အပိုင်း(၂၀၀၂)

လူများကို တောင်းဆိုခြင်း

အချိန်တချို့ကြာပြီးနောက် အင်ပါယာရှီ၏ ပုံရိပ်က မျောလွင့်ကာ မြေပြင်သို့ ဆင်းလာပြီး လွတ်နေသော နေရာ၌ ရပ်လိုက်သည်။ တစ်ချိန်က မြင့်မားသော လိပ်နတ်ဘုရားတောင်ထွတ်သည် မြေပြန့်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းက လိပ်နတ်ဘုရားတောင်ထွတ် မဟုတ်တော့ပေ။ ကြီးမားသော ချိုင့်ဝှမ်းကြီးများက လိပ်နတ်ဘုရားကျွန်းစုတွင် ပေါ်ပေါက်လာသည်။ နတ်သမုဒ္ဒရာကုန်းမြေသည်ပင် ဓားဖြင့် ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။ သမုဒ္ဒရာ မျက်နှာပြင်သည် အဆက်မပြတ်အော်မြည်ကာ မြေပြင်သို့ ရိုက်ခတ်နေခဲ့သည်။

ကောင်းကင်အောက်ဘက်တွင် ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ရှိနေခဲ့ပြီ ၎င်းသည် ရွှမ်ဝူအိပ်စက်ရာ နေရာပင် ဖြစ်သည်။ အင်ပါယာရှီက ထိုနေရာကို စိုက်ကြည့်နေပြီး အချိန်အကြာကြီး မည်သည့်စကားမှ မပြောဘဲ ရှိနေခဲ့သည်။ ထိုရွှမ်ဝူက သူ၏ မိစ္ဆာသားရဲပင် ဖြစ်သည်။ သူသည် အင်ပါယာရှီနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ပြီး အတူတကွ ကြီးပြင်းလာကြသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ရွှမ်ဝူ ဆောင်းခိုသွားခဲ့၏။ သူ နိုးထလာပြီးနောက် အင်ပါယာရှီကိုယ်စား နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရင်း သေဆုံးခဲ့ရပေသည်။

“အင်ပါယာရှီ၊ ဝမ်းမနည်းပါနဲ့။” နယ်မြေသခင်က ပြောလိုက်သည်။ “ညီအစ်ကိုရွှမ်ဝူမှာ ဖြောင့်မတ်တဲ့ စိတ်ထားရှိတယ်။ နတ်ဘုရားကပ်ဘေး ရင်ဆိုင်တာမှာ ကူညီပေးဖို့က သူ့ရဲ့ ဆန္ဒဖြစ်တယ်။ သိပ်ပြီး ဝမ်းနည်းမနေပါနဲ့။”

အမျိုးမျိုးသော ထိပ်တန်းတန်ခိုးရှင်များက အင်ပါယာရှီထံသို့ ကြည့်လိုက်ကြသည်။ သူတို့က ထိပ်သီးပုဂ္ဂိုလ်ကြီးများ ဖြစ်သော်လည်း အများစုမှာ နတ်ဘုရားကပ်ဘေးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင် ဖြစ်၏။

မဟာလမ်းစဥ်၏ နတ်ဘုရားကပ်ဘေးက အဆင့်သုံးဆင့် ရှိပေသည်။ အဆင့်တစ်ဆင့်ချင်းစီက ယခင်တစ်ခုထက် ပိုခက်ခဲလာသည်။ ၎င်းက အခုမှ ပထမအဆင့်သာ ရှိသေးသော်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်၏။ သူတို့သာ ကိုယ်တိုင် ကပ်ဘေးအား ရင်ဆိုင်ရပါက အင်ပါယာရှီကဲ့သို့ပင် စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ဟု တွေးမိကြသည်။ သူတို့က ထိုအဆင့်အတွင်းမှာပင် သုတ်သင်ခံလိုက်ရပေလိမ့်မည်။ လမ်းစဥ်ဓားက အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ခိုသို့သော တိုက်ခိုက်မှုက သူတို့အား ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။

ယခု အင်ပါယာရှီ၏ စွမ်းရည်သည် တုန်းဟွာနယ်မြေသခင်နှင့် နှိုင်းယှဥ်နိုင်ပေသည်။ အခြားလူများက အင်ပါယာရှီနှင့် ပခုံးချင်းယှဥ်ရန် ယုံကြည်ချက်မရှိကြပေ။

“ဆရာ.. ကျေးဇူးပြုပြီး အရမ်းဝမ်းမနည်းပါနဲ့။” မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကလည်း ပြောလိုက်သည်။ သူသည် ကောင်းကင်အရှင်ဟူသော ဘွဲ့မည်နှင့် ထိပ်သီးအဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း သူသည် ရိုသေလေးစားမှုအပြည့်နှင့် အင်ပါယာရှီကို ဆရာဟု ခေါ်နေဆဲပင် ဖြစ်သည်။ ယခင်က အင်ပါယာရှီ၏ လမ်းညွှန်မှုကိုသာ မရခဲ့လျှင် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်သည် ယနေ့ကဲ့သို့ အဆင့်မျိုး ရလာလိမ့်မည် မဟုတ်ပေ။

အင်ပါယာရှီက ခေါင်းညိတ်လိုက်သည်။ သူသည် သူ့အား နှစ်သိမ့်ပေးလာသည့် လူအုပ်ကြီးဘက် လှည့်ကြည့်လိုက်သည်။ “အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ကြိမ် ကျုပ် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ဖို့ ရွေးချယ်လိုက်တဲ့ ရည်ရွယ်ချက်က နတ်ဘုရားကပ်ဘေး အစစ်အမှန် စွမ်းအားက ဘယ်လိုဆိုတာကို တလောကလုံးက မျက်မြင်တွေ့ရစေဖို့ပါ။ ကျုပ်က သေသေရှင်ရှင် ငြိမ်းချမ်းစွာ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပေမယ့် ရွှမ်ဝူက ကျုပ်အစား နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရင်း အသေခံသွားမယ်လို့ ထင်မထားမိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်ကို ရင်မဆိုင်နိုင်ရင် ကျုပ်လည်း သူ့ကို အဖော်ပြုပေးနိုင်ပါပြီ။”

ရွှမ်ဝူမသေဆုံးခင်က အင်ပါယာရှီအား ဒုတိယအဆင့် နတ်ဘုရားကပ်ဘေးကို ရင်မဆိုင်ရန် ပြောခဲ့သည်။ သို့သော်လည်း အင်ပါယာရှီက သူ၏ အကြံပြုချက်ကို စိတ်ထဲမထည့်ခဲ့ပေ။

သူသည် လက်ရှိအဆင့်ထိ ကျင့်ကြံခဲ့ပြီးနောက် အင်ပါယာရှီတွင် သူ့ကိုယ်ပိုင် ယုံကြည်မှု ရှိပေသည်။ သူ သေသေရှင်ရှင် ကြိုးစားကြည့်လိမ့်မည် ဖြစ်ကာ ယခုထိလည်း အတူတူပင် ဖြစ်၏။

သို့သော် ပထမအဆင့်မှ စွမ်းအားကို ခံစားမိပြီးနောက် အင်ပါယာရှီသည် ဒုတိယအဆင့် ကပ်ဘေးမှ အသက်ရှင်ကျန်ရန် သူ့ကိုယ်သူ မျှော်လင့်ချက် မထားတော့ပေ။

လမ်းစဥ်ဓားက ပထမအဆင့်အတွင်း ပေါ်ပေါက်လာပြီး ဒုတိယအဆင့်တွင် မည်သည်တို့ ပေါ်ပေါက်လာလိမ့်မည်နည်း။

မည်သူမှ သေချာမသိသော်လည်း ၎င်းက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ထို့နောက် အင်ပါယာရှီက ခေါင်းကို ငုံ့ကာ အောက်သို့ ကြည့်လိုက်၏။ သူက လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ချက်ချင်းပင် မဟာလမ်းစဥ် စွမ်းအားများက စတင်စုစည်းလာသည်။ မြေပြင်မှ အပေါက်ကြီးက ပြန်ပြည့်လာကာ မြေပြင်ပေါ်မှ တောင်တစ်လုံးအဖြစ် မြင့်တက်လာသည်။ ၎င်း၏ ပုံသဏ္ဌာန်သည် ယခင်က လိပ်နတ်ဘုရားတောင်ထွတ်နှင့် ဆင်တူသည်။ ယခင်က ရှိခဲ့သော အရာအားလုံးမှာ တခဏအတွင်း ပြန်လည်ဖြစ်တည်လာတော့သည်။

လိပ်နတ်ဘုရားတောင်ထွတ်ကို ပြန်လည်ဖွဲ့စည်းပြီးနောက် အင်ပါယာရှီသည် ခြေလှမ်းလိုက်ကာ ထိုအပေါ်တွင် ခြေချလိုက်သည်။ အမျိုးမျိုးသော ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များကလည်း သူရှိနေရာသို့ ဦးတည်လိုက်ကြ၏။ သူတို့သည် မကြာခင်၌ လိပ်နတ်ဘုရားတောင်ထိပ်သို့ ဆင်းသက်လာကြသည်။ လူအများသည် အင်ပါယာရှီက နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ပြီးနောက် မည်မျှ စွမ်းအားတိုးလာသည်ကို သိချင်နေကြသည်။

သို့သော်လည်း သူတို့သည် သိရန် အခွင့်အရေး မရှိသည်အား သိကြပေသည်။ အင်ပါယာရှီက သူတို့အား ဖော်ပြလိမ့်မည် မဟုတ်ပေ။

“ဒီဖြစ်ရပ်မှာ ဝမ်းနည်းစရာဖြစ်သွားပေမယ့် ဂုဏ်ပြုကြောင်းတော့ ပြောချင်တယ်။ ကျုပ်တို့ တုန်းဟွာနယ်မြေမှာ ပထမဆင့် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်အောင်မြင်တဲ့သူ ရှိလာခဲ့ပြီ။ ကောင်းကင်ဒေသအတွင်း နောက်ထပ် ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာတာပဲ။” တုန်းဟွာနယ်မြေသခင်က အင်ပါယာရှီကို ကြည့်ရင်း ပြောလိုက်သည်။ အခြားသူများအနေနှင့် ထိုသို့ ပြောဆိုပါက မသင့်တော်သော်လည်း သူ့ကို အရှင်ဒွန်ဟောင်မှ တုန်းဟွာနယ်မြေအား ကြီးကြပ်ရန် စေလွှတ်ထားခဲ့ပြီး တုန်းဟွာနယ်မြေသခင် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူက ထိုသို့သော ကိစ္စကို ပြောဆိုသောအခါ ပြဿနာမရှိပေ။

အင်ပါယာရှီက ပြန်ဖြေလိုက်သည်။ “ကောင်းကင်ဒေသက ကျယ်ပြောပြီး တန်ခိုးရှင်တွေကလည်း မရေတွက်နိုင်အောင်ပဲ။ ကျွမ်းကျင်သူတွေ အများကြီး ရှိပြီး ပုန်းကွယ်နေတဲ့ တည်ရှိမှုတွေလည်း ရှိတယ်။ တုန်းဟွာနယ်မြေမှာ အဲဒီလိာ တန်ခိုးရှင်တွေ အများကြီးပဲ။ ဒီနေ့ရောက်လာကြတဲ့ သူတွေကလည်း ထိပ်သီးပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ အများအပြား ထွက်ပေါ်လာလိမ့်မယ်။ ကျုပ်အတွက်ကတော့ ဒီတစ်ခေါက် နတ်ဘုရားကပ်ဘေးမှာ ရှင်သန်ကျန်ရစ်နိုင်တာ ကံကောင်းလို့ပါပဲ။ ချီးမွမ်းဖို့ မထိုက်တန်ပါဘူး။” သူက ပေါ့ပေါ့ပါးပါး ပြောသွားခဲ့သည်။ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ခြင်းက သေခြင်းရှင်ခြင်းကို တွေ့ကြုံရခြင်းပင် ဖြစ်သည်။ သူက စိတ်အစဥ်က ပို၍ ငြိမ်းချမ်းနေသည်။

“ခင်ဗျားက အရမ်း နှိမ့်ချလွန်းနေပါပြီ။” “အင်ပါယာရှီ ခင်ဗျား နယ်မြေသခင်အိမ်တော်ကို ဝင်ပြီး ကျင့်ကြံဖို့ ဆန္ဒရှိလား။ ဒါမှမဟုတ် တော်ဝင်နယ်မြေမှာရော။ အရှင်မင်းကြီးကလည်း ခင်ဗျားလို ပုဂ္ဂိုလ်မျိုးကို လိုအပ်လိမ့်မယ်လို့ သေချာပါတယ်။”

အင်ပါယာရှီက ခေါင်းယမ်းရင်း ပြောလိုက်သည်။ “ကျုပ်က အေးအေးဆေးဆေး နေရတာနဲ့ ကျင့်သားရနေပြီ။ ပြီးတော့လည်း ဒီနေရာကနေ ထွက်သွားဖို့ ဆန္ဒမရှိဘူး။ အနာဂတ်မှာလည်း ကျုပ် ဒီမှာပဲ နေပြီး ကျင့်ကြံတော့မယ်။ ကောင်းကင်ဒေသ ကျင့်ကြံခြင်းလောက အရေးကိစ္စတွေကတော့ မဟာအင်ပါယာရဲ့ ဝန်ကို ကူထမ်းပေးမယ့် ခေါင်းဆောင်တွေ ရှိနေတာပဲလေ။”

နယ်မြေသခင်က ခေါင်းညိတ်လိုက်သည်။ သူက အကြံပေးရုံသာ ဖြစ်၏။ ထိုသို့သော ကိစ္စမျိုးမှာ ဖိအားပေး၍ မရနိုင်ပေ။

“ဒီလိုဆိုမှတော့ အင်ပါယာရှီ ကျင့်ကြံမှာကို ဆက်မနှောက်ယှက်တော့ပါဘူး။” နယ်မြေသခင်က အပြုံးနှင့် ပြောလိုက်ပြီးနောက် သူက လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြောလိုက်၏။ “လူတိုင်းပဲ အဆင်ပြေမယ်ဆို နောက်နှစ်ကျ တုန်းဟွာကောင်းကင်ကို လာခဲ့ကြပါ။ အခု ကျုပ်ရဲ့ ရောက်လာမှုက ရုတ်တရက် ဆန်လွန်းသွားတယ်။ နောက်နှစ် တုန်းဟွာကောင်းကင်မှာ ကုန်းမြေအသီးသီးက ပါရမီရှင်တွေနဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်နေပါတယ်။”

“နယ်မြေသခင်က ဖိတ်ကြားမှတော့ ကျုပ်တို့ ကျိန်းသေ ငြင်းပယ်မှာ မဟုတ်ပါဘူး။” လင်းရှောင်နန်းတော်သခင်က အပြုံးနှင့် တုန့်ပြန်လိုက်သည်။ ထို့ကြောင့် လူအများက သူ့ကို လှမ်းကြည့်လိုက်ကြသည်။ လင်းရှောင်နန်းတော်က တုန်းဟွာကောင်းကင်တွင် တည်ရှိပေသည်။ သူက ထိုနေရာသို့ ရောက်ရန် ခရီးသွားလာဖို့ရာ မလိုအပ်သည့်အတွက် သေချာပေါက် ပြဿနာရှိမည် မဟုတ်ပေ။

“ကျွန်မလည်း ပါဝင်မှာပါ။” မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်က ပြောလိုက်ပြီး အခြားသူများကလည်း တုံ့ပြန်မှုများ ပေးလာသည်။

အင်ပါယာရှီရဲ့ ကျင့်ကြံမှုကို မနှောက်ယှက်တော့ပါဘူး။ နှုတ်ဆက်ပါတယ်။” ဓားနတ်မိမယ်က ကြေညာလိုက်သည်။ သူမသည်လည်း ပြီးပြည့်စုံသော မဟာလမ်းစဥ် နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းက အလွန် အားကောင်းပြီး တုန်းဟွာနယ်မြေတွင် ထိပ်သီးပုဂ္ဂိုလ်တစ်ဦးအဖြစ် လူသိများပေသည်။ အင်ပါယာရှီ၏ နတ်ဘုရားကပ်ဘေးအား ရင်ဆိုင်ခြင်းကို မြင်တွေ့ပြီးနောက် သူမသည် ဉာဏ်အလင်းတချို့ရရှိခဲ့ပြီး ပြန်ရောက်သည့်အခါ တံခါးပိတ်ကျင့်ကြံရန် စီစဥ်ထားခဲ့သည်။

တစ်နေ့၌ သူမသည်လည်း နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရလျှင် လမ်းစဥ်ဓားကို လက်ခံရရှိနိုင်စွမ်း ရှိလိမ့်မည်လား။

“ကျုပ်တို့လည်း နှုတ်ဆက်ပါတယ်။” လူအုပ်ကြီးထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။ ကပ်ဘေးက ပြီးဆုံးသွားပြီဖြစ်ရာ သူတို့ ဤနေရာ၌ ဆက်နေရန် အကြောင်းမရှိတော့ပေ။ သူတို့က အချင်းချင်း သိကျွမ်းကြသော်လည်း ထိုသည်မှာ ယဥ်ကျေးမှုအရပင် ဖြစ်သည်။ သူတို့က အလွန် ရင်းနှီးကြခြင်း မရှိပေ။ သူတို့အားလုံးက နတ်ဘုရားကပ်ဘေးကြောင့် ရောက်လာကြခြင်းသာ ဖြစ်သည်။

ယခု ၎င်းက ပြီးဆုံးသွားပြီဖြစ်သဖြင့် သူတို့က အိမ်သို့ ပြန်သင့်ပြီ ဖြစ်သည်။

အင်ပါယာရှီက ခေါင်းညိတ်လိုက်သည်။ သူက သူတို့ကို နေပါရန် ဆွဲမထားပေ။ လက်ရှိ သူ၏ စိတ်အခြေအနေကလည်း သူတို့အား နေရစ်ခဲ့ရန် ဆွဲထားနိုင်သည့် အခြေအနေ ဟုတ်မနေချေ။

“အားလုံးပဲ လုံခြုံတဲ့ ခရီးဖြစ်ပါစေ။” အင်ပါယာရှီက ပြောလိုက်သည်။ တန်ခိုးရှင်များအားလုံးက သူတို့၏ သက်ဆိုင်ရာ အဖွဲ့များနှင့် လိပ်နတ်ဘုရားတောင်ထွတ်မှ ထွက်ခွာသွားကြပေသည်။

“သွားကြစို့။” ဆေးအင်ပါယာက ရီဖူရှင်းနှင့် အခြားသူများကို ပြောလိုက်သည်။ လူတိုင်းက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားကြသည်။ သူတို့က ဆေးအင်ပါယာနောက်သို့ လိုက်ကာ တုန်းရှောင်းကုန်းမြေကို ပြန်ရန် ပြင်လိုက်ကြသည်။

သူတို့က လိပ်နတ်ဘုရားကျွန်းစုကို ချန်ရစ်ကာ ကောင်းကင်မှ ခရီးဆက်လာခဲ့၏။

“ဆေးအင်ပါယာ ခဏနေပါဦး။”

ဆေးအင်ပါယာတို့အဖွဲ့ တိမ်တိုက်များကြား ခရီးဆက်နေစဥ် သူတို့နောက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဆေးအင်ပါယာက သွားနေခြင်းကို ရပ်တန့်လိုက်သည်။ လူတိုင်းက ပြန်လှည့်ကြည့်လိုက်လျှင် တန်ခိုးရှင်တစ်စုက သူတို့ထံ ချဥ်းကပ်လာသည်အား မြင်လိုက်ရ၏။  အလွန် လျင်မြန်စွာပင် ထိုလူစုက သူတို့ကို မီလာပြီး အနီးသို့ ရောက်သောအခါ ရပ်တန့်လိုက်ကြသည်။ သူတို့က ဆေးအင်ပါယာနှင့် သူ့အဖွဲ့မှ လူများကို စိုက်ကြည့်နေခဲ့သည်။

ဆေးအင်ပါယာက ချဥ်းကပ်လာသူများကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ရီဖူရှင်းနှင့် အခြားလူများသည်လည်း အေးစက်သော အကြည့်တို့ကို ဖော်ပြလာ၏။

သူတို့အား ခေါ်လိုက်သူမှာ ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ မင်းသား ဖြစ်သည်။ သူသည် သူတို့နှင့် အကွာအဝေးတစ်ခု ခြားကာ ကိန်းကြီးခန်းကြီးနိုင်သော အမူအရာနှင့် ရပ်နေခဲ့သည်။ သူက ဆေးအင်ပါယာတို့အဖွဲ့အား တစ်ချက်လှမ်းကြည့်လိုက်၏။

ထိုမင်းသား၏ နောက်တွင် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များလည်း ရောက်နေကြသည်။ သူတို့အားလုံးက ဆေးအင်ပါယာကို ကြည့်နေကြ၏။ သဏ္ဌာန်မဲ့ဖိအားတစ်ခုက ကောင်းကင်ထက်တွင် လွှမ်းခြုံလာသည်။

ယခင်က ရီဖူရှင်းနှင့် ကျန်လူများက ယန်ပြည်ထောင်မှ တန်ခိုးရှင်များကို ဦးဆောင်ပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ လာခဲ့သော ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ယန်တုန်းရန်အပေါ် စိတ်မကျေမနပ် ဖြစ်နေဆဲဖြစ်သည်။ ထို့ပြင် နှစ်ဖက်လုံးသည် အစကတည်းက တစ်ဖက်နှင့်တစ်ဖက် အဖုအထစ်များ ရှိကြပေသည်။ အင်ပါယာယန်နှင့် ဆေးအင်ပါယာတို့တွင်လည်း ဆက်ဆံရေးကောင်းများ မရှိကြပေ။ ယခု သူတို့အား ယန်ပြည်ထောင်မင်းသားက ခေါ်ခြင်းမှာ ကောင်းသော ခေါ်ခြင်းဖြစ်သည့်ပုံမရပေ။

အစက ထွက်သွားရန် ရည်ရွယ်နေသော အဝေးရှိ အရပ်မျက်နှာအသီးသီးတွင် ရှိနေသည့် လူများမှာ ဤနေရာ၌ ဖြစ်နေသော အခြေအနေကို သတိပြုမိကြပေသည်။ သူတို့က ရှေ့ဆက်မသွားဘဲ ရပ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ စွမ်းအားများကို ထုတ်လွှတ်ထားကာ ထိုနေရာက အခြေအနေတို့အား စူးစမ်းနေသည်။

ကြည့်ရသည်မှာ မုန်တိုင်းက ပြီးမသွားသေးပုံရလေသည်။

“တစ်ခုခုများလိုလို့လား။” ဆေးအင်ပါယာက အင်ပါယာယန်ကို ကြည့်ကာ မေးလိုက်သည်။ သူတို့ကြားမှ ရန်ငြိုးက နက်ရှိုင်းလှသော်လည်း သူတို့က တိုက်ခိုက်မှုနှင့် မဖြေရှင်းခဲ့ကြပေ။ ဆေးအင်ပါယာ၏ အသံက အေးစက်နေခဲ့သည်။ သူက တစ်ဖက်လူကို မျက်နှာသာပေးရန် စိတ်ကူးမရှိပေ။

“ရှိတယ်။” အင်ပါယာယန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ သူက ပြောလိုက်သည်။ “အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နှစ်ပေါင်းများစွာ ကြာပြီးမှ အပြင်လောကမှာ ပြန်လှုပ်ရှားဖို့ စတင်ခဲ့တယ်။ သူတို့က တကယ်ပဲ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကနေ ထွက်လာကြတယ်။ ဒါကြောင့် ကျုပ်က ဆေးအင်ပါယာဆီကနေ လူတချို့ တောင်းဆိုချင်တယ်။”

***


Comment

Leave a Reply


Options

not work with dark mode
Reset