Switch Mode

အပိုင်း(၂၀၂၁)

ပြိုင်စံရှားနတ်ဝင်ရိုး

လမ်းစဉ်ဖွေရှာတောင်ထွတ်ပေါ်မှ ကျင့်ကြံသူများက ရီဖူရှင်းကို လှည့်ကြည့်လိုက်ကြသည်။ နတ်ဝင်ရိုး၏ အဆင့်ကို မျက်မြင်တွေ့ပြီးသည့်အခါ သူတို့သည် ရီဖူရှင်းက သူ့ထက် ကျင့်ကြံဆင့်မြင့်သော လင်းဟယ်နှင့် ယန်တုန်းရန်တို့အား မည်သို့ ရှုံးနိမ့်စေခဲ့ကြောင်း နားလည်သဘောပေါက်သွားသည်။ ထူးကဲလှသော နတ်ဝင်ရိုးအဆင့်နှင့် သူ၏ မဟာလမ်းစဉ် စွမ်းအားက သေချာပေါက် မြင့်မားပေလိမ့်မည်။

“အင်ပါယာရီက ဓားနဲ့ပတ်သတ်ပြီး အစွမ်းထက်တာ မဟုတ်ဘူးလား။” ရီဖူရှင်း၏ ထိုနတ်ဝင်ရိုးကို ကြည့်ကာ အလွန်စိတ်ဝင်စားနေပုံရသော တစ်စုံတစ်ယောက်က မေးလိုက်၏။

ယခင်က ရီဖူရှင်းသည် လင်းဟယ်နှင့် ယန်တုန်းရန်ကို ရှုံးနိမ့်စေခဲ့သော ထိုတိုက်ပွဲနှစ်ခုလုံးတွင် ထူးကဲသာလွန်လှသော ဓားစွမ်းရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်းက ပြန်မဖြေခဲ့သော်လည်း သူ့ခန္ဓာကိုယ်မှ ဓားစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တွင် မရေတွက်နိုင်သော ဓားလမ်းစဉ်စွမ်းအားများ ပေါ်ပေါက်လာခဲ့သည်။ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံတွင် အဆုံးမဲ့ဓားစွမ်းအင်လှိုင်းများ ဖြစ်တည်လာသော်လည်း ၎င်းတို့က ကု့ချင်းသဏ္ဌာန် ဖြစ်ပေါ်လာခဲ့၏။ ဓားနှင့် ကု့ချင်းနှစ်ခုကို ပေါင်းစပ်၍ နှစ်ခုပေါင်းမှ တစ်ခုတည်း ဖြစ်လာခဲ့သည်။

နတ်အလင်းလွှာက တောက်ပလာပြီး နတ်ဆင်ဝင်ရိုးကဲ့သို့ပင် အချိန်မဆိုင်းဘဲ နတ်အလင်းလွှာ ငါးလွှာပေါ်ပေါက်လာခဲ့သည်။ လူတိုင်းက ထိုနေရာသို့ စိုက်ကြည့်နေခဲ့ကြ၏။ မျှော်လင့်ထားသလိုပင် နောက်ထပ် နတ်အလင်းလွှာ ငါးလွှာပင် ဖြစ်ပေသည်။ နတ်ဝင်ရိုးတိုင်းက နတ်အလင်းငါးလွှာ ပေါ်ပေါက်ခဲ့သည်မှာ ‘ပျက်စီးခြင်း’ထက်ပို၍ အားကောင်းသန်မာနေသည် မဟုတ်ပါလား။

‘ပျက်စီးခြင်း’၏ ပထမဝင်ရိုးသည် ရှေးဟောင်းနတ်သစ်ပင် တစ်ပင်ဖြစ်ပြီး နတ်အလင်းသုံးလွှာကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ရီဖူရှင်း၏ နတ်ဝင်ရိုးတိုင်းက နတ်အလင်းငါးလွှာကို ထုတ်လွှတ်နိုင်ခဲ့ရာ သူသည် ‘ပျက်စီးခြင်း’ထက်ပို၍ သာလွန်နေခဲ့ပြီ ဖြစ်၏။

ဆိုလိုသည်မှာ သူက ‘ပျက်စီးခြင်း’ ကျန်းယွဲ့လီ၊ ကျုံးချန်တို့ထက်ပို၍ သာလွန်သော နတ်ဝင်ရိုးရှိသည်ဟု ဆိုလိုပေသည်။ သူသည် နင်ဟွာတစ်ယောက်တည်း ထက်သာ နိမ့်ကျသည်။

သို့ဆိုလျှင် ရီဖူရှင်း၏ အနာဂတ်သည် ‘ပျက်စီးခြင်း’ ထက်ပို၍ မြင့်မားသော အောင်မြင်မှုများ ရရှိလိမ့်မည်ဟု ဆိုလိုနေသည်လား။

ထိုသူ၏ အနာဂတ်မှာ မှန်းဆ၍ မရနိုင်အောင် ဖြစ်ပေလိမ့်မည်။ မည်သူကမှ တိကျသေချာသော ဖြစ်နိုင်ချေကို ပြောနိုင်စွမ်းမရှိပေ။

မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များရှိရာ နေရာတွင် နတ်မိမယ်များက ကျန်းယွဲ့လီအား ကြည့်လိုက်သည်။ မြူနှင်းဝေနတ်နန်းတော်၏ အဓိက နတ်မိမယ် သုံးပါးလုံးကို အခြားတစ်ယောက်၏ နတ်ဝင်ရိုးအဆင့်က ကျော်တက်သွားခဲ့သည်။ ၎င်းသည် မျှော်လင့်မထားခဲ့မိသော အဖြစ်အပျက်ဖြစ်ကာ ကျန်းယွဲ့လီကိုယ်တိုင်ပင် ရီဖူရှင်း ရှိနေရာသို့ စိုက်ကြည့်နေ၏။

သူမသည် ရီဖူရှင်းနှင့် လင်းဟယ်ကြားမှ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့သည်။ ထိုစွမ်းအားနှစ်ခုအပြင် ရီဖူရှင်းသည် အခြားသော မဟာလမ်းစဉ် စွမ်းအားများ၌လည်း ကျွမ်းကျင်ပိုင်နိုင်သေး၏။ သူမသည် သူ့တွင် ထုတ်ဖော်ပြသခြင်း မပြုရသေးသော အခြားနတ်ဝင်ရိုးများ ရှိနေသေးသည်ဟု ခံစားမိပေသည်။

ထိုအချိန်တွင် ရီဖူရှင်းက ဆက်လက်စစ်ဆေးရန် ရည်ရွယ်ချက်မရှိတော့ဘဲ သူ၏ အရှိန်အဝါတို့အား ရုတ်သိမ်းလိုက်၏။ သိသာစွာပင် သူသည် သူ၏နတ်ဝင်ရိုးများကို ဆက်လက်စစ်ဆေးရန် ဆန္ဒမရှိတော့ပေ။ ၎င်းသည် ရီဖူရှင်းက လောကကြီးအား ထိတ်လန့်တုန်လှုပ်အောင် မလုပ်လိုသဖြင့် တစ်စုံတစ်ခုအား ကွယ်ဝှက်ထားသည်ဟု ခံစားမိပေသည်။

သူ၏ ဖုံးကွယ်ထားသော နတ်ဝင်ရိုးသည် နင်ဟွာနှင့်ပင် ယှဉ်နိုင်စွမ်းရှိနိုင်သည်လား။

ထို့အပြင် သူ၏ နတ်ဝင်ရိုးနှစ်ခုလုံးက အဆင့်ငါးတွင် ရှိသော်လည်း ရီဖူရှင်း၏ အမူအရာက အလွန် တည်ငြိမ်နေသည်။ သူသည် ပျော်ရွှင်ခြင်းမရှိသလို စိတ်ပျက်သွားခြင်းလည်း မရှိပေ။ ၎င်းက သူသည် တစ်စုံတစ်ခုကို သာမန်အတိုင်း လုပ်ဆောင်ခဲ့သည့်အလား…။ အရာအားလုံးက သူ၏ ခန့်မှန်းချက်အတွင်း၌သာ ရှိနေပြီး မည်သည့် ထူးခြားမှုမှ မရှိသလိုပင် ဖြစ်သည်။ ရီဖူရှင်းက သူ၏ နတ်ဝင်ရိုး မည်မျှအားကောင်းသည်ကို သိရှိနေပြီးသည့်အလား…။

“အင်ပါယာရီက ဆက်ပြီး မစမ်းသပ်တော့ဘူးလား။” ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်တစ်ယောက်က ပြောလိုက်သည်။ “အင်ပါယာရီမှာ နောက်ထပ် မဟာလမ်းစဉ် နတ်ဝင်ရိုးတစ်ခု ရှိသေးတယ်မလား။”

ရီဖူရှင်းက စကားပြောလာသည့် ထိုလူကို ကြည့်လိုက်သည်။ သူ့တွင် အမှန်တကယ် မဟာလမ်းစဉ် နတ်ဝင်ရိုး ထပ်ရှိသေးကာ တစ်ခုထက် ပိုပေသည်။

သို့သော် သူက သေချာပေါက် ထိုအကြောင်းကို ပြောပြမည် မဟုတ်။ ဤအခြေအနေ၌ သူ့နတ်ဝင်ရိုးအားလုံးကို ထုတ်ဖော်ပြသရန် မလိုအပ်ပေ။

ထို့ကြောင့် သူက အလုပ်ရှုပ်ခံ၍ ပြန်မဖြေတော့ချေ။ မည်သို့ပင်ဖြစ်စေ ထိုလူသည် သူ၏ နတ်ဝင်ရိုးများကို ထုတ်ပြရန် မေးနေခြင်းက ကောင်းသော ရည်ရွယ်ချက်ကြောင့် မဟုတ်ပေ။

“ကြည့်ရတာ ဒီနေ့ရဲ့ နတ်ဝင်ရိုးတွေထဲမှာ အင်ပါယာရီက အစွမ်းထက်ဆုံး ပိုင်ဆိုင်ထားသူ ထင်ပါရဲ့။ ဒါ အတော်လေး အံ့အားသင့်စရာပဲ။” လျှိုချင်ကျူးက ပြောလိုက်သည်။ သူသာမက တုန်းဟွာကျောင်းတော်မှ အားလုံးသော ကျင့်ကြံသူများသည်လည်း အတော်လေး အံ့အားသင့်နေကြသည်။ သူတို့သည် ‘ပျက်စီးခြင်း’၊ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့သာ အစွမ်းထက် နတ်ဝင်ရိုးအား ပိုင်ဆိုင်မည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က သူတို့ထက် သာလွန်နေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားကြပေ။

သို့သော်လည်း ရီဖူရှင်းက ၎င်းကို ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့သည်။

ကြည့်ရသည်မှာ ယခု တုန်းဟွာနယ်မြေ၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်များနှင့် နင်ဟွာမှအပ ရီဖူရှင်း၏ နတ်ဝင်ရိုးက အသန်မာဆုံး ဖြစ်ပေလိမ့်မည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ထိုကျင့်ကြံသူသည် အမှန်တကယ် မရိုးရှင်းလှပေ။

“အစ်ကိုရီရဲ့ မဟာလမ်းစဉ် နတ်ဝင်ရိုးက တကယ်ကို ပြိုင်ဘက်ကင်း ထူးခြားတာပဲ။ ဒီနေရာမှာ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ စုဝေးနေကြတာ တစ်ယောက်ယောက်ကများ အစ်ကိုရီရဲ့ မဟာလမ်းစဉ် အတွေ့အကြုံကို မလိုချင်ကြဘူးလား။” လင်းဟယ်က မေးလိုက်သည်။ သူ့စကားများကို ကြားသည့်အခါ အိန္ဒြေတစ်ခွဲသားနှင့် ရှိနေသော လူအများ၏ ခန္ဓာကိုယ်တို့မှ ခပ်ရေးရေး အရှိန်အဝါတို့ ထွက်ပေါ်လာသည်။

ရီဖူရှင်း၏ မဟာလမ်းစဉ်နတ်ဝင်ရိုးများက ယနေ့ရှိနေခဲ့သော ရန်ဟောင်အားလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ပြိုင်ဘက်ကင်းပေသည်။ ထို့ကြောင့် အင်အားစုအမျိုးမျိုးမှ လူများမှာ ထိုကိစ္စနှင့် ပတ်သတ်၍ အတွေးတချို့ ရှိကြပေသည်။ ပျက်စီးခြင်းနတ်နန်းတော်မှ တန်ခိုးရှင်များပင် ရီဖူရှင်းကို အံ့အားတသင့်နှင့် ကြည့်နေကြသည်။

ပျက်စီးခြင်းနတ်နန်းတော်မှ ‘ပျက်စီးခြင်း’ သည် ရီဖူရှင်း၏ ပုံရိပ်ကို စူးစိုက်စွာ ကြည့်နေ၏။ သို့သော်လည်း သူ၏ ကျင့်ကြံဆင့်နှင့် အဆင့်အတန်းအရ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့အား စိန်ခေါ်လျှင်ပင် ရီဖူရှင်းကို စိန်ခေါ်လိမ့်မည် မဟုတ်ပေ။ ထိုသည်မှာ ရီဖူရှင်းက အဆင့်မြင့်ရန်ဟောင်သို့ ခြေမချနိုင်ခင်အထိ ဖြစ်သည်။

“လိပ်နတ်ဘုရားကျွန်းစုမှာတုန်းက ကျုပ်တို့ တိုက်ပွဲ မပြီးသေးဘူး။ ကျုပ်တို့ နောက်တစ်ခါထပ်တိုက်ကြရင်ရော။ ကျုပ်ဘက်က စိတ်မရှိပါဘူး။” ရီဖူရှင်းက ခေါင်းကိုမော့ကာ အထင်အမြင်သေးခြင်းနှင့် ခြိမ်းခြောက်မှုတို့ ပါဝင်နေသော အမူအရာတို့နှင့် လင်းဟန်ထံသို့ ကြည့်လိုက်သည်။ ထိုမျက်လုံးများက လင်းဟယ်အား စိတ်မသက်မသာဖြစ်စေပြီး သူ့အား နောက်တစ်ခါ တိုက်ခိုက်ရန် သွေးဆောင်နေသည်။

သို့သော်လည်း သူသည် ယခင်တစ်ကြိမ်က အကြီးအကျယ် ထိခိုက်ခံစားခဲ့ရပြီး ဖြစ်သည်။ အဆုံးတွင် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များက ရီဖူရှင်းအား ရပ်တန့်ရန် ဝင်ရောက်စွက်ဖက်ခဲ့ရသည်။ သူတို့ ယနေ့ တဖန် တိုက်ခိုက်ကြပြီး သူက နောက်ထပ် ရှုံးနိမ့်သွားလျှင် မည်သို့ ဖြစ်မည်နည်း။

ထိုသို့ဖြစ်ခဲ့လျှင် သူ၏ ဂုဏ်သိက္ခာကို မည်ကဲ့သို့ ဆက်လက် ထိန်းသိမ်းရပါမည်နည်း။

အဆုံးမှာတော့ သူသည်လည်း တုန်းဟွာကျောင်းတော်၏ ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

လင်းဟယ်က ချက်ချင်း ပြန်မဖြေသောကြောင့် ရီဖူရှင်းက သူ့အား ဆက်ကြည့်နေပြီး လူတိုင်းကလည်း သူ့အဖြေကို စောင့်ဆိုင်းနေကြသည်။ အလွန် ကိုးယို့ကားယားနိုင်သော ခံစားချက်များနှင့် သူက ပြောလိုက်၏။ “လိပ်နတ်ဘုရားကျွန်းစုမှာ တိုက်ခိုက်တုန်းက ရလဒ်ကို ဆုံးဖြတ်ပြီးခဲ့ပြီ။ နောက်ထပ် တိုက်ပွဲတစ်ခု မလိုအပ်တော့ဘူး။”

ရီဖူရှင်းက သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် လင်းဟယ် ရပ်နေသောနေရာနှင့် မနီးမဝေးမှ တန်ခိုးရှင်တစ်ယောက် ထွက်လာသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် ငယ်ရွယ်ပုံပေါ်သည်။ သူ၏ ကျင့်ကြံဆင့်က လင်းဟယ်နှင့်အတူတူဖြစ်ပြီး ထူးခြားသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

သူ၏ ထွက်ပေါ်လာမှုက တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများကို အံ့အားသင့်စေသည်။ ရီဖူရှင်းအား ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည့် လိန်ချင်းဟန်သည်လည်း အံ့သြသော အမူအရာတို့ ထုတ်ဖော်ပြသလာသည်။

ကောင်းကင်ဓား လိန်ခွမ်ရှန်းနှင့် လီချန်ရှန်းတို့က အတူအကွ ရှိနေကြပြီး သူတို့သည်လည်း ထိုသူအား သတိပြုမိကြပေသည်။ သူက တုန်းဟွာကျောင်းတော်တွင် အလွန် ကျော်ကြားပြီး သူ၏ ခွန်အားက လင်းဟယ်ထက် သာလွန်သည်။

“ဂရုစိုက်။ ဒီလူကို ခုန်းရှောင်းလို့ ခေါ်တယ်။ သူက တုန်းဟွာကောင်းကင်ရဲ့ ဂျူနီယာတန်းထဲမှာ အစွမ်းထက်သူတစ်ယောက်ပဲ။ ပြောကြတာတော့ သူက ဥဒေါင်းနတ်ဆိုးရဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတယ်တဲ့။ သူက တုန်းဟွာကျောင်းတော်က လူတွေထဲမှာ အရမ်း အစွမ်းထက်တဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ တိုက်ပွဲစွမ်းရည်က လင်းဟယ်ရဲ့ အထက်မှာ ရှိတယ်။” လိန်ခွမ်ရှန်းက ရီဖူရှင်းအား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

ရီဖူရှင်းက လမ်းလျှောက်လာသူကို မော့ကြည့်လိုက်သည်။ ထိုသူက ရှေးဟောင်းတောင်ထွတ်၏ အရှေ့သို့ မျောလွင့်လာပြီးနောက် ဝင်္ကပါဖြင့် လွှမ်းခြုံခံထားရသော နေရာသို့ ရောက်လာခဲ့၏။ သူက လမ်းစဉ်ဖွေရှာစင်မြင့်ထက်တွင် ရပ်လိုက်ကာ ရီဖူရှင်းကို ကြည့်၍ ပြောလိုက်သည်။ “ကျုပ် နာမည် ခုန်းရှောင်း။ တုန်းဟွာကျောင်းတော်ရဲ့တပည့်တစ်ယောက်ပဲ။ ကျုပ်ရဲ့ ကျင့်ကြံဆင့်က အဆင့်ငါးမှာ ရှိတယ်။ အင်ပါယာရီမှာ ထူးခြားသာလွန်တဲ့ တိုက်ပွဲစွမ်းရည်ရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ ဒီနေ့ နတ်ကြေးမုံရှေ့မှာ ခင်ဗျားရဲ့ နတ်ဝင်ရိုးက အဆင့်မြင့်ဆုံးတွေထဲက တစ်ခုဖြစ်တယ်လို့ ပြသခဲ့တာကြောင့် ကျုပ်က အင်ပါယာရီရဲ့ လမ်းစဉ်ကို တွေ့ကြုံခံစားကြည့်ချင်မိတယ်။”

ခုန်းရှောင်းက ရီဖူရှင်းအား စိန်ခေါ်ရန် ရောက်လာသည်ကို ကြည့်ကာ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများ၏ အကြည့်တို့ ပိုမိုလေးနက်လာသည်။ သူ့ အရည်အချင်းအရ ခုန်းရှောင်းသည် တုန်းဟွာကျောင်းတော်မှ တပည့်များအားလုံးကြား ထိပ်သီးငါးယောက်ကြား သေချာပေါက် အဆင့်ဝင်ပေလိမ့်မည်။ သူသည် ယခင်က သူ၏ နတ်ဝင်ရိုးကို စမ်းသပ်ခဲ့ဖူးကာ အဆင့်လေးတွင် ရှိနေကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် တုန်းဟွာကျောင်းတော်မှ စီနီယာများသည် ခုန်းရှောင်း၏ နတ်ဝင်ရိုးက အဆင့်ငါးအထိ မြင့်တက်လာနိုင်သော အခွင့်အရေးရှိကာ ပို၍ သန်မာလာနိုင်သည်ဟု ယုံကြည်ကြသည်။ ထို့အပြင် သူသည် နင်ဟွာ၏ ခြေလှမ်းအတိုင်း လိုက်နိုင်စွမ်းရှိသည်အထိ ထူးချွန်ကာ နောက်ထပ် ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် အဆင့်မြင့်ရန်ဟောင်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြသည်။

ခုန်းရှောင်းက ရီဖူရှင်းကို စိန်ခေါ်ရန် ထွက်လာသောအခါ လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။

သူ၏ စကားများကို ကြားပြီးနောက် ရီဖူရှင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများရှိရာသို့ လှည့်ကြည့်လိုက်သည်။ လီချန်ရှန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “တုန်းဟွာကျောင်းတော်က တုန်းဟွာနယ်မြေအတွင်းမှာ ထိပ်တန်းကျောင်းတော်တစ်ခုပဲ။ ဒီနေရာမှာ အရည်အချင်းရှိတဲ့ တန်ခိုးရှင်တွေနှင့် ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ဒါက ကြုံတွေ့ဖို့ ခက်ခဲတဲ့ အခွင့်အရေးတစ်ခုပဲ။ လျှို့နျန် မင်းမှာ အခွင့်အရေးရလာပြီဆိုတော့ ဘာလို့ အချင်းချင်း ပညာမဖလှယ်ရမှာလဲ။”

“ကောင်းပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ခုန်းရှောင်း၏ လေထဲမှ ပုံရိပ်ကို မော့ကြည့်ကာ သူက ပြောလိုက်၏။ “ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ။”

“ကျေးဇူးပြုပြီး…” ခုန်းရှောင်းက ပြန်ဖြေလိုက်သည်။ သူ့နှုတ်ဖျားမှ စကားများ ထွက်ပေါ်လာသည့်အခါ ကောင်းကင်နှင့်မြေကြီးအကြား အစိမ်းရောင်နတ်အလင်းတန်းများ ပေါ်ပေါက်လာပြီး ထိုလေဟာနယ်တစ်ခုလုံးကို အရောင်စွန်းသွားစေသည်။ ခုန်းရှောင်း၏ ခန္ဓာကိုယ်မှ နတ်အလင်းတို့ စီးဆင်းလာပြီး သူ့ခန္ဓာကိုယ်က နတ်ခန္ဓာတစ်ခုကဲ့သို့ တောက်ပလာ၏။

“ဂရုစိုက်။ ခုန်းရှောင်းက အလွန် အစွမ်းထက်သော ခွန်အားနှင့် အရှိန်ကို ပိုင်ဆိုင်ထားပြီး ပုံရိပ်ယောင်စွမ်းရည်မှာ ကျွမ်းကျင်တယ်။” လိန်ခွမ်ရှန်းက ရီဖူရှင်းအား စိတ်ပူနေသည့်အတွက် သတိပေးလိုက်သည်။

အစိမ်းရောင်နတ်အလင်းများက ကျယ်ပြောသော နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး လေဟာနယ်က တွန့်လိမ်ရှုံ့တွလာသလို ထင်မှတ်ရသည်။

ဘုန်း…

အစိမ်းရောင် အလင်းတန်းများကို လိုက်ကာ ခုန်းရှောင်း၏ ခန္ဓာကိုယ်က အစအနပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ ရီဖူရှင်းက သူ့လက်ကို မြောက်ကာ လက်သီးတစ်ချက် ထုတ်လွှတ်လိုက်သည်။ ရွှေရောင်နတ်အလင်းတို့ လင်းလက်လာကာ နတ်ဆင်အော်မြည်သံခပ်တိုးတိုး ထွက်ပေါ်လာသည်။ နတ်ဆင်က လေဟာနယ်ကို အက်ကွဲသွားစေကာ သူ၏ မဟာလမ်းစဉ်က အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟု ထင်မှတ်ရပေသည်။

ခရက်….

ထိတ်လန့်ဖွယ် အသံတစ်ခုက ပဲ့တင်ထပ်လာသည်။ လေဟာနယ်က တစစီကွဲထွက်သွားသလို ထင်မှတ်ရသည်။ ရီဖူရှင်းက နောက်သို့ ဆုတ်ခွာသွားရပြီး ထိုအစိမ်းရောင်နတ်အလင်းတို့က လျှပ်စီးကဲ့သို့ သူ့ထံ တိုးဝင်လာသည်။ ရီဖူရှင်းသည် နှိုင်းယှဉ်မရသော ဖျက်ဆီးခြင်းစွမ်းအားကို ခံစားမိသည်။

ရီဖူရှင်းက လေထဲသို့ အဆောတလျင်ဆုတ်ခွာကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။ နတ်ဆင်က သူ့အနီးတွင် ထွက်ပေါ်လာကာ မဟာလမ်းစဉ် အသံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာသည်။ သူသည် လွှမ်းမိုးနိုင်သော ခွန်အားများကို စုစည်းထားပြီး သူ၏ မျက်လုံးများက အနည်းငယ် နတ်ဆိုးဆန်လာသည်။ သူသည် ထိုအစိမ်းရောင်အလင်းတန်းများကို ဟန့်တားရန် လုပ်ဆောင်လိုက်၏။ ပြင်းထန်လှသော အရှိန်နှင့် သူက နောက်ထပ် လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် နောက်ထပ် ပြင်းထန်သော ထိခတ်မှုကို ဖြစ်ပေါ်လာစေ၏။

အစိမ်းရောင်အလင်းများက ကောင်းကင်နှင့် မြေကြီးကြားတွင် လှည့်ပတ်နေပြီး လေဟာနယ်တစ်ခုလုံးကို သီးခြားခွဲထုတ်နေ၏။ လေဟာနယ်သည် အစိမ်းရောင်နတ်အလင်းများအောက်တွင် မူလအနေအထားမှ ပျက်ယွင်းသွားသည်။ ခုန်းရှောင်း၏ ခန္ဓာကိုယ်က အစိမ်းရောင်အလင်းအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ သူက အဆက်မပြတ်တိုက်ခိုက်မှုများကို ပြုလုပ်ရင်း သူ့ပုံရိပ်က နေရာအနှံ့တွင် ရှိနေသလို ထင်မှတ်ရပေသည်။

လူအုပ်ကြီးသည် ထိုသူနှစ်ယောက်က စက္ကန့်ပိုင်းအတွင်း မရေတွက်နိုင်အောင် တိုက်ခိုက်မှု ပြုလုပ်နေကြသည်ကိုသာ မြင်နိုင်သည်။ သူတို့ လိုက်ကြည့်ရန်အတွက် ထိုနှစ်ယောက်၏ တိုက်ခိုက်မှုက အလွန် မြန်ဆန်နေခဲ့သည်။ ရီဖူရှင်းက နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရသည်။ လေဟာနယ်ကို ထိုးဖောက်သည့် ထိုအစိမ်းရောင်အလင်းတို့ကို လိုက်ကာ နောက်ထပ် ကျယ်လောင်သော ထိခတ်သံကြီး ပဲ့တင်ထပ်လာပြန်သည်။ တိုးသက်သည့် အသံနှင့်အတူ ရီဖူရှင်း၏ ခန္ဓာကိုယ်က လမ်းစဉ်ဖွေရှာစင်မြင့်ထက်သို့ ဆင်းသက်လာသည်။

နှစ်ဖက်လုံးမှ သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။ ရီဖူရှင်းက လေထဲတွင် ရပ်နေသည့် ခုန်းရှောင်းကို မော့ကြည့်လိုက်သည်။ သူတို့အနီး လေဟာနယ်က အစိမ်းရောင်လောကတစ်ခုအဖြစ် ပြောင်းလဲသွား၏။ နတ်အလင်းတို့ လှည့်ပတ်နေကာ ခုန်းရှောင်းက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။ သို့သော်လည်း သူ၏ တိုက်ခိုက်မှုတိုင်းက လူတစ်ယောက်ကို ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။ ထိုအဆက်မပြတ်တိုက်ခိုက်မှုများသည် ရီဖူရှင်း၏ လက်မောင်းများကိုပင် ထုံကျင်လာစေသည်။ ထိုစွမ်းအားများက သူ့လက်မောင်းအတွင်း ဝင်ရောက်လာကာ သူ့လက်၊ ခန္ဓာကိုယ်နှင့် လမ်းစဉ်ကိုပင် ဖျက်ဆီးပစ်လိုနေ၏။

“ခုန်းရှောင်းရဲ့ တိုက်ခိုက်မှုက တကယ့်ကို ထူးချွန်ပြောင်မြောက်တာပဲ။” တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများက သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ချီးမွမ်းလိုက်ကြသည်။

“သူနဲ့ အဆင့်တူတဲ့ လူမှမဟုတ်ရင် သူတို့က ခုန်းရှောင်းရဲ့ တိုက်ခိုက်မှုတစ်ခုကိုတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဒီလူက ခုန်းရှောင်းလောက် ကျင့်ကြံဆင့်မရှိပေမယ့် အခုထိ မထိခိုက်ဘဲ ရှိနေတုန်းပဲ။ သူက တကယ် အစွမ်းထက်တယ်။” တစ်စုံတစ်ယောက်က ချီးမွမ်းလိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset