ရော့ခ်တေးဂီတက ဘားအနှံ့ ပဲ့တင်ထပ်လျက်ရှိသည်။ ထောင့်တစ်နေရာမှာထိုင်ရင်း ယဲ့ဖန်နှင့် ဖေးချမ်တို့ ဘီယာသောက်နေကြသည်။
“ဖက်တီး မင်း သေချာရဲ့လား”
ဘီယာတစ်ခွက်သောက်ပြီးနောက် ယဲ့ဖန် ဖက်တီးဆီမှ စီးကရက်တောင်းယူ၍ မီးညှိလိုက်သည်။ ထို့နောက် မီးခိုးငွေ့ကို ရှိုက်ထုတ်လိုက်သည်။
ယဲ့ဖန် ဘာပြောချင်တာလဲဆိုတာကို ဖေးချမ် သေချာပေါက် နားလည်သည်။ သူက ခါးသီးစွာ ပြုံးလိုက်ရင်း
“ဖန်… အမှန်အတိုင်းပြောရရင် ငါ ယွမ်လီကို အတော်လေး သဘောကျတယ်၊ ဒါပေမယ့် ငါက သမာသမတ်ကျတဲ့လူကွ”
ဖေးချမ်၏ ဖောင်းကားနေသောမျက်နှာက ပြတ်သားသည့်အသွင်ကို ဖော်ပြနေသည်။
“မင်းက ငါ့ရဲ့အစ်ကိုပဲ… တကယ်လို့ ယွမ်လီက မင်းကို အထင်သေးရင် ငါ့ကိုပါ အနှေးနဲ့အမြန် အထင်သေးလာမှာပဲ… ရေရှည်ကို မကြည့်တတ်တဲ့မိန်းမကို စွန့်ပစ်လိုက်တာကပဲ ပိုကောင်းတယ်”
သူ့စကားကို ကြားပြီး ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ အချစ်သည် အရေးပါသောအရာတစ်ခု ဖြစ်သည်။ သူ့ရဲ့ချစ်သူက ရေရှည်ကို မကြည့်တတ်လျင် ဖေးချမ်၏ဆုံးဖြတ်ချက်တွေကို သူမက လွှမ်းမိုးလာလိမ့်မည်၊ ယွမ်လီနှင့် သံယောဇဉ်ဖြတ်လိုက်တာက ဖေးချမ်အတွက် ပို၍ပင် ကောင်းသေးသည်။
“ဖန် အဲ့ဒါတွေ ခေါက်ထားလိုက်စမ်းပါ…လာ ငါ မင်းကို အစ်မကြီးရဲ့အရက် (အရက်နာမည်ကိုက အဲ့လိုဖြစ်နေတာပါ) ဝယ်တိုက်မယ်”
ဖက်တီးက ချက်ချင်း မတ်တပ်ထရပ်ကာ ယဲ့ဖန်ကို ကောင်တာဆီသို့ ဆွဲခေါ်သွားသည်။
**အစ်မကြီးရဲ့အရက်**
ယဲ့ဖန် ကြောင်သွားသည်၊ ဇဝေဇဝါဖြစ်နေသောမျက်နှာနှင့် ယဲ့ဖန် ကောင်တာဆီသို့ ဖေးချမ်နှင့်အတူ ပါသွားသည်။
ကောင်တာသည် ရှည်လျားသည်။ ကောင်တာ၏ အနောက် ထောင့်တစ်နေရာတွင် အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမကို ကြည့်ရတာ သာမန်လူဟုတ်ပုံမရပေ။
သူမသည် နှင်းဆီကဲ့သို့ ဖြားယောင်းသွေးဆောင်သည့်ဟန် ရှိသည်။ ဆံပင်အရှည်နှင့် အနီရောင်စကပ်ကို ဝတ်ဆင်ထားသောသူမက အရပ်ရှည်ကာ သွယ်လျလှပသည်။
သူမ၏မျက်နှာက အတော်လေး မြှူဆွယ်နိုင်စွမ်းရှိသည်။ နီယွန်မီးရောင်များအောက်တွင် သူမသည် ထူးဆန်း၍ သန်းခေါင်ယံညတွင် ဆွဲဆောင်ဖမ်းစားနိုင်သော ဝိညာဉ်အလားပင်။
အမျိုးသမီးတွေ သောက်သော စီးကရက်အား လက်နှစ်ချောင်းဖြင့် ညှပ်ကိုင်ကာ ဆေးလိပ်ငွေ့ကို ရှိုက်ထုတ်လိုက်သည့်အသွင်က သူမအား ပို၍ဆွဲဆောင်မှု ရှိစေသည်။
**လှလိုက်တာ**
ထိုသည်သာမကသေး အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက shaker ဘူးကို အပေါ်၊အောက် လှုပ်ခါ၍ မွှေ့ယမ်းနေဟန်က ပန်းပွင့်များအကြား ပျံသန်းနေသည့် လိပ်ပြာလေးအလားပင်။
သူမ shaker ဘူးကို အောက်ချလိုက်သည်နှင့် ဖန်ခွက်အချို့တွင် cocktail များဖြင့် ပြည့်လျှံသွားသည်။
စီးကရက်ရယ်! Cocktailရယ်! မိန်းမလှလေးရယ်!
ဘယ်လောက်တောင်လှလိုက်တဲ့ မြင်ကွင်းပါလိမ့်။
ဖေးချမ် ယဲ့ဖန်အား သူမအနားသို့ ဆွဲခေါ်သွားပြီး ယဲ့ဖန်ကို ရှင်းပြသည်။
“ဖန်… ဒီဘားကို ညနှင်းဆီလို့ ခေါ်တယ်…. ပိုင်ရှင်ကတော့ အခု အနီရောင်ဝတ်စုံနဲ့ ရိုစ့်ပဲ….ရိုစ့်က ဒီဘားလမ်းထဲက နာမည်အကြီးဆုံး အမျိုးသမီးဘော့စ်ပဲ… ဘယ်သူမှ သူမနယ်မြေထဲမှာ ကလန်ကဆန် မလုပ်ရဲဘူး”
“ပြီးတော့ သူမက ကျန်းရှီမြို့ရဲ့ နာမည်ကြီး အရက်စပ်တဲ့သူတွေထဲက တစ်ယောက်ပဲ…သူမ စပ်တဲ့ cocktail က တစ်ခွက်ကို ယွမ် ၁၀,၀၀၀တောင် ပေးရတာကွ”
**ဘာ**
ယဲ့ဖန် တစ်ခဏမျှ ကြောင်သွားရသည်။ ဒီသွေးဆောင်ဖြားယောင်းနိုင်သည့် အမျိုးသမီးက ဒီဘားပိုင်ရှင် ဖြစ်နေမည်ဟု သူ မထင်ထားသလို၊ ဒီဘားလမ်းထဲက နာမည်အကြီးဆုံး အမျိုးသမီးဘော့စ် ဖြစ်နေလိမ့်မည်ဟုလည်း ထင်မထားခဲ့မိပေ။
သူတို့ စကားပြောလာရင်း ကောင်တာနားသို့ ရောက်လာသည်။ ဖေးချမ်က အားရပါးရပြုံး၍ အနီရောင်ဝတ်စုံနှင့် မိန်းမလှလေးအား
“ရိုစ့်… အစ်မကြီးရဲ့အရက် နှစ်ခွက်ပေးပါ”
သူ့စကားကို ကြားပြီး သူမက ခေါင်းအနည်းငယ် မော့ကာ “တစ်ခွက်ကို ယွမ် ၁၀,၀၀၀ နော်”
“ကျွန်တော် သိပါတယ်”
ချက်ချင်းပင် ဖေးချမ်က ကဒ်တစ်ကဒ်ကို ဆွဲထုတ်၍ point of sale စက်ထဲသို့ ထည့်လိုက်သည်။ ဤသည်ကို ကြည့်ပြီး ရိုစ့်က လက်အနည်းငယ်မြှောက်ကာ shaker ဘူးကို ယူလိုက်သည်။ ထို့နောက် ချက်ချင်းပင် ဖန်ခွက်နှစ်ခွက်၌ ထည့်ကာ ဖေးချမ်နှင့် ယဲ့ဖန် ရှေ့သို့ တွန်းပို့လိုက်သည်။
ချက်ချင်းပင် ပြင်းထန်သော cocktail ရနံ့ကို သူတို့ ရလိုက်သည်။
“ကြည့်စမ်း…တစ်ယောက်ယောက် အစ်မကြီးရဲ့အရက်ကို သောက်နေပြီကွ… သူတို့က အရမ်းချမ်းသာတာပဲ…အဲ့ဒါ တစ်ခွက်ကို ယွမ် ၁၀,၀၀၀ကွ” ဟု တစ်ယောက်ယောက်က နှုတ်ခမ်းကို လျှာသပ်ရင်း ပြောလာသည်။
“ဟုတ်တယ်… အစ်မကြီးရဲ့အရက် တစ်ခွက်က ဝီစကီခွက် အများကြီးနဲ့ ညီတယ်ကွ”
“ချီးပဲကွာ… ပြေးကြည့်စရာတောင် မလိုဘူး သူတို့က သူဌေးသားတွေပဲ နေမှာ”
….
ဘေးမှ အခြားသူများက အားကျသည့်ဟန်ဖြင့် ဆွေးနွေးနေကြသည်။ အနီးအနားတွင် ရှိနေသော ချွီထောင်၊ ကျန်းဝေ့ဝေ့၊ ယွမ်လီနှင့် ရှုချင်တို့လည်း သူတို့ ဘာလုပ်နေသည်ကို မြင်ကြသည်။
ချက်ချင်းပင် ကျန်းဝေ့ဝေ့၊ ယွမ်လီနှင့် ရှုချင်တို့သည် ဖေးချမ်အား အားကျသည့်အကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့၏ အမြင်တွင် ဤဘားမှ အစ်မကြီး၏အရက် ကိုသောက်နိုင်လျင် ဂုဏ်တက်သည်ဟု ထင်နေကြသည်။
မိန်းကလေးသုံးယောက်၏ အမူအရာကို ကြည့်ပြီး ချွီထောင် အံကိုကြိတ်ကာ ပြောလိုက်သည်။
“သွားရအောင်…ဂြိုဟ်ဆိုးကောင်ကတောင် အစ်မကြီးရဲ့အရက်ကို သောက်နိုင်သေးတာ ငါတို့လည်း သောက်နိုင်ရမှာပေါ့… မင်းတို့က ငါ့ရဲ့ဧည့်သည်ပဲ ငါ ဝယ်တိုက်မယ်”
ချွီထောင်သည် ရက်ရောသည့် လူကြီးလူကောင်းအသွင်ဖြင့် ပြောကာ မိန်းကလေးတွေ၏ နှလုံးသားကို အပိုင်သိမ်းလိုက်သည်။
လေးယောက်သား ကောင်တာနား ရောက်လာကြသည်။ ချွီထောင်က သူရဲ့ကဒ်ကို point of sale စက်တွင် လဲလိုက်ပြီးသည်နှင့် ရိုစ့်က သူတို့အတွက် ဖန်ခွက်လေးခွက်ဖြင့် cocktail ထည့်ပေးလိုက်သည်။
တစ်ငုံသောက်ပြီးသည်နှင့် ချွီထောင်သည် တရှုံရှုံအနံ့ခံလိုက်ပြီးနောက် အလွန်မူးဝေနေသော အသွင်ဖြစ်ပေါ်လာသည်။
“အစ်မကြီးရဲ့ cocktailက အကောင်းဆုံးပဲ… သန့်စင်တဲ့အရောင်၊အနံ့နဲ့ ချိုမြိန်တဲ့အရသာ ရှိတယ်… တကယ့်ကို ထိပ်တန်းအရက်ပါပဲ”
ထို့နောက် သူသည် ယဲ့ဖန်ဘက်လှည့်ကာ လှောင်ပြောင်လိုက်သည်။
“ဟေ့ကောင် ဂြိုဟ်ဆိုး၊ မင်းကို ယဲ့မိသားစုက တစ်လကို ယွမ် ၅,၀၀၀ – ၆,၀၀၀ လောက်ပဲပေးတာမလား၊ ဒီအရက်က မင်းရဲ့ နှစ်လစာ အသုံးစရိတ်နဲ့တောင် ညီသေးတယ်၊ မင်း အရင်က တစ်ခါမှ သောက်ဖူးမှာတောင် မဟုတ်ဘူး၊ ဘယ်လိုသောက်ရမလဲဆိုတာကိုကော သိရဲ့လားကွ၊ ဟားဟားဟား”
ချွီထောင်က တမင်တကာ ဆွနေခြင်းဖြစ်သည်။ ကျန်းဝေ့ဝေ့၊ ယွမ်လီနှင့် ရှုချင်တို့က သူတို့ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်နေကြသည်။
သူတို့မျက်လုံးထဲတွင် ယဲ့ဖန်က ဖေးချမ်၏ သူငယ်ချင်းဖြစ်သော်လည်း ယဲ့မိသားစု၏ သုံးစားမရသော တရားမဝင်သားသာ ဖြစ်သည်။
ယွမ်လီက ယဲ့ဖန်အား အင်မတန်မုန်းတီးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဟွန့်…သေချာတာပေါ့ သူ အရင်က တစ်ခါမှ သောက်ဖူးမှာ မဟုတ်ဘူး… ပြောကြတာကတော့ သူ့ကို ယဲ့မိသားစုက ကန်ထုတ်တော့မယ်တဲ့… သူ နောက်ဆို ဒီအရက်ကို သောက်ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး… ဒီတစ်ခါတော့ ကောင်းကောင်းကြီး အရသာခံ သောက်ဖို့ ကျွန်မ အကြံပေးလိုက်မယ်…မဟုတ်ရင် ရှင် အစ်မကြီးရဲ့အရက်ကို အနံ့ခံခွင့်တောင် ရမှာမဟုတ်တော့ဘူး”
ယွမ်လီသည် သူမ ဖေးချမ်နှင့် ပြတ်သွားရတာ ယဲ့ဖန်ကြောင့်ဟု ထင်နေသည်။ ထို့ကြောင့် သူမက ယဲ့ဖန်ကို အမုန်းကြီးမုန်းနေခြင်း ဖြစ်သည်။
သူမစကားကြောင့် ဖေးချမ် ပေါက်ကွဲသွားသည်။ သူ ထသောင်းကျန်းချင်စိတ်တောင် ဝင်လာသည်။
ထိုအချိန်မှာပင် ယဲ့ဖန်သည် အစ်မကြီး၏အရက်ကို တစ်ငုံသောက်လိုက်သည်။ ထို့နောက် စိတ်ပျက်လက်ပျက်နှင့် ခေါင်းကိုခါလိုက်သည်။
“အရောင်ကလည်း မသန့်စင်ဘူး၊ အရသာကလည်း ချိုအီပြီး ကျိချွဲနေတာပဲ၊ အနံ့ကလည်း မဆိုးပါဘူး၊ ဒီအတိုင်း သာမန်ပါပဲ”
*ဘာ*
ယဲ့ဖန်၏ မှတ်ချက်ကြောင့် အားလုံး ကြက်သေ သေသွားရသည်။
** အရောင်ကလည်း မသန့်စင်ဘူး**
**အရသာကလည်း ချိုအီပြီး ကျိချွဲနေတာပဲ**
**အနံ့ကလည်း မဆိုးပါဘူး**
**ဒီအတိုင်း သာမန်ပါပဲ**
**ဒီ…ဒီကောင် အစ်မကြီးရဲ့အရက်ကို မကောင်းဘူးလို့ ပြောနေတာလား*
**သူ ရူးနေပြီ**
စက္ကန့်ပိုင်းအတွင်းမှာပင် ချွီထောင်သာမက ဖေးချမ်၊ ယွမ်လီ၊ ရှုချင်၊ ကျန်းဝေ့ဝေ့ တို့ပါ ကြောင်အသွားသည်။
**ဒါ ယွမ် ၁၀,၀၀၀ တောင်ပေးရတဲ့ အစ်မကြီးရဲ့ အရက်လေ… ဒါ ကျန်းရှီမြို့ရဲ့ နာမည်အကြီးဆုံး အရက်စပ်တဲ့သူက လုပ်ထားတဲ့အရက်လေ**
သို့သော် ယဲ့ဖန်ကတော့ လုံးဝကို ရှုံ့ချနေသည်။
…..
ရိုစ့်အပါအဝင် အရက်သောက်နေသူများအားလုံး ကြောင်သွားကြသည်။ အရင်တုန်းက သူမက ယဲ့ဖန်ကို လျစ်လျူရှုထားခဲ့သည်။ အခု သူ့စကား ကြားပြီး သူမ သူ့ကို အာရုံစိုက်ကာ ကြည့်နေသည်။
“မင်း ဘာပြောလိုက်တာလဲ?”
ရိုစ့်ရဲ့အသံက အရင်ကနှင့် မတူတော့တာကြောင့် အားလုံး ရင်တုန်သွားသည်။ သူက သူမကို ရှေ့ထား၍ အစ်မကြီးရဲ့အရက်က မကောင်းဘူးဟု ပြောသည့် ပထမဆုံးသူပင် ဖြစ်သည်။
**သူ…သူ သေချင်နေပြီပဲ**
ဖေးချမ် ယဲ့ဖန်စကားကြောင့် ကြောင်သွားသည်။ ထို့နောက် ရိုစ့်ကို ကလန်ကဆန်လုပ်လျင် ရလာမည့်ရလဒ်ကို သိနေသောကြောင့် သူက ယဲ့ဖန် သူမကို တောင်းပန်ရန် တိုက်တွန်းနေသည်။ သို့သော် ယဲ့ဖန်ကတော့ သူ့ကို လျစ်လျူရှုထားသည်။
ရိုစ့်ကို စိုက်ကြည့်ကာ ယဲ့ဖန်က ရွှတ်နောက်နောက် အမူအရာဖြင့် ပြောလိုက်သည်။
“ခင်ဗျားရဲ့ အစ်မကြီးရဲ့အရက်က Elanburg whine, Stolichnaya Vokda နဲ့ Hennessy ဆိုတဲ့ အရက်သုံးမျိုးနဲ့ အဓိကလုပ်ထားတာ၊ အရောင်မသန့်ရတာက Elanburg whine ၂အောင်စ ပိုသွားလို့၊ အရသာက ချိုအီပြီး ကျိချွဲနေတာက Hennessy ၃အောင်စ ပိုသွားလို့၊ အနံ့က သာမန်ဖြစ်နေတာက Stolichnaya Vokda ၄အောင်စ နည်းသွားလို့ပဲ”
ပြောရင်း ယဲ့ဖန်၏ အမူအရာက ပို၍ ရွှတ်နောက်နောက်နိုင်လာသည်။
“ထပ်ပြောရရင် ခင်ဗျားရဲ့ အစ်မကြီးရဲ့ အရက်က အမှိုက်တကာ့အမှိုက်ထဲက အမှိုက်ပဲ…ဒါက လှည့်စားမှုတစ်ခု သက်သက်ပဲ”