Switch Mode

အခန်း ( ၆၁၆ )

ငါ သူ့ကို အရှင်ပဲ လိုချင်တယ်

” ဒီလိုလူတွေက ညှာနေလို့ မရဘူး ”
ထို့နောက် ပိုင်ရှောင်ချန်းက သူ့လမ်းသူ ဆက်သွားသည်။ နောက်ဆုံးတွင် သူသည် ဝိညာဥ်သင်္ဘောနှင့် ခရမ်းရောင်အလံငယ်ကို ထုတ်ကာ အနည်းငယ် လေ့လာကြည့်လိုက်သည်။

ပစ္စည်းများသည် အရည်အသွေးမြင့်ကြောင်း သိသာလှပြီး အထူးသဖြင့် အလံငယ်လေး ဖြစ်သည်။ အံ့ဩဖွယ်ကောင်းစွာပင် ထိုအလံလေးတွင် တံဆိပ်ခတ်အမှတ်အသားပေါင်း တစ်သိန်းကျော်ရှိနေပြီး အားလုံးက အမြန်နှုန်းအတွက် ဖြစ်သည်။ အသုံးပြုရန်မှာ အလွန်ကုန်ကျမည်ဖြစ်သော်လည်း မယုံကြည်နိုင်လောက်သည့် အမြန်နှုန်းကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် အလံ၏ စွမ်းအားများကို အပြည့်အဝအသုံးမချနိုင်ပေ။ အလံကပင် အလွန်အမင်း အဖိုးတန်နေခြင်းဖြစ်သည်။ အနည်းငယ်တွက်ချက်ပြီးနောက် ပိုင်ရှောင်ချန်းသည် ဤအလံကို အသက်ရှူချိန်တစ်ကြိမ်စာမျှ အသုံးပြုရန်ပင် အလယ်အလတ်အဆင့်ရှိ ဝိညာဥ်ဆေး ဆယ်တွဲစာ ကုန်ကျမည်ဖြစ်ကြောင်း သိလိုက်ရသည်။

ပိုင်မျိုးနွယ်စုပင်လျှင် ဤသို့သော ကုန်ကျမှုမျိုးကို ကြာရှည်တတ်နိုင်မည် မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ဝိညာဥ်သင်္ဘောနှင့် ခရမ်းရောင် အလံပေါ်ရှိ တံဆိပ်အမှတ်အသားအားလုံးသည် ပိုင်မျိုးနွယ် နတ်အဆင့်ခေါင်းဆောင်ကြီးကိုယ်တိုင် ခတ်နှိပ်ထားသည်ဖြစ်ရာ အားလုံးကို ဖျက်ဆီးဖယ်ရှားပြီးမှ အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်သည်။

ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ နှစ်ခုလုံးက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ့်တစ်ကြိမ် ပြုလုပ်ထားခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းသည် နှစ်ခုလုံးပေါ်မှ ဖုံးကွယ်နေသော ရွှေရောင် အမှတ်အသားများကို မြင်ရသည်။ ကံမကောင်းစွာဖြင့်ပင် ဤအချက်များ အားလုံးပေါင်းလိုက်လျှင် လက်ရှိအချိန်၌ နှစ်ခုလုံးကို မသုံးနိုင်သေးကြောင်း ဖော်ပြနေသည်။

“ကောင်းပြီ။ အချိန်နည်းနည်းပဲ ပေးစမ်းပါ။ ငါ ကောင်းကင်တံတားမြစ်ရေကို သုံးပြီး ပျောက်သွားအောင် လုပ်လို့ ရမလားပဲ ”
အနည်းငယ်တွေးပြီးနောက် နှစ်ခုလုံးကို သူ၏ ကောင်းကင်တံတားရေပုံးကြီးထဲသို့ ပစ်ထည့်လိုက်သည်။

အသုံးမပြုလျှင် ဝိညာဥ်သင်္ဘောသည် လက်ဖဝါးထဲသို့ပင် ထည့်နိုင်သည်ထိ သေးငယ်သည်။ ပုံးထဲသို့ ပစ်ထည့်ပြီးနောက် ပိုင်ရှောင်ချန်းသည် ထိုအကြောင်းကို မတွေးတော့ဘဲ မျက်လုံးကို မှေးစင်းလိုက်သည်။

“ငါ့ကိုယ်ပေါ်က အမှတ်အသားတံဆိပ်ကို လုပ်ရဦးမယ် ”
သူက မျက်မှောင်ကြုတ်ကာ လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်လိုက်ပြီး တစ်ကိုယ်လုံးကို လက်ဖြင့် ရိုက်လိုက်သည်။ သူ့ကိုယ်သူ သန့်စင်ရန် ကြိုးစားနေရာ သူ၏ ချီနှင့် သွေးများသည် စည်းချက်တစ်မျိုးဖြင့် လှုပ်ရှားလာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ တချိန်တည်းမှာပင် သူက ဆက်ပြေးလိုက်သည်။

နောက်ထပ် ၃ရက်ခန့် ကြာမြင့်သွားသည်။ ပိုင်ရှောင်ချန်း ပြေးနေစဥ် နေ့လယ်ခင်းတစ်ခုတွင် ရုတ်တရက် သူ၏ အမူအရာ ပြောင်းလဲသွားသည်။ နောက်သို့ လှည့်ကြည့်လိုက်လျှင် သူ့ဆီသို့ ဦးတည်လာနေသည့် တောက်ပသော အလင်းတန်းတစ်ကြောင်းကို ကောင်းကင်ပေါ်တွင် မြင်လိုက်ရသည်။

ထိုအလင်းတန်းထဲမှ လူသည် မယုံနိုင်လောက်သည့် အမြန်နှုန်းဖြင့် ရွေ့လျားနေသော ဝိညာဥ်သင်္ဘော တစ်ခုပေါ်ရှိ ရက်စက်ကြမ်းတမ်းပြီး သတ်ဖြတ်ချင်စိတ်များ ဖုံးလွှမ်းနေသော မျက်နှာဖြင့် အဘိုးအိုတစ်ယောက်ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ထိုအဘိုးအို၏ အမည်ကို သေချာမသိသော်လည်း လူကို ကောင်းကောင်းမှတ်မိသည်။ ပိုင်မျိုးနွယ်စု အကြီးအကဲတစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းအခြေခံမှာ အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့်သို့ အလွန်နီးကပ်နေပြီဖြစ်သည်။ တိုက်ရိုက်သွေးမျိုးဆက်ဝင်တစ်ယောက်လည်း ဖြစ်သည်။

” နောက်ထပ်တစ်ယောက်လား။ တစ်ယောက်တည်းပဲပေါ့ ”
ပိုင်ရှောင်ချန်းသည် မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်ပြီး လည်ချောင်းရှင်းကာ တဖြည်းဖြည်း အရှိန်လျှော့၍ ရပ်လိုက်သည်။

အဘိုးအိုသည် နီးကပ်လာသည်နှင့် ပိုင်ရှောင်ချန်းက မျိုးနွယ်စုခေါင်းဆောင်ကို ကြိုးချည်ကာ ပခုံးပေါ်တွင် သိုင်းထားသည်ကို တွေ့မြင်လိုက်ရာ မျက်လုံးများ ပြူးထွက်သွားပြီး အံ့အားသင့်သွားလေသည်။ သူက တွေဝေခြင်း မရှိဘဲ ရပ်လိုက်တော့သည်။

“သူက မျိုးနွယ်စုခေါင်းဆောင်ကို အရှင်ဖမ်းထားတာ။ ဒီဟာကြီးက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ။”

သူ့မျက်နှာပေါ်တွင် လုံးဝ မယုံကြည်နိုင်သည့်ပုံမျိုး ပေါ်နေလေသည်။ မြင်နေရသည်များကို မယုံကြည်နိုင်ပေ။ အမှန်တွင် မျိုးနွယ်စုခေါင်းဆောင်သည် အရှင်ဖမ်းခံရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးချေ။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ မျိုးနွယ်စုခေါင်းဆောင်ထက် နိမ့်ပြီး သူ၏ ရင်ဘတ်ထဲမှ လှိုက်တက်လာသော အကြောက်တရားများကို တားဆီး၍ မရတော့ပေ။ မျိုးနွယ်စုခေါင်းဆောင်ပင် အဖမ်းခံထားရသည်ကို ထောက်လျှင် သူ မည်သို့ဖြစ်သွားမည်နည်း။ ထို့အပြင် မျိုးနွယ်စုခေါင်းဆောင်၏ ညစ်ပတ်စုတ်ပြတ်နေပုံကို မြင်သောအခါတွင် ပူပန်စိတ်တို့ ပြည့်နှက်လာသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါ့ကိုယ်ငါတော့ အန္တရာယ်တောထဲ တွန်းပို့စရာ အကြောင်းမရှိဘူး ”
သူ့နဖူးပေါ်တွင် ချွေးများ စို့လာပြီး တုံ့ဆိုင်းမနေဘဲ တည်နေရာရွှေ့ပြောင်းခြင်းအဆောင်ကို ထုတ်ယူကာ ခြေမွလိုက်သည်…။

လေထဲသို့ မြည်ဟီးသံများ ပျံ့သွားပြီး သူက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

” ခြောက်လွှတ်လိုက်သလို ဖြစ်သွားလား။ ”
ပိုင်ရှောင်ချန်းက လန့်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။
” အင်းလေ…သူက နည်းနည်းပါးပါး အသိစိတ်ရှိတာ သေချာတယ်။ သေရမှာကို ငါ့ထက်တောင် ကြောက်တာပဲ။ ပြီးတော့ သူက အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့်မှာ ”

ထိုအဘိုးအိုကိုလည်း အရှင်ဖမ်းကာ မျိုးနွယ်စုခေါင်းဆောင်ကဲ့သို့ ချည်နှောင်ထားရန် သူ ပြင်ဆင်ပြီး ဖြစ်သည်။ သူက ခေါင်းကို ယမ်းကာ မျက်စိမှိတ်၍ အံကြိတ်ထားသော မျိုးနွယ်စုခေါင်းဆောင်ကို ကြည့်လိုက်ပြီး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားကာ သက်ပြင်းချလိုက်လေသည်။

“ဒီအကာအကွယ်အဆောင်လေးက တကယ်ကို အသုံးဝင်တာပဲ။ ”
သူ့ကိုယ်သူ အလွန်ကျေနပ်ကာ နောက်ကျောတွင် မျိုးနွယ်စုခေါင်းဆောင်ကို ချည်ထားလျက်နှင့် ဆက်သွားနေသည်။ ထိုနေ့မှစကာ ပိုင်မျိုးနွယ်စု သွေးနှောမျိုးဆက်မှ တစ်ယောက်ယောက်နှင့်တွေ့တိုင်း သူတို့သည် မျိုးနွယ်စုခေါင်းဆောင်ကို ကြည့်ကာ အံ့အားသင့်သွားကြပြီး ထွက်ပြေးကြလေသည်။

မျိုးနွယ်စုခေါင်းဆောင်မှာ သတိမေ့နေသည့်အတိုင်းနေရသည်ကို ပိုမိုနှစ်သက်နေတော့သည်။

ပိုင်ရှောင်ချန်းသည် သူ့ကို အရှင်ဖမ်းထားသည့်အချက်က အခြားမည်သူမျှ သူ့ကို ဘာမှ လုပ်မပေးနိုင်ကြောင်း သက်သေပြနေလေသည်။ ပြောရလျှင် သူတို့ထဲမှ တစ်ယောက်မှ မျိုးနွယ်စုခေါင်းဆောင်ထက် ကျင့်ကြံခြင်းအခြေခံ မမြင့်မားကြပေ။

တိုက်ရိုက်သွေးမျိုးဆက်မှ လူများမှာ အလွယ်တကူ လက်မလျှော့ကြပေ။ နတ်ဘုရားအာရုံ အမှတ်အသားနှင့် သူ့ကို ခြေရာခံလိုက်နိုင်ရာ အဖွဲ့များ ဖွဲ့ကာ အုပ်စုလိုက် တိုက်ခိုက်ကြတော့သည်။

ထိုသို့သော အချိန်မျိုးတွင် ပိုင်ရှောင်ချန်းသည် ပြန်လည်တိုက်ခိုက်ရာ ချက်ချင်းပင် သွေးထွက်သံယိုတိုက်ပွဲများ ဖြစ်လာတော့သည်။

သူက မျိုးနွယ်စုခေါင်းဆောင်ကို ချည်နှောင်ပြီး သွားနေသည်ကို မြင်ကြသည်မှာ ပိုင်မျိုးနွယ်စုဝင်များသာ မကပေ။ သရဲကြီးမြို့ပိုင်နက်ထဲတွင် ဖြစ်ရာ ထိုမြင်ကွင်းကို မြင်ကြသော ဝိညာဥ်ကျင့်ကြံသူများနှင့် အောက်လမ်းဆရာများ အများအပြားရှိလေသည်။

မြင်သူတိုင်းသည် လုံးဝ အံ့ဩတကြီး ဖြစ်သွားကြလေသည်။

” အဲဒါ ဘယ်သူလဲ…။ သူ ချည်ထားတဲ့လူက ဘာလို့ …ပိုင်မျိုးနွယ်ခေါင်းဆောင်နဲ့ တူနေပါလိမ့်။”

” မဖြစ်နိုင်တာ ”

ဖြစ်ပျက်နေသည်များကို မြင်တွေ့သူများ တစ်စထက်တစ်စများပြားလာပြီး ကောလဟာလသတင်းများကို ကြားသိသူများလည်း ပိုမိုများပြားလာသည်။ မကြာမီမှာပင် သတင်းများသည် သရဲကြီးမြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

အစပိုင်းတွင် သတင်းများသည် မှန်/မမှန် မသေချာသောကြောင့် တိုးတိုးတိတ်တိတ်သာ ပျံ့နှံ့နေသည်။ သို့သော် မကြာမီမှာပင်အခြားမျိုးနွယ်စု၂ခုမှ ကိုယ်စားလှယ်များလည်း အိမ်သို့ ပြန်ရောက်လာကြပြီး သရဲကြီးမြို့မှ သံတမန်သည်လည်း အလားတူပင် ပြန်ရောက်လာရာ တိုးတိုးတိတ်တိတ်ပြောနေကြသော သတင်းများသည် အုံကြွလာသော အတင်းစကားများ ဖြစ်သွားလေသည်။

“ဘာ။ ပိုင်မျိုးနွယ်စုမှာ အဖိုးတန်သားတစ်ယောက် ပေါ်လာပြီး ပိုင်ချီကို သတ်လိုက်တယ်။ သူတို့ရဲ့ နတ်ဝိညာဥ်ကိုလည်း ခိုးသွားပြီး နတ်အဆင့်ခေါင်းဆောင်ကြီးရဲ့ တိုက်ကွက်တစ်ခုကို တောင့်ခံနိုင်ပြီးတော့ ထွက်ပြေးသွားတယ်။ ဟုတ်လား။ ”

” ထွက်ပြေးပြီးနောက်မှာ သူ့အဖေအရင်း၊ မျိုးနွယ်စုခေါင်းဆောင်က သူ့ကို သတ်ဖို့ ကြိုးစားတာ၊ ဒါပေမဲ့ သူပဲ အဖမ်းခံလိုက်ရတယ်။ အခု မျိုးနွယ်စုခေါင်းဆောင်ကို လူတိုင်းမြင်အောင်လို့ သူ့သားက ကျောပေါ်မှာ ခွေးတစ်ကောင်လို ချည်ထားတယ်။ ”

” ဘုရား ဘုရား၊ ဒီပိုင်ဟောက်က တကယ်ကြီး ပိုင်မျိုးနွယ်စုကို သစ္စာဖောက်သွားတာပဲ။ ”
သတင်းများသည် ပို၍ ပြင်းထန်လာကာ ဖြစ်ပျက်နေသည်များကို လူအတော်များများ အာရုံစိုက်လာကြသည်အထိ ဖြစ်လာသည်။ ပိုင်ရှောင်ချန်းသည် သူ့နောက်သို့ လိုက်ရန် စေလွှတ်ခံရသော ပိုင်မျိုးနွယ်စု ကျင့်ကြံသူအများအပြားကို မည်သို့ သတ်လိုက်သည်ဟူသော သတင်းများကလည်း ပျံ့နှံ့လာပြန်သည်။ မကြာမီ သရဲကြီးမြို့တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။

နန်းမြို့တော်ရှိ ကောင်းကင်မြို့စားများနှင့် အခြားမျိုးနွယ်စုဝင်များသည်လည်း အလွန်တရာ တုန်လှုပ်သွားကြသည်။ ပိုင်မျိုးနွယ်စုမှ ပိုင်ဟောက်ဟု အမည်တွင်သော အဖိုးတန်သားတစ်ယောက် ထွက်ပေါ်လာကြောင်းကို လူတိုင်းက ကြားသိလိုက်ကြပြီး သူက သစ္စာဖောက်ကာ မျိုးနွယ်စု၏ နတ်ဝိညာဥ်ကို ခိုးယူသွားသည့်အပြင် သူ၏ ဖခင်ရင်းကိုပါ ဖမ်းဆီးထားကြောင်းများကိုလည်း ကြားသိနေသည်။ ထို့ပြင် သူသည် မျိုးနွယ်စုဝင် ရောင်းရင်းများကိုလည်း အညှာအတာမရှိ သတ်ဖြတ်ခဲ့သေးသည်။

“ငါကြားခဲ့တာ သူက မျိုးနွယ်စုထဲမှာ နှစ်တွေအကြာကြီး ဆက်တိုက် အနိုင်ကျင့်ခံခဲ့ရတာဆို။ ခဏခဏ သေတော့မလို အဖြစ်မျိုးတွေ ရှိခဲ့တယ်တဲ့။ ဒါပေမဲ့ သူက ဘိုးဘွားပိုင်နယ်မြေ ဖွင့်တဲ့အထိ ကြိတ်မှိတ်သည်းခံပြီးတော့ အံ့ဩစရာကောင်းတဲ့ ပုံစံမျိုးနဲ့ ပေါက်ကွဲထွက်လာတာ။”

” အဲဒီလောက်က ဘာမှ မဟုတ်သေးဘူး။ ဒီပိုင်ဟောက်က မီးတောက်ဖန်တီးတာလည်း အရမ်းတော်ဆိုပဲ။ ကျင့်ကြံခြင်းအခြေခံကလည်း အမြုတေအဆင့်ရဲ့ မဟာစက်ဝိုင်းကို ရောက်နေပြီ။ သူကတော့ တကယ့်ကို လူထူးဆန်းတစ်ယောက်ပဲ ”

” ပိုင်မျိုးနွယ်စုက အင်မတန် အမြင်တိမ်တာပဲ။ ယုံတောင် မယုံနိုင်ဘူး။ ဒါပေမဲ့လည်း ဒီပိုင်ဟောက်က ရက်စက်ကြမ်းတမ်းတာလည်း အသိသာကြီး။ သူက တကယ်ကြီး သူ့အဖေအရင်းကို ပြန်ပေးဆွဲသွားတာ။ ”
သရဲကြီးမြို့ရှိ လူတိုင်းသည် ဤကိစ္စကို ပြောဆိုလျက်ရှိကြပြီး မအံ့ဩသူဟူ၍ တစ်ယောက်မျှ မရှိပေ။

ပိုင်ဟောက်ကို မြင်တွေ့ဖူးသူမှာ အနည်းငယ်သာရှိသော်လည်း သူတို့သည် ယခုတွင် သူ့ကို စိတ်ထဲမှ ပုံဖော်ကာ မြင်ယောင်ထားကြသည်။ သူသည် လုံးဝ သွေးအေးရက်စက်ပြီး ကောင်းကင်ဆန္ဒကိုပင် ကျော်လွန်နိုင်စွမ်းရှိသည့် ပါရမီစွမ်းရည်နှင့် ဖြစ်သည်။ တချိန်တည်းမှာပင် ကိုယ့်မျိုးနွယ်ကို ပုန်ကန်သော အကြင်နာမဲ့သူတစ်ယောက် ဖြစ်သည်။

ထိုအကြောင်း သတင်းစကားများက မျိုးနွယ်စုများနှင့် ကောင်းကင်မြို့စားများသာမက သရဲကြီးမြို့လယ်ခေါင်ထိပါ ပျံ့နှံ့သွားတော့သည်။ ထိုနေရာတွင် အလွန်ကြီးမားလှသော ရုပ်တုတစ်ခုရှိပြီး ၎င်း၏ ခေါင်းပေါ်တွင်မူ တော်ဝင်နန်းတော် တည်ရှိသည်။

တော်ဝင်နန်းတော်ထဲတွင် ထောင်ထောင်မောင်းမောင်း ပုံရိပ်တစ်ခုသည် နန်းအဝတ်အစားများကို ဝတ်ဆင်လျက် လက်များကို နောက်ပစ်ကာ ဝရန်တာတွင် ရပ်နေသည်။ ထိုနေရာတွင်ရပ်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကို ကြည့်နေပုံမှာ အလွန် ခန့်ညားထည်ဝါပေသည်။ သူသည် ကောင်းကင်ဘုံ၏ စိတ်ဆန္ဒကို လူ့အသွင်ပြောင်းထားသည့်ပုံပေါ်ကာ နတ်အဆင့်လူတစ်ယောက်ပင်လျှင် မျက်နှာချင်းဆိုင်မိလျှင် တုန်လှုပ်ရမည့် လူမျိုးဖြစ်သည်။

သူရှိနေလျှင် ကောင်းကင်နှင့် ကမ္ဘာမြေကပင် ခေါင်းညိတ်သဘောတူရမည့် အလားဖြစ်နေသည်။

သူသည် သက်လတ်ပိုင်းလူတစ်ယောက် အသွင်ရှိကာ မျက်နှာအစိတ်အပိုင်းများသည် လေးထောင့်ကျကျပုံစံမျိုးဖြစ်သော်လည်း အလွန်ပင် ချောမောခန့်ညားသည်။ သူသည် အဘက်ဘက်ကပင် အထက်စီးဆန်ကာ အမြင်အရပင် အရာအားလုံးကို လွှမ်းမိုးနိုင်သည့် လူမျိုးဖြစ်သည်။

ဤလူမှာ…ကောင်းကင်ဘုရင်လေးပါးထဲမှ တစ်ပါးဖြစ်သော၊ ဗဟိုဧကရာဇ်ပြီးလျှင် အစွမ်းအကြီးဆုံးသော လူများထဲမှ တစ်ယောက်ဖြစ်သော သရဲကြီးဘုရင်ပင် ဖြစ်သည်။ အရာအားလုံးကို လွှမ်းမိုးနိုင်သော လူမျိုးဖြစ်ပြီး အထူးသဖြင့် လက်ရှိအချိန်ကဲ့သို့တော်ဝင်တန်ခိုးအာဏာ မှေးမှိန်လာသည့် အချိန်မျိုးတွင် ဖြစ်သည်။ ကောင်းကင်ဘုရင်လေးပါးထဲမှ မည်သူမဆို မြေရိုင်းဒေသရှိ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ထိုနေရာတစ်ခုလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေနိုင်မည့် အံ့ဩဖွယ်ပုဂ္ဂိုလ်မျိုး ဖြစ်ကြသည်။

“ပိုင်ဟောက် ”
သရဲကြီးဘုရင်က နူးညံ့စွာ ပြောလိုက်သည်။
” စိတ်ဝင်စားစရာကောင်းသားပဲ။ ”
တွေးတောနေသည့်ပုံဖြင့် သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ခဏကြာလျှင် ဖျော့တော့စွာ ပြုံးလိုက်သည်။

“နယ်စား သေမင်းအော်သံ ” သူက ကျယ်လောင်စွာ ပြောလိုက်သည်။
“ ဒီပိုင်ဟောက်ကို သွားရှာပြီးတော့ ဒီသရဲကြီးမြို့ကို ခေါ်လာခဲ့။ သူ့အတွက် နေရာတစ်နေရာလည်း စီစဥ်ပေးလိုက်။”
သရဲကြီးဘုရင်၏ စကားလုံးများသည် အေးစက်မှုအပြည့်နှင့် ပြောလိုက်ခြင်းဖြစ်ပြီး တချိန်တည်းမှာပင် သူ့အပြုံးမှာ ထူးဆန်းသည့် အဓိပ္ပါယ်မျိုး ရှိနေသည်။

သူ့စကားလုံးများ မြည်ဟီးသွားသည်နှင့် နန်းတော်ကြီးတစ်ခုဖြစ်သော ရုပ်တုကြီး၏ ဘယ်ဘက်လက်မှ အဘိုးအိုတစ်ယောက် ဖြစ်ပေါ်လာသည်။

သူသည် အလွန်တရာပင် ရှေးကျနေပုံပေါ်ကာ သူ့မျက်လုံးများက နေနှင့်လကဲ့သို့ တောက်ပနေလေသည်။ သူ့ဘေးမှ အငွေ့အသက်သည် ကောင်းကင်၊ ကမ္ဘာမြေတို့နှင့် ပေါင်းစပ်နေသည့်ပုံပေါ်သည်။ အံ့ဩဖွယ်ကောင်းစွာပင်…ဤလူသည် နတ်အဆင့်တွင် ရှိနေသည်။

အဘိုးအိုသည် လက်နှစ်ဖက်ဆုပ်ကာ အလေးအနက် ဦးညွှတ်လိုက်သည်။
” မှန်လှပါ၊ အရှင်မင်းမြတ်။”

ထို့နောက် ခေါင်းကို လှည့်လိုက်ကာ ပျောက်ကွယ်သွားတော့သည်။

အေးစက်စွာ ရယ်မောရင်း သရဲကြီးဘုရင်က ပြောလိုက်သည်။
“ပိုင်မျိုးနွယ်စုက သူ့ကို သေစေချင်ရင် ငါက သူ့ကို ရှင်စေချင်တယ်။ မျိုးနွယ်စုကြီးသုံးခုက ပြင်ဆင်နေတာတွေ ပြီးတော့မယ်ထင်တယ်။ ဘယ်သူက အရင် စပြီး လှုပ်ရှားမလဲ ကြည့်ရသေးတာေပါ့ ”

သရဲကြီးဘုရင်အတွက်မူ ပိုင်ဟောက်က မထူးခြားပေ။ အမှန်တွင် သူ၏ သေခြင်း၊ ရှင်ခြင်းသည် လုံးဝကို အရေးမပါပေ။ သို့သော် သူက ပိုင်မျိုးနွယ်စုနှင့် ဆက်စပ်နေသည်ကို ထည့်စဥ်းစားလျှင် သူတို့ကို အစ်အောက်ထုတ်ရန် အကောင်းဆုံး လက်နက်ဖြစ်နေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset