ကောင်းကင်ပြက္ခဒိန် ၁၀၀၅၁ ခုနှစ်သို့ ရောက်ရှိလာခဲ့သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က အလွန်ပင် တိတ်ဆိတ်နေခဲ့၏။
စောင့်ကြည့်မျှော်စင်တွင် ရီဖူရှင်းက ကျင့်ကြံနေခဲ့သည်။ စောင့်ကြည့်မျှော်စင်၏ ကျင့်ကြံရေးနေရာအတွင်းတွင် ခိုင်မာသောဂိတ်တံခါးကဲ့သို့ မြင့်မားထည်ဝါသည့် စောင့်ကြည့်မျှော်စင်တစ်ခု ရှိနေသည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ဖိနှိပ်ထားကာ ထာဝရရှိနေသည့် တည်ရှိမှုတစ်ခုသဖွယ် ထင်မှတ်ရပေသည်။
ရီဖူရှင်းက တင်ပျဥ်ခွေထိုင်နေပြီး သူ့အနီးတွင် တောက်ပသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။
၎င်းက တောက်ပသော နဂါးငွေ့တန်းတစ်ခု ဖြစ်၏။ ထိုလေဟာနယ်အတွင်း တည်ရှိနေသော ကြယ်များက သူ့ကို ဝန်းရံထားသည်။ ထို့ပြင် အလွန် ကြီးမားသော နတ်ဆင်များလည်း ရှိနေသည်။ ထိုနတ်ဆင်များသည် စကြဝဠာအတွင်း သွားလာနေသော ကြောက်မက်ဖွယ် နတ်ဆိုးသားရဲများကဲ့သို့ပင် ဖြစ်သည်။ သူတို့က မဟာလမ်းစဥ်၏ ပြင်းထန်သော ဖိအားတို့ကို ထုတ်လွှတ်နေကာ ရီဖူရှင်းရှိနေသည့် လေဟာနယ်အား လေးလံသော ခံစားမှုများ ဖြစ်ပေါ်လာစေသည်။ ကြယ်စင်လေဟာနယ်အတွင်း ကျောက်စာချပ်များ ပေါ်ပေါက်လာ၏။ ထိုကျောက်စာချပ်များတွင် မဟာလမ်းစဥ်သင်္ကေတများ ထွင်းထုထားပုံရသည်။ သင်္ကေတများမှ ဗုဒ္ဓအလင်းများ ထုတ်လွှတ်နေပြီး မိစ္ဆာနှိမ်နင်းဓမ္မတေးသံကို ခပ်ရေးရေးကြားနေရပေသည်။ ကျောက်စာချပ်များမှ ထူးကဲလှသည့် နတ်အလင်းတို့ တောက်ပနေသည်။ စိတ်ဝိညာဥ်ဖြစ်စေ ခန္ဓာကိုယ်ဖြစ်စေ အရာအားလုံးက ထိုနေရာ၌ သုတ်သင်ခံရပေလိမ့်မည်။
ထိုလေဟာနယ်သည် မဟာလမ်းစဥ်၏ သီးခြားနယ်မြေအသစ်တစ်ခု ဖြစ်ပေါ်လာသည်။ ရီဖူရှင်းက ဆေးအင်ပါယာ ဖန်တီးထားသော လောကဖိနှိပ်ခြင်းလမ်းစဥ်တွင် သူ၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုဖြင့် ဖန်တီးထားသော ပြိုင်ဘက်ကင်း နည်းစနစ်များကို ပေါင်းစပ်ခဲ့သည်။ ထိုနည်းစနစ်အသစ်၏ မူလရင်းမြစ်မှာ လောကဖိနှိပ်ခြင်းလမ်းစဥ် ဖြစ်ကာ နည်းစနစ်နှစ်ခုက အနည်းငယ် ကွာခြားပေသည်။ မည်သည့် နည်းစနစ်က သန်မာသလဲဟူသည်မှာ နည်းစနစ်ကို အသုံးပြုသော တန်ခိုးရှင်ပေါ်တွင် မူတည်နေပေသည်။ လောကဖိနှိပ်ခြင်းလမ်းစဥ်မှာ အစွမ်းထက် ကျင့်ကြံမှုစွမ်းအားတို့ကို ပိုင်ဆိုင်ထားသည့် ဆေးအင်ပါယာက အသုံးပြုခြင်း ဖြစ်သည့်အတွက် ရီဖူရှင်း ဖန်တီးထားသော နည်းစနစ်အသစ်ထက် ပို၍ အားကောင်းသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ရီဖူရှင်းသည်လည်း မဟာလမ်းစဥ် ဖိနှိပ်ခြင်းစွမ်းရည်ကို ကျင့်ကြံသည့်အတွက်ကြောင့် သူဖန်တီးထားသော နည်းစနစ်မှာလည်း အလွန် အစွမ်းထက်ပေသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အပြင်ဘက်တွင် ပုံရိပ်အချို့ ချဥ်းကပ်လာကြပေသည်။ သူတို့က စောင့်ကြည့်မျှော်စင်ရှိရာ နေရာသို့ ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များက လေဟာနယ်ကို ဖြတ်သန်း၍ အတွင်း၌ ကျင့်ကြံနေသော ရီဖူရှင်းအား မျက်မြင်တွေ့နေရသလိုပင် ထင်မှတ်ရ၏။
“ဂျူနီယာညီလေးရီက အထင်ကြီးစရာပဲ။ လအနည်းငယ်ပဲ ရှိသေးတာတောင် သူက လောကဖိနှိပ်ခြင်းလမ်းစဥ်အတွင်း သူ့ကိုယ်ပိုင် နားလည်သဘောပေါက်မှုတွေကို ပေါင်းစပ်နိုင်ခဲ့ပြီးတော့ အဲဒီလို လွှမ်းမိုးနိုင်တဲ့ မဟာလမ်းစဥ်နယ်မြေကို ဖန်တီးနိုင်တယ်။” လီချန်ရှန်းက ပြောလိုက်သည်။ “ဂျူနီယာညီလေးကျုံး ကြည့်ရတာ ကျုပ်ပြောတာ မှန်ပုံပဲ။ အနာဂတ်မှာ ဂျူနီယာညီလေးရီရဲ့ စွမ်းရည်က မင်းနဲ့ ယှဥ်နိုင်လိမ့်မယ်။”
လီချန်ရှန်းဘေးတွင် ရှိနေသော ကျုံးချန်က အသာအယာ ပြုံးလိုက်သည်။ သူက ပြောလိုက်၏။ “သူ ရောက်မလာခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ ကျုပ်တစ်ယောက်တည်း ဆရာ့ရဲ့ လောကဖိနှိပ်ခြင်းလမ်းစဥ်ကို ဆက်ခံခဲ့တာ။ အခု ဂျူနီယာညီလေးရီ ဒီလိုအောင်မြင်မှုရတာ ပိုကောင်းပါတယ်။ သူလည်း ချို့ယွင်းချက်ကင်းတဲ့ အဆင့်မြင့် ရန်ဟောင် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်တယ်။ သူ့ရဲ့ အောင်မြင်မှုတွေက ကျုပ်ကို တွန်းအားဖြစ်စေတယ်။ ဂျူနီယာညီလေးရီ ကျော်တက်သွားတာကို မခံချင်ရင် ကိုယ်က ပိုပြီး ကြိုးစားရမယ်ဆိုတဲ့ အသိဝင်လာတယ်လေ။”
ကျုံးချန်က ဝမ်းပန်းတနည်း ပြောလိုက်သည်။ “ကျုပ်ရဲ့ ကျင့်ကြံခြင်းလမ်းစဥ်က ဆရာ သင်ပေးခဲ့တဲ့အတိုင်းပဲ။ ဒါပေမယ့် ဂျူနီယာညီလေးရီကတော့ ဆရာ့ရဲ့ စွမ်းရည်ထဲ သူ့ကိုယ်ပိုင်နည်းစနစ်ကို ထပ်ပေါင်းထားတယ်။ အဲဒါကို ကြည့်ရင် သူက ကျုပ်ထက် ပိုအားကောင်းတယ်။”
လီချန်ရှန်းက ကျုံးချန်အား နှစ်သိမ့်လိုက်သည်။ “အဲဒီလို မပြောပါနဲ့။ မင်းက ဆရာ့လမ်းစဥ်အတိုင်း အတိအကျလျှောက်နိုင်တယ်ဆိုကတည်းက ထူးချွန်လို့လေ။ မင်းက ဆရာနဲ့တူညီတဲ့ ပါရမီတွေနဲ့ မွေးဖွားလာခဲ့တာပဲ။ ဒါကြောင့် မင်းက ဆရာ့ရဲ့ခြေရာအတိုင်း လိုက်နိုင်ပြီး ကျင့်ကြံရေးခရီးလမ်းက ချောမွေ့နေတာပေါ့။ အဲဒါကြောင့်ပဲ မင်းက ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နဲ့ အဆင့်မြင့်ရန်ဟောင် ဖြစ်လာခဲ့သေးတယ်လေ။ မင်းသာ ဆက်ကျင့်ကြံပြီး စွမ်းရည်တွေကို တိုးတက်အောင် လုပ်နေရင် ဆရာ့ကိုတောင် ကျော်တက်နိုင်မှာပါ။”
“ချန်ရှန်း ပြောတာ မမှားဘူး။ လူတိုင်းမှာ မတူညီတဲ့ ကံကြမ္မာအခွင့်အလမ်းတွေ ရှိကြတယ်။ ဘယ်သူကမှ အတိအကျတူညီတဲ့ ကျင့်ကြံရေးခရီးလမ်းကို လျှောက်ဖို့ မဖြစ်နိုင်ဘူး။ ကျုံးချန် မင်းက အနာဂတ်မှာ ကျိန်းသေ ကျုပ်ထက် သာလွန်သွားနိုင်မှာ။ ရီလျှို့နျန်က မင်းနဲ့ အမီလိုက်နိုင်တယ်ဆိုရင် မင်းတို့ အချင်းချင်း ယှဥ်ပြိုင်ဖို့ အဆင်ပြေတာပဲလေ။ အချင်းချင်း ယှဥ်ပြိုင်တာက တိုးတက်ဖို့ စိတ်ခွန်အား ရလာနိုင်တယ်။ မင်းရဲ့ ကျင့်ကြံခြင်းမှာဒီအဆင့်ထိ ရောက်ပြီဆိုကတည်းက ကိုယ့်ကိုယ်ကိုယ် လေးစားဖို့နဲ့ မထောင်လွှားဖို့ အသိတရား ရှိရမယ်။ အဲဒီလိုပဲ မင်း အထွတ်အထိပ်ကို ရောက်နိုင်မယ်လို့ ယုံကြည်ချက်ခိုင်ခိုင်မာမာရှိရမယ်။” ဆေးအင်ပါယာက လီချန်ရှန်းနှင့် ကျုံးချန်ကို ကြည့်ကာ အကြံဉာဏ်ပေးလိုက်သည်။ သူက ထိုနှစ်ယောက်၏ အထက်တွင် ထွက်ပေါ်လာပေသည်။
“ဆရာ” သူတို့နှစ်ယောက်က ဆေးအင်ပါယာ ရောက်ရှိလာသည်ကို မြင်သောအခါ အရိုအသေပေး၍ နှုတ်ဆက်လိုက်ကြသည်။ “လမ်းညွှန်ပေးမှုကို မှတ်သားထားပါ့မယ်။”
သူတို့ဆရာက ဆိုလိုသည်မှာ သူတို့က လက်ရှိအဆင့်သို့ ရောက်ရှိပြီးသောအခါ ထိပ်တန်းအဆင့် ကျင့်ကြံခြင်းကို ရရှိပြီးဖြစ်ကာ အားလုံး၏ အထက်တွင် ရပ်တည်နိုင်ပြီ ဖြစ်သည်။ သူတို့က ထပ်မံမြှင့်တင်ရန် မလိုတော့ဟု ထင်မှတ်ရသော်လည်း သူတို့ လျှောက်ရမည့်လမ်းက အရှည်ကြီး ရှိသေးပေသည်။ သူတို့က မောက်မာနေ၍ မရသော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတော့ ထားရမည် ဖြစ်လေသည်။ ၎င်းက ရှုပ်ထွေးပုံပေါ်သော်လည်း ပြည့်စုံနေပေသည်။
ကျင့်ကြံခြင်းကို တောင်တက်ခြင်းနှင့် နှိုင်းလျှင် သူတို့က တောင်ပေါ်သို့ ရောက်နေပြီး ဖြစ်သည်။ သို့သော်လည်း သူတို့က တောင်ထိပ်ထိ ရောက်ရန် ကျန်ရှိနေသေးပေသည်။
“ဒါနဲ့ မင်းတို့အားလုံး ကိစ္စတစ်ခုခု ရှိလို့လား။” ဆေးအင်ပါယာက မေးလိုက်သည်။
“ဟုတ်တယ်။” လီချန်ရှန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ “ဒီနေ့ ကောင်းကင်ပြက္ခဒိန် ၁၀၀၅၁ ခုနှစ်ရဲ့ ပထမဆုံးနေ့လေ။ နောက်ထပ် နှစ်ငါးဆယ်ကုန်လွန်သွားပြန်ပြီ။ တုန်းဟွာကောင်းကင်ကနေ သတင်းတစ်ခု အခုပဲ ရောက်လာတယ်။ သူတို့က ကုန်းမြေအသီးသီးက တန်ခိုးရှင်တွေကို တုန်းဟွာကောင်းကင်မှာ စုစည်းဖို့ လိုက်ဖိတ်ကြားနေတယ်တဲ့။”
ဆေးအင်ပါယာက ခေါင်းညိတ်ကာ ပြောလိုက်၏။ “လိပ်နတ်ဘုရားကျွန်းစုမှာတုန်းက နယ်မြေသခင် ဒီအခမ်းအနား ကျင်းပဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ဖူးတယ်။ သူက သိပ်မကြာခင်မှာပဲ သံတမန်စေလွှတ်တာ အံ့သြစရာမရှိပါဘူး။”
လီချန်ရှန်းနှင့် ကျုံးချန်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူတို့က ဆေးအင်ပါယာ၏ ကောက်ချက်ချမှုကို ယုံကြည်ပေသည်။ မျှော်လင့်ထားသလိုပင် ဆေးအင်ပါယာက ပြောပြီးသည်နှင့် ပြင်းထန်သော မဟာလမ်းစဥ် စွမ်းအင်လှိုင်းများ ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ တောက်ပသည့် လေဟာနယ်နတ်အလင်းတို့က ကောင်းကင်မှ ဆင်းလာသည်။ ထိုစဥ် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ တန်ခိုးရှင်များအထက် ကောင်းကင်ထက်တွင် လူတစ်စုထွက်ပေါ်လာသည်။
“သူတို့ ရောက်လာကြပြီ။” လီချန်ရှန်းက ထိုသူများကို ကြည့်လိုက်သည်။
ထိုလူစုသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအနီး ချဥ်းကပ်လာပြီး အဝေးမှနေ လှမ်းကြည့်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်က ကျယ်လောင်သော အသံနှင့် ပြောလိုက်သည်။ “နယ်မြေသခင်ရဲ့ အမိန့်အရ ကျုပ်တို့က စီနီယာဆေးအင်ပါယာနဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေ တုန်းဟွာကောင်းကင်ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။”
“ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေကို တုန်းဟွာကောင်းကင်ဆီ ခေါ်လာမယ်လို့ နယ်မြေသခင်ကို ပြောပေးပါ။” ဆေးအင်ပါယာက အဝေးမှ လူများကို ပြန်ဖြေလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ဆေးအင်ပါယာ။” ထိုလူများက ပြန်ပြောလိုက်၏။ “ဒါဆို ကျုပ်တို့ ပြန်လိုက်ပါဦးမယ်။ နှုတ်ဆက်ပါတယ်။”
သူတို့က ပြောပြီးသည်နှင့် သူတို့ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ သူတို့၏ ပုံရိပ်များက နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူတို့က အစကတည်းက ထိုနေရာ၌ မရှိတော့သကဲ့သို့ ထင်မှတ်ရပေသည်။
ထိုအခိုက်အတန့်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအားလုံးက ခေါင်းများကို မော့ကာ ကြည့်လိုက်သည်။ သူတို့သည် နယ်မြေသခင်ဟူသည်မှာ တုန်းဟွာနယ်မြေသခင်ဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ကြသည်။ သူ့အပြင် မည်သူကများ ဆေးအင်ပါယာ၏ ရှေ့၌ သူတို့ကိုယ်သူတို့ သခင်ဟု သုံးနှုန်းရဲပါမည်နည်း။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ တန်ခိုးရှင်များက အံ့အားသင့်နေခဲ့ကြသည်။ သို့သော်လည်း ဆေးအင်ပါယာနှင့် အချို့သူများက ၎င်းသည် သူတို့၏ မျှော်မှန်းချက်အတွင်းသာ ရှိနေခဲ့ပေသည်။ ထို့ကြောင့် သူတို့က အလွန် တည်ငြိမ်နေပုံပေါ်သည်။ နယ်မြေသခင်အိမ်တော်က တုန်းဟွာနယ်မြေ၏ တန်ခိုးရှင်များကို ဖိတ်ခေါ်ခဲ့သည်။ ထိုသူတို့က သူတို့အား ဖိတ်ကြားရန် ထိပ်သီးပုဂ္ဂိုလ်များကို ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ခဲ့သည်။ ၎င်းက သူတို့အား လေးစားမှုပြသရန်ပင် ဖြစ်၏။ တုန်းဟွာနယ်မြေအတွင်းမှ အခြားသော တန်ခိုးရှင်များနှင့် ကုန်းမြေအသီးသီးမှ တန်ခိုးရှင်များအတွက်မူ သူတို့အပေါ်၌သာ မူတည်ပေသည်။ နယ်မြေအိမ်တော်သခင်က သူတို့အား ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားလိမ့်မည် မဟုတ်ပေ။ ထိုသည်က ပို၍ နည်းလမ်းတကျ ရှိပေသည်။
သို့သော်လည်း ပြီးခဲ့သည့်နှစ်က လိပ်နတ်ဘုရားကျွန်းစုမှ အခမ်းအနားကြီးဖြစ်ပေါ်ခဲ့ပြီးနောက် တုန်းဟွာကောင်းကင်သည် လိပ်နတ်ဘုရားကျွန်းစုထက် သာလွန်သော အခမ်းအနားတစ်ခု ကျင်းပရန် စီစဥ်နေခဲ့သည်။ နယ်မြေသခင် အိမ်တော်သည် တုန်းဟွာနယ်မြေမှ တန်ခိုးရှင်များနှင့် ကုန်းမြေအသီးသီးမှ ထိပ်သီးအင်အားစုများကို တစ်ဖန် စုဝေးရန် နှစ်ပေါင်းငါးဆယ်ကြာ စောင့်ဆိုင်းခဲ့သည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ အရှိန်အဝါက မတည်မငြိမ်ဖြစ်လာသည်ကို ခံစားမိလိုက်ကြသည်။ မဟာလမ်းစဥ် သီးခြားနယ်မြေက ပျောက်ကွယ်ကာ နဂါးငွေ့တန်းကလည်း ပျောက်ကွယ်သွားသည်။ ရီဖူရှင်းက ကျင့်ကြံနေရာမှ ထွက်လာခဲ့လေသည်။
ဆေးအင်ပါယာနှင့် ကျန်သူများက ရီဖူရှင်း၏ လှုပ်ရှားမှုများကို လိုက်ပါကာ သူ့အား ကြည့်နေကြသည်။ သူ၏ ငွေရောင်ဆံပင်များက လေထဲတွင် ကခုန်နေပြီး သူ၏ အကြည့်များက နဂါးငွေ့တန်းတစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။ သူ၏ အရှိန်အဝါက အခြားကမ္ဘာမှ လာသကဲ့သို့ပင် ဖြစ်သည်။
ဆေးအင်ပါယာသည် ရီဖူရှင်းက မူလဘုံမှ လာခြင်းဖြစ်သည်ကို မသိရှိလျှင် ရီဖူရှင်းက အလွန်အစွမ်းထက်သော မိသားစုမှ တစ်စုံတစ်ယောက်ဖြစ်သည်ဟု ယူဆမိပေလိမ့်မည်။
“ဆရာ” ရီဖူရှင်းက ဆေးအင်ပါယာကို နှုတ်ဆက်လိုက်သည်။ သူက ထိုသူများနှင့် မနီးအဝေးတွင် ရပ်ကာ ဆေးအင်ပါယာအား အရိုအသေပေးလိုက်၏။ ထို့နောက် သူက လီချန်ရှန်းနှင့် ကျုံးချန်ကို ကြည့်ကာ နှုတ်ဆက်လိုက်သည်။ “စီနီယာအစ်ကိုတို့။”
“မင်းရဲ့ ကျင့်ကြံခြင်းက အောင်မြင်သွားပြီလား။” လီချန်ရှန်းက အပြုံးနှင့် မေးလိုက်သည်။
ရီဖူရှင်းက ပြန်ဖြေလိုက်၏။ “လောကဖိနှိပ်ခြင်းလမ်းစဥ်က အရမ်းနက်နဲတယ်။ ကျွန်တော့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ အပြည့်အဝ နားမလည်နိုင်ဘူး။ အဲဒါကြောင့် ကျွန်တော့ရဲ့ စွမ်းရည်ထဲကို သဘောပေါက်နားလည်ထားတဲ့ အရာအနည်းငယ်ကိုပဲ ပေါင်းစပ်နိုင်တယ်။ ကျွန်တော် လျှောက်ရမယ့်လမ်းက အရှည်ကြီး ရှိသေးတယ်။”
“ဂျူနီယာညီငယ်လေးရီက အမြဲ နှိမ့်ချတတ်တာပဲ။” လီချန်ရှန်းက ရယ်မောရင်း ပြောလိုက်သည်။ ရီဖူရှင်းက ပခုံးတွန့်ရင်း ပြုံးလိုက်သည်။
“အခုလေးတင် တုန်းဟွာနယ်မြေက တန်ခိုးရှင်တွေ အားလုံးကို နယ်မြေသခင်က စုဝေးဖို့ ဖိတ်ကြားတယ်လို့ ကြားမိတယ် ဟုတ်လား။”
“အင်း” ဆေးအင်ပါယာက ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။ “အရင် ငါတို့ လိပ်နတ်ဘုရားကျွန်းစုမှာ ရှိတုန်းက နယ်မြေသခင် အိမ်တော်က လူတွေနဲ့ ရင်းနှီးဖို့ မကြိုးစားခဲ့ရဘူး။ မင်း နယ်မြေသခင်အိမ်တော်ကို ဝင်ချင်ရင် ဒီတစ်ခေါက်က အခွင့်အရေးကောင်းပဲ။ မင်းရဲ့ စွမ်းရည်နဲ့ဆို တခြားဘာပြဿနာမှ မရှိလောက်ဘူး။”
ရီဖူရှင်းက ခေါင်းညိတ်ကာ မေးမြန်းလိုက်၏။ “ဆရာနဲ့ စီနီယာအစ်ကိုတို့ရော ဒီတစ်ခေါက် စုဝေးပွဲကို တက်ရောက်မှာလား။”
“နယ်မြေသခင်က ငါတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခဲ့တယ်။ ပြီးတော့လည်း ဒီစုဝေးပွဲက နှစ်ငါးဆယ်မှ တစ်ကြိမ် ကျင်းပတာမျိုးပဲ။ တုန်းဟွာနယ်မြေအတွင်းက တန်ခိုးရှင်တိုင်း သူ့ကို မျက်နှာသွားပြရလိမ့်မယ်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က လူတွေလည်း ခြွင်းချက်မရှိဘူး။” ဆေးအင်ပါယာက ပြန်ဖြေလိုက်သည်။ တုန်းဟွာနယ်မြေသခင် အိမ်တော်သည် တုန်းဟွာ အမည်အားဖြင့် တုန်းဟွာနယ်မြေကို အုပ်စိုးသော အင်အားစု ဖြစ်လေသည်။ နယ်မြေသခင်ကို အရှင်ဒွန်ဟောင်မှ ခန့်အပ်ထားခြင်း ဖြစ်သည်။ နယ်မြေသခင်သည် သူတို့ကို စုဝေးပွဲသို့ တက်ရောက်ရန် ကိုယ်စားလှယ်စေလွှတ်ခဲ့သည့်အတွက် တုန်းဟွာနယ်မြေအတွင်း ကျင့်ကြံနေသူများမှာ နယ်မြေသခင်အား မျက်နှာသာပေးကာ ထိုအခမ်းအနားသို့ တက်ရောက်ကြရလိမ့်မည် ဖြစ်သည်။
“နားလည်ပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ နယ်မြေသခင်အိမ်တော်က တုန်းဟွာနယ်မြေ၏ ဗဟိုချက်နေရာတွင် တည်ရှိသည်။ ၎င်းသည် တုန်းဟွာကောင်းကင်၌ တည်ရှိ၏။ သူ နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ပြီးနောက် သူသည် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများနှင့် ဆက်သွယ်ရန် အခွင့်အရေး ရလာနိုင်ပေသည်။ ကောင်းကင်ဒေသမှ ထိပ်တန်းအင်အားစုများ၏ ထောက်လှမ်းမှုအတွင်း ရောက်ရှိသွားသည့်အခါ သူသည် အချို့သော အသိအကျွမ်းဟောင်းများနှင့် တဖန် ထပ်၍ တွေ့ဆုံရပေလိမ့်မည်။
ကောင်းကင်ဒေသက ကြီးမားလျှင်ပင် နယ်မြေဆယ့်ရှစ်ခုသာ ရှိသည်။ နယ်မြေတစ်ခုချင်းစီရှိ နယ်မြေသခင်အိမ်တော်တိုင်းသည် ကောင်းကင်ဒေသအတွင်း အချက်အချာကျသော နေရာတွင် ရှိသည်။ တုန်းဟွာနယ်မြေ၏ နယ်မြေသခင်အိမ်တော်သည်လည်း ခြွင်းချက်မရှိပေ။
ရီဖူရှင်းက သူ၏ ‘အသိအကျွမ်းဟောင်းများ’ နှင့် တွေ့ဆုံလျှင် မည်သို့ လုပ်ဆောင်ရမည်နည်း။
ကြည့်ကု ဆေးအင်ပါယာ၏ အကြံပြုချက်က မှန်ကန်ပုံရလေသည်။ ရီဖူရှင်းက တကယ့်ကို နယ်မြေသခင်အိမ်တော်သို့ ဝင်ကာ ကျင့်ကြံရန် လိုအပ်ပေသည်။ သူက နယ်မြေသခင်အိမ်တော်မှအဖွဲ့ဝင်တစ်ယောက် ဖြစ်လာသည့်အခါ သူ၏ ယခင်ရန်သူများနှင့် အနာဂတ်တွင် တွေ့ဆုံခဲ့လျှင်ပင် သူ့အား အလွယ်တကူ တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။
သူက နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်လိုက်သည်မှာ ကောင်းကင်ဒေသ၏ အဓိကအင်အားစုများသို့ ဝင်ရောက်လိုက်ခြင်းနှင့် အလားသဏ္ဌာန်တူပေသည်။ သူက အရှင်ဒွန်ဟောင်နှင့် တစ်လှမ်းနီးစပ်လာခြင်းလည်း ဖြစ်ပေသည်။ သူက သူ၏ ဇာစ်မြစ်အစစ်အမှန်နှင့် မွေးစားအဖေ၏ လျှို့ဝှက်ချက်အား သိရရန် နီးစပ်လာပေလိမ့်မည်။ သူ အဆင့်မြင့်ရန်ဟောင် ဖြစ်သွားသည့်အခါ သူသည် ထိုလျှို့ဝှက်ချက်များနှင့် တဖြေးဖြေးချင်း နီးစပ်လာသင့်သည် မဟုတ်ပါလား။
သူက ယခု မူလဘုံ၌ မည်သို့ဖြစ်နေသလဲ မသိပေ။ ဂျီယူက သူမ၏ မှတ်ဉာဏ်များကို ပြန်ရနေပြီလား။ ယူချင်းက ကျင့်ကြံရန် နတ်ဆိုးလောကသို့ သွားရောက်ခဲ့ပြီလား။
ရီဖူရှင်း မူလဘုံ၌ ရှိစဥ်က နတ်ဆိုးစစ်သူကြီး မေ့ထန်သည်လည်း ထိုနေရာ၌ ရှိနေခဲ့သည်။ မေ့ထန်က ယူချင်းနှင့် နက်ရှိုင်းသော ပတ်သတ်မှု ရှိနေသည်မှာ သေချာပေသည်။ သူ ထွက်သွားသောအခါ ယူချင်းကိုပါ ခေါ်ဆောင်သွားလိမ့်မည်လား။
ရီဖူရှင်းထံ၌ မည်သည့်မေးခွန်းအတွက်မှ အဖြေရှိမနေပေ။ ယခု အရေးကြီးဆုံးအရာမှာ တတ်နိုင်သမျှ မကြာခင်၌ အဆင့်ရန်ဟောင်အဖြစ် ချိုးဖျက်ရန် လိုအပ်ပေသည်။
သူ ကောင်းကင်ဒေသသို့ ရောက်ကတည်းက သူ့ကျင့်ကြံဆင့်က လျှပ်စီးအလျင်နှင့် တိုးတက်လာခဲသည်။ သို့သော်လည်း သူ၏ လက်ရှိ ကျင့်ကြံဆင့်သို့ ရောက်သောအခါ နောက်တစ်ဆင့်ကို ချိုးဖြတ်ဝင်ရောက်ရန် အလွန်ခက်ခဲလှပေသည်။
***