အခန်း ( ၆၂၀ )

သရဲကြီးမြို့

ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးသွားပြီး စိတ်လိုက်မာန်ပါ အော်ဟစ်လိုက်တော့သည်။
” အဓိပ္ပါယ်မရှိတာ။ ငါ့အသက်ကို ငါပဲပိုင်တယ်။ တခြား ဘယ်သူမှ မပိုင်ဘူးဟေ့ ”

သို့သော်… ထိုအရာများမှာ သူ၏အတွေးများထဲတွင်သာ ဖြစ်သည်။ သူ၏နှုတ်မှ တကယ်တမ်းထွက်လာသည့် စကားလုံးများကမူ ကွဲပြားနေတော့သည်။

ကျေးဇူးတင်နေသည့် မျက်နှာထားဖြင့် သူက လက်ယှက်ကာ တရိုတသေဦးညွှတ်လိုက်တော့သည်။
” မင်္ဂလာပါ ဆရာကြီး သေမင်းအော်သံ ခင်ဗျာ။ ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ”

” ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ ကျေးဇူးတင်ချင်သပဆိုရင် ရှင်ဘုရင်မင်းမြတ်ကိုသာ ကျေးဇူးတင်ပါ ”
ထိုသို့ဆိုကာ နယ်စားသေမင်းအော်သံ က လက်ကိုဝှေ့ယမ်းလိုက်သောအခါ မီတာသုံးဆယ်ပတ်လည်ရှိ အရာအားလုံးမှာ ၎င်းတို့၏ ဘေးတစ်ဝိုက်ရှိ နေရာများနှင့် ကွဲထွက်သွားသည့်အလား ရုတ်တရက် မှုန်ဝါးကာ တွန့်လိမ်ကွေးကောက်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ကတုန်ကရီနှင့် သူ၏ဘေးတစ်ဝိုက်တွင် ဖြစ်ပျက်နေသည်များကို ကြည့်နေတော့သည်။ ခဏအကြာတွင် အသေးစား တည်နေရာရွှေ့ပြောင်းခြင်းတစ်ခု ဖြစ်ပေါ်နေမှန်း သူက သိလိုက်တော့သည်။ ထိုနေရာတစ်ခုလုံးကို မြေကြီးထဲမှ ဆွဲထုတ်ကာ အခြားတစ်နေရာသို့ ပြောင်းရွှေ့လိုက်သည့်အတိုင်းပင်။

သူ၏ နားထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်နေပြီး အရာအားလုံး ပျောက်ကွယ်သွားတော့သည်။

သူနှင့် နယ်စားသေမင်းအော်သံ တို့ပြန်ပေါ်လာသည့် အချိန်တွင် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ကြီးမားသည့် မြို့တော်ကြီးတစ်ခု၏ရှေ့တွင် ရောက်နေပြီဖြစ်သည်။

နေ့လယ်ခင်းအချိန်သို့ ရောက်နေသည်ဖြစ်သဖြင့် တောက်ပသော နေရောင်ခြည်များမှာ ထိုဧရာမမြို့တော်ကြီးပေါ်သို့ ဖြာကျနေသည်ဖြစ်ရာ အလွန်အမင်း အံ့သြဖွယ်ကောင်းသည့် မြင်ကွင်းကြီးတစ်ခု ဖြစ်နေသည်။ ထိုမြို့ကြီးမှာ ရှေးခေတ်ကသားရဲကြီးတစ်ကောင်က ရှိသမျှအရာအားလုံးကို သွားဖြဲပြနေသည့် အတိုင်းပင်။

ပိုင်ရှောင်ချန်းမှာ သေသေချာချာ မကြည့်ရသေးသည့်အချိန်မှာပင် ထိုသို့ခံစားလိုက်ရသည်။

တစ်ချက်လောက် ဖျတ်ခနဲကြည့်လိုက်ရုံနှင့်ပင် သရဲကြီးမြို့တော်မှာ ပိုင်မျိုးနွယ်စု ကဲ့သို့ မျိုးနွယ်စု တစ်သောင်းစုပေါင်းထားသည့်အလား ကြီးမားလှသည်ကို မြင်နိုင်သည်။ မရေမတွက်နိုင်အောင် များပြားလှသည့် ကျောက်မျက်ရတနာများစီခြယ်ထားသော အိမ်များနှင့် အခြားသော မျက်စိကျိန်းစရာကောင်းသည့် အဆောက်အဦပေါင်းများစွာရှိကြပြီး တစ်မြို့လုံးမှာလည်း များစွာသော ဝိညာဥ်ကျင့်ကြံသူများ၊ အောက်လမ်းဆရာများ၏ အခိုးအငွေ့များဖြင့် ပြည့်နှက်နေသည်။

ဤမျှကြီးမားသည့် နေရာမျိုးကို ပိုင်ရှောင်ချန်း တစ်ခါမှ မမြင်ဖူးပေ။ ဤမြို့ထဲရှိလူဦးရေမှာ သန်းပေါင်း ဆယ်ဂဏန်းများစွာ ရှိနေမည်မှာ အသေအချာပင်။

ပို၍ အံ့သြဖွယ်ကောင်းသည်မှာ သရဲကြီးမြို့တော်သည် အလွန်ကြီးမားကာ နက်ရှိုင်းလှသည့် ကျဥ်းကြီးတစ်ခု၏ အလယ်တွင် တည်ရှိနေခြင်းဖြစ်သည်။ ထိုကျဥ်းကြီး၏ အကျယ်အတိုင်းအတာမှာ အလွန်ရှည်လျားလွန်းလှသဖြင့် တစ်ဖက်နှင့်တစ်ဖက်ကို နတ်ဘုရားအာရုံနှင့်ပင် လှမ်း၍ မမြင်နိုင်ပေ။

၎င်းမှာ အကျယ်ပင်ရှိသေးသည်ဖြစ်ပြီး အနက်မပါသေးပေ။

” သရဲကြီးမြို့တော်က ကြီးတာတော့ဟုတ်တယ်။ ဒါပေမဲ့ ကျဥ်းကြီးက ပိုကြီးတယ်ကွ။ အဲဒီကျဥ်းကြီးထဲမှာ ဒီမြို့လိုမျိုး မြို့တော်တွေ ဒါဇင်များစွာ ထည့်ထားလို့တောင်ရတယ် ”

ထိုနက်ရှိုင်းလွန်းလှသည့် ကျဥ်းကြီးထဲမှ မြင့်တက်နေသည့် ဧရာမတိုင်ကြီးတစ်တိုင်ပေါ်တွင် သရဲကြီးမြို့တော် တည်ရှိနေသည်။ ထိုကျဥ်းကြီး၏ အောက်ခြေတွင်မူ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော မျက်နှာများနှင့် ဦးခေါင်းများဖြင့်ပြည့်နှက်နေသည့် မြူခိုးများဝေနေပြီး ဝိညာဥ်အုပ်ကြီးမှာ အဆက်မပြတ် အော်ဟစ်နေတော့သည်။

ကျဥ်းကြီးနှင့် ထိစပ်နေသည့် နေရာဖြစ်သော ချောက်ကမ်းပါးများဆီမှ မြို့တော်ထဲသို့ သွားရန် လူတစ်ယောက်အရပ်နီးပါးခန့် တုတ်သည့် ခရမ်းရောင်ကြိုးများပေါ်မှ ဖြတ်ရမည်ဖြစ်သည်။ ထိုကြိုးများကို မြူခိုးများဝေနေသည့် ကျဥ်းကြီး၏ အပေါ်တွင် ကြိုးတံတားများအဖြစ် တပ်ဆင်ထားသည်။

ပိုင်ရှောင်ချန်းသည် ခပ်လှမ်းလှမ်းတွင် မြို့တော်ဆီသို့ အလင်းတန်းများအသွင်ဖြင့် ပျံသန်းလာနေကြသည့် လူများကို မြင်လိုက်သည်။ သို့သော် သူတို့မှာ ထိုကျဥ်းကြီးအပေါ်သို့ ဖြတ်၍မပျံရဲသဖြင့် မြေပြင်ပေါ်သို့ဆင်းကာ ဧရာမကြိုးကြီးများပေါ်မှသာ ဖြတ်လျှောက်ကြလေသည်။

မြို့တော်ထဲသို့ ဝင်သည်ဖြစ်စေ၊ ထွက်သည်ဖြစ်စေ ထိုနည်းလမ်းတစ်ခုထဲကိုသာ သုံးရမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ထိုနေရာကို ဆက်လက်လေ့လာနေစဥ် မြို့အလယ်တည့်တည့်တွင် အံ့သြဖွယ်ကောင်းသည့် ဧရာမရုပ်ထုကြီးတစ်ခုကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားတော့သည်။

ထိုရုပ်ထုကြီးမှာ အစိမ်းရောင် အသားအရေရှိပြီး ဦးခေါင်းပေါ်တွင် ချိုနှစ်ချောင်းပါသည့် မီတာထောင်သောင်းများစွာမြင့်မားသော သရဲကြီးတစ်ကောင်၏ ရုပ်ထုဖြစ်သည်။ ထို့အပြင် ထိုရုပ်ထုကြီး၏ဦးခေါင်းပေါ်တွင် တော်ဝင်နန်းတော် တစ်ခုရှိသည်။

ထိုနန်းတော်ကြီးကို အတိအကျပုံဖော်ရန် ခဲယဥ်းပြီး မည်သူနေထိုင်သည်ဖြစ်ကြောင်းကို အတိအကျမပြောနိုင်ပါသော်လည်း ပိုင်ရှောင်ချန်းက ခန့်မှန်းလိုက်လေသည်။

” အဲဒါ သရဲကြီးဘုရင်နေထိုင်တဲ့ နေရာပဲ ဖြစ်ရမယ်… ”
ထိုတော်ဝင်နန်းတော်ကြီးကို ကြည့်နေစဥ်တွင် ပိုင်ရှောင်ချန်းသည် သူ့အပေါ်သို့ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ဖိအားများအားလုံး ကျရောက်နေသည့်အလား ခံစားလိုက်ရသည်။

ထိုနန်းတော်ကြီးထဲတွင် နေထိုင်သူမှာ လူတစ်ယောက်မဟုတ်ပဲ နတ်တစ်ပါးဖြစ်နေသည်ဟူသော ခံစားချက်ကြီးမျိုးပင်ဖြစ်သည်။

သူသတိထားမိသည့် အခြားအံ့သြဖွယ်ကောင်းသော အရာတစ်ခုမှာ ထိုဧရာမရုပ်ထုကြီး၏ လက်တစ်ဖက်စီက နန်းတော်တစ်ခုစီကို ကိုင်မြှောက်ထားခြင်းဖြစ်သည်။ ထို့အပြင် လက်တစ်ဖက်စီ၏ ရှေ့တွင် ဧရာမကျောက်တိုင်ကြီးများရှိပြီး ထိုကျောက်တိုင်များပေါ်တွင် ရေးထိုးထားသည့် နန်းတော်၏အမည်များကို လူတိုင်းက မြင်နေနိုင်သည်။ ဘယ်လက်ထဲတွင် သေမင်းအော်သံ နန်းတော်ရှိသည်ဖြစ်ပြီး ညာလက်ထဲတွင် ဝိညာဥ်လောက နန်းတော်ရှိသည်။

ပိုင်ရှောင်ချန်းမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရရုံနှင့်ပင် တုန်ရီသွားပြီး ထိုနန်းတော်များမှာ နတ်အဆင့်ကျင့်ကြံသူများ၏ နန်းတော်ဖြစ်မည်ဖြစ်ကြောင်း ယူဆလိုက်လေသည်။ ထို့အပြင် ဘက်လက်ထဲရှိ နန်းတော်၏အမည်မှာ သေမင်းအော်သံ ဖြစ်နေသဖြင့် ထိုနန်းတော်၏ပိုင်ရှင်မှာ သူ၏ဘေးတွင်ရပ်နေသည့် အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားသော အဘိုးကြီးဖြစ်မည်ဟု ရှစ်ဆယ်ရာခိုင်နှုန်းတိတိ သေချာသွားတော့သည်။

ပိုင်ရှောင်ချန်းသည် မြေရိုင်းဒေသထဲသို့ စရောက်ခဲ့သည့်အချိန်ကနှင့်စာလျှင် ယခုတွင်မူ သရဲကြီးမြို့တော်အကြောင်းကို ပိုသိနေပြီဖြစ်သည်။ ပိုင်မျိုးနွယ်စုတွင် သူနေထိုင်ခဲ့သည့် နေ့ရက်များအတွင်း သူက သတင်းအချက်အလက်များကို ရှာဖွေစုဆောင်းခဲ့သည်ဖြစ်ပြီး ဤနေရာအကြောင်းကို အနည်းငယ်သိနေပြီဖြစ်သည်။

ဥပမာအားဖြင့်ဆိုရလျှင် သရဲကြီးမြို့တော်သည် အတွင်းမြို့တော်နှင့် အပြင်မြို့တော်ဟူ၍ နှစ်ပိုင်းရှိသည်ဆိုသော အချက်ပင်။ အတွင်းပိုင်းမြို့တော်မှာ တင်းကြပ်သောအုပ်ချုပ်မှုအောက်တွင် ရှိပြီး ရာထူးမြင့်မားသောသူများသာ ဝင်ခွင့်ရသည်။ ထိုမြို့တော်တွင် နေထိုင်သူအများစုမှာ မှူးမတ်မျိုးနွယ်များ၊ ဝန်ကြီးများ၊ တော်ဝင်အိမ်တော်နှင့် ရင်းနှီးသည့်အဆက်အသွယ်ရှိကြသူများဖြစ်သည်။

အပြင်မြို့တော်တွင် သာမန်လူတန်းစားများနေထိုင်ကြသည်ဖြစ်ပြီး ပို၍စည်ကားသိုက်မြိုက်သည့် နေရာလည်းဖြစ်သည်။

အတွင်းနှင့် အပြင်မြို့တော်တို့ကို ပိုင်းခြားထားသည့် ကျုံးတစ်ခုရှိပြီး ထိုကျုံးထဲရှိရေများတွင် နတ်ဘုရားတစ်ပိုင်းအဆင့် အချုပ်အနှောင်မန္တန်များပါရှိသည်။ ထိုကျုံးကိုဖြတ်ရန် လိုအပ်သည့် အမိန့်ပေးဆွဲပြားမရှိပဲ ဖြတ်ရန်ကြိုးစားသည့်လူတိုင်းမှာ အရိုးများသာကျန်တော့သည့်အထိ အရည်ပျော်သွားမည်သာဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ မည်သည့်အကြောင်းကြောင့် သူ့အား သရဲကြီးမြို့တော်ဆီသို့ ခေါ်လာရသည်ကို မသိနိုင်လောက်အောင်ဖြစ်နေရသည်။ သူက အလွန်အမင်းစိတ်လှုပ်ရှားနေပါသော်လည်း နှစ်လိုဖွယ်ကောင်းသည့် အမူအရာတစ်ခုကို အတတ်နိုင်ဆုံးဖမ်းကာ နယ်စားသေမင်းအော်သံ ၏နောက်တွင် ရပ်နေတော့သည်။ သရဲကြီးဘုရင်က သူ့ကိုမည်သည့်အကြောင်းကြောင့် ဆင့်ခေါ်ခဲ့သည်ဖြစ်စေ သရဲကြီးမြို့တော်သို့ ရောက်လာရသည်မှာ ကောင်းမွန်သည့်အရာတစ်ခုပင်ဖြစ်သည်။ သူ၏အိမ်ကိုပြန်ရန် လိုအပ်သည့် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်မှာ ဤမြို့တော်ထဲတွင် တည်ရှိနေသည်မဟုတ်ပါလော။

” ငါ့မျက်နှာဖုံးက ပိုင်မျိုးနွယ်စုရဲ့ မန္တန်အစီအရင်နဲ့ သူတို့ရဲ့ နတ်အဆင့်ခေါင်းဆောင်ကြီးကိုတောင် လှည့်စားနိုင်သေးတာပဲ ” သူက ရေရွတ်လိုက်သည်။
” တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကိုလည်း လှည့်စားနိုင်လောက်ပါတယ် ”

နယ်စားသေမင်းအော်သံ မှာ လမ်းတစ်လျှောက်လုံး အသက်မဲ့နေသည့်မျက်နှာထားဖြင့် စကားတစ်ခွန်းမှ မပြောပေ။ ထို့အပြင် သူတို့က ချိန်းကြိုးများပေါ်မှ မဖြတ်ပဲ မြို့တော်ထဲသို့သာ တိုက်ရိုက်ပျံသန်းသွားသည်။

သူတို့က မြို့ထဲတွင် ပေါ်ပေါက်လာသောအခါ အစောင့်တာဝန်ကျနေသည့် ဝိညာဥ်ကျင့်ကြံသူများက ချစ်ကြောက်ရိုသေလေးစားမှုများ ပြည့်နှက်နေသည့် အမူအရာများဖြင့် တရိုတသေ ဦးညွှတ်လိုက်ကြတော့သည်။

” မင်္ဂလာပါ နယ်စားသေမင်းအော်သံ ”

ထိုသို့ ဦးညွှတ်ကာ နှုတ်ဆက်လိုက်ပြီး လူတိုင်းမှာ ခိုးကြောင်ခိုးဝှက်ဖြင့် ပိုင်ရှောင်ချန်းကို အကဲခတ်လိုက်ကြသဖြင့် သူက သတိထားမိလိုက်သည်။ သူ၏လမ်းတစ်လျှောက်တွင် သရဲကြီးဘုရင်က သူ့ကိုဆင့်ခေါ်ထားသည်ဖြစ်ရာ ဣန္ဒြေရှိရှိ ပြုမူဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။ နယ်စားသေမင်းအော်သံ ကသာ သူ၏ကောင်းကြောင်းများကိုသာ တင်ပြပါက ဤမြို့တော်ထဲတွင် ကြီးမားသော ရာထူးတစ်ခု ရနိုင်သည် မဟုတ်ပါလော။ ထိုအခါတွင် ပိုင်မျိုးနွယ်စုက သူ့ကိုထိရဲတော့မည်မဟုတ်ပေ။

” ခဏနေပါဦး မဟုတ်သေးဘူး။ အန္တရာယ်များလွန်းပါတယ်။ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ဆီ ရောက်အောင်သွားပြီး မဟာတံတိုင်းဆီရောက်အောင် ပြန်မှရမယ်။ နတ်ဝိညာဥ်တစ်ခု လိုနေသေးတာကတော့ တော်တော်ဆိုးကွာ ”

သူက ထိုသို့တွေးတောနေရင်း နယ်စားသေမင်းအော်သံ နောက်မှ လိုက်လာတော့သည်။

နယ်စားသေမင်းအော်သံ က သူ့ကို အတွင်းမြို့တော်အထိ ဦးဆောင်ကာခေါ်သွားပြီး အသက်ရှူကြိမ်အနည်းငယ်အတွင်းတွင် သူတို့သည် မြို့တော်နှစ်ပိုင်းကို ပိုင်းခြားထားသည့် ကျုံးကြီး၏ ရှေ့သို့ ရောက်သွားတော့သည်။

ကျုံးရေများမှာ မည်းနက်နေပြီး အလွန်အန္တရာယ်များဟန်တူသည်။ ထိုရေများကို မြင်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ နောက်သို့ခြေလှမ်း အနည်းငယ်ပင် ဆုတ်လိုက်သေးသည်။ ထို့နောက် သူက နယ်စားသေမင်းအော်သံကိုလှမ်းကြည့်ကာ မည်သည့်အကြောင်းအရင်းကြောင့် သူတို့ရပ်တန့်သွားရသည်ကို သိချင်နေတော့သည်။

” အာ.. ဆရာကြီးခဗျား။ ကျွန်တော်တို့က ဟိုဘက်အထိသွားရမှာ မဟုတ်ဘူးလား ”
သူက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သရဲကြီးရုပ်ထုကို အဓိပ္ပါယ် ပါပါဖြင့် လှမ်းကြည့်လိုက်သည်။

နယ်စားသေမင်းခေါ်သံ ကမူ ပိုင်ရှောင်ချန်းကို လျစ်လျှူရှုကာ တည်တည်ငြိမ်ငြိမ်ပင် ဆိုလိုက်သည်။
” လီရှူ။ အခုချက်ချင်းထွက်ခဲ့ ”

သူ၏ အသံမှာ အဝေးကြီးသို့ ပဲ့တင်ထပ်မသွားချေ။ သို့သော် ထိုအသံကိုတုံ့ပြန်သည့်အနေဖြင့် ကျုံးထဲရှိရေများမှာ တုန်ရီသွားပြီး လေပွေတစ်ခုပေါ်ပေါက် လာကာ ထိုလေပွေထဲမှ သက်လတ်ပိုင်းလူသုံးယောက် ထွက်ပေါ်လာတော့သည်။

တစ်ခုခု လွဲမှားနေပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းက ရိပ်မိလိုက်သည်။ အဘယ့်ကြောင့် သူ့ကို သရဲကြီးဘုရင်ဆီသို့ မခေါ်ဆောင်သွားရသနည်း။

ထိုပေါ်ထွက်လာသည့် လူသုံးယောက်ထဲတွင် ခေါင်းဆောင်နေရာမှလူမှာ အစိမ်းရောင်ဝတ်ရုံကိုဆင်မြန်းထားပြီး နတ်အဆင့်သို့ တစ်ဝက်တိတိရောက်နေပြီဖြစ်သည်။ အခြားနှစ်ယောက်မှာမူ အနည်းငယ်အင်အားနည်းပုံပေါ်ပြီး ထိုခေါင်းဆောင်၏ ချွေရံသင်းပင်းများသာ ဖြစ်သည်။

ထိုအစိမ်းရောင်ဝတ်ရုံဆင်မြန်းထားသည့် လူမှာ ချက်ချင်းပင် နယ်စားသေမင်းအော်သံ ရှေ့သို့ ရောက်လာပြီး လက်ယှက်ကာ တရိုတသေဦးညွှတ်လိုက်တော့သည်။

” မင်္ဂလာပါ နယ်စားသေမင်းအော်သံ ”

နယ်စားသေမင်းအော်သံ က ကိုယ်ဟန်အမူအရာဖြင့် ပိုင်ရှောင်ချန်းကို ညွှန်ပြကာ ဆိုလိုက်သည် ။
” ဒါပိုင်ဟောင်ပဲ။ သူ့ကို မင်းဆီ လွှဲလိုက်မယ်။ မိစ္ဆာအကျဥ်းထောင်မှာ သူ့ကို အစောင့်အဖြစ် နေရာချထားလိုက် ”

လီရှူနှင့် သူ၏ နောက်လိုက်နှစ်ယောက်မှာ ချက်ချင်းပင် အမိန့်နာခံကြောင်း ဆိုလိုက်သည်။ ထို့နောက် နယ်စားသေမင်းအော်သံ က မည်သည့်စကားတစ်ခွန်းမှ ဆက်မပြောပဲ သရဲကြီးရုပ်ထုဆီသို့ ပျံသန်းသွားတော့သည်။

ဘုရင်က သူ့ကိုပေးအပ်ခဲ့သည့် အမိန့်မှာ ပိုင်ဟောင်ကိုခေါ်ယူခဲ့ပြီး မြို့တော်ထဲတွင် အလုပ်တစ်ခုပေးရန်ဖြစ်သည်။ မည်သည့်ရာထူးပေးရမည်ဟု သရဲကြီးဘုရင်က အတိအကျ မပြောခဲ့ပေ။ ထို့ကြောင့် နယ်စားသေမင်းအော်သံက များများစားစား မတွေးပဲ မြို့တော်၏ နာမည်ကြီးဖြစ်သော မိစ္ဆာအကျဥ်းထောင်ဆီသို့ လွှဲပေးလိုက်ခြင်းဖြစ်သည်။

” မိစ္ဆာအကျဥ်းထောင်ဟုတ်လား။ အစောင့် ဟုတ်လား ”
ပိုင်ရှောင်ချန်းက ထိုစကားများကြားလိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ သရဲကြီးဘုရင် သူ့ကိုဆင့်ခေါ်ခဲ့သည်မှာ အနည်းဆုံးတော့ သက်တော်စောင့်တစ်ယောက်အဖြစ် ခန့်အပ်ရန် ဆင့်ခေါ်ခဲ့ခြင်းဖြစ်မည်ဟု သူကယူဆခဲ့သည်။ ထောင်စောင့်တစ်ယောက်ဖြစ်သွားလိမ့်မည်ဟု သူကလုံးဝ မတွေးထားမိခဲ့ပေ။


Comment

Leave a Reply


Options

not work with dark mode
Reset