ဤနေရာကို သရဲကြီးမြို့တော်၏ အုပ်ချုပ်မှုအောက်တွင် ရှိသေးသည်ဟု သတ်မှတ်၍ ရသေးလေရာ သရဲကြီးဘုရင်၏ ပိုင်နက်ဟုလည်း ပြောနိုင်လေသည်။ ထို့ကြောင့် သရဲကြီးဘုရင်သည် ဤနေရာတွင် အဆင့်အတန်း ရာထူးအားဖြင့် ကောင်းကင်ဘုံထက်ပင် သာလွန်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။
သို့သော် ပိုင်ရှောင်ချန်းသည် နယ်စပ်အစွန်အဖျားသို့ ရောက်နေသည်။ သူသည် မလှမ်းမကမ်းတွင် လေပွေများဖြင့် ပြည့်နေသော သဲကန္တာရကျယ်ကြီးတစ်ခုကို မြင်လိုက်ရလေသည်။
ပိုင်ဟောက်၏ မှတ်စုများမှ ဉာဏ်အလင်းပွင့်သွားသောကြောင့် သူ့မျက်လုံးများ တဖျပ်ဖျပ်တောက်ပနေရင်း သူက အတွေးများကို ပြန်လည်စုစည်းကာ သဲကန္တာရထံ အာရုံပို့လိုက်လေသည်။
” အခြေအနေတွေ ငြိမ်သွားအောင် လနည်းနည်းလောက် ကန္တာရထဲ သွားလိုက်မယ်။ ပြီးမှ ဒီကို ပြန်လာသင့်လား၊ တခြားဘုရင့်မြို့တော်တွေကို သွားရမလား စဥ်းစားတာပေါ။ အဲဒီမြို့အားလုံးမှာ ငါ့ကို အိမ်ပြန်ပို့ပေးနိုင်တဲ့ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်တွေရှိတာပဲ။ဒီအတောအတွင်းတော့ ပိုင်ဟောက်မှတ်စုကိုဖတ်ရင်း အချိန်ဖြုန်းလိုက်မယ် ”
ဤအချိန်တွင် သူသည် ဆယ့်သုံးရောင်ခြယ်မီးတောက်နှင့် ပတ်သက်၍ အတော်များများ တိုးတက်ခဲ့ပြီး အောင်မြင်ရန်အတွက် ပို၍ ယုံကြည်ချက်ရှိလာတော့သည်။
ထိုအခိုက်အတန့်တွင် ရုတ်တရုတ် သူ၏ အမူအရာပြောင်းသွားပြီး သူက လေအပေါ် မော့ကြည့်လိုက်သည်။ ထိုသို့လုပ်လိုက်သည်တွင် ဧရာမလေပွေကြီးတစ်ခု ဖြစ်တည်လာသည်ကို မြင်လိုက်ရသောကြောင့် သူ၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားတော့သည်။
အသက်ရှူချိန်အနည်းငယ်အတွင်း ၄င်းသည် မီတာ သုံးသောင်း အကျယ်ရှိသော အပေါက်ကြီးအသွင်ပြောင်းသွားပြီး အထဲမှ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော ဖိအားတစ်ခုထွက်ပေါ်ထွက်လာလေသည်။
ဝုန်း
မြေပြင်တစ်ခွင်လုံး တုန်ခါသွားပြီးနောက်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးထံမှ ထိုနေရာတစ်ခုလုံး ဖြတ်တောက်ခံလိုက်ရပြီး အထူးနေရာတစ်ခုဖြစ်လာသည့်အလား ရုတ်တရက် မလှုပ်မယှက်ငြိမ်သက်သွားသည်။
ပိုင်ရှောင်ချန်း၏ထွက်လေသည် လည်ချောင်းဝတွင် တစ်ဆို့သွားပြီး သူ့ပတ်ပတ်လည်ရှိ လေထုကြီး ခဲသွားသည့်အလား ခံစားလိုက်ရတော့သည်။သူသည် သက်ရောက်နေသော ဖိအားကြောင့် လှုပ်ရှား၍မရလုနီးပါးဖြစ်သွား၏။
မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများ ဖျတ်ခနဲပွင့်လာပြီး သူက အော်လိုက်သည်။
” ခေါင်းဆောင်ကြီး”
” ဒီပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက သခင်မဟုန်ချိန်ထက်တောင် ပိုအစွမ်းထက်နေပုံပဲ ”
ခေါင်းအထက်ရှိ လေပွေကြီးတွင် နတ်အဆင့် ခေါင်းဆောင်ကြီး၏ မျက်နှာပုံရိပ်တစ်ခု ပေါ်လာပြီး ပိုင်ရှောင်ချန်းကို အေးစက်စွာ စိုက်ကြည့်နေလေသည်။
” အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဘုံကို ဖီဆန်ရဲတယ်လား ”
သူက စကားတစ်ခွန်းပြောလိုက်ပြီး သူ့ပါးစပ်မှ ထွက်သွားသည်ဝယ် ၎င်းတို့က တလက်လက်တောက်ပနေသော မှော်သင်္ကေတများ ဖြစ်သွားပြီး ပိုင်ရှောင်ချန်းထံ ချက်ချင်း ပြေးဝင်လာတော့သည်။
လေကိုခွင်း၍ ပျံသန်းလာစဥ် ထိုသင်္ကေတများသည် ရွှေသံချပ်ကာများဖုံးလွှမ်းနေသည့် ဘီလူးရှစ်ကောင်ဖြစ်သွားသည်။
ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် အံ့သြ တုန်လှုပ်သွားသည်။ နတ်အဆင့်ကျင့်ကြံသူ၏ စကားလုံးများကပင် သူစေစားရာအတိုင်း တသွေမတိမ်းနာခံမည့် စစ်သားများအသွင် ချက်ချင်းပြောင်းသွားစေနိုင်သည်။
ယခု သူ သဘောပေါက်လိုက်လေပြီ….. သူ နတ်အဆင့်ကျင့်ကြံသူများအား လျှော့တွက်မိခဲ့ချေသည်။ သခင်မလေးဟုန်ချိန်နှင့်သူ၏ တိုက်ပွဲအတောအတွင်းက သူမမှာ ကျိန်စာမိနေခဲ့ပြီး သူမ၏ စွမ်းအားအကြီးဆုံး နတ်ဘုရားစွမ်းရည်အချို့အား အသုံးပြုနိုင်ခြင်းမရှိခဲ့ပေ။ ထိုမျှသာမက သူမသည် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးထက် နိမ့်သော အဆင့်တွင်လည်း ဖြစ်သည်။
အန္တရာယ်အများဆုံးအခိုက်အတန့်ပင်ဖြစ်ချေသည်။ ရွှေရောင်သံချပ်ကာ ဘီလူးကြီးများသည် ဟိန်းဟောက်ကြုံးဝါးနေကြရင်း သူ့ထံ တည့်တည့်ဝင်လာကြလေသည်။ ထိုအချိန်တွင် သူ့နောက်၌ ပုံရိပ်များပေါ်တော့သည်။ တစ်ခုပင်မကပဲ လေးခုဖြစ်၏။
သို့သော် သူက သူ၏ ကိုယ်ပွားများကို ဆင့်ခေါ်နေခြင်းမဟုတ်ပေ။ သူသည် နတ်ဘုရားအာရုံ၊အပြင်အားခန္ဓာကိုယ်များနှင့် ကျင့်ကြံခြင်းအခြေခံများ၏ စွမ်းအားကို တိုက်ရိုက် ဆင့်ခေါ်နေခြင်းဖြစ်သည်။
သူသည် သူ့ကိုယ်သူအား လေးဆသန်မာလာအောင် ပြုလုပ်နေခြင်းပင်။
ဝုန်းးး
စောစောက သူ့ကိုဝိုင်းရံထားသော ဖိအားသည် မလှုပ်နိုင်အောင် ချုပ်နှောင်ထားခဲ့သော်လည်း ယခုတွင် သူ့ပတ်လည်ရှိ လေထုအတွင်း၌ အက်ကြောင်းများ ပျံ့နှံ့လာလေပြီ။ ရွှေရောင်သံချပ်ကာ ဘီလူးရှစ်ကောင် ရောက်လာသည့် တချိန်တည်းမှာပင် သူက မော့ကြည့်ကာ ဟိန်းဟောက်လိုက်ပြီး တစ်ဆက်တည်း နောက်သို့ အမြင့်ဆုံးအရှိန်ဖြင့် ဆုတ်ခွာလိုက်သည်။
ထို့နောက် သူရပ်ခဲ့သောနေရာသို့ ဘီလူးရှစ်ကောင်ရောက်ချလာခြင်းကြောင်း ဝုန်းခနဲပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားလေသည်။ ထိုအချိန်တွင် သူတို့က ရွှေရောင်သံကြိုးရှစ်ကြိုးအသွင်ပြောင်းသွားပြီး နေရာတစ်ခွင်လုံးအား ချုပ်နှောင်လိုက်သည်။
ထိုအတောအတွင်း မျိုးနွယ်စုခေါင်းဆောင်မှာ ဘေးသို့ ကျွမ်းထိုးမှောက်ခုံ လွင့်သွားသဖြင့် သွေးတစ်ပွက်အန်လိုက်ပြီး သတိလစ်သွားလေသည်။
” သိပ်စိတ်ဝင်စားဖို့ကောင်းတယ်”
နတ်အဆင့်ခေါင်းဆောင်ကြီး၏ မျက်လုံးများသည် အံ့သြသွားခြင်းကြောင့် အရောင်လက်သွား၏။ ပိုင်မျိုးနွယ်စုမှာရှိစဥ်က သူ၏ ကျင့်ကြံခြင်းအခြေခံသည် အသက်အချုပ်အနှောင်ဖယောင်းတိုင် ခုနစ်တိုင်ကြောင့် အကန့်အသတ်ရှိခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျလည်း ဝင်မတိုက်နိုင်ခဲ့ပေ။ ထို့ကြောင့်ပင် ပိုင်ရှောင်ချန်း ထွက်ပြေးနိုင်သွားခဲ့ရာ လုံးဝအံ့သြစရာတော့မဟုတ်ခဲ့ပေ။ သို့သော် ယခုတွင် သူသည် ဤနေရာသို့ လူကိုယ်တိုင်ရောက်နေပြီး သူ၏ သားကောင်က သူ့အတွက် ပြဿနာရှာနေနိုင်သေးရာ အမှန်တကယ်ပင် အလွန်စိတ်ဝင်စားစရာကောင်းကြောင်း သိလိုက်ရလေသည်။
လေပွေကြီးထဲရှိ မျက်နှာကြီးသည် ကျုံ့လာပြီး နောက်ဆုံး ခေါင်းဆောင်ကြီးဖြစ်သွားလေသည်။ သူက ကောင်းကင်နှင့်မြေပြင်တွင် ရုတ်ခြည်း ပြောင်းလဲခြင်းများ ဖြစ်သွားစေနိုင်သော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေရင်း လေထဲတွင် ရပ်နေလေသည်။
သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရေခဲတမျှအေးတိအေးစက်မျက်နှာထားဖြင့် ပိုင်ရှောင်ချန်းကို ငုံကြည့်နေသည်။ ထို့နောက် သူက ရှေ့တစ်လှမ်းတိုးလိုက်ရာ ထိုတစ်လှမ်းသည် မိုးကောင်းကင်ထဲတွင် ဧရာမခြေဖဝါးကြီးတစ်ခု ပေါ်လာစေသည်။
မီတာ သုံးသောင်း အရှည် ခြေဖဝါးကြီးသည် တိမ်တိုက်များကို ဖျက်စီးရင်း နိမ့်ဆင်းလာသဖြင့် အောက်ဖက်ရှိ မြေပြင်တစ်ခုလုံး တုန်ခါလာတော့သည်။ ခြေဖဝါးကြီးက ပိုင်ရှောင်ချန်းထံ ထစ်ခြုန်းနိမ့်ဆင်းလာသောကြောင့် လေထုသည်ပင် ပုံပျက်ရှုံ့တွသွားတော့သည်။
ကောင်းကင်ဘုံ၏ အလိုဆန္ဒသည် သူ့ကို နင်းခြေပစ်ရန်ကြိုးစားနေသည့်အလား ေခြဖဝါးကြီးကြောင့် ပိုင်ရှောင်ချန်းအပေါ်သို့ မယုံကြည်နိုင်ဖွယ်ဖိအားတစ်ခု သက်ရောက်နေသည်။
သခင်မလေးဟုန်ချိန်နှင့် သူတိုက်ခိုက်သည့်အချိန်က သူမ အသာစီးမရခဲ့ခြင်း၏ အကြောင်းရင်းအနည်းငယ်ရှိလေသည်။ ဗဟိုဧကရာဇ်၏ သချိုင်းဖြစ်နေသည်က တစ်ကြောင်း၊ သူမ ခံစားနေရသည့် ကျိန်စာကြောင့်တစ်ကြောင်း သူမသည် ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများကို မဆင့်ခေါ်နိုင်ခဲ့ပေ။ သို့တိုင်အောင် ပိုင်ရှောင်ချန်းမှာ အသက်ဘေးမှ လွတ်သည်ဆိုရုံလေးသာ ရှိသည်။
ယခုတွင် နတ်အဆင့်ကျင့်ကြံသူများ မည်မျှစွမ်းအားကြီးကြောင်း သူကောင်းကောင်း မြင်လိုက်ရလေပြီ။ ပိုင်မျိုးနွယ်စု နတ်အဆင့်ခေါင်းဆောင်ကြီးသည် သူအလွန်အကျွမ်းတဝင်ရှိသည့် သူ၏ ကိုယ်ပိုင်မြို့တော်အပြင်ဘက်တွင် တိုက်ခိုက်နေခြင်းဖြစ်သည်။ သူသည် နတ်တစ်ပါး၏ စွမ်းအား အစစ်အမှန်နှင့် တိုက်ခိုက်နိုင်လေသည်။
ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားပြီး တခဏကြာသော် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက သခင်မလေးဟုန်ချိန်ထက် ဘာကြောင့် အစွမ်းထက်နေခြင်းဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။ သို့သော် အခြေအနေကို စဥ်းစားနေရန်အချိန်မရှိပေ။ သူသည် သေစေနိုင်သော အန္တရာယ်တွင်းထဲကျရောက်နေပြီး ဤခြေဖဝါးကြီးကို တန်ပြန်တိုက်ခိုက်ရန် ကြိုးစားပါက သူ့ ဘဝဆုံးသွားမည်ဖြစ်ကြောင်း သိလေသည်။
သူက ခေါင်းတစ်ခုလုံး ချာချာလည်နေစဥ် ခြေဖဝါးကြီး နီးကပ်လာပြီး သူက နောက်တစ်လှမ်းဆုတ်လိုက်လေသည်။ ထိုအတောအတွင်း သူ၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်စပြုလာပြီးနောက် ရုတ်တရက် ပျောက်သွားလေသည်။
သူပျောက်သွားသည့် အခိုက်အတန့်တွင် ခြေဖဝါးက ကျရောက်သွားသဖြင့် မြေကြီးသည် ကြေမွသွားလေရာ ဖုန်လုံးများ အလိပ်လိပ်ထသွားပြီး ကျောက်တုံးကျောက်ခဲများ ထွက်ပေါ်လာတော့သည်။
” ဒုတိယအကြိမ်ကျရင် မင်းလွတ်မှာမဟုတ်ဘူး”
ခေါင်းဆောင်ကြီးက အေးစက်စွာ ပြော၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ထစ်ခြုန်းမြည်ဟည်းသံများ လေထဲတွင် ပြည့်နှက်သွားပြီး နောက်ထပ်လေပွေကြီးတစ်ခုပေါ်လာပြန်သည်။
ခေါင်းဆောင်ကြီးက သူ၏ ညာလက်ကို လှုပ်လိုက်သည်တွင် လေပွေကြီးသည် တဝဲဝဲလည်လာပြီး တချိန်တည်းမှာပင် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးပေါ်ထွက်လာ၏။ ဆွဲငင်အားတစ်ခုသည်လည်း အချိန်ခရီးသွားစွမ်းအားကဲ့သို့ တစ်ဆက်တည်းပေါ်ပေါက်လာသောကြောင့် လေထုကား လိမ်ဖယ်ရှုံ့တွသွားတော့သည်။
ထိုသည်မှာ အချိန်ခရီးသွားစွမ်းအားမဟုတ်သော်လည်း ၄င်းသည် ကျောက်တုံးကြီးများ၊ သစ်ပင်များနှင့် တောင်တန်းများပင် အပါအဝင် ရှိရှိသမျှအရာအားလုံးကို ရစ်ပတ်ကာ ဖျက်စီးလိုက်ပြီး လေပွေကြီးထံ ဆွဲယူသွားတော့သည်။
တချိန်တည်းမှာပင် မနီးမဝေးတွင် ပိုင်ရှောင်ချန်းသည် သူ၏ ထာဝရပြုစားခြင်းသိုင်းအစွမ်းဖြင့် ပျံပြေးနေလေသည်။ သို့သော် နတ်အဆင့်ခေါင်းဆောင်ကြီးက သူ၏ အံ့သြဖွယ်သရဲ မှော်သိုင်းအား ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်ရှောင်ချန်း မျက်နှာပျက်သွားပြီး သူ၏သိုင်းကွက် နှောင့်ယှက်ခံလိုက်ရ၏။
သူ မြင်ကွင်းထဲပေါ်လာသည်နှင့် အံသြတုန်လှုပ်ဖွယ် ဆွဲအားသည် သူ့ကို ဖမ်းဆုပ်သွားပြီး လေပွေထံသို့ နောက်ပြန်ဆွဲခေါ်သွားလေသည်။
ထိုသို့လုပ်လိုက်ချိန်တွင် သူ၏ မျက်လုံးများလက်သွားပြီး သူက ချာခနဲ လှည့်လိုက်သည်။ ထို့နောက် သူ့ပတ်ပတ်လည်တွင် ပုံရိပ်များပေါ်လာပြီး သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ကာ အပေါ်သို့ လက်များမြှောက်လိုက်သည်။
“ရွှယ်ကျဲ…… ကော်တု”
သူ၏ ကိုယ်ပွားလေးယောက်က ထွက်လာ၍ သူ့ကို ဝိုင်းရံလိုက်ကာ သူတို့၏ ရွှယ်ကျဲကော်တုများကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် ရေအိုင်ကြီးတစ်ခုပေါ်လာပြီး အတွင်းထဲမှ သားရဲတစ်ကောင်၏ စိတ်နှလုံးတုန်လှုပ်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးပေါ်ထွက်လာ၏။ ထို့နောက် အရိုးချွန်ကဲ့သို့ တောင်ကြီးများ မြောက်မြားစွာ မြင့်တက်လာတော့သည်။
ဝုန်းးး
ကောက်ကွေးနေသော တောင်များသဖွယ် လက်သည်းကြီးငါးခု ပေါ်ထွက်လာသော မြင်ကွင်းသည် မြင်လိုက်ရသည့်လူမှန်သမျှကို တုန်လှုပ်သွားစေမည်သာ ဖြစ်သည်။ ၎င်းတို့ ပေါ်လာသည်တွင် မိုးကောင်းကင်သည် မှေးမှိန်သွားပြီးလေပွေကြီးကို ရိုက်ချလိုက်သည်။
” အဲဒါ ဘာကြီးတုံး ”
ယခုချိန်မတိုင်ခင်ထိ နတ်အဆင့်ခေါင်းဆောင်ကြီးသည် လုံးဝ တည်ငြိမ်အေးဆေးပြီး အမူအရာကင်းမဲ့ခဲ့သည်။ သို့သော် ပိုင်ရှောင်ချန်း၏ ရွှယ်ကျဲကော်တု သက်ရှိဝိညာဥ်ကြီးပေါ်လာသောအခါ သူ့မျက်နှာပျက်သွားတော့သည်။