အပိုင်း(၂၀၀၇)

မှတ်ဉာဏ်ပျောက်ဆုံးခြင်း

“လင်းရှောင်နန်းတော်ရဲ့ လင်းဟယ်က လမ်းညွှန်ပြသပေးဖို့ မပြောခဲ့ဘူးလား။ အခု ခင်ဗျား ဝင်စွက်ဖက်တာ ဘာသဘောလဲ။” ရီဖူရှင်းကို ဟန့်တားရန် ရှေ့ထွက်လာသူအား ၀မ်ရှန့်စောင့်ကြည့်မျှော်စင်၏ တန်ခိုးရှင်အချို့က မေး လိုက်သည်။

“တော်တာက တော်သင့်နေပြီလေ။” လင်းရှောင်နန်းတော်မှ တန်ခိုးရှင်အား ပြန်တုံ့ပြန်လိုက်သည်။

“ဒါဆို လင်းဟယ်က ရှုံးကြောင်း ဝန်ခံမှာလား။” ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက ထပ်မေးလိုက်သည်။ လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များက မျက်မှောင်ကြုတ်ကာ စကားပြောလာသည့် ရန်ဟောင်ကို ကြည့်လိုက်၏။

“လင်းဟယ်က တိုက်ခိုက်နိုင်တုန်းပဲဆိုရင် ဘာလို့ ခင်ဗျားက ၀င်စွက်ဖက်ရတာလဲ။” ၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်က သရော်လိုက်သည်။ “ခင်ဗျားတို့က တိုက်ခိုက်မှုကို စတင်ချင်တဲ့သူတွေပဲ။ ပြီးတော့ ခင်ဗျားတို့ကပဲ အဆုံးသတ်ဖို့ အတွက် ဖိအားပေးတယ်။ လင်းရှောင်နန်းတော်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နဲ့ ပညာဖလှယ်ချင်တာလား.. ဒါမှ မဟုတ်ရင် ကျုပ်တို့ကို ကန်ထုတ်ဖို့ အခွင့်အရေးရှာနေတာလား။ ခင်ဗျား နောက်ပြန်ဆုတ်ချင်ရင်လည်း တခြားဆင်ခြေလေး ရှာသင့်တာပေါ့။”

“ပြီးတော့လည်း လင်းရှောင်နန်းတော်ရဲ့ ဆက်ခံသူက ရီလျှို့နျန်ထက် ပိုပြီးတော့ ကျင့်ကြံဆင့်က ပိုမြင့်တယ်။ ဒါတောင်မှ လင်းရှောင်နန်းတော်က လူတွေက သူ့အတွက် ဝင်ပြီးတော့ စွက်ဖက်ပေးရတယ်။ ခင်ဗျားတို့ မရှက်ကြဘူးလား။” ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်များ၏ လှောင်ပြောင်မှုကို လင်းရှောင်နန်းတော်မှ လူများ ပြန်လှန်မတုံ့ပြန်နိုင်ကြပေ။ “ကျုပ်သာ လင်းရှောင်နန်းတော်က တန်ခိုးရှင်တစ်ယောက်ဆိုရင် ဒီနေရာမှာ ဆက်နေရဲတော့မှာတောင် မဟုတ်ဘူး။”

လင်းဟယ်၏ မျက်လုံးများက အလွန်အေးစက်နေသည်။ ရှုံးနိမ့်ခြင်းကပင် အလွန် ရှက်ဖွယ်ကောင်းသော ကိစ္စရပ်ဖြစ်နေပြီ ဖြစ်သော်လည်း ယခုသူက ပွင့်ပွင့်လင်းလင်းပင် အညှာအတာမဲ့စွာနှင့် လှောင်ပြောင် သရော်ခံနေရပေသည်။ သူ၏ အဆင့်က ရီလျှို့နျန်ထက် ပို၍ မြင့်မားသော်လည်း သူသည် ရီဖူရှင်း၏ တိုက်ခိုက်မှုမှ ရှောင်ရှားရန် လင်းရှောင်နန်းတော်မှ တခြားလူများ ဝင်ရောက်စွက်ဖက်ပေးမှုကို လိုအပ်နေဆဲဖြစ်သည်။

ဤတိုက်ပွဲက အလွန်ပင် ရှက်စရာကောင်းလှသည်။

“အကြီးအကဲတို့ ထပ်ပြီး ပြောနေဖို့ မလိုပါဘူး။ ဒီလိုလူမျိုးတွေက အများကြီးရှိတာမို့ ကျုပ်တို့ အသားကျနေပါပြီလေ။” ရီဖူရှင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို ကြည့််ကာ ပြောလိုက်ပြီး ထိုတန်ခိုးရှင်များက ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။ သို့သော်လည်း သူတို့က ဆက်ပြောလာ၏။ “မိုက်ရူးရဲဆန်မှုက အဆုံးမှာ အလွယ်တကူ ဖော်ထုတ်ခံရမှာပဲ။ အကြီးအကျယ် ရှုံးနိမ့်ဖူးရင်လည်း တစ်ဖက်လူကို စိန်ခေါ်ပြီး ကိစ္စတွေကို အစမပျိုးသင့်ဘူးလေ။ အဲဒီမောက်မာဝံ့ကြွားမှုတဲ့ သဘောထားက အခု တွေးကြည့်ရင် စိတ်ပျက်စရာကောင်းမနေဘူးလား။”

စကားတိုင်းက လင်းဟယ်ကို အရှက်ရစေပြီး သူ့ပါးများအား ပူလောင်လာစေသည်။ အခြားလူများသည် သူ့အား အလွယ်တကူ လွှတ်မပေးချင်ပုံရလေသည်။

လင်းရှောင်နန်းတော်သည် အားနည်းသူများကို ဖိနှိပ်တတ်သည့်အတွက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက ရည်ရွယ်ချက်ရှိရှိ သူ့အား သရော်နေခြင်းဖြစ်ကာ သူ၏ သူတော်ကောင်းယောင်ဆောင်သော သဘောထားကို လှစ်ဟ၍ သူ့အား အရှက်ရစေရန် ရည်ရွယ်ပေသည်။

“ကြည့်ရတာ ဒီနေ့တော့ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေ ဘယ်လောက် ထူးချွန်တယ်ဆိုတာကို မြင်တွေ့ရဖို့ အခွင့်အရေး ဖြစ်လာတယ် ထင်ပါရဲ့။” လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များကြားတွင် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိနှိပ်ခြင်း မဟာလမ်းစဥ်အရှိန်အဝါတို့ကို ထုတ်လွှတ်ထားသော လူတစ်ယောက်က ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ဆေးအင်ပါယာ၏ မျက်လုံးများက လူအုပ်ကြီးထံ ဝေ့ဝဲသွားပြီး သူ့ထံမှ ပြင်းထန်သော မဟာလမ်းစဥ်စွမ်းအားတို့ ထွက်ပေါ်လာသည်။ လင်းရှောင်နန်းတော်မှ လူတိုင်းသည် ထိုအားကောင်းလှသော ဖိအားများကြောင့် သူတို့လှုပ်ရှားရန် ခက်ခဲနေသည်ကိုပင် ခံစားမိလိုက်ကြသည်။

သူတို့က ဆေးအင်ပါယာကို ကြည့်လိုက်ပြီး လင်းရှောင်နန်းတော်သခင်က ရှေ့သို့ ခြေလှမ်းကာ ပြောလိုက်သည်။ “ဆေးအင်ပါယာ ဒါက ဘာကို ဆိုလိုတာလဲ။”

“လင်းရှောင်နန်းတော်က ၀မ်ရှန့်စောင့်ကြည့်မျှော်စင်နဲ့ ပညာဖလှယ်ချင်တာကြောင့် ကျုပ်တို့ဘက်ကလည်း လက်ခံပေးခဲ့တယ်။ ဒါပေမယ့် အခုဖြစ်ရပ်မှာ ပညာဖလှယ်တာလား ဘာလားဆိုတာကို ဒီမှာ ရောက်နေတဲ့ လူတွေအကုန်လုံး ရှင်းရှင်းလင်းလင်း သိမယ်လို့ သေချာတယ်။ ခင်ဗျားတို့က အရေအတွက်နှင့် ဖိအားပေးချင်နေတယ်ဆိုရင် ကျုပ်ဘက်ကလည်း ရွေးချယ်စရာမရှိဘဲ ကိုယ်တိုင်ပါဝင်ရလိမ့်မယ်။” ဆေးအင်ပါယာက ပြောလိုက်သည်။

လင်းရှောင်နန်းတော်သခင်က ဆေးအင်ပါယာကို ကြည့်လိုက်၏။ နှစ်ဖက်လုံး၏ ရန်ဟောင်များက တစ်ချိန်တည်းတွင် ရှေ့သို့ တက်လာကြပြီး ၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက အန္တရာယ်အတွင်းသို့ ကျရောက်နေသည့် အတွက်​ကြောင့် ဆေးအင်ပါယာက ရွေးချယ်စရာမရှိပဲ ကိုယ်တိုင်ပါဝင်ရတော့သည်။

လင်းရှောင်နန်းတော်၏ နန်းတော်သခင်က ပြုံးလိုက်ပြီး ပြင်းထန်၍ ကြမ်းတမ်းသော အရှိန်အဝါတို့က သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ တူညီသော မဟာလမ်းစဥ်ဖိအားတို့ကို ထုတ်လွှတ်လိုက်သည်။ နှစ်ဖက်လုံးတွင် သူတို့၏ အဆင့်ထက် သာလွန်သော ထိပ်သီးပုဂ္ဂိုလ်များ ရှိကြပြီး သူတို့က အလွန် အစွမ်းထက်ကြပေသည်။ နှစ်ယောက်လုံး၏ အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည့်အခါ ကောင်းကင်က လေးလံလာသလို ထင်မှတ်ရကာ အရာအားလုံးက ရပ်တန့်သွားပုံပေါ်၏။ တိုက်ပွဲကြားမှ အဆင့်နိမ့် ရန်ဟောင်များသည် တဖြည်းဖြည်းနှင့် ဆုတ်ခွာသွားကြပြီး လေထဲတွင် မျက်နှာချင်းဆိုင် ရှိနေသော လူနှစ်ယောက်ကို မော့ကြည့်လိုက်ကြ၏။

လင်းရှောင်နန်းတော်၏ နန်းတော်သခင်နှင့် ဆေးအင်ပါယာတို့က အလွန် အစွမ်းထက်သော သူများဖြစ်ကြပြီး နှစ်ယောက်လုံးကို အလွန် ကြောက်မက်ဖွယ်ဖိအားများ ပါဝင်နေသည့် စွမ်းအင်လှိုင်းများ လွှမ်းခြုံထားသည်။ သူတို့က လှုပ်ရှားရန် စိတ်ကူးမရှိကြသော်လည်း သူတို့အနီးရှိ တန်ခိုးရှင်များ မမြင်ရသော တိုက်ခိုက်မှုများကို ခံစားနေရပြီ ဖြစ်သည်။

သူတို့က အမှန်တကယ် တိုက်ခိုက်ကြလိမ့်မည်လား။

အဝေးတွင် ရှိနေသော အခြားသောဒေသများမှာ ထိပ်သီး အင်အားစု၏ လူများသည် ထိုနေရာသို့ ကြည့်နေခဲ့ကြသည်။ ယနေ့တွင် အင်ပါယာရှီက နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီး နေရာအသီးသီးမှ တန်ခိုးရှင်များက ဤနေရာသို့ ရောက်ရှိနေခဲ့ကြသည်။ သူတို့သည် အမှန်တကယ်ပင် ထိပ်သီးပုဂ္ဂိုလ်ကြီးများ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်သည်ဟု မြင်တွေ့ရမည်လား။

ကောင်းကင်ထက်တွင် ဆူညံသော အသံများ ထွက်ပေါ်နေပြီး မွန်းကြပ်ဖွယ်ကောင်းသော အရှိန်အဝါတို့က နေရာအနှံ့တွင် ပေါ်ပေါက်လာသည်။ ထိုနေရာတဝိုက်ရှိ ရန်ဟောင်များက အဝေးသို့ ဆုတ်ခွာ သွားခဲ့ကြသည်။ သူတို့ထဲမှ အချို့သည် အသက်ရှုမှုများ မြန်ဆန်လာကာ အတွင်းကလီစာများက ​ချေမွခံလိုက်ရသလို ခံစားမိလိုက်ကြပေသည်။

“နောက်ဆုတ်” လီချန်ရှန်းက ပြောလိုက်သည်။ ချက်ချင်းပင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက နောက်သို့ ဆုတ်ခွာသွားကြပြီး ရှေးဟောင်းတော်ဝင်ယန် မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များသည်လည်း တူညီစွာပင် ဆုတ်ခွာသွားခဲ့ကြသည်။ အင်ပါယာယန်သာလျှင် ထိုနေရာ၌ ရပ်နေခဲ့ပြီး သူ၏ ထည်ဝါသော ရွှေရောင်၀တ်ရုံကြီးက လေထဲတွင် တလူလူလွင့်နေခဲ့ကာ သူက လက်နှစ်ဖက်ကို နောက်သို့ ပစ်၍ ထိုနှစ်ယောက်အား တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် အဝေးရှိ လူများသည် ကောင်းကင်ကြီးပင် ပြိုကျတော့မည်ဟု ထင်မှတ်နေမိကာ ကောင်းကင်နှင့် မြေကြီးအကြားတွင် အလွန်များပြားသော ပုံရိပ်ယောင်များ ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ကြရပေသည်။ သူတို့သည် ခေါင်းများကို မော့ကာ ကောင်းကင်သို့ စိုက်ကြည့်နေခဲ့ကြသည်။ ကျယ်ပြန့်လှသော နေရာတခွင်တွင် များပြားလှသော ပုံရိပ်ယောင်များက ထွက်ပေါ်လာပြီး မရေတွက်နိုင်သော အရှိန်အဝါတို့က ကောင်းကင်မှ စီးဆင်းလာကာ ထိုနေရာကို ဖိနှိပ်လိုက်သည်။

သူတို့နှစ်ယောက်လုံးက မဟာလမ်းစဥ် ဖိနှိပ်ခြင်းစွမ်းအင်၌ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ထို့ပြင် သူတို့၏ အဆင့်သည် သာမန်ထက် သာလွန်သော အဆင့်တွင် ရှိနေကြသည်။ သူတို့က ကောင်းကင်မှ မြေကြီးနှင့် စွမ်းအားများကိုပင်ထိန်းချုပ်နိုင်စွမ်းရှိကြသည်။ သူတို့က ဖိနှိပ်ခြင်း စွမ်းအားများကို ထုတ်လွှတ်လိုက်သည့် အခါ နောက်သို့ ဆုတ်သွားသည့် ရန်ဟောင်များသည်ပင် ထိုတိုက်ပွဲနေရာအတွင်း ရှိနေသကဲ့သို့ ခံစားလိုက်ရကြပေသည်။

ဘုန်း…

ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုနှစ်ယောက်က မလှုပ်ရှားကြသော်လည်း ကြောက်မက်ဖွယ် အသံလှိုင်းပေါက်ကွဲမှုတို့က သူတို့နှစ်ယောက်၏ ဘေးတွင် ဖြစ်ပေါ်လာနေသည်။ တုန်ခါနေသော အသံများက လူတိုင်း၏ နှလုံးသားကို ပြင်းထန်စွာ ခုန်ပေါက်နေစေသည်။ အံ့သြဖွယ် ကောင်းသော စွမ်းအင် လှိုင်းများကအချင်းချင်း ဆက်လက်၍ တိုက်ခိုက်နေကာ ထိုလေဟာနယ်အတွင်းက ပြင်းထန်သော မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

ထိုအချိန်တွင် လူအုပ်ကြီးသည် သူတို့နှစ်ယောက်၏ ပုံရိပ်များက လှုပ်ရှားလာသည်ဟု ထင်မှတ်ရသော်လည်း သူတို့သည် ထိုနေရာ၌ ရှိနေဆဲသာ ဖြစ်သည်။ လူတိုင်းက ထိုပုံရိပ်ကြီး နှစ်ခုက အလယ်တွင် တစ်ချက်မျှသာ ဆုံတွေ့တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်၍ ခွဲခွာ သွားခဲ့သည်ကို မြင်တွေ့လိုက်ကြသည်။ နောက်တခဏတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ် မုန်တိုင်းကြီးတစ်ခု တဖန်ထွက်ပေါ်လာပြန်သည်။

ဘုန်း…

“သတိထား” ရန်ဟောင်များက ထိုမုန်တိုင်းကြောင့် နောက်သို့ လွင့်စင်သွားကြပြီး ရီဖူရှင်းသည်လည်း တူညီစွာပင်ဖြစ်၏။ မဟာလမ်းစဥ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်ပေါ်တွင်  လွှမ်းခြုံထားသော်လည်း သူက မုန်တိုင်းသက်ရောက်မှုကို ခံနေရဆဲဖြစ်သည်။ ပြင်းထန်လှသော မုန်တိုင်း၏အလယ်တွင် သူ၏ ခန္ဓာကိုယ်က မြဲမြံစွာရပ်နေဆဲ ဖြစ်သော်လည်း သူ၏ ခြေလှမ်းများက အလွန်ပင် လေးလံနေသည်။ သူက လက်မောင်းကို မြှောက်ကာ သူ၏ မျက်လုံးများကို ကာကွယ်၍ အရှေ့သို့ ကြည့်လိုက်သည်။

မုန်တိုင်း၏ အလယ်တွင် ထိုသူနှစ်ယောက်သည် မည်သည့်အခါကမှ လှုပ်ရှားခြင်းမရှိသကဲ့သို့ ငြိမ်သက်စွာ ရပ်နေကြဆဲပင် ဖြစ်သည်။ ပြင်းထန်သော မုန်တိုင်းကြီးက သူတို့ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်သကဲ့သို့ပင် ဖြစ်၏။ အင်ပါယာယန်သည်လည်း ထိုနေရာတွင် ရပ်နေခဲ့ပြီး သူ၏ ဝတ်ရုံက လေထဲတွင် တဖျက်ဖျက်လွင့်နေကာ သူ့ရှေ့မှ လူနှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

သူသည် ထိုနှစ်ယောက်က ယခုလေးတင် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ပြီးပြီဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပေသည်။

သူတို့ကဲ့သို့ ကျင့်ကြံခြင်းအဆင့်တွင် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရန် အခွင့်အရေး များစွာ မရှိပေ။ သူတို့နှင့်တူညီသော အဆင့်မှ လူများက အလွန်ပင် နည်းပါးစွာရှိကြပြီး သူတို့၏ တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုတို့က ထည့်တွက်ရသည့်အတွက်​ တိုက်ခိုက်ခဲလှသည်။

ထို့ကြောင့် လင်းရှောင်နန်းတော်သခင်နှင့် ဆေးအင်ပါယာတို့၏ သာမန်မျှ တိုက်ခိုက်လိုက်မှုက လုံလောက်သည်ထက် ပိုနေပြီဖြစ်၏။

“ခင်ဗျားတို့က ဒီနေ့ နတ်ဘုရားကပ်ဘေး ရင်ဆိုင်တာကို စူးစမ်းလေ့လာဖို့ ရောက်လာခဲ့ကြပေမယ့် အခု ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။” ထိုအခိုက်အတန့်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အဝေးရှိလေဟာနယ်တွင် တုန်းဟွာနယ်မြေသခင် အိမ်တော်မှ နယ်မြေသခင်က မတ်တပ်ရပ်နေပြီး မေးလိုက်သည်။

“ကျုပ်က ဆေးအင်ပါယာရဲ့ ဖိနှိပ်ခြင်း မဟာလမ်းစဥ်ကို တွေ့ကြုံခံစားချင်မိတာမို့လို့ ပညာဖလှယ်ဖို့ ကြိုးစားမိတာပါ။ ခွင့်လွှတ်ပေးပါ နယ်မြေသခင်။” လင်းရှောင်နန်းတော်၏ နန်းတော်သခင်က ပြောလိုက်သည်။

ဆေးအင်ပါယာက မည်သို့မှ မပြောလာသော်လည်း တစ်ဖက်လူကို တိတ်ဆိတ်စွာနှင့် ကြည့်လိုက်၏။

“ဒါက နတ်ဘုရားကျွန်းစုနယ်မြေဖြစ်ပြီးတော့ လူတိုင်းက ဧည့်သည်တွေပဲ။ အင်ပါယာရှီကို အနှောက်ယှက်မပေးဘဲ နေကြရအောင် လူတိုင်းက ပညာဖလှယ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် နောက်တစ်ခေါက်ကို ရှာကြတာပေါ့။ အားလုံးပဲ နောက်နှစ်မှာ အချိန်ရှိခဲ့ရင် တုန်းဟွာကောင်းကင်ကို လာဖို့ ဖိတ်ခေါ်ပါတယ်။” နယ်မြေသခင်က ဆက်ပြောလိုက်သည်။ ဒီနေ့တော့ တိုက်ခိုက်တာကို ရှောင်ကြရအောင်။ အင်ပါယာယန်လည်း ထားလိုက်ပါတော့။”

အင်ပါယာယန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “နယ်မြေသခင်ကတောင် ပြောနေမှတော့ ဒီနေမှာပဲ ရပ်ကြတာပေါ့။ ဒါပေမယ့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနဲ့ ပတ်သတ်ပြီးတော့ ဆေးအင်ပါယာဘက်က ကတိတည်နေသရွေ့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ကျုပ်တို့ မထိဘူးလို့ ပြောခဲ့တာ နယ်မြေသခင်ရဲ့ ဖျန်ဖြေ ပေးမှုကြောင့်ပဲ။ ဒါပေမယ့် အခုတစ်ခုခုက ပြောင်းလဲသွားပြီး ဆေးအင်ပါယာက အနာဂတ်မှာ အဲဒါနဲ့ ပတ်သတ်လို့ အဖြေပြန်ပေးရမယ်။”

၎င်းက ဆင်ခြေမျှသာ ဖြစ်သည်။ ရီဖူရှင်းက ထူးခြားသာလွန်သော အရည်အချင်းတို့ကို မပြသခဲ့လျှင်ရှေးဟောင်းတော်ဝင်ယန် မိသားစုမှ မည်သူကမှ ရီဖူရှင်းကို အလုပ်ရှုပ်ခံ၍ ကြည့်လိမ့်မည် မဟုတ်ဘဲ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကိုလည်း အမှတ်ရပေလိမ့်မည်မဟုတ်ပေ။

ဆေးအင်ပါယာက သူတို့ကို ကြည့်လိုက်ကာ တိတ်ဆိတ်နေခဲ့သည်။ နယ်မြေသခင်က ဆက်ပြောလိုက်၏။ “ကောင်းပြီ၊ ကျုပ်တို့အခုသွားသင့်နေပြီ။ အင်ပါယာရှီရဲ့ ကျင့်ကြံခြင်း မနှောက်ယှက်ကြပါနဲ့တော့။”

“ကောင်းပြီ။” လင်းရှောင်နန်းတော်သခင်က ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ကာ အမိန့်ပေးလိုက်သည်။ “သွားကြစို့။”

ထို့နောက်တွင် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာသွားကြကာ လင်းဟယ်က ရီဖူရှင်းကို သတ်ဖြတ်လိုသော မျက်လုံးနှင့် ကြည့်ပြီးနောက် ထွက်ခွာသွားခဲ့သည်။

ရီဖူရှင်းက တစ်ဖက်လူ၏ အကြည့်များကို ခံစားလိုက်မိသော်လည်း သူ၏ မျက်လုံးများတွင် တူညီသော အေးစက်ခြင်းများ ရှိနေခဲ့သည်။ လင်းယွမ်၏ အကြွေးအတွက် ယခုအချိန်၌ ပြန်ယူရန် မဖြစ်နိုင်သေးပုံရလေသည်။

သို့သော်လည်း သူက လင်းဟယ်ကို အမှတ်ရနေလိမ့်မည်ဖြစ်သည်။

“ဆေးအင်ပါယာ ကျုပ်တို့ထပ်တွေ့ကြတာပေါ့။” အင်ပါယာယန်က သူ၏ လူများနှင့်အတူ ထွက်ခွာမသွားခင် ပြောလိုက်သည်။ ထိုနေရာ၌ မည်သည့် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဖြစ်ရပ်မှ မရှိတော့သည့်အတွက် တန်ခိုးရှင်များလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။

“ကျုပ်တို့လည်း သွားသင့်ပြီ။” ဆေးအင်ပါယာက ပြောလိုက်ပြီး ချက်ချင်းပင် လေထဲသို့ တက်ကာ ထွက်ခွာသွားခဲ့သည်။

လူတိုင်း ထွက်ခွာသွားပြီးနောက် လိပ်နတ်ဘုရားကျွန်းစု၏ အထက်တွင် အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့က တစ်နေရာဆီထွက်ခွာသွားသည့် သူများကို ကြည့်နေခဲ့သည်။ အင်ပါယာရှီက သက်ပြင်းတစ်ချက် ချကာ ပြောလိုက်၏။ “ကောင်းကင်ဒေသက နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့ပေမယ့် အခုထပ်ပြီးတော့ မုန်တိုင်းတွေ ကြုံရတော့မယ်နဲ့ တူတယ်။”

“အရှင်ဒွန်ဟောင်က လောကကို အုပ်စိုးပြီး ကောင်းကင်ဒေသကို အရှုပ်အထွေးတွေ အဖြစ်ခံမှာ မဟုတ်ဘူး။ “မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ပြောလိုက်သည်။

“ကောင်းကင်ဒေသ အပြင်ဘက်က တစ်စုံတစ်ယောက် ဒီကို ရောက်နေတာလား။” အင်ပါယာရှီက ပြောလိုက်သည်။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “ဒီနှစ်တွေမှာ ကျွန်တော်အပြင်ဘက် လောကကို ခရီးသွားခဲ့ပြီးတော့ ကိစ္စအချို့ကို ကြားခဲ့ရတယ်။ မှုလဘုံမှာ တချို့အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပြီးတော့ ကောင်းကင်​ဒေသရဲ့ ထိပ်သီးအင်အားစုတော်တော်များက မူလဘုံကို သွားခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒါက အချိန်တစ်ခုလောက်အထိ ကောင်းကင်ဒေသကို သက်ရောက်မှုဖြစ်စေမှာ မဟုတ်ဘူး။”

“မှုလဘုံလား။” အင်ပါယာရှီက သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ခုခုကို ဖမ်းဆုတ်ချင်နေဟန် ရှိသော်လည်း မလုပ်နိုင်ခဲ့ပေ။

ရီဖူရှင်းနှင့် အခြားလူများ ထွက်ခွာခဲ့ပြီးနောက် လေဟာနယ်အတွင်း ဆေးအင်ပါယာက ရီဖူရှင်း၏ ဘေးတွင် ရပ်နေခဲ့သည်။ ထိုအချိန်၌ ရီဖူရှင်းက သူ့ကို မေးလိုက်သည်အား ကြားလိုက်ရသည်။ “လင်းရှောင်နန်းတော်နဲ့ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်ကြားမှာ ရန်ငြိုးတွေ ရှိနေတာလား”

ဆေးအင်ပါယာက ခေါင်းခါလိုက်သည်။ “ကျုပ်တို့က သိပ်ပြီးတော့ အဆက်အသွယ်မရှိကြဘူး။ အဲ့ဒါကြောင့် ပြောပလောက်စရာ အာဃာတမရှိဘူး။”

ရီဖူရှင်းက တိတ်ဆိတ်သွားခဲ့သည်။ သို့ဆိုလျှင် လင်းရှောင်နန်းတော်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဆန့်ကျင်နေခြင်းမှာ ချောက်ကမ်းပါးတွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ကြောင့်ပင်လား။

ထိုသို့သာဆိုလျှင် ၎င်းက အလွန် လွန်လွန်းလှပေသည်။

“မင်းက တုံ့လိုင်ရဲ့ မှတ်ဉာဏ်တွေကို ဆက်ခံခဲ့ရတယ်မလား။” ရုတ်တရက် ဆေးအင်ပါယာက မေးလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ “ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ဘူး။ တချို့မှတ်ဉာဏ်တွေကတော့ ရှုပ်ထွေးနေတုန်းပဲ။”

“မင်းမှာ နောက်ဆုံးတိုက်ပွဲနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တစ်ခုခုများရှိလား။” ဆေးအင်ပါယာက မေးလိုက်သည်။

ရီဖူရှင်းက ခေါင်းကို ယမ်းကာ ဆေးအင်ပါယာအား ကြည့်လိုက်သည်။ သူက တစ်ခုခုကို ခံစားမိလိုက်သည်။ သူက မည်သို့ဖြစ်၍ ထိုသို့သော မှတ်ဉာဏ်မျိုးကို ပျောက်ဆုံးနေရသနည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset