အပိုင်း(၂၀၁၅)

သန့်စင်မြင့်မြတ်နယ်မြေ၏ မြင်ကွင်းများ

ထိုအခိုက်တွင် သူတို့၏ အနီးမှ လူတစ်စု ဖြတ်လျှောက်လာခဲ့သည်။ ထိုသူတို့အားလုံးက အလွန် အထင်ကြီးလောက်စရာပင် ဖြစ်သည်။ သူတို့သည် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီက ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတို့ကို ခေါင်းဆောင်လာသူမှာ အသက် လေးဆယ် ငါးဆယ်ခန့်ရှိသောလူကြီးတစ်ယောက်ဖြစ်ပြီး ဆရာသခင်တစ်ယောက်၏ အရှိန်အဝါမျိုးရှိသည်။ သူက သူ့ အနီးတဝိုက်ရှိ လူများကို ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “ဒီကို ရောက်လာကြတဲ့ တုန်းဟွာနယ်မြေရဲ့ ကုန်းမြေအသီးသီးက ငယ်ငယ်ရွယ်ရွယ် လူစွမ်းကောင်းလေးတွေနဲ့ တွေ့ဖို့ အခွင့်အရေး ရလိမ့်မယ်လို့ မထင်မိဘူး။ ကျုပ်က လျှိုချင်ကျူးပါ။ ကြိုဆိုပါတယ်။”

“အဲဒီတော့ ခင်ဗျားက လျှိုချင်ကျူးပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။” လီချန်ရှန်းနှင့် အခြားသူများက အရိုအသေပေးလိုက်ကြသည်။ အများစုမှာ တုန်းဟွာနယ်မြေ၏ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သော လျှိုချင်ကျူး အမည်ကို ကြားဖူးကြသည်။ သူ၏ ကျင့်ကြံဆင့်မှာ ရန်ဟောင်အဆင့် အထွတ်အထိပ်တွင် ရှိနေပြီး မဟာလမ်းစဉ် ကန့်သတ်မှုကို ချိုးဖျက်လွတ်မြောက်ရန် ခြေတစ်လှမ်းသာ ကျန်တော့ပေသည်။ သူ၏ မဟာလမ်းစဉ် နားလည်သဘောပေါက်နိုင်မှုက ထူးခြားသာလွန်ပေသည်။ သူသည် တုန်းဟွာကျောင်းတော်၏ အရေးကြီးဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

“ကျောင်းတော်က သန့်စင်မြင့်မြတ်နယ်မြေတစ်ခုပဲ။ ဒါကြောင့် ခင်ဗျားတို့အားလုံးကို ကျုပ် ဧည့်ခံပေးဖို့ မလိုအပ်ပေမယ့် ဘာလို့ ကျုပ်တို့အတူတူ ကျောင်းထဲမှာ လျှောက်မကြည့်ကြရမှာလဲ။” လျှိုချင်ကျူးက အပြုံးနှင့် ပြောလိုက်သည်။.

လူတိုင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကျုပ်တို့က တုန်းဟွာကျောင်းတော်ရဲ့ ကျော်ကြားမှုကို အတော်လေး လေးစားမိကြတာမို့ အခုလို လာရောက်လည်ပတ်ကြတာပါ။ ဒါကြောင့် ကျောင်းတော်ထဲမှာ လျှောက်သွားပြီး လှည့်ပတ်ကြည့်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။”

“သိပ်ကောင်းတယ်။ ကျုပ် ခင်ဗျားတို့ကို လမ်းပြပေးပါ့မယ်။ ကျေးဇူးပြုပြီး လိုက်လာခဲ့ကြပါ။” လျှိုချင်ကျူးက ပြောလိုက်ပြီး လှည့်ထွက်ကာ အဝေးသို့ လျှောက်သွားကြပေသည်။ သူတို့က ကောင်းကင်၌ တည်ရှိနေသော ရှေးဟောင်းအဆောက်အအုံတစ်ခုရှေ့သို့ ရောက်သောအခါ ပြောလိုက်သည်။ “ဒါက တုန်းဟွာစံအိမ်ပဲ။ ခင်ဗျားတို့အားလုံး သိကြမယ်လို့ ထင်ပါတယ်။ ဒီနေရာက အထဲမှာ ကျမ်းစာလိပ်တွေ အများကြီးရှိတဲ့ စာကြည့်တိုက်တစ်ခုပဲ။ အဲဒီထဲက အများစုမှာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက မဟာအင်ပါယာရဲ့ အမိန့်နဲ့ ကူးထားတဲ့ လက်ရေးမူတွေ ရှိတယ်။ အကုန်လုံးက ဂန္တဝင်လက်ရာတွေပဲ။ ဒါပေမယ့် ကျုပ်တို့က အဲဒါတွေကို အပြင်လောကဆီ မဖြန့်ဘူး။ နားလည်ဖို့ မျှော်လင့်ပါတယ်။”

လူတိုင်းက ခေါင်းညိတ်လိုက်သည်။ သူတို့က တုန်းဟွာကျောင်းတော်မှ တပည့်များ မဟုတ်သောကြောင့် တုန်းဟွာစံအိမ်သို့ မဝင်ရောက်နိုင်ပေ။

“ဒါပေမယ့် ကျောင်းတော်ထဲမှာ ခင်ဗျားတို့ သွားလို့ရတဲ့ အံ့သြစရာနေရာတွေ အများကြီးရှိပါသေးတယ်။ အဲဒီနေရာတွေကို ကျုပ် လိုက်ပို့ပေးမယ်။” လျှိုချင်ကျူးကို ဆက်ပြောလိုက်ပြီး သူက ပြန်လှည့်ကာ အခြားနေရာသို့ လျှောက်သွားခဲ့သည်။ အားလုံးသော တန်ခိုးရှင်များက သူ့နောက်သို့ လိုက်ပါသွားသည်။ ထိုအချိန်၌ လင်းဟယ်က ချင်းချင်းဘေးသို့ သွားကာ ပြောလိုက်သည်။ “ကျောင်းတော်က တကယ်ကို ခမ်းနားတဲ့ နေရာတစ်ခုပဲ။ ဒီနေရာမှာ ဖုံးကွယ်ထားတဲ့ ရတနာတွေ အများကြီးရှိတယ်။ ကန့်သတ်ထားတဲ့ နေရာတွေကလွဲရင် ဘယ်နေရာမဆို သွားကြည့်လို့ရတယ်။”

ချင်းချင်းက ခေါင်းညိတ်လိုက်သည်။ “တုန်းဟွာကျောင်းတော်က တုန်းဟွာနယ်မြေအတွင်း ကျင့်ကြံဖို့အတွက် အထင်ကရ သန့်စင်မြင့်မြတ်နယ်မြေတစ်ခုပဲ။ ဒီနေရာမှာ ကျင့်ကြံဖို့အတွက် အခြေအနေတွေက ပြီးပြည့်စုံတာကြောင့် လူအများကြီး မနာလိုဖြစ်ကြတယ်။ တုန်းဟွာနယ်မြေအတွင်း တုန်းဟွာအိမ်တော်ရဲ့ ကျော်ကြားတဲ့ လူအများစုက တုန်းဟွာကျောင်းတော်က ထွက်လာတာတို့ ပြောကြတာ မဆန်းပါဘူး။”

တုန်းဟွာနယ်မြေသခင်အိမ်တော်သည် တုန်းဟွာကျောင်းတော်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ ကျောင်းတော်မှ ထွက်လာသော တန်ခိုးရှင်အများစုက နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ကာ အဖွဲ့ဝင်များ ဖြစ်လာကြသည်။ ၎င်းသည် သူတို့အား ပို၍ မြင့်မားသော အဆင့်သို့ ရောက်ရှိရန် အခွင့်အရေးကို ပေးစွမ်းပေသည်။

ထိုသည်မှာ ယခင်ကသာဖြစ်လျှင် လင်းဟယ်က အနည်းငယ် ကြွားဝါနေမည်ဖြစ်သော်လည်း ယခု ထိုသို့လုပ်ရန် အခြေအနေ၌ ရှိမနေပေ။ သူက တုန်းဟွာ ကျောင်းတော်၏ တန်ခိုးရှင်တစ်ဦး ဖြစ်နေလျှင်ပင် သူက ရီဖူရှင်း၏ ရိုက်နှက်ခြင်းကို ဆိုးဆိုးဝါးဝါး ခံခဲ့ရသည်။ လင်းရှောင်နန်းတော်၏ အခြားတန်ခိုးရှင်များက ဝင်မစွက်ဖက်ခဲ့လျှင် သူ့ထံ၌ ပို၍ ဆိုးဝါးသော အရာများ ဖြစ်ပေါ်လာပေလိမ့်မည်။

လူစုက ကျောင်းတော်၏ အထက်ကောင်းကင်တွင် ပျံသန်းသွားနေသည်။ ထိုကျယ်ပြောသော လေဟာနယ်တခွင်တွင် မျောလွင့်နေသော ကျွန်းစုများစွာ ရှိသည်။ လျှိုချင်ကျူးက သူတို့အဖွဲ့အား ထိုနေရာများအကြောင်း မိတ်ဆက်ပေးသည်။ “ဒီမျောလွင့်နေတဲ့ ကျွန်းစုတွေမှာ ကျောင်းတော်ရဲ့ အကြီးအကဲတွေ ကျင့်ကြံကြပြီး ကျောင်းတော်က တချို့ တပည့်တွေလည်း ကျင့်ကြံကြတယ်။ ဒါပေမယ့် ကျောင်းတော်က တပည့်တွေက ကျွန်းတွေကို သူတို့ရဲ့ ကျင့်ကြံရေးနေရာအဖြစ် သိမ်းပိုက်နိုင်ဖို့ စိန်ခေါ်ကြရတယ်။ သူတို့က ပြင်းထန်တဲ့ စမ်းသပ်မှုကို ဖြတ်သန်းပြီးနောက်မှသာ အဲဒီနေရာကို ပိုင်ဆိုင်နိုင်ကြတယ်။ ကျွန်းတွေပေါ်မှာ သူတို့ ကောင်းကောင်း ကျင့်ကြံနိုင်အောင် ကာကွယ်ရေးဝင်္ကပါတွေ ထားရှိပြီး တိုက်ခိုက်ဖို့ ခက်ခဲတယ်။ ထိုဝင်္ကပါတွေက သူတို့ကို လွှမ်းခြုံထားပြီး  ဘယ်သူ့ရဲ့ နတ်အာရုံကမှ အဲဒီထဲကို ကျူးကျော်ဖို့ မဖြစ်နိုင်ဘူး။”

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ထိုနေရာမှာ ကျင့်ကြံခြင်းအတွက် ပြိုင်ဘက်ကင်း နေရာတစ်ခုပင်ဖြစ်သည်။ တစ်စုံတစ်ယောက်က အမှန်တကယ်ပင် ကျွန်းတစ်ခုလုံးကို ပိုင်ဆိုင်၍ သူတို့ ကျင့်ကြံရေးအတွက် အသုံးပြုနိုင်သည်လား။

သို့သော်လည်း ထိုသို့သောအရာမျိုးမှာ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်များသာလျှင် မျှော်လင့်နိုင်ကြပေသည်။ သာမန်တပည့်များက ထိုအခွင့်အရေးမျိုး မည်သည့်အခါမှ ရှိလိမ့်မည် မဟုတ်ပေ။

သူတို့က ထိုနေရာကို ဖြတ်သန်းသွားပြီး အစဉ်လိုက်တည်ရှိနေသော ရှေးဟောင်းတောင်များ ရှိနေသည့် နေရာတစ်ခုသို့ ရောက်လာကြသည်။ ကြီးမားသော ဝင်္ကပါတစ်ခုနှင့် ဖုံးလွှမ်းထားသော တောင်ထွတ်များအကြား ကျယ်ပြောသော အကွာအဝေးတို့ ရှိကာ မြင့်မားသော စင်မြင့်တစ်ခုလည်း ရှိသည်။ လူအများက ထိုစင်မြင့်ထက်၌ ယဉ်ပြိုင်နေကြသည်။

“ဒါက ကျောင်းတော်ရဲ့ လမ်းစဉ်ဖွေရှာစင်မြင့်ပါ။ ကျောင်းသားတွေက အချိန်တိုင်း ဒီနေရာမှာ ယဉ်ပြိုင်ဖို့ လာတတ်ကြပြီး တစ်ခါတစ်လေကျတော့ ကျုပ်တို့ ဒီမှာ ပွဲတော်တွေ ကျင်းပကြတယ်။” လျှိုချင်ကျူးက ဆက်ပြောလိုက်သည်။ လူတိုင်းသည် ထိုအကြောင်းကို စတင်တွေးတောလာကြ၏။

အစွမ်းထက် ပုဂ္ဂိုလ်အမြောက်အမြား စုစည်းလာကြသောအခါ သူတို့က အချင်းချင်း ယဉ်ပြိုင်ရန် မတွေးဘဲ မည်သို့ နေပါမည်နည်း။

“ဟိုကို ကြည့်လိုက်။” လျှိုချင်ကျူးက ညွှန်ပြလိုက်သည်။ နီးကပ်စွာ တည်ရှိနေသည့် တောင်ထွတ်နှစ်ခုကြားတွင် ရှင်းလင်းကာ တိတ်ဆိတ်နေပြီး ယဉ်မရအောင် ကြီးမားလှသော ရှေးဟောင်းမှန်ကြီးတစ်ချပ် ရှိနေသည်။ တစ်စုံတစ်ယောက်က ဂရုတစိုက်မကြည့်လျှင်ပင် ထိုကြီးမားလှသော အရာတစ်ခုကို အလွယ်တကူ မြင်တွေ့နိုင်ပေလိမ့်မည် ဖြစ်သည်။

“ကောင်းကင်ဝင်ရိုးနတ်ကြေးမုံပဲ။ အဲဒါက တစ်စုံတစ်ယောက်ရဲ့ မဟာလမ်းစဉ် နတ်ဝင်ရိုးက ဘယ်လောက်အားကောင်းတယ်ဆိုတာ ဆုံးဖြတ်နိုင်ပြီး လူတိုင်း ကြည့်လို့ရတယ်။ ကျင့်ကြံရေးလောကထဲမှာ ချို့ယွင်းချက်ကင်း နတ်ဝင်ရိုးနဲ့ ချို့ယွင်းချက်ရှိတဲ့ နတ်ဝင်ရိုးဆိုပြီး နှစ်မျိုးနှစ်စား ရှိတယ်။ ဘယ်သူကမှ ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးကို အဆင့်မခွဲခြားနိုင်ပေမယ့် တချို့ကတော့ တခြားသူတွေထက် အားကောင်းနေကြတယ်မလား။” လျှိုချင်ကျူးက သူ့ကိုယ်သူ ပြောနေသလိုမျိုး တိုးသက်စွာ ပြောလိုက်သည်။ “တချို့ကတော့ တကယ်ပဲ သန်မာကြတယ်။ လူတိုင်းရဲ့ မဟာလမ်းစဉ် နတ်ဝင်ရိုးတွေက ခွန်အားပမာဏချင်း မတူညီကြဘဲ တချို့တွေကြားက ကွာခြားမှုက အတော်လေးကို ကြီးမားတယ်။ ဒါပေမယ့်လည်း နတ်ဝင်ရိုးတွေ ပြီးပြည့်စုံတယ်ဆိုကတည်းက သူတို့ကြားက ကွာခြားမှုကို ခပ်ရေးရေးပဲ ခံစားနိုင်ပြီး အလွယ်တကူ မမြင်တွေ့နိုင်မှာတော့ သေချာတယ်။ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံ မဟာလမ်းစဉ်နတ်ဝင်ရိုးတွေရဲ့ ခွန်အားကို ကွဲပြားခြားနားမှုကို သေချာသိနိုင်တယ်။ အဲဒါက အရမ်းအဖိုးတန်တယ်။ ဒီကြေးမုံက ဘယ်ကလာလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်က သူတို့ရဲ့ မဟာလမ်းစဉ်နတ်ဝင်ရိုးကို ထုတ်လွှတ်လိုက်တာနဲ့ ကြေးမုံက အသက်ဝင်လာပြီး နတ်ရောင်ဝါတစ်ခု ထွက်ပေါ်လာလိမ့်မယ်။ ကျုပ်တို့ရဲ့ မှန်းဆချက်အရတော့ ကြေးမုံမှာ အလင်းစက်ဝန်းကိုးခု ရှိတယ်။ ဒါပေမယ့် ဘယ်သူကမှ အားလုံးထွက်ပေါ်လာအောင် မလုပ်နိုင်ကြဘူး။ ဒါကြောင့် ဒါက ခန့်မှန်းချက်တစ်ခုသာသာပဲ။ တချို့က ပြောကြတာတော့ ဒီခန့်မှန်းချက်က မှားနေတယ်တဲ့။ အဲဒီအလင်းစက်ဝန်းကို အကုန်လုံး ထွက်ပေါ်လာအောင် လုပ်နိုင်စွမ်း ဘယ်သူမှ မရှိကြဘူးလေ။”

သူ၏ စကားလုံးများက လူတိုင်းကို စိတ်လှုပ်ရှားလာစေသည်။ လူအများက သွားပြီး ကြိုးစားကြည့်ချင်လာကြပေသည်။

“အများဆုံး အလင်းစက်ဝန်းဘယ်နှခုလောက် ပေါ်လာဖူးလဲ။” တစ်စုံတစ်ယောက်က မေးလိုက်သည်။ လူတိုင်းက လျှိုချင်ကျူးကို ကြည့်လိုက်ကြ၏။ သူတို့က သိသာစွာပင် ထိုမေးခွန်း အဖြေကို သိချင်နေကြသည့်အတွက် စူးစမ်းလိုစိတ်များနှင့် ကြည့်နေကြပေသည်။

“ခြောက်ခု” လျှိုချင်ကျူးက အပြုံးနှင့် ပြောလိုက်သည်။ “အဲဒါကြောင့်ပဲ လူအများက အလင်းစက်ဝန်းက ကိုးခုမရှိနိုင်ဘဲ အဲဒီခြောက်ခုက နတ်ဝင်ရိုးတစ်ခုအတွက် အများဆုံး သတ်မှတ်ချက် ဖြစ်ရင်ဖြစ် မဟုတ်ရင် ခုနစ်ခုလောက်ပဲ ရှိရမယ်လို့ ပြောကြတယ်။”

“အဲဒါက ဒုနယ်မြေသခင်လား။” ကျန်းယွဲ့လီက မေးလိုက်သည်။

“ဟုတ်တယ်။” လျှိုချင်ကျူးက ခေါင်းညိတ်ကာ ပြောလိုက်၏။ ကျောင်းတော်၏ တန်ခိုးရှင်များအားလုံးက စစ်ဆေးကြည့်ကြပြီး ဖြစ်လေသည်။

ကျန်းယွဲ့လီက ကြေးမုံကို ကြည့်လိုက်သည်။ သူမသာလျှင် မဟုတ်ဘဲ အများစုက စမ်းသပ်ရန် ကြိုးစားကြည့်ချင်ကြပေသည်။ သူတို့၏ နတ်ဝင်ရိုးက အလင်းစက်ဝန်း မည်မျှ ထုတ်လွှတ်နိုင်မည်ကို မြင်တွေ့လိုကြပေသည်။

“ကြည့်ရတာ ခင်ဗျားတို့အားလုံးမှာ တူညီတဲ့ အတွေးတွေ ရှိနေကြမယ် ထင်တယ်။ ဒါပေမယ့် ခင်ဗျားတို့ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ဖို့ အချိန်တချို့တော့ ယူရမယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ နတ်ဝင်ရိုးက ပြီးပြည့်စုံမနေရင် ကောင်းကင်ဝင်ရိုးနတ်ကြေးမုံက တုံ့ပြန်မှုရှိမှာ မဟုတ်ဘူး။” လျှိုချင်ကျူးက သူတို့ကို သတိပေးလိုက်သည်။ လူအများက တွေဝေသွားကြသော်လည်း လင်းဟယ်၊ ချင်းချင်း၊ ယန်တုန်းရန်နှင့် အခြားလူများကဲ့သို့ အများစုမှာ ပြီးပြည့်စုံသော နတ်ဝင်ရိုးရှိသူများ ဖြစ်ကြသည်။ သို့သော် သူတို့က အလယ်အလတ် ရန်ဟောင်များသာလျှင် ဖြစ်ကြပေသည်။

“ကျုပ်တို့ တခြားနေရာတွေ အရင်သွားကြည့်ကြမယ်။ ခင်ဗျားတို့အားလုံးက အဝေးက လာခဲ့ကြတာမို့ ကျောင်းတော်အတွင်းက မြင်ကွင်းတွေကို မြင်ချင်ကြမှာပဲ။ အားလုံးကြည့်ပြီး ပြန်လာတဲ့အခါကျ ဘယ်ကို ပြန်သွားချင်လဲဆိုတာ ဆုံးဖြတ်ကြတာပေါ့။” လျှိုချင်ကျူးက အပြုံးနှင့် ပြောလိုက်သည်။ သူက အိမ်ရှင်တစ်ယောက်အနေနှင့် တာဝန်ကျေရန် အကောင်းဆုံး လုပ်ဆောင်နေ၏။ ထိုဧည့်သည်များ အားလုံးက အဝေးမှ လာကြသူများ ဖြစ်ကြသည်။

လူတိုင်းက ၎င်းကို သဘောတူကြပြီး ကျောင်းတော်အတွင်း လှည့်ပတ်ကြည့်ရန် သူ့နောက်သို့ လိုက်ပါသွားကြပေသည်။

ဤနေရာသည် အပြင်မှ မြင်ရသည်နှင့် မတူနိုင်ပေ။ ၎င်းက လျှို့ဝှက်ဆန်းကြယ်ပြီး ကြိုတင်မှန်းဆ၍ မရနိုင်အောင်ပင် ဖြစ်သည်။ ထိုကျယ်ပြောသော နေရာကြီးမှာ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းပေသည်။ ထိုနေရာကို မြို့တော်ကြီးတစ်ခုဟု ပြောနိုင်ပြီး တုန်းဟွာကျောင်းတော်သည် ကြီးမားကျယ်ပြန့်သော နေရာကြီးတစ်ခုအား ပိုင်ဆိုင်ထားပေသည်။

“ဒါက ဘယ်နေရာလဲ။ အရမ်းလှတာပဲ။” ချင်းချင်းက နေရာတစ်ခုကို မော့ကြည့်ကာ ပြောလိုက်သည်။ ထိုနေရာတွင် မရေတွက်နိုင်အောင် တောက်ပသည့် ကြာဖူးကြာနွယ်များက ပန်းပင်လယ်ကြီးတစ်ခုကဲ့သို့ ပွင့်လန်းနေကြသည်။ ထိုနေရာ၌ ပန်းများဝန်းရံထားသော စံအိမ်များ၊ စင်မြင့်များ ရှိသည့်အပြင် ကျောက်တုံးဥယျာဉ်များနှင့် ရေကန်များလည်း ရှိသည်။ ထိုသည်မှာ လူသားလောကရှိ  နတ်ဘုရားနယ်မြေတစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။

“အဲဒီနေရာက ကျောင်းတော်ရဲ့ စီနီယာတွေ ကျင့်ကြံကြတဲ့ နေရာပဲ။” လင်းဟယ်က ပြောလိုက်သည်။ ထိုကျွန်းမျောများပေါ်၌ လူတိုင်း ကျင့်ကြံနိုင်ကြခြင်း မဟုတ်ပေ။ ကျောင်းတော်၏ စီနီယာများက ဤနေရာ၌ အများအပြားရှိကြပေသည်။

ချင်းချင်းက ငုံ့ကြည့်လိုက်သည်။ ထိုကဲ့သို့ လှပသော နေရာတွင် မည်သို့သော ပုဂ္ဂိုလ်များ ကျင့်ကြံနေကြလိမ့်မည်နည်း။

တုန်းဟွာကျောင်းတော်၏ ထိပ်သီးပုဂ္ဂိုလ်များမှာ အပြင်လူများနှင့် ရင်းနှီးခြင်း မရှိကြပေ။ အများစုမှာ ထိုနေရာအတွင်း တိတ်တိတ်ဆိတ်ဆိတ်နှင့် နှိမ့်ချစွာ နေထိုင်ပြီး ကျင့်ကြံနေကြပေသည်။.

စံအိမ်များထဲမှ တစ်ခု၏ အရှေ့ရှိ ပန်းပင်လယ်အတွင်း ချင်းချင်းသည် တန်ခိုးရှင်တစ်စုကို မြင်တွေ့နိုင်ပေသည်။ သူတို့က သူမ ထင်မှတ်ထားသည်နှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။ ထိုနေရာ၌ အရေးအကြောင်းများနှင့် ဆံပင်များပင် ဖြူနေပြီဖြစ်သော အမျိုးသမီးအိုကြီးတစ်ယောက် ရှိနေသည်။ သို့သော် သူမက မတ်မတ်ရပ်နေပြီး အလွန် တည်ငြိမ်သော အမူအရာနှင့် ရှိနေသည်။ သူမက ကမ္ဘာလောက၏ အပြင်ဘက်တွင် တည်ရှိနေသလို ထင်မှတ်ရပေသည်။

“ဒီနေရာမှာ စီနီယာအတော်များများက သူတို့ကိုယ်သူတို့ သန့်စင်နေကြတယ်။ ကျုပ်တို့ သူတို့ကို မနှောက်ယှက်သင့်ဘူး။” လျှိုချင်ကျူးက ပြောလိုက်သည်။ လူတိုင်းက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ဆက်သွားကြသည်။ သိပ်မကြာခင်မှာပင် သူတို့သည် နောက်ထပ် ထူးခြားသော အဆောက်အအုံတစ်ခုအား မြင်တွေ့လိုက်ရသည်။ ၎င်းက ဖန်သားနှင့် ပြုလုပ်ထားသော နတ်နန်းတော်တစ်ခုကဲ့သို့ ထင်မှတ်ရပြီး ပြီးပြည့်စုံကာ လှပပေသည်။

ရှေ့သို့ ဆက်သွားရင်း ရှေးဟောင်းတောင်ထွတ်များအကြား ကောင်းကင်တွင် အံ့သြဖွယ်ကောင်းသော ဓားစွမ်းအားများနှင့် ပြည့်နေသည်ကို မြင်လိုက်ရ၏။ သူတို့သည် ချောက်ကမ်းပါးတစ်ခုတွင် ထိုင်၍ မျက်လုံးများမှိတ်ကာ ကျင့်ကြံနေသည့် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို မြင်တွေ့လိုက်ကြရသည်။ သူက ဓားတောင်ထွတ်တွင် ရှိနေခြင်း ဖြစ်လေသည်။

ရီဖူရှင်းက ဆက်သွားလေ သူ၏ စိတ်ထဲ၌ အံ့သြမှုများနှင့် ပြည့်နှက်လာလေ ဖြစ်သည်။ ကြည့်ရသည်မှာ တုန်းဟွာကျောင်းတော်အတွင်းမှ မည်သည့် တန်ခိုးရှင်မဆို အပြင်လောက၌ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်နိုင်ပေသည်။ ထိုနေရာသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို အမှန်တကယ် လွှမ်းမိုးထားနိုင်ပေသည်။

“စီနီယာအစ်ကို အပြင်လောကသားတွေက ဒီလူတွေအကြောင်း တကယ် သေချာ မသိကြဘူးမလား။” သူက လီချန်ရှန်းကို စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

“တချို့က သိတယ်.. တချို့က မသိဘူး။ ဒါပေမယ့် မင်း သေချာတွေးကြည့်ရင် ဒါက သိပ်မထူးဆန်းဘူး။ အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို မအုပ်စိုးခင် ပရမ်းပတာအချိန်အတွင်းမှာ မရေတွက်နိုင်တဲ့ လူစွမ်းကောင်းတွေ အများကြီးရှိတယ်။ အဲဒီရှေးခေတ်က လူအများအပြားက ရှင်သန်နေတုန်းပေမယ့် သူတို့ အခု ဘယ်မှာလဲ။ သေချာပေါက် နေရာအနှံ့ကို ရောက်သွားကြတာပေါ့။ တုန်းဟွာကျောင်းတော်က သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေတာကြောင့် အဲဒီလိုလူမျိုးတွေ အများကြီး ဒီနေရာမှာ ရှိနေကြတာ ပုံမှန်ပဲလေ။” လီချန်ရှန်းက ရီဖူရှင်းအား ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ရန်ဟောင်အဆင့် တန်ခိုးရှင်များမှာ တိုက်ပွဲအတွင်း မသေဆုံးခဲ့လျှင် သူတို့က နေနှင့်လကဲ့သို့ ရှင်သန်နေကြပေလိမ့်မည်။ ထိုလူအိုကြီးများက အသက်အရှည်ကြီး နေထိုင်ခဲ့ကြသည်မှာ သိသာလှသည်။.

ဤနေရာက မူလဘုံမဟုတ်ပေ။ ကောင်းကင်ဒေသက အလွန် ကျယ်ပြောလှပြီး အဆုံးမရှိသော နယ်မြေအတွင်း၌ အစွမ်းထက် တန်ခိုးရှင် မည်မျှများများ ပုန်းကွယ်နေမည်ကို မည်သူသိနိုင်ပါမည်နည်း။

ထိုအချိန်၌ သူတို့က ကျက်တီးမြေတစ်ခုသို့ ရောက်လာကြသည်။ ထိုနေရာက အမှောင်နယ်မြေတစ်ခုဖြစ်ကာ အသံတစ်ခုတစ်လေပင် ကြားရခြင်း မရှိပေ။ အရာအားလုံးက တိတ်ဆိတ်နေခဲ့သည်။ မြေပြင်က နက်မှောင်နေပြီး ကောင်းကင်အတွင်း မြူဆိုင်းနေသော လေထုက လွှမ်းခြုံထားကာ ငြိမ်သက်သော အရှိန်အဝါကို ထုတ်လွှတ်ပေးနေသည်။

လူတိုင်းသည် သက်သောင့်သက်သာ မဖြစ်မှုကို ခံစားလိုက်ကြရသည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက သူတို့ ရှေ့၌ ထွက်ပေါ်လာသည်။ မုန်တိုင်းအတွင်း နှိုင်းယဉ်မရအောင် ကြီးမားလှသည့် အနက်ရောင် ရှေးဟောင်းခေါင်းလောင်းကြီးတစ်ခု ရှိနေပေသည်။ သူတို့ ခေါင်းလောင်းကြီးအနားသို့ ရောက်လာသည်နှင့် သူတို့၏ နှလုံးသားများက တုန်ယင်လာသလို ခံစားလိုက်ကြရပေသည်။

“ကြောက်စရာပဲ။” လူတိုင်းက ၎င်းကို မော့ကြည့်လိုက်ကြ၏။ ကြောက်မက်ဖွယ် မုန်တိုင်းက တိမ်တိုက်များသို့တိုင် ရောက်ရှိလာသည်။ ထိုနေရာတစ်ခုလုံးသည် ကမ္ဘာပျက်ကပ်ကို ရင်ဆိုင်နေရသည့် ကမ္ဘာတစ်ခုနှင့် အလားသဏ္ဌာန်တူပေသည်။

“ဒါက နတ်ဘုရားသတ်ခေါင်းလောင်းပဲ။” လျှိုချင်ကျူးက သူတို့ကို ပြောလိုက်သည်။ “ဒီနေရာမှာ ခင်ဗျားတို့ ကျင့်ကြံနိုင်တယ်။ သေဆုံးခြင်းမဟာလမ်းစဉ်နဲ့ အသံလှိုင်းစွမ်းအားတို့ကို ကျင့်ကြံနေရင်း ဝိညာဉ်စွမ်းအင်ကိုပါ တည်ငြိမ်အောင် လုပ်လို့ရတယ်။ ခေါင်းလောင်းသံ ထွက်လာရင် မိုင်ပေါင်းထောင်ချီ အကွာအဝေးအတွင်းမှာ ရှိတဲ့ သက်ရှိအားလုံး ဖျက်ဆီးခံရတာကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါက အဖိုးတန်တဲ့ လက်နက်ကိရိယာ တစ်ခုပဲ။ ဒါပေမယ့် အဲဒါက အချိန်အကြာကြီးကတည်းက အသံမမြည်တော့တာ။ ကျုပ်ဘက်ကလည်း ဒီခေါင်းလောင်းကို ဘယ်တော့မှ ထပ်မမြည်တော့ဖို့ မျှော်လင့်တယ်။”

လူတိုင်းက သူ ဆိုလိုသည်အား နားလည်သည်။ ထိုခေါင်းလောင်း အသံ ပြန်မြည်လာမည့်အချိန်မှာ တုန်းဟွာကျောင်းတော်က ဆိုးဝါးသော ပျက်စီးခြင်းနှင့် ရင်ဆိုင်ရသည့် အချိန်ဖြစ်သည်။ သူတို့က ထိုခေါင်းလောင်းကို အရေးတကြီးကိစ္စတစ်ခုခု ရှိမှသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လာသောအခါ လူမည်မျှများများ သေဆုံးလိမ့်မည်ကို ခန့်မှန်း၍ မရနိုင်အောင် ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူက ထိုခေါင်းလောင်းကို နောက်တစ်ကြိမ် ပြန်မမြည်တော့ဖို့ မျှော်လင့်နေသည်ဟု ပြောနိုင်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset