အမျိုးမျိုးသော တောင်ထွတ်များပေါ်တွင် ကျင့်ကြံသူများအားလုံးက ထိုဝန်းကျင်ရှိ လူများကို ကြည့်လိုက်ကြ၏။ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ စမ်းသပ်စစ်ဆေးကြပြီး ဖြစ်တာကြောင့် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးရန် မလိုအပ်တော့ပေ။
အခြားကျင့်ကြံသူများအတွက် တုန်းဟွာကျောင်းတော်သို့ ပထမဆုံးခြေချလာခြင်း ဖြစ်သည်။ သူတို့အတွက် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံက အရှေ့၌ ရပ်နိုင်ရန် အခွင့်အရေးက ရှားပါးလှပေရာ ကိုယ်ပိုင်နတ်ဝင်ရိုးအဆင့်ကို အကဲဖြတ်ကြည့်သင့်ပေသည်။
“မြူနှင်းဝေနတ်နန်းတော်ရဲ့ အဓိကနတ်မိမယ် သုံးယောက်မှာ ကျန်တဲ့ နှစ်ယောက်ကလည်း ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားတယ်။ သေချာပေါက် ခင်ဗျားတို့ရဲ့ နတ်ဝင်ရိုးအဆင့်ကလည်း နိမ့်ကျမှာ မဟုတ်ဘူး။ စမ်းသပ်ကြည့်ဖို့ စိတ်ဝင်စားလား။” တုန်းဟွာကျောင်းတော်၏ တပည့်တစ်ယောက်က ပြောလိုက်သည်။
မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်၏ တိုက်ရိုက်တပည့် သုံးယောက်လုံးက ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ကြသည်။ အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်သည့် ကျန်းယွဲ့လီအပြင် ချင်းချင်းနှင့် ချူးဟန်ရှီတို့သည်လည်း အလယ်အလတ် ရန်ဟောင်များ ဖြစ်ကြ၏။ ကောလာဟလများတွင် သူတို့က နတ်ဘုရားများ၏ အလေးပေးခြင်းခံသော ထူးချွန်သည့် အမျိုးသမီးများ ဖြစ်သည်ဟု ပြောကြသည်။
မြူနှင်းဝေနတ်နန်းတော်တွင် ထိုအမျိုးသမီးသုံးယောက်က ဓားနတ်မိမယ်၏ ရာထူးကို ဆက်ခံရန် အလားအလာ ရှိပေသည်။
ကျန်းယွဲ့လီက ဦးစီးဦးဆောင်ဖြစ်နေလျှင်ပင် ချင်းချင်းနှင့် ချူးဟန်ရှီတို့ကလည်း နိမ့်ကျသည်ဟု မဆိုလိုပေ။ ဤနေရာ၌ သူတို့၏ နတ်ဝင်ရိုးကို စမ်းသပ်စစ်ဆေးခြင်းက ထူးကဲသော နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
“ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က အင်ပါယာရီကလည်း ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ် နတ်ဝင်ရိုးနဲ့ အစွမ်းထက် တိုက်ပွဲစွမ်းရည် ရှိတယ်။ ပြီးတော့ သူ့မှာ နတ်ဝင်ရိုးအများကြီး ပိုင်ဆိုင်ထားသေးတယ်။ သူ့ရဲ့ နတ်ဝင်ရိုးအဆင့်က တကယ်ကို မြင့်မှာပဲ။” လင်းရှောင်နန်းတော်မှ လင်းဟယ်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။
သူသည် ယခင်တစ်ခေါက်က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရသည်။ အနာဂတ်မှ ရီဖူရှင်း မည်သည့်နေရာသို့ သွားသွား လူတိုင်းက သူတို့နှစ်ယောက်ကို နှိုင်းယဉ်လိမ့်မည် ဖြစ်သည်။ သူက ရီဖူရှင်း၏ နတ်ဝင်ရိုးကို အကဲဖြတ်ခိုင်းစေလိုခြင်းမှာ ရည်ရွယ်ချက် နှစ်ခု ရှိ၏။ ပထမတစ်ခုမှာ ရီဖူရှင်း၏ နတ်ဝင်ရိုးက မည်သည့်အဆင့်တွင် ရှိပြီး မည်မျှ အားကောင်းသန်မာသည်ကို မြင်တွေ့လိုခြင်း ဖြစ်သည်။ ဒုတိယမှာ ရီဖူရှင်းက အမှန်တကယ် ထိုမျှ ထူးချွန်နေလျှင် သူ့အား ရင်ဆိုင်မည့်သူ သေချာပေါက် ထွက်ပေါ်လာပေလိမ့်မည်။
ရှေးဟောင်းတော်ဝင် ယန်မိသားစုလည်း ရှိနေသည်။ သူတို့က ရီဖူရှင်းအား ကြည့်လိုက်ကြ၏။ သိသိသာသာပင် သူတို့သည်လည်း ရီဖူရှင်း၏ မဟာလမ်းစဉ် နတ်ဝင်ရိုးက မည်သည့််အဆင့်ရှိကြောင်း သိချင်နေကြသည်။
“ကျုပ်က အတော်လေး သာမန်ပါပဲ။ ဒါကြောင့် ကျုပ်ရဲ့ နတ်ဝင်ရိုးကလည်း သာမန်ပဲ ဖြစ်လိမ့်မယ်။ ပျက်စီးခြင်းနတ်နန်းတော်၊ ရှေးဟောင်းတော်ဝင် ယန်မိသားစု၊ လင်းရှောင်နန်းတော်နဲ့ မြူနှင်းဝေနတ်နန်းတော်က အဆင့်မြင့်နတ်ဝင်ရိုးကို ပိုင်ထားတဲ့ ထိပ်သီးအဆင့် တန်ခိုးရှင်တွေ အများကြီးရှိတယ်။ ကျုပ်အတွက်ကတော့ ဒီလို ခမ်းနားတဲ့ စင်မြင့်ပေါ် ခြေချဖို့ မထိုက်တန်သေးပါဘူး။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်ပြီး အလွန် နှိမ့်ချနေဟန် ရှိသည်။
သို့သော်လည်း သူ့အပြုံး၏ နောက်တွင် လင်းယန်အား သတ်လိုသည့် ရည်ရွယ်ချက်မှာ မယိမ်းမယိုင် ရှိနေဆဲပင် ဖြစ်၏။
“အင်ပါယာရီ၊ ခင်ဗျားက ဘယ်လိုဟာသ လုပ်ရမလဲ သိပ်သိတာပဲ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တိုက်ပွဲမှာပဲ ဖြစ်ဖြစ် လိပ်နတ်ဘုရားကျွန်းစုက တိုက်ပွဲမှာပဲ ဖြစ်ဖြစ် အင်ပါယာရီက ဒီလောက် ထူးချွန်ခဲ့တာပဲ။” လင်းဟယ်က သူ၏ သဘောထားအမှန်ကို အကောင်းဆုံး ကြိုးစား ဖုံးကွယ်ကာ ပြောလိုက်သည်။ ရီဖူရှင်းက သူသည် လုံလောက်အောင် မထိုက်တန်ဟု ပြောခဲ့သည်။ သူ့ကဲ့သို့ ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သူတစ်ယောက်အနေနှင့် သူက ပို၍ပင် ထိုက်တန်ခြင်း မရှိနိုင်သည်မဟုတ်ပါလား။
“အဲဒီ တိုက်ပွဲနှစ်ခုလား။ မင်း အဲဒီတိုက်ပွဲတွေကို ထည့်တွက်လို့ မရဘူး။ ဖြစ်နိုင်တာတော့ ကျုပ်နဲ့ တွေ့ခဲ့တဲ့ ပြိုင်ဘက်ကြောင့် ဖြစ်လိမ့်မယ်။” အပြုံးနှင့် တုန့်ပြန်လိုက်သော ရီဖူရှင်း၏ စကားများက လင်းဟယ်နှင့် ယန်တုန်းရန်တို့ နှစ်ယောက်လုံးကို အေးစက်သည့် အမူအရာများ ဖြစ်သွားစေသည်။ ရီဖူရှင်းက တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့အား ကျိန်ဆဲနေသည်။
သူက ပြိုင်ဘက်ကြောင့်ဟု ပြောသောအခါ သူဆိုလိုသည့် အဓိပ္ပါယ်မှာ သူ၏ အရည်အချင်းက အလွန် ထူးချွန်ပြောင်မြောက်နေသည်မဟုတ်သော်လည်း သူ့ပြိုင်ဘက်များက အားနည်းသောကြောင့် အနိုင်ရခဲ့သည်ဟူ၍ ဖြစ်သည်။ သူက လင်းဟယ်နှင့် ယန်တုန်းရန်တို့မှာ မည်သည့်အရည်အချင်းမှ မရှိဟု ဆိုလိုနေပေသည်။
“ကျွန်မ ကြိုးစားကြည့်မယ်။” ထိုအချိန်၌ နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ ချင်းချင်းက လျှောက်ထွက်လာပြီး ကောင်းကင်ဝင်ရိုးနတ်ကြေးမုံနှင့် မျက်နှာချင်းဆိုင်ကာ ရပ်လိုက်သည်။ သို့မှသာ အငြင်းပွားနေခြင်း ရပ်တန့်သွားပေသည်။
ချင်းချင်း၏ မဟာလမ်းစဉ်နတ်ဝင်ရိုးက ပြိုင်ဘက်ကင်းပေသည်။ ၎င်းက အမှန်တကယ်ပင် မှန်တစ်ချပ်ဖြစ်သည်။ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံအတွင်း နောက်ထပ် မှန်တစ်ချပ် ပေါ်လာသည်မှာ ထူးဆန်းသော်လည်း နတ်ကြေးမုံအတွင်းရှိ နတ်အလင်းလွှာတို့က စတင်စီးဆင်းလာသည်။ ချင်းချင်း၏ မဟာလမ်းစဉ်နတ်ဝင်ရိုးသည်လည်း ထူးခြားလှကာ အဆင့်လေးတွင် တည်ရှိပေသည်။
အဆင့်လေးသို့ ရောက်ရှိနိုင်ရာ အလွန် ထူးချွန်နေခဲ့ပြီး ဖြစ်သည်။ သူမက ကျန်းယွဲ့လီ၊ ‘ပျက်စီးခြင်း’ နှင့် ကျုံးချန်တို့ထက် အနည်းငယ် နိမ့်ကျသော်လည်း ထိုသို့အဆင့်မျိုး ရရှိခြင်းမှာ တုန်းဟွာကျောင်းတော်တွင်ပင် အလွန်ရှားပါးသော အခြေအနေ ဖြစ်သည်။ နတ်ကြေးမုံအတွင်း အဆင့်ခြောက် နတ်အလင်းကို ဖြစ်ပေါ်လာစေခဲ့သည့် နင်ဟွာမှလွဲလျှင် ကျန်းယွဲ့လီနှင့် ကျန်နှစ်ယောက်ကဲ့သို့ အလင်းလွှာငါးခု ဖြစ်ပေါ်လာစေနိုင်သူ မရှိပေ။ ထို့ကြောင့် ထိုအဆင့်များကြား၌ ကွာဟချက်ကြီး ရှိနေသည်။
မဟာလမ်းစဉ်နတ်ဝင်ရိုး အဆင့်သည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို မြင့်မားစေနိုင်သည်။ ထိုဖြစ်ရပ်က အလွန် ရှားပါးသော်လည်း နောက်ဆုံး အရည်အသွေးက တိုးတက်လာသောအဆင့်နှင့်အတူ မြင့်မားလာခြင်းမရှိသည်လည်း ဖြစ်နိုင်ပေသည်။ ကျင့်ကြံသူများက သူတို့၏ မဟာလမ်းစဉ်နတ်ဝင်ရိုးများအား ပြီးပြည့်စုံနေစေရန် အဆက်မပြတ် ကြိုးစားနေကြရပြီး သူတို့အား ပို၍ အစွမ်းထက်လာစေသည်။
ချင်းချင်း စမ်းသပ်ပြီးသည့်အခါ ချူးဟန်ရှီသည်လည်း လျှောက်ထွက်လာ၏။ ချင်းချင်းကဲ့သို့ နတ်အလင်းလေးလွှာက နတ်ကြေးမုံထဲတွင် ပေါ်ပေါက်လာသည်။
“မြူနှင်းဝေဓားနတ်မိမယ်ရဲ့ တပည့်သုံးယောက် ပီသပါပေတယ်။ နတ်မိမယ်သုံးယောက်လုံးမှာ တကယ့်ကို ထူးချွန်ထက်မြက်တဲ့ ပါရမီရှိကြတာပဲ။” လျှိုချင်ကျူးက ပြောလိုက်သည်။ လူအများက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ နတ်ဝင်ရိုး အဆင့်ငါးနှင့် အဆင့်လေးနှစ်ယောက် ဖြစ်သည်။ ထိုအဆင့်ပါရမီက အလွန် ထူးချွန်ပြောင်မြောက်လှသည်။
မြူနှင်းဝေနတ်နန်းတော်သည် တုန်းဟွာနယ်မြေအတွင်း ထိပ်ဆုံး အင်အားစုသုံးခုအတွင်းတွင် ပါဝင်သည်။ ဓားနတ်မိမယ်သည်လည်း အစွမ်းထက် ထိပ်သီးတန်ခိုးရှင် သုံးယောက်တွင် စာရင်းဝင်ပေသည်။ ယခု သူမ၏ တပည့်သုံးယောက်ကလည်း သူမထံမှ အရာအားလုံးကို ဆက်ခံခဲ့ပုံရလေသည်။
“ကျုပ် ကြိုးစားကြည့်မယ်။” ထိုအချိန်တွင် နောက်ထပ် ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာ၏။ ထိုသူမှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မင်းသား ယန်တုန်းရန်ပင် ဖြစ်၏။ သူ့တွင် ပြီးပြည့်စုံသော မဟာလမ်းစဉ် ရှိသည့်အတွက် သူ၏ မဟာလမ်းစဉ် နတ်ဝင်ရိုးအဆင့်ကို စမ်းသပ်လိုပေသည်။
ယန်တုန်းရန်က နတ်ကြေးမုံရှေ့သို့ လျှောက်သွားခဲ့ရာ ထိတ်လန့်ဖွယ် နဂါးအော်မြည်သံတို့ ထွက်ပေါ်လာသည်။ မြင့်မြတ်သော ရွှေရောင်နဂါးတစ်ကောင်က သူ့အား ရစ်ပတ်ထားသည်။ ရွှေရောင်နဂါးက နတ်ကြေးမုံအတွင်း ပေါ်ပေါက်လာသည်။
အလွန် လျင်မြန်စွာပင် ယန်တုန်းရန်က ရလဒ်ကို မြင်တွေ့လိုက်ရသည်။ နတ်အလင်းသုံးလွှာက တောက်ပလာ၏။
သူက ရလဒ်ကို လက်ခံရန် ခက်ခဲနေပုံရကာ ထပ်မံစောင့်ဆိုင်းနေသည်။ သို့သော်လည်း နောက်ထပ်အလင်းတစ်လွှာက ထပ်မပေါ်လာတော့ပေ။ သူ၏ နတ်ဝင်ရိုးက ချင်းချင်းနှင့် ချူးဟန်ရှီထက် နိမ့်ကျပေသည်။
တခဏကြာပြီးနောက် ယန်တုန်းရန်က အမှန်တရားကို လက်ခံလိုက်ရသည်။ သူက ပြန်လှည့်ပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစုရှိနေသည့် တောင်ထိပ်သို့ တိတ်ဆိတ်စွာ ပြန်လှည့်သွားတော့သည်။
“မင်း စမ်းသပ်ကြည့်ဖို့ အစီအစဉ်မရှိဘူးလား။” ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ ရပ်နေရာတွင် လီချန်ရှန်းက ရီဖူရှင်းအား အသံတိုးတိုးနှင့် မေးလိုက်သည်။ သူက ရီဖူရှင်းအား ပြုံးကြည့်လိုက်သည်။
ရီဖူရှင်းက အနည်းငယ် တွေဝေနေပုံရ၏။ လူအနည်းငယ်က ကြိုးစားကြည့်ပြီး ဖြစ်သည်။ သူ၏ မဟာလမ်းစဉ်နတ်ဝင်ရိုးက ‘ပျက်စီးခြင်း’၊ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့ထက် ပို၍ အစွမ်းထက်မည်ဟု ခံစားရပေသည်။ လူတိုင်းနှင့် ယှဉ်လျှင် သူ၏ မဟာလမ်းစဉ် နတ်ဝင်ရိုးက အရေအတွက် အများဆုံး ဖြစ်၏။ သူ့တွင် သက်စောင့်ဝိညာဉ်အများအပြား ရှိပေရာ သူက မဟာလမ်းစဉ် နတ်ဝင်ရိုးအများကြီးအား ဖွဲ့စည်းနိုင်ပေသည်။
သို့သော်လည်း သူ့နတ်ဝင်ရိုးအဆင့်ကို စမ်းသပ်သည့််အခါ အားလုံးက ထိုမျှ မြင့်မားနေလိမ့်မည်ဟု မထင်မှတ်ထားပေ။ သူ၏ ကမ္ဘာ့သစ်ပင်မှ ဖွဲ့စည်းထားသော နတ်ဝင်ရိုးကလွဲလျှင် အခြားသော နတ်ဝင်ရိုးအားလုံးကို သက်စောင့်ဝိညာဉ်မှ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
‘ပျက်စီးခြင်း’ ၊ ကျန်းယွဲ့လီနှင့် သူတို့ကဲ့သို့လူများက သာမန် မဟုတ်ကြပေ။ ကျုံးချန်သည် သူ၏ နတ်ဝင်ရိုးကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကောင်းကင်ရတနာဖြင့် ဖွဲ့စည်းထားသည့်အတွက် အလွန် အစွမ်းထက်ပေသည်။
ထို့ကြောင့် ရီဖူရှင်းက သူ၏ နတ်ဝင်ရိုးအဆင့်ကို အကြမ်းဖျင်းခန့်မှန်းကြည့်ခဲ့ပြီး ဖြစ်သည်။
“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ဆက်ခံသူက ချို့ယွင်းချက်ကင်း နတ်ဝင်ရိုးကို ပိုင်ထားတာပဲ။ စမ်းမကြည့်ချင်ဘူးလား။” ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်တစ်ယောက်က ပြောလိုက်ခြင်း ဖြစ်သည်။ သူတို့သည် ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဆက်ခံသူဖြစ်ကြောင်း မှတ်မိကြပေသည်။
ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ကိုယ်စားပြုသည်။
ရီဖူရှင်းက ခေါင်းကိုမော့ကာ တစ်ဖက်လူအား ကြည့်လိုက်သည်။ သူ့နောက်မှ တုံ့လိုင်နတ်မိမယ်၏ မျက်လုံးထဲ၌ အေးစက်မှုတို့ဖြင့် ရှိနေခဲ့၏။ ကြည့်ရသည်မှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုသည် ရီဖူရှင်းအား အလွယ်တကူ လွှတ်မပေးနိုင်ဟု ကြေညာမောင်းခတ်နေသလိုပင် ဖြစ်သည်။
“ကောင်းပြီလေ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ “လူတိုင်းက ကျုပ်ထက် ပိုပြီးတောင် သိချင်နေမှတော့ စမ်းကြည့်ရတာပေါ့။”
သူပြောပြီးသည်နှင့် ရှေ့သို့ ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က လမ်းစဉ်ဖွေရှာစင်မြင့်ထက်သို့ ဆင်းသက်လာပြီး တောင်စွန်းနှစ်ခုကြားမှ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်၏။
“အင်ပါယာရီ၊ ခင်ဗျားမှာ နတ်ဝင်ရိုးတွေ အများကြီးရှိတယ်။ ဘယ်တစ်ခုကို စစ်ဆေးကြည့်ဖို့ ရည်ရွယ်ထားလဲ။” ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်က မေးလိုက်သည်။
“ခင်ဗျား ဘယ်တစ်ခုကို မြင်ချင်လဲ။” ရီဖူရှင်းက ပြန်မေးလိုက်သည်။
“ဘာလို့အားလုံး မစစ်ဆေးကြည့်ရတာလဲ။” တန်ခိုးရှင်က ပြောလိုက်၏။
ရီဖူရှင်းက ပြန်မဖြေခဲ့ပေ။ ချင်းချင်းနှင့် မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များက ရီဖူရှင်းအား အာရုံစိုက်နေကြသည်။ သူတို့သည် ရီဖူရှင်းက မရိုးရှင်းကြောင်း သိကြပေသည်။ သူက တိုက်ပွဲနှစ်ခုနှင့် နာမည်ကျော်ကြားလာပြီး သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့သည်။ သို့သော်လည်း ထိုထိပ်သီးအင်အားစုများအကြား၌ သူသည် ခွဲခြားခံနေရဆဲ ဖြစ်၏။
တုန်းဟွာကျောင်းမှ နတ်ဝင်ရိုးစစ်ဆေးမှုကို လုပ်ဆောင်ခဲ့လျှင် ရီဖူရှင်း၏ ပါရမီနှင့် အရည်အချင်းအရ အနာဂတ်၌ မည်မျှထိ မြင့်မြင့်သွားနိုင်မည်ကို သိရှိနိုင်ပေလိမ့်မည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ နောက်ထပ် ကျုံးချန်တစ်ယောက် ဖြစ်လာလိမ့်မည်လား။
ရွှေရောင်အလင်းတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်မှ စတင် တောက်ပလာကာ နတ်ဆင်တစ်ကောင်၏ အသွင်သဏ္ဌာန်က စတင်ဖြစ်တည်လာသည်။ ထိုရွှေရောင်နတ်ဆင်သည် နှိုင်းယှဉ်မရအောင် ကြီးမားလှသည်။ ချက်ချင်းပင် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံ၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။ နတ်ဆင်တစ်ကောင်၏ အရိပ်က နတ်ကြေးမုံထဲတွင် ပေါ်ပေါက်လာသည်။ တစ်ချိန်တည်းတွင် နတ်အလင်းက ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ဖြစ်တည်လာသည်။
ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံက ထူးခြားလှကြောင်း ခံစားမိလိုက်သည်။ ၎င်းသည် မဟာလမ်းစဉ်စွမ်းအားသဏ္ဌာန်များ အားလုံးကို ပြောင်းလဲနိုင်စွမ်း ရှိပုံရလေသည်။
အလွန် လျင်မြန်စွာပင် နတ်အလင်းလွှာများ ထွက်ပေါ်လာ၏။ ချက်ချင်းပင် နတ်အလင်းသုံးလွှာက သူ့အနီးတွင် ထွက်ပေါ်လာသည်။ လူအများက ၎င်းကို အာရုံစိုက်နေကြသည်။
ခဏအကြာတွင် နတ်အလင်းလွှာ လေးခုမြောက်ထွက်ပေါ်လာခဲ့သည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များနှင့် လင်းရှောင်နတ်နန်းတော်မှ တန်ခိုးရှင်များကဲ့သို့ လူအများ၏ အကြည့်များက ပို၍ လေးနက်လာကြပေသည်။ နတ်အလင်းလေးလွှာကို ရရှိရန်မှာ မလွယ်ကူပေ။ ချင်းချင်းနှင့် ချူးဟန်ရှီတို့ကလည်း ထိုအဆင့်၌ ရှိကြ၏။
“အဲဒါ ရပ်မသွားသေးဘူးဟ။” တစ်စုံတစ်ယောက်က အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများက ထိုနေရာသို့ စိုက်ကြည့်နေကြသည်။ နောက်ထပ် နတ်အလင်းလွှာတစ်ခု ထွက်ပေါ်လာပြီး နတ်ဆင်အနီးတွင် ရစ်ပတ်သွား၏။ နတ်အလင်းငါးလွှာ ထွက်ပေါ်လာသည်နှင့် အနီးဝန်းကျင်ရှိ တောင်ထွတ်အားလုံးက သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
အလင်းငါးလွှာ…။ ၎င်းက ‘ပျက်စီးခြင်း’ ကျန်းယွဲ့လီနှင့် ကျုံးချန်တို့နှင့် တူညီပေသည်။ ထို့အပြင် သူက အလယ်အလတ် ရန်ဟောင်သာ ရှိသေးသည်။ သူသည် ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် အဆင့်မြင့် ရန်ဟောင်တစ်ပါး၏ လမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ပေသည်။ ၎င်းက သူသည် နောက်ထပ် ကျုံးချန်တစ်ယောက် ဖြစ်လာနိုင်သည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။
အနာဂတ်တွင် သူက သေချာပေါက် ‘ပျက်စီးခြင်း’ နှင့် သူကဲ့သို့ လူများ၏ အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
လင်းဟယ်၏ မျက်လုံးများက အနည်းငယ်ထက်ရှလာပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များထံ၌လည်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာ၏။ ကျန်းယွဲ့လီသည်လည်း အနည်းငယ် အံ့သြသွားခဲ့သည်။ ရီဖူရှင်း၏ နောက်ကျောကို အနီးကပ်ကြည့်နေမိပြီး သူမသည် ထိုအမျိုးသား၏ ကြီးမားသော အလားအလာအား သတိပြုမိသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ပို၍ မြင့်မားလာတော့မည်လား။
နတ်အလင်းငါးလွှာ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ရပ်တန့်သွားခဲ့၏။ ရီဖူရှင်းသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အံ့သြသွားခြင်း မရှိပေ။ အရာအားလုံးက သူ၏ ခန့်မှန်းချက်အတွင်း၌သာ ရှိနေခဲ့သည်။ ဤနတ်ဝင်ရိုးက သူ၏ ဒုတိယမြောက် သက်စောင့်ဝိညာဉ်မှ ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ၎င်း၏ အဆင့်က သိပ်မမြင့်သည်မှာ သဘာဝကျပေသည်။ ‘ပျက်စီးခြင်း’၊ ကျန်းယွဲ့လီနှင့် အခြားလူများ၏ အဆင့်သို့ ရောက်သည့်သူကပင် ရှားပါးနေပြီ ဖြစ်သည်။
ထို့နောက် သူ့တွင် ရှိနေသော အခြားနတ်ဝင်ရိုးအနည်းငယ်သည်လည်း တူညီသောအဆင့်၌ ရှိနိုင်ပေသည်။ သူသည် သူ၏ ပင်မဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော လဝင်ရိုးက မည်သည့်အဆင့် ရှိမည်ကို သူမသိပေ။ ၎င်းက ကောင်းကင်ဝင်ရိုးနတ်ကြေးမုံအတွင်း ပေါ်ပေါက်လာသောအခါ အလင်းလွှာခြောက်ခုကို ဖြစ်ပေါ်စေလိမ့်မည်လား။
သို့မဟုတ် ထိုအရာထက် ပိုနိုင်သည်လား။
ကောင်းကင်ဝင်ရိုးနတ်ကြေးမုံက အကန့်အသတ် မည်မျှပင်ဖြစ်စေ ၎င်းက အဖိုးတန်သော ရတနာတစ်ခုဖြစ်ကာ အမှန်တကယ် ထူးခြားလှသော ပစ္စည်းတစ်ခု ဖြစ်လေသည်။
***