Switch Mode

Chapter 15

ဖက်တီး! ငါ့ညီ…

ဆရာမဖန့်၏ ရုံးခန်းအတွင်းမှ ထွက်လာပြီးနောက် ယဲ့ဖန် အတန်းထဲသို့ ပြန်မသွားတော့ဘဲ ကျောင်းစာကြည့်တိုက်သို့သာ တန်း၍ သွားလိုက်သည်။

ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်း၏ စာကြည့်တိုက်တွင် စာအုပ်အမျိုးအစားများ စုံလင်စွာ ရှိသည်။

ယဲ့ဖန်သည် ကမ္ဘာမြေပေါ်ရှိ အသုံးဝင်သော အချက်အလက်အားလုံးကို သိရှိလိုသည်။ သူ ကမ္ဘာပေါ်မှ ထွက်သွားရန် အချိန်များစွာ ယူရလိမ့်မည်၊ ထို့ကြောင့် ဒီကမ္ဘာပေါ်မှာ ရေလိုက်ငါးလိုက် နေနိုင်ဖို့ လိုအပ်လေသည်။

ယဲ့ဖန်သည် နိုင်ငံရေး၊ ပထဝီဝင်၊ သမိုင်း၊ သက်ရှိအရာများအကြောင်း စသည့် စာအုပ်ပေါင်း စုံလင်စွာ ဖတ်နေသည်။ သူသည် တစ်ချက်ကြည့်ရုံနှင့် စာအုပ်ထဲမှာ ပါသည့် အရာအားလုံးကို မှတ်မိလေသည်။ ဒါတောင်မှ သူ စာကြည့်တိုက်တစ်ခုလုံးရှိ စာအုပ်အားလုံးကို ဖတ်လို့ပြီးသွားသောအခါ မှောင်တောင်မှောင်နေပြီ ဖြစ်သည်။

သူ စာကြည့်တိုက်မှ ထွက်လာသောအခါ သူ့ဖုန်းမှ အသံမြည်လာသည်။ ဖေးချမ် ဖုန်းဆက်တာဖြစ်သည်။

ဖေးချမ်က ဘားသွား၍ အပန်းဖြေရန် ပြောလာသည်၊ ယဲ့ဖန် ငြင်းလိုက်ချင်သော်လည်း သူ့တွင် သူငယ်ချင်းဟူ၍ ဖေးချမ်တစ်ယောက်တည်းသာ ရှိသည်ကို သတိရမိပြီး လက်ခံလိုက်သည်။

….

ညနှင်းဆီ!!

ဘားများ၊ကလပ်များရှိသည့်လမ်းတွင် လူအစည်ဆုံးဘားဖြစ်သည်။ နီယွန်မီးရောင်များအောက်တွင် ယောကျ်ား၊မိန်းမ တူယှဉ်တွဲကနေကြ၏။

ဘားထဲဝင်လိုက်သည်နှင့် နားစည်ကွဲမတတ် တီးလုံးများကို ယဲ့ဖန် ကြားလိုက်ရသည်။ ကခုန်သည့်နေရာတွင် လူများသည် ဟန်ဆောင်မျက်နှာဖုံးများကို ခွာချ၍ တိရိစ္ဆာန်များလို သူတို့ စိတ်ဆန္ဒအတွက် ထွက်ပေါက်ရှာနေကြသည်။

“ဖန်…ငါ ဒီမှာ”

ယဲ့ဖန် အထဲဝင်လာသည်နှင့် ဖက်တီးက သူ့ထံ လက်ဝှေ့ရမ်း၍ နှုတ်ဆက်လာသည်။ ယဲ့ဖန် ပြုံး၍ သူ့ဆီ လျှောက်သွားသည်။

ထိုနေရာသို့ ရောက်သည်နှင့် ဖေးချမ်အပြင် ခပ်ချောချောလူငယ်လေးတစ်ယောက်နှင့် ဖြူစင်ချောမောသော မိန်းမပျိုလေး သုံးယောက်ပါ ရှိနေသည်။

“ဖန်… မြန်မြန်လာ ငါ ဒီမှာ အချောလေးတွေနဲ့ မင်းကို မိတ်ဆက်ပေးမလို့”

ဖေးချမ်က ယဲ့ဖန်ပခုံးပေါ် လက်တင်၍ ညစ်ညမ်းသော အပြုံးမျိုး ပြုံးပြသည်။

သူ့ပုံစံကိုကြည့်၍ ဖေးချမ်သည် ယဲ့ဖန် ယုဖေးနှင့် ပြတ်ပြီး အသည်းကွဲဝေဒနာ ခံစားရမှာစိုး၍ နောက်ထပ်မိန်းကလေး တစ်ယောက်နှင့် မိတ်ဆက်ပေးချင်နေတာ ဖြစ်သည်။

ယဲ့ဖန် အသာလေး ပြုံး၍ ကျန်တဲ့သူတွေဆီသို့ သွားလိုက်သည်။

ဖေးချမ် မိတ်ဆက်ပေးမှုအရ ခပ်ချောချောလူငယ်လေး၏ အမည်မှာ ချွီထောင်ဖြစ်ပြီး ကျန်းရှီမြို့၏ ဒုတိယလူချမ်းသာမျိုးရိုးမှ နာမည်ကြီး သူဌေးသားလေးမှန်း သိလိုက်ရသည်။ မိန်းမလှလေးသုံးယောက်ကတော့ ရှုချင်း၊ ယွမ်လီ၊ ကျန်းဝေ့ဝေ့ ဟုခေါ်ကြောင်း သိလိုက်ရသည်။

ရှုချင်နှင့် ချွီထောင်တို့မှာ စုံတွဲဖြစ်သည်။

ဖေးချမ်နှင့် ယွမ်လီတို့ကလည်း ချစ်သူတွေ ဖြစ်သည်။

ကျန်းဝေ့ဝေ့သည် ဖေးချမ် ယဲ့ဖန်နှင့် အထူးတလည် မိတ်ဆက်ပေးချင်နေသည့် မိန်းကလေး ဖြစ်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ ငါက ကျန်းဝေ့ဝေ့ပါ”

ဖြူစင်လှပပြီး အရပ်ရှည်ရှည်နှင့် သေးသွယ်လှပသော ကျန်းဝေ့ဝေ့သည် ယဲ့ဖန်ရှေ့သို့ လက်ဆန့်ထုတ်၍ စကားစလိုက်သည်။ ထိုသို့ ပြုလုပ်လိုက်သည့် အချိန်အတွင်းမှာပဲ သူမသည် ယဲ့ဖန်အား ခေါင်းစခြေဆုံး ကြည့်နေသည်။

ယဲ့ဖန်က သာမန်ကာလျှံကာ အဝတ်အစားမျိုး ဝတ်ထားသည်ကို သတိထားလိုက်မိပြီးနောက် သူမသည် နှုတ်ခမ်းကို စူလိုက်ပြီး မသိမသာ စိတ်ပျက်သွားသည်။

“ယဲ့ဖန်”

ထိုသို့ ပြောပြီး ယဲ့ဖန်က သူမအား လက်ဆွဲနှုတ်ဆက်လိုက်သည်။ သို့သော် ယဲ့ဖန်၏ နာမည်ကို ကြားပြီး သူတို့လေးယောက်လုံး ကြောင်သွားကြသည်။

“ယဲ့ဖန်? ကိုယ့်လူ ခင်ဗျားက ယဲ့မိသားစုက သုံးစားမရတဲ့ တရားမဝင်သားနဲ့ နာမည်ချင်း ဆင်တယ်နော်၊ ခင်ဗျားက သူမဟုတ်ဘူးမလား” ဟု ချွီထောင်က ပြောလိုက်သည်။

ထိုအချိန်တွင် ချွီထောင်က ယဲ့ဖန်အား အလွန်လေးနက်သည့် အကြည့်မျိုးဖြင့် ကြည့်နေသည်။ ကျန်းဝေ့ဝေ့၊ ရှုချင်နှင့် ယွမ်လီတို့ကလည်း ယဲ့ဖန်အား သံသယမျက်ဝန်းဖြင့် ကြည့်နေကြသည်။

ထိုစကားကိုကြားပြီး ယဲ့ဖန် ဘာမှပြန်မပြောပေ၊ သို့သော် ဖေးချမ်ကတော့ ဒေါသထွက်သွားသည်။

“ချွီထောင် မင်း ဘာစောက်ချိုးချိုးတာလဲ… ဖန်က ဒီဖေဖေကြီးရဲ့ အစ်ကိုပဲ… မင်း အဲ့လိုစကားမျိုး ထပ်ပြောမယ်ဆို ဒီဖေဖေကြီးက မင်းနဲ့ ခင်မင်ရင်းနှီးမှုကို ရပ်တန်းကရပ်လိုက်မယ်”
ဖေးချမ် အတော်လေး ပေါက်ကွဲနေသည်။

အရင်တုန်းက ယဲ့ဖန် ယုဖေးနှင့် ပြတ်ပြီး စိတ်ဓာတ်ကျနေမှာ စိုး၍ သူ ကျန်းဝေ့ဝေ့နှင့် ယဲ့ဖန်အား မိတ်ဆက်ပေးချင်နေတာ ဖြစ်သည်၊ သို့သော် မထင်မှတ်ထားလောက်အောင်ပင် ယဲ့ဖန်၏ သုံးစားမရသော တရားမဝင်သား ဟူသော ဂုဏ်ပုဒ်က နာမည်ကြီးနေခဲ့သည်။

ဒေါသထွက်နေသော ဖေးချမ်မျက်နှာကို ကြည့်ပြီး ဒီလူက သူတို့ပြောနေသည့် ယဲ့ဖန်မှန်း ချွီထောင် သိလိုက်သည်၊ ထို့နောက် သူက ယဲ့ဖန်အား အလွန်လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဪ လတ်စသတ်တော့ ခင်ဗျားကိုးဗျ … ကိုယ့်လူရေ ခင်ဗျားက ဒီရက်ပိုင်း နာမည်ကြီးနေတာပဲ… ပြီးခဲ့တဲ့ရက်က ခင်ဗျားနဲ့ ကျန်းရှီမြို့ရဲ့ အလှဆုံးဥက္ကဋ္ဌရဲ့ အတင်းအဖျင်းသတင်းလေး ထွက်လာသေးတယ်ဗျ… ပြီးတော့ ခင်ဗျားက ကုန်းဝူနဲ့ ကျုံးချမ်းကို စော်ကားလိုက်သေးတယ်ဆိုပဲ”

ချွီထောင်က လှောင်ပြုံးပြုံး၍ ဆက်ပြောသည်။

“ခင်ဗျားရဲ့ ရာသီခွင်က ပြိဿရာသီရော ဓနုရာသီရော ဟုတ်ဟန်မတူဘူး…ကြယ်တံခွန်ပဲ ဖြစ်မယ်… ခင်ဗျားက သေချာပေါက်ကို ဂြိုဟ်ဆိုးပဲ”

ချွီထောင် ပြောလို့ပြီးသည်နှင့် သူရော ရှုချင်ပါ ပြိုင်တူရယ်လိုက်ကြသည်။ ယွမ်လီနှင့် ကျန်းဝေ့ဝေ့တို့ လိုက်မရယ်သော်လည်း သူတို့မျက်နှာထားက လှောင်ရိပ်သန်းနေသည်။

“ချွီထောင် မင်း စောက်ရမ်းလွန်သွားပြီ”

ဖေးချမ် ချွီထောင်အား ဒေါသတကြီး ထိုးရန်ပြင်လိုက်သည်။ မမျှော်လင့်ဘဲ ယွမ်လီက သူ့လက်မောင်းကို ဆွဲထားသည်။

“ယွမ်လီ ငါ့ကိုလွှတ် ဒီခွေးကောင်က ငါ့အစ်ကိုကို နှိမ်နေတာ… ငါ သူ့ကို သင်ခန်းစာပေးမှ ရမယ်”

ယွမ်လီ သူ့ကို တားလိုက်သောကြောင့် ဖေးချမ် ပို၍ ပေါက်ကွဲသွားသည်။

ဖေးချမ်စကားကို ကြားပြီး ယွမ်လီ သံကုန်မြှင့်၍ အော်လိုက်သည်။

“ဖေးချမ် ရှင် ရူးနေလား… ချွီထောင် ပြောတာ လုံးဝမှန်တယ်…ဒီလူက ဂြိုဟ်ဆိုးပဲ … ဘာလို့ ရှင်က သူ့ကို ညီအစ်ကိုလို ဆက်ဆံနေရတာလဲ… သူ့ကြောင့် ရှင် အနှေးနဲ့အမြန် သေလိမ့်မယ်”

သူမစကားကြောင့် ဖေးချမ် ဆတ်ခနဲ ဖြစ်သွားကာ ယွမ်လီကို ဒေါသတကြီး လှည့်ကြည့်လိုက်သည်။

“ယွမ်လီ မင်း ဘာပြောလိုက်တာလဲ ထပ်ပြောလိုက်စမ်း”

“ဖေးချမ် ရှင် ရူးနေလား သူက ဒီအတိုင်း ယဲ့မိသားစုက သုံးစားမရတဲ့ တရားမဝင်သားပဲလေ၊ ယဲ့မိသားစုက မကြာခင် စွန့်လွှတ်တော့မယ့်သားပဲလေ… ပြီးတော့ သူက လင်းလန်နဲ့ အတင်းအဖျင်းသတင်း ထွက်သွားလို့ ကုန်းမိသားစုနဲ့ ရန်သူလို ဖြစ်သွားပြီ… ကုန်းယွင်ဖေးနဲ့ ကုန်းမိသားစုက သူ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”

ဒေါသတကြီးနှင့် ယွမ်လီက ဖေးချမ်အား လက်ညှိုးငေါက်ငေါက်ထိုးကာ အော်လိုက်သည်။

“သူ့ကို ရှင် ဘယ်လိုလုပ် ညီအစ်ကိုလို ဆက်ဆံနိုင်ရတာလဲ ရှင် ရူးနေလား”

ဖြန်း!

ဖေးချမ်က သူမမျက်နှာကို အားနှင့် ရိုက်လိုက်သည်။ ယွမ်လီ ဒယိမ်းဒယိုင်ဖြစ်သွားကာ နောက်သို့ ဆုတ်သွားသည်။ သူမမျက်နှာပေါ်တွင် လက်ဝါးရာကြီးက အထင်းသားနှင့် ရှက်ဖွယ်အတိပင်။

ယွမ်လီ ကြောင်သွားသည်။ သူမမျက်နှာကို လက်ဖြင့်အုပ်ကာ ဖေးချမ်ကို မယုံနိုင်သောမျက်နှာဖြင့် ကြည့်နေသည်။

“ဖေးချမ်… ရှင်… ရှင် ကျွန်မကို ရိုက်တယ်?”

ဖေးချမ် သူမကို ရိုက်လိုက်သည်ကို ယွမ်လီ အခုထိ မယုံနိုင်သေးပေ၊ ပြီးခဲ့သည့်လများက သူမ ဖေးချမ်နှင့် အတူရှိနေစဉ်အချိန်များတွင် ဖေးချမ်က သူမအား သူ၏နတ်ဘုရားမအလား ဆက်ဆံကာ သူမဆန္ဒများကို ဖြည့်ဆည်းပေးလေ့ရှိသည်၊ ဘယ်တော့မှ သူမ သဘောထားအား မဆန့်ကျင်ခဲ့ပေ။

**ဒီသုံးစားမရတဲ့ကောင်ကြောင့် သူက ငါ့ကို ရိုက်တယ်**

ထိုအချိန်မှာပင် ဖေးချမ်က သူမအား ဒေါတသကြီးကြည့်ကာ
“ရိုက်တယ်? ဒီဖေဖေကြီးက မင်းကို သတ်တောင်သတ်ချင်နေတာကွ.. မင်း ငါ့ကို စော်ကားလို့ရတယ် ဒါပေမယ့် မင်း ငါ့အစ်ကိုကို ဘယ်တော့မှ စော်ကားခွင့်မရှိဘူးကွ… ဘယ်သူမှ ငါ့အစ်ကိုကို စော်ကားခွင့်မရှိဘူးကွ”

** ဘယ်သူမှ ငါ့အစ်ကိုကို စော်ကားခွင့်မရှိဘူးကွ**

ဖေးချမ်စကားကြောင့် ယဲ့ဖန် နှလုံးခုန်သံမြန်သွားသည်။ ဖေးချမ်သည် အရင်ခန္ဓာကိုယ်ပိုင်ရှင်၏ အခင်ဆုံးသူငယ်ချင်း ဖြစ်သည်၊ အခုကစပြီး သူသည်လည်း ဖေးချမ်အား သူ၏ အခင်ဆုံးသူငယ်ချင်းအဖြစ် သတ်မှတ်လိုက်သည်။ တစ်ခါတစ်ရံတွင် ယောကျ်ားရင့်မာကြီးနှစ်ယောက်၏ ခင်မင်မှုအား စကားနှင့် ဖော်ပြလို့မရပေ။

ယခုအချိန်တွင် ဖေးချမ်သည် အလွန်တည်ငြိမ်နေကာ ယွမ်လီအား စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ယွမ်လီ… ငါက ပိုက်ဆံတွေ၊ ဂုဏ်ပုဒ်တွေကို ဂရုမစိုက်ဘူး…ဒါပေမယ့် ငါက တရားမျှတမှုနဲ့ သူငယ်ချင်းသံယောဇဉ်ကို တန်ဖိုးထားတယ်…မင်း ငါ့အစ်ကိုကို စော်ကားရင် အဲ့ဒါက ငါ့ကို သတ်တာနဲ့ အတူတူပဲ… အခုကစပြီး မင်းနဲ့ငါ ပြတ်ပြီ”

ထိုသို့ပြောပြီး ဖေးချမ်က ချွီထောင်၊ ရှုချင်၊ ကျန်းဝေ့ဝေ့တို့အား ကြည့်ကာ အေးစက် ခက်ထန်စွာ ပြောလိုက်သည်။

“ပြီးတော့ မင်းတို့တွေ အမှားကြီးတစ်ခု လုပ်ခဲ့မိပါလားလို့ သိလာလိမ့်မယ်၊ အခု မင်းတို့က ငါ့အစ်ကိုကို အထင်သေးခဲ့တာမို့ အနာဂတ်မှာ မင်းတို့ ငါ့အစ်ကိုနဲ့ သူငယ်ချင်းဖြစ်ချင်ရင်တောင် ဖြစ်ခွင့်မရှိတော့ဘူး”

ဖေးချမ်က ပြတ်သားသောမျက်လုံးမျိုးနှင့် ကြည့်နေသည်။ သူသည် ယဲ့ဖန်က သူ့ထက် ပိုသာသည်ဟု ခံယူထားသည်။

ထို့နောက် ဖေးချမ်သည် ယဲ့ဖန်လက်မောင်းကို ဆွဲ၍ ထွက်သွားသည်။

“ဖန် … သွားရအောင်”

ဖေးချမ်၏ ပြတ်သားသောပုံစံကို ကြည့်ပြီး ယဲ့ဖန် အမူအရာတွေ ရှုပ်ထွေးလာသည်။ သူ့အတွက် အသက်ပင် စွန့်လွှတ်ရဲသည့် ညီအစ်ကိုတစ်ယောက် ရလာမှန်း သူ သိလိုက်သည်။

“ဖေးချမ်…ငါ့ညီ…”

ယဲ့ဖန် ထူးဆန်းသည့်အပြုံးမျိုး ပြုံးလိုက်သည်။ ယဲ့ဖန်၏ ဒဏ္ဍာရီလာဘဝလမ်းခရီးအတွက် သူ ဒီနေ့ချလိုက်သော ဆုံးဖြတ်ချက်ကို ဖေးချမ်သာမက ဘယ်သူမှ နားမလည်နိုင်ပေ။

နှစ်ပေါင်းများစွာကြာသောအခါ ဖက်တီးသည် ယဲ့ဖန်၏ နံဘေးတွင် ရှိနေသည့် ရက်စက်ကြမ်းကြုတ်သော ဧကရာဇ်သုံးပါးထဲမှ လောဘအိုးဝံပုလွေ ဧကရာဇ်အဖြစ် ကျော်ဇောလာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset