အပိုင်း(၂၀၀၅)

တိုက်ခိုက်ခြင်း

ရီဖူရှင်းက ခေါင်းကို မော့ကာ လင်းဟယ်အား ကြည့်လိုက်၏။ သဏ္ဌာန်မဲ့ ဓားစွမ်းအားများက သူ့ခန္ဓာကိုယ်အနီး စတင်ဖွဲ့စည်းလာသည်။ ဓားစွမ်းအားများက တစထက်တစ ပို၍ အားကောင်းသန်မာလာသည်။ သူ၏ ခန္ဓာကိုယ်အား ဗဟိုပြု၍ ကျယ်ပြောသော ဓားနယ်မြေကို ဖန်တီးလိုက်သည်။

မရေတွက်နိုင်သော ဓားစွမ်းအားက ကောင်းကင်သို့ အကန့်အသတ်မရှိ သွန်းလောင်းလာသည်။ ထို့နောက် ယင်းတို့က စုဖွဲ့လာကာ ဓားမြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ မြောက်မြားလှစွာသော ဓားများက ရီဖူရှင်းအနီးတွင် ပေါ်ပေါက်လာကာ သူ့ခန္ဓာကိုယ်ကို ဝန်းရံနေပြီး စူးရှသော ဆူညံသံများအား ထုတ်လွှတ်နေသည်။ ၎င်းသည် စောင့်ကြည့်နေသူများ အားလုံးကိုပါ ထင်ယောင်ထင်မှား ဖြစ်လာစေသည်။  ကျယ်ပြောလှသော ကောင်းကင်နှင့် မြေပြင်တွင် ဓားများဖြင့် ပြည့်နှက်နေသလို ထင်မှတ်ရပေသည်။

ဓားလမ်းစဥ်၏ စွမ်းအင်လှိုင်းများက ရီဖူရှင်းနှင့် လင်းဟယ်ကြားတွင် စီးဆင်းနေသည်။

“ယန်တုန်းရန်ကို ဓားတစ်ချက်တည်းနဲ့ ရှုံးနိမ့်စေခဲ့တဲ့ ချို့ယွင်းချက်ကင်း မဟာလမ်းစဥ် နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသူလို့ မပြောရဘူး။ အံ့သြစရာပဲ။” လင်းဟယ်က ချီးမွမ်းပြောဆိုလိုက်သည်။ သို့သော် သူကလည်း ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူက အမှန်တကယ် မည်သူ့အား ချီးကျူးနေသည်ကို မည်သူက သိပါမည်နည်း။

သူ့ခန္ဓာကိုယ်မှ အစွမ်းထက်အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ လင်းဟယ်က ရီဖူရှင်း၏ တည်ရှိမှုကို အမြဲ အထင်သေးတတ်သော်လည်း အမှန်တကယ် တိုက်ခိုက်ရာ၌ သူသည် ပြိုင်ဘက်အား မည်သည့်အခါမှ လျှော့တွက်လိမ့်မည် မဟုတ်ပေ။ ထိုမျှ အစွမ်းထက်သော ဓားစွမ်းအားနှင့် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်ရန် အတွေးတစ်ချက်သာ လိုအပ်ပေသည်။ သူက ရီဖူရှင်းအား အရင်ဆုံး တိုက်ခိုက်ခွင့်ပေးခဲ့သော်လည်း ရိုးရှင်းစွာ ငြိမ်နေလိမ့်မည်ဟုတော့ မဆိုလိုပေ။ သူက အနည်းဆုံး ပြန်တုံ့ပြန်ရန် ပြင်ဆင်မှုတို့ ပြုလုပ်ထားလိမ့်မည် ဖြစ်သည်။

သူ့ခန္ဓာကိုယ်အနီးတွင် အလွန်ကျက်သရေရှိသော ရွှေရောင်ဘုရားတစ်ဆူ ထွက်ပေါ်လာသည်။ ရွှေရောင်အရှိန်အဝါတို့က ဘုရားအတွင်းမှ စီးဆင်းလာနေသည်။ ထိုအချိန်၌ လင်းဟယ်က ရွှေရောင်ချပ်ဝတ်တစ်ခုအား ဝတ်ဆင်ထားခဲ့သည်။ ဆန်းကြယ်လှသော ရွှေရောင်စေတီမှ စီးဆင်းနေသော အရှိန်အဝါတို့က ထက်ရှကာ လွှမ်းမိုးနိုင်ပြီး ယင်းတို့သည် ပေါင်းစပ်ကာ အလွန် ထက်ရှသော ရွှေရောင်လှံတစ်ချောင်းအဖြစ် ဖြစ်တည်လာသည်။

“လင်းရှောင်စေတီ။” လူတိုင်းက လင်းဟယ်ကို ကြည့်လိုက်ကြသည်။ ၎င်းမှာ လင်းရှောင်နန်းတော်မှ

၎င်းသည် လင်းရှောင်နန်းတော်မှ အစွမ်းထက်တန်ခိုးရှင်များ၏ ဝိညာဥ်များမှ ဖွဲ့စည်းထားသော မဟာလမ်းစဥ် နတ်ဝင်ရိုး ဖြစ်သည်။ ထို့ပြင် ၎င်းက မဟာလမ်းစဥ်နတ်ဝင်ရိုး သက်သက်သာ မဟုတ်ပေ။ လင်းရှောင်စေတီသည် မဟာလမ်းစဥ် နတ်ဝင်ရိုးများထဲမှ တစ်ခုဖြစ်ပြီး အထဲတွင် လှံတစ်လက်ကို မြှုပ်နှံထားသည်။ ယင်းတို့အား အတူတကွ ပေါင်းစပ်လိုက်သည့်အခါ ၎င်းမှ ထုတ်လွှတ်သော စွမ်းအားက ကြောက်မက်ဖွယ်ပင် ဖြစ်လေသည်။

လူအများက သူတို့၏ အကြည့်များကို လင်းဟယ်နှင့် ရီဖူရှင်းတို့ တိုက်ပွဲထံ ပို့လိုက်ကြသည်။ ထိုအမည်နာမ နှစ်ခုနှင့် ပတ်သတ်၍……. လင်းရှောင်နန်းတော်မှ နန်းတော်သခင်ဟယ် လင်းဟယ်အကြောင်းမှာ ပြောနေရန် မလိုအပ်ပေ။ သူ၏ အမည် ကျော်ကြားခဲ့သည်မှာ အချိန်အတော်ကြာကပင် ဖြစ်သည်။ သူက အားကောင်းလှပြီး ထူးချွန်ထက်မြက်သော ပါရမီလည်း ရှိသည်။ သို့ပေမယ့် ရီဖူရှင်းသည်လည်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ကျော်ကြားသူဖြစ်၏။ သူက ဓားတစ်ချက်တည်းနှင့်ပင် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ယန်တုန်းရန်ကို အနိုင်ယူခဲ့ပေသည်။

တုန်းဟွာနယ်မြေအတွင်းရှိ အလယ်အလတ်အဆင့် ရန်ဟောင်များကြားတွင် ထိုနှစ်ယောက်ကို အကောင်းတကာ့အကောင်းဆုံးဟု သတ်မှတ်နိုင်ပေသည်။ သူတို့က ထူးခြားသာလွန်သော ခွန်အားတို့ကို ပိုင်ဆိုင်ထားပေသည်။

ဘုန်း…

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် မဟာလမ်းစဥ် ပေါင်းဖိုတစ်ခုအသွင် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ မိုးမြေ၏ သန့်စင်သော ဓားစွမ်းအားများက သူ့ခန္ဓာကိုယ်မှ ပြင်းထန်စွာ ထွက်ပေါ်နေသည်။ သူ့ခန္ဓာကိုယ်သည် နတ်ဓားတစ်လက်အသွင် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ ဓားများစွာက သူ့အနီးတွင် ဝန်းရံနေပြီး ဓားကိုးလက်သည် သူနှင့် တသားတည်းဖြစ်ကာ သူ့အား လှည့်ပတ်နေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်မှ မရေတွက်နိုင်သော ဓားစွမ်းအားများက စုစည်းလာပြီး ထိုအနီးဝန်းကျင်ကို ဓားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။ မရေတွက်နိုင်သော ဓားလမ်းစဥ်အရှိန်အဝါ လှိုင်းတို့က အချင်းချင်း တသားတည်းဖြစ်ကာ လင်းဟယ်ထံသို့ တစ်ချိန်တည်းတွင် ပျံသန်းသွားခဲ့သည်။ ထိုစဥ်တွင် ရီဖူရှင်းနှင့် လင်းဟယ်၏ ကြား၌ ဓားမြစ်တစ်စင်း ပေါ်ပေါက်လာပေသည်။

ဓားမြစ်အတွင်းတွင် ဓားပုံရိပ်တစ်ခု ရှိနေသည်။ ၎င်းသည် ရီဖူရှင်းထံမှ လင်းဟယ်၏ ရှေ့သို့ အချိန်မဆိုင်းဘဲ ချက်ချင်း ရောက်ရှိသွားသည်။ ထိုသည်မှာ သူတို့နှစ်ယောက်ကြား၌ အကွာအဝေးမရှိသလိုပင် ဖြစ်၏။ အတွေးတစ်ချက်နှင့်ပင် လင်းရှောင်စေတီက ရုတ်တရက် ရွှေရောင်အလင်းတန်းများစွာကို ထုတ်လွှတ်လိုက်သည်။ အဆုံးမဲ့လှံက လေထဲသို့ ရောက်ရှိသွားပြီး ဓားမြစ်ထဲသို့ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူနှင့် ရီဖူရှင်းကြားမှ နေရာကို လင်းရှောင်စေတီ၏ စွမ်းအားများဖြင့် ဖုံးလွှမ်းထားလိုက်ပေသည်။ မြောက်များစွာသော စေတီပုံရိပ်ယောင်များက အဆက်မပြတ်ကျဆင်းလာကာ  ရီဖူရှင်း၏ သေစေနိုင်သော တိုက်ခိုက်မှုများကို ပိတ်ဆို့ထားလိုက်သည်။

“သွား…”

လင်းဟယ်၏ ရှေ့မှ လင်းရှောင်စေတီက ရှေ့သို့ ပျံသန်းလာသည်။ ကြီးမားလှသော စေတီတစ်ဆူက ဓားမြစ်၏ အပေါ်တွင် ပေါ်ပေါက်လာသည်။ ကြောက်မက်ဖွယ် ဓားစွမ်းအားတို့က စေတီထံသို့ တဟုန်ထိုး ဝင်ရောက်သွားကာ အပြီးတိုင် ပျောက်ကွယ်သွားလေသည်။ စေတီ၏ ဆူညံနေသော အသံများသာ ပဲ့တင်ကျန်ရစ်ခဲ့၏။

ထို့နောက် အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ ဓားအလင်းတစ်ခုက စေတီဆီသို့ တိုက်ရိုက်တိုးဝင်သွားသည်။

ဝုန်း…..

ပြင်းထန်လှသော အသံတစ်ခုက လေထဲတွင် ပဲ့တင် ကျန်ခဲ့သည်။ စေတီသည် ပြင်းထန်စွာ ထိခိုက်မိသွားသည်ဟု ထင်မှတ်ရကာ နောက်ဘက်သို့ လွင့်ထွက်သွားသည်။ လင်းဟယ်သည် ၎င်းကို သူ၏ လက်များ ဆန့်ထုတ်ကာ ဖမ်းယူလိုက်ပြီး နောက်သို့ ဆုတ်ခွာရန် ဖိအားပေးခံလိုက်ရသည်။ ရွှေရောင်နတ်အလင်းက သူ့မျက်လုံးများမှ ထွက်ပေါ်လာသည်။ သူက အလွန် သတိမဲ့လွန်းသည်။ သူသည် အမှန်တကယ်ပင် ရီဖူရှင်း၏ တိုက်ခိုက်မှုကြောင့် နောက်သို့ ဆုတ်ခွာလိုက်ရပေသည်။

သူက လက်ဝါးကို ရှေ့သို့ ပြင်းထန်စွာ ဆန့်ထုတ်ပေးလိုက်သည်။ ချက်ချင်းပင် လင်းရှောင်စေတီက လှည့်ပတ်ကာ ရှေ့သို့ အရှိန်နှင့် ပြေးထွက်သွားပြီး တစ်ချိန်တည်းမှာပင် ကြီးမားလာခဲ့သည်။ ၎င်းသည် အလွန် ကြီးမားလှသော ရွှေရောင်နတ်စေတီတစ်ဆူအဖြစ် ပြောင်းလဲသွားလေသည်။ ထိုရှေးဟောင်းနတ်စေတီမှ များပြားလှသော စေတီပုံရိပ်များ ပေါ်ပေါက်လာကာ ရီဖူရှင်းထံသို့ ပျံသန်းလာသည်။

တစ်ချိန်တည်းတွင် ရွှေရောင်နတ်လှံတစ်လက်က လင်းရှောင်စေတီမှ ပျံသန်းထွက်လာ၏။ လှံက ချက်ချင်းပင် လင်းဟယ်၏ လက်ထဲသို့ ရောက်လာခဲ့ပြီး သူက လှံကို ဆုပ်ကိုင်လိုက်သည်။ လင်းဟယ်သည် ရွှေရောင်ချပ်ဝတ်နှင့် သူ၏ လက်ထဲတွင် ရွှေရောင်လှံတစ်စင်းကို ကိုင်ဆွဲထားကာ လင်းရှောင်စေတီက သူ့ခေါင်းထက်တွင် မျောလွင့်နေသည်။ သူ့ကို ကြည့်ရသည်မှာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြိုင်ဘက်ကင် အသွင်အပြင်နှင့် တင့်တယ်နေပေသည်။

မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် က တိုက်ပွဲကို ကြည့်နေခဲ့သည်။ သူ၏ စကားလုံးများက ရီဖူရှင်းအား တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချစေခဲ့သည့်အတွက် သူက ထိုတိုက်ပွဲအား ပို၍ အာရုံစိုက်မိသည်မှာ ပုံမှန်ပင် ဖြစ်သည်။

လင်းဟယ်သည် ဆိုးယုတ်သောအပြုအမူနှင့် အခြားသူများအပေါ် ရက်စက်စွာ ဆက်ဆံသည်။ သို့သော် သူက အမှန်ပင် အရည်အချင်း ရှိသည်။ တုန်းဟွာနယ်မြေ ထိပ်သီးအင်အားစုများ၏ နောက်ပိုင်းမျိုးဆက် ခေါင်းဆောင်များကြား မည်သူကမှ အားမနည်းကြပေ။ လင်းဟယ်က လင်းရှောင်နန်းတော်၏ ဆက်ခံသူ ဖြစ်သည်။ သူ၏ ခွန်အားတစ်ခုတည်းကိုသာ ကြည့်လျှင် သူက အမှန်တကယ် ကြီးမြတ်သောသူ ဖြစ်လေသည်။

သို့သော် သူ၏ အတိတ်အပြုအမူများအရ လင်းဟယ်သည် အလွန် မောက်မာပြီး သွေးနားထင်ရောက်နေသည်ကို အလွယ်တကူ ပြောနိုင်ပေသည်။ သူက အခြားသူများ၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်သလို သူ့အပြုအမူများ၏ အကျိုးဆက်ကိုလည်း အရေးမထားပေ။ သူက လုပ်ချင်သည့်အရာကိုသာ လုပ်သူ ဖြစ်လေသည်။

မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်အပြင် ရေခဲနန်းတော်၏ ဆက်ခံသူ ချင်းချင်းသည်လည်း ထိုတိုက်ပွဲကို စိတ်ဝင်တစားနှင့် အာရုံစိုက်နေခဲ့သည်။

သူမက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော အလယ်အလတ်ဆင့် ရန်ဟောင်တစ်ပါး ဖြစ်သည်။ ထို့ကြောင့် သူမသည် ပြဿနာများအား အပေါ်ယံကိုသာ မကြည့်ရှုတတ်ပေ။ သူမသည် လင်းဟယ်က ရီဖူရှင်းအား ချီးကျူးမြှောက်ပင့်နေစဥ် သူ၏ တကယ့် ရည်ရွယ်ချက်မှာ ရီဖူရှင်းအား သတ်ဖြတ်ရန်ဖြစ်ကြောင်း သတိထားမိပေသည်။ သူက သူ့ပြိုင်ဘက်ဖြစ်လာမည့်သူကို ချီးကျူးခြင်းမရှိလျှင် သူနှင့် အဆင့်မတူသူဖြင့် မည်သို့ တိုက်ခိုက်ဂပါမည်နည်း။

လင်းဟယ်နှင့် ရင်ဆိုင်ခဲ့ဖူးသော သူမ၏ အတွေ့အကြုံအရ သူမသည် လင်းဟယ်က တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးသူ ဖြစ်ကြောင်း သိရှိပေသည်။ သူက သူမအပေါ် အမြဲ ချိုသာယဥ်ကျေးသော်လည်း သူ၏ မောက်မာမှုကို ကြာကြာ ဖုံးကွယ်ထားရန်မှာ ခက်ခဲပေသည်။ သို့သော်လည်း သူမက ၎င်းကို နားလည်နိုင်ပြီး ၎င်းနှင့် ပတ်သတ်၍ အတွေးမများခဲ့ပေ။ လင်းဟယ်ကဲ့သို့ အရည်အချင်းရှိပြီး မြင့်မားသော အဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့်ရှိသူက မည်သို့ မာနမကြီးဘဲ နေနိုင်ပါမည်နည်း။

သူမသည်လည်း မာနကြီးသူဖြစ်ကာ ထိုအဆင့်ရှိ အခြားလူများလည်း အတူတူပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ချောက်ကမ်းပါး၌ ဖြစ်ခဲ့သော ဖြစ်ရပ်ကို လင်းဟယ်က စိတ်ထဲမထားသည့်ဟန် လုပ်ယူထားသော်လည်း သူက အခွင့်အရေး ရှာနေခြင်းနှင့် ပိုတူပေသည်။ ထိုသည်ကပင် သူက ဤတစ်ကြိမ်၌ ရီဖူရှင်းအား ရန်စကာ တိုက်ပွဲဆင်နွှဲရန် စတင်ခဲ့ခြင်းမှာ ရီဖူရှင်းကို လူအများရှေ့တွင် ရှုံးနိမ့်မှုအရသာကိုခံစားစေလို၍ ဖြစ်လေသည်။

ထို့ပြင် လင်းဟယ်၏ အဆင့်က ရီဖူရှင်းထက် ပိုမြင့်ပေသည်။ သူက တုန်းဟွာကောင်းကင်၌ အလွန် ကျော်ကြားသူတစ်ဦး ဖြစ်သည်။ သူက ယန်တုန်းရန်ထက်ပင် ပို၍ သန်မာအားကောင်းနိုင်ပေသည်။ သူ လှုပ်ရှားမှု ပြုလာလျှင် သူအနိုင်ရနိုင်သော အခွင့်အရေးက မြင့်မားလှပြီး ရီဖူရှင်းအတွက် အကျိုးယုတ်ရုံသာ ရှိပေလိမ့်မည်။

အဖြူရောင်ဆံပင်၊ အဖြူရောင် ဝတ်စုံတို့နှင့် ရီဖူရှင်းက တိုက်ပွဲအလယ်၌ ရပ်နေခဲ့သည်။ သူ့အထက်တွင် ကြီးမားလှသော လင်းရှောင်စေတီက ကြောက်မက်ဖွယ် ရွှေရောင်အလင်းလှိုင်းတို့ကို ထုတ်လွှတ်ကာ သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာနေသည်။ ၎င်းသည် လင်းဟယ်၏ မဟာလမ်းစဥ် နယ်မြေကို ဖန်တီးကာ သူ့ကို အတွင်း၌ ပိတ်ဆို့ထားရန် ကြိုးပမ်းလိုက်သည်။

အခြားတစ်နေရာတွင် လင်းဟယ်က ရွှေရောင်လှံကို ကိုင်ထားခဲ့၏။ သူက ၎င်းကို အချိန်မရွေး ပစ်လွှတ်နိုင်ပေသည်။ ယင်းက ရီဖူရှင်းအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည်။ ကံမကောင်းစွာနှင့် သူ၏ ဓားများက လင်းဟယ်နှင့် ရင်ဆိုင်ရန် အလွန် ခက်ခဲနေပေသည်။

အစွမ်းထက် လင်းရှောင်စေတီ၏ လွှမ်းမိုးမှုအောက်တွင် ရီဖူရှင်းက သိမ်နုပ်နေသယောင် ထင်မှတ်ရပေသည်။ သို့သော်လည်း သဏ္ဌာန်မဲ့စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အေးခဲသွားစေသည်။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြုကာ မဟာလမ်းစဥ်နယ်မြေအတွင်းမှ အပူချိန်က စတင် ကျဆင်းလာပေသည်။

စွမ်းအင်လှိုင်းများက သစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက် အရွက်များကဲ့သို့ ရှေ့သို့ ရွေ့လျားလာသည်။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြုကာ ထိုစွမ်းအားများက မဟာလမ်းစဥ် နယ်မြေတစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားပေသည်။ ဆူညံသံများကို အဆက်မပြတ်ကြားလာရသည်။ မဟာလမ်းစဥ် စွမ်းအင်လှိုင်းများက အစိုင်အခဲ ဖွဲ့တည်လာသောအခါ ကြီးမားလှသော နတ်သစ်ပင်တစ်ပင်က လူတိုင်း၏ မျက်စိရှေ့၌ ထွက်ပေါ်လာလေသည်။

ရီဖူရှင်းက နတ်သစ်ပင်၏ အမြစ်များကဲ့သို့ ရှိနေပြီး သူ့ကိုဗဟိုပြုထားသော သစ်ပင်၏ အကိုင်းအခက်အရွက်များက နေရာအနှံ့သို့ ဖြန့်ကျက်လာသည်။ နတ်သစ်ပင်မှ မှောင်မိုက်ကာ အေးစက်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။

“အရမ်းအေးတာပဲ။” လူအများက ရီဖူရှင်းထံ ကြည့်လိုက်ကြသည်။ အချို့သော ထိပ်သီးပုဂ္ဂိုလ်ကြီးများသည်ပင် ရီဖူရှင်းထံသို့ ကြည့်လာကြသည်။ ၎င်းက အေးခဲခြင်းမဟာလမ်းစဥ်ပေလား။

မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်နှင့် အခြားကျင့်ကြံသူများမှာလည်း သူတို့၏ အကြည့်ကို ရီဖူရှင်းထံ ပို့လိုက်မိကြသည်။ ဓားရှည်ကို ကျွမ်းကျင်ပိုင်နိုင်သည့်အပြင် သူတို့က မဟာလမ်းစဥ် ရေခဲစွမ်းအားကိုလည်း နှံ့စပ်ပေသည်။ သ်ို့သော် အရှိန်အဝါက အနည်းငယ် ကွဲပြားနေသည်။ ရီဖူရှင်း ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသော အရှိန်အဝါက ပို၍ အေးစက်သည်ကို ခံစားမိပေသည်။

သို့သော်လည်း ကျင့်ကြံသူတိုင်းက မတူညီသော ခွန်အားတို့ကို ပိုင်ဆိုင်ထားကြသည်။ မီးလျှံလမ်းစဥ်၏ မီးလျှံများ၌ပင် မတူညီသော ခွန်အားများရှိကြရာ ရေခဲစွမ်းရည်၌လည်း အတူတူပင် ဖြစ်သည်။

မြူနှင်းဝေနတ်နန်းတော်သခင်သည် တစ်ခုခုက လွဲမှားနေသလို ခံစားခဲ့ရသည်။ ထိုသည်မှာ မဟာလမ်းစဥ် ရေခဲစွမ်းရည် မဟုတ်သလို ခံစားနေရပေသည်။

တိုက်ပွဲတွင် သူတို့နှစ်ယောက်က ကိုယ်ပိုင်မဟာလမ်းစဥ် နယ်မြေများကို ထုတ်ဖော်ထားကြသည်။ ထိုတိုက်ပွဲက မဟာလမ်းစဥ် နယ်မြေများကြား တိုက်ပွဲအဖြစ် ပြောင်းလဲသွားလေသည်။ လင်းရှောင်စေတီက ကြောက်မက်ဖွယ် ရွှေရောင်အလင်းများ ထုတ်လွှတ်၍ စေတီပုံရိပ်များကလည်း ရီဖူရှင်းအား အဆက်မပြတ် ထိုးနှက်လာသည်။

သို့သော်လည်း အေးစိမ့်လှသော မဟာလမ်းစဥ် နယ်မြေအတွင်း အားလုံးသော တိုက်ခိုက်မှုများက ပိတ်ဆို့ဟန့်တားကာ ကန့်သတ်ခြင်းကို ခံထားရပေသည်။ ၎င်းတို့၏ အရှိန်က လျော့ကျသွားပြီး ကောင်းကင်ရှိ အကိုင်းအခက်တို့က လျင်မြန်စွာ ရှေ့သို့ တိုးလာပြီး ထိုစေတီများကို ရစ်ပတ်ကာ အတွင်းသို့ စုပ်ယူ၍ ရေခဲများအဖြစ် အေးခဲသွားစေကာ ခဏချင်းအတွင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေသည်။

လင်းဟယ်သည် ထိုမြင်ကွင်းအား မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ကို ဆန့်ထုတ်လိုက်လျှင် လင်းရှောင် စေတီက ချက်ချင်းပင် ကောင်းကင်သို့ မျောလွင့်သွားလေ၏။ သူ၏ မဟာလမ်းစဥ်နယ်မြေက ကောင်းကင်ကို ချိပ်ပိတ်လိုက်ပြီး အတွင်းမှ စွမ်းအင်လှိုင်းများ ပေါက်ကွဲထွင်လာကာ လက်လှမ်းမီရာ အကုန် ဖျက်ဆီးပစ်တော့မလိုပင်။ အကိုင်းအခက်နှင့် အရွက်များက ရွှေရောင်အလင်းလှိုင်းများအောက်တွင် ဖျက်ဆီးခံလိုက်ရသည်။ သို့သော် အကိုင်းအခက်နှင့် အရွက်များက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ဆက်လက်ထွက်ပေါ်လာနေသည်။ ၎င်းတို့၌ အဆုံးသတ်ဟူ၍ မရှိပေ။ ထိုရှေးဟောင်းနတ်သစ်ပင်က ထာဝရတည်မြဲခြင်းပြယုဂ်ကဲ့သို့ပင် အလွန် ပေါကြွယ်ဝသော အသက်စွမ်းအားများ ရှိနေ၏။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နတ်သစ်ပင်ပဲ။”

ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်တစ်ယောက်က ရီဖူရှင်း ခန္ဓာကိုယ်မှ ကြီးထွားနေသော သစ်ပင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နတ်သစ်ပင်ကို သူ့ဆီ လွှဲပေးလိုက်လိမ့်မယ်လို့ ဘယ်သူထင်ပါ့မလဲ။ ကြည့်ရတာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူ့ကို ဆက်ခံသူအဖြစ် ပျိုးထောင်ဖို့ အစီအစဥ်ရှိပုံရတယ်။”

လူအများက ထိုစကားကို ကြားပြီးနောက် တုန်လှုပ်သွားကြသည်။ ရီဖူရှင်းကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဆက်ခံသူအဖြစ် ပျိုးထောင်ခဲ့သည်လား။

ထိုအဓိပ္ပါယ်မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ရီဖူရှင်းကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ စေမလွှတ်ခင် ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည်လား။ သို့ဆိုလျှင် ရှေးဟောင်းတော်ဝင်ယန်မိသားစုအနေနှင့် ရီဖူရှင်းအား ပို၍ပင် သတ်ဖြတ်သင့်နေပြီ ဖြစ်သည်။

လင်းဟယ်က ရုတ်တရက် ရီဖူရှင်းထံသို့ တိုက်ရိုက် လက်ဝါးနှင့် ရိုက်ချလိုက်သည်။ ချက်ချင်းပင် လင်းရှောင်စေတီက လေထဲတွင် မျောလွင့်၍ အောက်သို့ ထိုးဆင်းလာသည်။ နတ်အလင်းဓားများက ထိမိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ တိုက်ခိုက်ရန် မဟာလမ်းစဥ် စွမ်းအင်လှိုင်းများ ထုတ်လွှတ်ရမည့်အစား မဟာလမ်းစဥ်နတ်ဝင်ရိုးကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ လင်းဟယ်သည် မဟာလမ်းစဥ်စွမ်းအင်လှိုင်းများက ရီဖူရှင်းအား မထိခိုက်စေနိုင်သည်ကို သတိပြုမိလိုက်သည်။ ၎င်းက အချိန်ဖြုန်းခြင်းသာ ဖြစ်လေသည်။

လင်းရှောင်စေတီသည် ကောင်းကင်မှ ဆင်းသက်လာပြီး ၎င်းနှင့်အတူ ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းများကိုပါ သယ်ဆောင်လာကာ အနီးကပ်လာသည့် ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်နှင့် အရွက်များကို ဖျက်ဆီးပစ်လိုက်သည်။ မည်သည့် အကိုင်းအခက်ကမှ စေတီအနီးသို့ မကပ်နိုင်ဘဲ ထိုနေရာတစ်ခုလုံးက အပြည့်အဝ ဖိနှိပ်ခံလိုက်ရသည်။ လင်းရှောင်စေတီက ရီဖူရှင်း၏ ခန္ဓာကိုယ်ဆီ ဆက်လက်ကျဆင်းလာနေသည်။ တစ်ချိန်တည်းမှာပင် လင်းဟယ်သည် လက်ထဲ၌ လှံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်မှ ပြင်းထန်သော အရှိန်အဝါတို့ကို ထုတ်လွှတ်လာသည်။ သူက တစ်လှမ်းချင်း ရီဖူရှင်းထံသို့ လျှောက်သွားခဲ့သည်။ သူ၏ အရှိန်အဝါက ခြေလှမ်းလှမ်းလိုက်တိုင်း ပိုအားကောင်းလာကာ သူ့ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ၎င်းတို့သည် တဖြေးဖြေး သဏ္ဌာန်တည်လာကာ သူ၏ တိုက်ပွဲဝိညာဥ်အဖြစ် ဖြစ်ပေါ်လာတော့မလိုပင် ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset