“နောက်ပိုင်းမျိုးဆက်တွေက အတော်လေး တိုးတက်လာကြတာပဲ။”
အင်ပါယာရှီက ရီဖူရှင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏။ “မဟာအင်ပါယာရဲ့ စည်းမျဥ်းတွေအောက်မှာ ကောင်းကင်ဒေသအတွင်း ပိုပိုပြီး အရည်အချင်း ရှိတဲ့ လူတွေ ထွက်ပေါ်လာတာ မဆန်းပါဘူး။”
ပရမ်းပတာခေတ် ပြန်မရောက်သရွေ့ တန်ခိုးရှင်အရေအတွက်က တိုးလာလိမ့်မည်ဖြစ်သည်။ ထူးချွန်လှသော ပဂ္ဂိုလ်အများအပြားသည်လည်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပေါ်ပေါက်လာမည်မှာ ကျိန်းသေပင်ဖြစ်သည်။
ယခင် နေ့ရက်များနှင့် နှိုင်းယှဥ်ရသော် လက်ရှိ ကျင့်ကြံရေးလောက၏ အခြေနေက ပို၍ ကောင်းမွန်ပေသည်။
“အင်ပါယာရှီပြောတာမှန်တယ်။ မဟာအင်ပါယာက လောကကို စုစည်းပြီးတဲ့နောက်မှာ သူက အစွမ်းထက်တန်ခိုးရှင်တွေကို ကောင်းကင်ဒေသအတွင်း သင်ကြားပို့ချမှုတွေ ဖြန့်ဝေပေးဖို့အတွက် ညွှန်ကြားခဲ့ပြီး သိုင်းပညာကို တိုးတက်လာစေဖို့အတွက် ရည်ရွယ်ထားတယ်။ အခု ကျုပ်တို့ တုန်းဟွာနယ်မြေမှာ ထူးချွန်ထက်မြက်တဲ့ တန်ခိုးရှင်တွေ အများကြီးရှိတယ်။ ပြီးတော့ အင်ပါယာရှီကလဲ နတ်ဘုရား ကပ်ဘေးကိုရင်ဆိုင်ရတော့မယ်။ ဒါက တကယ့်ကို ပျော်စရာကိစ္စပဲ။”
အဝေးမှ အသံတစ်ခုထွက်ပေါ်လာသည်။ လူအုပ်ကြီးသည် တန်ခိုးရှင်တစ်စု လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။ သူတို့၏ ခေါင်းဆောင်မှာ အဖြူရောင် သားမွေး၀တ်စုံ ၀တ်ဆင်ထားသည်။ သူက အလွန်ပင် သန့်စင်မြင့်မြတ်သော အသွင်သဏ္ဌာန်ရှိသည်။ သူ၏ အပြုံးရိပ်ဆောင်သော အကြည့်က ထင်ရှားစွာ ဖြစ်ပေါ်နေသည်။ သူ၏ အနောက်တွင် တန်ခိုးရှင်များစွာရှိသည်။ တစ်ယောက်ချင်းစီက အလွန်ထူးချွန်ထက်မြတ်လှသော သူများပင်ဖြစ်၏။
“နယ်မြေသခင်ရောက်လာပြီပဲ။” အင်ပါယာရှီက အပြုံးနှင့် ပြောလိုက်သည်။
“နယ်မြေသခင် ကိုယ်တိုင် ရောက်လာမလားလို့ သိချင်နေတာ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ တွေ့ရလိမ့်မယ်လို့တော့ မမျှော်လင့်မိခဲ့ဘူး။” လင်းရှောင်နန်းတော်၏ နန်းတော်သခင်က အပြုံးနှင့် ပြောလိုက်သည်။ လူအများကလည်း နယ်မြေသခင်ကို နှုတ်ဆက်လိုက်ကြ၏။ တုန်းဟွာနယ်မြေ၏ နယ်မြေသခင်အိမ်တော်တွင် မဟာအင်ပါယာမှ တုန်းဟွာနယ်မြေသို့ စေလွှတ်ထားသော လူများစွာ ပါဝင်သည်။ တုန်းဟွာနယ်မြေသခင်သည် နယ်မြေကို အုပ်စိုးပြီး စည်းမျဥ်းများကို ထိန်းသိမ်းပေသည်။
သို့သော်လည်း ကျင့်ကြံခြင်းလောကတွင် တုန်းဟွာနယ်မြေသခင်၏ အိမ်တော်သည် အပြင်လောက၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခဲသည်။ သူတို့က ထိပ်သီးအင်အားစုများ၏ အရေးကိစ္စများတွင်ပင် တော်ရုံနှင့် ဝင်မစွက်ဖက်တတ်ကြသော်လည်း မည်သည့်အရေးကိစ္စမှ မပေါ်ပေါက်လာရန် ထိန်းသိမ်းထားသည်။ လောကကြီးက အလွန်ကြီးမားလှပြီး သူတို့သည် အရာအားလုံးကို သူတို့ စိတ်ရှိသလို မစီမံနိုင်ကြပေ။ ကျင့်ကြံခြင်းလောကတွင် သူ၏ ကိုယ်ပိုင်စည်းမျဥ်းရှိကြပေသည်။
“အင်ပါယာရှီက နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရတော့မယ်လေ။ ကျုပ်က အဲ့ဒီဟာကို ဘယ်လိုလုပ် လွဲချော်သွားလို့ ဖြစ်နိုင်ပါ့မလဲ။” နယ်မြေသခင်က အပြုံးနှင့် ပြောလိုက်သည်။ “ကျုပ်က ဒီကို ခင်ဗျားတို့ အားလုံးနဲ့တွေ့ဖို့ လာခဲ့တာပါ။ တုန်းဟွာနယ်မြေရဲ့ ထိပ်သီး ပုဂ္ဂိုလ်အကုန်လုံးလည်း ဒီကို ရောက်နေကြတယ်လေ။ ဒါက ကြုံရခဲတဲ့ ဖြစ်ရပ်ပဲ။”
တုန်းဟွာနယ်မြေသခင် ရောက်ရှိလာမှုက လူအများ၏ အာရုံကို ရီဖူရှင်းထံမှ ရုတ်သိမ်းသွားစေသည်။ သူသည် တုန်းဟွာနယ်မြေသခင်နှင့် သူ့အနီးမှ တန်ခိုးရှင်များကိုကြည့်လိုက်သည်။ နယ်မြေသခင်ရောက်ရှိပြီးနောက် ထိပ်တန်းပုဂ္ဂိုလ်များက သူ့ကိုအသီးသီး နှုတ်ဆက်လာကြသည်။ တုန်းဟွာနယ်မြေ ထိပ်သီး ပုဂ္ဂိုလ်များနှင့် နယ်မြေသခင်တို့၏ ဆက်ဆံရေးက အံ့သြဖွယ်ကောင်းလှသည်။
အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို အုပ်စိုးသော်လည်း အင်အားစုအမျိုးမျိုးကို တိုက်ရိုက်အုပ်ချုပ်ခြင်း မဟုတ်ပေ။ ယခင်က မူလဘုံတွင် မင်းသမီးဒွန်ဟောင်နှင့် အခြား အင်အားစုများကြားမှ ပတ်သတ်မှုကိုကြည့်၍ ရီဖူရှင်းက ၎င်းကို အရိပ်အမြွက် သိရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် တုန်းဟွာနယ်မြေသခင်က မည်မျှ အစွမ်းထက်သနည်း။ တုန်းဟွာ နယ်မြေတစ်ခုလုံးတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်လား။
ဆေးအင်ပါယာသည် ယခင်က ရီဖူရှင်းကို နယ်မြေသခင်၏ အိမ်တော်သို့ဝင်ရောက်ကာ ကျင့်ကြံရန် စီစဥ်ခဲ့သည်။ ၎င်းက ပို၍ လုံခြုံသော နည်းလမ်းဖြစ်ပေလိမ့်မည်။ ရီဖူရှင်းသည်လည်း နယ်မြေသခင်၏ အိမ်တော်သို့ ဝင်သင့်မဝင်သင့် စဥ်းစားချင့်ချိန်နေခဲ့သည်။
သို့သော်လည်း အကြည့်တစ်ချက်နှင့်ပင် သူသည် နယ်မြေသခင်က မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို မပြောနိုင်ဘဲ ဖြစ်နေသည်။
ထိုအချိန်တွင် နယ်မြေသခင်သည် သူ၏ ခေါင်းကို မော့ကာ ကောင်းကင်သို့ ကြည့်လိုက်သည်။ မဟာလမ်းစဥ်ဖိအားများက တဖြည်းဖြည်းပို၍ အားကောင်းသန်မာလာသည်။ ရာသီဥတုက ပြောင်းလဲသွားပြီး နတ်ဘုရားကပ်ဘေး လက္ခဏာများ ပေါ်ပေါက်လာသည်။ ကောင်းကင်ထက်တွင် ဖိနှိပ်နိုင်သော အရှိန်အဝါတို့ လွှမ်းခြုံလာ၏။ တိမ်တိုက်များက အနီးဝန်းကျင် တစ်သောင်းလောက် မိုင်အကွာအဝေးထိပင် ဖြစ်ပေါ်နေခဲ့သည်။
“ကြည့်ရတာ ကျုပ်လာတာ အချိန်မှန်ပဲ။ နတ်ဘုရားကပ်ဘေး ကျရောက်တော့မယ့် အချိန် ရောက်လာပြီမလား။” နယ်မြေသခင်က အင်ပါယာရှီကို ကြည့်ကာ ပြောလိုက်သည်။
“အင်း မကြာခင်ပေါ့။” အင်ပါယာရှီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “မကြာခင်မှာ နတ်ဘုရားကပ်ဘေး ကျရောက်တော့မယ်။ အချိန်ကို ခပ်ရေးရေး ခံစားမိနေတယ်။ အခု အဲဒါက လာနေပြီ။”
သူက ပြောပြီးသည်နှင့် လူအုပ်ကြီးကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။ “လူတိုင်းပဲ ကိုယ့်နေရာကိုယ် သေချာယူပြီးတော့ ခုခံကာကွယ်ဖို့ ပြင်ဆင်ထားကြပါ။ ဒီနတ်ဘုရားကပ်ဘေးက ကျုပ်ကို ရည်ရွယ်တာ ဆိုပေမယ့် ခင်ဗျားတို့တွေ မတော်တဆ ထိခိုက်မိမှာကို စိုးမိတယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့ အားလုံးပဲ ကိုယ့်ကိုကိုယ် ကာကွယ်ပြီးသတိထားကြဖို့ မျှော်လင့်ပါတယ်။”
“အင်ပါယာရှီရဲ့ သတိပေးမှုကို ကျေးဇူးအများကြီးတင်ပါတယ်။” လူတိုင်းက အင်ပါယာရှီကို ကြည့်ကာ ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။ နောက်တခဏတွင် သူတို့၏ ကိုယ်ပိုင်အဖွဲ့များအတွင်းမှ တန်ခိုးရှင်များနှင့်အတူ တဖြည်းဖြည်း နေရာမှ ဆုတ်ခွာသွားကြသည်။ ထိပ်သီးပုဂ္ဂိုလ်များက သူတို့၏ ရှေ့ဆုံးသို့ ရောက်လာကြ၏။ မဟာလမ်းစဥ် အရှိန်အဝါတို့က သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေခဲ့သည်။ သူတို့က မကြာခင်လာတော့မည့် အခိုက်အတန့်အတွက် ပြင်ဆင်နေကြသည်။
“နတ်ဘုရားကပ်ဘေးက လာနေပြီ။ ခင်ဗျားတို့အားလုံး အနောက်ကို ဆုတ်ပြီး ရပ်ကြပါ။” အင်ပါယာရှီက သူ့နောက်မှ လူအုပ်ကြီးကို ညွှန်ကြားလိုက်သည်။ လူအုပ်ကြီးက ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားခဲ့၏။ အင်ပါယာရှီက ခေါင်းကို မော့၍ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် အရှိန်အဝါများက ကောင်းကင်ထက်တွင် စုစည်းလာနေ၏။ နတ်ဘုရားကပ်ဘေး တိမ်တိုက်များက လျင်မြန်စွာ စုစည်းလာနေပြီး ပို၍ ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။
“ကြည့်ရတာ အချိန်ကျလာပြီထင်တယ်။” ရီဖူရှင်းက ခေါင်းကို မော့၍ ကောင်းကင်ကို ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။ ဤမဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးက အသက်ရှိနေသလို ထင်မှတ်ရသည်။ ထိုအရှိန်အဝါများက ရီဖူရှင်းကို မွန်းကြပ်လာအောင် ပြုလုပ်နေပြီး ၎င်းသည် ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာတော့မလို ထင်မှတ်ရပေသည်။ နတ်ဘုရားကပ်ဘေးတွင် နှိုင်းယှဥ်၍ မရနိုင်သော စွမ်းအားများ ပါဝင်နေသည်။
လူအုပ်ကြီး၏ အရှေ့တွင် ရပ်နေသော ဆေးပါယာက ပြောလိုက်သည်။ “ကျုပ်တို့ အနောက်ကို ပြန်ဆုတ်ပြီး အင်ပါယာရှီအတွက် နေရာတစ်ချို့ပေးကြတာပေါ့။”
သူက ပြောပြီးသည်နှင့် တန်ခိုးရှင်တစ်စုက နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။ သူတို့သည် လိပ်နတ်ဘုရားတောင်ထွတ်၏ အစွန်းသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့က လေထဲမှာ ရပ်ရင်း အင်ပါယာရှီရှိသောနေရာသို့ လှမ်းကြည့်နေကြသည်။ ဆေးအင်ပါယာ၏ ခန္ဓာကိုယ်မှ အလွန်အစွမ်းထက်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အကြွင်းမဲ့ မဟာလမ်းစဥ် နယ်မြေတစ်ခု ဖြစ်ပုံရပြီး လူအုပ်ကြီးကို ကာကွယ်ပေးထားသည်။
လိပ်နတ်ဘုရားကျွန်းစုပေါ်တွင် ရှိနေသော တန်ခိုးရှင်အများစုမှာ ကောင်းကင်ကို မော့ကြည့်နေကြသည်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားကပ်ဘေးတိမ်တိုက်များက လိပ်နတ်ဘုရားကျွန်းစု၏ ကောင်းကင်ထက်တွင် စုစည်းလာပြီး ကောင်းကင်တစ်ခုလုံးက မှောင်မည်းလာသည်ဟု ထင်မှတ်ရသည်။ ထိုမြင်ကွင်းက အလွန်ဖွယ် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။
ဒါက…
လူအများသည် ထိုအရှိန်အဝါကို ခံစားမိသောအခါ အံ့သြနေသည့် အမှုအရာတို့ကို ထုတ်ဖော်ပြသလာသည်။ တစ်စုံတစ်ယောက်က အသံနိမ့်နိမ့်နှင့်ပြောလိုက်၏။ “အင်ပါယာရှီ အန္တရာယ်ရှိနိုင်လား။”
ကောင်းကင်ထက်မှ အရှိန်အဝါသည် သူတို့ကို တုန်ယင်လာအောင် ပြုလုပ်နိုင်သည်။ ၎င်းက အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုစွမ်းအားက သူတို့အပေါ်တို့ ဆင်းသက်လာခဲ့လျှင် အကျိုးဆက်မှာ မှန်းဆ၍ မရနိုင်အောင်ပင် ဖြစ်သည်။
“အင်ပါယာရှီရဲ့ ကျင့်ကြံခြင်းက အရမ်းမြင့်တယ်။ တုန်းဟွာနယ်မြေမှာ ရှိတဲ့ လူအနည်းငယ်ကပဲ သူနဲ့ ယှဥ်နိုင်လိမ့်မယ်။ သူက အဆင်ပြေမှာပါ။” တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။ လူအများက အလွန် ယုံကြည်ချက်ရှိနေကြသော်လည်း ထိုသူ၏ မျက်လုံးများထဲတွင် လေးနက်မှုတို့ ရှိနေခဲ့၏။ သိသာစွာပင် သူသည် တစ်ခုခုကို စိုးရိမ်နေခဲ့၏။
အင်ပါယာရှီက လိပ်နတ်ဘုရားကျွန်းစု၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မည်သူကမှ သူ့ကို တစ်ခုခုဖြစ်မသွားစေလိုကြပေ။ အင်ပါယာရှီက ထိုကပ်ဘေးကို ရင်ဆိုင်ရာ၌ အောင်မြင်ခဲ့လျှင် သူသည် နောက်ထပ် အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။ သူက တုန်းဟွာနယ်မြေတွင် အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်လာနိုင်သည့် အခွင့်အရေးရှိနေသည်။
အရှေ့နတ်ဘုရားကျွန်းစုမှ တန်ခိုးရှင်များသည်ပင် ထိုသို့သော ဒဏ္ဍာရီဆန်မှုကို မျက်မြင် ကြုံတွေ့ချင်နေကြသည်။
လိပ်နတ်ဘုရားကျွန်းစု၏ အစွန်းဘက် နတ်သမုဒ္ဒရာရှိ လူအများသည်လည်း ကောင်းကင်သို့ မော့ကြည့်နေကြသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို အဝေးမှပင် သိမြင်ခံစားနိုင်ကြ၏။ ထိုအချိန်တွင် နတ်သမုဒ္ဒရာကုန်းမြေတစ်ခုလုံးကို မုန်တိုင်းထန်သွားစေသည်။
ထိုကုန်းမြေပေါ်မှ တန်ခိုးရှင်များက ကောင်းကင်၏ ထူးဆန်းစွာ ပြောင်းလဲမှုကို မြင်နိုင်ကြသည်။ သူတို့သည် လိပ်နတ်ဘုရားကျွန်းစုနှင့် အဝေးတွင်သာ ရှိနေသောကြောင့် သူတို့ခံစားရသည့် အရှိန်အဝါက အနည်းငယ် အားနည်းနေခဲ့သည်။ ၎င်းက ကျွန်းပေါ်မှာလောက် ကြောက်မက်ဖွယ် မကောင်းလှပေ။ နတ်ဘုရားကပ်ဘေးတိမ်တိုက်အားလုံးက ကျွန်းပေါ်သို့ စုဝေးသွားနေခဲ့သည်။
လိပ်နတ်ဘုရား ကျွန်းစုပေါ်တွင် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူ၏ ခေါင်းကို မော့ကာ ကောင်းကင်သို့ ကြည့်လိုက်သည်။ နတ်ဘုရားကပ်ဘေး၏ ခရမ်းရင့်ရောင် အလင်းများက တဖြည်းဖြည်းနှင့် ကောင်းကင်ထက်တွင် စုစည်းလာပြီး သူတို့ပေါ်သို့ တောက်ပသော အလင်းများ ဖြာကျနေသည်။ ၎င်းထံတွင် ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်နေပြီး တွေးကြည့်နိုင်သည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကြောင်းနေသည်။ မဟာလမ်းစဥ်အက်ကြောင်းများက လေဟာနယ်အတွင်း ပေါ်ပေါက်လာသည်။ အက်ကြောင်းများက ကြောက်မက်ဖွယ်ကောင်းလှအောင် နက်ရှိုင်းလှသည်။
မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်သည်ပင် သူ့ပေါ်သို့ ကျရောက်လာသည့် ပြင်းထန်သော အင်အားတို့ကို ခံစားမိပေသည်။
၎င်းက နတ်ဘုရားကပ်ဘေးပင် ဖြစ်သည်။ မဟာလမ်းစဥ်က အင်ပါယာရှီကို လက်သင့််မခံနိုင်တော့ပေ။ လောက၏ လမ်းစဥ်က အင်ပါယာရှီကို တည်ရှိရန် ခွင့်မပြုနိုင်တော့ပါချေ။
မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်အတွက် ထိုသို့သော စွမ်းအားမျိုးကို ကြုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူက ထိုကြောက်မက်ဖွယ် ပျက်စီးခြင်း စွမ်းအားတို့ တဖြည်းဖြည်း စုဝေးလာနေသည်ကို ကြည့်ရင်း လေထဲတွင် တစ်ယောက်တည်း ရပ်နေသည့် အင်ပါယာရှီကို ကြည့်လိုက်သည်။ သူ၏ ရှည်လျားသော ဝတ်ရုံက လေမတိုက်ခတ်ပါဘဲနှင့် တဖျတ်ဖျတ် လွင့်ဝဲနေခဲ့သည်။ သူ၏ ဝန်းကျင်တွင် မဟာလမ်းစဥ်နတ်အရှိန်အဝါတို့ကို ထုတ်လွှတ်ထား၏။
ယခု အင်ပါယာရှီသည် ကောင်းကင်နှင့် စစ်ခင်းရန် ပြင်ဆင်နေသည်။
ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အလင်းတို့က ကောင်းကင်ထက်တွင် အသံတစ်စက် မထွက်ဘဲ ကျဆင်းလာနေသည်။ ၎င်းသည် အနီးဝန်းကျင်မှ လူတို့၏ မျက်လုံးများကို ကျိန်းသွားစေခဲ့သည်။ လူအများက သူတို့၏ မျက်လုံးများကို မှိတ်လိုက်ကြသည်။ ထိုမျက်စိကျိန်းလောက်သော အလင်းများက လေဟာနယ်ကို စုတ်ဖြဲပစ်နေ၏။ ၎င်းက အင်ပါယာရှီထံသို့ တိုက်ရိုက်ဆင်းသက်လာကာ တိုက်ခိုက်လိုက်သည်။
လူအများမျှော်လင့်သလို ကြောက်မက်ဖွယ် တုန်ခါသံများ မရှိဘဲ ဖျက်ဆီးခြင်း စွမ်းအားများသာလျှင် ပါဝင်ပေသည်။ အဆုံးမဲ့ ဖျက်ဆီးခြင်း အလင်းများက အင်ပါယာရှီ၏ ပုံရိပ်ကို ဝန်းရံထားပြီး သူ၏ လမ်းစဥ် ခန္ဓာကိုယ်ကို အပိုင်းပိုင်း စုတ်ဖြဲကာ ဖျက်ဆီးပစ်တော့မလို့ ထင်မှတ်ရသည်။
ထိုအခိုက်အတန့်တွင် အင်ပါယာရှီ၏ ဆံပင်များက လေထဲတွင် ကခုန်နေခဲ့သည်။ ၎င်းကို ကြည့်ရသည်မှာ သူ၏ အနီးတွင် ဖျက်ဆီးခြင်း ငွေရောင်မြွေများ ရစ်ပတ်ထားသလို ထင်မှတ်ရပေသည်။ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် အက်ကြောင်းများက လေဟာနယ်အတွင်းတွင် အဆက်မပြတ် ပေါ်ပေါက်လာသည်။
အောက်ဘက်ရှိ လိပ်နတ်ဘုရားတောင်ထွတ်သည် မည်သည့် အသိပေးချက်မှ မရှိဘဲနှင့် ဖုန်မှုန့်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ၎င်းသည် မည်သည့်အခါကမှ မတည်ရှိခဲ့ဖူးသလို ထိုကဲ့သို့ ပျောက်ကွယ်သွားပေသည်။
အနီးဝန်းကျင်ရှိ တန်ခိုးရှင်များသည် သူတို့၏ နှလုံးသားများက တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ ထိပ်သီး တန်ခိုးရှင် များက ထိုပြင်းထန်လှသော စွမ်းအားတို့ကို တားဆီးကာကွယ်ထားလိုက်သည်။
နတ်ဘုရားကပ်ဘေးက ကောင်းကင်၏ အပြစ်ပေးမှုနှင့် တူညီသည်။
ကောင်းကင်ထက်တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတို့ စုစည်းလာသည်။
လူအများက ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။ ထိုနေရာတွင် နတ်ဘုရားပြစ်ဒဏ် ဓားများ ရှိနေခဲ့သည်။ ၎င်းတို့က ကောင်းကင်ထက်မှ ကျဆင်းလာပြီး ကောင်းကင်ကို ထိုးဖောက်ပစ်လိုက်သည်။ ယင်းတို့သည် ပုန်းလျှိုးကွယ်လျှိုးနှင့် အင်ပါယာရှီ၏ ပုံရိပ်ကို ထိုးစိုက်တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသည်။
ဘုန်း! အင်ပါယာရှီ၏ ဆံပင်ရှည်များက ပြင်းထန်စွာ ကခုန်နေခဲ့သည်။ သူ့ အ၀တ်စားများက စုတ်ဖြဲခံလိုက်ရပြီး သူ၏ ပုံရိပ်သည် နတ်ဘုရားကပ်ဘေး အလင်းများဖြစ် ထိုးဖောက်ခံလိုက်ရသည်။ သူသည် အမှန်တကယ် ပါးစပ်အပြည့် လတ်ဆတ်သော အနီရောင်သွေးများကို အန်ထုတ်လိုက်ရ၏။ သို့သော်လည်း သူ့ မျက်လုံးများထဲတွင် ခိုင်မာမှုများနှင့် ကောင်းကင်သို့ မော့ကြည့်နေခဲ့သည်။ သူ့မျက်လုံးထဲမှ ဆုံးဖြတ်ချက် ပြတ်သားမှုများက မယိမ်းမယိုင်ဘဲ ရှိနေခဲ့သည်။
နှစ်ပေါင်းထောင်ချီကြာအောင် ကျင့်ကြံခဲ့ပြီးနောက် သူသည် နောက်ဆုံး၌ ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ သူသည် နတ်ဘုရားကပ်ဘေးက သူ့အား ဖျက်စီးပစ်ရန် မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။ သူက ထိုလမ်းကို လျှောက်ရန် ရွေးချယ်ခဲ့စဥ်ကတည်းက တလောကလုံး၏ အထက်တွင် ရပ်တည်ရန် ကံကြမ္မာရှိပေသည်။
အင်ပါယာရှီ၏ ပုံရိပ်က ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။ လူအုပ်ကြီးသည် အံ့သြတုန်လှုပ်သော အကြည့်များနှင့် စောင့်ကြည့်နေခဲ့၏။ သူသည် ကောင်းကင်ထက်သို့ တိုက်ရိုက် ထိုးတက်သွားပြီး ဖျက်ဆီးခြင်း မုန်တိုင်း၏ အလယ်သို့ တိုးဝင်သွားခဲ့သည်။ ချက်ချင်းပင် သူ့ကို ပြင်းထန်လှသော လေပွေများက ဝါးမြိုသွားခဲ့လေ၏။
***