ရွှယ်ကျဲကော်တုဆိုသည်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ပိုင်ရှောင်ချန်း လေ့လာခဲ့သည့် နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သည်။ သို့သော် ယနေ့အထိ သူ၏ သက်စောင့်ဝိညာဥ်တစ်ကောင်လုံးမှာ အပြီးတိုင် ပေါ်မထွက်လာသေးချေ။ သူရရှိခဲ့သည့် နတ်ဝိညာဥ်များနှင့် ပေါင်းစည်းကာ ကိုယ်ပွားများဖန်တီး၍ သခင်မလေးဟုန်ချိန်ထံမှ ကာကွယ်ရန် ကြိုးစားခဲ့သည့် အခါကသာ ထိုသားရဲကြီး၏ လက်သည်းများကိုသာ ဖော်ထုတ်နိုင်ခဲ့သည်။
သို့သော် ယခုမြင်နေရသည့် လက်သည်းများပါသည့် လက်ကြီးမှာ သခင်မလေးဟုန်ချိန်နှင့် တိုက်ခိုက်ခဲ့စဥ်တုံးကထက် ပို၍ အရွယ်အစားကြီးမားလာပြီဖြစ်သည်။ ထိုလက်ကြီးမှ ထွက်ပေါ်နေသည့် စွမ်းအင်များမှာ ကောင်းကင်၏ စိတ်ဆန္ဒများကိုပင် အနှောင့်အယှက်ပြုတော့မည့်အလား ဖြစ်နေသည်။ ထို့အပြင် ကွေးညွှတ်နေသော လက်သည်းကြီးများ၏အောက်တွင် အနက်ရောင် ကုန်းမြေကြီးတစ်ခုနှင့် ဆင်တူသည့် အရာကြီးတစ်ခုရှိနေသေးသည်။
သို့သော် ၎င်းမှာ ကုန်းမြေမဟုတ်ပဲ ပိုင်ရှောင်ချန်းပိုင်ဆိုင်သည့် သက်စောင့်ဝိညာဥ်၏ လက်ကြီးဖြစ်သည်။
ထိုလက်ကြီးသာ အပြင်သို့ တစ်ချောင်းလုံးပေါ်ထွက်လာပါက မည်သို့ဖြစ်ပျက်သွားမည်ကို စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်ပေ။ သို့သော် ပိုင်ရှောင်ချန်းမှာ သူ၏ ရွှယ်ကျဲကော်တုကို အပြည့်အဝအသုံးချကာ ထိုသားရဲကြီး တစ်ကောင်လုံးမြင်ရမည့်နေ့ကို စောင့်မျှော်ရင်း မျက်လုံးများမှာ အရောင်လက်နေတော့သည်။
” အခုတော့ လက်သည်းတွေနဲ့တင် အဆင်ပြေပါတယ် ”
အကယ်၍ တစ်ေန့တွင် ထိုလက်ကြီးသာ အပြင်သို့ တစ်ချောင်းလုံး ပေါ်ထွက်လာပါက ကောင်းကင်ကြီးကိုပင် ပိတ်ဆို့သွားမည်ဖြစ်ပြီး နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် မျှော်လင့်ချက်မဲ့ကာ လက်မှိုင်ချသွားလောက်မည်ဖြစ်သည်။
” တစ်ရက်ရက်တော့ သေချာပေါက် ဖြစ်စေရမယ် ”
ပိုင်ရှောင်ချန်း၏ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး ပိုင်မျိုးနွယ်စုခေါင်းဆောင်ပေါ်သို့ ထိုလက်သည်းများ ကျဆင်းသွားသည်ကို ကြည့်နေတော့သည်။
ယခုလက်ရှိတွင်ပင် ထိုဧရာမလက်သည်းကြီးထံမှ ပေါ်ထွက်နေသည့် စွမ်းအင်များမှာ တစ်နေ့တွင် ကောင်းကင်ကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်အထိ စွမ်းအင်ကြီးမားလာမည်ဖြစ်ကြောင်း ဖော်ပြနေသည့် အလား။
မျိုးနွယ်စုခေါင်းဆောင်၏ မြင်ကွင်းထဲတွင်မူ ထိုတောင်တန်းများနှင့်တူသည့် လက်သည်းများမှာ ကောင်းကင်ကြီးထဲတွင် ပြည့်နှက်သွားသဖြင့် သူသည် စိတ်ပျက်လက်ပျက်နှင့် မျှော်လင့်ချက်များ ကုန်ဆုံးသွားရတော့သည်။
” မလုပ်ပါနဲ့ ”
သူက လက်မခံလိုသည့်လေသံဖြင့် အော်ဟစ်လိုက်သည်။ အရူးတပိုင်းဖြစ်နေပြီဖြစ်သဖြင့် သူက မည်သည်ကိုမှထည့်မတွက်တော့ပဲ သူ၏ဝှက်ဖဲဖြစ်သော ဧရာမဝိညာဥ်ခေါင်းကြီးကို ထိုလက်သည်းများထံမှ ကာကွယ်ရန် ပစ်လွှတ်လိုက်တော့သည်။ သို့သော်လည်း ထိုလုပ်ရပ်မှာ အရာမထင်ပေ။
လေထဲတွင် ထစ်ချုန်းသံများပေါ်ထွက်လာပြီး တချိန်ထဲမှာပင် သူ၏ဘေးပတ်လည်ရှိ ကမ္ဘာကြီးမှာပျောက်ကွယ်သွားသည့်အလား ခံစားလိုက်ရသည်။ သူက အာခေါင်ခြစ်၍ အော်ဟစ်နေပါသော်လည်း ထိုအော်သံမှာ တစ်ခဏအကြာတွင် တိမ်မြုပ်သွားရတော့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ အပြင်းအထန် တုန်ရီသွားပြီးနောက် လက်သည်းကြီးများမှာ ပျောက်ကွယ်စပြုလာတော့သည်။ မီတာသုံးသောင်း ပတ်ပတ်လည်ရှိသည့် ရွှံ့နွံအိုင်ကြီးမှာလည်း ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည့် မြေကြီးပေါ်တွင် လျှိုမြောင်နှင့်တူသည့် ချိုင့်ခွက်ကြီးငါးခွက်ကို အတိုင်းသားမြင်နေရတော့သည်။
ထိုချိုင့်ခွက်များ၏ အလယ်တည့်တည့်တွင် လူတစ်ယောက်ရှိပြီး သူ၏ပါးစပ်မှ သွေးများစီးကျကာ အရိုးများလည်း ကြေမွနေတော့သည်။ သူ၏ရင်ဘတ်မှာလည်း လှုပ်ရှားနေသည်ဟုပင် မထင်ရပေ။ သူ့ကိုမြင်လိုက်မိသူတိုင်း အလောင်းတစ်ခုဟု သတ်မှတ်ကြမည်သာဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင်မှာ ပိုင်ရှောင်ချန်း၏ ရွှယ်ကျဲကော်တုမှ ထွက်လာသော သူမတူသည့် စွမ်းအားကြီးထံမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူသည် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပါသော်လည်း ယင်ယန်ဝိညာဥ်အဆင့်ပင် မရောက်သေးသည့် ပိုင်ရှောင်ချန်းက သူ့ကိုတိုက်ပွဲတွင် အနိုင်ယူလိုက်ပြီဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင်မှာ အပြင်းအထန်ဒဏ်ရာရကာ အသက်ကိုပင် ကြိုးစားရှူနေရသည်။ သို့သော် သူ၏စွမ်းအားကြီးသော ကျင့်ကြံခြင်းအခြေခံနှင့် အားကောင်းသည့် သက်စောင့်အားတို့ကြောင့် အသက်ရှင်နေဆဲပင်။ သို့သော်လည်း ထိုသို့ အသက်ရှူရန်ကြိုးပမ်းနေစဥ်တွင် သူ၏အရိုးများမှာ လှုပ်၍မရလောက်အောင်ပင် ကျိုးနေပြီဖြစ်ကြောင်း သူ သိလိုက်တော့သည်။
သူက ပိုင်ရှောင်ချန်းကို မုန်းတီးစွာကြည့်ကာ ခါးသက်စွာပြုံး၍သာ နေတော့သည်။ သူ၏မျက်လုံးထဲတွင်မူ ဖော်ပြ၍မရနိုင်သော အမုန်းတရားများ လောင်ကျွမ်းနေတော့သည်။
” ကျေးဇူးကန်းတဲ့ မျိုးမစစ်သား ”
သူက ဒေါသတကြီး ပင့်သက်ရှိုက်ကာ ကြိမ်းဝါးလိုက်သည်။
” မင်းမှာ ဇရှိရင် ငါ့ကိုသတ်လိုက်စမ်းပါ။ ”
သူ၏ ပူဆွေးမှုများနှင့် နာကျည်းမှုများမှာ သမုဒ္ဒရာကြီးတစ်စင်းအလား သူ့ကို လွှမ်းမိုးထားပြီဖြစ်သည်။ ယခုတွင်မူ သူ၏ရှေ့တွင်ရပ်နေသူမှာ ပိုင်ဟောက်မဟုတ်ကြောင်း သေချာသွားပါသော်လည်း အတုအယောင်လူတစ်ယောက်မှာ မျိုးနွယ်စု၏ မန္တန်အစီအရင်ကို မည်သို့သောနည်းနှင့် လှည့်စားခဲ့သည်ကို သိချင်နေတော့သည်။
နတ်အဆင့်ခေါင်းဆောင်ကြီးပင်လျှင် သူ့ကို ပိုင်ဟောက်ဟုသာ ထင်ခဲ့သည် မဟုတ်ပါလော။
” မဟုတ်မှလွဲရော.. မင်းကတကယ်ပဲ ပိုင်ဟောက်လား ”
သို့သော် ထိုအဖြေမှာ အရေးမကြီးတော့ပေ။ သူမည်သူပင်ဖြစ်စေကာမူ မျိုးနွယ်စုခေါင်းဆောင်က သူ့ကိုသတ်ခွင့်ရပါက သတ်မည်သာဖြစ်သည်။
” အသတ်ခံချင်နေတယ်ပေါ့ ”
ပိုင်ရှောင်ချန်းက သူ၏ခန္ဓာကိုယ်ပေါ်မှ ဖုန်ကိုသုတ်ကာ သူ၏ ကိုယ်ပွားလေးခုကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်သည်။
ထို့နောက် သူက မျိုးနွယ်စုခေါင်းဆောင်၏ ပတ်ပတ်လည်တွင် စက်ဝိုင်းပုံသဏ္ဍာန် ဖြည်းဖြည်းချင်းလျှောက်ကာ သူမည်မျှအထိ ဒဏ်ရာရသွားကြောင်းကို အသေးစိတ်လေ့လာနေတော့သည်။ ထို့နောက် သူ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းကို ပုတ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းက သူ့ကို စိုက်ကြည့်ပြီး ဒေါသတကြီး အမိန့်ပေးလိုက်သည်။
” လိမ်လိမ်မာမာ နေစမ်းပါ။ ဟုတ်ပြီလား ”
” မင်း ”
မျိုးနွယ်စုခေါင်းဆောင်၏ဒေါသများ တဟုန်းဟုန်းထွက်လာပြန်သည်။ ယခုသူမြင်နေရသည့် ကျေးဇူးကန်းကာ အရိုင်းဆန်လွန်းသည့် အမူအရာများမှာ လက်သင့်ခံနိုင်စရာအကြောင်း မရှိသဖြင့် သူ အရှက်ကြီးရှက်နေတော့သည်။ အရင်တုံးက ပိုင်ဟောက်နှင့် သူ၏ကြားက ကွာခြားချက်များမှာ ကောင်းကင်နှင့် မြေကြီးအလားပင်။ သို့သော် ယခုတွင်မူ ဆန့်ကျင်ဘက်ဖြစ်နေပြီဖြစ်သဖြင့် ထိုခံစားချက်ကြီးကြောင့် သူက ပို၍ပင် ဒေါသများထွက်လာရတော့သည်။
” ကျေးဇူးကန်းတဲ့ သားမိုက်။ ကျေးဇူးကန်းတဲ့ ခွေးမသား ”
ရုတ်တရက် မျိုးနွယ်စုခေါင်းဆောင်မှာ သွေးတစ်ပွက်အန်လိုက်ပြီး သတိလစ်သွားတော့သည်။
” အာ…. ငါ ခေါင်းလေးပုတ်ရုံလောက် ပုတ်တာပါဟ။ ဘာအားမှတောင် မသုံးပါဘူး ”
ပိုင်ရှောင်ချန်းမှာ အနည်းငယ်အပြစ်ရှိသလိုပင် ခံစားနေရတော့သည်။ ထိုသူသည် ပိုင်ဟောက်၏ အဖေဖြစ်သည့်အတွက် တိုက်ပွဲတိုက်နေစဥ် ရွှယ်ကျဲကော်တုလက်ချက်ဖြင့် အသက်ဆုံးပါးသွားခဲ့ရပါက လက်ခံနိုင်ဖွယ်ရှိသေးသည်။ သို့သော် ဤအခြေအနေဖြစ်နေသည့် လူတစ်ယောက်၏ အသတ်ကိုနှုတ်ယူရန်မှာ တရားနည်းလမ်းမကျပေ။ ထို့အပြင် မျိုးနွယ်စုခေါင်းဆောင် အသက်ရှိနေခြင်းက သူ့အတွက် ပိုအသုံးဝင်နိုင်သည် မဟုတ်ပါလော။
” အာာ… ဘာပဲဖြစ်ဖြစ်။ ငါက သတ်ရဖြတ်ရ တိုက်ရခိုက်ရတာတွေကို ကြိုက်တဲ့လူမှမဟုတ်ပဲ။ သူ့ကို ငါ့ရဲ့ကိုယ်ပိုင် အကာအကွယ်လက်ဖွဲ့အဆောင်အဖြစ်ပဲ သုံးတော့မယ် ”
ပိုင်ရှောင်ချန်းက ထိုသိုဆင့်ကဲ တွေးလိုက်ကာ သက်ပြင်းချ၍ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ် နေရာ အနှံ့အပြားကို သူ၏လက်ဝါးဖြင့် တို့ထိလိုက်ပြီး အချုပ်အနှောင်မန္တန် တစ်ရာကျော်ကို တပ်ဆင်လိုက်တော့သည်။ ထို့အပြင် ထိုမျှလောက်နှင့် မလုံလောက်နိုင်သေးဟု တွေးကာ ဆေးလုံးအချို့ကိုထုတ်ယူပြီး မျိုးနွယ်စုခေါင်းဆောင်၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်တော့သည်။
ထို့နှောက် မျိုးနွယ်စုခေါင်းဆောင်၏ ထည့်စရာအိတ်ထဲသို့ မွှေနှောက်ရှာဖွေ့လိုက်သောအခါ ခိုင်ခံ့သော ကြိုးတစ်ချောင်းကို တွေ့လိုက်ရသည်။ ထိုကြိုးထဲသို့ မှော်စွမ်းအင်အနည်းငယ် ထည့်သွင်းလိုက်ပြီးနောက် သူက မျိုးနွယ်စုခေါင်းဆောင်ကို ချည်နှောင်လိုက်တော့သည်။ ထို့နောက် သူ့ကို သူ၏ပုခုံးပေါ်သို့တင်ကာ ကြိမ်းဝါးလိုက်တော့သည်။
” ဟားဟားဟား။ ငါ့မှာ ဒီလို အကာအကွယ်လက်ဖွဲ့အဆောင် ရှိနေမှတော့ ပိုင်မျိုးနွယ်စုက ငါ့ကို မကောင်းကြံစည်ရဲမလား ကြည့်ကြသေးတာပေါ့ ”
ဤအချိန်တွင်မူ သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေပြီဖြစ်ပြီး အင်မတန် ထက်မြက်သည့်လူတစ်ယောက်ဟု မှတ်ယူလိုက်တော့သည်။ မည်သည့်အခြေအနေနှင့် ကြုံတွေ့စေကာမူ သူသည် အနိုင်ရမည့်ဘက်တွင် ရောက်သွားသကဲ့သို့ပင် ဖြစ်နေပြီမဟုတ်ပါလော။
” သူက အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်နေတာ ဆိုးတာပဲ။ သူ့ရဲ့ ဝိညာဥ်ကိုရှာဖွေရင် ဘာမှအကျိုးမထူးလောက်ဘူး။ ဒါပေမဲ့ သူငါ့ကို ဒီလောက်မြန်မြန် ရှာတွေ့နိုင်ပုံကိုထောက်ရင် ငါ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခုခု ရောက်နေတာပဲ ဖြစ်ရမယ်။ အဲဒါကြောင့် ငါ့ကို ဒီလောက်လွယ်လွယ်နဲ့ ရှာတွေ့တာ။ ”
ထို့နောက် သူက နတ်အဆင့်ခေါင်းဆောင်ကြီး သူ့ကိုတိုက်ခိုက်ခဲ့သည့် အကြောင်းကို ပြန်တွေးမိလိုက်သောအခါ သူ၏ မျက်ဝန်းများမှာ ရုတ်တရက် အရောင်လက်သွားတော့သည်။
” အဲ့တုံးကပဲ နေမှာ။ အချုပ်အနှောင်စွမ်းအင် တစ်ခုခုသုံးပြီး ငါ့ကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်ရမယ်။ ”
သူက သူ၏မျက်နှာဖုံးအကြောင်းကို တစ်ခဏမျှ တွေးတောဆန်းစစ်ကြည့်လိုက်သည်။ ထိုမျက်နှာဖုံးမှာ တမူထူးခြားပြီး သူ၏ပုံပန်းသွင်ပြင်နှင့် အငွေ့အသက်များကို အပြီးတိုင် ပြောင်းလဲပေးနိုင်ပါသော်လည်း ပြင်ပမှအားများကြောင့် သူ့အပေါ်သို့ရောက်နေသည့် အမှတ်အသားများကိုမူ မဖယ်ရှားနိုင်ပေ။
” ထားပါ။ ဘာဂရုစိုက်စရာလိုလဲ။ ငါတိုက်ကွက်တစ်ကွက်ထုတ်ရင် ငါ့ကိုငါတောင် ပြန်ကြောက်နေရတာ ”
သူ့ကိုယ်သူ ထိုသို့အားတင်းလိုက်ပါသော်လည်း စိတ်ပူနေဆဲပင်။ ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် လေပေါ်သို့ပျံတက်သွားပြီး မျိုးနွယ်စုခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။
” ပိုင်ဟောက်ရဲ့ ဝိညာဥ်သာ ရှိနေလို့ကတော့ ငါဒီလိုလုပ်နေတာကို သဘောမကျ မဖြစ်လောက်ပါဘူး။ ငါကသူ့ရဲ့ဆရာပဲလေ ”
ထို့နောက် သူကချောင်းဟန့်လိုက်ပြီး အရှိန်မြှင့်လိုက်တော့သည်။
ခဏအကြာတွင် အေးစက်စက် လေအေးများကြောင့် မျိုးနွယ်စုခေါင်းဆောင်မှာ သတိပြန်လည်လာတော့သည်။ ထို့နောက် သူ၏လက်ရှိအခြေအနေကို ရိပ်စားမိလိုက်သောအခါ သူ၏ မျက်ဝန်းများထဲတွင် ဒေါသမီးခိုးများ ဖုံးလွှမ်းသွားတော့သည်။
” ကျေးဇူးကန်းတဲ့ ခွေးမသား။ မင်း အသေဆိုးနဲ့ကို သေဦးမှာ ”
ပိုင်ရှောင်ချန်းကမူ သူ့ကိုလျစ်လျှူရှုကာ ဆက်လက်ပျံသန်းနေတော့သည်။ သုံးရက်မှာ တခဏလေးအတွင်းကုန်သွားတော့သည်။ ထိုသုံးရက်တိုင်တိုင် မျိုးနွယ်စုခေါင်းဆောင်မှာ ဆက်တိုက်အော်ဟစ်ဆဲဆိုနေသည်ဖြစ်၍ သူ၏အသံများမှာ အက်ကွဲနေပြီဖြစ်သည်။
အဆုံးတွင် ပိုင်ရှောင်ချန်းက ဒေါသထွက်စပြုလာတော့သည်။
ထို့ကြောင့် သူ၏နောက်ကိုလှည့်ကြည့်လိုက်ရင်း ဆူပူကြိမ်းမောင်းလိုက်တော့သည်။
” ပါးစပ်ပိတ်စမ်းပါဗျာ။ ဒီလောက်ပြောနေတာတောင် ခင်ဗျားကြီး မမောနိုင်သေးဘူးလား။ ခင်ဗျားကြီး ဒီလို ဆက်ပွားနေမယ်ဆိုရင် ကျုပ်… ”
” ငါ့ကိုသတ်လိုက်စမ်းပါ ”
မျိုးနွယ်စုခေါင်းဆောင်က အသံကွဲကြီးဖြင့် ကြားဖြတ်ပြောပြီး ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေလိုက်တော့သည်။
” မပူပါနဲ့။ ခင်ဗျားကြီးကို ကျုပ်မသတ်ပါဘူး။ ဒါပေမဲ့ ဆက်ပွားနေမယ်ဆိုရင်တော့ ခင်ဗျားကို ဖင်တုံးလုံးဖြစ်အောင် ချွတ်ပစ်မှာနော် ”
ထိုစကားများကြောင့် မျိုးနွယ်စုခေါင်းဆောင်မှာ မျက်လုံးပြူးသွားပြီး ဒေါသထွက်လွန်းသဖြင့် အသက်ရှူသံများ မြန်လာတော့သည်။ သူ၏မျက်နှာမှာလည်း နီမြန်းသွားတော့သည်။ သို့သော် သူ၏ပါးစပ်ကိုပိတ်လိုက်ပြီး နောက်ထပ် မည်သည့်စကားတစ်ခွန်းကိုမှ ဆက်မပြောရဲတော့ပေ။
သူ၏ ကျေးဇူးကန်းသောသားမိုက်၏ စကားများသည် ခြောက်လှန့်ရုံသက်သက်မဟုတ်မှန်း သူက သိသည်။ ကိုယ်တုံးလုံးကြီးဖြင့် တန်းလန်းကြီးဖြစ်နေမည်ဆိုသည့် အသိကြီးကြောင့် သူက အလွန်အမင်းရှက်ရွံ့သွားပြီး ကြောက်ကြောက်လန့်လန့်နှင့် အသားများပင် တုန်ရီလာတော့သည်။
သူ၏ ခြိမ်းခြောက်မှုမှာ အသုံးဝင်ကြောင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး သူက ပြုံးလိုက်တော့သည်။ မျိုးနွယ်စုခေါင်းဆောင်မှာ ဒေါသထွက်လွန်းသဖြင့် တုန်ရီနေပါသော်လည်း အတတ်နိုင်ဆုံးချုပ်တည်းနေသဖြင့် ဒေါသများမှာ သူ၏အတွင်းပိုင်းထဲတွင် လှိုက်စားနေသည့်အတိုင်းပင်။
သို့သော် သူက သွေးတိုးမစမ်းရဲပေ။ ပိုင်မျိုးနွယ်စု၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် ထိုသို့သာ အရှက်ခွဲခံရပါက သူသေဆုံးပြီးနောက်တွင် ပိုင်မျိုးနွယ်စုမှာ သရဲကြီးမြို့တော်ထဲတွင်သာမက မြေရိုင်းဒေသတစ်ခုလုံးတွင် လူအများရယ်စရာတစ်ခုအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ ထိုသို့သော အရှက်ရဖွယ်ဖြစ်ရပ်ကြီးကို နှစ်ပေါင်းများစွာ သည်းခံနေရမည်သာဖြစ်သည်။
သူ၏ ဦးရေခွံမှာ ပေါက်ကွဲလုမတတ် ဖြစ်နေပါသော်လည်း မျိုးနွယ်စုခေါင်းဆောင်မှာ အံကိုကြိတ်ကာ တိတ်ဆိတ်စွာနေ,နေတော့သည်။
” ဒီနည်းလမ်းသာ အလုပ်ဖြစ်မယ်မှန်းသိရင် စောစောထဲက သုံးတယ် ”
ပိုင်ရှောင်ချန်းမှာ မျိုးနွယ်စုခေါင်းဆောင်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်သွားသော်လည်း ပိုင်ဟောက်အပေါ် သူဆက်ဆံခဲ့သည့် ပုံစံများကို ပြန်တွေးမိလိုက်သောအခါ သူ၏ မျက်ဝန်းများထဲတွင် အေးစက်သောအလင်းရောင်များ တောက်ပလာတော့သည်။