Switch Mode

အခန်း ( ၆၁၄ )

အံ့အားသင့်သွားသော အဖေပိုင်

နတ်အဆင့်သို့ မရောက်မီ၊ ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်သို့ မရောက်မီတွင် မည်သည့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူကိုမှ သူလျှော့တွက်၍ မရနိုင်ပေ။

အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်တွင် ရှိသော ကျင့်ကြံသူများကို သူအလွယ်တကူရင်ဆိုင်လျှင် ရင်ဆိုင်နိုင်ပါသော်လည်း ယခုသည်ကား ၎င်းထက်တစ်ဆင့်မြင့်နေပြီဖြစ်သည်။ အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့် တွင်ရှိသော လူများမှာ နောက်ထပ်တစ်ဆင့်သို့ဖောက်ထွက်နိုင်ရန် သိပ်အာရုံမစိုက်ကြပဲ သူတို့၏ ဝှက်ဖဲများကို စွမ်းအားပိုကြီးလာရန်သာ အာရုံစိုက်တတ်ကြသည်။

မျိုးနွယ်စုခေါင်းဆောင်မှာလည်း ထိုကဲ့သို့လူပင်ဖြစ်သည်။ နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်သို့ တက်လှမ်းရန်မှာ သူ့အတွက် မဖြစ်နိုင်သည့်ကိစ္စကြီးတစ်ခုတော့ မဟုတ်ပေ။ သို့သော်လည်း သူက ထိုသို့တက်လှမ်းရန်မကြိုးစားပဲ သူ၏ဝှက်ဖဲတိုက်ကွက်များကိုသာ စွမ်းအားပိုကြီးလာအောင် ပြုပြင်မွန်းမံနေခဲ့သည်။

ထိုဝှက်ဖဲမှာ “ ပိုင်မျိုးနွယ်စု ဝိညာဥ်ပေါင်းစည်းတိုက်ကွက်ပင် “ ဖြစ်သည်။

အမုန်းဝိညာဥ်များက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်နှင့် တပြိုက်နက် သူသည် အရှင်လတ်လတ် ဝါးမျိုခံလိုက်ရသည့်အလား ခံစားနေရတော့သည်။ သူထုတ်ယူနိုင်သမျှ စွမ်းအင်များအားလုံးကို ထုတ်ကာ ဝိညာဥ်ထောင်သောင်းများစွာ၏ စွမ်းအားကို ပေါင်းစည်းနိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ကြားခံနယ်တစ်ခုအဖြစ် အသုံးချကာ ကောင်းကင်ကိုတုန်ရီကာ မြေကြီးကိုအက်ကွဲစေနိုင်သော စွမ်းအားများကို ထုတ်ရန် ပြင်လိုက်တော့သည်။

သူကဲ့သို့ ကျင့်ကြံခြင်းအခြေခံစွမ်းအင်ရှိသူပင်လျှင် ထိုသို့သောလျှို့ဝှက်မှော်သိုင်းတစ်ခုကို အသုံးပြုရသည်မှာ အလွန်အမင်း စွမ်းအင်ကုန်ခန်းစေသည်။ သို့သော်လည်း သူသည် ဒေါသများမွှန်ထူနေပြီဖြစ်ပြီး ပိုင်ဟောင်ကို သတ်ဖြတ်ချင်နေပြီဖြစ်ရာ အခြားသော အနုတ်လက္ခဏာဆောင်နေသည့် အချက်များအားလုံးကို လျစ်လျှူရှုလိုက်တော့သည်။

” မင်းသေကိုသေရမယ် ”
သူက အရိုင်းအစိုင်း သတ္တဝါတစ်ကောင်အလား ရက်စက်ကြမ်းကြုတ်ဖွယ်အသံကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ၏အသံမှာ အခြားအသံ ထောင်သောင်းများစွာ ပေါင်းစည်းထားသည်နှင့် တူနေပြီး သူ၏အထက်ရှိ ကောင်းကင်ယံထဲတွင် အလင်းတန်းများတောက်ပစွာ လင်းလက်လာကာ ထိုနေရာတစ်ဝိုက်တွင် လေပြင်းကြီးတစ်ခုလည်း တိုက်ခတ်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ ကြောက်ရွံ့နေသည့် အမူအရာသို့ ပြောင်းလဲသွားတော့သည်။ ယခုတွင် မျိုးနွယ်စုခေါင်းဆောင်မှာ လူသားတစ်ယောက်နှင့်ပင် မတူတော့ပေ။

” သေချိန်တန်ပြီ ”

မျိုးနွယ်စုခေါင်းဆောင်က ခေါင်းကိုနောက်ပစ်ကာ အော်ဟစ်လိုက်ပြီး တပြိုက်နက်ထဲပင် သူ၏လက်များကို မြှောက်လိုက်သောအခါ အဆုံးမဲ့သောအနက်ရောင်မြူခိုးများထွက်လာပြီး ဧရာမသရဲခေါင်းကြီးတစ်လုံးအသွင်သို့ ပြောင်းလဲသွားတော့သည်။

ထိုကြောက်မက်ဖွယ် ခေါင်းကြီးမှာ မျိုးနွယ်စုခေါင်းဆောင်ကို ဝန်းရံထားပြီးနောက် သူနှင့်ထိုခေါင်းကြီးတို့မှာ ပိုင်ရှောင်ချန်းဆီသို့ ပျံဝဲလာတော့သည်။

သူတို့က အနီးသို့ရောက်လာသောအခါ လေထုကြီးမှာ အက်ကွဲကုန်ပြီး သူတို့၏အောက်ရှိ မြေပြင်များမှာလည်း ပျက်စီးကုန်တော့သည်။ တောင်တန်းများလည်း ပြိုလဲကုန်ပြီး မီတာသုံးထောင်ခန့်ကျယ်သော ကျဥ်းကြီးတစ်ကျဥ်း ပေါ်ပေါက်လာတော့သည်။

လေထုထဲတွင် သရဲများ၊ဝံပုလွေများနှင့် အခြားသော မရေမတွက်နိုင်လောက်အောင်များပြားသည့် သတ္တဝါများ၏ ငိုယိုသံများဖြင့်ပြည့်နှက်နေတော့သည်။ ထိုအသံများအားလုံးမှာ ဧရာမခေါင်းကြီးထဲမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။

” သေစမ်း ”

” သေစမ်း ”

” သေစမ်း ”

ပိုင်ရှောင်ချန်း၏ အမူအရာမှာလည်း သေမင်းနှင့် ရင်ဆိုင်နေရသည့်အလား အလွန်အမင်းတည်ကြည်သွားပြီး တချိန်ထဲမှာပင် သူ၏ ရေကိုယ်ပွားထွက်လာသဖြင့် ပုံရိပ်ယောင်နောက်တစ်ခု ပေါ်ထွက်လာပြန်သည်။

ဤအချိန်တွင် သူ၏ခန္ဓာကိုယ်အစစ်ကို ဝန်းရံနေသည့် ကိုယ်ပွားသုံးခု ရှိနေပြီဖြစ်သည်။ သူတို့အားလုံးမှာ ဧရာမခေါင်းကြီးကို မျက်နှာမူလိုက်ပြီး မှင်တက်ဖွယ်ကောင်းသည့် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ကြတော့သည်။

” အသက်ဝင်တောင်ဂါထာတော် ”

လေထုထဲတွင် တအုန်းအုန်းမြည်သံများဖြင့် ပြည့်နှက်သွားတော့သည်။

တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း အစစ်မှာ အရွယ်အစားကြီးမားလာတော့သည်။ မရေမတွက်နိုင်သော ကျောက်တုံးကြီးများက သူ၏ပတ်ပတ်လည်တွင် ပေါ်ပေါက်လာသဖြင့် သူ၏ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီး မီတာသုံးရာမြင့်မားသော ကျောက်ဘီလူးကြီးတစ်ကောင်အသွင် ပြောင်းလဲသွားတော့သည်။

ကျောက်ဘီလူးတစ်ကောင်ထဲတော့မဟုတ်ပေ…

သူ၏ကိုယ်ပွားသုံးခုမှာလည်း အသက်ဝင်တောင်ဂါထာတော်ကို သုံးလိုက်သည်။ ထိုအခါ ဒုတိယမြောက်၊တတိယမြောက်နှင့် စတုတ္ထမြောက် ကျောက်ဘီလူးများလည်း ပေါ်ပေါက်လာတော့သည်။ ထို့နောက် ထိုဘီလူးလေးကောင်စလုံးမှာ သူတို့ဆီသို့ပျံသန်းလာနေသည့် မျိုးနွယ်စုခေါင်းဆောင်နှင့် သူဆင့်ခေါ်ထားသည့်ဧရာမခေါင်းကြီးဆီသို့ ပြေးသွားကြတော့သည်။

ကျောက်ဘီလူးကြီးလေးကောင်၏ စုပေါင်းတိုက်ကွက်ကြောင့် ကောင်းကင်နှင့်မြေကြီးတို့ပင် တသိမ့်သိမ့်တုန်ရီသွားရပြီး ဧရာမခေါင်းကြီးနှင့် ရိုက်ခတ်မိသွားသောအခါ ထွက်ပေါ်လာသည့် အုန်းခနဲမြည်သံကြီးမှာ အထက်ကောင်းကင်ယံနှင့် မြေအောက်ကမ္ဘာကြီးတို့ကိုပါ တုန်ခါသွားစေတော့သည်။

စိတ်ကူးနှင့်ပင် ပုံဖော်၍မရနိုင်လောက်သည့် တုန်ခါမှုလှိုင်းကြီးတစ်ခုမှာ မီတာထောင်သောင်းများစွာတိုင်အောင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး လမ်းတစ်လျှောက်တွင် ထိတွေ့မိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်တော့သည်။

ဧရာမခေါင်းကြီး၏အရွယ်အစားမှာ ချက်ချင်းပင် တစ်ဝက်ကျော်အထိ သေးငယ်သွားသည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းအစစ်နှင့် သူ၏ကိုယ်ပွားသုံးခုမှာ နောက်သို့လွင့်စင်သွားပြီး ပါးစပ်များထဲမှ သွေးများပန်းထွက်လာကြတော့သည်။ ကျောက်ဘီလူးကြီးများ၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများမှာ ပင့်ကူအိမ်များသဖွယ် ပျံ့နှံ့သွားသဖြင့် တဖောက်ဖောက်မြည်သံများ ပေါ်ထွက်လာတော့သည်။ ထို့နောက် အနည်းငယ်ကြာသောအခါ ကျောက်ဘီလူးအားလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားေတာ့သည်။

ပိုင်ရှောင်ချန်းအစစ်နှင့် သူ၏ကိုယ်ပွားသုံးခုက နောက်သို့ဆုတ်ခွာသွားသောအခါ မျိုးနွယ်စုခေါင်းဆောင်မှာ ခေါင်းကြီးထဲမှ ကြောက်မက်ဖွယ်အသံကြီးဖြင့် ရယ်မောနေတော့သည်။

” မင်းမှာ တခြား ဘာလှည့်ကွက်တွေရှိသေးလဲ။ ကျေးဇူးကန်းတဲ့ မျိုးမစစ်ကောင် ”
သူက ဆက်၍ရယ်မောနေစဥ် သရဲခေါင်းကြီးမှာ ရူးသွပ်မှုများ၊သတ်ဖြတ်လိုစိတ်များ၊ အမျက်ဒေါသများနှင့်အတူ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာပြန်တော့သည်။

ဤပုံစံအရဆိုလျှင် မျိုးနွယ်စုခေါင်းဆောင်မှာ စွမ်းအင်အပြည့်ပါဝင်သော တိုက်ကွက်တစ်ခုဖြင့် ဇီဝိန်ချွေရန် ပြင်နေသည့်အတိုင်းပင်။

” ကိုယ်ပွားသုံးခုက သူ့ရဲ့လျှို့ဝှက်မှော်သိုင်းကို အနိုင်မယူနိုင်ဘူးလို့ ငါမတွေးထားမိဘူး ”
ပိုင်ရှောင်ချန်းက ပြတ်သားမှုများတောက်ပနေသည့် မျက်ဝန်းများဖြင့် အသက်ပြင်းပြင်းရှူလိုက်ကာ သူ မသုံးရန်ဆုံးဖြတ်ထားခဲ့သည့် တိုက်ကွက်တစ်ခုကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့သည်။

ဤတိုက်ပွဲမှာ အလွန်ပြင်းထန်လာပါသော်လည်း မည်သူမှ ဝင်မတားသည်ကိုကြည့်၍ နတ်အဆင့်ခေါင်းဆောင်ကြီးမှာ ဤအနီးနားတစ်ဝိုက်တွင် တကယ်မရှိကြောင်းကို သိနိုင်သည်။

အခြားမျိုးနွယ်စုဝင်များမှာ သူ့ကို လိုက်ဖမ်းနေနိုင်သည်ဖြစ်သော်လည်း သူတို့မှာ ဤမျိုးနွယ်စုခေါင်းဆောင်ကဲ့သို့ ဒေါသမထွက်သလို သူ၏အမြန်နှုန်းကိုလည်း မမှီနိုင်အောင် ဖြစ်နေရသည်ဟု သူကယူဆလိုက်သည်။

” အဲဒီလိုပဲ ဖြစ်ရမယ်။ ငါ့ကို ဒီမျိုးနွယ်စုခေါင်းဆောင်လောက် ဘယ်သူမှ မမုန်းလောက်ဘူး ”

ထိုသို့ တွေးတောလိုက်ပြီးနောက် ပိုင်ရှောင်ချန်းက လုံးဝတွေဝေမနေတော့ပဲ။ သူက အသားများတုန်ရီနေပါသော်လည်း သူ၏မျက်ဝန်းများမှာ တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေတော့သည်။ ထိုစိတ်များမှာ မသိစိတ်များမှနေ၍ ပေါ်ထွက်လာနေသည်ဖြစ်ပြီး ငြင်းဆို၍ မရနိုင်ချေ။

သူ၏တာအိုမှာ ထာဝရအသက်ရှင်ရန်ဖြစ်ပြီး သတ်ဖြတ်တိုက်ခိုက်ရသည်များကို သူက သဘောမကျပေ။ သေရမည်ကိုပင် သူကကြောက်သည်။ အခြေအနေအများစုတွင် လက်များပါရလောက်သည်အထိ ပြင်းထန်စရာမလိုပါသော်လည်း တစ်ခါတရံတွင်မူ အသက်ရှင်လိုပါက သူသေကိုယ်သေ တိုက်ခိုက်ရမည်သာဖြစ်သည်။ သူ၏ စိတ်နှလုံးထဲတွင် အကြောက်တရားများဖုံးလွှမ်းထားပါသော်လည်း အံကိုသာကြိတ်၍ တိုက်ခိုက်ရသည်မှာ သူ၏အကျင့်ပင် ဖြစ်လာပြီဖြစ်သည်။

” နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကတောင် ငါ့ကိုမသတ်နိုင်တာ။ မလောက်လေးမလောက်စား အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူလောက်ကတော့ အေးဆေးပဲ ”
သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ နောက်ထပ်ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာပြန်သည်။ ၎င်းမှာ သူ၏စတုတ္တမြောက် မြေကိုယ်ပွားပင် ဖြစ်သည်။

ယခုအခါ သူ၏ပတ်ပတ်လည် တစ်ဖက်တစ်ချက်စီတွင် ကိုယ်ပွားလေးခုရှိနေပြီဖြစ်သည်။ ထိုဖွဲ့စည်းမှုကြောင့် ကောင်းကင်ယံတွင် ချက်ချင်းပင် လျှပ်စီးများလက်လာပြီး အောက်ဘက်ရှိမြေပြင်ကြီးမှာ တုန်ရီလာရသည်အထိပင်။

ထိုမြင်ကွင်းကြောင့် မျိုးနွယ်စုခေါင်းဆောင်မှာ မှင်တက်သွားရပြီး ချက်ချင်းပင် မျက်နှာပျက်သွားတော့သည်။ သို့သော်လည်း သူကအံကိုကြိတ်ကာ သူ၏သေရေးရှင်ရေးကို ပဓာနမထားပဲ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသည့် တင်းမာနေသောမျက်နှာထားဖြင့် သူ့ကိုဝန်းရံနေသည် ဧရာမဝိညာဥ်ခေါင်းကြီးကို ပိုင်ရှောင်ချန်းထံသို့ ပစ်လွှတ်လိုက်တော့သည်။

ပိုင်ရှောင်ချန်းကမူ သက်ပြင်းချကာ တိုးတိုးလေးရေရွတ်လိုက်တော့သည်။
” ပိုင်ဟောက်ရေ။ ဆရာက မင်းအဖေကို မင်းတို့နှစ်ယောက်အကြားမှာရှိတဲ့ စိတ်ကူးနဲ့တောင်မှန်းဆလို့မရနိုင်တဲ့ ကွာခြားချက်ကြီးကို သိမြင်လာအောင် သင်ခန်းစာပေးဖို့ အချိန်ရောက်လာပြီ ”

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူနှင့်သူ၏ကိုယ်ပွားလေးခုစလုံးမှာ သံစုံတီးဝိုင်းတစ်ခုကို တီးခတ်နေသည့်အလား လေပေါ်သို့လက်များကိုမြှောက်လိုက်တော့သည်။

” ရွှယ်ကျဲ ”

သူနှင့် သူ၏ကိုယ်ပွားများထိုသို့ ပြုမူနေစဥ်တွင် မီတာသုံးသောင်းပတ်ပတ်လည်ရှိ နေရာ တစ်ခုလုံးမှာ ရွှံ့နွံအိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးကို ရေငွေ့များက ဖုံးလွှမ်းသွားပြီး မြေပြင်ကြီးမှာ ပျော့ပြောင်းသွားတော့သည်။ မြူခိုးများက တဖြည်းဖြည်း ထူထပ်လာသောအခါ ရှေးဟောင်း အငွေ့အသက်များ ထိုနေရာတစ်ဝိုက်လုံးတွင် ပြည့်နှက်သွားတော့သည်။

ထိုမီတာသုံးသောင်း ပတ်ပတ်လည်နေရာကြီးမှာ မြေရိုင်းဒေသထဲမှ ခွဲထွက်သွားပြီး ကိုယ်ပိုင်နယ်မြေတစ်ခုထဲသို့ ရောက်သွားသည့်အလားပင်။ မျိုးနွယ်စုခေါင်းဆောင်မှာ နောက်ထပ်တစ်ကြိမ် မျက်လုံးထပ်ပြူးသွားရပြီး သူ၏ဖြူဆုတ်နေသော မျက်နှာပေါ်တွင် အရုပ်ဆိုးသော အမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။

သူက အနားသို့မကပ်နိုင်ခင်တွင်ပင် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ အရောင်လက်သွားပြီး သူ၏လက်များကို ကြမ်းတမ်းစွာ ဆောင့်ချလိုက်တော့သည်။ သူ၏ကိုယ်ပွားလေးခုမှာလည်း သူ့အတိုင်းပင် တစ်ပုံစံထဲ လုပ်လိုက်ကြတော့သည်။

” ကော်တု ”

ဝုန်းးးး

ဂျုန်းဂျုန်းဂျုန်း…..

ဒုန်းဒုန်းဒုန်း….

နှလုံးခုန်သံကဲ့သို့သော အသံကြီးတစ်သံက ထိုတစ်နေရာလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ကြီး မည်းမှောင်သွားကာ မြေပြင်တစ်ခုလုံး တုန်ရီသွားတော့သည်။ ဆူးချွန်များမှာ မြေပြင်ထဲမှ ကြောက်မက်ဖွယ်အမြန်နှုန်းကြီးဖြင့် ထွက်ပေါ်လာကြတော့သည်။

ထိုဆူးချွန်များအောက်တွင် အရွယ်အစားကြီးမားလွန်းသည့် တောင်ကြီးငါးလုံးရှိပြီး ၎င်းတို့ကိုမြင်လိုက်ရသူတိုင်း စိတ်နှလုံးများတုန်ရီသွားရမည်သာ ဖြစ်သည်။

ထိုမည်းနက်နေသည့် တောင်ငါးလုံးမှာ ပိုင်ရှောင်ချန်း၏ သက်စောင့်ဝိညာဥ်ဖြစ်သော သားရဲကြီး၏ လက်သည်းများပါသည့် လက်ဝါးကြီးပင်ဖြစ်သည်။

ယခုအချိန်ထိအောင် ထိုလက်ကြီးတစ်ချောင်းလုံး ပေါ်မထွက်လာဖူးသေးပေ။ လက်သည်းများသာ ပေါ်ထွက်လာခဲ့သည်သာဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်မှာမူ မည်သည့်လျှို့ဝှက်မှော်သိုင်းများ ထုတ်စေကာမူ ဤသားရဲကြီးနှင့်ယှဥ်လိုက်ပါက သူသည် လမင်းကြီးအောက်ရှိ ပိုးစုန်းကြူးတစ်ကောင်သာသာမျှသာ ရှိတော့သည်။

သူ့ကိုဖုံးလွှမ်းနေသည့် အကြောက်တရားများကြောင့် သူကတဆတ်ဆတ်တုန်ရီနေသည့်အဆုံး မတတ်နိုင်တော့ပဲ အော်ဟစ်လိုက်တော့သည်။ သူ၏ကျင့်ကြံခြင်းသက်တမ်းတစ်လျှောက်လုံး နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက်နှင့် ရင်ဆိုင်ခဲ့စဥ်တုံးကပင် ဤမျှ ကြောက်မက်ဖွယ်နှင့် အံ့သြမှင်တက်ဖွယ်ကောင်းသည့်အရာကို တစ်ခါမှ မကြုံတွေ့ဖူးပေ။ ဤမြင်ကွင်းကြီးမှာ မီးညှပ်တစ်ခုအလား သူ၏ စိတ်နှလုံးကို ဖမ်းဆုပ်ထားနေသဖြင့် သူသည် မျက်လုံးကြီးများပြူးကာ ကြောက်မက်ဖွယ်ခံစားချက်ကြီးတစ်ခုက သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေတော့သည်။

သူ၏ ဝှက်ဖဲများက ယခုလက်ရှိထက် ပို၍စွမ်းအားကြီးနေလျှင်တောင် ဤလက်သည်းကြီး၏ ပိုင်ရှင်ဖြစ်သော ဧရာမသားရဲကြီးနှင့်ယှဥ်လိုက်ပါက သေခြင်းတရားကို မည်သည့်နည်းနှင့်မျှ ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။

” မဖြစ်ဘူး၊ ငါဒီမှာသေလို့မဖြစ်ဘူး ”
သူက အော်ဟစ်ကာ သူ၏အငွေ့အသက်များမှာလည်း ရှုပ်ထွေးနေတော့သည်။ ပိုင်ရှောင်ချန်းကို ဆက်၍မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး နောက်သို့လှည့်၍ ထွက်ပြေးရန်ပြင်လိုက်တော့သည်။

သူ၏ စိတ်ထဲဝယ် အိပ်မက်ဆိုးများမက်နေသကဲ့သို့ အကြောက်တရားများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ဤကျေးဇူးကန်းသော မျိုးမစစ်မှာ ဤမျှစွမ်းအားကြီးနေမည်ဟု သူက အဘယ်ကြောင့် တွေးမိလိမ့်မည်နည်း။ သူသည် စွမ်းအားကြီးမားလွန်းလှသဖြင့် မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးနေရပြီဖြစ်သည်။

” မင်း ပိုင်ဟောက်မဖြစ်နိုင်ဘူး။ မျိုးနွယ်စုမန္တန်အစီအရင်က မသိနိုင်ရင်တောင်မှ ငါသိတယ်။ မင်း ပိုင်ဟောက် လုံးဝမဟုတ်ဘူး ”
မျိုးနွယ်စုခေါင်းဆောင်မှာ သူ့အပေါ်သို့ကျနေသည့် သေမင်းအရိပ်မည်းကြီးကြောင့် သူ၏ စွမ်းအင်အားလုံးကို ထုတ်ကာ ကျင့်ကြံခြင်းအခြေခံနှင့် သက်တမ်းများကို အဆုံးရှုံးခံကာ ထွက်ပြေးရန်ကြိုးပမ်းနေတော့သည်။

သူသာ လွတ်မြောက်အောင်မပြေးနိုင်ပါက အသက်ပျောက်မည်သာဖြစ်သည်။

သို့သော် သူမည်မျှပင် မြန်စေကာမူ သားရဲလက်သည်းကြီးလောက်တော့ မမြန်နိုင်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset