ခုန်းရှောင်းသည် အခြားသူများ အသိပြန်မဝင်ခင်မှာပင် ထွက်ခွာသွားသည်။ သူတို့အားလုံးက သူ၏ ဆုတ်ခွာသွားသော ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
ခုန်းရှောင်းက ဤတိုက်ပွဲ၌ ရှုံးနိမ့်သွားသည်မှာ သံသယဖြစ်ရန်ပင် မလို။ သူက ရှုံးနိမ့်သွားရုံသာမက အပြည့်အဝ အနိုင်ယူခံလိုက်ရခြင်း ဖြစ်သည်။ လူအများသည် သူ၏ နောက်ဆုံးစကားမှ အဓိပ္ပါယ်မျိုးစုံ ကောက်ယူနိုင်၏။
သူက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသည့်အခါ တုန်းဟွာမှ မည်သူက သူ့အား ယှဉ်နိုင်ပါမည်နည်း။
ထို ‘အမြင့်’ ဟူသည်မှာ အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်လာခြင်း သို့မဟုတ် အစွမ်းထက် ကျင့်ကြံသူဆရာသခင်တစ်ယောက် ဖြစ်လာခြင်းကို ဆိုလိုသည်လား။
ထို့အပြင် သူ ရည်ညွှန်းသည်မှာ တုန်းဟွာကျောင်းတော်လား တုန်းဟွာနယ်မြေလား။
မည်သူကမှ သေချာမသိပေ။ သို့သော်လည်း အဆင့်မြင့်ရန်ဟောင်ဟု ဆိုလိုလျှင် တုန်းဟွာကျောင်းတော်တွင်း အကောင်းဆုံးဖြစ်လိမ့်မည် ဖြစ်ကာ အစွမ်းထက် ကျင့်ကြံသူဆရာသခင်ဟု ဆိုလိုပါက တုန်းဟွာနယ်မြေတစ်ခုလုံးတွင် လွှမ်းမိုးနိုင်စွမ်းရှိလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နှစ်ခုလုံးက မြင့်မားသော ချီးမြှောက်မှုပင် ဖြစ်၏။
ခုန်းရှောင်းသည် ဤတိုက်ပွဲကြောင့် ရီဖူရှင်းအပေါ်တွင် မြင့်မားသော လေးစားမှု ဖြစ်ပေါ်လာသည်မှာ သိသာလှသည်။ သူသည် တုန်းဟွာကျောင်းတော်တွင်သာမက တုန်းဟွာနယ်မြေ၌ပင် ရီဖူရှင်းနှင့် ယှဉ်နိုင်သူ ရှိလာရန်မှာ ခက်ခဲကြောင်း ယုံကြည်ထားသည်။
လူအုပ်ကြီးသည် သာမန်လူက ရီဖူရှင်းအား ချီးမွမ်းလျှင် သိပ်ပြီး အလေးထားမည် မဟုတ်သော်လည်း ခုန်းရှောင်းက တုန်းဟွာကျောင်းတော်၏ ထိပ်သီးအဆင့် တန်ခိုးရှင်များထဲမှ တစ်ယောက်ဖြစ်ကာ အနာဂတ်တွင် ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မည်မှာ သေချာနေသည့် သူဖြစ်သည်။ သူက အဆင့်ငါးရှိသော ပြီးပြည့်စုံသော နတ်ဝင်ရိုးနှင့် အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်လာနိုင်၏။ လက်ရှိရောက်နေသော သူများက ခုန်းရှောင်းအပေါ် လေးစားမှုရှိကြပြီး ဖြစ်သည်။
ထိုသို့သောသူမျိုးက ရီဖူရှင်းနှင့် တိုက်ခိုက်ပြီးနောက် ဤကဲ့သို့ မှတ်ချက်ပေးခဲ့ရာ လူအများက အလေးအနက် မှတ်ယူကာ ရီဖူရှင်းအား နောက်ထပ် ကြည့်လိုက်ကြသည်။
သူတို့က တိုက်ပွဲအစမှအဆုံးတိုင် စောင့်ကြည့်နေခဲ့ကြသော်လည်း ခုန်းရှောင်းကဲ့သို့ အစမှအဆုံးတိုင် အသေးစိတ် သိရှိခဲ့ကြခြင်း မဟုတ်ပေ။ တိုက်ခိုက်မှုအားလုံးသည် ခုန်းရှောင်းကို ပစ်မှတ်ထားခဲ့ပြီး သူသည်သာလျှင် မဟာလမ်းစဉ် ကန့်သတ်နယ်မြေကို ရင်ဆိုင်ခဲ့ရသောသူ ဖြစ်သည်။ မည်သူကမှ ခုန်းရှောင်းထက်ပို၍ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ နောက်ဆုံးတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော အခက်အခဲက အပြင်လူများ မည်သည့်အခါမှ နားမလည်နိုင်သောအရာဖြစ်သည်။
ခုန်းရှောင်း၏ ခွန်အားကို မည်သူကမှ မငြင်းဆန်နိုင်ပေ။ သူ၏ နောက်ဆုံး တိုက်ခိုက်မှုက ကမ္ဘာမြေကိုပင် အက်ကွဲသွားစေနိုင်သည်။ အစိမ်းရောင်နတ်အလင်းများက မိုင်ပေါင်းထောင်ချီဝေးကွာသည့် ရန်သူများကို ချက်ချင်း တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ၎င်းသည် ဟန့်တားခံလိုက်ရပြီး တိုတောင်းသော အကွာအဝေးအဖြစ် လျှော့ချခံလိုက်ရသည်။ ခုန်းရှောင်းသည် ထိုအချိန်၌ အလွန်များပြားသော စွမ်းအားများကို ရင်ဆိုင်ခဲ့ရသည်။ မဟာလမ်းစဉ် ဒြပ်စင်စွမ်းအားများအပါအဝင် မဟာလမ်းစဉ် သီးခြားနယ်မြေနှင့် အခြားသော တိုက်ခိုက်မှုများလည်း ပါဝင်သည်။
ထိုတိုက်ခိုက်မှုပြီးနောက် ခုန်းရှောင်းသည် ရီဖူရှင်းက မဟာလမ်းစဉ်နတ်ဝင်ရိုး တစ်ခုထက်ပို၍ ပိုင်ဆိုင်ထားသော ပါရမီရှင်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ အရည်အချင်းရှိသော တန်ခိုးရှင်များသည် မဟာလမ်းစဉ် နတ်ဝင်ရိုး အမျိုးအစားများစွာကို ကျင့်ကြံနိုင်သော်လည်း လူတိုင်းက ထိုကဲ့သို့ သန်မာအားကောင်းကြလိမ့်မည် မဟုတ်။ ထို့အပြင် မဟာလမ်းစဉ် နတ်ဝင်ရိုးတိုင်းက မတူညီသောအဆင့်များ ရှိနိုင်သည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် ပို၍ သန်မာသော တစ်ခုကို အာရုံစိုက်ကာ ကျင့်ကြံတတ်ကြသည်။
ရီဖူရှင်းတွင်လည်း ဦးစားပေး ကျင့်ကြံထားသည့် နတ်ဝင်ရိုး ရှိနိုင်သည်။ ရီဖူရှင်း၏ အားအနည်းဆုံး နတ်ဝင်ရိုးသည်ပင် အဆင့်ငါးတွင် ရှိနေပြီး ကောင်းကင်ဝင်ရိုးနတ်ကြေးမုံအား အလင်းလွှာငါးခု ထုတ်လွှတ်လာအောင် လုပ်ဆောင်နိုင်သည်။ သူသည် မကုန်ခမ်းနိုင်သော မှင်တက်အံ့သြဖွယ်ခွန်အားတို့ကို ပို၍ ပြသလာသည်။ ထိုသည်က ခုန်းရှောင်းအား ကြောက်ရွံ့သလို ခံစားလာရစေသည်။ သူ၏ တွေ့ရှိချက်အရ ၎င်းသည် သေချာပေါက် အဆင့်ခြောက်တွင် ရှိနိုင်ပြီး နင်ဟွာထက် အဆင့်နိမ့်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် ရီဖူရှင်းက အဆင့်လေးရန်ဟောင်တစ်ပါးသာ ဖြစ်၏။ သူသည် အနာဂတ်တွင် မည်မျှထိ အစွမ်းထက်လာနိုင်မည်နည်း။
ထိုသည်မှာ ခုန်းရှောင်းက အလုံးစုံလက်ခံယုံကြည်ကာ အရာအားလုံးကို လွှတ်ချ၍ ထွက်ခွာသွားရသည့် အကြောင်းရင်းပင် ဖြစ်၏။ ခုန်းရှောင်းကဲ့သို့သော လူမျိုးကို ဦးညွှတ်လာအောင် လုပ်ရန်မှာ မလွယ်ကူသော အရာဖြစ်သည်။
လူအုပ်ကြီးက ရီဖူရှင်းကို စိုက်ကြည့်ရင်း သူတို့၏ စိတ်ထဲတွင် မတူညီသော အတွေးများ ရှိနေသည်။ သို့သော်လည်း သူတို့အားလုံး နားလည်သဘောပေါက်ခဲ့သည့် အရာတစ်ခုမှာ ရီဖူရှင်း၏ ပါရမီနှင့် မွေးရာပါစွမ်းရည်က အဓိကအင်အားစုများမှ ပါရမီရှင်ကျင့်ကြံသူများထက် သာလွန်နေခြင်းကိုပင် ဖြစ်သည်။ သူက ‘ပျက်စီးခြင်း’၊ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း အရှိဆုံး လူတစ်ယောက်ပင် ဖြစ်သည်။
ခုန်းရှောင်းသည် ရီဖူရှင်းက နင်ဟွာနှင့် တစ်တန်းတည်း ရှိနေသည်ဟုပင် တွေးမိသည်။
သူတို့သည် ယခင်က နာမည်မရှိခဲ့သော ထိုလူက ထိုမျှထိ ထူးချွန်ပြောင်မြောက်လှသူဖြစ်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ဤတန်ခိုးရှင်က ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
လင်းဟယ်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက ရီဖူရှင်းကို ရက်စက်သော အကြည့်တို့နှင့် ကြည့်နေကြသည်။
သူတို့သည် ရီဖူရှင်းအား ဆက်၍ သည်းမခံနိုင်တော့ပေ။
‘သူက သေချင်နေတာပဲ’ ဟု ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ယန်ဟန်ရှင်းက တွေးလိုက်သည်။ သူသည် ရီဖူရှင်းအား လမ်းလျှောက်နေသော လူသေတစ်ယောက်ကဲ့သို့ သဘောထားကာ ကြည့်လိုက်သည်။ သူက ရီဖူရှင်းသာ မည်သည့် အလေးထားလောက်စရာ အရည်အချင်းကိုမှ မပြသခဲ့ဘဲ အရည်အချင်းနည်းပါးသော တန်ခိုးရှင်ဖြစ်နေခဲ့လျှင် သူက ရီဖူရှင်းအား အသက်ရှင်ခွင့်ပေးမိဦးမည် ဖြစ်သည်။
သို့သော် ယခုတွင် ရီဖူရှင်းက အလွန် ထူးချွန်နေပေရာ သေခြင်းတရားနှင့် တွေ့ဆုံရတော့မည် ဖြစ်ပေသည်။
လင်းဟယ်သည်လည်း သူ့ကို အသက်ရှင်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။
ပျက်စီးခြင်းနတ်ဘုရားနန်းတော်တွင် ‘ပျက်စီးခြင်း’ သည်ပင် ယခုအခါ၌ ရီဖူရှင်းအား လေးနက်စွာ ကြည့်နေခဲ့ပြီ ဖြစ်၏။ သူတို့က လောက၏ အထွတ်အထိပ်ရောက်အောင် ချီတက်နေစဉ် ထူးချွန်လှသော မျိုးဆက်သစ် လူငယ်လေးများကလည်း သူတို့နောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။ သူတို့သည် မည်သူက တုန်းဟွာနယ်မြေ၏ အနာဂတ်အား မည်သူက လွှမ်းမိုးနိုင်မည်ကို စောင့်ကြည့်သင့်သည်။
နင်ဟွာ…. သူက မည်သည့်အဆင့်တွင် ရှိနေသနည်း။
ကျန်းယွဲ့လီသည်လည်း အတွေးနက်နေခဲ့သည်။ ကြည့်ရသည်မှာ သူမ၏ မှန်းဆချက်က မှန်ကန်ပုံပင်။ ရီဖူရှင်းက လင်းဟယ်နှင့် တိုက်ခိုက်စဉ်အတွင်း သူ၏ ခွန်အား အပြည့်အဝကို မထုတ်ဖော်ခဲ့ပေ။ သူသည် ယနေ့ ခုန်းရှောင်းနှင့် တိုက်ခိုက်ရာ၌ ယခင်ကထက် သိသာစွာ ပိုအစွမ်းထက်ပေသည်။
သူ၏ ခွန်အားသည် တွေ့ဆုံရသည့် ပြိုင်ဘက်နှင့် လိုက်ကာ သန်မာလာနိုင်သည်။
သို့ဆိုလျှင် သူ၏ အကန့်အသတ်က မည်သည့်နေရာ၌ ရှိသနည်း။
သူမသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လီချန်ရှန်းနှင့် ကျုံးချန်တို့ ရှိနေရာကို ကြည့်လိုက်သည်။ ရီဖူရှင်းက သူတို့နှင့် ပူးပေါင်းထားသည့်အတွက် သူတို့၏ ခွန်အားက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ရှေးဟောင်းတော်ဝင် ယန်မိသားစုသည် ရီဖူရှင်းအား အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ တုန်းဟွာနယ်မြေအတွင်းမှ လူတိုင်းသည် သူတို့နှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ရန်ငြိုးရန်စကို သိရှိကြပေသည်။
“ရန်ဟောင်ရီက ဒီတိုက်ပွဲအတွင်းမှာ နောက်ထပ် မဟာလမ်းစဉ် နတ်ဝင်ရိုးတစ်ခုကို ပြသခဲ့တယ်။ အဲဒါက အရင် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံနဲ့ စမ်းသပ်ဖူးပြီး နတ်အလင်းငါးလွှာ ထွက်ခဲ့တဲ့ နတ်ဝင်ရိုးနှစ်ခုထက် သာလွန်လိမ့်မယ်လို့ ထင်တယ်။ ဘာလို့ မစမ်းကြည့်ရတာလဲ။” လင်းဟယ်က ပြောလိုက်သည်။ သူက ရီဖူရှင်း၏ စွမ်းအားများကို ထုတ်ဖော်ပြသဖို့ရာ အကြိမ်ပေါင်းများစွာ မေးမြန်းရန် ကြိုးစားနေခဲ့သည်။
လင်းဟယ်အား မသိသည့် လူများက လင်းဟယ်သည် ရီဖူရှင်းအား လေးစားအားကျနေသည်ဟု ထင်မှတ်ကြသည်။
ချင်းချင်းက လင်းဟယ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူမက အနည်းငယ် အံ့အားသင့်နေခဲ့သည်။ သူမက ယခင် လိပ်နတ်ဘုရားကျွန်းစုတွင် ရှိစဉ်က လင်းဟယ်သည် ရီဖူရှင်းအား ကောင်းကင်သို့တိုင် ရောက်ရှိအောင် ချီးကျူးမြှောက်ပင့်ရင်း ရီဖူရှင်းကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေရန် ကြိုးစားခဲ့သည်အား မြင်တွေ့ခဲ့ဖူးပြီးဖြစ်ရာ လင်းဟယ်၏ အပြုအမူအပြောအဆိုများကို သူမက မယုံကြည်ပေ။ လင်းဟယ်သည် လင်းရှောင်နန်းတော်၏ သခင်လေးဖြစ်ကာ သာမန်ထက် မြင့်မားသာ အဆင့်အတန်းရှိသည်။ သူက ထိုကဲ့သို့ လုပ်ဆောင်နေရန် မလိုပေ။
သို့ဆိုလျှင် သူက မည်သို့ဖြစ်၍ ထိုကဲ့သို့ ပြုမူနေပါသနည်း။
ရိုးရှင်းစွာပင် သူက ရီဖူရှင်းအား မုန်းတီးသည့်အတွက်ကြောင့် ရီဖူရှင်းကို အလွန်အကျူး မြှောက်ပင့်ပြောဆိုနေခြင်းမှ ရှေးဟောင်းတော်ဝင် ယန်မိသားစုက ရီဖူရှင်းကို ရင်ဆိုင်ရန် လှုံ့ဆော်ပေးနေသည်လား။
ရီဖူရှင်းက အဝေးမှနေ၍ လင်းဟယ်အား ရွံ့ရှာမုန်းတီးစွာ ကြည့်လိုက်သည်။ ထို့နောက် သူက တုန်းဟွာကျောင်းတော်၏ တန်ခိုးရှင်များဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “တုန်းဟွာကျောင်းတော်က တကယ့်ကို ကျင့်ကြံရေးအတွက် အကောင်းဆုံးနေရာ ပီသပါတယ်။ ကျုပ်က မတော်တဆ အနိုင်ရသွားခဲ့ရုံပါ။ အစ်ကိုခုန်းက တကယ့်ကို ထူးချွန်တဲ့သူတစ်ယောက်ပဲ။ သူ့ရဲ့ အပြာရောင်အလင်းက ကောင်းကင်ကိုတောင် ဖြိုခွဲနိုင်တယ်။ ကျုပ်သာ အကောင်းဆုံး မကြိုးစားခဲ့ရင် ရှုံးသွားလိမ့်မယ်။ ဒီတိုက်ပွဲကနေ အများကြီး သင်ယူခဲ့ရပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။”
ရီဖူရှင်းက တိုက်ပွဲ၌ အနိုင်ရခဲ့လျှင်ပင် သူ၏ နှိမ့်ချသော စကားများက တုန်းဟွာကျောင်းတော်၏ ဂုဏ်သိက္ခာကို အဖက်ဆယ်ပေးခြင်း ဖြစ်သည်။ ထို့အပြင် ခုန်းရှောင်းသည်လည်း အမှန်တကယ် လေးစားဖွယ်ရာ တိုက်ခိုက်သူတစ်ဦး ဖြစ်ပြီး သူ့အား အနိုင်ယူရန် မလွယ်ကူခဲ့ပေ။ အခြားလူများသာဖြစ်လျှင် ဥဒေါင်းနတ်မျက်လုံးများအောက်၌ ရှုံးနိမ့်သွားခဲ့မည် ဖြစ်သည်။ အပြာရောင် နတ်အလင်းတွင် ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေပြီး ရီဖူရှင်းကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ပေသည်။ ရီဖူရှင်းသည် ခုန်းရှောင်း၏ တိုက်ခိုက်မှုအား တားဆီးရန် အင်အားအတော်လေး စိုက်ထုတ်ခဲ့ရပြီး ထို့နောက်မှသာ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
“ရန်ဟောင်ရီ၊ ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ ခုန်းရှောင်းက ခင်ဗျားထက် ကျင့်ကြံခြင်းအဆင့်မှာ အရေးသာတယ်လေ။ တုန်းဟွာကျောင်းတော်မှာ ခင်ဗျားနဲ့ ကျင့်ကြံဆင့်တူတဲ့ လူတွေထဲ ယဉ်နိုင်တဲ့သူ ရှိမှာမဟုတ်ပါဘူးဗျာ။” လျှိုချင်ကျူးက အပြုံးနှင့် ပြောလိုက်သည်။ ခုန်းရှောင်းက ရှုံးနိမ့်သွားခဲ့ပြီဖြစ်ရာ တုန်းဟွာကျောင်းတော်မှ ဆက်လက်၍ လမ်းစဉ်ရှာဖွေရန် ရည်ရွယ်ချက် မရှိတော့ပေ။
သူတို့က အဆင့်ခြောက်နှင့်အထက် ရန်ဟောင်ကို စေလွှတ်ရန်မှာ မသင့်တော်ချေ။
ရီဖူရှင်းက အနည်းငယ် ဦးညွှတ်လိုက်ကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများရှိရာ တောင်ထွတ်သို့ ပြန်လာခဲ့သည်။
“ဒီတစ်ကြိမ် တုန်းဟွာကျောင်းတော်ကို လာလည်တာ အတွေ့အကြုံတွေ အများကြီး ရလိုက်ပါတယ်။ ကျုပ်တို့ကို ဧည့်ခံပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်။” လီချန်ရှန်းက တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများရှိရာဘက်သို့ အရိုအသေပေးကာ ပြောလိုက်သည်။ “ကျုပ်တို့ ဒီထက်ပိုပြီး မနှောက်ယှက်တော့ပါဘူး။ နှုတ်ဆက်ပါတယ်။”
အဆုံးမှာတော့ ဤနေရာသည် တုန်းဟွာကျောင်းတော်၏ ပိုင်နက်နယ်မြေသာ ဖြစ်၏။ သည်နေရာက ကျင့်ကြံခြင်းအတွက် လျှို့ဝှက်နယ်မြေ ဖြစ်လျှင်ပင် လီချန်ရှန်းနှင့် သူ့လူများက ကျန်နေရစ်ရန် မဖြစ်နိုင်ပေ။ ရီဖူရှင်းက လမ်းစဉ်ဖွေရှာတောင်ထွတ်တွင် သူ၏ စွမ်းရည်များကို ထုတ်ဖော်ပြသရန် ဖိအားပေးခံခဲ့ရသည်။ ထို့ကြောင့် သူတို့က အနှေးနှင့်အမြန် ထွက်ခွာသွားသင့်ပေသည်။
“ကောင်းပါပြီ။” လျှိုချင်ကျူးက ကန့်ကွက်ခြင်းမရှိပေ။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ “တုန်းဟွာကောင်းကင်မှာ ကောင်းမွန်တဲ့ ခရီးစဉ်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ချင်းဟန် သူတို့ကို လိုက်ပို့ပေးလိုက်ပါဦး။”
“ဟုတ်ကဲ့။” လိန်ချင်းဟန်က ခေါင်းညိတ်ကာ ရီဖူရှင်းနှင့် အခြားလူများကို လမ်းပြခေါ်သွားသည်။ သူမသည် သူတို့အား ကျောင်းသို့ ခေါ်ဆောင်လာခဲ့သူ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မြင်တွေ့ပြီးနောက် သူမသည် အလွန်ပင် ထိတ်လန့်ကာ တုန်လှုပ်သွားသည်။
သူမသည် ရီဖူရှင်းက ခုန်းရှောင်းကိုပင် ရှုံးနိမ့်စေနိုင်သည်အထိ အစွမ်းထက်လိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ ကြည့်ရသည်မှာ လိန်ယန်၏ စကားများက မှန်ကန်ပုံရသည်။ သူမက ရီဖူရှင်းအား လျှော့တွက်မိလေသည်။
အခြားသော ရှေးဟောင်းတောင်ထွတ်တစ်ခုမှ မြူနှင်းဝေနတ်နန်းတော်၏ တန်ခိုးရှင်များကလည်း နှုတ်ဆက်စကားဆိုလိုက်ကြသည်။ လူအုပ်ကြီးက လူစုခွဲသွားကြပြီးနောက် လူအများက တုန်းဟွာနယ်မြေမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။
သူတို့ လမ်းလျှောက်နေစဉ် ရီဖူရှင်းသည် အနောက်မှ အသံတစ်ခုကို ကြားလိုက်ရ၏။ “ရန်ဟောင်ရီ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး။”
ရီဖူရှင်းက လှည့်ကြည့်လိုက်လျှင် ကျန်းယွဲ့လီအား မြင်တွေ့လိုက်ရသည်။ သူက ပြောလိုက်၏။ “ဘာများကူညီပေးရမလဲ။”
“ဘာမှတော့ မဟုတ်ပါဘူး။ ရှင့်ရဲ့ လနတ်ဝင်ရိုးမှာ ဘယ်လို မဟာလမ်းစဉ် စွမ်းအားမျိုး ပါဝင်နေလဲဆိုတာ သိချင်တာနဲ့ မေးကြည့်မလို့ပါ။” ကျန်းယွဲ့လီက ပြောလိုက်သည်။ သူမသည် ရီဖူရှင်း၏ အဆင့်နှင့် တူညီသော်လည်း ရီဖူရှင်း၌ အဆင့်မြင့်သော လမ်းစဉ် ရှိသည်ဟု အာရုံခံနိုင်ပေသည်။ သူမက ၎င်းအား မည်သည့်အခါကမှ မတွေ့ကြုံဖူးလျှင်ပင် ဝေဝေဝါးဝါး ခန့်မှန်းမိပေသည်။
“ယင်စွမ်းအားပါ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူသည် လူအများကလည်း သတိပြုမိလိမ့်မည်ဟု ယူဆမိသည်။
“ကျေးဇူးတင်ပါတယ်။” ကျန်းယွဲ့လီက ခေါင်းညိတ်လိုက်၏။ ၎င်းက သူမ မျှော်လင့်ထားသလိုပင် ဖြစ်သည်။
“ရပါတယ်။” ရီဖူရှင်းက ပြောလိုက်သည်။
“ရန်ဟောင်ရီ ရှင်က ယင်စွမ်းအားမှာ ကျွမ်းကျင်ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ဆေးပညာသင်ခဲ့တယ်။ ပြီးတော့ ဆေးအင်ပါယာရဲ့ ညွှန်ကြားချက်ကိုလည်း ရရှိထားသေးတယ်။ ရှင့်ရဲ့ ကြိုးစားအားထုတ်မှုကိုပါ ပေါင်းလိုက်ရင် ရှင့်အနာဂတ်က အကန့်အသတ်မဲ့ပဲ။ တုန်းဟွာနယ်မြေမှာ နောက်ထပ် ကျင့်ကြံသူဆရာသခင်တစ်ယောက် ပေါ်လာတော့မယ် ထင်တယ်။” ကျန်းယွဲ့လီက ပြောလိုက်သည်။
တုန်းဟွာနယ်မြေလားဟု ရီဖူရှင်းက တွေးလိုက်သည်။ သူသည် အရင်ဆုံး တုန်းဟွာနယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ရန် လိုအပ်ပေသည်။ ထို့နောက်တွင်မှ သူ့ကို တုန်းဟွာနယ်မြေ၏ ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်နိုင်ပေလိမ့်မည်။
ထို့နောက် သူတို့က ထွက်ခွာသွားခဲ့သည်။ ရီဖူရှင်းနှင့် အခြားသူများက လိန်မိသားစုသို့ ပြန်ရောက်လာစဉ်တွင် ပိုမိုများပြားသော တန်ခိုးရှင်များကလည်း တုန်းဟွာကောင်းကင်သို့ ရောက်ရှိလာကြပေသည်။
တုန်းဟွာကျောင်းတော်မှ အဖြစ်အပျက်များက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း၏ ပါးစပ်ဖျားတွင် ‘ရီလျှို့နျန်’ ဟူသော အမည် ရောက်ရှိနေခဲ့တော့သည်။
***