ပါတယ်။ ဒါဆို ရှင်လည်း ကိစ္စတိုင်းကို ကိုယ်တိုင် လိုက်လုပ်စရာမလိုတော့ဘူးလေ။”

ရှားရှင်းယွန်က ဆွံ့အသွား၏။ သိသာစွာပင် သူတို့က ရီဖူရှင်းထံမှ အငြင်းခံလိုက်ရသည့်အတွက် သူမမှတဆင့် ရီဖူရှင်းနှင့် ရင်းနှီးရန် ကြိုးစားနေခြင်း ဖြစ်သည်။ ရှန့်ထိုအဆင့်မှ ကျင့်ကြံသူများအနေနှင့် သူမ၏ တပည့်အဖြစ်လက်ခံရန် မျက်နှာပြောင်တိုက်မေးမြန်းဖို့ရာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ရှားရှင်းယွန်သည် ရီဖူရှင်းက ဤနေရာ၌ မည်သည့်တပည့်မှ လက်ခံလိမ့်မည် မဟုတ်ကြောင်း သိရှိပေသည်။

သူက ဤနေရာ၌ ကိုယ့်ကိုယ်ကိုယ်ပင် အနိုင်နိုင်ကာကွယ်ရန် ကြိုးစားရမည် ဖြစ်သည်။ သူက တပည့်များကို သင်ကြားပေးရန် မည်သို့ အချိန်ရှိပါမည်နည်း။ သူက ဆေးအင်ပါယာကဲ့သို့ ကောင်းကင်ဒေသတွင် ခြေကုပ်ယူနိုင်သည့် အခြေအနေမဖြစ်မချင် စဉ်းစားနိုင်လိမ့်မည် မဟုတ်ပေ။

“မင်းတို့ စီနီယာတွေက ငါ့ထက် သာတာပဲ။ ငါက ဘယ်လို သင်ပေးနိုင်မှာလဲ။” ရှားရှင်းယွန်က တိုးသက်စွာ ပြန်ဖြေလိုက်သည်။

“သခင်မလေး ကလည်း လုပ်နိုင်စွမ်းကို ဖုံးကွယ်ထားတဲ့ အရည်အချင်းရှိ တန်ခိုးရှင်တစ်ယောက်ဆိုတာ ကျွန်တော်သိတယ်။ ပြီးတော့ ကျွန်တော် မြင်ဖူးသမျှထဲမှာ အချောဆုံးနဲ့ ကျက်သရေအရှိဆုံးပဲ။ သခင်မလေးနဲ့ စီနီယာက တကယ့်ကို နတ်ဖက်တဲ့စုံတွဲတွေပါဗျာ။ ဒါကြောင့် ကျွန်တော့်ကို သင်ပေးနိုင်မှာပါ။” လိန်ယန်က သူ၏ မာနအပါအဝင် မည်သည့်တန်ဖိုးမဆို ပေး၍ ရှေ့သို့ဆက်သွားရန် အသင့်ဖြစ်နေသည်။ သူက ရီဖူရှင်းကို လေးစားကြည်ညိုပြီး သူ့ထံမှ သင်ယူလေ့လာချင်သည်။ သူ၏ မိသားစုများနှင့် စီနီယာများသည် သူ့အကြံကြံကို ကြားသည့်အခါ အလွန် အားပေးကြသည်။

ရှားရှင်းယွန်က သူ့ကို ကြည့်လိုက်ပြီး ရုတ်တရက်အက်ကွဲသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူမက ပြောလိုက်၏။ “တကယ်တော့ ငါက သူ့မိန်းမ မဟုတ်ဘူး။”

“အာ…” လိန်ယန်က မျက်တောင်ခတ်ကာ  ဇဝေဇဝါ ဖြစ်သွားသော်လည်း မကြာခင်၌ ပြန်လည်တုံ့ပြန်လာကာ ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားက သူရဲ့ အနာဂတ်ဇနီး ဖြစ်ရမယ်။”

ရီဖူရှင်းက လိန်ယန်အား စကား ပြောလာသည်။ ရှားရှင်းယွန်က သူ့အား ကြည့်လိုက်၏။ “အဲဒီ အတွေးတွေကို ရပ်လိုက်တော့။ ကျုပ်ဒီအချိန်မှာ တပည့်လက်ခံမှာ မဟုတ်ဘူး။”

လိန်ယန်၏ မျက်နှာထက်တွင် စိတ်ပျက်လက်ပျက် အကြည့်တချို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း သူက ထပ်ပြောလိုက်သည်။ “အနာဂတ်မှာ တပည့် လက်ခံမယ်ဆိုရင် ကျွန်တော့်ကို အရင်ဆုံး စဉ်းစားပေးပါ။”

“ကောင်းပြီ” ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။

“အဲဒါက ဘယ်နေရာလဲ။” ရီဖူရှင်းက အရှေ့တွင် မြင်နေရသော တိမ်များသို့တိုင် မြင့်မားသည့် နန်းတော် တစ်ခုကို ကြည့်ကာ မေးလိုက်သည်။ တန်ခိုးရှင်များက နန်းတော်ခြေရင်း၌ စုစည်းနေကြပြီး ရန်ဟောင် အဆင့်များလည်း အများအပြား ပါဝင်နေသည်။

ရီဖူရှင်းသည် အဝေးမှ လူအများကြီး ထပ်လာနေကြသည်ကို သတိပြုမိခဲ့၏။

“တည်းခိုခန်းအဖြစ် လုပ်ကိုင်နေတဲ့ တုန်းဟွာ ကောင်းကင်စံအိမ်တစ်ခုပါ။ ဒါပေမယ့် တုန်းဟွာကောင်းကင်အတွင်းမှာ ရှိတဲ့ ထိပ်တန်းကောင်းကင်စံအိမ်တွေက လူတိုင်း ဝင်ရောက်နိုင်တာမျိုး မဟုတ်ဘူး” လိန်ယန်က ပြောလိုက်သည်။

“ကြည့်ရတာ အကျော်အမော်တစ်ယောက် ဒီနေရာကို ရောက်နေတယ် ထင်တယ်။” ရီဖူရှင်းက ထို နန်းတော်ဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။ လူအများကြီးလည်း ကောင်းကင်စံအိမ်၏ အောက်ဘက်တွင် စုစည်းနေကြပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

“ထိုက်ဟွာတောင်” ရီဖူရှင်းသည် သူတို့ ပြောနေသော စကားများအား ကြားပြီးနောက် ရေရွတ်လိုက်သည်။ သူက ပြန်စဉ်းစားပြီးနောက် မည်သူလာနေသည်အား သတိပြုမိလိုက်၏။

တုန်းဟွာနယ်မြေ၌ အဓိကကုန်းမြေခုနစ်ခု ရှိပြီး ကျွန်းနှစ်ကျွန်းနှင့် တောင်တစ်တောင် ရှိသည်။ အဓိကကုန်းမြေခုနစ်ခုတွင် နေထိုင်သော ထိပ်သီးအင်အားစုအများအပြားရှိသည်။ တုန်းဟွာကောင်းကင်တွင် နယ်မြေသခင်အိမ်တော်၊ လင်းရှောင်နန်းတော်နှင့် တုန်းဟွာကျောင်းတော်တို့ ရှိပြီး တုန်းရှောင်းကုန်းမြေတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၊ မြောက်ပိုင်း အဖြူရောင်နှင်းမြို့တော်တွင် မြူနှင်းဝေနတ်နန်းတော်၊ ယန်ယွင်ကုန်းမြေတွင် ရှေးဟောင်းတော်ဝင် ယန်မိသားစု၊ ပျက်စီးခြင်းကုန်းမြေတွင် ပျက်စီးခြင်းနတ်နန်းတော်၊ လော့ထျန်းကုန်းမြေတွင် ရှေးဟောင်းတော်ဝင် ကျန်းကလန်မိသားစု တို့ ရှိပြီး နန်ဟွာကုန်းမြေ၌ နန်ဟွာကလန် တည်ရှိသည်။

တုန်းဟွာနယ်မြေအတွင်း အဓိကကုန်းမြေ ခုနစ်ခုလုံးမှာ ထိပ်သီးအင်အားစုများ ရှိကြသည်။ ထို့အပြင် ကျွန်းနှစ်ခုနှင့် တောင်တစ်လုံး ကျန်နေသေး၏။

ကျွန်းနှစ်ခုမှာ နတ်သမုဒ္ဒရာကုန်းမြေ၏ လိပ်နတ်ဘုရားကျွန်းစု နှင့် ဖမ်းလိုင်ကုန်းမြေ၏ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဖြစ်သည်။

ထို့အပြင် ထိုက်ဟွာတောင်သည် တုန်းဟွာကုန်းမြေအတွင်း တစ်ခုတည်းသော တောင်ဖြစ်၏။

ထိုနေရာများ အားလုံးသည် တုန်းဟွာနယ်မြေအတွင်း လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်များ ကျင့်ကြံရာ နေရာများ ဖြစ်ကြသည်။

ထိုက်ဟွာတောင်ကို မည်သည့် ကလန် မည်သည့် မိသားစုကမှ ထိန်းချုပ်ထားခြင်း မရှိသော်လည်း ထိုက်ဟွာကောင်းကင်အရှင်ဟူသော ကျင့်ကြံသူဆရာသခင်တစ်ယောက် ကျင့်ကြံရာ နေရာ ဖြစ်သည်။ သူသည် နက်နဲလှသည့် စွမ်းအားနှင့် တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း တပည့်များ မွေးမြူ၍ သူ၏ သြဇာအာဏာကို အပြင်လောက၌ ကြီးထွားစေမည့်အစား သူက သူ့ကိုယ်သူ ကျင့်ကြံခြင်း၌ နှစ်မြှုပ်ထားလေသည်။

ထိုက်ဟွာကောင်းကင်အရှင်အပြင် ထိုက်ဟွာတောင်၌ ကျော်ကြားသူ နောက်တစ်ယောက် ရှိသေး၏။ ပြောကြသည်မှာ ထိုက်ဟွာအရှင်၏ သမီး နတ်မိမယ်ထိုက်ဟွာသည် အလွန် အရည်အချင်းရှိပြီး မှင်တက်ဖွယ် လှပသည်ဟု ဆိုကြသည်။ သူမသည် မြင်သူတိုင်း ရင်သပ်ရှုမောဖွယ် ပြိုင်ဘက်ကင်းသည့် အလှလေး ဖြစ်သည်ဟု ဆိုကြသည်။ အချို့သော လူများက သူမကို တုန်းဟွာနယ်မြေတွင် အဆင့်မြင့်ဆုံး နတ်မိမယ်တစ်ပါးဟု ခေါ်ကြသည်။

မည်သို့ပင်ဖြစ်စေ ထိုက်ဟွာတောင်က အမြဲ တသီးတသန့် ရှိကာ မည်သူကမှ သူတို့အား အလွယ်တကူ မနှောက်ယှက်ရဲသည့်အတွက် ထိုက်ဟွာနတ်မိမယ်အား တွေ့ဖူးသူမှာ သိပ်မများလှပေ။ သို့ဆိုလျှင်ပင် သူမ၏ ဂုဏ်သတင်းက ကြီးမားကာ သူမအကြောင်း ကောလာဟလများက ပျံ့နှံ့လျက်ရှိသည်။

“ထိုက်ဟွာကောင်းကင်အရှင်နဲ့ နတ်မိမယ်ထိုက်ဟွာတို့လည်း ဒီမှာ ရောက်နေတာလား။” လိန်ရှီးနှင့် လိန်ယန်တို့နှစ်ယောက်လုံးက အံ့အားသင့်သွားကြသည်။ “ကြည့်ရတာ နယ်မြေသခင်က သူတို့ကို ဖိတ်လိုက်တာ ထင်တယ်။”

ရီဖူရှင်းသည် ထိုက်ဟွာကောင်းကင်အရှင်က အင်ပါယာရှီ မဟာလမ်းစဉ် နတ်ဘုရားကပ်ဘေးအား ရင်ဆိုင်စဉ်ကပင် ထွက်ပေါ်မလာခဲ့သည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် ဤတစ်ကြိမ်၌ နယ်မြေသခင်က သူတို့အား ဖိတ်ကြားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

သူတို့ရှေ့မှ အခြားသူများသည်လည်း နယ်မြေသခင်က တုန်းဟွာနယ်မြေအတွင်းမှ အတော်ဆုံး တန်ခိုးရှင်များကို မည်သို့ ဖိတ်ခေါ်ခဲ့ကြောင်း ဆွေးနွေးနေကြသည်။ သူက ထိုသို့ ကျိန်းသေ လုပ်ဆောင်နိုင်သူ တစ်ယောက် ဖြစ်၏။

“နတ်မိမယ်ထိုက်ဟွာက တကယ်ပဲ ကောလာဟလတွေထဲကလို လှလား။” လိန်ရှီးက မေးလိုက်သည်။

“ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ တန်ခိုးရှင်တစ်ယောက်က လောကကြီးရဲ့ အဆီအနှစ်တွေကို စုပ်ယူနိုင်တာကြောင့် ပိုပြီး လှပလာတယ်။ အဲဒါကပဲ ကျင့်ကြံသူတွေကြားမှာ လှပတဲ့ အမျိုးသမီးတွေ အများကြီး ရှိနေရတာပဲ။ နတ်မိမယ်ထိုက်ဟွာက အရည်အချင်း ရှိနိုင်ပေမယ့် ဒီလောကမှာ တကယ် ပြိုင်ဘက်ကင်းတာ ဘယ်သူမှမရှိလောက်ဘူးလားလို့။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

“ဟုတ်တယ်.. သခင်မ… နတ်မိမယ်ရှားကလည်း အရမ်းလှတယ်။” လိန်ရှီးက ပြောလိုက်သည်။

ရီဖူရှင်းက လိန်ရှီး၏ စကားများကို ကြားသောအခါ ခေတ္တမျှ မှင်တက်သွားသည်။ ထို့နောက် သူက ပြုံးလိုက်၏။ လိန်ရှီးသည် သူ၏ သာမန်မှတ်ချက်လေးမှ အဓိပ္ပါယ်အား နားလည်မှုလွဲသွားခြင်းပင် ဖြစ်သည်။ သူက ထူးချွန် လှပသော အမျိုးသမီးများစွာကို မြင်တွေ့ခဲ့ဖူးပြီး ထိုအထဲတွင် မင်းသမီးတုန်းဟွမ်လည်း ပါဝင်သည်။ အမျိုးသမီး အများစုက သူမကဲ့သို့ ခမ်းနားထည်ဝါသော တော်ဝင်အရှိန်အဝါတို့ မရှိချေ။

“ဒါပေမယ့် နတ်မိမယ်ထိုက်ဟွာက အရမ်း ဆွဲဆောင်မှုရှိရမယ်။ ပြီးတော့ သူမက နတ်တေးသွားသံစဉ်ကို ကျင့်ကြံတယ်။ သူမကို တွေ့ချင်လွန်းလို့ တစ်ပိုင်းသေနေကြတဲ့သူတွေ ဘယ်လောက်များများရှိလဲ ပြောဖို့တောင် မဖြစ်နိုင်ဘူး။ နောက်ဆုံးတော့ အခု အခွင့်အရေးတစ်ခု ရလာပြီ ထင်တယ်။” လိန်ရှီးက အတော်လေး တက်ကြွသော အသံနှင့် ပြောလိုက်သည်။

ထိုအချိန်၌ တန်ခိုးရှင်တစ်စု ကောင်းကင်စံအိမ်သို့ လျှောက်လာကာ ပြောလိုက်သည်။ “ကျုပ်တို့က နယ်မြေသခင်ရဲ့ အမိန့်အရ ကောင်းကင်အရှင်နဲ့ နတ်မိမယ်တို့ အိမ်တော်မှာ အနားယူဖို့ လာဖိတ်ခေါ်တာပါ။”

“ဒါက မလိုအပ်ပါဘူး။ ကျုပ်တို့ ဒီမှာလည်း အဆင်ပြေပါတယ်။ ကျေးဇူးပြုပြီး နယ်မြေသခင်ကို ကျုပ်အစား ကျေးဇူးတင်စကား ပြောပေးပါ။ သူ့ကို သွားပြီး အနှောက်အယှက် မပေးတော့ပါဘူး။” ထိုက်ဟွာကောင်းကင်အရှင်က ပြန်ဖြေလိုက်သည်။ သူက တုန်းဟွာနယ်မြေသခင်အိမ်တော်တွင် မနေလိုပေ။ သူက တိတ်ဆိတ်ငြိမ်သက်မှုနှင့်သာ အသားကျနေ၍ ဖြစ်နိုင်သည်။

“ကောင်းပါပြီ။ ဒါဆို ကျုပ်တို့ ပြန်ပြီး သတင်းပို့လိုက်ပါ့မယ်။” တစ်ယောက်က ပြောလိုက်သည်။ “နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ကောင်းကင်အရှင်က ဒီကို ရောက်လာပြီဆိုတော့ စားသောက်ပွဲကို စတင်လို့ရပြီ။ ဒါကြောင့်မို့ နောက်သုံးရက်နေရင် နယ်မြေသခင်အိမ်တော်ကို လာရောက်မယ်ဆို ကျုပ်တို့ ဝမ်းမြောက်မိမှာပါ။”

“အချိန်ကျလာရင် သေချာပေါက်သွားမှာပါ။” ထိုက်ဟွာကောင်းကင်အရှင်က ပြန်ဖြေလိုက်သည်။ လူအုပ်ကြီးသည် စိတ်လှုပ်ရှားမှုကြောင့် တက်ကြွလာခဲ့၏။ နောက်ဆုံး၌ တုန်းဟွာစားသောက်ပွဲက နောက်သုံးရက်အတွင်း ကျင်းပတော့မည် ဖြစ်သည်။ ၎င်းက မည်မျှ အံ့သြဖွယ် ကောင်းလိမ့်မည်နည်း။

ကြည့်ရသည်မှာ သူတို့က ထိုက်ဟွာကောင်းကင်အရှင်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ရပေမည်။

နယ်မြေသခင်အိမ်တော်သည် နေရာတိုင်းမှ တန်ခိုးရှင်များ၏ လှုပ်ရှားမှုများကို ခြေရာခံနိုင်ပုံရလေသည်။ ထိပ်သီးတန်ခိုးရှင်အားလုံး ရောက်လာသည့်အခါ သူတို့က စားသောက်ပွဲကို စတင် ကျင်းပမည် ဖြစ်သည်။ အခြားသော အင်အားစုများက တဖြေးဖြေး စုစည်းလာခဲ့ပြီး ယခု ထိုက်ဟွာကောင်းကင်အရှင်လည်း ရောက်လာပြီဖြစ်သည်။

ရီဖူရှင်းက ထိုနေရာမှ ကြည့်နေခဲ့သည်။ ထိုအခမ်းအနားက သုံးရက်အတွင်း ကျင်းပမည် ဖြစ်သည်။ ထို့ကြောင့် နယ်မြေသခင်အိမ်တော်သည် တုန်းဟွာကောင်းကင်တစ်ခုလုံးကို တစ်ရက်အတွင်း သတင်းပေးလိမ့်မည် ဖြစ်သည်။

***


Comment

  1. A Khaing says:

    သူက ထူးချွန် လှပသော အမျိုးသမီးများစွာကို မြင်တွေ့ခဲ့ဖူးပြီး ထိုအထဲတွင် မင်းသမီးတုန်းဟွမ်လည်း ပါဝင်သည်။

    မင်းသမီး ဒွန်ဟောင်လား

Leave a Reply


Options

not work with dark mode
Reset