အပိုင်း(၂၀၀၃)

ရင်ဆိုင်ဆန့်ကျင်ခြင်း

ဆေးအင်ပါယာက တည်ငြိမ်နေသည်။ သူ့ပြိုင်ဘက်၏ စကားလုံးများကို ကြားပြီးနောက်၌ပင် သူ့ အမူအရာက မပြောင်းလဲဘဲ ရှိနေသည်။ ထို့နောက် သူက မေးလိုက်သည်။ “ဘယ်သူ့ကို လိုချင်တာလဲ။”

အင်ပါယာယန်က ပြန်ဖြေလိုက်၏။ “အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လူတွေ။”

“ဘာလို့လိုချင်တာလဲ။” ဆေးအင်ပါယာက မေးလိုက်သည်။

“ဆေးအင်ပါယာ၊ ခင်ဗျားအနေနဲ့ သူတို့ကို ကျုပ်နောက် လိုက်ခဲ့ဖို့ ပြောလိုက်ရုံပဲ လိုတယ်။” အင်ပါယာယန်က ပြောလိုက်သည်။

“သူတို့က ဟိုနေရာမှာ ရှိတယ်။ မင်းနောက်ကို လိုက်မလိုက် ကိုယ်တိုင်သွားမေးကြည့်လိုက်။” ဆေးအင်ပါယာက ရီဖူရှင်းတို့ အဖွဲ့ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

အင်ပါယာယန်က ရီဖူရှင်းတို့အား ကြည့်ကာ ပြော၏။ “ခင်ဗျားမေးပေးဖို့ ဆန္ဒမရှိရင်တော့ ကျုပ် ကိုယ်တိုင် မေးရတော့မှာပေါ့။”

“ဆက်လုပ်ပါ။” ဆေးအင်ပါယာက လက်ညှိုးထိုးကာ ပြောလိုက်သည်။ သူတို့နှစ်ယောက်၏ စကားများကြားတွင် ရန်လိုမှုတို့ ရှိမနေပေ။ သူတို့က မိတ်ဆွေဟောင်းကြားမှ စကားဝိုင်တစ်ခုလိုပင် ဖြစ်သည်။ သို့သော်လည်း သူတို့ ပတ်ဝန်းကျင်မှ လူများသည် သူတို့အနီးရှိ မုန်းတီးခြင်းအရှိန်အဝါတို့ကို အဝေးမှပင် ခံစားမိပေသည်။

ဆေးအင်ပါယာက အင်ပါယာယန်ကို ဆက်လုပ်ဟု ပြောခဲ့သည့်အတွက် အင်ပါယာယန်က သူတို့အား ခေါ်ဆောင်သွားနိုင်သည်ဟု ဆိုလိုသည်လား။

ဆေးအင်ပါယာ၏ အဖြေကို ကြားပြီးနောက် အင်ပါယာယန်က ပို၍ပင် တွေဝေလာခဲ့သည်။ သူက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး တစ်ဖက်လူကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က လေထဲတွင် ရပ်ကာ အချင်းချင်း ကြည့်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် နေရာတစ်ခုလုံးရှိ လေထုက ပုံမှန်မဟုတ်စွာ အုံ့ဆိုင်းလေးလံလာသည်။ သူတို့ကို ကြောက်မက်ဖွယ် အရှိန်အဝါတို့က လွှမ်းခြုံနေ၏။ ထိုသည်မှာ တိုက်ပွဲတစ်ခု အချိန်မရွေး ဖြစ်ပွားနိုင်သကဲ့သို့ပင် ဖြစ်သည်။

ရီဖူရှင်းနှင့် နတ်မိမယ်တုံ့လိုင်တို့က ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များကို ကြည့်လိုက်သည်။ သူတို့သည် ထက်ရှသော အကြည့်များ အေးစက်သော အမူအရာတို့နှင့် ရှိနေခဲ့သည်။ သူတို့ထံ၌ ကြောက်ရွံ့မှု အနည်းငယ်မျှပင် ရှိမနေချေ။

ရှေးဟောင်းတော်ဝင် ယန်မိသားစုအတွက် သူတို့ကို အသုံးချရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။

“စီနီယာဆေးအင်ပါယာက ဒီလိုပြန်ဖြေမှတော့ ကျုပ်လည်း ရွေးစရာမရှိဘဲ ယန်ပြည်ထောင်ကို လာလည်ဖို့ ဖိတ်ရတော့မှာပေါ့။” ထိုအချိန်၌ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ အင်ပါယာယန်နောက်တွင် ရှိနေသော အိမ်ရှေ့စံမင်းသား ယန်ဟန်ရှင်းပင် ဖြစ်သည်။ သူက ရှေ့သို့ တက်လာပြီး  လွှမ်းမိုးနိုင်စွမ်း ရှိသော အရှိိန်အဝါတို့ကို သယ်ဆောင်ထားသည်။ သူ၏ မဟာလမ်းစဥ် နတ်စွမ်းအားက ကောင်းကင်ကို လွှမ်းခြုံထားပြီး ကောင်းကင်တစ်ခုလုံးကို ပြင်းထန်သော ဖိအားတို့နှင့် ပြည့်နေစေသည်။ နဂါးတို့၏ အော်မြည်သံရေးရေးကို အဝေးမှပင် ကြားနိုင်ပေသည်။

“ဂရုစိုက်။” လီချန်ရှန်းက သတိပေးလိုက်သည်။ သူက ရှေ့သို့ လျှောက်သွားခဲ့သည်။ ထိုအချိန်တွင် မိုးကြိုးနဂါအော်မြည်သံက ကောင်းကင်ကို ထွင်းဖောက် ထွက်ပေါ်လာလေသည်။

ဂရား…

နတ်နဂါးကြီးတစ်ကောင်က ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ ၎င်း၏ အော်မြည်သံတို့က မြစ်များနှင့် တောင်တန်းများကို ဖျက်ဆီးကာ ကောင်းကင်နှင့်မြေကြီးတို့က ပြိုကျပျက်စီးတော့မလိုပင် ဖြစ်သည်။ ကြောက်မက်ဖွယ် တုန်ခါသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကြီးမားကာ ကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းသည့် မဟာလမ်းစဥ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ယန်ဟန်ရှင်းက အဆင့်ကိုးရန်ဟောင်တစ်ပါး ဖြစ်သည်။ သူက ရန်ဟောင်များကြား ထိပ်ဆုံးတွင် ရပ်တည်နေခဲ့ပြီး ဖြစ်သည်။ သူ၏ မီးနဂါးတေးသွားက မည်မျှ ကြောက်စရာကောင်းလိမ့်မည်နည်း။ အော်သံတစ်ချက်ကပင် လူတစ်ယောက်၏ သွေးဖိအားများကို နိမ့်ဆင်းသွားစေရန် လုံလောက်ပေသည်။ ရီဖူရှင်းသည်ပင် သူ၏ အတွင်းအင်္ဂါများ တုန်ယင်လာသည်ကို ခံစားမိခဲ့သည်။ သူ၏ စိတ်ဝိညာဥ်သည်လည်း ပြင်းပြင်းထန်ထန် တုန်လှုပ်နေခဲ့သည်။ ၎င်းတို့မှ နာကျင်မှုကို ခံစားရပေသည်။ သူ့နောက်တွင် ရှိနေသော ရှားရှင်းယွန်၏ နှုတ်ခမ်းထောင့်မှ သွေးစက်တို့ စီးကျလာခဲ့ပြီး သူမ၏ မျက်နှာက ဖြူဖျော့နေသည်။

ဘန်း…

ယန်ဟန်ရှင်းက ခြေတစ်လှမ်းနှင့် လေထဲသို့ တက်လိုက်ပြီး လေထဲတွင် တုန်ခါသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းသည် လူအများ၏ နှလုံးသားများပေါ် တက်နင်းနေသလို ဖြစ်ကာ ပြင်းထန်စွာ တုန်လှုပ်လာကြသည်ကို ခံစားမိကြပေသည်။ အရာအားလုံးက အေးခဲသွားသလို ခံစားရပေသည်။ သူတို့သည် ကောင်းကင်မှ သူတို့ထံ လာနေသော ပုံရိပ်များကို ကြည့်လိုက်၏။ ထိုအခိုက်တွင် ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ အိမ်ရှေ့စံမင်းသားက စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းကာ လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။

အင်ပါယာယန်က ကိုယ်တိုင်မလှုပ်ရှားသည့်အတွက် ဆေးအင်ပါယာကလည်း စွက်ဖက်လိမ့်မည် မဟုတ်ပေ။ ထို့အစား သူက တိတ်ဆိတ်စွာ စောင့်ကြည့်နေပေသည်။

လီချန်ရှန်းက ရှေ့သို့ ခြေလှမ်းလိုက်ပြီး အစွမ်းထက် အဆင့်ကိုး အရှိန်အဝါတို့ ထုတ်လွှတ်လာ၏။ သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုးက ထွက်ပေါ်လာသည်။ ၎င်းသည် ကြီးမားသော ရှေးဟောင်းသစ်ပင်တစ်ပင် ဖြစ်သည်။ ယင်း၏ အကိုင်းအခက် သစ်ရွက်များက လွင့်ဝဲနေကာ ကောင်းကင်ကို လွှမ်းခြုံထားသည်။ ချက်ချင်းပင် ကောင်းကင်တခွင်ကို ဖြန့်ကျက်ကာ ယန်ဟန်ရှင်း၏ ခန္ဓာကိုယ်အား ထိုအတွင်း လွှမ်းခြုံထားလေသည်။

လူအများသည် တိုက်ပွဲဆီသို့ ကြည့်လိုက်ကြသည်။ လီချန်ရှန်းသည် ဆေးအင်ပါယာနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာသည့် လူအိုကြီးတစ်ယောက် ဖြစ်သည်။ သူက အလွန် အားကောင်းလှသည်။ သို့သော်လည်း ပုံမှန်တွင် ခွန်အားအစစ်အမှန်ကို ထုတ်မပြဘဲ နှိမ့်ချ၍ နေတတ်သည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အရေးကိစ္စများကို ကိုင်တွယ်ပြီး ဆေးအင်ပါယာက ထွက်လာခဲလှသည်။ ထို့ကြောင့် လီချန်ရှန်းကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ စီနီယာအကျဆုံး တပည့်တစ်ယောက်ဟု ပြောနိုင်ပေသည်။

ဤတစ်ကြိမ်၌ သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ အိမ်ရှေ့စံမင်းသားနှင့် တိုက်ခိုက်သည်မှာ ပုံမှန်ပင် ဖြစ်၏။

ကျုံးချန်က ပြီးပြည့်စုံသော နတ်ဝင်ရိုး အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်သော်လည်း သူ အဆင့်တက်သည်မှာ မကြာသေးပေ။ သူက သတ္တမဆင့် ရန်ဟောင်တစ်ပါးသာ ဖြစ်လေသည်။ ထို့ကြောင့် သူ၏ တိုက်ပွဲစွမ်းရည်က ယန်ဟန်ရှင်းကို အနိုင်တိုက်ခိုက်နိုင်မည်ဟု အာမခံချက် မရှိချေ။ ယန်ဟန်ရှင်းက သာမန် အဆင့်မြင့်ရန်ဟောင်တစ်ပါး မဟုတ်ဘဲ အဆင့်မြင့်ရန်ဟောင် ဖြစ်မလာခင် ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ပိုင်ဆိုင်ခဲ့သည်။

ရီဖူရှင်းသည် သူ၏ ခေါင်းကို မော့ကာ ကောင်းကင်မှ တိုက်ပွဲသို့ ကြည့်လိုက်သည်။ ယန်ဟန်ရှင်း၏ တိုက်ခိုက်မှုက အတော်လေး အားကောင်းသန်မာလှသည်။ သို့သော် လီချန်ရှန်း၏ ကျင့်ကြံခြင်းအဆင့်က အလွန် အစွမ်းထက်လှသည်။ နတ်သစ်ပင်က ကောင်းကင်တွင် အမြစ်တွယ်နေသလို ဖြစ်ကာ အမြစ်များက ဖြန့်ကျက်လာပြီး ထိုနေရာကို ချိပ်ပိတ်လိုက်၍ ယန်ဟန်ရှင်းအား ထိုအတွင်း၌ ပိတ်ထားခဲ့ပေသည်။

ဘုန်း…

ထို့နောက် တခဏအတွင်းမှာပင် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက စတင်လှုပ်ရှားကာ သူတို့ထံ ရောက်လာကြသည်။ ဆေးအင်ပါယာက ကောင်းကင်ထက်တွင် ရပ်နေခဲ့ပြီး အင်ပါယာယန်အား ကြည့်နေသည်။ ထိုတိုက်ပွဲက သူတို့နှင့် အနည်းငယ်မျှပင် မသက်ဆိုင်သလို ဖြစ်သည်။

နောက်ဆုံးအကြိမ် ရှေးဟောင်းတော်ဝင် ယန်မိသားစုသည် ယန်ယွင်ကုန်းမြေမှ တန်ခိုးရှင်များကို ခေါ်ဆောင်လာပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို စမ်းသပ်ရန် လာခဲ့သည်။ ဤတစ်ကြိမ်၌ သူတို့ နှစ်ဖက်ကြား၌ အစစ်အမှန် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာပြီ ဖြစ်သည်။

နဂါးအော်မြည်သံများက လေထဲတွင် ပြည့်နှက်နေပြီး မီးနဂါးတေးသွားက ဆက်လက် ထွက်ပေါ်လာနေသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအား သတ်ဖြတ်ချင်နေကြသည်။

နတ်မိမယ်တုံ့လိုင်၏ ခန္ဓာကိုယ်က တခဏအတွင်း ပျောက်ကွယ်သွားသည်။ ပျံလွှားတစ်ကောင်ကဲ့သို့ သူမ၏ ခန္ဓာကိုယ်က လေထဲသို့ ပျံသန်းသွားကာ ချက်ချင်းပင် ထိုတန်ခိုးရှင်များ ရှေ့၌ ဆင်းသက်လိုက်သည်။  သူမ ဆင်းသက်ပြီးသည်နှင့် မဟာလမ်းစဥ် နတ်မီးလျှံများက သူမ ခန္ဓာကိုယ်မှ ပွေထွက်လာကာ ကြီးမားသော နတ်ဖီးနစ်တစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာသည်။ ၎င်းက စူးရှကျယ်လောင်သော အသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

နတ်ဖီးနစ်၏ ခန္ဓာကိုယ်မှ အဆုံးမဲ့ သွေးနီရောင်မီးလျှံတို့က ဖီးနစ်ခန္ဓာ၏ အမွေးအတောင်များမှ ဖြာထွက်လာသည်။ ဖျက်ဆီး၍ မရနိုင်သော အနီရောင်မီးလျှံဓားများကဲ့သို့ လောင်ကျွမ်းနေသည့် မီးလျှံအမွေးအတောင်တို့က တန်ခိုးရှင်များကို ခုတ်ပိုင်းလိုက်သည်။

ထို့နောက် မျက်စိကျိန်းလောက်အောင်တောက်ပသော နတ်အလင်းတို့ ပေါ်ပေါက်လာပြီး ကောင်းကင်ကို ထိုးဖောက်ကာ နတ်မိမယ်တုံ့လိုင်ထံ ဦးတည်သွားခဲ့သည်။ ၎င်းက နဂါးလှံတစ်လက်ပင် ဖြစ်သည်။ ယင်းသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ရွှေရောင်စွတ်ကြောင်းတစ်ခုကို ချန်ရစ်ခဲ့သည်။ နဂါးလှံပုံရိပ်က ချက်ချင်းပင် ရောက်ရှိလာသည်။ ယင်းမှ လွှမ်းမိုးနိုင်သော နဂါးအော်မြည်သံများ ထွက်ပေါ်နေပြီး လှံက ချက်ချင်းပင် ကောင်းကင်ကို ခွဲကာ ပစ်မှတ်ဆီ တိုးဝင်လာသည်။

နတ်မိမယ်တုံ့လိုင်၏ ခန္ဓာကိုယ်က တခဏအတွင်း ပျောက်ကွယ်သွားပြီး အနီရောင် မီးလျှံအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုနှစ်ခုက အချင်းချင်း တိုက်မိသွားခဲ့ပြိီး သူတို့၏ တိုက်ခိုက်မှုများက အလွန် လျင်မြန်လှသဖြင့် လူအများသည် သာမန်မျက်စိဖြင့် မြင်နိုင်စွမ်း မရှိတော့ပေ။

နောက်ထပ်နေရာတစ်ခုတွင် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က ကျုံးချန်ထံ လျှောက်လာနေသည်။ သူ၏ အရှိန်အဝါက အလွန် အားကောင်းလှသည်။ သူက အဆင့်ကိုးရန်ဟောင်တစ်ပါး ဖြစ်ပြီး သူ့အရှိန်အဝါက သြချလောက်စရာပင် ဖြစ်သည်။ သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ အဆင့်ကိုးရန်ဟောင်တစ်ပါးဖြစ်ကာ တော်ဝင်ယန်မိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်သည်။

သူ၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှသည်။ များပြားလှသည့် သွေးသန့်နဂါးများ ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ နဂါးတစ်ကောင်ချင်းစီက အော်မြည်နေသည်။

သူက လက်ကို ဆန့်ထုတ်လိုက်ပြီး သူနှင့် ကျုံးချန်ကြားမှ အကွာအဝေးကို လျစ်လျူရှုကာ ဆွဲဆုပ်သည့် အမူအရာ ပြုလုပ်လိုက်သည်။ သို့သော် သူ ထိုသို့ လုပ်လိုက်သည်နှင့် ပြင်းထန်သော မဟာလမ်းစဥ် အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ ကျုံးချန်သည် သူ၏ ခန္ဓာကိုယ်က ကောင်းကင်တွင် ချည်နှောင်ခံထားရသလို ခံစားလိုက်ရပေသည်။

ဘုန်း….

နောက်တခဏတွင် ထိုအကြီးအကဲ၏ ခန္ဓာကိုယ်က လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အလွန် လျင်မြန်လှသော အရှိန်နှင့် ရှေ့သို့ တိုးလာသည်မှာ နတ်နဂါးတစ်ကောင် လှုပ်ရှားလာသလိုပင် ထင်မှတ်ရသည်။ ထိုနေရာတစ်ခုလုံးက အစိတ်စိတ်အမြွှာမြွှာ အက်ကွဲလာတော့မယောင်ပင်။ လူက ရောက်မလာခင် လက်သီးစွမ်းအားက အရင်ရောက်ရှိလာ၏။ ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ခုက ကောင်းကင်မှ ထွက်ပေါ်လာပြီး ကျုံးချန်ရှိနေသည့် နေရာကို ချေမွ ဖျက်ဆီးပစ်လိုက်သည်။

ထိုအခိုက်တွင် ကျုံးချန်က သူ၏ ပြီးပြည့်စုံသော မဟာလမ်းစဥ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ လက်နှစ်ဖက်အနီးတွင် ချိပ်စည်းသင်္ကေတများ ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် မရေတွက်နိုင်သော ကျောက်တုံးများက ကောင်းကင်တွင် တံခါးချပ်များကဲ့သို့ ပေါ်ပေါက်လာကာ ထိုနေရာတဝိုက်ရှိ စွမ်းအင်စီးဆင်းမှုများကို နှေးကွေးသွားစေပြီး လေဟာနယ်ကို ချိပ်ပိတ်ရန်ကြိုးစားလိုက်သည်။

ကျုံးချန်က လက်သီးကို မြှောက်ကာ ရှေ့သို့ ထိုးလိုက်သည်။ ထိုအချိန်တွင် တောက်ပသော မဟာလမ်းစဥ် နတ်အလင်းတို့က ထိုခန္ဓာမှ ပေါက်ကွဲထွက်လာ၏။ မဟာလမ်းစဥ် တံခါးချပ်များစွာ ထွက်ပေါ်လာပြီး တစ်သောင်းနီးပါးရှိသည့် ထိုတံခါးချပ်များက အချင်းချင်း ထပ်သွားကာ လက်သီးတစ်ချက်တည်းနှင့် ပေါင်းစည်းသွားလေသည်။ တိုက်ခိုက်မှုနှစ်ခု တွေ့ဆုံသောအခါ ကျောက်တုံးများက ကွဲကြေ၍ ကောင်းကင်က တုန်ခါသွားလေသည်။

ပြင်းထန်သော ပေါက်ကွဲသံက လေထဲမှ ထွက်ပေါ်လာသည်။ မရေတွက်နိုင်သော မဟာလမ်းစဥ် တံခါးများက ထိုးဖောက်ခံလိုက်ရကာ ပျက်စီးသွားသည်။ ကျုံးချန်၏ ခန္ဓာကိုယ်က ကောင်းကင်တွင် ထွက်ပေါ်လာ၏။ သူ့အနီးတွင် ပို၍ များပြားသော တံခါးများ ပေါ်ပေါက်လာကာ တံခါးတိုင်းတွင် ဖိနှိပ်ခြင်း မဟာလမ်းစဥ် စွမ်းအားတို့ ပါဝင်နေကာ သူ့အနီးရှိ လေဟာနယ်ကို ဖိနှိပ်ထား၍ မဟာလမ်းစဥ်သီးသန့်နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

မဟာလမ်းစဥ် ဖိနှိပ်ခြင်းစွမ်းအားက အဆင့်ကိုးရန်ဟောင်ဖြစ်သည့် သူ့ပြိုင်ဘက်ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေသည်။ အဆင့်ကိုး ရန်ဟောင် သည်ပင် ပြင်းထန်သော ဖိအားကို ခံစားမိပေသည်။

ကျုံးချန်သည်လည်း ကြီးမားသော ဖိအားကို ခံစားမိသည်။ အဆုံးမှာတော့ သူရင်ဆိုင်နေရသည်မှာ အဆင့်ကိုးရန်ဟောင် ဖြစ်လေသည်။

သူက လက်နှစ်ဖက်နှင့် ချိပ်စည်းသဏ္ဌာန်တို့ ဆက်လက်ဖော်ဆောင်နေကာ ကောင်းကင်တွင် မရေတွက်နိုင်သော မဟာလမ်းစဥ် နတ်ကျောက်တိုင်တို့ ပေါ်ပေါက်လာကာ သူတို့ကို ဝန်းရံလိုက်သည်။ သူတို့အနီးရှိ လေဟာနယ်က ချိပ်ပိတ်ခံလိုက်ရပြီး မဟာလမ်းစဥ် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ထို့နောက် ရှေးဟောင်းအရှိန်အဝါတို့ စတင် ဖြန့်ကျက်လာ၏။ ထိုအခိုက်အတန့်တွင် ကျုံးချန်က နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်လျှင် ချက်ချင်းပင် မရေတွက်နိုင်သော မဟာလမ်းစဥ် နတ်ကျောက်တိုင်တို့ ကောင်းကင်မှ ကျဆင်းလာသည်။ ဆူညံသော တုန်ခါသံများက လေထဲတွင် ပြည့်နှက်နေပြီး သွေးသန့်နဂါးများ က နတ်ကျောက်တိုင်တို့နှင့် တိုက်မိသွားခဲ့ပြီးနောက် ပေါက်ကွဲသွားတော့သည်။

သို့သော်လည်း နတ်ကျောက်တိုင်များမှာ အလွန် အရေအတွက် များပြားလှပြီး မကုန်ဆုံးနိုင်အောင်ပင် ဖြစ်သည်။ ကျုံးချန်၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ထုတ်လွှတ်နေ၏။ ရှေးဟောင်းတံခါးများကို ဆင့်ခေါ်နေသည်နှင့်အမျှ အလင်းက ပိုပိုတောက်ပလာကာ သူ၏ ဖိနှိပ်ခြင်းစွမ်းအားတို့က ပို၍ အားကောင်းလာသည်။ နတ်နဂါးတို့က အော်မြည်နေသော်လည်း အားနည်းလာသည်။

ဘုန်း… ဘုန်း… ဘုန်း..

အရပ်မျက်နှာအသီးသီးမှ မရေတွက်နိုင်သော နတ်ကျောက်တိုင်များက သူ့ပြိုင်ဘက်အား ပစ်မှတ်ထားကာ အဆက်မပြတ် ကျဆင်းလာသည်။ နတ်နဂါး၏ ပုံရိပ်ယောင်တစ်ခုက ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင် ခေါင်းထက်တွင် ပေါ်ပေါက်လာသည်။ နဂါးက အော်မြည်နေပြီး လက်များကို ဆန့်ထုတ်လိုက်သည်။ နတ်နဂါး၏ အော်မြည်သံက ထွက်ပေါ်လာသော်လည်း အပြည့်အဝ ဖိနှိပ်ခံလိုက်ရပြီး ၎င်းက လေဟာနယ်အတွင်းမှ ထွက်မရနိုင် ဖြစ်နေသည်။ ထိုစဥ်တွင် ကျုံးချန်၏ တိုက်ခိုက်မှုက အဆုံးမရှိတော့သလို ထင်မှတ်ရပေသည်။

တန်ခိုးရှင်များက ကျုံးချန်၏ တိုက်ပွဲနေရာသို့ ကြည့်လိုက်ကြသည်။ ၎င်းက လောကဖိနှိပ်ခြင်းလမ်းစဥ်ပင် ဖြစ်လေသည်။

ထိုသည်မှာ ဆေးအင်ပါယာ၏ ကျင့်ကြံရေးလမ်းစဥ်မှ အန္တိမစွမ်းရည်ပင် ဖြစ်သည်။ ဆေးအင်ပါယာက ထိုစွမ်းအားကို ထုတ်လွှတ်လိုက်သည့်အခါ သူသည် တလောကလုံးကို ဖိနှိပ်နိုင်ပြီး ရန်သူအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။

ကျုံးချန်၏ မဟာလမ်းစဥ်က ပြီးပြည့်စုံသောကြောင့် မျှော်လင့်ထားသလိုပင် သူက အဆင့်ကိုး ရန်ဟောင်နှင့် ယှဥ်နိုင်စွမ်း ရှိပေသည်။

တိုက်ပွဲကွင်းပြင် အပြင်ဘက်တွင် အစောပိုင်းက ထွက်သွားရန် ပြင်ဆင်နေသော တန်ခိုးရှင်များမှာ ထိုတိုက်ပွဲကြောင့် ရပ်တန့်သွားခဲ့ပြီး မတူညီသော နေရာများမှ တိုက်ပွဲကို စောင့်ကြည့်နေကြပေသည်။

လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များ ရှိနေသည့် နေရာတွင်…..

လင်းရှောင်နန်းတော်သခင်က တိုက်ပွဲကို စောင့်ကြည့်နေရင်း ပြောလိုက်သည်။ “ဆေးအင်ပါယာရဲ့ လောကဖိနှိပ်ခြင်းတံခါးက ထင်ထားသလိုပဲ အရမ်းအစွမ်းထက်တယ်။ ပြီးတော့လည်း ကျုံးချန်က အဲဒါကို ကျင့်ကြံအောင်မြင်ပြီး အနှစ်သာရကို သဘောပေါက်သွားပြီ။ အဆင့်ခုနစ်ပဲ ရှိသေးတာတောင် ဒီလို တိုက်ပွဲခွန်အားကို ပိုင်ဆိုင်ထားတာ သူက အနာဂတ်မှာ ကျိန်းသေ အစွမ်းထက်တဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်။”

သူ့အသံက ကောင်းကင်ကို ဖြတ်သန်းကာ ထိုနေရာတဝိုက်ရှိ ကျင့်ကြံသူအားလုံး ကြားနိုင်ကြပေသည်။ သူ့ဘေးရှိ အစွမ်းထက်ရန်ဟောင်တစ်ယောက်က ပြောလိုက်သည်။ “နန်းတော်သခင်၊ ကျုပ် အရင်တုန်းက ချို့ယွင်းချက်ကင်း မဟာလမ်းစဥ် နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသူနဲ့ မတိုက်ခိုက်ဖူးဘူး။ အခု အခွင့်အရေး ရပြီဆိုတော့ တိုက်ခိုက်ဖူးကြည့်ချင်တယ်။”

“ကောင်းပြီ။” လင်းရှောင်နန်းတော်သခင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ယန်ပြည်ထောင်နဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တစ်ဖက်နဲ့တစ်ဖက် နက်ရှိုင်းတဲ့ ရန်ငြိုးအာဃာတမျိုး မရှိဘူး။ မင်း အရမ်း အလေးအနက် ဖြစ်စရာမလိုဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ချစ်ကြည်ရေး ပညာဖလှယ်တာလို့ပဲ သဘောထား။ အင်အားစုတွေ အများကြီး ဒီနေ့ ဒီနေရာမှာ စုစည်းနေကြတယ်။ ပြိုင်ပွဲတစ်ခုလို့ပဲ သဘောထားပြီး တိုက်ပေါ့။”

သူ စကားပြောပြီးသွားသည်နှင့် အစောပိုင်းက ရန်ဟောင်သည် ရှေ့သို့ တက်ကာ ထွက်ခွာသွားသည်။ သူသည်လည်း အဆင့်ကိုးရန်ဟောင်တစ်ယောက် ဖြစ်သည်။ သူက ကျုံးချန်ဆီသို့ ဦးတည်လိုက်သည်။ ကျုံးချန်က ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ရန်ဟောင်ကို ဖိနှိပ်နေစဥ် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်က ကျုံးချန်၏ အထက် ကောင်းကင်တွင် ထွက်ပေါ်လာသည်။ သူက ပြင်းထန်သော အစွမ်းထက် မဟာလမ်းစဥ် အရှိန်အဝါတို့ကို ထုတ်လွှတ်ရင်း ပြောလိုက်သည်။ “ဒီနေ့က ကျုပ်အတွက် ရှားပါးတဲ့ အခွင့်အရေး တစ်ခုဖြစ်လိမ့်မယ်။ ခင်ဗျားရဲ့ လမ်းညွှန်မှုကို တောင်းဆိုချင်ပါတယ်။ ကျေးဇူးပြုပြီး တောင်းဆိုမှုကို မငြင်းပါနဲ့။”

သူက စကားပြောပြီးနောက် ချက်ချင်းပင် တိုက်ခိုက်မှုအား စတင်လိုက်သည်။

ထိုမြင်ကွင်းသည် လူအများကို ဇဝေဇဝါ ဖြစ်သွားစေသည်။ လင်းရှောင်နန်းတော်က မည်သည်ကို လုပ်ဆောင်ချင်နေသနည်း။

အာရုံစိုက်ထားသည့် မည်သူမဆို ဤတိုက်ပွဲက ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကြားမှ ရန်ငြိုးအာဃာတကြောင့် ဖြစ်သည်ကို ပြောနိုင်သည်။ သို့သော်လည်း လင်းရှောင်နန်းတော်က မည်သည့်အတွက်ကြောင့် ဝင်ရောက်စွက်ဖက်၍ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဆန့်ကျင်ရန်ကြိုးစား နေရသနည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset