အပိုင်း(၂၀၀၄)

ပြင်းထန်သော ဒေါသ

၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက မျက်မှောင်ကြုတ်လိုက်ကြသည်။ လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များက ထိုသို့ ပြုလုပ်ချင်နေသည်ဆိုလျှင်  ကျုံးချန်အနေနှင့် ပြန်လည် တိုက်ခိုက်ရုံမှတပါး မရှိတော့ပေ။

ဆေးအင်ပါယာက ကောင်းကင်ထက်တွင် ရှိနေကာ အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ သူ၏ အမူအရာ တူညီစွာပင် ရှိနေခဲ့ပြီး လင်းရှောင်နန်းတော်သခင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ မည်သည်တို့ တွေးနေသည်ကို မည်သူကမှ မပြောနိုင်ကြပေ။

ထိုအချိန်တွင် လင်းရှောင်နန်းတော်မှ လင်းဟယ်က ရှေ့သို့ လျှောက်လာခဲ့သည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။ “ဟိုနေ့က ချောက်ကမ်းပါးမှာ အစ်ကိုရီ  ပြသခဲ့တဲ့ စွမ်းရည်တွေကို ကျုပ်တကယ် လေးစားမိပါတယ်။ ဒါကြောင့် အစ်ကိုရီအနေနဲ့ ကျုပ်ကို သင်ကြားပြသပေးဖို့ တွေဝေမနေဖို့ မျှော်လင့်ပါတယ်။”

လူအများက လင်းဟယ်ဆီသို့ ကြည့်လိုက်ကြသည်။ လင်းရှောင်နန်းတော်မှ ကျင့်ကြံသူများက မည်သို့ ဖြစ်နေကြသနည်း။

သူတို့က မည်သို့ ဖြစ်၍ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများကို ထိုမျှ တိုက်ခိုက်ချင်နေရသနည်း။ ထို့ပြင် သူတို့က ဤအခြေအနေ၌ ထိုသို့ လုပ်ဆောင်ရန် ရွေးချယ်လိုက်သည်။ သိသာစွာပင် တစ်ခုခုက မှားယွင်းနေပြီဖြစ်၏။

လိပ်နတ်ဘုရားမြို့တော်မှ ကျင့်ကြံသူများသည် အဝေးမှ စောင့်ကြည့်နေရင်း ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့၏ မျက်လုံးများတွင် အလင်းတစ်ချက် တောက်ပသွားသည်။ သူတို့က ရီဖူရှင်းပင် သတိမပြုမိသော အရာတစ်ချို့ကို စုံစမ်းတွေ့ရှိခဲ့ကြပြီး ဖြစ်သည်။

သို့သော်လည်း ၎င်းက သူတို့နှင့်သက်ဆိုင်ခြင်းမရှိပေ။ သူတို့သည် အစက ထိုအချက်အား ထုတ်ဖော်ပြသရန် ရည်ရွယ်ချက် မရှိခဲ့​ပေ။ ထိုသည်က အချင်းပွားခြင်းကိုသာ ဖြစ်စေလိမ့်မည်ဖြစ်သည်။

သို့သော် ယခုတွင် အခြေအနေက သိသာစွာပင် လင်းရှောင်နန်းတော်မှ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဆန့်ကျင်ချင်နေသည်။ လင်းဟယ်အနေနှင့်သူက ရီဖူရှင်းကို တိုက်ခိုက်ရန် ဖိအားပေးဖို့ ကြိုးစားနေသည်။ ရီဖူရှင်းက သူ့ပြိုင်ဘက်၏ စိတ်ထားအမှန်ကို သဘောမပေါက်လျှင် သူက ပြင်းပြင်းထန်ထန် ဆုံးရှုံးမှုကြီးနှင့် ကြုံတွေ့ရမည်ကို သူတို့ စိုးရိမ်မိပေသည်။

ထိုအချိန်၌ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်၏ မနီးမဝေးတွင် ရပ်နေသည့် လူတစ်ယောက်က လူ၏ အသံကို ပို့လွှတ်လိုက်သည်။ “ကောင်းကင်အရှင်။”

“အင်း” မိုးကြိုးပစ်ဒဏ် ကောင်းကင်အရှင်က သူ့ထံသို့ အသံပို့လွှတ်လိုက်သော လူကို ကြည့်လိုက်၏။ ထိုလူမှာ လိပ်နတ်ဘုရားမြို့၏ မြို့သခင် ဖြစ်ပေသည်။ သူတို့သည် အင်ပါယာရှီ၏ တပည့်များ ဖြစ်ကြပြီး အချင်းချင်းသိကြသည်။ ထို့ပြင် သူတို့၏ ပတ်သတ်မှုက အတော်လေး ကောင်းမွန်ပေသည်။

“အရင်တုန်းက ချောက်ကမ်းပါးမှာ ကောင်းကင် အရှင်က အမွေအနှစ်တွေကို ချန်ရစ်ခဲ့တယ်။ ကျုပ်ကြားတာတော့ အဲဒီမှာ လတ်တလော တိုက်ပွဲတစ်ခု  ဖြစ်ပွားခဲ့တယ်တဲ့။ ဝမ်ရှန့် စောင့်ကြည့်မျှော်စင်က အဲဒီ တန်ခိုးရှင်က လင်းဟယ်ကို အနိုင်ယူပြီး ခင်ဗျားချန်ရစ်ထားခဲ့တဲ့ အမွေအနှစ်ကို ရရှိခဲ့တယ်လေ။” လိပ်နတ်ဘုရားမြို့တော်သခင်ကပြောလိုက်သည်။ မိုးကြိုးပြစ်ဒဏ် ကောင်းကင် အရှင်က ပြန်ဖြေလိုက်၏။ “ကျုပ် သိပါတယ်။”

“အဲဒီတုန်းက ၀မ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တန်ခိုးရှင်က လိပ်နတ်ဘုရားကျွန်းစုကို တစ်ခြား လူနှစ်ယောက် ခေါ်လာခဲ့သေးတယ်။ သူတို့ ခွဲထွက်သွားပြီးတော့ အဲဒီနှစ်ယောက်က လင်းရှောင်နန်းတော်က လူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။ ကျုပ် အထင်သာ မှန်ခဲ့ရင် အဲဒီအမိန့်ကို လင်းဟယ် ပေးခဲ့တာပဲ။ အဲဒီလူသတ်သမားက ပြစ်မှုကို ကျူးလွန်ပြီးကတည်းက လင်းဟယ်နဲ့အတူ ရှိနေတာပဲ တွေ့တယ်။” ​မြို့တော်သခင်က အသံကို ဆက်လက် ပို့လွှတ်လိုက်သည်။ မိုးကြိုးပြစ်ဒဏ် ကောင်းကင်အရှင်၏ မျက်ဆန်များက ကျုံ့သွားကာ သူ့မျက်လုံးများထဲတွင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။

သူက လင်းဟယ်ကို ကြည့်လိုက်၏။ လင်းရှောင်နန်းတော်၏ နန်းတော်သခင်ငယ်က ‘အစ်ကိုရီ’ ဟူသော ယဥ်ကျေးသည့် အသုံးအနှုန်းများကို ဆက်လက်သုံးနေပြီး အလွန်ရင်းနှီးသည့်ပုံ ပေါ်နေသည်။ အစောပိုင်းက သူသည် ရီဖူရှင်းအား ချီးကျုးရာတွင် အလွန်ပင် လှိုက်လှိုက်လှဲလှဲ ရှိလှသည်။ သူ့ကို  ကြည့်ရသည်မှာ သူ၏ အရှုံးကို ကျေကျေနပ်နပ်  လက်ခံတတ်သောသူ တစ်ယောက်ဖြစ်သည်ဟု ထင်မှတ်ရ၏။ ထိုမြင်ကွင်းကို မြင်လျှင် ထူးထူးခြားခြားခံစားမိနိုင်သော်လည်း မည်သူကမှ အရေးမထားခဲ့ကြပေ။

သို့သော်လည်း ထိုသူက အခြားလူ၏ နောက်ကျော၌ မကောင်းသော အပြုအမှုများကို ကျုးလွန်ခဲ့သည်မှာ စိတ်ပျက်စရာပင် ဖြစ်သည်။

အနည်းဆုံး သူတို့က ထိုသို့ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူတို့ကို လက်မခံနိုင်ပေ။

သူက လိပ်နတ်ဘုရားမြို့တော်သခင် ဆိုလိုသော အဓိပ္ပာယ်ကို နားလည်ပေသည်။ ရီဖူရှင်းက သူ၏ အမွေအနှစ်ကို  ရရှိခဲ့ပြီး သူနှင့် ပတ်သတ်နေသည်ဟု သတ်မှတ်နိုင်သည်။ ထို့ပြင် ထိုမတော်တဆမှုတို့က အမွေအနှစ်ကြောင့်ပင် စတင်ခဲ့ခြင်း ဖြစ်သည်။ မြို့တော်အရှင်က အကျိုးဆက်များကို စဥ်းစားကာ တွေဝေနေခဲ့သော်လည်း သူက အချက်အလက်များကို ကောင်းကင်အရှင်ထံသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

“သူက အဲဒါကို မသိဘူးလား။” မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က အသံကို ပို့လွှတ်ကာ မေးလိုက်သည်။

“သူ သတိမပြုမိဘူး ဖြစ်လိမ့််မယ်။” မြို့တော်အရှင်က ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် လင်းဟယ်က လေထဲကို ဖြတ်သန်းကာ ရီဖူရှင်း၏ ရှေ့  လေဟာနယ်၌ ဆင်းသက်လိုက်သည်။ ထို့နောက် ရီဖူရှင်းက သူ့ကို တစ်ချက်လှမ်းကြည့်ကာ ပြန်ဖြေလိုက်၏။” စိတ်မဝင်စားဘူး။”

သူသည် အမှန်တကယ်ပင် လင်းဟယ်ကို မနှစ်သက်ပေ။ လင်းရှောင်နန်းတော်က ဤတစ်ကြိမ်၌ လှုပ်ရှားရန် ရွေးချယ်လိုက်သည်မှာ သူ့ကို ပို၍ စက်ဆုပ်ရွံရှာသွားစေသည်။ သိသာစွာပင် သူက လင်းဟယ်နှင့် ယှဥ်ပြိုင်ရန် စိတ်ကူးမရှိပေ။ သူက အမှန်တကယ် တိုက်ခိုက်သင့်ပါရဲ့လား။

သူ ဝင်မရှုပ်လျှင်ပင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် ရင်ဆိုင်နေရသော ဖိအားရှိနေပြီဖြစ်သည်။ ယခုတွင် လင်းရှောင်နန်းတော်ကလည်း လှုပ်ရှားရန် ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော် သူက ၀မ်ရှန့်စောင့်ကြည့်မျှော််စင်ကို ထိုသို့သော အင်းအားစု နှစ်ခုနှင့် တစ်ချိန်တည်းတွင် ရင်မဆိုင်စေလိုပေ။

ထို့နောက်တွင်် ရီဖူရှင်းက သူ၏ စိတ်ထဲသို့ ပို့လွှတ်လာသော အသံတစ်ခုခု ကြားလိုက်ရသည်။ “ရီလျှို့နျန်”  သူက အံ့အားသင့်စွာနှင့်  စကားပြောလာသော လူကို ကြည့်လိုက်သည်။

“ကျုပ်မှာ မင်းကို ပြောစရာတစ်ခုရှိတယ်။ မင်းနဲ့အတူ လိပ်နတ်ဘုရားကျွန်းစုကို လိုက်လာတဲ့ ကျင့်ကြံသူ နှစ်ယောက်က မင်းတို့နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရတယ်။ သူတို့ အသတ်ခံလိုက်ရတာကို  လိပ်နတ်ဘုရားကျွန်းစုက လူတွေ ရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့တွေ့တာတော့ အဲဒီဟာကို လင်းဟယ်က အမိန့်ပေးခဲ့တာတဲ့။ ဒါပေမယ့် သူတို့က ဒီပြသာနာကို ပွင့်ပွင့်လင်းလင်း မဖော်ပြရဲကြဘူး။ အခုတစ်ယောက်ယောက်က ကျုပ်ကို လာပြီး သတိပေးခဲ့တယ်။ ကျုပ်က မင်းကို ပြန်အသိပေးဖို့ ဆုံးဖြတ်လိုက်တယ်။ မင်း ပြင်ဆင်ထားနိုင်ဖို့ဆိုရင် ဒီအကြောင်းတွေ သိထားဖို့လိုတယ်။” အသံက ရီဖူရှင်း၏ နားထဲသို့ ရောက်လာသည်။ သူသည် ၎င်းက မည်သူ့အသံဖြစ်သည်ကို သိရှိပေသည်။

၎င်းက မိုးကြိုးပြစ်ဒဏ် ကောင်းကင်အရှင်ပင် ဖြစ်၏။

ကောင်းကင်အရှင်သည် သူ၏ အသံကို ပို့လွှတ်ကာ ရီဖူရှင်းအား သတင်းပေးခဲ့သည်။ ရီဖူရှင်းသည် ထိုသတင်းစကားနှင့် ပတ်သတ်၍ သံသယမရှိပေ။ ထိုအဖြစ်အပျက်က ကျိန်းသေဖြစ်ပွားနိုင်ပေသည်။

တာအိုလက်တွဲဖော်များဖြစ်ကြသော လင်းယွမ်နှင့် လွီချင်သည် လင်းဟယ်၏ အမိန့်ကြောင့် တစ်စုံတစ်ယောက််၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

သူတို့နှစ်ယောက်က အလွန်သန်မာခြင်းမရှိကြသော်လည်း ရှန့်ထိုအဆင့်တွင် ရောက်နေသူများဖြစ်ကြသည်။ သူတို့က အလွန် ငယ်ရွယ်ဆဲဖြစ်ပြီး အသက်ရှင်သန်သွားရန် အကောင်းဆုံးနှစ်များ ရှိနေဆဲပင်ဖြစ်သည်။ သူတို့က အင်ပါယာရှီ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်မည်ဟု ကြားသောအခါ လိပ်နတ်ဘုရားကျွန်းစုသို့ လာရန် ကြိုးစားခဲ့ကြသည်။ သူတို့က ချောက်ကမ်းပါးတွင် ရီဖူရှင််းနှင့် တွေ့ဆုံခဲ့ပြီး သူတို့အား လိပ်နတ်ဘုရားကျွန်းစုသို့ ခေါ်ဆောင်သွားပါရန် တောင်းဆိုခဲ့သည်။

သို့သော် သူတို့ မည်သို့မှ မထင်မှတ်ထားခဲ့သည်က သူတို့နှင့် အငြင်းပွားဖူးသော တစ်ဖက်လူ၏  မကျေနပ်ချက်ကြောင့် အသတ်ခံခဲ့ရမည်ကို ဖြစ်သည်။

ထိုအချိန်တွင် ရီဖူရှင်း၏ နှလုံးသားထဲ၌ ပြင်းထန်သော ဒေါသသို့ ဖြစ်တည်လာသည်။ သူ့နှလုံးသားထဲတွင် တောက်လောင်နေသော မီးလျှံက အလွန်ပြင်းထန်ရာ သူ့တစ်ကိုယ်လုံးတွင် တုန်ယင်လာတော့သည်။ သို့သော်လည်း သူက ဆက်လက်၍ ထိန်းချုပ်ထားနေဆဲပင် ဖြစ်သည်။

သူသည် ထိုမျှအထိ ဒေါသထွက်ရသည့် အခြေအနေမျိုးနှင့် မတွေ့ကြုံခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သူ ကောင်းကင်ဒေသသို့ ပထမဆုံးရောက်ခဲ့စဥ်က ရက်စက်လှသော အဖြစ်အပျက်မျိုးနှင့် တွေ့ဆုံခဲ့သည်ကိုပင် ယခုလက်ရှိ အခြေအနေလောက် ဒေါသမထွက်ခဲ့ဖူးပေ။

လင်းယွမ်နှင့် လွီချင်တို့က သူနှင့် ရင်းနှီးခြင်းမရှိကြဘဲ လမ်းပေါ်၌ မတော်တဆ တွေ့ဆုံ၍သာ သိကျွမ်းခဲ့ခြင်းဖြစ်သည်။ သူက ထိုနှစ်ယောက်ကို လိပ်နတ်ဘုရားကျွန်းစုသို့ သူတို့နှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ သူတို့က မည်သည့် ပတ်သတ်မှုမှ မရှိဘဲ လိပ်နတ်ဘုရားကျွန်းစုသို့ ရောက်ပြီးနောက် ကိုယ့်လမ်းကို လျှောက်ခဲ့ကြခြင်းဖြစ်သည်။ သူက သူတို့နှစ်ယောက်ကို တားဆီးရန် မကြိုးစားခဲ့ပေ။ အကြောင်းအရင်းမှာ သူတို့က မတူညီသော လောက၌ ရှိနေကြသောကြောင့် ဖြစ်လေသည်။

သို့သော်လည်း ချောက်ကမ်းပါး၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် လင်းဟယ်သည် ရီဖူရှင်းနှင့် တိုက်ရိုက် ရင်ဆိုင်ရမည့်အစား ဂျူနီယာနှစ်ယောက်ကို သတ်ဖြတ်ရန် တစ်စုံတစ်ယောက်အား တိတ်တဆိတ် စေလွှတ်ဖို့ရာ ရွေးချယ်ခဲ့သည်။ လင်းဟယ်၏ ရှေ့တွင် လင်းယွမ်နှင့် လွီချင်ကဲ့သို့သော အဆင့်မှ ကျင့်ကြံသူများက ပုရွက်ဆိတ်သာသာတွင် ဖြစ်လေသည်။ သူတို့က အလွယ်တကူ နင်းချေနိုင်ပြီး ခုခံနိုင်သည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ပေ။

သူသည် လင်းယွမ်နှင့် လွီချင်တို့၏ စိတ်ပျက်အားငယ်မှုတို့ကို ခံစားမိနိုင်သည်။ ထိုတက်ကြွသော လူငယ်လေးနှစ်ယောက်သည် အင်ပါယာရှီ၏ နတ်ဘုရားကပ်ဘေး ရင်ဆိုင်ခြင်းကို စိတ်အားထက်သန်စွာနှင့် စူးစမ်းလေ့လာရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူတို့က ရောက်ရောက်ချင်းပင် အကြင်နာမဲ့စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

သူတို့၏ အဆင့်က အလွန် နိမ့်နေခဲ့ပြီး အင်အားကြီးကြီးမားမား မရှိကြသော်လည်း ရှန့်ထိုအဆင့်သို့ ရောက်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ ယခင်က သူကိုယ်တိုင်သည်လည်း ခြေလှမ်းတိုင်း၌ အခက်ခဲများစွာနှင့် ပြည့်နှက်နေခဲ့ပြီး ဆက်လျှောက်ခဲ့ရခြင်း ဖြစ်သည်။

သူတို့၏ သေဆုံးမှုက အဓိပ္ပာယ်မဲ့လွန်းလှသည်။

ထို့ပြင်  လင်းယွမ်နှင့် လွီချင်တို့ကို သတ်ဖြတ်ခဲ့သည့် လူသတ်သမားက လူတိုင်း၏ ရှေ့၌ ကျက်သရေ ရှိစွာ ပြုမူနေပြီး သူ့ကို အစ်ကိုရီဟု ခေါ်ကာ အလွန် ယဥ်ကျေးလှသော အပြုအမူတို့ကို ပြသနေသည်။ ရီဖူရှင်းက ခေါင်းက်ိုမော့ကာ ထိုမျက်နှာကို ကြည့်လိုက်သည်။ သူသည် အမုန်းတရားကို ပြင်းပြင်းထန်ထန်ခံစားနေရပြီး စိတ်များပင် မွန်းကြပ်လာခဲ့ပေသည်။

လင်းဟယ်သည် အဝေးမှ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက ဂုဏ်သရေရှိစွာ ပြုမူနေပြီး တက်ကြွသော လေထုက သူ့ကို ဝန်းရံထားသည်။ သူ့တွင် ထူးခြားသော အဆင့်အတန်းရှိသည်။ သူက လင်းရှောင်နန်းတော်၏ နန်းတော်သခင်ငယ်ဟူသော အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး ကြီးမားသော ခွန်အားနှင့် ထူးချွန်သော အရည်အချင်းတို့ ရှိသည်။ တုန်းဟွာကုန်းမြေ၌ သူ့ကို ယှဥ်နိုင်သူများများစားစား ရှိမည်မဟုတ်ကြောင်း လူတိုင်း သိကြသည်။ ထို့ကြောင့် သူ့တွင် မောက်မာသော စိတ်ဓာတ်ရှိသည်မှာ သဘာဝပင် ဖြစ်သည်။

သူ့မျက်လုံးထဲတွင် ရှန့်ထိုအဆင့်မှ ကျင့်ကြံသူနှစ်ယောက်သည် အာရုံစိုက်ရန်ပင် မထိုက်တန်ခဲ့ပေ။

လင်းဟန်၏ မျက်လုံးများထဲတွင် သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်။ သို့သော်လည်း သူသည် ရီဖူရှင်းက ခေါင်းမော့ကာ သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေသည်အား မြင်လိုက်ရ၏။
အေးစက်ကာ စူးရှသော အကြည့်တစ်ချက်က သူ့ထံသို့ ကျရောက်လာသည်။
ထိုအေးစက်ပြီး ခံစားချက်မဲ့သော အကြည့်များက သူ့ကို စိတ်မသက်မသာဖြစ်စေသည်။ သူသည် ထိုအကြည့်များထဲမှ သတ်ဖြတ်လိုစိတ်ကိုပင် ခံစားသိရှိလိုက်ရသည်။

လင်းဟန်၏ နှလုံးသားသည်လည်း အေးစက်သွားခဲ့သည်။ ရီလျှို့နျန်သည်လည်း သူနှင့် တူညီသော အတွေးရှိနေမည်ဟု မည်သည့်အခါကမှ မတွေးဖူးခဲ့ပေ။

“အစ်ကိုရီ၊ ခင်ဗျား ချောက်ကမ်းပါးမှာတုန်းက ဉာဏ်အလင်းတချို့ ရခဲ့တယ်။ ခင်ဗျားရဲ့ ပါရမီက မှတ်သား​လောက်စရာပဲ။ တခြားလူကို သင်ကြားပေးဖို့ အဲဒီလောက် တွန့်တိုမနေပါနဲ့။” လင်းဟယ်က ဆက်ပြောလိုက်သည်။ သိသာစွာပင် သူက ရီဖူရှင်းအား တောင်းဆိုချက်ကို ငြင်းပယ်ရန် ခွင့်မပြုနိုင်ပေ။ လင်းရှောင်နန်းတော်က တိုက်ခိုက်ရန် စတင်လှုပ်ရှားနေပြီ ဖြစ်သောကြောင့် သူ့​ပြိုင်ဘ​က်က ဆန္ဒမရှိလျှင်ပင် သူက အတင်းအကျပ် တိုက်တွန်းရမည် ဖြစ်သည်။

ရီဖူရှင်းက သူ့ကို ကြည့်လိုက်သည်။ သူက စိတ်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူက သိရှိခဲ့သော အမှန်တရားကိူ ထုတ်ဖော်မပြခဲ့ပေ။ လင်းရှောင်နန်းတော်က အားအကောင်းဆုံးအင်အားစု တစ်ခု ဖြစ်သည်။ လိပ်နတ်ဘုရားကျွန်းစုမှ လူများ သတင်းအချက်အလက်ကို ဖုံးကွယ်ထားခြင်းမှာ ထိုအချက်ကြောင့်ပင် ဖြစ်၏။ သူက ကောင်းကင်အရှင် သူ့အား ပြောပြခဲ့သော အ​ကြောင်းအရာကို ထုတ်ဖော်လိုက်ပါက ထိုသူတို့အား ရောင်းစားလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားပါက အကျိုးယုတ်သွားနိုင်ပေသည်။

လင်းဟယ်က လင်းယွမ် နှင့် လွီချင်အပေါ် လုပ်ခဲ့သည်အား ကြည့်လျှင် အနာဂတ်၌ သူက မည်သည့်အရာများ လုပ်လာမည်ကို မည်သူသိမည်နည်း။

လင်းဟယ်သည် အခြားသူများ၏ အသက်ကို ဂရုမစိုက်ဘဲ အနည်းငယ်မျှပင် အရေးမထားပေ။

ရီဖူရှင်းက လင်းဟယ်ကို ကြည့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ကျုပ် သဘောတူတူ မတူတူ မင်းက တိုက်ခိုက်မယ့် ပုံပဲ။”

လင်းဟယ်က ပြုံးကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်၏။ မဟာလမ်းစဥ်အရှိန်အဝါတို့က သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကောင်းကင်တခွင်ကို လွှမ်းခြုံသွားသည်။ သူက ပြန်မဖြေခဲ့ဘဲ အပြုအမူနှင့် တုန့်ပြန်ခဲ့သည်။ အစောပိုင်းတွင် လင်းရှောင်နန်းတော်မှ ကျင့်ကြံသူက ကျုံးချန်နှင့် တိုက်ခိုက်ရန် လက်ဦးမှု ယူခဲ့သည်။ သူကလည်း မည်သို့ဖြစ်၍ စတင်မတိုက်ခိုက်ဘဲ နေပါမည်နည်း။ ထိုသူက ကျုံးချန် တိုက်ပွဲအလယ်၌ ရှိနေသည်လားကိုပင် ထည့်မတွေးခဲ့ချေ။

“ချောက်ကမ်းပါးမှာတုန်းက ကျုပ် အစ်ကိုရီကို ရှုံးခဲ့တယ်။ ဒါကြောင့် အခု တိုက်ပွဲမှာ လမ်းညွှန်ပေးစေချင်ပါတယ်။” လင်းဟယ်က ပြောလိုက်သည်။ သူ၏ မျက်နှာထက်တွင် ရီဖူရှင်းကို အထင်သေးကာ မောက်မာသော အကြည့်တို့ ရှိ​နေသည်။ ရီဖူရှင်းက အတော်လေး ကျော်ကြားပြီး ယခင်က ယန်တုန်းရန်ကို ရှုံးနိမ့်စေခဲ့ပေမယ့် လင်းဟယ်က သာမန်လူ မဟုတ်ပေ။ ရီဖူရှင်းက ခုထိ သူ့ဘောင်အတွင်း မဝင်သေးချေ။ ချောက်ကမ်းပါး၌ လမ်းစဥ် ဉာဏ်အလင်းပွင့်ခြင်းတွင် ရှုံးနိမ့်ခဲ့ခြင်းမှာ သူ ကံမကောင်းရုံသာ ဖြစ်၏။ အပေါ်ယံတွင် သူက ရီဖူရှင်းကို ချီးကျူးမြှောက်ပင့်နေသော်လည်း သူက သူ့ကိုယ်သူ အလွန် ဝံ့ကြွားနေဆဲ ဖြစ်သည်။ မဟုတ်လျှင် သူက လင်းယွမ်နှင့် လွီချင်ကို သတ်ရန် အမိန့်အား အလွယ်တကူ ပေးလိမ့်မည် မဟုတ်ပေ။

သူက ဂရုမစိုက်ပေ။

“မင်းအစား ​ဖြေရှင်းပေးရမလား။” ရီဖူရှင်း၏ နောက်မှ ပေ့ကုံးအော့က ရှေ့သို့ လျှောက်လာရင်း အသံပို့လွှတ်ကာ ရီဖူရှင်းထံ မေးလိုက်သည်။ ပြိုင်ဘက်၏ အဆင့်က ရီဖူရှင်းထက် မြင့်မားသလို သူ၏ မဟာလမ်းစဥ် အရှိန်အဝါကလည်း အစွမ်းထက်သည်။ သူက ရီဖူရှင်း အရေးမသာမည်ကို စိုးရိမ်နေ၏။

လင်းဟယ်သည်လည်း ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားသည်။ သူက တောင့်တင်းသော အင်အားစုတစ်ခု ဖြစ်သည့် လင်းရှောင်နန်းတော်၏ ဆက်ခံသူ ဖြစ်ကာ သာမန်လူမျိုး မဟုတ်ပေ။

ရီဖူရှင်းက ပေ့ကုံးအော့ကို နောက်ပြန်ဆုတ်ရန် လက်ဟန်အမူအရာနှင့် ပြလိုက်သည်။ သူ့အမူအရာကို ကြည့်ရင်း ပေ့ကုံးအော့က နားလည်ကာ ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက် ရီဖူရှင်းက ရှေ့တက်လာကာ လေထဲတွင် ရပ်နေသည့် လင်းဟယ်ကို ကြည့်လိုက်သည်။

“ကျုပ်ရဲ့ အဆင့်က အစ်ကိုရီထက် မြင့်တယ်။ အဲဒါကြောင့် ပထမတစ်ကြိမ် တိုက်ခိုက်မှုကို အကျောပေးပါ့မယ်။” လင်းဟယ်က ယဥ်ကျေးသိမ်မွေ့ကာ လူကြီးလူကောင်းဆန်သည့်ဟန် ဆက်လက်ပြုမူနေသည်။ သူက ရီဖူရှင်းကို သူနှင့် တိုက်ခိုက်ရန် ဖိအားပေးနေသော်လည်း သိက္ခာဆယ်ရန်အတွက် ရီဖူရှင်းအား တိုက်ကွက်တစ်ကွက် အကျောပေးလေသည်။

သို့သော်လည်း ကျင့်ကြံခြင်းအဆင့် ကွာခြားမှု ရှိနေရာ တစ်ကွက်အကျောပေးခြင်းက မည်သည့် အဓိပ္ပါယ်ရှိမည်နည်း။ လူတစ်ယောက်၏ ကျင့်ကြံဆင့်က တိုက်ပွဲ ရလဒ်ကို အဆုံးအဖြတ်ပေးမည့် အဓိကအချက်ဖြစ်သည်။

လင်းဟယ်က သူ့ကိုယ်သူ နှစ်လိုဖွယ်ကောင်းအောင် ပြုမူနေသော်လည်း အမှန်တကယ်၌ သူက အရှက်မဲ့လှသည်။ ဤတိုက်ပွဲသည် အစကတည်းက မျှတမှု မရှိခဲ့ပေ။

“ဒါဆိုလည်း ကောင်းပြီလေ။” ရီဖူရှင်းက ချက်ချင်း လက်ခံလိုက်သည်။ သူက လင်းဟယ်ကို ကြည့်ကာ ပြောလိုက်၏။ “ကျုပ်တို့ရဲ့ ကျင့်ကြံဆင့်က ကွာခြားနေမှတော့ အကောင်းဆုံး ကြိုးစားရုံပဲ ရှိတာပေါ့။”

“စိတ်အေးအေးထားပါ။ ကျုပ် နားလည်ပါတယ်။ ဆက်လုပ်ပါ အစ်ကိုရီ။” လင်းဟယ်က စိတ်ထဲ၌ ရယ်မောနေခဲ့သည်။ ရီဖူရှင်း၏ စကားက သေချာပေါက် သူလိုချင်ခဲ့သော အဖြေအတိအကျပင် ဖြစ်လေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset