လိပ်နတ်ဘုရားတောင်ထွတ်က အလွန်ကျယ်၀န်းလှသည်။ ထိုနေရာမှာ အင်ပါယာရှီ၏ ကျင့်ကြံသော နေရာဖြစ်သည်။ တောင်ထိပ်သို့ ရောက်ရှိသော သူများတွင့ မည်သူကမှ အင်ပါယာရှီကို အနှောက်အယှက်မပေးဝံ့ကြပေ။ သူတို့သည် လိပ်နတ်ဘုရားတောင်ထွတ်၏ အပြင်ဘက်နေရာ၌သာ ရပ်နေနိုင်ကြပေသည်။
ရီဖူရှင်းနှင့် သူ၏ အဖွဲ့က လိပ်နတ်ဘုရားတောင်ထိပ်သို့ ရောက်လာသောအခါ အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာ၌ ခမ်းနားခြင်းမရှိပဲ သမရိုးကျ စီစဥ်ထားပုံရသော အဆောက်အဦးတစ်ချို့ ရှိနေခဲ့သည်။ သို့သော်လည်း ၎င်းတို့တွင် နတ်ဘုရားအရှိန်အဝါတို့ကို သယ်ဆောင်ထားပေသည်။ ယင်းတို့က နတ်ဘုရားတို့၏ နယ်မြေတစ်ခုကဲ့သို့ ထင်မှတ်ရသည်။ ထိုသည်မှာ အတိအကျပင် အင်ပါယာရှီ ရှိနေသော နေရာဖြစ်၏။
တန်ခိုးရှင်များသည် လိပ်နတ်ဘုရားတောင်ထွတ်တွင် နေရာယူထားခဲ့ကြသည်။ ထိုကြီးမားလှသော လူအုပ်ကြီးထဲတွင် အလွန် မြင့်မားသော ကျင့်ကြံဆင့်ရှိသူအများကြီး ပါရှိပေသည်။ ထတောင်ထိပ်ပေါ်တွင် အဆင့်မြင့်ရန်ဟောင်များကို နေရာအနှံ့ မြင်တွေ့နိုင်ပေသည်။
ထိုအချိန်တွင် ရီဖူရှင်းသည် တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည်အား ခံစားမိလိုက်သည်။
သူ လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသည့် တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည်။ သူက ထိုတန်ခိုးရှင်အား အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ကျင့်ကြံစဥ်တွင် မြင်ဖူးခဲ့သည်။ ထိုသူမှာ ရှေးဟောင်းတော်၀င်မိသားစုဖြစ်သော ကျန်းကလန် မှ ကျန်းကျိုမင် ဖြစ်လေသည်။
ရှေးဟောင်းတော်၀င်မိသားစုဖြစ်သော ကျန်းကလန်သည် အလွန် ရှေးကျလှသည့် ကလန်တစ်ခုဖြစ်သည်။ သူတို့က အဓိက ကုန်းမြေခုနှစ်ခုအနက် တစ်ခုဖြစ်သော လော့ထျန်းကုန်းမြေ၏ ကာကွယ်သူများ ဖြစ်ကြသည်။ ထိုကလန်တွင် အဆင့်မြင့် တန်ခိုးရှင်များစွာရှိပြီး ကျန်းကျိုမင်က သူ၏ မျိုးဆက်အတွင်း နံပါတ်တစ်ကျင့်ကြံသူ ဖြစ်သည်။ လော့ထျန်းကုန်းမြေနှင့် ဖမ်းလိုင်ကုန်းမြေတို့ နှစ်ခုလုံးက တုံ့လိုင်ကုန်းမြေ၏ အရှေ့ဘက်တွင် တည်ရှိကြပြီး အလွန်နီးကပ်လျက် ရှိသည်။ ကျန်းကျိုမင်သည် ယခင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ကျင့်ကြံရန် လာရောက်စဥ် သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ဆေးလုံးများ ရရှိနိုင်မလားဟု ကံစမ်းလိုခဲ့သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် အလွန် အစွမ်းထက်လှသည့် ကျင့်ကြံသူ ရီဖူရှင်းနှင့် တွေ့ဆုံခဲ့ပြီး ကျရှုံးခဲ့လေသည်။
ထိုအချိန်၌ ကျန်းကျိုမင်သည် ရီဖူရှင်းထံသို့ လျှောက်လာခဲ့သည်။ သူ၏ နောက်တွင် ရှေးဟောင်းတော်၀င်မိသားစုဖြစ်သော ကျန်းကလန်မှ ကျင့်ကြံသူများစွာ ပါလာခဲ့သည်။ သူ
က ရီဖူရှင်း၏ ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။ “ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ။ အစ်ကိုယဲ့နဲ့ ကျွန်းသခင်ကို ဒီမှာထပ်ပြီးတွေ့ရမယ်လို့ မျှော်လင့်မထားမိခဲ့ဘူး။”
ကျွန်းသခင်ဟူသော စကားလုံးမှာ တုံ့လိုင်နတ်မိမယ်ကို ရည်ညွှန်းခြင်းဖြစ်သည်။
“တကယ့်ကို တိုက်ဆိုင်တာပဲ။” ရီဖူရှင်းက ပြုံးလိုက်သည်။ တုန်းဟွာနယ်မြေအကြောင်း လေ့လာပြီးနောက် သူသည် ရှေးဟောင်းတော်ဝင်မိသားစုဖြစ်သော ကျန်းကလန်က လော့ထျန်းကုန်းမြေ၌ အားအကောင်းဆုံး ကလန်တစ်ခုဖြစ်သည်ကို သိရှိနားလည်ခဲ့သည်။ သူတို့က လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျကာ အရင်းအမြစ်များ ပေါကြွယ်၀စွာ ရရှိနိုင်ကြသည်။
“ဒီလို ပါရမီမျိုးနဲ့ အစ်ကိုယဲ့က ဒီနေရာမှာ ထွက်ပေါ်လာတာက တကယ့်ကို ပုံမှန်ပဲမို့လို့ ထင်ထားပြီးသားပါ။ ကျုပ်လည်း ခင်ဗျား ဒီနေရာကို ရောက်လာလိမ့်မယ် ဆိုတာကို မှန်းထားပြီးသားမို့ မထူးဆန်းတော့ပါဘူး”။ ကျန်းကျိုမင်က ပြုံးလိုက်သည်။ ထို့နောက် သူက ရီဖူရှင်း၏ ဘေးတွင် ရပ်နေသော ကျုံးချန်၊ လီချန်ရှန်းနှင့် အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်က ကျန်းကလန်က ကျန်းကျိုမင်ပါ။ ခင်ဗျားတို့အားလုံးက ၀မ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေဟုတ်တယ်မလား”။
ယခု သူသည် ထိုနေရာသို့ လျှောက်လာနေရင်း ရီဖူရှင်း၏ အဖွဲ့ကို အကြမ်းဖျင်း ခန့်မှန်းကြည့်ခဲ့ပြီး ကျုံးချန်နှင့်အခြားလူများကို မည်သူမှန်းသိရှိခဲ့ပေသည်။
မကြာသေးခင်က သူသည် ရီဖူရှင်းက ၀မ်ရှန့်စောင့်ကြည့်မျှော်စင်တွင် စတင် ကျင့်ကြံနေပြီဟူသော သတင်းကို ၀မ်ရှန့်စောင့်ကြည့်မျှော်စင်သို့ သွားခဲ့သော ရှေးဟောင်းတော်ဝင် ယန်မိသားစုထံမှ ကြားခဲ့ရသည်။
“ရှေးဟောင်းတော်ဝင်မိသားစု ကျန်းကလန်လား။” လီချန်ရှန်းနှင့် ကျုံးချန်တို့က တစ်ဖက်လူ ဆင်းသက်လာသည့် မျိုးဆက်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့သည်။ သူတို့က ပြုံးကာ ခေါင်းညိတ်လိုက်၏။
“ကျွန်းသခင်နဲ့ အစ်ကိုယဲ့တို့ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် အတူသွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ အခု အစ်ကိုယဲ့က ၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှာ ကျင့်ကြံနေခဲ့ပြီး ဆေးအင်ပါယာရဲ့ လမ်းညွှန်မှုကို ရရှိခဲ့တာဆိုတော့ ခင်ဗျားက တကယ့်ကို ကျော်ကြားတဲ့ဆရာတစ်ယောက် တွေ့သွားပြီလို့ ပြောနိုင်တာပေါ့။” ကျန်းကျိုမင်က ပြောလိုက်သည်။ ထိုအချိန်၌ သူသည် ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ဆက်လက်နေထိုင်နေပါလျှင် သူ၏ ပါရမီက အလကားဖြစ်သွားရတော့မည်ဟု တွေးမိခဲ့သည်။
သို့သော်လည်း မမျှော်လင့်ဘဲ တုံ့လိုင်နတ်မိမယ်က ရီဖူရှင်းကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ပို့ဆောင်ခဲ့သည်။ ထိုသည်မှာ ရီဖူရှင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ လျှို့ဝှက်နယ်မြေသို့ ၀င်ရောက်သွားစဥ်အခါက အရေးကြီးသော တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်ဟု သူ့အား ယုံကြည်မိစေသည်။
“ကျုပ်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ လေ့လာနေရုံပါပဲ။ ဆေးအင်ပါယာရဲ့ တပည့်ဖြစ်လာတာ မဟုတ်ပါဘူး။” ရီဖူရှင်းက အပြုံးနှင့် ရှင်းပြလိုက်သည်။ မည်သို့ဖြစ်၍ လူတိုင်းက သူ့ကို ဆေးအင်ပါယာက တပည့်တစ်ယောက်အဖြစ် ခေါ်ဆောင်သည်ဟု ယုံကြည်နေရသနည်း။
ကျန်းကျိုမင်က မည်သည့်စကားမှ မပြောတော့ဘဲ ပြုံးလိုက်သည်။ သူ၏ အမြင်အရ ထိုနှစ်ခုက ကွာခြားခြင်းမရှိပေ။
“ရှင်က ကျုံးချန်လား။” ကျန်းကျိုမင်၏ ဘေးတွင် ရပ်နေသော အမျိုးသမီးတစ်ယောက်က ကျုံးချန်ကို ကြည့်၍ မေးလိုက်သည်။ သူမက ကျန်းချီရှန်းဖြစ်ပြီး ရှေးဟောင်းတော်၀င်မိသားစုဖြစ်သော ကျန်းကလန်မှ ရန်ဟောင်အဆင့်ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ သူမတွင် ခမ်းနားထည်ဝါသော အရှိန်အဝါတို့ ရှိနေ၏။ သူမ၏ လှပသော မျက်လုံးများက ကျုံးချန်ကို စူးစိုက်ကြည့်နေခဲ့သည်။
ရှေးဟောင်းတော်ဝင် မိသားစုဖြစ်သော ကျန်းကလန်မှ စီနီယာများအပါအဝင် ပြင်ပလောကမှ လူများသည် ကျုံးချန်ကို အလွန်ပင် ချီးမွမ်းမြှောက်စား ကြလေသည်။
“အင်း” ကျုံးချန်က ခေါင်းညိတ်လိုက်သည်။
“ကျွန်မရဲ့ စီနီယာတွေဆီကနေပြီးတော့ ကြားတာတော့ ရှင်က ပြီးပြည့််စုံတဲ့ မဟာလမ်းစဥ်နဲ့ အဆင့်ခုနှစ်ရန်ဟောင် ဖြစ်သွားပြီဆို။” ကျန်းချီရှန်းက တွေဝေခြင်းမရှိပဲ မေးလိုက်သည်။ ကျုံးချန်က ခေါင်းညိတ်လိုက်၏။
ရှေးဟောင်းတော်ဝင်မိသားစုဖြစ်သော ကျန်းကလန်မှ တန်ခိုးရှင်များစွာက သူ့ကို ကြည့်လိုက်ကြသည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ် သတ္တမအဆင့်ရန်ဟောင်တစ်ပါးဖြစ်သော သူ၏ တိုက်ပွဲစွမ်းရည်က မည်မျှသန်မာလိမ့်မည်နည်း။
သူက ထိပ်တန်းအဆင့်ကိုးရန်ဟောင်များထက်ပင် နှိုင်းယှဥ်၍ မရနိုင်အောင် သန်မာအားကောင်းပေလိမ့်မည်။
၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားသော ထိပ်တန်းအဆင့် တန်ခိုးရှင်တစ်ယောက် ထွက်ပေါ်လာတော့မည်ဖြစ်သည်။
အဝေးမှ တန်ခိုးရှင်တစ်ယောက်က သူတို့ကို ကြည့်နေသည်။ ထို တန်ခိုးရှင်သည် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များ ရှိရာနေရာတွင်ရှိနေပြီး ထိုသူမှာ လင်းဟယ်ပင် ဖြစ်သည်။
မကြာသေးခင်က သူသည် သူ့လူများကို ရီဖူရှင်းအကြောင်း စုံစမ်းခိုင်းခဲ့ပြီး သူက ရီဖူရှင်း၏ သတင်းအချက်အလက်များကို ရရှိခဲ့သည်။ တိုက်ဆိုင်စွာပင် ယန်ယွင်ကုန်းမြေမှ တန်ခိုးရှင်များသည်လည်း ရောက်လာကြပေဖြစ်သည်။ သူသည် လွန်ခဲ့သော လအနည်းငယ်ခန့်က ယန်ယွင်ကုန်းမြေရှိ ရှေးဟောင်းတော်၀င် ယန်မိသားစုမှ တန်ခိုးရှင်များက တုန်းရှောင်းကုန်းမြေသို့ သွားကာ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်ကို ရန်စခဲ့သည်အား သိရှိခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ သူတို့က ထိုနေရာတွင် အတိုက်အခံနှင့် တွေ့ဆုံခဲ့ရသည်။ နောက်ထပ် လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်တစ်ဦးမှာလည်း ၀မ်ရှန့်စောင့်ကြည့်မျှော်စင်သို့ တစ်ချိန်တည်းတွင် ရောက်လာခဲ့သည်။ သူ၏ အမည်မှာ ရီလျှို့နျန်ဖြစ်ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လာခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတစ်ခုသည် ဆေးအင်ပါယာကို သူ့အား ၀မ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ၀င်ရောက်ရန် ကိုယ်တိုင် ဖိတ်ခေါ်စေခဲ့သည်။
သူက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အလယ်အလတ် ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူ့တွင် မြင့်မားသော ပါရမီ ရှိရုံမျှမက ဆေးပညာနှင့် ကျင့်ကြံခြင်းတွင်လည်း အလွန် ထက်မြက်လှသည်။ထို့ပြင် သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဆက်ခံသူလည်း ဖြစ်ကာ ယခုတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ သဘောကျ နှစ်သက်မှုများကို ရရှိထားသည်။ ပုံမှန်အားဖြင့် သူ့ကဲ့သို့သော လူမျိုးမှာအလွန် သွေးကြီးသူတစ်ယောက်ဖြစ်လိမ့်မည်။သူ၏ ပါရမီမှာ သံသယ၀င်စရာမရှိပေ။ လင်းဟယ်က ချောက်ကမ်းပါး၌ သူ့ကို ရှုံးနိမ့်ခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။
သူသည် ထိုလွန်ခဲ့သော လအနည်းငယ်၌ ရှေးဟောင်းတော်၀င် ယန်မိသားစုမှ ယန်တုန်းရန်က ရီဖူရင်းနှင့်တိုက်ခိုက်ကာ ရှုံးနိမ့်ခဲ့သည်ဟုလည်း ကြားသိခဲ့ရသည်။
လင်းဟယ်သည် မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးများထံသို့ သွားကာ အရိုအသေပေးလိုက်သည်။ “လင်းဟယ်က နတ်မိမယ်တို့ကို အရိုအသေပေးပါတယ်။”
မြူနှင်းဝေနတ်နန်းတော်မှ နတ်မိမယ်များသည် သူတို့ရဲ့လက်များကို ဆုပ်ကာ အရိုအသေပြန်ပေးလိုက်ကြသည်။ လင်းဟယ်က သာမန်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပေ။ သူသည် လင်းရှောင်နန်းတော်မှ တပည့်တစ်ဦးဖြစ်ပြီး သူတို့၏ မျိုးဆက်များက အချင်းချင်း ရင်းနှီးကြပေသည်။
ထို့ပြင် ကြည့်ရသည်မှာ လတ်တလောတွင် လင်းဟယ်က ချင်းချင်းကို လိုက်လံပိုးပန်းနေပုံရလေသည်။
“ချင်းချင်း” လင်းဟယ်က ချင်းချင်းကို ကြည့်လိုက်သည်။ သူမက ထိုနေ့က ချောက်ကမ်းပါးတွင် သူနှင့်အတူ ခရီးသွားခဲ့သော နတ်မိမယ် ဖြစ်လေသည်။ ချင်းချင်းက မြူနှင်းဝေနတ်နန်းတော်သခင်၏ တပည့်တစ်ယောက်ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းနှင့် ရုပ်ရည်သွင်ပြင်တို့မှာ အားလုံး အထက်တွင် တည်ရှိပေသည်။
ချင်းချင်းက ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်လုံးများက အခြားတစ်နေရာတွင် ရှိနေသည်။ သူမ၏ အကြည့်များကို လိုက်၍ ကြည့်လိုက်သောအခါ သူမက ရီဖူရှင်းနှင့် ကျုံးချန်တို့၏ ဘက်သို့ ကြည့်နေသည်အား သတိပြုမိလိုက်သည်။
သိသာစွာပင် ရီဖူရှင်းက ချင်းချင်းထံ၌ နက်ရှိုင်းသော အထင်ကြီးမှုကို ချန်ရစ်ထားနိုင်ခဲ့ပေသည်။
“အိုး… အဲဒီတော့ သူက ၀မ်ရှန့်စောင့်ကြည့်မျှော်စင်က ကျင့်ကြံသူတစ်ယောက်လား။” ချင်းချင်းက ပြောလိုက်သည်။
“နင်က ကျုံးချန်ကို ကြည့်နေတာလား” ဘေးမှ အမျိုးသမီးက မေးလိုက်၏။ “အခု သူက အင်အားစုတွေ အားလုံးကြားမှာ ဆွေးနွေးမှု အများဆုံး ခံရတဲ့သူဖြစ်လာတယ်။ သူက ပြီးပြည့်စုံတဲ့ မဟာလမ်းစဥ်နဲ့ အဆင့်မြင့်ရန်ဟောင် ဖြစ်သွားပြီလို့ ပြောတယ်။ သူက အနာဂတ်မှာ တုန်းဟွာနယ်မြေအတွင်းက ထိပ်သီး ပုဂ္ဂိုလ်တွေကြားမှာ တစ်ယောက်ဖြစ်လာဖို့ ကံကြမ္မာရှိတယ်။”
ချင်းချင်းက ကျုံးချန်ရပ်နေရာကို ကြည့်လိုက်သည်။ ရီဖူရှင်းက သူ၏ ဘေး၌ ရပ်နေခဲ့၏။
“ဆံပင်အဖြူရောင်နဲ့ ကျုံးချန်ဘေးမှာ ရပ်နေတဲ့သူက ဘယ်သူလဲ” ချင်းချင်းက မေးလိုက်သည်။
ထို့နောက်တွင်မှသာ လူအများက ရီဖူရှင်းကို သတိပြုမိလိုက်ကြသည်။ ထို ဆံပင်အဖြူရောင်နှင့် လူငယ်သည်လည်း အမှန်တကယ်ပင် ထူးခြားသာလွန်လှသော အရှိန်အဝါရှိသည်။ သူက အလွန်ပင် တောက်ပနေပုံရသည်။ သူ့အနီးမှ လူများကြားတွင် သူက အချောဆုံး ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ကျင့်ကြံခြင်းလောကမှ လူများက ယောက်ျားတစ်ယောက်၏ ရုပ်ရည်ကို ဂရုစိုက်ခြင်းမရှိပေ။ သူတို့က သူ၏ ကျင့်ကြံခြင်း အဆင့်ကိုသာ အာရုံစိုက်ကြပေသည်။ အထူးသဖြင့် ရန်ဟောင်အဆင့်ရှိသော တန်ခိုးရှင်များသည် ယောက်ျားတစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်ကြပေ။
ထို့ကြောင့် ကျုံးချန်ကပို၍ မျက်စိ ဖမ်းစားစရာ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
သို့ဆိုလျှင် ချင်းချင်းက မည်သည့်အတွက် ရီဖူရှင်းကို သတိပြုမိရသနည်း။
“ရီလျှို့နျန်” ထိုအချိန်၌ အလွန်ထက်မြက်သော အရှိန်အဝါတို့နှင့် ကျင့်ကြံသူတစ်ဦးက လူအုပ်ကြီးဆီသို့ လျှောက်လာခဲ့သည်။ သူမသည် ချင်းချင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာတွင် ဆွဲဆောင်မှုသိပ်မရှိလှ သော်လည်း သူမ၏ ထူးချွန်ထက်မြက်သော အရှိန်အဝါက ချင်းချင်းထက် ပို၍ အားကောင်းသန်မာပေသည်။ လူအများက သူမကို လေးစားမှုနှင့် ကြည့်လိုက်ကြသည်။
“အစ်မ သူ့ကိုသိလား။” ချင်းချင်းက မေးလိုက်သည်။
“သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ။ တုံ့လိုင်နတ်မိမယ်က သူ့ကို ခေါ်ပြီး ၀မ်ရန့်စောင့်ကြည့်မျှော်စင်ကို လာခဲ့တာ သိပ်မကြာသေးဘူး။ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ ဝင်ခွင့်စစ်ဆေးပွဲမှာ တန်ခိုးရှင်တွေ အများကြီးကို ချက်ချင်းပဲ အနိုင်ယူနိုင်ခဲ့တယ်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုရဲ့ မင်းသားဖြစ်တဲ့ ယန်တုန်းရန်ကလည်း ယန်ယွင်ကုန်းမြေကနေ သူရဲ့ တန်ခိုးရှင်စစ်တပ်ကို ဦးဆောင်လာခဲ့ပြီးတော့ ၀င်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့တယ်။ သူတို့က ခဏလေးအတွင်းမှာ တုန်းရှောင်းကုန်းမြေရဲ့ တန်ခိုးရှင်တွေ အားလုံးကို ချေမှုန်းနိုင်ခဲ့တယ်။ ဒါပေမယ့် သူက ရီဖူရှင်းရဲ့ ဟန့်တားခြင်းကို ခံလိုက်ရပြီး သူ့ကြောင့်နဲ့ပဲ ရှုံးနိမ့်ခဲ့တယ်။” အမျိုးသမီးက ပြောလိုက်သည်။ “ရီလျှို့နျန်က အဆင့်လေးရန်ဟောင်တစ်ပါးဖြစ်ပြီး သူ့မှာ ပြီးပြည့်စုံတဲ့ မဟာလမ်းစဥ်နတ်ဝင်ရိုး ရှိတယ်။ သူက ဆေးပညာနှင့် ဓားစွမ်းရည်မှာပါ ထူးချွန်တဲ့အပြင် မှော်ပညာနဲ့ တခြားစွမ်းရည်တွေမှာလည်း ပါရမီရှိတယ်။ အဲဒါကြောင့် သူက သူ့ရဲ့ ဓားတစ်ချက်တည်းနဲ့ ယန်တုန်းရန်ကို ရှုံးနိမ့်အောင် ပြုလုပ်နိုင်ခဲ့တယ်။”
“ဓားစွမ်းရည်လား။”
ရီဖူရှင်းကို ကြည့်နေသော ချင်းချင်း၏ မျက်လုံးများထဲတွင် အဓိပ္ပါယ်မဖော်နိုင်သော အပြုံးတို့ ရှိနေခဲ့သည်။ ထိုနေ့က ချောက်ကမ်းပါး၌ ပုဆိန်စွမ်းအားကို နားလည်သဘောပေါက် ခံစားနိုင်ခြင်းမှာ အံ့သြစရာမရှိတော့ပေ။ သူက ထူးချွန်ထက်မြက်သော ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
“ကြည့်ရတာ ဟိုနေ့တုန်းက ကျုပ်သူ့ကို ရှုံးခဲ့တဲ့ အပေါ်မှာ အကြောင်းပြချက်ကောင်း ရှိသွားပြီနဲ့တူတယ်။” လင်းဟယ်က ပြုံးလိုက်သည်။ သူ့ကို ကြည့်ရသည်မှာ အလွန် ပုံမှန်ပင်ဖြစ်နေပြီး ထိုနေ့က အဖြစ်အပျက်ကို စိတ်ထဲမှတ်ယူထားခြင်း မရှိသကဲ့သို့ပင်။
“နင်တို့က သူ့ကို သိတယ်လား။” အမျိုးသမီးက မေးလိုက်သည်။
“ကျွန်မ နတ်သမုဒ္ဒရာကုန်းမြေထဲမှာ ခရီးသွားရင်းနဲ့ သူ့ကို တွေ့ဖူးခဲ့တာ။ သူက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ချန်ထားခဲ့တဲ့ အမွေအနှစ်တွေကို ဖော်ထုတ်နိုင်ပြီးတော့ ရယူနိုင်ခဲ့တယ်လေ။” ချင်းချင်းက ပြောလိုက်သည်။ အမျိုးသမီးက ခေါင်းကို ညိတ်ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ ထိုသူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဆက်ခံသူလားဟု သူမက တွေးလိုက်၏။
သူက မည်သို့ဖြစ်စေ ရှေးဟောင်းတော်၀င်ယန်မိသားစုက သူ့ကို လွှတ်ထားလိမ့်မည်မဟုတ်ပေ။
ရီဖူရှင်းသည် စိုက်ကြည့်နေသည်များ ခံစားမိလိုက်သည့်အတွက် သူ၏ ခေါင်းကိုမော့ကာ မြူနှင်းဝေနတ်နန်းတော်မှ လူများရှိရာသို့ ကြည့်လိုက်သည်။ သူ့ဘေးမှ လီချန်ရှန်းက မေးလိုက်၏။ “ညီလေးရီ သူတို့က မင်းအကြောင်း ပြောနေတာထင်တယ်။ မင်းဘယ်အချိန်တုန်းက မြူနှင်းဝေနတ်နန်းတော်က နတ်မိမယ်တွေနဲ့ ရင်းနှီး သိကျွမ်းသွားရတာလဲ။”
“ကျွန်တော်နဲ့ အရင်က တစ်ခါဆုံဖူးတယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ “ကျွန်တော်တို့က တကယ် မရင်းနှီးကြပါဘူး။”
လီချန်ရှန်းက ခေါင်းညိတ်လိုက်သည်။ ဤကောင်လေးက အလွန် မျက်စိ ဖမ်းစားချင်စရာ ဖြစ်နေသည်ဟု ထင်ရသည်။ သူတို့က အချိန်တိုလေးအတွင်းသာ ခွဲခွာခဲ့ရသော်လည်း သူသည် မြူနှင်းဝေနတ်နန်းတော်မှ လူများနှင့်သိနေခဲ့ပြီး ဖြစ်သည်။ ထို့ပြင် သူတို့သည် သူ့အပေါ်တွင် အတော်လေး မြင့်မားစွာ တွေးထင်ထားပုံ ရလေသည်။
“ကျွန်တော်က လင်းရှောင်နတ်နန်းတော်က လင်းဟယ်ပါ။ နတ်သမုဒ္ဒရာထဲမှာ တွေ့တုန်းက ခင်ဗျားဘယ်သူဆိုတာ မသိခဲ့ဘူး။ ဒါပေမယ့် အခု ကျုပ်တို့ခင်မင်ကြလို့ရမလား။” လင်းဟယ်က ရီဖူရှင်းကို ပြောလိုက်သည်။ သူ့ကို ကြည့်ရသည်မှာ အလွန်ခင်မင်ရင်းနှီးပုံရလေသည်။
ရီဖူရှင်းက သူ့အားကြည့်လိုက်၏။ ထိုနေ့တွင် လင်းဟယ်သည် အလွန် မောက်မာရိုင်းစိုင်းလှသော်လည်း ယခုတွင် အလွန် ယဥ်ကျေးပြနေသည့်အတွက် သူ့ဘက်ကလဲ ရိုင်းစိုင်းစွာပြုမှုမည်မဟုတ်ပေ။ ထိုကြောင့် သူက ပေါ့ပေါ့ပါးပါးခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ သို့သော်လည်း သူသည် တစ်ဖက်လူနှင့် ထက်ကာ စကားပြောလိုခြင်းမရှိပဲ ယဥ်ကျေးမှုအရသာ တုံ့ပြန်လိုက်ခြင်း ဖြစ်ပေသည်။ သူ့တွင် ထိုလူငယ်နှင့် ရင်းနှီးရန် ရည်ရွယ်ချက်မရှိပေ။
ရီဖူရှင်း၏ သဘောထားကို ကြည့်ပြီး လင်းဟယ်၏ နှလုံးသားက အနည်းငယ် အေးစက်သွားသော်လည်း သူက ၎င်းအား ထုတ်ဖော်မပြသခဲ့ပေ။ သူသည် ၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှ ထိုပါရမီရှင်က အလွန်ပင် မောက်မာလှသည်ဟု ခံစားမိလိုက်ပေသည်။
“ကျွန်မက မြူနှင်းဝေနတ်နန်းတော်က ချင်းချင်းပါ” ချင်းချင်းသည်လည်း ရီဖူရှင်းကို ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ်က ရီလျှို့နျန်။” ရီဖူရှင်းက ခေါင်းညိတ် တုံ့ပြန်လိုက်သည်။ သူသည် ချင်းချင်းက ထိုနေ့တွင် ခွင့်မလွှတ်နိုင်လောက်သော အပြုအမှုမျိုးမလုပ်ခဲ့သည့်အတွက်ကြောင့် ချင်းချင်းအပေါ်တွင် ပို၍ ရင်းနှီးမှုကို ပြသရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ဆုံးဖြတ်ချက်မှာ သေချာပေါက် သူမက လှပသောကြောင့် မဟုတ်ရပါလေ။
လူအုပ်ထဲမှ တစ်ချို့လူများသည် ထိုအဖွဲ့များ စကားပြောဆိုနေသည်ကို ကြည့်ရှုလေ့လာနေကြသည်။ သူတို့သည် လိပ်နတ်ဘုရားကျွန်းစုမှ မြို့တော်သခင်၏ လူများ ဖြစ်ကြသည်။ သူတို့က နှစ်ဖက်အဖွဲ့ စကားပြောဆိုနေသည်များကို ကြားခဲ့ရသော်လည်း ဝင်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိသောကြောင့် အဖြစ်အပျက်အချို့ကို အကြမ်းဖျင်းသာ နားလည်သဘောပေါက်ခဲ့ကြသည်။
လင်းဟယ်က အလွန် အပေါ်ယံဆန်လှသည်။ ရီဖူရှင်းက လင်းဟယ်လုပ်ခဲ့သည်များကို သေချာပေါက် သိလိမ့်မည်မဟုတ်ပေ။
***