Switch Mode

အပိုင်း(၂၀၁၆)

ကျောင်းတော်၌ လမ်းစဉ်ကိုရှာဖွေခြင်း

“သွားကြစို့။ ” လျှိုချင်ကျူးက ပြောလိုက်သည်။ ထို့နောက် သူက လူအုပ်ကြီးကို ဦးဆောင်ပြီး အခြားတစ်နေရာသို့ ထွက်ခွာသွားခဲ့သည်။ သူတို့က ပို၍ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်လာလေ လေဟာနယ်ထဲမှ စွမ်းအားများက ပို၍ နက်နဲလာလေ ဖြစ်သည်။ သူတို့က တခါတရံ ကျောင်းတော်မှ တန်ခိုးရှင်များနှင့် တွေ့ဆုံခဲ့ကြသော်လည်း ထိုတန်ခိုးရှင်များ၏ အထက်ကို ဝင်္ကပါဖြင့် ကာရံကာ အပြည့်အဝချိတ်ပိတ်ထားခဲ့သည်။

အဝေးတွင် တောင်တန်းများဖြင့် ကာဆီးထားခံရသော လူသူကင်းမဲ့နေသည့် နေရာတစ်ခု ရှိသေးသည်။ တောင်တန်းများ၏ အခြားတစ်ဖက်ကို မြူများဖြင့် လွှမ်းခြုံထားသည်။ ရီဖူရှင်းနှင့် အခြားသူများသည် မြူနှင်းများအလယ်မှထွက်လာသော အသံတစ်ခုကို ခပ်ဝါးဝါးကြားနိုင်ကြပေသည်။

“အဲဒါက ဘာလဲ။” ချင်းချင်းက တောင်တန်းဆီသို့ ကြည့်ရှုကာ မေးလိုက်သည်။ မြူနှင်းတို့ကို ဖြတ်ကာ သူမသည် အလွန်ကြီးမားသော ကောင်းကင်မျှော်စင်တစ်ခုကို ခပ်ဝါးဝါး မြင်တွေ့ခဲ့သည်။ ၎င်းက တောင်တန်းတစ်ခုထက် ပို၍ မြင့်မားပေသည်။ ထိုမျှော်စင်ထက်တွင် မရေတွက်နိုင်သော မှော်အက္ခရာများ တောက်ပနေသည်။ ထိုနေရာမှ နတ်အလင်းများက မြူနှင်းတို့အား ထိုးဖောက်နေခဲ့သည်။ လူအုပ်ကြီးသည် ထိုထူးဆန်းသော အခြေအနေအား အဝေးမှပင် မြင်တွေ့ကြရပေသည်။ ထိုမျှော်စင်ဘက်မှ အားနည်းသော်လည်း ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။ ဖျော့တော့သော အသံတစ်ခုက ထိုနေရာမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

“အဒီမျှော်စင်ကလည်း ရတနာတစ်ခုပဲ။” လျှိုချင်ကျူးက ပြောလိုက်သည်။ သူက ထပ်မရှင်းပြတော့ဘဲ အခြားနေရာတစ်ခုသို့ ဦးတည်လိုက်၏။

“အဲဒါက တားမြစ်နေရာပဲ။” လင်းဟယ်က ချင်းချင်းကို ခပ်တိုးတိုး ပြောပြလိုက်သည်။ သူက အခြားလူများကို သတိပေးနေခြင်းဟုလည်း ထင်မှတ်ရ၏။ လူအုပ်ကြီးက ချက်ချင်းပင် သတိထားလိုက်ကာ ထိုမျှော်စင်ဘက်သို့ ထပ်မကြည့်ကြတော့ပေ။ ၎င်းက တားမြစ်နေရာဖြစ်ရာ သူတို့ စစ်ဆေးကြည့်သည်ကို သေချာပေါက် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သို့သော် သူတို့၏ သိချင်စိတ်က ပို၍ပင် ကြီးမားလာပေသည်။ သူတို့က အတွင်း၌ မည်သည်တို့ ရှိနေသည်ကို သိချင်နေကြပေ၏။

“စီနီယာအစ်ကို ကြည့်ရတာ အဲဒီကနေ နတ်ဆိုးချီတွေ ထွက်လာနေပုံပဲ။” ရီဖူရှင်းက လီချန်ရှန်းအား သူ၏ အတွေးတို့ကို ပို့လွှတ်လိုက်သည်။ သူက ထိုနေရာမှ ထွက်ပေါ်နေသော နတ်ဆိုးချီတို့ကို ခံစားမိပေသည်။ ကြည့်ရတာ ထိုမျှော်စင်ကို ချိပ်ပိတ်သည့် စွမ်းအားက ၎င်းချီများကို အပြည့်အဝ မတားဆီးထားနိုင်ပုံပင်။

လီချန်ရှန်း၏ မျက်လုံးများ၌ ထူးဆန်းသော အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး သူ့တွင် အတွေ့အကြုံပေါင်းများစွာ ရှိသည်။ အချိန်အကြာကြီး နေထိုင်လာခဲ့ပြီးသည့်အတွက် သူက များစွာသော ကိစ္စရပ်များကို ကြုံတွေ့ဖူးပြီး သိရှိသောအရာများလည်း များပြားလှသည်။ အချို့ကိစ္စများမှာ ကိုယ်တိုင်ကြုံတွေ့ဖူးမှသာသိနိုင်ကြပေသည်။ ကောလာဟလများ၌ အမှန်တရားတချို့ ပါဝင်နေသည်။

“ကြည့်ရတာ အဲဒါက နတ်ဆိုးချိပ်ပိတ်မျှော်စင် ဖြစ်မယ်။” လီချန်ရှန်းက ပြောလိုက်သည်။ “အဲဒါကို အစွမ်းထက် နတ်ဆိုးတွေ ဖိနှိပ်ဖို့ အသုံးပြုတယ်။”

ရီဖူရှင်းထံ၌ ထူးဆန်းသော အမူအရာတစ်ခု ထွက်ပေါ်လာသည်။ တုန်းဟွာကျောင်းတော်က မည်သည့်အတွက် အစွမ်းထက်နတ်ဆိုးတစ်ကောင်ကို ချုပ်နှောင် ဖိနှိပ်ထားရန် လိုအပ်သနည်း။

သို့သော်လည်း လီချန်ရှန်းက ထပ်မပြောတော့သည့်အတွက် ရီဖူရှင်းလည်း ထပ်မမေးတော့ပေ။

သူတို့က ရှေ့သို့ ဆက်သွားကြပြီး နောက်ထပ် နတ်သစ်ပင်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုနတ်သစ်ပင်ကြီး၏ အကိုင်းအခက်တို့က အပြင်သို့ ဖြန့်ကျက်နေကာ ကြီးမားသော တောအုပ်တစ်ခုသဖွယ် ဖြစ်တည်နေသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဉ် ဖျက်ဆီးခြင်းစွမ်းအားတို့က ထိုတောအုပ်အတွင်း အမှန်တကယ် ပါဝင်နေသည်။ ၎င်းသည် ရီဖူရှင်းထံ၌ ကိုးယို့ကားယားအကြည့်တို့ ဖြစ်ပေါ်လာစေသည်။ သစ်ပင်များသည် အသက်နှင့် ကြွယ်ဝသော အသက်စွမ်းအားတို့ကို ကိုယ်စားပြုသည်။ သို့သော်လည်း သူ့ရှေ့မှ သစ်ပင်၌ ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည်။

“အဲဒါက သေဆုံးခြင်းသစ်သားပဲ။ အဲဒီမှာ ဝိညာဉ်ရှိနေခဲ့ပြီ။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ရှေ့ကို ဆက်သွားရင် လျှို့ဝှက်နယ်မြေတွေ အများကြီး ရှိနေတာကို တွေ့ရလိမ့်မယ်။ ခင်ဗျားတို့အားလုံး စိတ်ဝင်စားရင် တစ်ချက်သွားကြည့်ကြမလား။”

လူအုပ်ကြီးက ပြန်မတုံ့ပြန်နိုင်ခင် အဝေးမှ ကျယ်လောင်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့က ပြန်လှည့်ကာ ထိုနေရာသို့ ကြည့်လိုက်သည်။ လျှိုချင်ကျူးသည်လည်း သူ၏ စွမ်းအားကို ထုတ်လွှတ်ကာ အပြင်ဘက်သို့ ဖြန့်ကျက်လိုက်၏။ သိပ်မကြာခင်၌ သူသည် ထိုအသံများ ထွက်ပေါ်လာသော အုတ်အော်သောင်းနင်း ဖြစ်နေသည့် နေရာကို မြင်လိုက်ရသည်။

အခြားလူများက သူ့ထံသို့ ကြည့်လိုက်ကြ၏။ သူတို့က မည်သည်တို့ ဖြစ်နေသည်အား သိချင်သော်လည်း သူတို့၏ နတ်အာရုံတို့ကို အလွယ်တကူ မထုတ်လွှတ်နိုင်သည့်အတွက် မသိနိုင်ပြပေ။

“ဖုန်းဆိုးမြေနတ်နန်းတော်က တန်ခိုးရှင်တွေ ရောက်လာကြတာ။ သူတို့က လမ်းစဉ်ဖွေရှာစင်မြင့်က ကောင်းကင်ဝင်ရိုးနတ်ကြေးမုံမှာ ရောက်နေခဲ့ပြီ။” လျှိုချင်ကျူးက ရှင်းပြလိုက်သည်။ လူအုပ်ကြီးထံ၌ ထူးဆန်းသော အကြည့်တို့ ထွက်ပေါ်လာသည်။ ကွယ်ဝှက်စွာ နေထိုင်တတ်သော ဖုန်းဆိုးမြေနတ်နန်းတော်မှ တန်ခိုးရှင်များက တုန်းဟွာကျောင်းတော်သို့ ရောက်လာသည်လား။

ယခုမတိုင်ခင် ကျောင်းတော်မှ လူများသည် ဖုန်းဆိုးမြေနတ်နန်းတော်မှ တန်ခိုးရှင်များ ရောက်လာသည်ကို စောင့်ဆိုင်းနေခဲ့ကြခြင်း မရှိပေ။ ဆိုလိုသည်မှာ သူတို့က တစ်ဖက်လူတို့ ရောက်လာမည်ကို သိရှိခြင်း မရှိကြချေ။ ယခု သူတို့က မဖိတ်ခေါ်ဘဲ ရောက်လာပုံရလေသည်။

“တစ်ချက်လောက် သွားကြည့်ရအောင်။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူတို့သည်လည်း ကောင်းကင်ဝင်ရိုးနတ်ကြေးမုံကို အလွန် စိတ်ဝင်စားနေကြပေသည်။ ဖုန်းဆိုးမြေနတ်နန်းတော်မှ တန်ခိုးရှင်များက လမ်းစဉ်ဖွေရှာစင်မြင့်ကို မည်သည့်အတွက် ရောက်လာကြသနည်း။

“ကောင်းပြီ။” လျှိုချင်ကျူးက ခေါင်းညိတ်လိုက်သည်။ ထိုလူစုက ချက်ချင်းပင် နောက်သို့လှည့််ကာ အလွန် လျင်မြန်လှသော အရှိန်နှင့် ထွက်ခွာသွားကြပေသည်။

ထိုသည်မှာ သူတို့သာမကပေ။ နေရာအသီးသီးမှ လူအများသည်လည်း ယင်းအခြေအနေကို ကြားသိကြ၏။ တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များက လေထုကို ဖြတ်သန်းကာ တောင်တန်းများမှ လျှောက်ထွက်လာကြသလို ကျွန်းမျောများအထက်မှ ဆင်းသက်လာသည်များလည်း ရှိသည်။ သူတို့အားလုံးက တူညီသော နေရာသို့ ဦးတည်လိုက်ကြ၏။

မကြာခင်၌ တန်ခိုးရှင်များက လမ်းစဉ်ဖွေရှာစင်မြင့်ဆီသို့ ရောက်လာကြသည်။ တိမ်တိုက်များသို့တိုင် ရောက်အောင် မြင့်မားသည့် ရှေးဟောင်းတောင်ထွတ်များက လမ်းစဉ်ဖွေရှာစင်မြင့်အား ဝန်းရံထားသည်။ တစ်ဖက်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် တန်ခိုးရှင်တစ်စုက ထိုနေရာ၌ ရပ်နေကြသည်။ သူတို့တွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ရှိနေ၏။ သူတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါတို့က မွန်းကြပ်ဖွယ် ကောင်းလှပေသည်။

သူတို့နှင့် မျက်စောင်းထိုး၌ ရှိနေသော တောင်တန်းထိပ်တွင် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ ရပ်နေကြသည်။

လက်ရှိ၌ သူတို့ကြားရှိ လမ်းစဉ်ဖွေရှာစင်မြင့်ထက်တွင် ရန်ဟောင်နှစ်ပါးက တိုက်ပွဲတစ်ခု ဆင်နွှဲနေပေသည်။ ထိုတိုက်ပွဲက ပြင်းထန်လှသည်။

လျှိုချင်ကျူးက ချက်ချင်းပင် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ ရပနေရာသို့ ဦးတည်လိုက်သည်။ အခြားတန်ခိုးရှင်များက မတူညီသော နေရာများတွင် နေရာယူလိုက်ကြ၏။ ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက တောင်ထွတ်တစ်ခုတွင် ဆင်းသက်လိုက်ကြသည်။ မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များက တောင်ထွတ်တစ်ခုကို ရွေးချယ်လိုက်ကြပြီး လင်းရှောင်နတ်နန်းတော်မှ တန်ခိုးရှင်များက သူတို့ဘေးရှိ တောင်ထွတ်ပေါ်တွင် နေရာယူလိုက်သည်။

သူတို့အားလုံးက မတူညီသော နေရာ၌ ရပ်နေကြ၏။

ထိုအခိုက်အတန့်တွင် ပြင်းထန်သော ထိခတ်သံတစ်ခုကို ကြားလိုက်ရ၏။ လမ်းစဉ်ဖွေရှာစင်မြင့်ကို လွှမ်းခြုံထားသော ဝင်္ကပါက တောက်ပသော အလင်းတို့ဖြင့် လင်းလက်လာကာ ရန်ဟောင်နှစ်ပါး၏ ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ခိုက်မှုတို့မှ ထွက်ပေါ်လာသည့် စွမ်းအားတို့ကို တားဆီးလိုက်သည်။ တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်က နောက်သို့ လွင့်ထွက်သွားသည်။ သူက အလွန် နာကျင်နေပုံပေါ်သည်။

‘သူတို့က တကယ့်ကို လမ်းစဉ်တိုက်ပွဲဆင်နွှဲနေကြတာပဲ။’ လူအုပ်ကြီးက တွေးလိုက်ကြပြီး ထူးဆန်းသည့် အကြည့်တို့က သူတို့ မျက်နှာထက် ထွက်ပေါ်လာသည်။ လျှိုချင်ကျူးက သူတို့ကို ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ ဖုန်းဆိုးမြေနတ်နန်းတော်က တန်ခိုးရှင်တွေ ဒီကို လာမယ်ဆိုတာ ကျုပ်တို့ကို ဘာလို့ အကြောင်းမကြားရတာလဲ။ ဒါမှ ကျုပ်တို့ ဘက်က ပို၍ ဧည့်ဝတ်ကျေနိုင်မှာလေဗျာ။”

“အလုပ်ရှုပ်ခံဖို့ မလိုပါဘူး။ အကြောင်းမကြားဘဲ လာလည်း ကွာခြားသွားတာ မရှိပါဘူး။ ကျူးကျော်လာတာကို ခွင့်လွှတ်ပေးပါ။” ဖုန်းဆိုးမြေနတ်နန်းတော်မှ အကြီးအကဲတစ်ယောက်က ပြန်ဖြေလိုက်သည်။

“ခင်ဗျားတို့အားလုံးက အဝေးကလာခဲ့ကြတဲ့ ဧည့်သည်တွေပဲ။ မကြာသေးခင်ကပဲ ကျုပ်က ဧည့်သည်တွေကို ကျောင်းတော်တစ်ပတ် လိုက်ပြနေခဲ့သေးတာ။ အခု ဖုန်းဆိုးမြေနတ်နန်းတော်က ကျင့်ကြံသူတွေ ရောက်လာတာဆိုတော့ ကျုပ် ဘာများလုပ်ပေးရမလဲ။ ဘာပဲဖြစ်ဖြစ် ပြောလို့ရပါတယ်။” လျှိုချင်ကျူးက ယဉ်ကျေးစွာ ပြောလိုက်သည်။

“ဘာမဆို ကူညီနိုင်တာလား။” အေးစက်သည့် အသံတစ်ခုက ပြောလိုက်ပြီး ထိုလေသံထဲ၌ မောက်မာသော အရှိန်အဝါတို့ လျှံကျနေသည်။ လူအုပ်ကြီး၏ အကြည့်က ထိုလူထံသို့ ကျရောက်သွားလေသည်။ ထိုသူက ဖုန်းဆိုးမြေနတ်နန်းတော်၏ ထိပ်သီးအဆင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နောက်လာမည့် ပျက်စီးခြင်းနတ်ဘုရား ‘ပျက်စီးခြင်း’ ဖြစ်သည်။ သူက လက်ရှိ ပျက်စီးခြင်းနတ်ဘုရား ၏ ဆက်ခံသူလောင်းလျာ ဖြစ်ပေသည်။

“ကျုပ် ဘာကိုမှ ကတိမပေးနိုင်ပေမယ့် တတ်နိုင်သမျှတော့ အကောင်းဆုံး ကြိုးစားပေးသွားမှာပါ။” လျှိုချင်ကျူးက ‘ပျက်စီးခြင်း’ ၏ လေသံကို ဂရုမထားဘဲ ပြန်ဖြေလိုက်သည်။ လျှိုချင်ကျူးက ပုံမှန်အတိုင်း ပြုံးလိုက်၏။ သူသည် တစ်ဖက်လူက မည်သို့သော တောင်းဆိုမှုမျိုး လုပ်လာမည်ကို အမှန်တကယ် သိချင်နေခဲ့သည်။

‘ပျက်စီးခြင်း’ က တောင်ထွတ်ပေါ်တွင် ရပ်လိုက်သည်။ သူ၏ အနက်ရောင်ဝတ်ရုံက လေထဲ၌ တဖျတ်ဖျတ် လွင့်နေ၏။ သူ၏ အလွန် ထက်ရှသော အကြည့်များက လျှိုချင်ကျူးပေါ်သို့ ကျရောက်သွားသည်။ လျှိုချင်ကျူးက စီနီယာတစ်ယောက် ဖြစ်လျှင်ပင် ‘ပျက်စီးခြင်း’ က သူ့အပေါ် လေးစားမှုမရှိပေ။ သူက ပြောလိုက်၏။ “ဒီနေ့ ကျုပ် တုန်းဟွာကျောင်းတော်ရဲ့ လမ်းစဉ်ဖွေရှာစင်မြင့်ကို လာတာ နင်ဟွာကို စိန်ခေါ်ဖို့ပဲ။”

နင်ဟွာ…

နင်ဟွာသည် တုန်းဟွာနယ်မြေအတွင်း ထိပ်သီးအဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ တုန်းဟွာနယ်မြေရှိ ဤမျိုးဆက်များအတွင်း အထူးချွန်ဆုံးဟု ဆိုနိုင်ပေသည်။ သူက တုန်းဟွာနယ်မြေသခင် အိမ်တော်မှ ဒုနယ်မြေသခင်ပင် ဖြစ်သည်။ သူ့တွင် ဘွဲ့ဂုဏ်ထူးပေါင်းများစွာ ရှိပြီး သူနှင့် သက်ဆိုင်သော ဒဏ္ဍာရီများစွာ ရှိပေသည်။

‘ပျက်စီးခြင်း’ က အမှန်တကယ်ပင် တုန်းဟွာကျောင်းတော်သို့ နင်ဟွာကို ရှာရန် လာခဲ့သည်လား။

သို့သော်လည်း ၎င်းက နားလည်နိုင်ဖွယ်ဖြစ်သည်။ ပျက်စီးခြင်းနတ်ဘုရားနန်းတော် မှ ‘ပျက်စီးခြင်း’ သည်လည်း အလွန် အစွမ်းထက်သူ ဖြစ်သည်။ သာမန် တန်ခိုးရှင်တို့က ‘ပျက်စီးခြင်း’ နှင့် တွေ့ဆုံရန် မထိုက်တန်ပေ။

တုန်းဟွာကျောင်းတော်တွင် များပြားလှသော တန်ခိုးရှင်များ ရှိကြသည်။ သို့သော်လည်း သူတို့ထဲမှ အနည်းငယ်ကသာ ‘ပျက်စီးခြင်း’ တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီပေသည်။ သူသည် တုန်းဟွာနယ်မြေ ဒုသခင် နင်ဟွာအတွက် အထူးလာရောက်ခဲ့ခြင်း ဖြစ်ပေသည်။

လျှိုချင်ကျူးက ပြုံးကာ ပြောလိုက် သည်။ “ခုတလော နင်ဟွာ ဘယ်မှာ ကျင့်ကြံနေလဲဆိုတာ ကျုပ်တို့တောင် မသိဘူး။ ခင်ဗျား သူနဲ့ တွေ့ခဲ့ရင် စိန်ခေါ်နိုင်ပါတယ်။”

လျှိုချင်ကျူးက ချက်ချင်းပင် ထိုတောင်းဆိုချက်ကို နင်ဟွာထံ လွှဲပြောင်းပေးလိုက်သည်။

ပထမဆုံးအနေနှင့် တစ်ဖက်လူက နင်ဟွာအား ရှာတွေ့ရန် လိုအပ်ပေသည်။

နင်ဟွာက ‘ပျက်စီးခြင်း’ ၏ တောင်းဆိုချက်ကို လက်ခံမခံမှာ ကာယကံရှင်၏ ဆုံးဖြတ်ချက်သာ ဖြစ်လေသည်။ သို့သော် အဝေးမှ လာခဲ့ရသော ‘ပျက်စီးခြင်း’ အတွက် စိတ်ပျက်လက်ပျက် ပြန်သွားရနိုင်ချေ ပိုများပေသည်။

နင်ဟွာက သူကိုယ်တိုင် ထွက်ပေါ်လာခြင်းမှ မဟုတ်လျှင် လက်ရှိတွင် မည်သူမှ သူ့အား မရှာနိုင်ကြပေ။

ကျောင်းတော်မှ လူအများသည် ထို ‘ပျက်စီးခြင်း’ က မောက်မာဝံ့ကြွားနေသည်ဟု ယုံကြည်ကြပေသည်။ ‘ပျက်စီးခြင်း’ က လက်ရှိ အထူးချွန်ဆုံး ပုဂ္ဂိုလ်လေးယောက်အတွင်းမှ တစ်ယောက် ဖြစ်သော်လည်း သူတို့ မျက်လုံးထဲ၌ သူနှင့် နင်ဟွာကြားမှ ကွာခြားချက်က အလွန် ကြီးမားလှသည်။ နင်ဟွာက အဆင့်သတ်မှတ်ချက်၌ ထိပ်ဆုံးတွင် ရှိနေပြီး သူက အမြဲ နံပါတ်တစ်ပင် ဖြစ်သည်။ ထိုသည်မှာ တုန်းဟွာနယ်မြေအတွင်းမှ အထူးချွန်ဆုံး လေးယောက်တွင်လည်း ပါအဝင်ဖြစ်သည်။ နင်ဟွာက ပထမဆိုသည်မှာ ငြင်းပယ်မရနိုင်သည့် အမှန်တရားပင် ဖြစ်သည်။

“ဒီလိုဆိုရင် ကျုပ် ဒီနေ့ တုန်းဟွာကျောင်းတော်ကို ရောက်နေလက်စနဲ့ ကျောင်းတော်က တန်ခိုးရှင်တွေရဲ့ လမ်းစဉ်ကို တွေ့ကြုံရဖို့ မျှော်လင့်ပါတယ်။” ‘ပျက်စီးခြင်း’ က ဆက်ပြောလိုက်သည်။ သူ၏ အသံက အလွန် မောက်မာကာ စော်ကားမော်ကားနိုင်လှသည်။

တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များက သူ၏ သဘောထားကြောင့် အလွန် မကျေမနပ် ဖြစ်သွားကြသည်။ ထို ‘ပျက်စီးခြင်း’ က အမှန်တကယ်ပင် စိတ်ကြီးဝင်နေသူ ဖြစ်၏။ နင်ဟွာက မရှိနေသည့်အတွက် သူသည် ကျောင်းတော်၏ တန်ခိုးရှင်များအား စိန်ခေါ်ချင်နေသည်။ သူ၏ မဟာလမ်းစဉ်က ချို့ယွင်းချက်ကင်းသည်။ ကျောင်းတော်၌ သူ့အား စိန်ခေါ်နိုင်သောသူ မည်မျှများများ ရှိပါမည်နည်း။

ကျောင်းတော်တစ်ခုလုံးတွင် လူနည်းစုသာ ရှိပေလိမ့်မည်။ ‘ပျက်စီးခြင်း’ ၏ စရိုက်မှာ ထိုအပြုအမူကြောင့် သိသာထင်ရှားလာပေသည်။

ပျက်စီးခြင်းနတ်ဘုရားနန်းတော် မှ တန်ခိုးရှင် များက အခြားတန်ခိုးရှင်များကို စိန်ခေါ်ရန် ရောက်လာကြပြီး သူတို့၏ မာနကို စိန်ခေါ်နေပေသည်။

“ကောင်းပြီ။”

“ဒီလိုဆိုမှတော့ ကျုပ်တို့က ဝမ်းမြောက်ဝမ်းသာ လက်ခံရမှာပေါ့။”

ရန်ဟောင်အချို့က တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေလိုက်ကြသည်။ သူတို့က တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့သည်လည်း ပျက်စီးခြင်းနတ်ဘုရားနန်းတော် မှ အထူးချွန်ဆုံး ပုဂ္ဂိုလ်က မည်မျှ အစွမ်းထက်ကြောင်း သိချင်ကြပေသည်။

လမ်းစဉ်ဖွေရှာစင်မြင့်ကို ဝန်းရံထားသော တောင်ထွတ်များရှိ လေထုက ချက်ချင်းပင် အလွန် တင်းမာလာတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset