အပိုင်း(၂၀၀၈)

ဖုံးကွယ်ထားသော အမှန်တရား

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွင်း ဆေးအင်ပါယာ၏ ကျင့်ကြံရေးနေရာတွင် လူတစ်စုဆင်းသက်လာသည်။ ၎င်းက ဆေးအင်ပါယာ၏ အဖွဲ့ပြန်ရောက်လာခြင်း ဖြစ်သည်။

ဆေးအင်ပါယာ၏ မြင့်မားသော ကျင့်ကြံခြင်းနှင့် ကုန်းမြေများကို ဖြတ်ကျော်သွားလာခြင်းမှာ အချိန်အများကြီး ယူရန်မလိုပေ။

သူတို့အဖွဲ့ ရောက်ရှိလာသည်နှင့် ဆေးအင်ပါယာက အတွေးနက်နေသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူက တစ်ခုခုကို တွေးနေပုံရလေသည်။

“ဆရာ” လီချန်ရှန်းက မေးလိုက်သည်။ “ကျွန်တော်တို့ တစ်ခုခု လုပ်ပေးစရာများလိုလား။”

ဆေးအင်ပါယာက သူ့ခေါင်းကို ယမ်းရင်း အဝေးသို့ ကြည့်လိုက်သည်။ ယခင်က တုံ့လိုင်နတ်ဘုရားအကြီးအ ကဲ အသတ်ခံရစဥ်အခါက အတိအကျ မည်သို့ ဖြစ်ခဲ့သနည်း။

ရီဖူရှင်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ မှတ်ဉာဏ်များကို ဆက်ခံထားခဲ့သော်လည်း အကုန်လုံးမဟုတ်ပေ။ တုံ့လိုင်နတ်ဘုရားအကြီးအကဲက ရည်ရွယ်ချက်ရှိရှိ ထိုမှတ်ဉာဏ်များကို ဖျက်ပစ်လိုက်သည်လား။

တုံ့လိုင်နတ်ဘုရားအကြီးအကဲက ထိုမှတ်ဉာဏ်များကို တမင်သက်သက် ဖုံးကွယ်ထားခဲ့သည်ဆိုလျှင် သူတို့ကို မည်သည့် အကြောင်းအား မသိစေချင်နေသနည်း။

“မင်းတို့အားလုံး သွားကြတော့။ မင်းတို့နှစ်ယောက်တော့ ခဏနေခဲ့ဦး။” ဆေးအင်ပါယာက ညွှန်ကြားလိုက်သည်။ သူက နတ်မိမယ်တုံ့လိုင်နှင့် ရီဖူရှင်းတို့အား နေခဲ့စေလိုသည်။ တခြားလူများက ဦးညွှတ်ကာ တစ်ယောက်ချင်း ထွက်ခွာသွားလေသည်။ ကျုံးချန်၏ မျက်နှာထက်တွင် ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူသည် အတိအကျမသိသော်လည်း ဆေးအင်ပါယာက မည်သည့်အကြောင်း ဆွေးနွေးမည်ကို ပြောနိုင်ပေသည်။

“ဦးလေး” နတ်မိမယ်တုံ့လိုင်က ဆေးအင်ပါယာကို ကြည့်ကာ ပြောလိုက်သည်။ “တစ်ခုခုအရေးကြီးတာများ ရှိလို့လား။”

“ဘာမှမရှိပါဘူး။” ဆေးအင်ပါယာက သူ့အတွေးများကို ထုတ်မပြောဘဲ ပြောလိုက်သည်။ သူက ရီဖူရှင်းကို ကြည့်ကာ မေးလိုက်၏။ “ပြီးခဲ့တဲ့တိုက်ပွဲမှာ မင်း လင်းဟယ်ကို သတ်ချင်နေတာ သတိထားမိတယ်။ မင်းတို့နှစ်ယောက်ကြား ဘာတွေ ဖြစ်ခဲ့တာလဲ။”

သူတို့နှစ်ယောက်က အချင်းချင်း ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ကြသည်။ သူတို့တိုက်ပွဲကို ကြည့်ရှုသူများက သူတို့သည် ရက်စက်ကာ အညှာအတာမဲ့ တိုက်ခိုက်နေကြသည်အား ပြောနိုင်ပေသည်။ သူတို့တိုက်ခိုက်မှုများက အလွန် ရက်စက်ကြမ်းကြုတ်လှပြီး သူက လင်းဟယ်ကို ဆန့်ကျင်ရန် တွက်ချက်ကာ လှုပ်ရှားခြင်း ဖြစ်သည်။ သူသည် လင်းရှောင်စေတီ၏ ဖိနှိပ်မှုကို သူ့ဓားနှင့် ခုခံနေရသလို ဟန်ဆောင်ကာ လင်းဟယ် သူ့အား အနီးကပ်တိုက်ခိုက်လာစေရန် ပြုလုပ်ခဲ့သည်။ ရီဖူရှင်းက သူ့ကို တစ်ချက်တည်းဖြင့် တိုက်ခိုက်ချင်ခဲ့ခြင်း ဖြစ်သည်။

ဆေးအင်ပါယာသည် ချောက်ကမ်းပါးတွင် ဖြစ်ခဲ့သော သူတို့နှစ်ယောက်ကြားမှ ရန်ငြိုးတို့ကို ကြားဖူးခဲ့သည်။ လင်းဟယ်က ရီဖူရှင်းအပေါ် အမုန်းတရားတို့ လက်ကိုင်ထားလျှင်ပင် ရီဖူရှင်းက သူ့အား ထိုမျှထိ ပြင်းပြင်းထန်ထန် တုန့်ပြန်ရန် မလိုပေ။ ထိုသို့သော အခြေအနေအတွင်း လင်းရှောင်နန်းတော်မှ နန်းတော်သခင်ငယ်၏ တိုက်ခိုက်မှုက အလွန် ရက်စက်နေခဲ့သော်လည်း ရီဖူရှင်းကဲ့သို့ အရည်အချင်းရှိသူတစ်ဦးအတွက် ထိခိုက်သွားစေလိမ့်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ ဆေးအင်ပါယာသတိမပြုမိသော အရှုပ်အထွေးများ ရှိနေပေလိမ့်မည်။

ရီဖူရှင်းက ဆေးအင်ပါယာ၏ မေးခွန်းကို ကြားသောအခါ သူ့မျက်လုံးများထဲ အေးစက်သော အကြည့်တို့ ဖြတ်ပြေးသွားသည်။ သူက ပြန်ဖြေလိုက်သည်။ “အဲဒီတုန်းက နတ်သမုဒ္ဒရာမှာ ဖြတ်သန်းသွားတဲ့အချိန် ဂျူနီယာနှစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော်တို့ ချောက်ကမ်းပါးမှာ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ချန်ရစ်ထားခဲ့တဲ့ အမွေအနှစ်ကို အတူတူလေ့လာခဲ့ကြပြီး သူတို့က အင်ပါယာရှီ နတ်ဘုရားကပ်ဘေး ရင်ဆိုင်တာ မျက်မြင်တွေ့ချင်တယ်ဆိုလို့ လိပ်နတ်ဘုရားကျွန်းစုကို ခေါ်သွားပေးခဲ့တယ်။ ဒါပေမယ့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ကျွန်တော့်ဆီ စိတ်ချင်းဆက်သွယ်ပြီး ပြောပြတာက ကျွန်တော်တို့ လိပ်နတ်ဘုရားကျွန်းစုကို ရောက်ပြီးတော့ လမ်းခွဲသွားပြီးနောက် အဲဒီဂျူနီယာလေးနှစ်ယောက်က လင်းဟယ် လွှတ်လိုက်တဲ့ လူတွေသတ်တာကို ခံလိုက်ရတယ်တဲ့။”

ဆေးအင်ပါယာသည် ရီဖူရှင်း၏ ရှင်းပြချက်ကို ကြားသောအခါ ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ “လင်းရှောင်နန်းတော်ရဲ့ နန်းတော်သခင်ငယ်က ဂျူနီယာနှစ်ယောက်ကိုတောင် အလွတ်မပေးနိုင်ဘူးလား။”

ထိုသို့သော အမှုကိစ္စမျိုးကို ကျူးလွန်ခြင်းက သူ့အဆင့်အတန်းသူ နှိမ့်ချလိုက်ခြင်းပင် ဖြစ်လေသည်။

“သူက သူတို့ကို အလွတ်မပေးနိုင်တာ မဟုတ်ဘူး။ အစကတည်းက အဲဒီဂျူနီယာလေးနှစ်ယောက်ရဲ့ အသက်ဆိုတာ သူ့အတွက် အရေးမပါခဲ့ဖူးတာ။ သူက လုံးဝကို ဂရုမစိုက်ဖူးဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ “အဲဒီလိုစိတ်ထားနဲ့ လူတစ်ယောက်က သေသင့်တယ်။”

ဆေးအင်ပါယာက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မင်း ပြောပုံအရဆိုရင် သူက အနှေးနဲ့အမြန် မင်းကို သတ်ဖို့ကြိုးစားလိမ့်မယ်။”

“ကျွန်တော် သိပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူက တစ်ဖက်လူကို သတ်ဖြတ်ချင်ပါသော်လည်း တစ်ဖက်လူ၏ အဆင့်အတန်းအရ တုန်းဟွာနယ်မြေအတွင်း ထိုသို့ပြုလုပ်ရန် ခက်ခဲပေလိမ့်မည်။

ဆေးအင်ပါယာက ရီဖူရှင်းကို လေးနက်စွာ ကြည့်လိုက်သည်။ ရီဖူရှင်းသည် အဆင့်နိမ့်ဂျူနီယာနှစ်ယောက်၏ သေဆုံးမှုကြောင့် ဒေါသထွက်ကာ လင်းရှောင်နန်းတော်သခင်ငယ်ကို သတ်ဖြတ်ချင်ခဲ့သည်။ သူ၏ စိတ်ဓာတ်က ထူးထူးခြားခြားပင် ဖြစ်၏။ သူက နှလုံးသားဆန္ဒကို လက်ကိုင်ထားပေသည်။

“မင်းက နတ်ဆင်စွမ်းအားနဲ့ ဖိနှိပ်ခြင်းမဟာလမ်းစဥ်မှာလည်း ထူးချွန်တယ်မလား။” ဆေးအင်ပါယာက မေးလိုက်သည်။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“မင်းလည်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ ကျင့်ကြံရေးလမ်းစဥ်တွေကို သဘောပေါက်လောက်ပြီ။ ဘယ်လိုထင်လဲ။” ဆေးအင်ပါယာက ဆက်မေးလိုက်သည်။

“ဝမ်ရှန့်စောင့်ကြည့်မျှော်စင် ကိုယ်တိုင်က မဟာလမ်းစဥ်ကနေ ဖွဲ့တည်ထားတာပဲ။ အထဲက အရှိန်အဝါတွေကလည်း မဟာလမ်းစဥ်စွမ်းအားတွေဆိုတာကို ခံစားမိတယ်။ အဲဒီထဲမှာ အကြွင်းမဲ့ဖိနှိပ်ခြင်းစွမ်းအားတွေ ရှိနေတယ်။” ရီဖူရှင်းက ပြောလိုက်သည်။

ဆေးအင်ပါယာက သူ့ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။ “ကြည့်ရတာ မင်းရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အတော်လေး နက်ရှိုင်းပုံရတယ်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွင်း ငါ့ရဲ့ ကျင့်ကြံခြင်းနားလည်သဘောပေါက်မှုအရ လောကဖိနှိပ်ခြင်းလမ်းစဥ်လို့ခေါ်တဲ့ လက်ရာတစ်ခုကို ဖန်တီးထားတယ်။ ဒါပေမယ့် အဲဒါက ကျုပ်ရဲ့ စွမ်းရည်နဲ့ သဟဇာတဖြစ်တဲ့ အတွက်ကြောင့် ကျုပ် နားလည်ထားတဲ့ နည်းစနစ်အားလုံးနဲ့ ပေါင်းစပ်ထားတာ။ မင်းက ပိုပြီးများတဲ့ စွမ်းရည်တွေမှာ ကျွမ်းကျင်တာမို့ ပိုကျယ်ပြန့်စွာနဲ့ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်လိမ့်မယ်။ ကျုပ် မင်းကို လောကဖိနှိပ်ခြင်းလမ်းစဥ် သင်ပေးမယ်။ အဲဒီမှာ မင်းရဲ့ ကိုယ်ပိုင်နားလည်သဘောပေါက်မှုတွေကို ထပ်ပေါင်းစပ်ပြီး ကျင့်ကြံနိုင်တယ်။”

ထိုနေရာ၌ ရှိနေသော နတ်မိမယ်တုံ့လိုင်၏ အကြည့်များထဲတွင် အံ့အားသင့်မှုတို့ ရှိနေခဲ့သည်။ သူမသည် ရီဖူရှင်းအား သူနှင့် သူမအဖေကြားမှ ပတ်သတ်မှုကြောင့် ခေါ်ဆောင်လာခဲ့ကာ ရီဖူရှင်းအတွက် နောက်ခံတချို့ ရှာတွေ့စေလိုခဲ့ခြင်း ဖြစ်သည်။ သူမသည် အနာဂတ်၌ သူတစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်မိခြင်းကြောင့် ကြိုတင်ကာကွယ်မှုယူစေလိုခြင်း ဖြစ်ပေသည်။

သူမ မည်သို့မှ မထင်မှတ်ခဲ့သည်မှာ ဆေးအင်ပါယာက သူ၏ ဖန်တီးမှုအမွေအနှစ်ကို ရီဖူရှင်းထံ လက်ဆင့်ကမ်းပေးလိမ့်မည်ကိုပင် ဖြစ်သည်။

လောကဖိနှိပ်ခြင်းလမ်းစဥ်သည် ဆေးအင်ပါယာ၏ ကိုယ်တိုင်နားလည်သဘောပေါက်မှုကို အခြေခံကာ ဖန်တီးထားခြင်းဖြစ်သည်။ ဆေးအင်ပါယာသည် ထိုနည်းစနစ်ကြောင့်ပင် ကောင်းကင်ဒေသ၌ ကျော်ကြားလာခြင်း ဖြစ်သည်။ သူ့တွင် အလွန်ကျော်ကြားသော တိုက်ပွဲအနည်းငယ် ရှိလေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ပင် ထိုနည်းစနစ်အား ကျင့်ကြံသူအနည်းငယ်မျှသာ ရှိပေသည်။ ကျုံးချန်သည် ထိုစွမ်းရည်ကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်သူ တစ်ဦးဖြစ်လေသည်။ သူက ဆေးအင်ပါယာနှင့် အနီးစပ်ဆုံး စွမ်းရည်ရှိသည့် ထူးချွန်သော သူတစ်ယောက် ဖြစ်သည်။ ကျုံးချန်သည် ဆေးအင်ပါယာက သူ၏ ကျင့်ကြံခြင်းအမွေကို လက်ဆင့်ကမ်းရန် ကိုယ်တိုင်ရွေးချယ်ထားသော သူတစ်ဦး ဖြစ်သည်။

သို့သော် ယခု ဆေးအင်ပါယာက ရီဖူရှင်းအား အမှန်တကယ် လောကဖိနှိပ်ခြင်းလမ်းစဥ်အား သင်ကြားပေးချင်နေသည်။ သူတို့က ဆေးအင်ပါယာနှင့် နတ်သမုဒ္ဒရာသို့ ခရီးတစ်ခေါက်သာ သွားဖူးသော်လည်း ဆေးအင်ပါယာက ရီဖူရှင်းအား မြင့်မြင့်မားမား တွေးထားပြီး ဖြစ်သည်လား။

သို့သော်လည်း ဤခရီးစဥ်အတွင်း ရီဖူရှင်းသည် အမှန်တကယ် မြင့်မားလှသော အရည်အချင်းကို ပြသခဲ့ပေသည်။ သူက ချောက်ကမ်းပါးမှ သင်ကြားပို့ချမှုကို နားလည်သဘောပေါက်သောအခါ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူ့အား အသိအမှတ်ပြုပြီး သူ့အတွေးများကိုပင် ရီဖူရှင်းထံ ပို့လွှတ်ပေးခဲ့သည်။ ထိုအချိန်၌ လင်းဟယ်အပြင် အခြားကျော်ကြားသည့် ကျင့်ကြံသူဖြစ်သော မြူနှင်းဝေနတ်နန်းတော်မှ ချင်းချင်းလည်း ရှိနေသေး၏။ သူမသည် ဓားနတ်မိမယ် ကိုယ်တိုင် လေ့ကျင့်ပေးခဲ့သော အဓိကတပည့် သုံးယောက်မှ တစ်ယောက် ဖြစ်လေသည်။ သို့သော်လည်း ရီဖူရှင်းတစ်ယောက်တည်းကသာ ချောက်ကမ်းပါးမှ သင်ကြားမှုများကို အမှန်တကယ် နားလည်သဘောပေါက်နိုင်စွမ်း ရှိခဲ့သည်။

ရီဖူရှင်းသည် သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်သော ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နှင့် လင်းဟယ်အား ရှုံးနိမ့်စေခဲ့သည်။ ထိုသို့သော စွမ်းရည်မျိုးနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုက သူ့အပေါ် မြင့်မားသော အတွေးတို့ ရှိပေလိမ့်မည်။

“စီနီယာ ဒါက သိပ်ပြီး မသင့်တော်ဘူးထင်တယ်။” ရီဖူရှင်းက ပြောလိုက်သည်။ သူက ဆေးအင်ပါယာ၏ တပည့်တစ်ယောက် မဟုတ်ပေ။ ဆေးအင်ပါယာ၏ ကိုယ်ပိုင်တပည့်များသာလျှင် သူဖန်တီးထားသော ပညာရပ်အား သင်ယူရန် အရည်အချင်းပြည့်မီပေသည်။

“မှားနေတာ ဘာမှမရှိဘူး။ တန်ခိုးရှင်တွေကို စည်းမျဥ်းတွေနဲ့ ချည်နှောင်ထားစရာမလိုဘူး။ ကျုပ်က သင်ပေးမယ့်လူပဲ။ ကျုပ် သင်ချင်တဲ့လူကို သင်ပေးလို့ရတယ်။” ဆေးအင်ပါယာက ရီဖူရှင်းကို အာမခံလိုက်သည်။ “ကျုံးချန်က လောကဖိနှိပ်ခြင်းလမ်းစဥ်ကို ကျွမ်းကျင်နေပြီ။ မင်းရဲ့ လက်ထဲမှာ အဲဒီစွမ်းရည်ကို အပြည့်အဝအသုံးချနိုင်မှာ သေချာတယ်။ အဲဒါအပြင် လောကဖိနှိပ်ခြင်းလမ်းစဥ်က မင်း ကျင့်ကြံတဲ့ တခြားစွမ်းရည်တွေထက် အားနည်းမှာမဟုတ်ဘူးဆိုတာ ကျုပ် ပြောနိုင်တယ်။ လင်းဟယ်နဲ့ တိုက်တုန်းက မင်း အစွမ်းကုန်မတိုက်ခဲ့ဘူးမလား။” ဆေးအင်ပါယာက မေးလိုက်သည်။ သူ၏ အမြင်အရ ထိုတိုက်ပွဲမှနေ၍ ကိစ္စရပ်များစွာကို တွေ့မြင်နိုင်ပေသည်။

ဆေးအင်ပါယာက သူ့အပြင် တခြားသော ထိပ်သီးပုဂ္ဂိုလ်များသည်လည်း လင်းဟယ်နှင့် ရီဖူရှင်း၏ တိုက်ပွဲအား ကြည့်ပြီးနောက် ကိစ္စအများအပြားကို နားလည်သဘောပေါက်သွားကြပေလိမ့်မည်။

လင်းဟယ်က ရီဖူရှင်းအား ရှုံးနိမ့်ခဲ့ရုံမျှ မဟုတ်ပေ။ အမှန်တွင် သူတို့နှစ်ယောက်ကြားမှ စွမ်းရည်က တူညီသော အဆင့်၌ ရှိမနေကြပေ။ လင်းဟယ်သည် ရီဖူရှင်းနှင့် ယှဥ်လျှင် အလွန် အရေးမပါသော ဖြစ်တည်မှုတစ်ခု ဖြစ်သွားပေသည်။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်ကာ ပွင့်လင်းစွာ အသိအမှတ်ပြုလိုက်သည်။ ဘေးတွင် ရှိနေသော နတ်မိမယ်တုံ့လိုင်က ရီဖူရှင်းအား တစ်ချက်လှမ်းကြည့်လိုက်၏။ သူမသည် ရီဖူရှင်းအား ရွေးချယ်ခဲ့ခြင်းမှာ နတ်သစ်ပင်၏ အသိအမှတ်ပြုမှုနှင့် သူမအဖေ၏ သင်ကြားပြသမှုကို လက်ခံရရှိခဲ့ခြင်းကြောင့် ဖြစ်လေသည်။ သို့သော်လည်း မူလဘုံမှ ထိုမကောင်းဆိုးသဖွယ် ထူးချွန်သော ပုဂ္ဂိုလ်မှာ သူမ ထင်ထားသည်ထက် အားကောင်းပုံရလေသည်။

သူမက ရီဖူရှင်း၏ အနာဂတ်က မည်သို့ဖြစ်လာမည်ကို သိချင်မိပေသည်။

“အခု လောကဖိနှိပ်ခြင်းလမ်းစဥ်ရဲ့ အသိပညာတွေကို လက်ဆင့်ကမ်းပေးတော့မယ်။ ဘာမှ စိတ်မပူနဲ့ လက်ခံလိုက်။ အဲဒီမှာ မင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းကို အခြေခံပြီး တခြားစွမ်းရည်တွေ ထည့်ပေါင်းလို့ရတယ်။” ဆေးအင်ပါယာက ပြောလိုက်သည်။ သဏ္ဌာန်မဲ့ အရှိန်အဝါတို့က ဆေးအင်ပါယာ၏ ခန္ဓာကိုယ်မှ ထိုးဖောက်ထွက်လာကာ ရီဖူရှင်းကို လွှမ်းခြုံလာကာ နတ်ရောင်ဝါတို့က ရီဖူရှင်း စိတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာ၏။ ၎င်းတို့သည် ရုပ်ပုံကားချပ်များအသွင် ပြောင်းလဲကာ စိတ်ထဲတွင် ထွင်းထုထားသလို ထွက်ပေါ်လာသည်။

နောက်တခဏကြာပြီးနောက် ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်ကာ ဆေးအင်ပါယာကို ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာ။”

ဆေးအင်ပါယာက သူ ဖန်တီးထားသော ပညာရပ်အား ရီဖူရှင်းထံ လက်ဆင့်ကမ်းလိုက်သည့်အတွက်ကြောင့် ရီဖူရှင်းက သူ့ကို ဆရာဟုခေါ်ရန် ထိုက်တန်ပေသည်။

ရီဖူရှင်းက ဆေးအင်ပါယာကို ဆရာဟုခေါ်ခြင်းမှာ သူတပည့် ဖြစ်လာသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ဆေးအင်ပါယာက ရီဖူရှင်း သူ့အား ဆရာဟု ခေါ်သည်ကို ကြားသောအခါ အပြုံးနှင့်သာ ခေါင်းညိတ်ရင်း ပြန်ပြောလိုက်၏။  “တခြားလူတွေရှိနေတဲ့အချိန် ကျုပ်ကို ဆရာလို့ မခေါ်နဲ့။ အရင်တုန်းက ကျုပ် ကတိတစ်ခု ထားခဲ့တာ ရှိတယ်။ ဒါကြောင့် ကျုပ်တို့ရဲ့ အခု ဆက်ဆံရေးက ဆရာတပည့်ဆက်ဆံရေး မဟုတ်ဘူး။”

“ကျွန်တော် နားလည်ပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ပြန်သွားပြီး ကျင့်ကြံတော့။” ဆေးအင်ပါယာက ပြောလိုက်သည်။ ရီဖူရှင်းက ပြန်လှည့်ကာ ကောင်းကင်မျှော်စင်ဆီသို့ လျှောက်သွားခဲ့သည်။ စောင့်ကြည့်မျှော်စင်သည် သူ့အတွက် လောကဖိနှိပ်ခြင်းလမ်းစဥ်ကို နားလည်သဘောပေါက်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လေသည်။

ရီဖူရှင်း ထွက်ခွာသွားပြီးနောက် ဆေးအင်ပါယာက နတ်မိမယ်တုံ့လိုင်ကို ကြည့်လိုက်သည်။ ယခုအတောအတွင်း ဆေးအင်ပါယာက မည်သည့် သံသယဖြစ်စရာကိစ္စကိုမှ မပြောခဲ့သော်လည်း နတ်မိမယ်တုံ့လိုင်က သူတစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ပြောနိုင်ပေသည်။

“ဦးလေး အတွေး တစ်ခုခုရှိနေရင် ကျွန်မကို ဖုံးကွယ်မထားဘဲ ပြောပြပါ။” နတ်မိမယ်တုံ့လိုင်က ပြောလိုက်သည်။

“မင်းအဖေရဲ့ သေဆုံးခြင်းမှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုတစ်ခုတည်း ပါဝင်ပတ်သတ်နေတာ မဟုတ်ဘူးလို့ သံသယဖြစ်မိတယ်။” ဆေးအင်ပါယာက နတ်မိမယ်တုံ့လိုင်ကို ရှင်းပြလိုက်သည်။ “အဲဒီတုန်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနဲ့ ရှေးဟောင်းတော်ဝင် ယန်မိသားစုကြား ပဋိပက္ခဖြစ်ခဲ့တာ လူတိုင်း အသိပဲ။ ဒါပေမယ့် နောက်ဆုံးတိုက်ပွဲကို ဘယ်သူမှ မတွေ့ခဲ့ကြဘူး။ ကျုပ် သံသယရှိတာတော့ တခြားအင်အားစုတွေလည်း တိတ်တဆိတ် ပါဝင်ပတ်သတ်နေမှာကိုပဲ။”

ဆေးအင်ပါယာ၏ အဖြေကို ကြားပြီးနောက် နတ်မိမယ်တုံ့လိုင် အမူအရာက လေးနက်လာခဲ့သည်။ “ဘယ်သူတွေ ပါဝင်ပတ်သတ်နေတယ်လို့ ဦးလေးထင်လဲ။”

ဆေးအင်ပါယာက ဆန်းစစ်လိုက်သည်။ “ဒီတစ်ခေါက် လိပ်နတ်ဘုရားကျွန်းစုခရီးစဥ်အတွင်းမှာ လင်းရှောင်နန်းတော်ကလည်း ပုံမှန်မဟုတ်ဘူး။ သူတို့နဲ့ ကျုပ်တို့က ရန်ငြိုးမရှိဘူးတာကြောင့် သူတို့ ကျုပ်တို့အပေါ် မြေနိမ့်ရာလှံစိုက်လုပ်စရာအကြောင်း မရှိဘူး။  ချောက်ကမ်းပါးက မတော်တဆမှုအတွက်ဆိုရင် ရီဖူရှင်းနဲ့ လင်းဟယ်ပဲ ပါဝင်ပတ်သတ်လိမ့်မယ်။ လင်းရှောင်နန်းတော်အတွက် အဲဒါက ပုံကြီးချဲ့စရာ ကိစ္စမဟုတ်ဘူး။ ကျုပ်တို့ကို ပစ်မှတ်ထားရတဲ့ တခြားအကြောင်းရင်း ရှိနေနိုင်တယ်။”

“ကျွန်မ အဖေရဲ့ သေဆုံးခြင်းမှာ လင်းရှောင်နန်းတော်က ပါဝင်ပတ်သတ်နေတာလား။” နတ်မိမယ်တုံ့လိုင်၏ နှလုံးသားက ခဲဆွဲထားသလို လေးလံသွားခဲ့၏။ သူမသည် အဖေ့အတွက် လက်စားချေရန် အိပ်မက်မမက်ခဲ့ဖူးပေ။ သို့သော်လည်း သူမသည် ဖခင်ဖြစ်သူ၏ သေဆုံးခြင်းကို ဖြစ်စေခဲ့သော တိုက်ပွဲ၌ အခြားအင်အားစုများ ပါဝင်ပတ်သတ်နေသည်ကို သိလိုက်ရသောအခါ ရှုပ်ထွေးစွာ ခံစားလိုက်ရပေသည်။ သူမက ပြဿနာများကို ဖြေရှင်းရန် မသန်မာသည့်အတွက် သူမကိုယ်သူမ အားမလိုအားမရ ဖြစ်မိပေသည်။

“ကျုပ်က ဖြစ်နိုင်ချေကိုပဲ ပြောတာပါ။ ဒါပေမယ့် အမှန်တရားက တဖြေးဖြေး ပေါ်လာမှာပါ။” ဆေးအင်ပါယာက ပြောလိုက်သည်။

“ဦးလေး…” နတ်မိမယ်တုံ့လိုင်က သူမခေါင်းကို ငုံ့လိုက်သည်။

“ဘာဖြစ်လို့လဲ။” ဆေးအင်ပါယာက မေးလိုက်သည်။

“တခြားအင်အားစုတွေပါ ပါဝင်ပတ်သတ်နေတယ်ဆိုရင် ထပ်ပြီး ရှာဖွေကြည့်ရမယ့်ပုံ…..” နတ်မိမယ်တုံ့လိုင်က သူမ၏ စကားကို ပြီးအောင် မပြောခဲ့သော်လည်း ဆေးအင်ပါယာက သူမ၏ စကားများကို နားလည်ပေသည်။ သူတို့က အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။

အမှန်တရားအား သိခြင်းက ဆေးအင်ပါယာအတွက် မည်သည့်အကျိုးမှ ရှိလိမ့်မည် မဟုတ်ပေ။

ရှေးဟောင်းတော်ဝင် ယန်မိသားစုက အလွန် လွှမ်းမိုးနိုင်ဆဲဖြစ်ပြီး ကြွယ်ဝလှသော အရင်းအမြစ်များနှင့် ပညာရပ်များ ရှိသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ပျမ်းမျှစွမ်းရည်သည် ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် ယှဥ်လျှင် အားနည်းလှပေသည်။ အခြားသော ထိပ်သီးအင်အားစုများ မပါဝင်လျှင်ပင် အမှန်တရားကို သိရှိခြင်းက ဆေးအင်ပါယာအတွက် အခက်အခဲများကို သေချာပေါက် ယူဆောင်လာပေးမည် ဖြစ်သည်။ သူသည် မည်သည့် ဆိုးရွားသောအရာမှ မဖြစ်ချင်လျှင် စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ကာ မည်သည့်အရာမှ မသိသလို ဟန်ဆောင်နိုင်ပေသည်။

“ကျုပ် အမှန်တရားကို သိချင်တယ်။” ဆေးအင်ပါယာက ခေါင်းကို မော့ကာ ပြောလိုက်သည်။ သူသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲနှင့် အတူထိုင်ကာ ဆွေးနွေးခဲ့ဖူးသော မြင်ကွင်းများကို ပြန်လည် မြင်ယောင်လာပေသည်။ သူ၏ မိတ်ဆွေဟောင်းက အချည်းနှီး သေဆုံးခဲ့ရသည်။ သူက သူ့မိတ်ဆွေအတွက် လက်စားမချေပေးနိုင်ရုံမျှမက သူ့ရန်သူက မည်သူဖြစ်သည်ကိုပင် မသိခဲ့ရပေ။ ထိုပြဿနာက သူ့နှလုံးသားထဲတွင် အမြဲဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့ရသည်။

ဆေးအင်ပါယာ၏ လက်ရှိ ကျင့်ကြံရေးအဆင့်ကို ရောက်နေသော မည်သည့် ကျင့်ကြံသူမဆို ထို့ထက်ပို၍ တိုးတက်ရန် ခက်ခဲပေသည်။ ထိုသည်မှာ သူတို့၏ စိတ်ထဲတွင် ဖြေရှင်းရန် ခက်သော အရာတစ်ခုခု ရှိနေလျှင် တိုးတက်ရန် ပို၍ပင် ခက်ခဲပေသည်။ ထို့ကြောင့် ဆေးအင်ပါယာက အမှန်တရားကို ရှာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူက ဆက်လက်ရှင်သန်ရန် ဝံ့ရဲတော့မည်မဟုတ်ပေ။

နတ်မိမယ်တုံ့လိုက်က သက်ပြင်းချလိုက်သည်။ အမှန်တွင် သူမသည်လည်း သူမအဖေအတွက် လက်စားချေရန် မျှော်လင့်ချက်တို့ ပျောက်ဆုံးနေသ်မှာ အချိန်ကြာပြီ ဖြစ်၏။

“သူ့ရဲ့ ထွက်ပေါ်လာမှုက အခွင့်အလမ်းတစ်ခုပဲ။ မင်းမှာ အခွင့်အရေးရှိရင် တုန်းဟွာကောင်းကင်ကို တစ်ခေါက်လောက် သွားသင့်တယ်။” ဆေးအင်ပါယာက အဝေးသို့ ကြည့်ရင်း ရေရွတ်လိုက်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset