နတ်သမုဒ္ဒရာကုန်းမြေတွင် မရေတွက်နိုင်သော လူများက ကောင်းကင်သို့ မော့ကြည့်နေကြသည်။ ကုန်းမြေထက်မှ ကောင်းကင်တွင် နတ်ဘုရားတစ်ပါး မတ်တပ်ရပ်နေပေသည်။ အင်ပါယာရှီက နတ်ဘုရားတစ်ပါး ဖြစ်လာပြီ ဖြစ်သည်။
ဖျက်ဆီးခြင်းမုန်တိုင်းက လေဟာနယ်ကို ဖုံးလွှမ်းထားသည်။ လူအုပ်ကြီး၏ စောင့်ကြည့်နေသော အကြည့်များအောက်မှာပင် အစွမ်းထက်အင်ပါယာရှီက မဟာလမ်းစဥ်၏ ဥပဒေအရ ရက်စက်သော တိုက်ခိုက်မှုကို ရင်ဆိုင်နေပေသည်။ အမျိုးစုံသော အရောင်များနှင့် နတ်ဘုရားကပ်ဘေး အလင်းများက သူ့ထံသို့ ဦးတည်လာနေကာ တစ်ခါပြီးတစ်ခါ သူ့ကို တိုက်ခိုက်နေပေသည်။ သို့သော် အင်ပါယာရှီကို မဟာလမ်းစဥ် ကြောက်မက်ဖွယ် အလင်းများနှင့် ဝန်းရံထားပေသည်။ သူက ကပ်ဘေးအလင်းများ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနေခဲ့သည်။
ဘုန်း!… ကြောက်မက်ဖွယ် အသံတစ်ခုကို ကြားလိုက်ရသည်။ သမုဒ္ဒရာက နောက်သို့ ပြန်တွန်းခံလိုက်ရကာ ကြီးမားသော လှိုင်းလုံးများက နတ်သမုဒ္ဒရာအား ထကြွလှုပ်ရှားလာစေသည်။ အင်ပါယာရှီကို ဗဟိုပြုကာ မဟာလမ်းစဥ်၏ အကြွင်းမဲ့နယ်မြေတစ်ခုက ထွက်ပေါ်လာပေသည်။ ၎င်းသည် နတ်ဘုရားတစ်ပါး၏ အမှီအခိုကင်းသော ကိုယ်ပိုင်လေဟာနယ် ဖြစ်လေသည်။ အလွန် တောက်ပသော နဂါးငွေ့တန်းတစ်ခုက သူ၏ ပုံရိပ်ကို အဆုံးမဲ့ ရစ်ပတ်ထား၏။ အင်ပါယာရှီက ၎င်း၏ သခင်အနေနှင့် ထိုနဂါးငွေ့တန်း အလယ်တွင် ရပ်နေသည်။
ဒဏ္ဍာရီများက ပြောကြသည်မှာ နတ်ဘုရားအဆင့်တည်ရှိမှုများသည် သူတို့၏ ကိုယ်ပိုင် မဟာလမ်းစဥ် နတ်ဘုရားနယ်မြေကို ပိုင်ဆိုင်ကြသည်ဟု ဖြစ်လေသည်။ ထိုသို့သော တည်ရှိမှုများသည် ဤလောကကို သာလွန်သူများဖြစ်ကြပြီး သူတို့အား မဟာလမ်းစဥ် စည်းမျဥ်းများဖြင့် ကန့်သတ်ထား၍ မဖြစ်နိုင်တော့ပေ။ သူတို့က ကောင်းကင်၏ အထက်တွင် တည်ရှိပြီး စကြဝဠာနှင့် တသားတည်း ဖြစ်နေကာ ဖျက်ဆီး၍မရနိုင်သော အမတများ ဖြစ်ကြပေသည်။
၎င်းသည် အားလုံးသော တန်ခိုးရှင်များ အလိုရှိသည့် အရာပင် ဖြစ်ပေသည်။ သို့သော်လည်း အပြစ်အနာအဆာကင်းသော မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားသူများသာလျှင် ထိုပန်းတိုင်သို့ ရောက်ရှိရန် အရည်အချင်းပြည့်မီသည်ဟု ပြောကြပေသည်။
ကောင်းကင်လမ်းစဥ်က ပြောင်းလဲသွားပြီ ဖြစ်သည်။ ၎င်းက နတ်ဘုရားအဆင့် ပုဂ္ဂိုလ်မျိုး၏ တည်ရှိမှုကို ခွင့်မပြုတော့ပေ။ ထို့ကြောင့် မဟာလမ်းစဥ်၏ နတ်ဘုရားကပ်ဘေးက ကျရောက်လာခြင်း ဖြစ်သည်။ အင်ပါယာရှီက နတ်ဘုရားကပ်ဘေး၏ အဆင့်သုံးဆင့်ကို ပြည့်စုံစွာ ဖြတ်ကျော်နိုင်ရန် လိုအပ်ပေသည်။ သို့သော် အဆင့်တိုင်းက သေခြင်းရှင်ခြင်း အတွေ့အကြုံကို ဖြတ်ကျော်ရသည်ဟု ဆိုကြပေသည်။ သူအဆင့် တည်ရှိမှုသည်ပင် ကပ်ဘေး၏ ဖျက်ဆီးသုတ်သင်မှုကို ခံရနိုင်ပေသည်။
အင်ပါယာရှီက နတ်သမုဒ္ဒရာအတွင်း လိပ်နတ်ဘုရားကျွန်းစုတွင် ကျင့်ကြံရင်း ၎င်းအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်နေခဲ့ပေသည်။
လမ်းစဥ်အလင်းက ပေါက်ကွဲထွက်လာသည်။ ၎င်းသည် နဂါးငွေ့တန်းအလင်းဆီသို့ တိုးဝင်လာပြီး နဂါးငွေ့တန်း၏ မဟာလမ်းစဥ်စွမ်းအားတို့နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ ယင်းက နဂါးငွေ့တန်းအလင်းတို့ကို အပြတ်အသတ် အနိုင်ယူခဲ့ပေသည်။ နဂါးငွေ့တန်း၏ မဟာလမ်းစဥ်နယ်မြေသည်ပင် လမ်းစဥ်အလင်းတို့၏ ရက်စက်စွာ တိုက်ခိုက်လာမှုကို ခုခံနိုင်စွမ်းကင်းမဲ့သွားခဲ့သည်။
အင်ပါယာရှီ၏ ပုံရိပ်က နတ်အလင်းတို့နှင့် ဖြာထွက် တောက်ပနေသည်။ သူ့ လမ်းစဥ်ခန္ဓာအထက်တွင် ကြီးမားသော နတ်လိပ်တစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာ၏။ ထိုပုံရိပ်မှာ ကြီးမားလှသော ရွှမ်ဝူတစ်ကောင်ပင် ဖြစ်သည်။ ထိုရွှမ်ဝူက ကျောက်တုံးတစ်တုံးကဲ့သို့ပင် အင်ပါယာရှီ၏ ပုံရိပ်ကို လွှမ်းခြုံထားပေသည်။
နဂါးငွေ့တန်းနှင့် ရွှမ်ဝူက သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထား၏။
အောက်ဘက်ရှိ လူများ၏ နှလုံးသားတို့က အံ့အားသင့်မှုတို့နှင့် တုန်ယင်နေကြပေသည်။ အင်ပါယာရှီက အလွန်အစွမ်းထက်လှသည်။ သို့သော်လည်း ထိုသို့သော ပုဂ္ဂိုလ်မျိုးက ဤကဲ့သို့သော နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရပေသည်။ နတ်ဘုရားကပ်ဘေး၏ စွမ်းအားကို ခံစားမိသောအခါ ရန်ဟောင်များက တုန်လှုပ်သွားကြ၏။ သမုဒ္ဒရာအတွင်းမှ မရေတွက်နိုင်သော နတ်ဆိုးသားရဲများသည်လည်း မျက်နှာပြင်ထက်သို့ ထွက်မလာရဲကြပေ။ သူတို့က ထိုစွမ်းအားကို ခေါင်းငုံ့ကာ အရှုံးပေးရန်သာ တတ်နိုင်ကြပေသည်။ ထိုသည်မှာ သူတို့ မတွန်းလှန်နိုင်သော ကောင်းကင်စွမ်းအားပင် ဖြစ်ပေသည်။
သူတို့သည် စွမ်းအား၏ ဖိနှိပ်မှုကိုသာလျှင် ခံစားမိကြပေသည်။ ထိုစွမ်းအားက အင်ပါယာရှီ တစ်ဦးတည်းကိုသာ ရည်ရွယ်နေကာ သူတို့ကို တိုက်ခိုက်ခြင်း မရှိပေ။ အများဆုံး သူတို့က လှုပ်ခတ်သွားမှုကိုသာ ခံစားမိကြပေလိမ့်မည်။
ဆေးအင်ပါယာက သူ၏ ကာကွယ်ပေးမှုကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက ရီဖူရှင်းနှင့် အခြားသူများအား ထိုစွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ ခံစားစေလို၏။
ဤသည်မှာ တစ်စုံတစ်ယောက်က မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်နေသည်အား မျက်မြင်တွေ့ရသည်မှာ ပထမဆုံး ဖြစ်သည်။ သူသည်လည်း ထိုအဖြစ်အပျက်တွင် ကြောက်ရွံ့မှုအား ခံစားမိပေသည်။ ထိုနတ်ဘုရားကပ်ဘေးသည် လောကကြီးထဲတွင် အစွမ်းထက်ဆုံး ဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
အင်ပါယာရှီက ၎င်းကို ခံနိုင်ရည် ရှိလိမ့်မည်လား။
“အဲဒါက ဘာလဲ။” ရီဖူရှင်းက အင်ပါယာရှီ၏ အထက်တွင် ပိုမိုကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားများ စုစည်းလာသည်ကို မြင်သောအခါ ရီဖူရှင်းက မေးလိုက်သည်။ ကပ်ဘေးတိမ်တိုက် အဆုံးမဲ့မုန်တိုင်းတစ်ခုက စုစည်းလာပေသည်။ ယင်းတို့က ရီဖူရှင်းတို့ ရှိနေရာမှ အဝေးကြီးတွင် ရှိနေသော်လည်း သူတို့၏ နှလုံးသားကို တုန်လှုပ်လာအောင် ပြုလုပ်နိုင်ဆဲပင် ဖြစ်၏။
“မဟာလမ်းစဥ်တိုက်ခိုက်မှုက အဲဒီမှာ စုစည်းနေကြတာ။” ဆေးအင်ပါယာက ရှင်းပြလိုက်သည်။ “တန်ခိုးရှင်တစ်ယောက် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရတဲ့အခါတိုင်း တစ်ယောက်ချင်းစီမှာ မတူညီတဲ့ လမ်းစဥ်တိုက်ခိုက်မှုတွေ ဖြစ်လာတယ်လို့ ကြားဖူးတယ်။ အဲဒီမှာ မတူညီတဲ့စွမ်းအားတွေတောင် ပါဝင်ကြတယ်။ အင်ပါယာရှီ ဆွဲဆောင်လိုက်တဲ့ လမ်းစဥ်စွမ်းအားက ဘယ်လိုစွမ်းအားမျိုး ဖြစ်မလဲ သိချင်မိတယ်။”
မဟာလမ်းစဥ် နတ်အလင်းတို့က စုဖွဲ့နေပြီ ဖြစ်သည်။ ထိုနေရာမှ ဖြန့်ထွက်လာသော လမ်းစဥ်စွမ်းအားတို့က ထိုအနီးတဝိုက်ရှိ လူများကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။ အလင်းက မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး လူအများကို မကြည့်ရဲလောက်အောင်ပင် ဖြစ်လာစေသည်။
စွမ်းအားက တဖြေးဖြေး သဏ္ဌာန်ဖွဲ့တည်လာ၏။ ၎င်းက လူအုပ်ကြီးကို အံ့သြတုန်လှုပ်လာစေသည်။ ထိုစွမ်းအားများက ဓားတစ်လက်အသွင် ဖြစ်ပေါ်လာပေသည်။
“လမ်းစဥ်ဓားတစ်လက်ပဲ။”
ဆေးအင်ပါယာ၏ အမူအရာက လေးနက်လာ၏။
“ဆရာ၊ အဲဒီလမ်းစဥ် တိုက်ခိုက်မှုက အရမ်း အစွမ်းထက်လို့လား။” ကျုံးချန်က ဆေးအင်ပါယာကို မေးလိုက်သည်။ သူသာ အင်ပါယာရှီ၏ အဆင့်သို့ ရောက်နိုင်လျှင် အနာဂတ်တွင် သူသည်လည်း တူညီစွာပင် ထိုသို့သော ကိုယ်ပိုင် နတ်ဘုရားကပ်ဘေးနှင့် ရင်ဆိုင်တွေ့ကြုံရပေလိမ့်မည်။
ဆေးအင်ပါယာက ရှင်းပြလိုက်၏။ “အရမ်း အစွမ်းထက်တယ်။ လမ်းစဥ်ဓားတစ်လက်က ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိတဲ့ ဓားစွမ်းရည်တွေကို စုစည်းထားတာပဲ။ အဲဒါက အရမ်းကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုလို့ ပြောလို့ရတယ်။ အင်ပါယာရှီအတွက် အဲဒီစွမ်းအားက အန္တရာယ်ရှိနိုင်တယ်။ ၎င်းသည် ထိုအနီးဝန်းကျင်မှ လူများ၏ နှလုံးသားကို တုန်ယင်သွားစေသည်။ အင်ပါယာရှီကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်မျိုးသည်ပင် အန္တရာယ်ရှိနိုင်သည်လား။
ထိုဓားလမ်းစဥ်က နတ်ဘုရားကပ်ဘေးတွင် အစွမ်းထက်ဆုံး တိုက်ခိုက်မှု ဖြစ်နိုင်ပေသည်။
ကောင်းကင်တွင် အမှောင်ထုက ပျက်ပြယ်လာသည်။ အဆုံးမဲ့ နတ်ဘုရားကပ်ဘေး အလင်းတန်းတို့က ဓားအနီးတွင် စုစည်းလာကြသည်။ ကောင်းကင်မှ အလင်းတန်းတစ်ခု ကျဆင်းလာပြီး တလောကလုံးကို ထိုးဖောက်လာသည်ဟု ထင်မှတ်ရသည်။ ကောင်းကင်သည်လည်း ထိုးဖောက်ခံလိုက်ရ၏။ ထိုဓားတိုက်ခိုက်မှုက နတ်သမုဒ္ဒရာကုန်းမြေပေါ် သက်ဆင်းလာလျှင် ကုန်းမြေတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
နတ်သမုဒ္ဒရာ၏ တန်ခိုးရှင်များအားလုံးက ကောင်းကင်ရှိ ဓားလမ်းစဥ်ကို စိုက်ကြည့်နေကြပြီး သူတို့၏ အမူအရာများက တင်းမာခက်ထန်လာသည်။ ယခုမတိုင်ခင်က လူအများသည် ထိုဖြစ်ရပ်ကို မြင်တွေ့ဖို့ရာ စိတ်လှုပ်ရှားနေကြသော်လည်း ယခုတွင် လူတိုင်းသည် ကောင်းကင်ကို လေးစားမှုအပြည့်နှင့် ကြည့်နေကြသည်။
၎င်းက နတ်ဘုရားကပ်ဘေးသုံးပါးမှ ပထမအဆင့်ဖြစ်လေသည်။
ဒဏ္ဍာရီများက ပြောကြသည်မှာ အဆင့်တစ်ခုချင်းစီတိုင်းသည် မရဏတံခါးကို ဖြတ်သန်းသွားရခြင်း ဖြစ်သည်ဟု ပြောကြသည်။ အဆင့်တစ်ခုချင်းစီတိုင်းကို ဖြတ်ကျော်ပြီးသွားသောအခါ ဘဝသစ်တစ်ခု ပြန်လည်မွေးဖွားလာခြင်းနှင့် ဆင်တူသည်စုလည်း ဆိုကြသည်။ ထိုကပ်ဘေး အဆင့်သုံးဆင့်တွင် အဆင့်တစ်ခုချင်းစီတိုင်းက တစ်ခုထက်တစ်ခု ပို၍ အားကောင်းလာပေလိမ့်မည်။ တတိယအဆင့်က အားလုံးထဲတွင် အားအကောင်းဆုံးဖြစ်ပေသည်။ ကောလာဟလများက ပြောကြသည်မှာ အလွန်နည်းပါးသော သူများသာလျှင် နောက်ဆုံးအဆင့်မှ အသက်ရှင်ကျန်ရစ်နိုင်သည်ဟု ဖြစ်ပေသည်။ အဆင့်တက်လှမ်းကြသူများမှာ ထိုအဆင့်သို့ ရောက်ရှိသည့်အခါ ကပ်ဘေးကြောင့် သုတ်သင်ခံလိုက်ကြရပေသည်။ ထို့ကြောင့် အချို့သော တန်ခိုးရှင်များက နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရန် ရည်ရွယ်၍ နှစ်ပေါင်းထောင်ချီ တံခါးပိတ်ကျင့်ကြံကာ ပြင်ဆင်နေခဲ့ကြသည်။
ကောင်းကင်ဒေသက ကျယ်ပြောလှသည်မှာ အဆုံးမဲ့ပင် ဖြစ်သည်။ လူအများသည် ထိုသို့သော ပုန်းကွယ်နေသည့် ပုဂ္ဂိုလ်ကြီးများ မရေတွက်နိုင်အောင် တည်ရှိနေသည်ဟု ယုံကြည်ထားကြပေသည်။
ထိုအချိန်၌ လူအများသည် အင်ပါယာရှီအတွက် စိတ်ပူနေကြသည်။ သူက ထိုလမ်းစဥ်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပါမည်လား။
ဘုန်း…
ပြင်းထန်သော တုန်ခါသံကို ကြားလိုက်ရသည်။ ရီဖူရှင်း၏ အဖွဲ့က ခေါင်းကို ငုံ့ကာ ကြည့်လိုက်ကြသည်။ လိပ်နတ်ဘုရားတောင်ထွတ် အောက်ခြေရှိ မြေကြီးက တုန်ခါသွားပြီး ကြီးမားသော အက်ကြောင်းများက မျက်နှာပြင်ထက် ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ် မြောင်းကြီး ဖြစ်ပေါ်လာသည်။
မြေအောက်တွင် မြှုပ်နှံခံထားရပုံရှိသည့် ကြီးမားလှသော သတ္တဝါကြီးတစ်ကောင် ပေါ်ပေါက်လာသည်။ ၎င်းသည် အခွံမာနှင့် လိပ်တစ်ကောင် ဖြစ်ပေသည်။
ဤကြီးမားလှသော သတ္တဝါကြီးက ကောင်းကင်သို့ တဖြေးဖြေး မြင့်တက်လာသည်။ လူအုပ်ကြီးသည် သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်လာသည်ကို ခံစားမိပေသည်။ ထိုကြီးမားလှသော သတ္တဝါက အမှန်တကယ်ပင် သားရဲကြီးတစ်ကောင် ဖြစ်ပေသည်။
ရွှမ်ဝူတစ်ကောင်… ကြီးမားလှသော လိပ်တစ်ကောင်…
လူအုပ်ကြီးက အံ့သြထူးဆန်းနေကြသည်။ လိပ်နတ်ဘုရားကျွန်းစုအောက်ခြေတွင် အမှန်တကယ်ပင် ရွှမ်ဝူတစ်ကောင် ပုန်းကွယ်နေပြီး မည်သူမှ ထိုအကြောင်းကို မသိကြပေ။ ကြည့်ရသည်မှာ ၎င်းက အသံတစ်စက်မရှိ လှုပ်ရှားမှုတစ်ခုမရှိဘဲ ဆောင်းခိုနေရာမှ ကမ္ဘာမြေကြီးနှင့် တသားတည်း ဖြစ်လာပုံရလေသည်။
ရွှမ်ဝူက အော်ဟစ်လိုက်ရာ နက်ရှိုင်းသော အသံတစ်ခုကို ကြားလိုက်ကြရသည်။ နတ်သမုဒ္ဒရာက အော်မြည်နေပြီး ကြီးမားသော လှိုင်းများက မျက်နှာပြင်တွင် ရိုက်ခတ်နေသည်။ ၎င်းက ခေါင်းကို မော့လိုက်ပြီးနောက် လျှပ်တပြက် ကောင်းကင်သို့ တိုးဝင်သွားလေသည်။ ချက်ချင်းပင် ၎င်းက လေဟာနယ်က ဖြတ်သန်းသွား၏။ ထိုသို့ကြီးမားလှသည့် သတ္တဝါကြီးက အလွန် လျင်မြန်လှသည်။ မြင်တွေ့နေရသူများ မတုံ့ပြန်နိုင်ခင်မှာပင် သူက အင်ပါယာရှီ ဘေးသို့ ရောက်ရှိသွားပြီ ဖြစ်၏။
“မင်းက အရမ်းအိုနေပြီ။ ဘာလို့ မင်းရဲ့ ကျင်းထဲက ထွက်လာရတာလဲ။” အင်ပါယာရှီက မေးလိုက်သည်။
“မင်းကို ကူဖို့” ရွှမ်ဝူက ပြန်ဖြေလိုက်သည်။
“အသုံးဝင်မှာ မဟုတ်ဘူး။” အင်ပါယာရှီက ပြန်ဖြေလိုက်သည်။
ရွှမ်ဝူက ခေါင်းကို မော့ကာ လမ်းစဥ်ဓားကို ကြည့်လိုက်သည်။ အင်ပါယာရှီ၏ စွမ်းရည်ကို သူ့ထက်ပိုနားလည်သူ မည်သူမှ ရှိမည် မဟုတ်ပေ။ ထိုဓားတစ်လက်က အင်ပါယာရှီ၏ တစ်သက်တာ ကျင့်ကြံခြင်းတို့အား ဖျက်ဆီးပစ်လိုက်နိုင်ပေသည်။
“ငါ နှစ်ပေါင်းတစ်ထောင်လောက် အိပ်နေခဲ့တာ ဒီနေ့အတွက်ပဲ။” ရွှမ်ဝူက ပြောလိုက်သည်။ “မင်းပြောခဲ့သလိုပဲ… ထာဝရရှင်သန်နေတာ အဓိပ္ပါယ်မရှိဘူး။”
သူက ပြောပြီးသည်နှင့် ကြီးမားသော ခန္ဓာကိုယ်ကြီးက ရှေ့သို့ တိုးလာပြီး အင်ပါယာရှီ၏ ဘေးတွင် ရပ်လိုက်သည်။ သူသည် ကြီးမားလှသော ရွှမ်ဝူအရိပ်ကြီးကို အသုံးပြု၍ အင်ပါယာရှီ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းကာကွယ်ပေးထားလိုက်သည်။ သူ့မျက်လုံးများက နတ်ဓားကို မော့ကြည့်လိုက်ကာ ၎င်းတို့ထံမှ တောက်လောင်နေသော အလင်းများ ထွက်ပေါ်လာ၏။
ဓားအလင်းက ကျဆင်းလာသည်။ လူအုပ်ကြီးသည် ကောင်းကင်ထက်မှ လမ်းစဥ်ဓားက အောက်သို့ ထိုးဆင်းလာသည်အား မြင်တွေ့လိုက်ရသည်။ ထိိုအခိုက်အတန့်တွင် ကမ္ဘာကြီးက ချက်ချင်း ထိုးဖောက်ခံလိုက်ရပေသည်။
ရွှမ်ဝူက သူ့ခေါင်းကို မော့ကာ အော်မြည်လိုက်သည်။ ကောင်းကင်က တုန်ခါသွားပြီး ကုန်းမြေတစ်ခုလုံးကို ငလျင်လှုပ်သွားသလို ခံစားမိလိုက်စေသည်။ နတ်သမုဒ္ဒရာက သွေးရူးသွေးတန်း လှုပ်ရှားလာကာ ကြီးမားသေယ လှိုင်းများက ကျွန်းများပေါ်သို့ ရိုက်ခတ်လာ၏။ လူအုပ်ကြီးသည် သူတို့၏ ဝိညာဥ်များပင် တုန်ယင်လာသည်ကို ခံစားမိကြပေသည်။ သူတို့၏ ချီစွမ်းအင်နှင့် သွေးတို့က သူတို့ခန္ဓာအတွင်း ထကြွလှုပ်ရှားနေသည်။ သို့သော်လည်း သူတို့အကြည့်များက ကောင်းကင်မှ ဓားပေါ်တွင်သာ ရှိနေခဲ့သည်။
ဓားက ထိုးဆင်းလာပြီး မျက်စိကျိန်းလောက်အောင် တောက်ပသည့် အလင်းများ လိုက်ပါလာသည်။ ယင်းသည် လူအများ၏ မျက်လုံးများကို အလိုလို မှိတ်သွားစေခဲ့ကာ ထိုအလင်းများကို မကြည့်ရဲအောင် ဖြစ်လာစေသည်။ ရန်ဟောင်များသာလျှင် ထိုမျက်စိကျိန်းလောက်သော အလင်းတန်းများကို ခံနိုင်ရည်ရှိပေသည်။ သူတို့က မျက်လုံးများကို မှေးကာ ကောင်းကင်သို့ ကြည့်နေခဲ့ကြသည်။
သူတို့က နဂါးငွေ့တန်းက ကွဲထွက်သွားပြီး ဓားက အောက်သို့ ထိုးဆင်းလာသည်ကို မြင်တွေ့လိုက်ရ၏။ လိပ်နက် ရွှမ်ဝူ၏ ကြီးမားလှသော ပုံရိပ်ကြီးက တဖြေးဖြေး စုတ်ဖြဲခံနေရပေသည်။ သို့သော်လည်း ကြီးမားလှသည့် သားရဲကြီးက မတုန်မလှုပ် တည်ငြိမ်သော မျက်လုံးများနှင့် ရှိနေခဲ့သည်။
မဟာလမ်းစဥ်က ပြိုကျသွားပြီး တောင်တန်းနှင့် မြစ်များ ပျက်စီးသွားသော်လည်း သူက ရပ်နေဆဲပင် ဖြစ်၏။
နတ်သမုဒ္ဒရာကုန်းမြေ၏ မျက်နှာပြင်သည် ဓားအလင်းဖြင့် ထိုးဖောက်ခံလိုက်ရသည်။ သို့သော်လည်း ရွှမ်ဝူ၏ ခန္ဓာကိုယ်က မပျက်စီးသွားသေးပေ။ မဟာလမ်းစဥ်စွမ်းအားက အင်ပါယာရှီ၏ ခန္ဓာကိုယ်မှ အဆုံးစွန်အကန့်အသတ်ထိ ထွက်ပေါ်လာပြီး ရွှမ်ဝူနှင့် ပေါင်းစပ်သွားသည်။ အင်ပါယာရှီ၏ ဆံပင်ရှည်များက လေထဲတွင် အရူးအမူး ကခုန်နေ၏။ သူ့မျက်လုံးများတွင် နာကျင်နေသော အမူအရာတို့ ရှိနေသည်။ သူက နတ်ဘုရားကပ်ဘေးနှင့် ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကာ လူအများကို ကြည့်ရှုရန်လည်း ခွင့်ပြုထားခဲ့သည်။ သူ အသက်ရှင်မည် သေဆုံးမည်ကတော့ သူ့ကိုယ်သူ လက်ခံနိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်လေသည်။ တစ်ချိန်တည်းတွင် ၎င်းသည် နတ်ဘုရားကပ်ဘေးဟူသည်မှာ မည်သို့သော အရာဖြစ်သည်ကို လောကအား သတိပေးခဲ့ခြင်းလည်း ဖြစ်ပေသည်။
“မိတ်ဆွေကြီး၊ ကျုပ် အရင်သွားရတော့မယ်။” ရွှမ်ဝူ၏ အသံ ထွက်ပေါ်လာသည်။ သူ့အသံက တောင်တစ်လုံးကဲ့သို့ အလွန် လေးလံနေသည်။ ထိုအသံသည် အင်ပါယာရှီ ပေါ်သို့ ကောင်းကင်ကြီး ပြိုကျလာသလို ထင်မှတ်ရပေသည်။ လူသားဖြစ်စေ နတ်ဆိုးသားရဲဖြစ်စေ အမြင့်ဆုံးလမ်းစဥ်ကို ရှာဖွေရန် ကျင့်ကြံကြသည်။ မည်သူကမှ အမှန်တကယ် မသေဆုံးချင်ကြပေ။
သူတို့ မရေတွက်နိုင်သော ကပ်ဘေးများမှ ရှင်သန်နိုင်လျှင်ပင် သူတို့က သေရန် တွန့်ဆုတ့နေကြဆဲပင် ဖြစ်သည်။ ရွှမ်ဝူ၏ စကားများက အင်ပါယာရှီကို စိတ်သက်သာရာရစေရုံသာ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အင်ပါယာရှီက မည်သည့်အတွက်ကြောင့် ထိုသို့ လုပ်ဆောင်ရသနည်းဟု မမေးခဲ့ပေ။ ထို့အစား သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “အရင်သွားနှင့်ပါ။ ကျုပ် နောက်ကျ ခင်ဗျားကို လာရှာပါ့မယ်။”
“နောက်တစ်ဆင့်အတွက် တောင့်မခံနိုင်လောက်ဘူးထင်ရင် ရင်မဆိုင်နဲ့တော့။” ရွှမ်ဝူက ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဓားချက်အောက်တွင် ချက်ချင်းပင်ပေါက်ကွဲ သွားလေသည်။ ၎င်းက ကောင်းကင်နှင့် မြေကြီးတို့ ပြိုကျသွားသလိုပင် ဖြစ်လေသည်။
အဆုံးမဲ့နတ်အလင်းများက အင်ပါယာရှီထံမှ ဖြာလင်းလာသည်။ သူသည် နဂါးငွေ့တန်းနှင့် တသားတည်းဖြစ်နေပြီး ဓားအလင်းအကြွင်းအကျန်တို့နှင့် လွှမ်းခြုံခံထားရပေသည်။
တစ်ဘဝလုံး ကျင့်ကြံပြီးနောက်၌ပင် နတ်ဘုရားကပ်ဘေးသုံးပါး၏ ပထမကပ်ဘေးကို ရန်ဆိုင်ရန်ပင် ခက်ခဲနေဆဲဖြစ်သည်။
မျက်စိကျိန်းလောက်သော အလင်းများ ဖြာထွက်လာပြီးနောက် ဓားလမ်းစဥ်က အလင်းတန်းများက အစအနပင် မကျန်အောင် တဖြေးဖြေး ပျောက်ကွယ်သွားလေသည်။ လူအများက သူတို့၏ မျက်လုံးများကို မှိတ်ထားကြဆဲ ရှိသေးသည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်ထက်မှ နတ်ဘုရားကပ်ဘေး တိမ်တိုက်များက တဖြေးဖြေး ပျောက်ကွယ်သွားလေသည်။ မရေတွက်နိုင်သော လူများက သူတို့၏ ခေါင်းများကို မော့ကာ ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ ကောင်းကင်၌ တိတ်ဆိတ်စွာ ရပ်နေသူ တစ်ယောက်သာ ကျန်ရစ်ပေသည်။ သူက ထိုနေရာတွင် အချိန်အကြာကြီးထိ ရပ်နေခဲ့သည်ဟု ထင်မှတ်ရပေသည်။
ထိုသူမှာ အင်ပါယာရှီဖြစ်သည်။
“ဂုဏ်ယူပါတယ်၊ အင်ပါယာရှီ။” နတ်သမုဒ္ဒရာကုန်းမြေတလွှားမှ မရေတွက်နိုင်သော လူများက အော်ဟစ်ဂုဏ်ပြုလိုက်ကြသည်။ အင်ပါယာရှီ ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ သူတို့က ပျော်ရွှင်နေဆဲပင် ဖြစ်သည်။
ဤသည်မှာ နတ်ဘုရားကပ်ဘေးပင် ဖြစ်သည်။ သူတို့သည် ယခင်က နတ်ဘုရားကပ်ဘေးကို ပေါ့ပေါ့လေး မှတ်ယူခဲ့ကြသည်။ ယခု သူတို့က စစ်မှန်သော နတ်ဘုရားကပ်ဘေးကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး သေဆုံး၍ ပြန်လည်ရှင်သန်လာသည့် ဖြစ်စဥ်အား အမှန်တကယ် တွေ့ကြုံရပေသည်။
အင်ပါယာရှီက သေခြင်းရှင်ခြင်း အတွေ့အကြုံကို ခံစားကြရပေသည်။
“ဂုဏ်ပြုပါတယ်၊ အင်ပါယာရှီ။” လိပ်နတ်ဘုရားကျွန်းစုပေါ်မှ မရေတွက်နိုင်သော လူများက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို အောင်မြင်စွာ ရင်ဆိုင်နိုင်ခဲ့သည့်အတွက် သူ့ကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုပေးကြခြင်း ဖြစ်သည်။
ထိပ်သီးပုဂ္ဂိုလ်များက မည်သည့်စကားမှမဆိုဘဲ ကောင်းကင်မှ ပုံရိပ်ကို တိတ်ဆိတ်စွာ မော့ကြည့်နေကြသည်။ ဤကပ်ဘေး၌ အသက်ရှင်ကျန်ရစ်နိုင်ရန် အင်ပါယာရှီသည်လည်း ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသည်။ အစွမ်းထက်ရွှမ်ဝူတစ်ကောင်က နတ်ဘုရားကပ်ဘေးကြောင့် သေဆုံးခဲ့ရပေသည်။
သူတို့သည် ထိုသို့ ကြောက်မက်ဖွယ် ရွှမ်ဝူတစ်ကောင်က လိပ်နတ်ဘုရားကျွန်းစု အောက်ခြေတွင် အိပ်စက်နေခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အင်ပါယာရှီသည် အလွန် နှိမ့်ချစွာ နေထိုင်ခဲ့သည်။ ဤကပ်ဘေးကြောင့်သာ မဟုတ်လျှင် မည်သူမှ သိလိမ့်မည်မဟုတ်ပေ။
ကံမကောင်းစွာနှင့် ထိုကြီးမားလှသော ရွှမ်ဝူက ထိုကဲ့သို့ပင် သေဆုံးသွားခဲ့ရပေလိမ့်မည်။ သူက အင်ပါယာရှီအစား နတ်ဘုရားကပ်ဘေးကို ခံယူပေးခဲ့သဖြင့် အင်ပါယာရှီက အသက်ရှင်နိုင်ခဲ့ပေသည်။
အင်ပါယာရှီက ကောင်းကင်ထက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူက ထိုနေရာမှာ ရပ်သာနေခဲ့ပြီး မည်သူကမှ သူ မည်သည်ကို တွေးနေသည်အား မသိကြပေ။ သို့သော်လည်း သူတို့သည် အင်ပါယာရှီက နတ်ဘုရားကပ်ဘေး ကျော်ဖြတ်နိုင်သည့်အတွက် ပျော်ရွှင်မနေသည်အား သိရှိကြပေသည်။ အင်ပါယာရှီအတွက် ၎င်းက ကြေကွဲဖွယ်ရာပင် ဖြစ်သည်။
***
👍👍