Switch Mode

အခန်း ( ၆၁၉ )

ကောင်းကင်ဘုရင်ဆီမှ အမိန့်

ပိုင်ရှောင်ချန်း၏ သက်ရှိဝိညာဥ်ကြီး လက်သည်းများတွင် တွေးကြည့်၍ပင် မရနိုင်သော သေစေနိုင်သည့် စွမ်းအင်များဖြင့် ပြည့်ဝနေသည်။ ဖျက်စီးခြင်းစွမ်းအားအပြည့်ဖြင့် တောင်များသဖွယ် ကောက်ကွေးနေသော လက်သည်းကြီးများသည် ဧရာမလေပွေကြီးထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

၎င်းတို့နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသောအခါ နားကွဲလုမတတ် ပေါက်ကွဲသံကြီး နေရာတစ်ဝှမ်း ပြည့်နှက်သွား၏။ ကောင်းကင်သည် မည်းမှောင်သွားပြီး လေပြင်းမုန်တိုင်းကြီးတစ်ခုတိုက်ခတ်လာကာ တုန်ခါလှိုင်းတစ်ခုက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

သို့သော် လေပွေကြီးကို နတ်တစ်ပါး၏ စွမ်းအားများက အထောက်အပံ့ပြုပေးထားပြီး ပိုင်ရှောင်ချန်း၏ ရွှယ်ကျဲကော်တုသည် စွမ်းအားကြီးသော်ငြား သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို စဥ်းစားလိုက်ပါက ထိုစွမ်းအားသည် အကန့်အသတ်ရှိ၏။ ဦးစွာဝင်တိုက်ပြီး အချိန်အနည်းငယ်ကြာသော် လက်သည်းများ ပျောက်ကွယ်သွားပြီး ရွှယ်ကျဲကော်တု ပျောက်ကွယ်သွားလေသည်။

ကျန်ရှိခဲ့သော အရာမှာ ပဲ့တင်ထပ်နေသော ဆိုးဝါးလှသည့် သားရဲ အော်ဟစ်သံကြီးတစ်သံပင်ဖြစ်သည်။ သို့သော် တိုက်ကွက်သည် လုံးလုံး သက်ရောက်မှုမရှိသည်တော့ မဟုတ်ပေ။ လေပွေကြီးထံမှ အက်ကွဲသံများမြည်လာပြီး ဧရာမအက်ကွဲကြောင်းကြီး ငါးခု ၄င်း၏အတွင်းဘက်တွင် ထွက်ပေါ်လာသည်။ ထိုအက်ကြောင်းများသည် ကျယ်သထက်ကျယ်လာပြီး ဆွဲငင်အားကို ပရမ်းပတာဖြစ်သွားစေတော့သည်။ လေပွေကြီးသည် ပျက်စီးတော့မတတ် ယိမ်းယိုင် တုန်ရီသွားတော့သည်။

ပိုင်ရှောင်ချန်း၏ မျက်နှာမှာ ဖြူဆုတ်နေပြီး သွေးတစ်ပွက်အန်လိုက်ရလေသည်။ သူ၏ ကိုယ်ပွားများသည်လည်း သူ့နည်းတူဖြစ်သွားကြပြီး သူ၏ ကိုယ်အစစ်ထဲ အလျင်အမြန် ပြန်ဝင်သွားကြသည်။ ထို့နောက် ပိုင်ရှောင်ချန်းက နတ်အဆင့်ခေါင်းဆောင်ကြီးကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး သူ၏ သလင်းကျောက် ဝိညာဥ်သို လှောင်စေတီကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။

သူ၏ မျက်လုံးများသည် ဒေါသမီးများဖြင့် တောက်လောင်နေသည်။ သူ၏အငွေ့အသက်က မတည်မငြိမ်ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်မှာမူ တဆတ်ဆတ်တုန်ယင်နေတော့သည်။ သို့သော် မည်သို့လုပ်ရမည်ကို ထိုင်၍စဥ်းစားရန် သူ့မှာ အချိန်မရှိပေ။ သူက ဝိညာဥ်သိုလှောင်စေတီထဲသို့ နတ်ဘုရားအာရုံများ အလျင်အမြန်စေလွှတ်လိုက်သည်။ တစ်ချက်ကလေး တွေးလိုက်ရုံဖြင့် အထဲရှိ ပိတ်လှောင်တံဆိပ်ကို ချိုးဖောက်၍ နတ်ဘုရားတစ်ပိုင်းအဆင့်၏ ချေမှုန်းခြင်းစွမ်းအားကို ထုတ်နိုင်မည်ဖြစ်သည်။

” သိပ်တရားလွန်မလာနဲ့ အဘိုးကြီး ”
သူက ဒေါသထွက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ဝိညာဥ်ကို ဖောက်ခွဲခြင်းသည် နတ်အဆင့်ခေါင်းဆောင်ကြီးကို သတ်နိုင်၊မသတ်နိုင် လုံးလုံး မသေချာသော်လည်း အကယ်၍ သတ်နိုင်ခဲ့လျှင် သူလိုအပ်သော နောက်ဆုံး နတ်ဝိညာဥ်ကို လက်ဝယ်ရယူနိုင်မည်ဖြစ်သည်။

ထိုအတွေးက သူ့ခေါင်းထဲဝင်သဖြင့် သူက ခေါင်းယမ်းလိုက်ကာ ထုတ်ပစ်လိုက်သည်။ သူသည် သေဆုံးသွားခဲ့ပြီးသော နတ်ဝိညာဥ်ကို မည်သို့ သင့်တင်လျောက်ပတ်စွာ သိမ်းယူရမည်ကို မသိသေးပေ။ ဖြစ်နိုင်သည်က နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးများသာ ထိုသို့သော အရာတစ်ခုကို အမှန်တကယ် ပြုလုပ်နိုင်ပုံရလေသည်။

ထို့အပြင် သူသည် ပိုင်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးကို သတ်နိုင်မည့်ပုံမပေါ်ပေ။ သို့သော်လည်း သူအမြန်ပြန်လည်မသက်သာနိုင်လောက်သည်အထိတော့ အပြင်းအထန် ဒဏ်ရာရသွားစေနိုင်သည်။ သို့ဖြစ်လျှင် သရဲကြီးမြို့တော်နယ်နိမိတ်မှ ထွက်ရန် အချိန်ရမည်ဖြစ်သည်။

နတ်အဆင့်ခေါင်းဆောင်ကြီးသည် ပိုင်ရှောင်ချန်းကိုင်ဆောင်ထားသည့် ဝိညာဥ်သိုလှောင်စေတီကို ကြည့်ပြီး အန္တရာယ်အငွေ့အသက်ကို အာရုံမရလိုက်သဖြင့် မျက်လုံးများကျဥ်းမြောင်းသွားလေသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို ပြန်ကြည့်လိုက်၏။ သူ့မျက်လုံးများမှာ ထူးဆန်းသော အလင်းများဖြင့် တောက်ပနေလေသည်။

” မင်းကို တကယ် လျှော့တွက်ခဲ့မိတာပဲ ကောင်လေးရေ။ ကဲပါ ရပါတယ်။ သိပ်တော်တာပဲကွာ။ မင်းဒီအဆင့်ထိ ဘယ်လိုရောက်လာလဲ ငါသေချာမသိပေမယ့် မင်းသွေးသားထဲကနေပြီး ပိုင်မျိုးနွယ်စုက တကယ်ဟုတ်တယ်ဆိုတာ ငါအာရုံရလိုက်တယ်။ တကယ့်ကို လက်ဖျားခါလောက်ပါပေတယ်။”
သူက ခပ်ယဲ့ယဲ့ ပြုံးရင်း သူ၏ ခြေဖဝါးကို ထပ်မံကြွလိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်လေသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဝိညာဥ်သိုလှောင်စေတီ၏ ပိတ်လှောင်တံဆိပ်ကိုဖျက်စီးရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်မှာပင် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသဖြင့် အရာအားလုံး တသိမ့်သိမ့်တုန်ခါသွားသည်။ တချိန်တည်းမှာပင် လူတစ်ယောက်သည် အမြင့်ဆုံးအရှိန်ဖြင့် ချဥ်းကပ်လာနေသည့်အလား တရွှီရွှီအသံများကြားလိုက်ရ၏။

” ခဏနေပါဦး အစ်ကိုကြီးပိုင်။ ကျုပ် ဒီကို သရဲကြီးဘုရင်ဆီက အမိန့်ကြောင့် လာတာပါ။ သူက ပိုင်ဟောက်ကို ဆင့်ခေါ်ဖို့ အမိန့်ပေးလိုက်လို့ပါ ”

ပိုင်မျိုးနွယ်စုခေါင်းဆောင်း မျက်နှာပျက်သွားပြီး သူ၏ မျက်လုံးများသည် ဆုံးဖြတ်ရခက်မှုများဖြင့် ဝင်းလက်သွား၏။ ထို့နောက် သူကခြေကို နင်းချလိုက်ကာ ပိုင်ရှောင်ချန်းရှေ့တည့်တည့်သို့ သွားလိုက်ပြီး သူ့ကို ဖမ်းဆွဲလိုက်သည်။

သို့သော် ပိုင်ရှောင်ချန်းက အဆင်သင့်ပြင်ထားပြီးလေပြီ။ ခေါင်းဆောင်ကြီး၏ ခြေထောက် လှုပ်လိုက်သည်ကို မြင်သည်နှင့် သူက နောက်ဆုတ်လိုက်လေသည်။ သို့သော် သူ့ကိုယ်သူကာကွယ်ရန် ဝိညာဥ်သိုလှောင်စေတီကို သုံးမည့်အစား သူ၏ ကိုယ်ပွားလေးယောက်ကို ဆင့်ခေါ်လိုက်သည်။

ဝုန်းခနဲ မြည်ဟည်းသွားပြီး သူ၏ ကိုယ်ပွားလေးယောက်လုံး သွေးများ အန်လိုက်ကြကာ သူ့ကိုယ်ထဲ ပြန်ဝင်သွားကြသည်။ သို့သော် သူတို့သည် သူ၏ ထာဝရပြုစားခြင်းသိုင်းကို နောက်တစ်ဖန်သုံးရန် အချိန်ဆွဲပေးလိုက်နိုင်လေသည်။

နတ်အဆင့်ခေါင်းဆောင်ကြီး၏ လက်က သူ့ထံ ရောက်လာခါနီးဆဲဆဲမှာပင် သူက ပျောက်ကွယ်သွား၏။ နတ်အဆင့်ခေါင်းဆောင်ကြီး၏ မျက်လုံးများတွင် အေးစက်သော အလင်းများ လက်သွားပြီး သူက မတူညီသော ဘက်သို့ လှည့်ကြည့်လိုက်သည်။

” ထွက်လာစမ်း”

သူ၏ စကားလုံးများကို ကောင်းကင်ဘုံ၏ အလိုဆန္ဒက လိုလျောပေးနေသည့်အလား ချေဖျက်ခြင်းစွမ်းအားတစ်ခုက ပိုင်ရှောင်ချန်းကို ရုပ်ပေါ်သွားစေပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာတော့သည်။ သူ၏ ဆံပင်များသည် လုံးဝ ရှုပ်ပွနေပြီး အက်ကွဲသံများပေါ်ထွက်လာကာ သူ့ပတ်ပတ်လည်ရှိ လေထုကြီး တုန်ခါလာသည်။ ကောင်းကင်နှင့် မြေကြီးက သူ့အသက်ကိုနှုတ်ယူတော့မည့်ဟန်ရှိနေသော်လည်း သူ၏ မျက်လုံးများသည် မမြင်နိုင်သော အလင်းများဖြင့် လင်းလက်နေသည်။

ထိုသည်မှာ သူပေါ်လာသည့်အခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းတစ်ခုက လေကို ခွင်း၍ သူ့ထံဝင်လာသောကြောင့်ဖြစ်သည်။ နတ်အဆင့်ခေါင်းဆောင်ကြီးက ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်ကို ထိန်းချုပ်နေသည့်အချိန်တွင် ဝှီခနဲအသံတစ်ခုကြားလိုက်ရကာ ကျောက်စိမ်းဆွဲပြားတစ်ခုသည် ပိုင်ရှောင်ချန်း ရှေ့တည့်တည့်ပေါ်လာ၏။

ကျောက်စိမ်းဆွဲပြားသည် ရွှေရောင်အလင်းများ ထုတ်လွှတ်နေပြီး မိုးပေါ်ကို ဟိန်းဟောက်နေသော ချိုနှစ်ဖက်နှင့် ဘီလူးသရဲကြီးတစ်ကောင်၏ ပုံရိပ်ဖြင့် ထွင်းထုထားလေသည်။ ကျောက်စိမ်းဆွဲပြားပေါ်လာသည်နှင့်တစ်ပြိုင်နက် ပိုင်ရှောင်ချန်းပတ်ပတ်လည်ရှိ အက်ကွဲကြေမွသံများ တည်ငြိမ်သွား၏။

လေထဲတွင် လှိုင်းဂယက်များထလာပြီး အဘိုးအိုတစ်ယောက်ပေါ်လာကာ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ မျက်နှာမှာ တင်းမာခက်ထန်သွားတော့သည်။

ထိုအဘိုးအိုက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာသည် အမူအရာကင်းမဲ့နေသည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များသည် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးထက် အားမနည်းပေ။ သူသည် လုံးဝရက်စက်ကြမ်းကြုတ်ဟန်တူပြီး သူ့ဘေးပတ်လည်ရှိ လေထုကို ပုံပျက်ရှုံ့တွသွားစေသည်။

နတ်ဘုရားစိတ်ဆန္ဒစီးကြောင်းနှစ်ကြောင်းက ပဋိပက္ခဖြစ်တော့မည်နီးပါးဖြစ်နေရာ မိုးခြိမ်းသံများ ပဲ့တင်ထပ်လာပြီး လျှပ်စီးများ တလက်လက်ထလာတော့သည်။ မြေကြီးသည်ပင် ငလျင်လှုပ်လာလေသည်။

ပိုင်ရှောင်ချန်းက ကျောက်စိမ်းဆွဲပြားကို ကြည့်ပြီးနောက် အဘိုးအိုကို ကြည့်ကာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ပိုင်မျိုးနွယ်စုမှ သူ ထွက်ပြေးလာခဲ့စဥ်က ထိုပတ်ဝန်းကျင်ရှိ အခြားသော မျိုးနွယ်စုများ သို့မဟုတ် အခြားအစုအဖွဲ့များက ထိုအခြေအနေကို အခွင့်ကောင်းယူရန် ကြိုးစားပြီး သူ့ကို ကူညီပါစေဟု ဆုတောင်းခဲ့သည်။

အချိန်အနည်းငယ်ကြာလာသော် ထိုသို့ ဖြစ်မလာနိုင်လောက်ဟု သံသယဖြစ်ခဲ့သည်။ သို့သော် ယခုတွင် ဤအနက်ရောင် ဝတ်ရုံနှင့် အဘိုးကြီးရောက်လာပြီဖြစ်လေရာ သရဲကြီးဘုရင်က စိတ်ဝင်တစားရှိကြောင်း သိသာနေသည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် ထိုးအောင့်လာတော့သည်။ သူက နတ်ဘုရားတစ်ပိုင်းဝိညာဥ်ကို အချိန်မရွေး ဖောက်ခွဲပစ်ရန် အဆင်သင့်ပြင်ရင်း ဝိညာဥ်သိုလှောင်စေတီကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက အနက်ရောင်ဝတ်ရုံနှင့်လူကို တင်းမာခက်ထန်စွာစိုက်ကြည့်ပြီးနောက် ရေခဲတမျှအေးစက်လှသော အသံဖြင့် ပြော၏။
” ဒါက ပိုင်မျိုးနွယ်စုရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ သေမင်းအော်သံ။ ဒါက ဘာအဓိပ္ပါယ်လဲကွ”

” ကောင်းကင်ဘုရင်တွေရဲ့ လက်အောက်ခံတွေအတွက် ကိုယ်ရေးကိုယ်တာကိစ္စဆိုတာမရှိဘူး ”
နယ်စားသေမင်းအော်သံက ပြန်ပြော၏။ သူ့မျက်လုံးများမှာ အေးစက်သောအလင်းများဖြင့် တောက်ပနေပြီး သူက ရှေ့တစ်လှမ်းတိုးလိုက်ရာ သူ့ဘေးပတ်လည်တွင် စွမ်းအားကြီးသော လေပွေတစ်ခုပေါ်ထွက်လာတော့သည်။
” ကောင်းကင်အရှင်မင်းမြတ်ရဲ့ အမိန့်ကို ဖီဆန်မလို့လား ပိုင်ဇီရှန် ”

နတ်အဆင့်ခေါင်းဆောင်ကြီးက နယ်စားသေမင်းအော်သံကို တင်းမာစွာကြည့်ပြီးနောက် သူ၏ လက်ကိုဝှေ့ယမ်းလိုက်ရာ သတိလစ်နေသော မျိုးနွယ်စုခေါင်းဆောင်ပျောက်သွားပြီးနောက် သူ့ဘေးတွင် ပြန်ပေါ်လာ၏။

” အရှင်မင်းမြတ်က ဒီသစ္စာဖောက်ကို ဆင့်ခေါ်တယ်ဆိုတော့ ကျုပ် မနှောင့်ယှက်တော့ပါဘူး”
ကြိတ်မှတ်ကာအံကြိတ်ရင်း မျိုးနွယ်စုခေါင်းဆောင်ကြီးသည် လက်ယှက်ပြီး ကျောက်စိမ်းဆွဲပြားကို ဦးညွှတ်အရိုအသေပေးပြီးနောက် အနက်ရောင်ဝတ်ရုံနှင့်လူကို ပြန်ကြည့်လိုက်သည်။
” ဒါပေမဲ့ ဒီကိစ္စအသေးစိတ်ကို အရှင်မင်းမြတ်ဆီ လျှောက်တင်ဖို့ ကျုပ် သွားရောက်ဖူးမြော်ရမယ်”

နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်အကြား စကားအပြန်အလှန်ပြောနေသည့် အတောအတွင်း ခေါင်းဆောင်ကြီးသည် ပိုင်ရှောင်ချန်းကို တစ်ချက်ကလေးပင် ငဲ့မကြည့်ပေ။ နောက်ဆုံးတွင် သူက လှည့်၍ ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိအရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ မိုးကြိုးများ ပျောက်ကွယ်၍ လျှပ်စီးများမရှိတော့သဖြင့် နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရပြီးသက်ပြင်းချလိုက်တော့သည်။ ဝိညာဥ်သိုလှောင်စေတီအား ဆုပ်ကိုင်ထားသည်ကို ဖြေလျော့လိုက်ပြီး နယ်စားသေမင်းအော်သံကို လှမ်းကြည့်လိုက်သည်။

နယ်စားသေမင်းအော်သံသည် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးထွက်ခွာသွားသည့်ဘက်ကို ကြည့်လိုက်ပြီးနောက် သူ၏ လျှပ်စီးသဖွယ်အကြည့်သည် ပိုင်ရှောင်ချန်းအပေါ် ကျရောက်လာ၏။

သူသည် ပိန်ပိန်ပါးပါးနှင့် ငါးဖောင်ရိုးသဖွယ်ဖြစ်ကာ သိမ်းငှက်နှုတ်သီးကဲ့သို့ နှာခေါင်းဖြင့် အလွန်တရာရက်စက်ကြမ်းကြုတ်မည့်ပုံပေါ်လေသည်။ ထိုမျှသာမက သူ၏ အကြည့်သည် အလွန်စူးရှလှသဖြင့် ပိုင်ရှောင်ချန်း၏ စိတ်နှလုံးအတွင်းထဲထိ ထိုးဖောက်မြင်နိုင်သည့်အလား။

” ငါနဲ့လိုက်ခဲ့။ အခုစပြီး မင်းအသက်က ငါ့လက်ထဲမှာ။ ပြီးတော့ မင်း အရှင်မင်းမြတ်အတွက် အလုပ်အကျွေးပြုရမယ် ”
ထိုလူသည် နတ်ဝိညာဥ်နှင့် ပတ်သက်၍ တစ်ခွန်းမဟပေ။ ကြည့်ရသရွေ့ သူသည် ပိုင်မျိုးနွယ်စု၏ ကိစ္စရေးရာများတွင် ဝင်ပါလိုသည့်ပုံမပေါ်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset