ထိုအချိန် ပိုင်မျိုးနွယ်စုထဲတွင် တိတ်ဆိတ်လျက်ရှိသည်။ လတ်တလောတွင် ပိုင်ဟောက်၏ ဖြစ်ရပ်က ကပ်ကြီးတစ်ခုအလား ဖြစ်နေသည်။
ပျံ့နှံ့နေသော ကောလဟလများကြောင့် မျိုးနွယ်စုတစ်ခုလုံးမှာ ရတက်မအေးနိုင်အောင် ဖြစ်နေကြသည်။ ပိုင်ဟောက်က သစ္စာဖောက်ကာ ပိုင်ချီကိုသတ်ပြီး နတ်ဝိညာဥ်ကို ခိုးယူ၍ မျိုးနွယ်စုခေါင်းဆောင်ကို ဖမ်းထားသည့်အပြင် သူ့နောက်သို့ လိုက်သည့် တိုက်ရိုက်သွေးမျိုးဆက်အဖွဲ့ဝင်အများအပြားကိုလည်း သတ်ပစ်ခဲ့သည်။
မျိုးနွယ်စုထဲရှိ လူတိုင်းမှာ ရင်တမမဖြစ်နေကြရပြီး အထူးသဖြင့် ခေါင်းဆောင်ပိုင်းမှ ရာထူးမြင့် ပုဂ္ဂိုလ်များ ဖြစ်သည်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဖြစ်ကြရာ သွေးနှောမျိုးဆက်များသည် တိုက်ရိုက်သွေးမျိုးဆက်များအား ဤကိစ္စကို အသုံးချ၍ ပေါ်တင် ရှုတ်ချပြောဆိုကြသည်။
“ပိုင်ဟောက်က ပိုင်မျိုးနွယ်စုရဲ့ အဖိုးတန်သား အစစ်ပဲ။ မင်းတို့ တိုက်ရိုက်သွေးမျိုးဆက်အဖွဲ့ဝင်တွေက သူ့ကို သစ္စာဖောက်ဖြစ်အောင် တွန်းပို့လိုက်ကြတာ။”
“သူက ကောင်းကင်ဘုံရဲ့ လက်ရွေးစင် အစစ်အမှန်ပဲ။ သူသာ မျိုးနွယ်စုထဲမှာ ရှိနေသေးရင် ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ပြီးတော့ ငါတို့ရဲ့ မျိုးနွယ်ကို မကြုံဖူးတဲ့ အမြင့်တစ်ခုထိ ဆွဲခေါ်ပေးနိုင်မှာ။ ”
ဤကဲ့သို့ အပြောမျိုးကလည်း ပို၍ များပြားလာသည်။ ပိုင်ဟောက်က သူ့ဘာသာ ပို၍ ထင်ပေါ်လာလေလေ၊ တိုက်ရိုက်သွေးမျိုးဆက်များမှာ ပို၍ အရှက်ရကာ သူ့ကို ပိုသတ်ချင်လေ ဖြစ်သည်။ ကံမကောင်းစွာဖြင့် လက်ရှိတွင် မည်သို့မျှ မတတ်နိုင်ပေ။
အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့် မျိုးနွယ်စုအကြီးအကဲ အချို့အား သတ်ပြီးဖြစ်သည်ကို တွေးကြည့်လျှင် အခြားမည်သူက မည်သို့လုပ်နိုင်ပါဦးမည်နည်း။ နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ရှိ မျိုးနွယ်စုအကြီးအကဲအချို့က သူ့ကို ဖမ်းဆီးရန် ကြိုးစားကြည့်သေးသော်လည်း တစ်ယောက်မှ မအောင်မြင်သေးပေ။ တိုက်ရိုက်သွေးမျိုးဆက်များမှာ လုံးဝ ဖရိုဖရဲဖြစ်နေကြလေသည်။
တရားစီရင်ရေးခန်းမအကြီးအကဲမှာ တိုက်ရိုက်သွေးမျိုးဆက်မဟုတ်သည့်အပြင် ခေါင်းဆောင်ကြီး၏ ပိုင်ဟောက်အား ရှာဖွေရန် လူလွှတ်ခိုင်းသည့် အမိန့်ကို နာခံသော်လည်း သူ့ကို မဖမ်းနိုင်ခြင်းသည် အမှန်တကယ်တော့ တိုက်ရိုက်သွေးမျိုးဆက်များ၏ အမှားသာဖြစ်ကြောင်း သိသာနေသည်။
သခင်မချိုင်သည် မျိုးနွယ်စုထဲမှ အခြေအနေကို စစ်ဆေးကြည့်ရာတွင် ခါးသီးမှုနှင့် စိတ်ပျက်ခြင်းများပါ ခံစားနေရသည်။ ယခင်ကမူ ပိုင်ဟောက်ကဲ့သို့ ဘာမဟုတ်သည့် လူတစ်ယောက်က ဤသို့သော ပွက်လောရိုက်ခြင်းမျိုးကို ဖြစ်ပေါ်စေလိမ့်မည်ဟု စိတ်ကူးရန်ပင် မဖြစ်နိုင်ခဲ့ပေ။
သူ့သားမှာ အသတ်ခံရပြီး ခင်ပွန်းမှာ အဖမ်းခံထားရသောကြောင့် သူ့ နှလုံးသားမှာ ပေါက်ကွဲထွက်တော့မတတ် ခံစားနေရသည်။ တချိန်တည်းမှာပင် ပိုင်ဟောက်အပေါ်ထားရှိသော သူ၏ အမုန်းတရားများမှာ ဖော်ပြ၍ပင် မရနိုင်တော့ပေ။
မျိုးနွယ်စုထဲတွင် နတ်အဆင့်ခေါင်းဆောင်ကြီးသာ ရှိမနေလျှင် ရန်ပွဲများ ဖြစ်ပြီးဖြစ်နေလိမ့်မည်။ ထို့ကြောင့်သာ ပြဿနာအားလုံးက နောက်ကွယ်တွင်သာ ဖြစ်နေခြင်းဖြစ်သည်။
အရေးအကြီးဆုံးမှာ နတ်အဆင့်ခေါင်းဆောင်သည် ဤကိစ္စနှင့် ပတ်သက်၍ သူ၏ အမြင်ကို ထုတ်မပြောသေးခြင်းဖြစ်သည်။ သွေးနှောမျိုးဆက်များသည် နတ်အဆင့်ခေါင်းဆောင်ကြီးက မည်သူ့ဘက် လိုက်မည်နည်းဟု စောင့်ကြည့်နေကြသည်။ ထိုအချက်က အဓိကအဖြေထုတ်ပေးမည် ဖြစ်သည်။ သို့သော် လက်ရှိတွင် နတ်အဆင့် ခေါင်းဆောင်ကြီးသည် မျိုးနွယ်စုထဲတွင် ဖြစ်ပျက်နေသမျှကို အာရုံစိုက်ရန် စိတ်မဝင်စားပေ။
အမှန်တွင် သူသည် မျိုးနွယ်စုခေါင်းဆောင် အဖမ်းခံရသည်ကိုပင် တကယ် ဂရုမစိုက်ပေ။ မျိုးနွယ်စုသာ ရပ်တည်နိုင်ဆဲ ဖြစ်လျှင် သူက ကျေနပ်ပြီဖြစ်သည်။ အဆိုးဆုံးအခြေအနေတွင် သူသည် မျိုးနွယ်စုခေါင်းဆောင်အသစ်ကို ရွေးရမည်သာဖြစ်သည်။
ဟုတ်သည်။ သူ့စိတ်ထဲရှိ အဓိကအရာမှာ ပိုင်ဟောက်သာ ဖြစ်သည်။
” အသုံးမကျတဲ့ကောင်တွေ။ မျိုးနွယ်စုတစ်ခုလုံး လှုပ်ရှားတာတောင် ပိုင်ဟောက်ကို ပြန်မခေါ်နိုင်ဘူးဆိုတာ မယုံနိုင်အောင်ပဲ။ ”
ခေါင်းဆောင်ကြီးသည် သူ၏ မြေအောက်ခန်းထဲ၌ ထိုင်နေစဥ် သူ့မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားသည့် အကြည့်များ ပေါ်လာသည်။
“ငါ ဆက်မစောင့်နိုင်တော့ဘူး။ အရမ်းကြာသွားပြီး သရဲကြီးဘုရင်က နှောင့်ယှက်လိုက်ရင် အဖိုးတန် အခွင့်အရေးတစ်ခုကို လွတ်သွားလိမ့်မယ်။ ငါ စွန့်စားရလိမ့်မယ်ထင်တယ်။”
သူ အံကြိတ်ကာ ထရပ်လိုက်သည်။
သူ့ဘေးပတ်လည်ရှိ တဖျပ်ဖျပ်လက်နေသော ဖယောင်းတိုင် ၇ချောင်းမှ အစိမ်းရောင် မီးခိုးများကို လှည့်ပတ်ကြည့်ရှုနေချိန်တွင် သူ့မျက်လုံးထဲမှာ ထူးဆန်းနက်နဲသော အရိပ်အယောင်များ တွေ့ရသည်။ တခဏမျှ ကြာသွားလျှင် အသက်ကို ပြင်းပြင်းရှူကာ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။
ထိုခြေတစ်လှမ်းက အခန်းထဲ သူ့ဘေးပတ်လည်မှ လေထုကို လှုပ်ခတ်သွားစေသည်။ ဖယောင်းတိုင် ၇ချောင်းမှ မီးတောက်များသည် လှုပ်ရှားကခုန်လျက်ရှိပြီး မကြာမီမှာပင် ငြိမ်းသွားလေသည်။
တွေဝေနေခြင်းမရှိဘဲ ခေါင်းဆောင်ကြီးက မီးတောက်များ ပျောက်ကွယ်သွားပြီဖြစ်သည့် ဖယောင်းတိုင်များဖြင့် ဖန်တီးထားသော မန္တန်အစီအရင်ကို ကျော်ကာ လှမ်းလိုက်သည်။
ထိုအချိန်တွင် ခေါင်းဆောင်ကြီး၏ အတွင်းထဲမှ အရိုးချင်းပွတ်တိုက်နေသကဲ့သို့ အက်ကွဲသံများ ကြားနေရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရှုံ့တွနေသည့် အရေးအကြောင်းများ ပျောက်ကွယ်သွားပြီး လူလတ်ပိုင်းအရွယ် ဖြစ်သွားသည်။
အံ့ဩဖွယ် ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး သူ့မျက်လုံးများက မိုးကြိုးသွားအလား တောက်ပသွားသည်။ သူရပ်နေသည့်ပုံစံမှာ သူ့ကို ကောင်းကင်စိတ်ဆန္ဒ၏ သံတမန်အလား ထင်ရစေသည်။
“ငါ့ရဲ့ အသက်ချုပ်နှောင်ဖယောင်းတိုင် ၇ချောင်းက ငါ့ရဲ့ သက်တမ်းကို လက်ရှိအချိန်မှာ ချုပ်ထားပေးပြီးတော့ နည်းနည်းကြာကြာနေရအောင် လုပ်ပေးထားတာ။ ကံဆိုးတာက အဲဒါတွေကို တစ်သက်မှာ တစ်ခါပဲ သုံးလို့ရတယ်။ ပိုင်ဟောက်၊ ငါ့ကို စိတ်ပျက်အောင် မလုပ်တာကောင်းမယ်။
သူ့ မျက်လုံးများမှာ မုန်းတီးခြင်းများဖြင့် တောက်ပနေပြီး သူ့ရှေ့ရှိ လေထုကို အပေါက်ဖြစ်သွားအောင် ဖြဲလိုက်ကာ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
တချိန်တည်းမှာပင် မိုးကြိုးပုလဲသည် ပိုင်မျိုးနွယ်စု၏ အပေါ်ရှိ ကောင်းကင်ကို ရိုက်ခတ်သွားသည်။
ပိုင်မျိုးနွယ်စုနှင့် အတန်ငယ်ဝေးသောနေရာတွင် ပိုင်ရှောင်ချန်းသည် လေဟုန်ခွင်းလျက် အရှိန်ဖြင့် သွားနေသည်။ လတ်တလောတွင် သူသည် ပိုင်မျိုးနွယ်စုဝင် အတော်များများကို သတ်ခဲ့ပြီးဖြစ်ကာ သူက စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့်မဟုတ်ဘဲ သူ့ကို ဝိုင်းထားကာ ချောင်းမြောင်းတိုက်ခိုက်ခြင်းကြောင့်သာဖြစ်သည်။
ပိုင်ရှောင်ချန်းက ပြန်လည်တိုက်ခိုက်လျှင် သေသည်အထိ တိုက်ခိုက်သူဖြစ်သည်။ သူသည် မျိုးနွယ်စုအကြီးအကဲ ၃ယောက်အထိ သတ်ခဲ့ပြီး ဖြစ်သည်။ ယခုအချိန်တွင် သူသည် သရဲကြီးမြို့ပိုက်နက်ဟု ယူဆရသည့် နယ်နိမိတ်နားသို့ ရောက်လာပြီဖြစ်သည်။
ထိုအချိန်တွင် သူ့မျက်နှာသည် နီရဲနေကာ ပျံသန်းနေစဥ်တစ်လျှောက်တွင် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်ခြင်းကို ဆက်တိုက်လုပ်ဆောင်ကာ သူ့လက်များဖြင့် သူ့ကိုယ်သူ ရိုက်လာခဲ့သည်။ ဤသည်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ရှိစဥ်က ကျင့်ကြံခဲ့သော လျှို့ဝှက်မှော်သိုင်းတစ်မျိုးဖြစ်ကာ အမှတ်အသားများကို ပယ်ဖျက်ရာ၌ အသုံးဝင်လေသည်။
သူ့ကိုယ်ပိုင် ချီနှင့် သွေး၏ စွမ်းအင်များကို အသုံးပြု၍ သူ့အတွင်းထဲရှိ အမှတ်အသားအားလုံးကို ဖယ်ရှားခြင်းဖြစ်သည်။ ထိုနည်းမှာ ကောင်းကောင်းအလုပ်လုပ်သော်လည်း အမှတ်အသားများ၏ စွမ်းအားမှာ အရေးကြီးသည့် အချက်ဖြစ်သည်။ အားပျော့လျှင် အလွယ်တကူ ဖယ်ရှားနိုင်သော်လည်း စွမ်းအားကြီးလျှင် နှစ်ချီကြာနိုင်သည်။
နောက်တစ်ချက်မှာ ဖယ်ရှားသူ၏ ချီနှင့် သွေးများ၏ စွမ်းအားဖြစ်သည်။
ကံကောင်းစွာဖြင့် ပိုင်ရှောင်ချန်းသည် ချီနှင့် သွေးများ သန်စွမ်းသူဖြစ်သည်။ ဤလျှို့ဝှက်မှော်သိုင်းကို ရက်အတန်ကြာ အသုံးပြုပြီးနောက် အကျိုးသက်ရောက်မှု ရှိလာခဲ့သည်။ သရဲကြီးမြို့နယ်စပ်နှင့် အလွန်နီးကပ်လာသည့် တစ်နေရာတွင် ရုတ်တရက် ရပ်ကာ သွေးတစ်ပွက်အန်လိုက်လေသည်။
ဤသွေးများမှာ အနီရောင် မဟုတ်ဘဲ အညိုရောင်ဖြစ်လေသည်။ သူ့ပါးစပ်မှ ထွက်လာသည်နှင့် သွေးများသည် လေထဲတွင် လှည့်ကာ ပိုင်မျိုးနွယ်စု၏ နတ်အဆင့်ခေါင်းဆောင်ကြီး၏ မျက်နှာနှင့် ခေါင်းပုံစံဖြစ်ပေါ်လာသည်။ မျက်နှာသည် မကောင်းကြံတော့မည့် ပုံစံနှင့် ခဏတာ စိုက်ကြည့်သွားပြီးနောက် ပျောက်ကွယ်သွားလေသည်။
ပိုင်ရှောင်ချန်းသည် နှုတ်ခမ်းတွင် ကျန်နေသော သွေးများကို သုတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ အတော်ကြာလျှင် သူသည် လုံးဝလွတ်လပ်ကာ သန့်ရှင်းသွားသည်ဟု ခံစားလိုက်ရသည်။
“နောက်ဆုံးတော့ ငါ အဲဒီအမှတ်အသားစုတ်ကို ဖယ်နိုင်ခဲ့ပြီလေ။”
သူ စိတ်သက်သာရာရကာ ပို၍ တက်ကြွလာပြီး ဆက်သွားလေသည်။
“အများဆုံး ၄နာရီပဲ။ အဲဒါဆို ကန္တာရထဲက ထွက်လို့ရပြီ။ ဒါဆို ပိုင်မျိုးနွယ်စုက ငါ့ကို ဘယ်တော့မှ ရှာလို့တွေ့မှာ မဟုတ်ဘူး။ ခုဆို အမှတ်အသားကိုလည်း ဖယ်လိုက်ပြီ။”
သူဆက်သွားနေစဥ် ပိုင်ဟောက်၏ မှတ်စုများကို အိတ်ထဲမှ ဆွဲထုတ်လိုက်ပြီး လေ့လာကြည့်လိုက်သည်။ ဤမှတ်စုများသည် ပိုင်ဟောက်၏ တစ်သက်စာ အလုပ်များဖြစ်ကာ နိမိတ်ဖတ်ပညာရပ်အပြည့်အစုံနှင့်တကွ ဝိညာဥ်၊ ရောင်ခြယ်မီးတောက်တို့နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ပါဝင်သည်။
ပိုင်ရှောင်ချန်းသည် ပြီးခဲ့သော ရက်များတွင် မကြာမကြာ ထုတ်၍ လေ့လာခဲ့ပြီး ကြည့်တိုင်းလည်း ထူးခြားသည့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။ တချိန်တည်းမှာပင် ပိုင်ဟောက် အသတ်ခံလိုက်ရသည့်အချက်ကို အမြဲလို သက်ပြင်းချနေမိသည်။
“အဲဒီကလေးက မယုံနိုင်လောက်အောင် ပါရမီရှိတာ။ သူသာ သက်ရှိထင်ရှား ရှိခဲ့မယ်ဆိုရင် ငါ့တပည့်အနေနဲ့ သူ့ နိမိတ်ဖတ်နည်းကို တိုက်ရိုက် ကူညီပေးလို့ရတယ်။ သူ့အကူအညီနဲ့သာဆို ဟိုဟိုဒီဒီသွားပြီး ဖန်တီးနည်းတွေ ရှာစရာလိုမှာ မဟုတ်ဘူး။ ငါတို့ တူတူ ဖန်တီးလို့ရတယ်။”
သူက သက်ပြင်းချကာ အရှိန်ကို မြှင့်လိုက်သည်။
ပိုင်ရှောင်ချန်းက သူ့ခန္ဓာကိုယ်ထဲမှ အမှတ်အသားကို ဖယ်ရှားနိုင်လိုက်သည့်အချိန်တွင် အတန်ငယ်ဝေးသောနေရာရှိ ဝိညာဥ်သင်္ဘောတစ်ခုပေါ်၌ သာမန်ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူ အဘိုးအိုတစ်ယောက်သည် လေဟုန်ခွင်းကာ ပျံသန်းလျက်ရှိသည်။ ရုတ်တရက် အဘိုးအို၏ မျက်နှာပျက်သွားကာ ဆက်မသွားတော့ပေ။
အဘိုးအိုသည် ပိုင်ရှောင်ချန်းနောက်သို့ လိုက်နေသော နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ရှိ တိုက်ရိုက်သွေးမျိုးဆက်တစ်ယောက်ဖြစ်သည်။ ပိုင်ရှောင်ချန်းကို အမှန်တကယ် လိုက်မီနိုင်ရန် မျှော်လင့်ချက်ရှိသည့် တိုက်ရိုက်သွေးမျိုးဆက်ထဲမှ နောက်ဆုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ စောစောက ပိုင်ရှောင်ချန်းကို ခြေရာခံနိုင်သည့် နတ်ဘုရားဆန္ဒ အမှတ်အသား ရုတ်တရက် ပျောက်ကွယ်သွားသည်။
မြေရိုင်းဒေသသည် အကျယ်ကြီးဖြစ်ရာ အမှတ်အသားမရှိလျှင် ပိုင်ရှောင်ချန်းကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။ အဘိုးအိုသည် သူသွားနေသည့် ဦးတည်ရာအတိုင်း အမြန်ဆုံး ပျံသန်းလာခဲ့သော်လည်း ပိုင်ဟောက်သည် ထိုနေရာတွင် ထိုင်စောင့်နေသည်အထိ မိုက်မဲလိမ့်မည်ဟု မမျှော်လင့်ပေ။
မကြာမီမှာပင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ အဘိုးအိုသည် အမှတ်အသား နောက်ဆုံးရှိနေခဲ့သည့် နေရာသို့ ရောက်သွားကာ လှည့်ပတ်ကြည့်သော်လည်း ဘာမျှ မတွေ့ရပေ။ ထို့အပြင် သူ၏ သားကောင်သည် မည်သည့်ဘက်သို့ ဦးတည်သွားသည်ဟု ဖော်ပြနိုင်သည့် အရာမျိုးလည်း မရှိပေ။
“အနောက်ကိုသွားရင် ကန္တာရ။ မြောက်ဘက်ကို သွားရင် ထာဝရရေခဲမြစ်။ အရှေ့ဘက်ကို သွားရင် နန်းမြို့တော်။ ပိုင်ဟောက်က ဘယ်ဘက်ကိုများ သွားတာလဲ…။”
ထိုအချိန်နွင် နတ်အဆင့် ခေါင်းဆောင်ကြီးသည် အလွန်တင်းမာနေသောအမူအရာဖြင့် လေထဲမှ ပျံသန်းလာေနသည်။
“မင်း ငါ့ရဲ့ အမှတ်အသားကို ဖျက်ပစ်လည်း အရေးမကြီးဘူး။ နတ်တွေဆိုတာ…မင်းတွေးထားတာထက်ပိုပြီး လုပ်နိုင်တယ်။ ငါ ရှာမတွေ့နိုင်တဲ့နေရာကို ပြေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ”
သူ၏ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်ကို သိသာစွာ အိုမင်းသွားစေပြီး တချိန်တည်းမှာပင် သူ့ရှေ့ရှိ လေထုထဲတွင် လှိုင်းတွန့်များ ဖြစ်ပေါ်သွားပြီး ထိုလှိုင်းတွန့်များသည် မျက်နှာပြင်တစ်ခုအသွင်သို့ မြန်ဆန်စွာ ပေါင်းစပ်သွားသည်။
ထိုမျက်နှာပြင်ထဲတွင် ကျယ်ပြန့်သော စွန့်ပစ်နယ်မြေတစ်ခုကို မြင်ရပြီး နတ်အဆင့်ခေါင်းဆောင်ကြီးက ထိုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ခဏကြာလျှင် သူသည် အမှန်တကယ်ပင် စွန့်ပစ်နယ်မြေထဲသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်တစ်ကြိမ် အလားတူ နည်းလမ်းကို အသုံးပြုလိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်မံအသုံးပြုပြန်သည်။
တတိယအကြိမ် သူဆင့်ခေါ်လိုက်သည့် ပုံရိပ်တွင် ပိုင်ရှောင်ချန်း သွားနေသည့်ပုံ ပေါ်လာသည်။
” တယ်မြန်ပါ့လား။ မင်းက ငါ မျှော်မှန်းထားတဲ့ အတိုင်းပါပဲလား ”
ခေါင်းဆောင်ကြီးသည် ပြုံးရယ်ကာ မျက်နှာပြင်ထဲသို့ ဝင်ရောက်သွားလေသည်။