Switch Mode

အပိုင်း(၂၀၁၃)

အခွင့်အလမ်းနှင့် ကြုံတွေ့ရခြင်း

စားသောက်ပွဲတွင် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များက ကျုံးချန်နှင့် အခြားလူများအား လာလည်ရန် ယဥ်ကျေးစွာ ဖိတ်ကြားခဲ့သည်။ လီချန်ရှန်းနှင့် ကျုံးချန်သည်လည်း သွားရန် သဘောတူလိုက်ကြသည်။

ရီဖူရှင်း၏ ခန့်မှန်းချက်အရ သူတို့သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကိုသာ ဖိတ်ကြားခြင်း မဖြစ်နိုင်ပေ။ ဤတစ်ကြိမ်၌ အားလုံးသော အင်အားစုများက တုန်းဟွာကောင်းကင်တွင် စုစည်းလာကြသည်။ တုန်းဟွာနယ်မြေ၏ ထိပ်တန်း သန့်စင်မြင့်မြတ်နယ်မြေတစ်ခုအနေနှင့် တုန်းဟွာကျောင်းတော်သည် နေရာအသီးသီးမှ ထိပ်သီးတန်ခိုးရှင်များနှင့် တွေ့ဆုံချင်ကြလိမ့်မည် ဖြစ်သည်။

စားသောက်ပွဲပြီးနောက် လိန်ချင်းဟန်မှလွဲ၍ တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များအားလုံးနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက ထွက်ခွာသွားကြသည်။ သူမက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ တုန်းဟွာကျောင်းတော်သို့ သွားရောက်လည်ပတ်နိုင်ရန် လိုက်လာ​ပေးခြင်း ဖြစ်သည်။

ဤနေရာက သူမ၏ ဇာတိဖြစ်ကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက သူမတို့၏ ဧည့်သည်ပင် ဖြစ်၏။

“ချင်းဟန်၊ ဒီတစ်ခေါက် တုန်းဟွာကျောင်းတော်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေကိုပဲ ဖိတ်တာ မဟုတ်ဘူးမလား။” လိန်ကလန်ခေါင်းဆောင်က မေးလိုက်သည်။

“အင်း” လိန်ချင်းဟန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “သူတို့က ဒီမှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တန်ခိုးရှင်တွေ ရောက်နေတယ်ဆိုတာ သိတော့ ကျွန်မနဲ့ လိုက်လည်ဖို့ ဆုံးဖြတ်ခဲ့တာ။ ပြီးတော့ ကျောင်းတော်က တန်ခိုးရှင်တွေ အားလုံးကလည်း သဘောတူကြတယ်။ သူတို့က ကျောင်းတော်ဆီ နေရာအနှံ့က တန်ခိုးရှင်တွေကို ဖိတ်ကြားချင်ခဲ့တာ။ အဲဒါကြောင့်
တောင်းဆိုမှုတွေ လုပ်တာပဲ။”

လိန်ကလန်ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ “ဒီတစ်ခေါက်တော့ တကယ်ကို စိတ်ကြိုက်တွေ့ဆုံရတာပဲ။ တုန်းဟွာကျောင်းတော်က ထိပ်တန်းသန့်စင်မြင့်မြတ်နယ်မြေ ဖြစ်တာကြောင့် လူတိုင်းက ဖိတ်ကြားချက်ကို လက်ခံကြလိမ့်မယ်။ ငါ ထင်တာတော့ သူတို့က ကျုံးချန်ကို အရမ်းစိတ်ဝင်စားနေပြီး ကျုံးချန်ကလည်း ‘သူ့’ ကို စိတ်ဝင်စားနေလောက်တယ်။”

လိန်ချင်းဟန်က ထိုလူ့အကြောင်းကို တစ်ချက်တွေးလိုက်သည်။ ကျုံးချန်က အလွန် အရည်အချင်းရှိပြီး ပြီးပြည့်စုံသော နတ်ဝင်ရိုးနှင့် အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်နေလျှင်ပင် သူတို့နှစ်ယောက်ကြား၌ ကွာခြားချက်ကြီး ရှိနေဆဲ ဖြစ်သည်။ သူမသည် သူတို့ရည်ညွှန်းသော ထိုလူနှင့် မည်သူမှ ယှဥ်နိုင်လိမ့်မည်မဟုတ်ဟု ထင်မိပေသည်။ တုန်းဟွာနယ်မြေတွင် သူက တစ်ယောက်တည်းသောသူဖြစ်ကာ တုန်းဟွာကောင်းကင်မှ တန်ခိုးရှင်အားလုံး၏ စံပြပင် ဖြစ်သည်။

ထိုသည်မှာ မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်၏ တပည့်အ​ကြီးဆုံးအတွက်လည်း အတူတူပင် ဖြစ်၏။

တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များသည် သူက သူတို့အတွက် မည်မျှ ဂုဏ်တက်စေသည်ကို သိကြပေသည်။ သူတို့၏ အမြင်အရ တုန်းဟွာနယ်မြေမှ ထိပ်သီးတန်ခိုးရှင် လေးယောက်တွင် သူက အခြားသူများထက် သာလွန်ကာ နံပါတ်တစ်သာ ဖြစ်နေပေလိမ့်မည်။

“ကျုံးချန်အပြင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ လီချန်ရှန်းကလည်း အရမ်းအစွမ်းထက်တယ်။ အရည်အချင်းအကြောင်း ပြောရမယ်ဆိုရင် ဆံပင်အဖြူရောင်နဲ့ လူငယ်ကိုလည်း ထည့်တွက်သင့်တယ်မလား။” လိန်ကလန်ခေါင်းဆောင်က မေးလိုက်သည်။

“ဟုတ်တယ်။” လိန်ချင်းဟန်က ခေါင်းညိတ်လိုက်၏။ “သူ လင်းဟယ်ကို အနိုင်ယူလိုက်တယ်ဆိုတဲ့ သတင်းက တုန်းဟွာကျောင်းတော်မှာ ပြန့်နေခဲ့ပြီ။”

လင်းဟယ်သည် လင်း​ရှောင်နန်းတော်မှလူဖြစ်ပြီး တုန်းဟွာကျောင်းတော်၌ ကျင့်ကြံနေသူလည်း ဖြစ်သည်။ သူက ကျောင်းတော်၏ တပည့်တစ်ယောက်ဟု ဆုံးဖြတ်နိုင်သည်။

လင်းရှောင်နန်းတော်က မိသားစုတစ်ခုကဲ့သို့ အင်အားစုဟု ဆုံးဖြတ်နိုက်သော်လည်း တုန်းဟွာကျောင်းတော်က ပညာသင်ကြားပို့ချပေးသော နေရာဖြစ်သည်။ ထိုနေရာ ကိုယ်ကျိုးဆိုင်ရာ ပဋိပက္ခများ မရှိပေ။ နယ်မြေသခင်၏ သားဖြစ်သူပင် ထိုနေရာ၌ ကျင့်ကြံနေခဲ့သည်။

“အင်း” ကလန်ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ “သူက အရမ်းအစွမ်းထက်တယ်။ တုန်းဟွာကျောင်းတော်မှာ သူ့ရဲ့ တိုက်ပွဲမှတ်တမ်းက တခြားသူတွေ ယှဥ်ဖို့ ခက်လိမ့်မယ်။”

လိန်ချင်းဟန်က ထိုအခြေအနေကြောင့် အရှက်ရသွားကာ ပြန်ပက်လိုက်၏။ “လင်းဟယ်က ထူးချွန်တာ ဟုတ်တယ်။ ဒါပေမယ့် သူက လင်းဟယ်ကို အနိုင်ရခဲ့ပြီး ထိပ်တန်းတန်ခိုးရှင်တစ်ယောက် ဖြစ်နေရင်တောင် ကျောင်းမှာ လင်းဟယ်ထက် ထူးချွန်တဲ့သူတွေ ရှိပါသေးတယ်။ သူက အဲဒီလူတွေနဲ့ ယှဥ်နိုင်ပါ့မလား။”

လိန်ကလန်ခေါင်းဆောင်က ရီဖူရှင်းအား ယှဥ်နိုင်သူ မည်သူမှ မရှိသလို ပြောနေခဲ့သည်။ ထိုလူမှလွဲလျှင် အခြားမည်သူမှ ရီဖူရှင်း၏ အရည်အချင်းအား မယှဥ်နိုင်မည့်ပုံပင်။ သူမသည် တုန်းဟွာကျောင်းတော်မှ လူတစ်ယောက်အနေနှင့် ထိုစကားကို ချဲ့ကားပြောနေသည်ဟု တွေးထင်ထားပေသည်။

“အဲဒီအချိန်ရောက်ရင် တွေ့ရမှာပေါ့။” ခေါင်းဆောင်လိန်က အပြုံးနှင့် ပြောလိုက်၏။.

“အင်ပါယာရီက တကယ် အစွမ်းထက်တယ်။” အသံတစ်ခုက ပြောလိုက်သည်။ လိန်ချင်းဟန်က အသံလာရာကို ကြည့်လိုက်၏။ သူမက မည်သူဖြစ်သည်အား မြင်သည့်အခါ ပြုံးကာ ပြောလိုက်သည်။ “လိန်ယန် မင်းရဲ့ ကျင့်ကြံဆင့်က တိုးတက်လာတာလား။”

“ဒေါ်လေး” လိန်ယန်က ခေါင်းညိတ်လိုက်သည်။ “အင်ပါယာရီရဲ့ လမ်းညွှန်ပေးမှုအောက်မှာ ဉာဏ်အလင်းတချို့ရပြီး ကျင့်ကြံခြင်းတိုးတက်လာတာပဲ။”

“အံ့သြစရာမရှိပါဘူး။” လိန်ချင်းဟန်က ပြုံးလိုက်သည်။ “ဒါပေါ့။ ဒေါ်လေးက ရန်ဟောင်ရီရဲ့ ခွန်အားကို ယုံကြည်ပါတယ်။ ဘယ်လိုပဲ​ပြောပြော လင်းဟယ်က တုန်းဟွာကောင်းကင်မှာ အစွမ်းထက်တဲ့ လူတစ်ယောက်ပဲလေ။”

လိန်ယန်က သူမနှင့် ပြိုင်မငြင်းပေ။ သူသည် သူ့အဒေါ်က ရီဖူရှင်း၏ ခွန်အားကို အသိအမှတ်ပြုသော်လည်း ကျုံးချန်နှင့်ပင် အဆင့်တူနေသည်ထိ မြင့်မားနေမည်ဟု မထင်ရုံသာ ဖြစ်လေသည်။ ၎င်းက အံ့အားသင့်စရာတော့ မဟုတ်ပေ။ ယခု ကျုံးချန်က ပြီးပြည့်စုံသော မဟာလမ်းစဥ် နတ်ဝင်ရိုးနှင့် အဆင့်မြင့် ရန်ဟောင်တစ်ယောက် ဖြစ်ပြီး နယ်မြေ၏ ထောက်တိုင်ဖြစ်လာရန် ​ကံကြမ္မာရှိသည်။ ထိုသည်မှာ တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ လာလည်စဥ်က သဘောထားကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ယနေ့ တုန်းဟွာနယ်မြေတစ်ခုလုံး၌ ကျော်ကြားသော ပုဂ္ဂိုလ်လေးယောက်လုံး ရောက်ရှိနေကြပေသည်။

သူတို့၏ အရည်အချင်းသာမက ခွန်အားသည်လည်း ထိပ်ဆုံးအဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ ယခုဆိုလျှင်  သူတို့က အဆင့်ကိုးရန်ဟောင် ဖြစ်တည်မှုကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိကြပေသည်။

ရက်အနည်းငယ် ကြာပြီးနောက် သူတို့ သဘောတူထားသော အချိန်သို့ ရောက်ရှိလာကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များနှင့် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်တို့ ရောက်လာကြသည်။ သူတို့သည် ချမ်းအေးလှသော မနက်စောစောတွင် လီချန်ရှန်းနှင့် အခြားသူများ ကျင့်ကြံရာ နေရာသို့ ရောက်လာကြ၏။

“သခင်မလေးလိန်” လီချန်ရှန်းနှင့် ကျုံးချန်က အတူလျှောက်လာပြီး ရီဖူရှင်းနှင့် အခြားသူများက နောက်မှ လိုက်ပါလာသည်။

လိန်ချင်းဟန်က ခေါင်းညိတ်ကာ သူတို့အား ပြောလိုက်သည်။ “ကျွန်မတို့ သွားဖို့ အသင့်ဖြစ်ပြီလား။”

“အင်း.. သွားလို့ရပြီ။” လီချန်ရှန်းက ခေါင်းညိတ်လိုက်သည်။

“ကျွန်မကပဲ လူတိုင်းကို လမ်းပြပေးသွားပါ့မယ်။” သူမ၏ ပုံရိပ်က လျှပ်တပြက်နှင့် လေထဲသို့ တက်သွားခဲ့သည်။ လီချန်ရှန်းနှင့် အခြားသူများကလည သူမနောက်မှ လိုက်ပါသွားကြသည်။ ကောင်းကင်ဓား လိန်ခွမ်ရှန်းသည်လည်း သူတို့နောက်မှ လိုက်လာခဲ့၏။ အ​ကြောင်းမှာ သူ့ကိုလည်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အဖွဲဲ့ဝင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်သောကြောင့် ဖြစ်သည်။

တုန်းဟွာကောင်းကင်၏ ကောင်းကင်ထက်တွင် တန်ခိုးရှင်များခရီးသွားနေပြီး သူတို့ထဲမှ အများစုက အစွမ်းထက် ရန်ဟောင်များ ဖြစ်ကြသည်။ မရေတွက်နိုင်သော တန်ခိုးရှင်များက ဤရက်ပိုင်းအတွင်း အဆက်မပြတ်ရောက်ရှိလာကာ နှစ်ပေါင်းငါးဆယ်အတွင်း ထိုနယ်​မြေ၏ အခမ်းနားဆုံးအချိန်ကို စောင့်နေကြသည်။

“သခင်မလေးလိန် အခု ဒုနယ်မြေသခင်က ဘယ်အဆင့်ရောက်သွားပြီလဲ။” လီချန်ရှန်းက လမ်းလျှောက်နေရင်း လိန်ချင်းဟန်ကို မေးလိုက်သည်။

တုန်းဟွာနယ်မြေသခင်၏ သားနှင့် ပတ်သတ်သော သတင်းက များများစားစား မရှိပေ။ သူ အဆင့်တက်မတက်ကို မည်သူမှ မသိကြချေ။

“သေချာမသိဘူး။ ကြည့်ရတာတော့ အဆင့်ခုနစ် အထွတ်အထိပ်လောက် ဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုနယ်မြေသခင် အဆင့်ခုနစ်ကို ရောက်တာ တော်တော်ကြာပြီလေ။” လိန်ချင်းဟန်က ပြန်ဖြေလိုက်သည်။ ထိုလေးယောက်အကြား ဓားနတ်မိမယ်၏ အ​ကြီးဆုံးတပည့် ကျန်းယွဲ့လီက ကျင့်ကြံဆင့် အမြင့်ဆုံးနှင့် ကျော်ကြားမှုကို အစောဆုံးခဲ့ခြင်း ဖြစ်သည်။ ကျန်းယွဲ့လီသည် သူမအပြင် အခြားသော နတ်မိမယ်နှစ်ယောက်ဖြစ်သော ချင်းချင်းနှင့် ချူးဟန်ရှီထက် စာလျှင် မြူနှင်းဝေနတ်နန်းတော်၏ နန်းတော်သခင်ရာထူးက ဆက်ခံရန် အလားအလာအများဆုံးသူ ဖြစ်သည်။

“သူက တုန်းဟွာကျောင်းတော်မှာပဲ ကျင့်ကြံနေတာလား။” လီချန်ရှန်းက ဆက်မေးလိုက်သည်။

“ကျွန်မ သိသလောက်တော့ သူက ကျောင်းတော်အတွင်းက လျှို့ဝှက်နေရာတစ်ခုမှာ ကျင့်ကြံနေတ။ ဒါပေမယ့် တုန်းဟွာနယ်မြေ ပွဲတော်အတွင်းမှာတော့ ထွက်လာလောက်ပါတယ်။” လိန်ချင်းဟန်က ပြောလိုက်သည်။ ထိုသူ၏ ကျင့်ကြံဆင့် မြင့်မားလာသည်နှင့်အမျှ တုန်းဟွာကျောင်းတော်၏ တပည့်များမှာ သူတို့ တွေ့ရန်  အခွင့်အရေးက သိပ်မများတော့ပေ။ သူက အလွန် လျှို့ဝှက်ဆန်းကြယ်ပေသည်။

အချို့သော စီနီယာများက သူသည် ကျောင်းတော်အတွင်း လျှို့ဝှက်သော နေရာ၌ ကျင့်ကြံနေသည်ဟု ပြောကြသည်။

လီချန်ရှန်းက ခေါင်းညိတ်လိုက်၏။ တုန်းဟွာကျောင်းတော်သည် တုန်းဟွာ နယ်မြေအတွင်း ထိပ်တန်းကျောင်းတော်ဖြစ်သည်။ ထို့ကြောင့် အချို့ သာမန်မဟုတ်သော နေရာများလည်း ရှိ​ပြီး အတွင်း၌ ရတနာအများအပြား ရှိနိုင်ကာ စာကြည့်တိုက်ကဲ့သို့ ကျင့်ကြံခြင်းအတွက် လျှို့ဝှက်နေရာများ ရှိနိုင်ပေသည်။

“ဒီလို ဒဏ္ဍာရီပုဂ္ဂိုလ်မျိုးနဲ့ တွေ့ဖို့ ရှာကြည့်ရမယ်။” လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။ သူက သူကိုယ်တိုင် ပြီးပြည့်စုံသော မဟာလမ်းစဥ်နတ်ဝင်ရိုးကို မဖွဲ့စည်းနိုင်သော်လည်း အနာဂတ်တွင် အဆင့်မြင့်လမ်းစဥ်များကို လိုက်စားနိုင်မည့် ကျုံးချန်ကဲ့သို့သော သူမျိုးကို တကယ်ပင် အားကျမိပေသည်။

“ဒီတစ်ခေါက် တုန်းဟွာကောင်းကင်ကို ရောက်တုန်း သူ့ကို တွေ့ခွင့်ရသင့်ပါတယ်။’ လိန်ချင်းဟန်က ပြောလိုက်ပြီး လီချန်ရှန်းက ခေါင်းညိတ်လိုက်၏။ တုန်းဟွာကောင်းကင်တခွင်လုံးမှ ထူးချွန်သော ပုဂ္ဂိုလ်များစွာ တစ်နေရာတည်းတွင် စုစည်းလာသည်ဖြစ်ရာ သူသည် အနှေးနှင့်အမြန် ထွက်ပေါ်လာနိုင်ပြီး နယ်မြေသခင်ကလည်း သူ့ကို အဝေးသို့ ရှောင်ဖယ်ခိုင်းထားမည် မဟုတ်ပေ။

သူတို့က ရှေ့ဆက်သွားခဲ့ကြသည်။ သူတို့က တုန်းဟွာကောင်းကင်၏ နယ်နိမိတ်အတွင်း ရှိနေသော်လည်း တုန်းဟွာကျောင်းတော်နှင့် လိန်မိသားစုအိမ်တော်က အတော်လေး အလှမ်းဝေးပေသည်။ တုန်းဟွာကောင်းကင်သည်လည်း ကျယ်ပြောသာ နေရာ ဖြစ်ပေသည်။

အချိန်တစ်ခုကြာပြီးနောက် သူတို့နှင့် မနီးမဝေးတွင် တောင်ဂိတ်တံခါးတစ်ခု မြင်လိုက်ကြရသည်။ ၎င်းက ကောင်းကင်နန်းတော်ကဲ့သို့ မြင့်မားကာ ခမ်းနားထည်ဝါသည်။ ထိုအရှေ့တွင် ကြီးမားသော လေဟာနယ်ရှိ​ကာ မည်သည့်အဆောက်အအုံမှ မရှိပေ။ ထိုနေရာက ထူးခြားပြီး ထိုကောင်းကင်တံခါးတစ်ခုသာ တည်ရှိပေသည်။

“ကျွန်မတို့ ရောက်ပြီ။” လိန်ချင်းဟန်က ပြောလိုက်သည်။ သူတို့က ဆင်းသက်လာကာ ​လှေကားပေါ် ရပ်လိုက်သည်။ တုန်းဟွာကျောင်းတော်တွင် မီတာရာချီမြင့်မားသော တံခါးများရှိ​ပြီး ၎င်းက အလည်ရောက်လာသူများကို တည်ငြိမ်သော ခံစားမှုများ ခံစားမိစေသည်။ သာမန်လူများက အပေါ်သို့ မရောက်ခင် လှေကားပေါင်းထောင်ချီကာ တက်ရပေလိမ့်မည်။ သို့သော်လည်း လိန်ချင်းဟန်က တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်တစ်ယောက် ဖြစ်ပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက ဧည့်သည်ဖြစ်သောကြောင့် သူတို့က ဂိတ်တံခါးကို တည့်မတ်စွာ သွားနိုင်ပေသည်။

ထိုအချိန်၌ တစ်စုံတစ်ယောက်က ညည်းညူကာ နောက်ပြန်ဆုတ်လိုက်သည်။ ထိုသူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်တစ်ဦးဖြစ်လေ၏။ သူ့ကို ကြည့်ရသည်မှာ အနည်းငယ် ရှက်ရွံ့နေပုံပေါ်ကာ လိန်ချင်းဟန်က မည်သို့ဖြစ်သည်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ သူမက ပြောလိုက်၏။ “တပည့်တွေအပြင် ကျောင်းထဲမှာ ကျင့်ကြံနေတဲ့ အကြီးအကဲတွေလည်း အများကြီး ရှိတယ်။ သူတို့က ဘယ်သူမှ လာချောင်းကြည့်တာ မကြိုက်ဘူး။ ဒါကြောင့် ရှင်တို့ရဲ့ နတ်အာရုံတွေကို ကျောင်းထဲကြည့်ဖို့ မသုံးလိုက်ကာနဲ့။ နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။”

“အင်း” ထိုလူက ခေါင်းညိတ်ကာ တောင်းပန်လိုက်သည်။ “သတိလွတ်သွားမိတယ်။”

“သွားကြစို့။” လိန်ချင်းဟန်က ပြောလိုက်သည်။ ထိုအခိုက်တွင် အနောက်ဘက်မှ လေထဲတွင် အက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သည့်အခါ တန်ခိုးရှင်တစ်ခု ချဥ်းကပ်လာသည်ကို မြင်လိုက်ရ၏။ သူတို့က နတ်မိမယ်တစ်စု ဖြစ်လေသည်။ သူတို့အားလုံးတွင် သာလွန်သော အသွင်အပြင်များ ရှိကြပြီး ဦးဆောင်လူသူ သုံးယောက်က အခြားသူများထက် ပို၍ မှင်တက်ဖွယ် အလှတရားကို ပိုင်ဆိုင်ထားလေသည်။

ရီဖူရှင်းက သူတို့အား ယခင်က မြင်တွေ့ဖူးခဲ့သည်။ သူတို့က မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။ ရှေ့မှ သုံးယော​က်က ဓားနတ်မိမယ်၏ တပည့်များဖြစ်သော ကျန်းယွဲ့လီ၊ ချင်းချင်းနှင့် ချူးဟန်ရှီတို့ ​ဖြစ်ကြပေသည်။

သူတို့သည်လည်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို မြင်တွေ့ခဲ့သည်။ သူတို့က လက်ကို အရိုအသေပြုဟန်ဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။ လီချန်ရှန်းနှင့် အခြားလူများကလည်း တူညီစွာပင် နှုတ်ဆက်လိုက်ကြ၏။

“ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က မိတ်ဆွေတွေလည်း ရောက်နေတာကိုး။”ကျန်းယွဲ့လီက ပြောလိုက်သည်။ လီချန်ရှန်းက ခေါင်းညိတ်လိုက်၏။ “တုန်းဟွာကျောင်းတော်က လောကတခွင်မှာ ကျော်ကြားတယ်။ ဘယ်လိုမလာဘဲ နေနိုင်မှာလဲ။ ဒါပေမယ့် နတ်မိမယ်တို့ကို ဒီမှာ တွေ့ရမယ်လို့တော့ မထင်မိဘူး။ ဘယ်လိုတိုက်တိုက်ဆိုင်မှုလဲ။”

“အမှန်ပဲ။” ကျန်းယွဲ့လီက ခေါင်းညိတ်လိုက်သည်။ “အရင်တုန်းက ချောက်ကမ်းပါးမှာ ကျွန်မရဲ့ ဂျူနီယာညီမလေးက အင်ပါယာရီနဲ့ တွေ့ခဲ့တယ်။ အခု ဒီမှာ ထပ်ဆုံကြပြန်ပြီ။”

ချင်းချင်းက ထိုစကားများကို ကြားသောအခါ ရီဖူရှင်းအား ကြည့်ကာ အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ သူတို့ စတွေ့စဥ်ကကဲ့သို့ အေးစက်သည့် မောက်မာမှုမျိုး မရှိတော့ပေ။

ရီဖူရှင်းက အသိအမှတ်ပြုသည့်အနေနှင့် ပြန်ပြုံးပြလိုက်သည်။

“ဟားဟားဟား.. ဒါဆို အတူသွားကြတာပေါ့။” လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်၏။

“ကောင်းပါပြီ။ ကျေးဇူးပြုပြီး” ကျန်းယွဲ့လီက ဦးစားပေးသည့်ဟန်နှင့် အရင်သွားရန် လက်ဟန်ပြလိုက်သည်။

“နတ်မိမယ်တို့ အရင်သွားပါ။” လီချန်ရှန်းက ယဥ်ကျေးမှုအရ ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်သည်။ ထိုသည်ကို မြင်သောအခါ ကျန်းယွဲ့လီက ထပ်မငြင်းတော့ပေ။ သူမက လီချန်ရှန်း၏ ဘေးသို့ လျှောက်လာကာ အခြားလူများကို ပြောလိုက်သည်။ “အတူသွားကြစို့။”

ထိုသို့ပြောပြီးသည်နှင့် သူတို့နှစ်ဖွဲ့လုံးက တုန်းဟွာကျောင်းတော်သို့ ဝင်ရောက်သွားကြလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset