အပိုင်း(၂၀၁၂)

ဦးဆောင်တော်ဝင်မြေ

လိန်ယန်သည် ရီဖူရှင်းထံမှ ညွှန်ကြားပြသပေးမှုကို ခံယူပြီးနောက် ကျင့်ကြံရန် ပြန်သွားခဲ့သည်။ တစ်ရက် ကျင့်ကြံပြီး နောက်နေ့ ကျင့်ကြံရာမှ ထွက်လာသောအခါ သူ၏ အရှိန်အဝါက အကြီးအကျယ် ပြောင်းလဲသွားတော့သည်။  သူသည် ကျင့်ကြံခြင်းတွင် အဆင့်တက်ခဲ့ပြီး သူ၏ ဓားပြားကြီးနည်းစနစ်က ပိုမိုသန့်စင်လာသည်။ သူ၏ တိုးတက်မှုက သိသာထင်ရှားလှပေသည်။ လိန်ရှီးသည် သူမအား သင်ကြားပေးရန် ရီဖူရှင်းကို အကူအညီမတောင်းခဲ့သည့်အတွက် အနည်းငယ် နောင်တရနေခဲ့သည်။

သူမသည် မနေ့က သူတို့ဘေးတွင် ရှိနေခဲ့သော်လည်း လီချန်ရှန်း၏ သင်ပြပေးမှုများကိုသာ အာရုံစိုက်ခဲ့ပြီး လိန်ယန်အား ရီဖူရှင်း၏ သင်ပြပေးမှုများကို လျစ်လျူရှုခဲ့သည်။ နောက်ပိုင်းတွင် သူမက လိန်ယန်အား အသေးစိတ်မေးမြန်းခဲ့သော်လည်း လိန်ယန်ပြောပြရန် ကြိုးစားသော အရာများကို သူမ နားမလည်နိုင်ခဲ့ပေ။

ယနေ့တွင် လိန်မိသားစုဝင် အများအပြားသည် တစ်စုံတစ်ယောက်ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေပုံရသည်။

အိမ်တော်အပြင်ဘက် လေဟာနယ်တွင် တန်ခိုးရှင်တစ်စုရောက်ရှိလာ၏။  အဖွဲ့ထဲမှ လူတိုင်းသည် ထူးခြားသောအရှိန်အဝါတို့နှင့် ကျက်သရေရှိသော အမူအရာများရှိကြသည်။ တစ်ယောက်ချင်းစီသည် ကိုယ်ပိုင် အဆင့်အတန်းနှင့် ထင်ရှားသော သူများဖြစ်ကြသည်။

သူတို့၏ ထွက်ပေါ်လာမှုအား မြင်သည့်အခါ လိန်ခွမ်ရှန်းက ပြုံးလိုက်သည်။ ထိုအဖွဲ့ ဆင်းသက်လာသည့်အခါ သူက ပြုံးကာပြောလိုက်၏။ “လိန်မိသားစုကနေ ကြိိုဆိုပါတယ်။”

“စီနီယာက ယဥ်ကျေးလွန်းနေပါပြီ။ ကျွန်မတို့ ဒီတစ်ခေါက်လာတာ ကိစ္စလေးအချို့ကြောင့် စီနီယာ့ဆီက အကူအညီတောင်းချင်လို့ပါ။ အလုပ်ရှုပ်စေမိတာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။” အဖွဲ့ထဲမှ လူတိုင်းက လေးစားမှုဖြင့် ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။ သူတို့က နှိမ့်ချကာ  ယဉ်ကျေးကြသည်။ ဧည့်သည်များအားလုံးက ရန်ဟောင်အဆင့်တွင် ရှိနေကြပေသည်။ ထိုအဖွဲ့ အလယ်တွင် ရပ်နေသော အမျိုးသမီးရန်ဟောင်သည် ရုပ်ရည်သွင်ပြင်နှင့် အရှိန်အဝါနှစ်ခုလုံး ထူးခြားသာလွန်သူ ဖြစ်သည်။ သူမက ဤကမ္ဘာလောက အပြင်ဘက်မှ နတ်ဘုရားမတစ်ပါးကဲ့သို့ပင် ​ဖြစ်သော်လည်း သူမနှင့်ပတ်သက်ပြီး ထက်ရှသော ခံစားမှုတစ်ခုရှိသည်။

“ငါတို့က မိတ်ဆွေတွေပဲ။ အရမ်းယဥ်ကျေးနေဖို့မလိုဘူး။ မင်းတို့အားလုံး ငါ့အစ်ကိုကို သိမယ်ထင်တယ်။” အမျိုးသမီးက လိန်ခွမ်ရှန်းကို ညွှန်ပြကာ လူတိုင်းနှင့် မိတ်ဆက်ပေးလိုက်သည်။ သူမသည် လိန်မိသားစုမှ အမျိုးသမီးတစ်ဦးဖြစ်ပြီး ကောင်းကင်ဓား လိန်ခွမ်ရှန်း၏ ညီမဖြစ်သူ လိန်ချင်းဟန် ဖြစ်သည်။

“သူတို့က ကျွန်မရဲ့ မိတ်ဆွေတွေပဲ။” လိန်ချင်းဟန်က လိန်ခွမ်ရှန်းကို ပြောလိုက်သည်။

လိန်ခွမ်ရှန်းက ထိုအကြောင်းကို သိပြီးဖြစ်ရာ လူတိုင်းကို ဖိတ်ကြားလိုက်သည်။ “လူတိုင်းပဲ အထဲ ဝင်ကြပါဦး။”

ထိုအဖွဲ့က အိမ်တော်အတွင်း လမ်းလျှောက်ဝင်လာကြသည်။ လိန်မိသားစုသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများကို ကြိုဆိုစဥ်ကကဲ့သို့ပင် စားသောက်ပွဲကို ပြင်ဆင်ထားခဲ့သည်။ လိန်မိသားစုခေါင်းဆောင်လည်း တက်ရောက်ခဲ့၏။  နှစ်ဖက်အဖွဲ့က အချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြပြီးမှ ထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။

လိန်ရှီးနှင့် လိန်ယန်အပါအဝင် မိသားစုထဲ​မှ လူငယ်အချို့လည်း ရောက်ရှိလာကြသည်။ သို့သော်လည်း သူတို့သည် အနောက်ဘက်တွင်သာ ထိုင်ကာ ထိုဧည့်သည်များကို စောင့်ကြည့်နေကြသည်။ သူတို့သည် ထိုသူများ မည်သည့်နေရာက လာခဲ့ကြောင်း အတိအကျ သိကြပေသည်။

လူတိုင်းက နေရာယူပြီးသော်လည်း ထိုင်ခုံနေရာလွတ်များစွာ ကျန်နေသေးကာ အခြားသူများအတွက် ပြင်ဆင်ထားပုံရလေသည်။

“အခု လာနိုင်မလား သွားမေးလိုက်။” လိန်မိသားစုခေါင်းဆောင်က အမိန့်ပေးလိုက်သည်။ တစ်စုံတစ်ယောက်သည် ချက်ချင်း ဦးညွှတ်လိုက်ကာ အမိန့်ကို လုပ်ဆောင်ရန် ထွက်ခွာသွားလေသည်။ ဖိတ်ကြားရန် လိုအပ်နေသူများမှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို ရည်ညွှန်းပေသည်။ ယနေ့ စားသောက်ပွဲက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များနှင့် ယနေ့ လာရောက်သည့် ဧည့်သည်တို့ တွေ့ဆုံရန် အခွင့်အရေးပင် ဖြစ်သည်။ ယခင်က သူတို့သည် လီချန်ရှန်းနှင့် ကျုံးချန်ကို ကြိုတင်ပြောခဲ့ပြီးသား ဖြစ်သည်။

သိပ်မကြာခင်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက ရီဖူရှင်းနှင့်အတူ စားသောက်ပွဲ ကျင်းပရာသို့ ရောက်လာကြသည်။ အများစုမှာ ယခင်က လာရောက်လည်ပတ်ဖူးသော်လည်း ထိုမျှ ကြီးကျယ်ခမ်းနားသော စားသောက်ပွဲမျိုးနှင့် မကြုံဖူးကြပေ။ အဆုံးမှာတော့ လူတော်တော်များများက ကျုံးချန်ကြောင့် အလည်လာခဲ့ခြင်းသာ ဖြစ်သည်။

သို့ပေမယ့် ယခု တစ်ကြိမ်က မတူညီပေ။ ဤတစ်ကြိမ်လာရောက်သော လူများမှာ အချို့သော သာမန်လူများကဲ့သို့ မဟုတ်ပေ။ ထို့ကြောင့် သူက ကိုယ်တိုင်ထွက်လာကာ ကြည့်ခြင်းဖြစ်လေသည်။

ရီဖူရှင်းနှင့် အခြားသူများ ရောက်လာပြီးနောက် ဧည့်သည်များက သူတို့ကို မော့ကြည့်သော်လည်း မလှုပ်ရှားဘဲ တိတ်ဆိတ်စွာ ထိုင်နေဆဲ ဖြစ်သည်။ လိန်ချင်းဟန်က ထရပ်ကာ သူတို့ကို နှုတ်ဆက်လိုက်သည်။ “လိန်ချင်းဟန်က အားလုံးကို နှုတ်ဆက်ပါတယ်။”

“အရမ်းယဥ်ကျေးမနေပါနဲ့။ ခွမ်ရှန်းက ကျုပ်တို့နဲ့ အဆင့်တူပြီး လိန်မိသားစုက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ မိတ်ဆွေတွေလည်း ဖြစ်တယ်။ ဒါကြောင့် သခင်မလေးအနေနဲ့ အဲဒီလောက် ယဥ်ကျေးနေဖို့ မလိုပါဘူး။” လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။

“အင်း” လိန်ချင်းဟန်က ခေါင်းညိတ်ကာ ပြန်ထိုင်လိုက်သည်။

လီချန်ရှန်းနှင့် အခြားသူများက လိန်ချင်းဟန်အနီးရှိ လူများက အကဲခတ်လိုက်သည်။ သူတို့က လီချန်ရှန်းနှင့် အခြားလူများကို ခေါင်းညိတ်ပြလိုက်၏။ “ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က လူတွေ လိန်မိသားစုအိမ်တော်မှာ ရှိနေတယ်ဆိုတာ ကြားလို့ ချင်းဟန်နဲ့အတူ လိုက်လာပြီး လာတွေ့တာပါ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ ဂုဏ်သတင်းကျော်ကြားမှုကို ကြားဖူးတာ ကြာနေပေမယ့် စကားပြောခွင့်ရမယ့် အခွင့်အရေးကတော့ ရှားပါးခဲ့တယ်။ ဒီနေ့ လူတိုင်းကို တွေ့ရတာ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။”

“ယဥ်ကျေးလွန်းနေပါပြီ။” လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။ “တုန်းဟွာကျောင်းတော်က တုန်းဟွာနယ်မြေအတွင်း ထိပ်တန်း သန့်စင်မြင့်မြတ်နယ်မြေတစ်ခုပဲ။ ဒီနေ့ တုန်းဟွာကျောင်းတော်က လူတွေနဲ့ တွေ့ခွင့်ရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ။”

နှစ်ဖက်လုံးက အလွန်ယဥ်ကျေးစွာ အပြန်အလှန် ချီးမွမ်းပြောဆိုနေကြသည်။ အထူးသဖြင့် လီချန်ရှန်းပင် ဖြစ်၏။ သူ စကားပြောသောအခါ  သူ့ လေသံက သိမ်​မွေ့ညင်သာပြီး တည်ငြိမ်သော သက်ရောက်မှုရှိသည်။ ထို့ပြင် သူသည် တစ်ဖက်သားကို ချီးမွမ်းရာ၌ ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။ သိသာစွာပင် သူသည် ထိုသို့သော အရာမျိုးတွင် အတော်လေး အတွေ့အကြုံရှိပုံ ​ရ​လေသည်။

ရောက်လာသူများက တုန်းဟွာနယ်မြေ၏ ထိပ်တန်း ကျောင်းတော်တွင် ကျင့်ကြံနေသော တပည့်များဖြစ်သည်။

တုန်းဟွာကျောင်းတော်သည် တုန်းဟွာဟူသော အမည်ကို ပေးထားသည့်အတွက် ၎င်း၏ နောက်ခံကို ထပ်မံရှင်းပြရန်မလိုအပ်ပေ။ ၎င်းသည် တုန်းဟွာနယ်မြေသခင်အိမ်တော်အား  ကျောထောက်နောက်ခံ ပြုထားပြီး  တုန်းဟွာနယ်မြေ၏ အကောင်းဆုံး ကျင့်ကြံရေးအရင်းအမြစ်များ ရှိပေသည်။ ယင်းသည် အရှင်ဒွန်ဟောင်၏ အမိန့်နှင့် တလောကလုံးကို သင်ကြားပို့ချပေးရန် ရည်ရွယ်ချက်ဖြင့် အလျင်အမြန် ကြီးထွားလာခြင်း ဖြစ်သည်။ တုန်းဟွာကျောင်းအုပ်မှာ နယ်မြေသခင်ပင် ဖြစ်လေသည်။

နယ်မြေသခင်၏ ပြိုင်ဘက်ကင်း အရည်အချင်းရှိသော သားဖြစ်သူပင် တုန်းဟွာကျောင်းတော်၌ ကျင့်ကြံနေခဲ့သည်။

တုန်းဟွာကောင်းကင်၏ အဓိက အင်အားစုသုံးခုတွင် တုန်းဟွာနယ်မြေသခင်အိမ်တော်အား နောက်ထပ် မိတ်ဆက်ပေးရန် မလိုပေ။ နောက်ထပ် ကျန်သော နှစ်ခုမှာ တုန်းဟွာကျောင်းတော်နှင့် လင်းရှောင်နန်းတော်တို့ပင် ဖြစ်သည်။ လင်းရှောင်နန်းတော်မှ လွဲ၍ အ​ခြားနှစ်ခုမှာ သဘာဝအားဖြင့် အနည်းငယ် ကွဲပြားသည်။ တစ်ခုမှာ တုန်းဟွာနယ်မြေကို အုပ်စိုးပြီး နောက်တစ်ခုက သင်ကြားပို့ချပေးမှုကို အလေးထားသော နေရာ ဖြစ်သည်။

ထို့အပြင် ထိုအင်အားစုနှစ်ခုသည် အရှင်ဒွန်ဟောင်၏
ဆန္ဒပေါ် မူတည်နေမှာ သေချာပေသည်။

လိန်မိသားစုသည် ယခင်နေ့ရက်များတွင် အရည်အချင်းရှိလှသော ပါရမီရှင် မောင်နှမနှစ်ဦးကို မွေးထုတ်ပေးခဲ့သည်။ ကောင်းကင်ဓား လိန်ခွမ်ရှန်းက  နေရာအနှံ့ ခရီးဆန့်ခဲ့ပြီးနောက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ အခြေချကာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည်။ အခြားတစ်ဖက်တွင် ညီမဖြစ်သူ လိန်ချင်းဟန်သည် ရိုးရှင်းကာ ထိရောက်သော နည်းလမ်းဖြစ်သည့် တုန်းဟွာကျောင်းတော်တွင် ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။

တုန်းဟွာကျောင်းတော်နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှစ်ခုလုံးက တုန်းဟွာနယ်မြေတွင် အရေးပါသော အဓိကအင်အားများအဖြစ် သတ်မှတ်ခံထားရသော်လည်း သမိုင်းကြောင်းအရဆိုရလျှင် တုန်းဟွာကျောင်းတော်က တစ်ဆင့်ပိုမြင့်သည်မှာ ရှင်းလင်းပေသည်။

သို့သော် ကွာခြားချက်မှာ တုန်းဟွာကျောင်းတော်မှ ဧည့်သည်များက တုန်းဟွာကျောင်းတော် ထိပ်သီးပုဂ္ဂိုလ်များကို ကိုယ်စားမပြုနိုင်ကြပေ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ သူများမှာ ဆေးအင်ပါယာ လက်အောက်မှ အထူးချွန်ဆုံး သူများ ဖြစ်ကြသောကြောင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များထံသို့ တုန်းဟွာကျောင်းတော်မှ လူများ လာရောက်လည်ပတ်ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

ထိုအချိန်တွင် တုန်းဟွာကျောင်းတော်မှ လူများ၏ မျက်လုံးတို့က ကျုံးချန်ပေါ်၌ ကျရောက်နေပြီး  သူ့အား အသေးစိတ် စစ်ဆေးနေသည်။

ကျုံးချန် အဆင့်တက်ပြီးနောက် ယခု တုန်းဟွာနယ်မြေအတွင်းတွင် အင်အားစုကြီးများ လက်အောက်မှ အထူးချွန်ဆုံး ပုဂ္ဂိုလ်လေးယောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ပထမဆုံးတစ်ယောက်မှာ တုန်းဟွာကျောင်းတော်မှ ဖြစ်ကာ အထူးအထွေ မိတ်ဆက်ပေးရန် မလိုပေ။ တုန်းဟွာနယ်မြေ၏ ပထမဆုံး ပါရမီရှင်ဟူသည့် ဂုဏ်ပုဒ်နှင့်အညီ သူသည် ပါရမီအရည်အချင်းနှင့် နောက်ခံတွင် အမှန်တကယ် ပြိုင်ဘက်ကင်းသော တန်ခိုးရှင်ဖြစ်ရန် ကံကြမ္မာရှိပေသည်။

ထိုပုဂ္ဂိုလ်အပြင် ဓားနတ်မိမယ်၏  တပည့်အကြီးဆုံးဖြစ်ပြီး တပည့်ခေါင်းဆောင်ဖြစ်သူ ကျန်းယွဲ့လီက အားလုံးထဲ၌ အကျော်ကြားဆုံးဖြစ်ကာ အဋ္ဌမဆင့် ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်က ထိပ်သီးအဆင့်ပုဂ္ဂိုလ်ကြီးများနှင့် တစ်ဆင့်သာ ကွာခြားပေသည်။ အချို့က ပြောကြသည်မှာ ကျန်းယွဲ့လီ၏ ခွန်အားက ထိပ်သီးပုဂ္ဂိုလ်ကြီးများအောက် မလျော့နည်းဟု ဆိုကြသည်။

ထို့နောက် ‘ပျက်စီးခြင်း’ နှင့် ကျုံးချန် ဖြစ်သည်။

အချို့လူများက သူတို့လေးယောက်အား အဆင့်သတ်မှတ်ပေးထားသည်။ တုန်းဟွာကျောင်းတော်မှ တစ်ယောက်က ပထမဖြစ်ကာ ကျန်းယွဲ့လီက ဒုတိယ၊ ‘ပျက်စီးခြင်း’ က တတိယနှင့် ကျုံးချန်က စတုတ္ထ ဖြစ်သည်။

ထိုလူလေးယောက်က ယခင်မျိုးဆက်များ၏ ခြေရာကို နင်းကာ ထိပ်ဆုံးသို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။ သူတို့က အစောကြီး မသေဆုံးခဲ့လျှင် ထိုသို့သော တစ်နေ့မှာ သေချာပေါက် ရောက်ရှိလာမည်သာ ဖြစ်၏။

မသိစိတ်တွင် သူတို့က ကျုံးချန်နှင့် သူတို့စိတ်ထဲမှ ထိုလူတို့အား နှိုင်းယှဉ်ကြည့်နေသည်။ ကျုံးချန်၏ အရှိန်အဝါက ထူးခြားကာ အစစ်အမှန် ဆရာသခင်တစ်ပါးကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း အခြားသူများနှင့် ယှဥ်လျှင် အတော်လေး ကွာခြားနေသေးပေသည်။

“ကျောင်းတော်မှာ ကျင့်ကြံနေရင်း ကျုံးချန်ဆိုတဲ့ နာမည်ကို အများကြီး ကြားဖူးနေခဲ့တာ။ အခု နောက်ဆုံးတော့ လူကိုယ်တိုင် တွေ့ဖူးခဲ့ပြီ။” ရန်ဟောင်တစ်ပါးက အပြုံးနှင့် ပြောလိုက်သည်။

“ကျုပ် ဘာမှ မလုပ်ခဲ့ဖူးတာကြောင့် ဒီကျော်ကြားမှုနဲ့ မထိုက်တန်ပါဘူး။ တုန်းဟွာကျောင်းတော်ရဲ့ ရှေ့မှာ ရှက်မိပါတယ်။” ကျုံးချန်က တုံ့ပြန်လိုက်သည်။

“ချင်းဟန်ကြောင့်သာ မဟုတ်ရင် ကျုပ်တို့ ဒီကို ရောက်လာပြီး ခင်ဗျားတို့နဲ့ တွေ့နိုင်မှာ မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် တုန်းဟွာကျောင်းတော်ရဲ့ တန်ခိုးရှင်တော်တော်များများက ခင်ဗျားနဲ့ တွေ့ချင်နေကြတာ။” တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်က အပြုံးနှင့် ပြောလိုက်သည်။ “ခင်ဗျားတို့ အားလပ်ချိန်ရှိရင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က လူတိုင်း ကျောင်းတော်ကို လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။”

လီချန်ရှန်းက ကျုံးချန်ကို ကြည့်လိုက်သည်။ သိသာစွာပင် ထိုစကားများက ကျုံးချန်ကို ရည်ရွယ်နေခြင်း ဖြစ်၏။

ရီဖူရှင်းက စကားမပြောဘဲ တိတ်ဆိတ်စွာ ထိုင်နေကာ အရာအားလုံးကို စောင့်ကြည့်နေသည်။ ကျုံးချန်က ဤနေရာတွင် ရှိနေသည့်အတွက် သူ့ဘက်က ဘာမှ လုပ်ရန် မလိုပေ။

“ကျုပ်လည်း တုန်းဟွာကျောင်းတော်ကို သွားဖို့ အချိန်အကြာကြီး မျှော်လင့်ခဲ့ဖူးတယ်။ အခွင့်အရေးရရင်တော့ လာလည်မှာပါ။” ကျုံးချန်က အပြုံးနှင့် တုံ့ပြန်လိုက်သည်။

“နယ်​မြေသခင်ရဲ့ ဖိတ်ကြားမှုကြောင့် ကျင့်ကြံသူတွေ အားလုံး တုန်းဟွာကောင်းကင်ကို လာတဲ့လမ်းမှာ ရောက်နေကြပြီ။ တုန်းဟွာကျောင်းတော်က ပြိုင်ဘက်ကင်းပါရမီရှင်တွေ စုစည်းထားတဲ့ နေရာတစ်ခုပဲ။ မင်း တုန်းဟွာကောင်းကင်ကို ရောက်တုန်းရောက်ခိုက် အရေးကြီးကိစ္စမရှိရင် အဲဒီကို သေချာပေါက်သွားသင့်တယ်။”
​​ကျုံးချန်က ခေါင်းညိတ်သည်။ သူက သွားချင်နေခဲ့သူဖြစ်၏။ ထိုအခိုက်၌ ရီဖူရှင်းက အသံတစ်ခုကို ကြားလိုက်ရသည်။ “ဂျူနီယာညီလေးရီ ဘယ်လိုထင်လဲ။”

ရီဖူရှင်းက လီချန်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်ကာ လီချန်ရှန်းက သိလိုစိတ်ကြီးသော လူတစ်ယောက်ဖြစ်သည်ဟု တွေးလိုက်သည်။ သူက ပြောလိုက်၏။ “စီနီယာအစ်ကို ပြောချင်တာ ဒိီတန်ခိုးရှင်တွေလား။ တုန်းဟွာကျောင်းတော်ကို သွားဖို့ ကိစ္စလား။”

“ဘယ်ဟာလို့ ထင်လဲ။” လီချန်ရှန်းက အပြုံးနှင့် တုန့်ပြန်လိုက်သည်။

“ဒီကျင့်ကြံသူတွေကို သိပ်မသိတော့ ပြောစရာမရှိပါဘူး။ တုန်းဟွာကျောင်းတော်ကတော့ အခြေအနေကြည့်လိုက်ပါဦးမယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“ဂျူနီယာညီလေးရီ အဲဒီကို သွားပြီး လေ့လာသင့်တယ်။ တုန်းဟွာကျောင်းတော်က အရမ်းထူးခြားပြီး ရတနာတွေလည်း အများကြီးရှိတယ်။ ရတနာတွေထဲက တစ်ခုဖြစ်တဲ့ ​မှော်မှန်ဆိုရင် မဟာလမ်းစဥ်နတ်ဝင်ရိုးရဲ့ အဆင့်တွေကို ဆုံးဖြတ်ပေးနိုင်တယ်။ မင်းမှာ နတ်ဝင်ရိုးတွေ အများကြီး ရှိတာဆိုတော့ တစ်ချက်လောက် မစစ်ဆေးကြည့်ချင်ဘူးလား။” လီချန်ရှန်းက သွေးဆောင်လိုက်သည်။

“ကြားရတာတော့ အဲဒီမှော်ပစ္စည်းက ပြိုင်ဘက်ကင်းမယ့်ပုံပဲ။” ရီဖူရှင်းက အံ့အားသင့်သော အကြည့်တို့ ပြသလာသည်။

“အင်း” လီချန်ရှန်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းကင်ဒေသမှာ ကျင့်ကြံခြင်းအဆင့်ကို မခွဲခြားဘဲ နတ်ဝင်ရိုးက ပြီးပြည့်စုံလား မပြည့်စုံလားကို ခွဲခြားကြတယ်။ ဒါပေမယ့် တကယ်တော့ ပြီးပြည့်စုံပါတယ်ဆိုတဲ့ နတ်ဝင်ရိုးမှာတောင် အဆင့်သတ်မှတ်ချက်တွေ ရှိသေးတယ်။ ကျင့်ကြံသူတိုင်း မတူညီမှုတွေ ရှိကြပြီး မှော်မှန်က နတ်ဝင်ရိုးစွမ်းအားကို အကဲဖြတ် ဖော်ထုတ်ပေးနိုင်တယ်။ မရေမတွက်နိုင်တဲ့ တန်ခိုးရှင်တွေက စစ်ဆေးဖို့ အဲဒီကို သွားတတ်ကြတယ်။ အခု တုန်းဟွာကောင်းကင်နဲ့ တုန်းဟွာနယ်မြေတစ်ခုလုံးမှာတောင် အသန်မာဆုံး နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားတာက နယ်မြေသခင်ရဲ့ သားဖြစ်သူပဲ။ သူက သူ့မျိုးဆက်မှာ အားအကောင်းဆုံးလို့ ကျော်ကြားတယ်။ တုန်းဟွာနယ်မြေတစ်ခုလုံးက သူ့အပေါ် မျှော်လင့်ချက်ကြီးကြီး ထားကြတယ်။ ကျုပ်တောင် ညီလေးကျုံးနဲ့ ​ပြောနေသေးတယ်။ တုန်းဟွာကျောင်းတော်က လူတွေ ရောက်လာတဲ့အခါ ကျုပ်တို့လည်း အဲဒီကို သွားလည်သင့်တယ်လို့လေ။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset