အပိုင်း (၁၉၉၅)

ရက်စက်ယုတ်မာမှု

“အယုတ်တမာကောင်” လိပ်နက်က အော်ဟစ်လိုက်သည်။ မြင့်မားသော လှိုင်းလုံးများက ကောင်းကင်သို့တိုင် ရောက်ရှိပြီး ထိုနယ်မြေအား ရေလွှမ်းသွားတော့မလိုပင်။ ကြောက်မက်ဖွယ် လှိုင်းများက ရီဖူရှင်းကို ဝန်းရံလိုက်ပြီး နတ်လိပ်တစ်ကောင်၏ သဏ္ဌာန်အတွင်း ဝါးမြိုခံလိုက်ရသည်။ ၎င်းတွင် အေးစက်သော မဟာလမ်းစဥ် အရှိန်အဝါတို့ ပါဝင်နေသည်။ ရေခဲများက လေဟာနယ်တစ်ခုလုံးကို ချိပ်ပိတ်လိုက်သည်။

လူအများက အဝေးသို့ ကြည့်လိုက်ကြလျှင် သူတို့ရှေ့ရှိ တိုက်ပွဲတွင် ရီဖူရှင်းက ရေခဲနှင့် ချိပ်ပိတ်ထားလိုက်သည်အား မြင်တွေ့လိုက်ကြရသည်။

“သူက အလယ်အလတ်အဆင့် ရန်ဟောင်တစ်ယောက် ဖြစ်နေပေမယ့် အဆင့်ခုနစ်နတ်ဆိုးအင်ပါယာကိုတောင် ရင်ဆိုင်ရဲတယ်။” လူတိုင်းက သူတို့၏ နှလုံးသားထဲ၌ လှိုင်းထသွားသလို ခံစားလိုက်ရသည်။ သို့သော် ထိုလူ၏ တိုက်ပွဲစွမ်းရည်သည် အားကောင်းသန်မာလှပြီး သူ၏ သာမန်လက်ဝါးရိုက်ချက်တစ်ခုကပင် နယ်မြေတစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်းရှိကာ လိပ်နက်ကြီးကိုပင် နောက်သို့ လွင့်စင်သွားစေပေသည်။

သို့သော်လည်း ထိုအချိန်တွင် လိပ်နက်ကြီး၏ ပြင်းထန်သော ရောင်ဝါက ထိုနေရာတစ်ခုလုံးကို ရေခဲနှင့် ချိပ်ပိတ်ထားပြီး ရီဖူရှင်းကို အေးခဲကာ သေသွားစေတော့မည်ဟု ထင်မှတ်ရသည်။

ရီဖူရှင်းသည် ချိပ်ပိတ်ထားသော ရေခဲ၏ အလယ်တွင် ရှိနေကာ သူ့တစ်ကိုယ်လုံးက ရေခဲရုပ်တုအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်မှတ်ရပေသည်။ မဟာလမ်းစဥ်၏ အလွန် အေးစက်နေသော စွမ်းအားများက သူ့ခန္ဓာကိုယ်အတွင်း စိမ့်ဝင်လာပြီး အတွင်းအင်္ဂါနှင့် သွေးကြောများကို ချိပ်ပိတ်၍ သူ့ဝိညာဥ်ကိုပင် အေးခဲသွားအောင် ကြိုးစားနေသည်။

ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် မဟာလမ်းစဥ် နတ်မီးလျှံက ရီဖူရှင်းထံမှ ထွက်ပေါ်လာကာ လေဟာနယ်ကို လောင်ကျွမ်းလာစေသည်။ ၎င်းသည် ရေခဲရုပ်တုအတွင်း စိမ့်ဝင်သွားကာ မီးလျှံများက တောက်ပစွာ လောင်ကျွမ်း၍ ရေခဲရုပ်တုကို အရည်ပျော်ကျကာ ရဲရဲနီလာစေသည်။

အချိန်တိုအတွင်း လိပ်နက်၏ ရောင်ဝါကို ကြက်သွေးရောင်ပြောင်းလဲသွားစေကာ နတ်သမုဒ္ဒရာအတွင်း လောင်ကျွမ်းလာ၏။

“ဒါက…” သူတို့ရှေ့မှ မြင်ကွင်းကို စောင့်ကြည့်နေသည့် လူအများက ရင်ထဲတွင် တုန်ယင်လာကြပေသည်။ လိပ်နက်ကြီးက ခပ်တိုးတိုး အော်မြည်လိုက်ကာ သူ၏ ခေါင်းတစ်ခုလုံးက အခွံအတွင်း အသည်းအသန်ဝင်ပုန်းလိုက်ရင်းက ပြောသည်။ “မင်း ဝင်လို့ရပြီ။”

“ကျုပ်မှာ မိတ်ဆွေတချို့ ရှိသေးတယ်။” ရီဖူရှင်းက သူ့လူများကို လက်ညှိုးညွှန်ပြလိုက်သည်။ လိပ်နက်က သူ ညွှန်ပြရာသို့ ကြည့်လိုက်၏။ သူသည် ထိုလူစုထဲ၌ ကျင့်ကြံဆင့်နိမ့်သော သူများကို မြင်လိုက်သည့်အခါ သူက ပြောလိုက်သည်။ “မင်းရဲ့ တိုက်ပွဲစွမ်းရည်က လုံလောက်အောင် မြင့်မားတယ်။ ဒါကြောင့် မင်းကို စည်းမျဥ်းတွေရဲ့ ခြွင်းချက်အဖြစ် ထားပေးနိုင်တယ်။ ဒါပေမယ့် အဲဒီလိုဆိုပြီး စည်းကျော်ဖို့ မစဥ်းစားနဲ့။ ဒါက လိပ်နတ်ဘုရားကျွန်းစုရဲ့ စည်းမျဥ်းပဲ။”

“အခုနလေးက ကျုပ် အတော်လေး ဂရုမစိုက်ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်မိလိုက်တယ်။ စီနီယာ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒီဆေးဝါး အရမ်းတန်ဖိုးမရှိပေမယ့် စီနီယာရဲ့ အသက်စွမ်းအားကို သန်မာစေလိမ့်မယ်။ ကျုပ်ရဲ့ တောင်းပန်မှုကို လက်ခံပေးပါ။” ရီဖူရှင်းက ဆေးလုံးကို လှမ်းပေးလိုက်လျှင် ချက်ချင်း အားကောင်းလှသော ဆေးလုံးရနံ့က လူတိုင်းထံ တိုးဝှေ့လာလေသည်။

လိပ်နက်၏ မျက်လုံးများက တောက်ပလာပြီး သူ့ လည်တိုင်က အပြင်ဘက်သို့ ဆန့်ထွက်လာ၏။ သူက သူ့ အထက်မှ ဆေးလုံးကို စူးစမ်းကြည့်လိုက်သည်။ လိပ်များ၏ အသက်က အလွန် ရှည်လျားလှပြီး သူတို့၏ အသက်စွမ်းအားသည်လည်း အလွန် အားကောင်းလှသည်။ ထိုကဲ့သို့သော ဆေးလုံးမျိုးမှာ သူတို့အတွက် အရေးပါပေသည်။

“မင်းက ထူးချွန်တဲ့ ပါရမီရှိတာကြောင့် ထိပ်သီးအဆင့် အင်အားစုကနေ လာတာဖြစ်ရမယ်။ မင်းနဲ့အတူ အဆင့်မြင့်ရန်ဟောင်တွေလည်း ပါလာကြတယ်။ မင်းတို့အားလုံးက အတူခရီးထွက်ကြတာဆိုမှတော့ မင်းတို့ ဝင်သွားလို့ရပါတယ်။ ငါ မင်းတို့ကို ကျွန်းပေါ် လိုက်ပို့ပေးမယ်။” လိပ်နက်က ပြောလိုက်သည်။ အဝေးမှ လူများက မှင်တက်သွားလေသည်။ “ဒီ ချက်ချင်းပြောင်းလဲသွားတဲ့ သဘောထားကြီးက…”

“ကျေးဇူးတင်ပါတယ် စီနီယာ။” ရီဖူရှင်းက ဆေးလုံးအား ဆုပ်ထားသည့် လက်ကို ဖွင့်ပေးလိုက်ပြီး လိပ်နက်က ဆေးလုံးအား ချက်ချင်း မြိုချလိုက်သည်။ ရှားရှင်းယွန်နှင့် ကျန်လူများက သူ့ကျောပေါ်သို့ တက်လိုက်ကြ၏။ လိပ်နက်ကြီးက ပြန်လှည့်ပြီး နတ်သမုဒ္ဒရာအတွင်း ဒိုင်ပင်ပစ်ဝင်ကာ တားဆီးထားသော လေဟာနယ်သို့ ဝင်ရောက်သွား၍ လိပ်နတ်ဘုရားကျွန်းစုရှိရာသို့ ဦးတည်လိုက်သည်။

ကျင့်ကြံသူများသည် ပျောက်ကွယ်ထားသော ပုံရိပ်များကို ကြည့်ပြီး ဆွံ့အသွားကြပေသည်။ ထိုလိပ်နတ်ဆိုးက မည်သို့ဖြစ်၍ ထိုမျှ ရုပ်ဝါဒီဆန်ရသနည်း။ ဆေးလုံးတစ်လုံးတည်း လာဘ်ထိုးရုံနှင့်ပင် စည်းမျဥ်းများကို လျစ်လျူရှုပစ်လိုက်သည်လား။ ၎င်းကို မည်သို့ ခွင့်ပြုနိုင်ပါမည်နည်းဟု သူတို့အားလုံး တွေးလိုက်ကြသည်။

လိပ်နက်က ရီဖူရှင်းတို့အဖွဲ့ကို သယ်ဆောင်၍ အလွန်လျင်မြန်စွာ ရှေ့ဆက်သွားနေရာ သူတို့က လိပ်နတ်ဘုရားနှင့် နီးကပ်လာပေသည်။

“စီနီယာလိပ် ထိပ်သီးအင်အားစုက တန်ခိုးရှင်တွေအများကြီး လိပ်နတ်ဘုရားကျွန်းစုကို ရောက်နေကြပြီမလား။” ရီဖူရှင်းက မေးလိုက်သည်။

“အင်း” လိပ်နက်က ခေါင်းညိတ်လိုက်သည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကတည်းက ရောက်လာကြတာ။ သူတို့ ကျွန်းစုကို မရောက်သေးရင်တောင် နတ်သမုဒ္ဒရာကိုတော့ ရောက်နေကြပြီ။ အင်ပါယာရှီ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ဖို့ ရက်နည်းနည်းပဲ ကျန်တော့တာမို့ ဘယ်သူမှ အဲဒါကို မလွဲချော်ချင်ကြဘူးလေ။ မင်းက အရမ်းအားကောင်းတာကြောင့် မင်းဖွဲ့စည်းတာ ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးဖြစ်ရမယ် ဟုတ်လား။ ထူးချွန်ပြောင်မြောက်တဲ့ အင်အားစုက လာတာဖြစ်ရမယ်။ ဘယ်ကနေ လာခဲ့တာလဲ။”

“တုန်းရှောင်းကုန်းမြေက လာခဲ့တာပါ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“တုန်းရှောင်းကုန်းမြေ… အဲဒါ ဆေးအင်ပါယာရဲ့ ပိုင်နက်မလား။ မင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ကျင့်ကြံသူလား။” လိပ်နက်ကြီးက နားလည်သွားခဲ့သည်။ သူက တုန်းဟွာနယ်မြေအတွင်းရှိ ထိပ်သီးအင်အားစုများအကြောင်း အနည်းငယ် သိရှိထားပေသည်။ ထိုသို့သော အဆင့်နှင့် ကျင့်ကြံသူများများစားစား မရှိလှပေ။

“သူတို့ထဲက တစ်ယောက်လို့ မှတ်ယူနိုင်ပါတယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“ကျုပ် ကြားတာတော့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ ကျုံးချန်ဆိုတဲ့ နာမည်နဲ့ တစ်ယောက်ရှိတယ်လို့ ကြားတယ်။ မင်း သူ့ကို သိလား။” လိပ်နက်က မေးလိုက်သည်။

“စီနီယာ သူ့အကြောင်းကို ကောင်းကောင်းသိလား။” ရီဖူရှင်းက မေးလိုက်သည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်းကို ဝင်လာတဲ့ လူတွေဆီက ကြားဖူးတာ။ သူတို့ပြောတာတော့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ ကျုံးချန်က ပြီးပြည့်စုံတဲ့ မဟာလမ်းစဥ်နဲ့ အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်လာတယ်လို့ ပြောကြတယ်။ သူ့မှာ အကန့်အသတ်မဲ့ အလားအလာရှိကြပြီး နောင်အနာဂတ်ကျ တုန်းဟွာနယ်မြေမှာ နောက်ထပ်ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာမှာ သေချာတယ်တဲ့။” လိပ်နက်က ပြောလိုက်သည်။

“ကျုပ် နားလည်ပါပြီ။ ပြောပြတာ  ကျေးဇူးတင်ပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လိပ်နက်ကြီးသည် လိပ်နတ်ဘုရားကျွန်းစု၏ ကမ်းခြေကို ဖြတ်သန်းကာ ခေါ်ဆောင်သွားပေသည်။ မဟာလမ်းစဥ် သဏ္ဌာန်မဲ့ဖိအားက ပျောက်ကွယ်သွားပေသည်။ ရီဖူရှင်းသည် ဖိအားကို နောက်ထပ် မခံစားရတော့ပေ။

“ကျုပ်တို့ ရောက်ပြီ။” လိပ်နက်က ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ဒုက္ခများစေမိပြီ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူတို့အဖွဲ့က လိပ်နတ်ဘုရားကျွန်းစုသို့ ခြေချကာ လိပ်နက်ကြီးက သူတို့လာခဲ့သော ပင်လယ်သို့ ပြန်သွားခဲ့သည်။ လျင်မြန်စွာပင် လိပ်နက်က သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပေသည်။

ရီဖူရှင်းက ကျွန်းပေါ်တွင် လျှောက်လာခဲ့ပြီး သူတို့ ထင်ထားသလိုပင် ကျွန်းပေါ်၌ လူအများကြီး ရောက်နေသည်ကို မြင်တွေ့လိုက်ရသည်။ အမျိုးမျိုးသော ကျင့်ကြံဆင့်များနှင့် ကျင့်ကြံသူများ အားလုံးက ကျွန်းပေါ်သို့ ရောက်ရှိနေကြပေသည်။ အတိတ်တွင် ကျွန်းပေါ် ဝင်ရောက်နိုင်သည့်လူများအား ကန့်သတ်ချက်မထားရှိသော်လည်း ယခုအချိန်တွင် ကျွန်းပေါ်သို့ ရောက်နေသူများက များပြားလှသည်။ ထို့ကြောင့် လိပ်နတ်ဘုရားကျွန်းစုက လူဦးရေထူထပ်သွားမှုကို ကာကွယ်ရန် ကျွန်းသို့ ဝင်ရောက်နိုင်သည့် ကျင့်ကြံသူများအား ကျင့်ကြံဆင့်ကို အခြေခံကာ ကန့်သတ်ခဲ့သည်။

“အင်ပါယာရှီက ဘယ်နေရာမှာ ကျင့်ကြံနေတာလဲ။” ရီဖူရှင်းက လင်းယွမ်ကို မေးလိုက်သည်။

“လိပ်နတ်ဘုရားတောင်ထွတ်” လင်းယွမ်က ပြန်ဖြေလိုက်သည်။ “ကျွန်တော် အရင်က ဒီနေရာကို မရောက်ဖူးပေမယ့် အဲဒီနေရာကို ဘယ်သူ့ဖြစ်ဖြစ် မေးလို့ရပါတယ်။ သူတို့အားလုံးကို ဘယ်နေရာဆိုတာ မေးလို့ရတယ်။”

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူတို့က လိပ်နတ်ဘုရားကျွန်းစုသို့ ရောက်နေပြီဖြစ်ရာ အင်ပါယာရှီ ကျင့်ကြံသည့်နေရာအား ရှာရန်မှာ မခက်ခဲလှပေ။

သူတို့က လိပ်နတ်ဘုရားကျွန်းစု၏ အလယ်သို့ လျှောက်လာကြသည်။ လမ်းတလျှောက် သူတို့သည် လိပ်နတ်ဘုရားတောင်ထွတ်ကို မေးမြန်းရင်း သွားခဲ့ကြသည်။ အချိန်တချို့ကြာပြီးနောက် သူတို့သည် လိပ်နတ်ဘုရားတောင်ထွတ်၏ တောင်ခြေမြို့တစ်ခုသို့ ရောက်လာခဲ့ကြသည်။ ထိုမြို့အား ‘လိပ်နတ်ဘုရားမြို့’ ဟု ခေါ်ပြီး ၎င်းသည် လိပ်နတ်ဘုရားတောင်ထွတ်၏ တောင်ခြေတွင် တည်ရှိသည်။

မြို့ထဲသို့ ရောက်ရှိသောအခါ ရီဖူရှင်းသည် လိပ်နတ်ဘုရားမြို့ရှိ တန်ခိုးရှင်များမှာ အဆင့်မြင့်ရန်ဟောင်များ ဖြစ်ကြောင်း သတိပြုမိပေသည်။ နေရာအနှံ့တွင် ဧည့်သည်များနှင့် ပြည့်နှက်နေပြီး မည်သည့်နေရာကို ကြည့်ပါစေ အဆင့်မြင့်ရန်ဟောင်များကို မြင်နိုင်ပေသည်။

သူတို့ တွေ့သမျှ မည်သည့်တန်ခိုးရှင်ဖြစ်စေ တုန်းဟွာနယ်မြေအတွင်းရှိ အစွမ်းထက်အင်အားစုမှ လူများဖြစ်ကြပေသည်။

“ခဏလောက်နားဖို့ နေရာရှာကြရအောင်။” အာခီမီအင်ပါယာက ပြောလိုက်သည်။ “ကျုံးချန်နဲ့ တခြားလူတွေ ကျုပ်တို့နဲ့ ပြန်ဆုံတဲ့ထိ စောင့်ကြမယ်။”

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လင်းယွမ်သည် ရီဖူရှင်းနှင့် ကျန်သူများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လာခြင်းဖြစ်သည်ဟု သိထားပြီးဖြစ်သည်။ ထိုသို့သော လူများသညိ သေချာပေါက် ရိုးရှင်းသောသာမန်လူများ မဟုတ်ဘဲ သူတို့နှင့် မတူညီသောလောကမှ လူများပင် ဖြစ်ကြပေသည်။

“ကျွန်တော် ဒီဖြစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ရဖို့ လိပ်နတ်ဘုရားကျွန်းစုနယ်မြေကို လာဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်မထားမိဘူး။ ကျွန်တော်တို့နှစ်ယောက်ကို ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ။” လင်းယွမ်နှင့် သူ၏ တာအိုလက်တွဲဖော် လွီချင်တို့က လက်သီးများဆုပ်ကာ ရီဖူရှင်းကို အရိုအသေပေးလိုက်၏။

“ကျေးဇူးတင်စရာမလိုပါဘူး။ အများကြီး လုပ်ပေးစရာမှ မလိုခဲ့တာ။” ရီဖူရှင်းက သာမန်ပင် ပြန်ဖြေလိုက်သည်။ အမှန်တကယ်လည်း သူတို့နှစ်ယောက်အား ခေါ်လာရသည်မှာ အပန်းမကြီးပေ။

“ခင်ဗျားရဲ့ အကူအညီက ကျွန်တော်တို့အတွက် တကယ် အရေးပါပါတယ်။ ဒါပေမယ့် စီနီယာ့ကို ပြန်ဆပ်နိုင်စွမ်းမရှိတော့ နှလုံးသားထဲကနေပဲ ကျေးဇူးတင်နေပါ့မယ်။” လင်းယွမ်က အလွန် လက်တွေ့ကျသည်။ သူတို့ကြားမှ ကွာခြားချက်က အလွန် ကြီးမားလှသည်။ ရီဖူရှင်းက အစွမ်းထက် တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ သူက ထိုကျေးဇူးကို ပြန်ဆပ်ရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ရီဖူရှင်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ကျေးဇူးပြန်ဆပ်ဆပ် မဆပ်ဆပ် စိတ်ထဲမထားပေ။

“အခု ကျုပ်တို့က လိပ်နတ်ဘုရားကျွန်းစုကို ရောက်နေပြီဆိုတော့ ကျွန်တော်တို့နှစ်ယောက် စီနီယာရဲ့ အကြီးအကဲတွေကို အနှောက်အယှက်မဖြစ်စေတော့ပါဘူး။ အခု သွားလိုက်ပါဦးမယ်။” လင်းယွမ်က ယဥ်ကျေးသမှုနှင့် လက်သီးကို ဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ ဒီတစ်ကြိမ်မှာ မင်း တစ်ခုခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

“စီနီယာတို့ ဂရုစိုက်ပါ။” သူတို့နှစ်ယောက်က အရိုအသေပေးလိုက်ကာ လှည့်ထွက်သွားကြ၏။ သူတို့နှစ်ယောက်က ရီဖူရှင်းနှင့် အစောကြီးကတည်းက ရင်းနှီးခြင်း မဟုတ်ဘဲ ဤခရီးစဥ်၌သာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူတို့က တူညီသော နေရာမှလာခြင်းပင် မဟုတ်ကြချေ။ ရီဖူရှင်းက သူတို့အား လိပ်နတ်ဘုရားကျွန်းစုသို့ ခေါ်လာခြင်းကပင် အလွန် သဘောထားကြီးနေပြီ ဖြစ်သည်။ လင်းယွမ်သည် ရီဖူရှင်း၏ အကူအညီကို အများကြီးယူသည်က မသင့်တော်သည်ကို သိရှိပေသည်။ သူက ရီဖူရှင်းဘေး၌ ဆက်လက် နေနေရန် မသင့်တော့ပေ။ ထိုသို့လုပ်ပါက သူတို့အပေါ် အနှောက်အယှက် ဖြစ်စေပေလိမ့်မည်။

အခြားတစ်ဖက်တွင် ရီဖူရှင်းက ထိုမျှအများကြီး မတွေးခဲ့ဘဲ သူက ၎င်းနှင့်ပတ်သတ်၍ အမှန်တကယ် အနှောက်အယှက် မဖြစ်ပေ။ သို့သော်လည်း သူတို့က မရင်းနှီးသည်မှာ မှန်သောကြောင့် ဆွဲမထားနေတော့ပေ။

သူတို့ ခွဲထွက်လာပြီးနောက် လင်းယွမ်နှင့် လွီချင်က လိပ်နတ်ဘုရားကျွန်းစုတွင် ဆက်လက်၍ လမ်းလျှောက်နေကြသည်။ လင်းယွမ်က သက်ပြင်းချလိုက်၏။ “တခါတလေကျတော့ ကျင့်ကြံခြင်းမှာ အလုံအလောက် အားစိုက်ထားပေမယ့်လည်း အထွတ်အထိပ်က လူတွေနဲ့ ယှဥ်လာတဲ့အခါ ကိုယ့်အားထုတ်မှုတွေက ဘာမှမဟုတ်ပါလားလို့ တွေးမိတယ်။”

“ကောင်းကင်ဒေသက အရမ်းကြီးတာကြောင့် ပါရမီထူးချွန်တဲ့သူတွေ အများကြီးရှိတယ်။ အဲဒီလူတွေက အထွတ်အထိပ်မှာ ရပ်တည်နေပြီးသားကို ဘာလိို့ လိုက်ယှဥ်နေမှာလဲ။ ကျွန်မတို့ လုပ်သင့်တာဆိုလို့ အရင်ဆုံး ကိုယ့်စိတ်အခြေအနေကိုယ် ထိန်းသိမ်း၊ ကျင့်ကြံရေးမှာ မဆုတ်မနစ်ကြိုးစား၊ လူသားအဆင့်ကို ကျော်လွန်ပြီး ရှန့်ထိုအဆင့်ကို ကောင်းကောင်း တည်ဆောက်နိုင်ရင် ရနေပြီပဲလေ။” လွီချင်က ပြန်ဖြေလိုက်သည်။

“အင်း။ အဲဒီ ထူးချွန်တဲ့ ကျင့်ကြံသူတွေကို မြင်နေရတာ ကိုယ့် စိတ်အခြေအနေအပေါ် တကယ်သက်ရောက်စေသလိုပဲ။ မြင့်မားတဲ့ အလိုဆန္ဒတွေ ဖြစ်မလာခင် ဒီနေရာက မြန်မြန်ထွက်သွားရအောင်။” လင်းယွမ်က ခေါင်းညိတ်ရင်း ပြောလိုက်၏။

သူတို့ လျှောက်လာရင်းနှင့် လင်းယွမ်က တစ်ခုခုကို ခံစားမိလိုက်ပြီး လမ်းလျှောက်နေခြင်းအား ရပ်တန့်လိုက်သည်။ ထို့နောက်တွင် လွီချင်သည်လည်း ခံစားမိလိုက်သည်။ နောက်တခဏ၌ အစွမ်းထက် စွမ်းအားတစ်ခုက လေဟာနယ်တစ်ခွင်ကို ချိပ်ပိတ်လိုက်ကာ အကြီးအကဲတစ်ယောက်က သူတို့ရှေ့တွင် ထွက်ပေါ်လာပေသည်။ သူ၏ မျက်လုံးများက နတ်ဆိုးအရှိန်အဝါများ ထုတ်လွှတ်နေကာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။

“စီနီယာ ဘာများကူညီပေးရမလဲ။” လင်းယွမ်က လက်သီးဆုပ် အရိုအသေပြုရင်း မေးလိုက်သည်။ သူ၏ အသိစိတ်တွင် ပြင်းထန်သော အချက်ပေးမှုများကို ခံစားမိနေသော်လည်း ကြောက်ရွံ့မှုအား အကောင်းဆုံး ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

ဝှစ်…

ထိုအကြီးအကဲက အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ သူတို့ရှေ့၌ ချက်ချင်း ထွက်ပေါ်လာသည်။ သူက လက်များကို ဆန့်ထုတ်ကာ သူတို့နှစ်ယောက်လုံး၏ ခေါင်းများကို ဆုပ်ကိုင်လိုက်သည်။ သူတို့က တုန့်ပြန်ချိန်ပင် မရလိုက်ပေ။

လင်းယွမ်နှင့် လွီချင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူထံ၌ ကြောက်ရွံ့သော အမူအရာတို့ ဖြစ်ပေါ်လာ၏။ မီးခိုးရောင် ပုံရိပ်တစ်ခုက သူတို့စိတ်ထဲသို့ တိုးဝင်လာကာ အသံတစ်ခု ထွက်ပေါ်လာပေသည်။ “ခုနက မင်းတို့နဲ့အတူ ခရီးသွားတဲ့ လူက ဘယ်သူလဲ။”

“စီနီယာ ကျွန်တော်တို့က သူနဲ့ ဒီနေရာထိပဲ လိုက်လာတာပါ။ ကျွန်တော်တို့က မရင်းနှီးကြပါဘူး။” လင်းယွမ်က ပြောလိုက်သည်။ သို့သော်လည်း ကြောက်မက်ဖွယ် စွမ်အားများက သူ့ကို ပို၍ လွှမ်းခြုံလာပေသည်။ သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်လာပြီး လွီချင်သည်လည်း နာကျင်စွာ အော််လိုက်သည်။

လင်းယွမ်က သူ၏ စွမ်းအားနှင့် ဆန့်ကျင်တိုက်ခိုက်ရန် မျှော်လင့်နိုင်စွမ်း မရှိပေ။ သူရော လွီချင်ပါ နာကျင်ခံစားနေကြရသည်။ သူက တောင်းပန်လိုက်၏။ “သူတို့က တုန်းရှောင်းကုန်းမြေ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကနေ လာခဲ့တယ်ဆိုတာပဲ သိတာပါ။ ကျေးဇူးပြုပြီး….”

ဘန်း! သူက ထိုစကားများ ပြောလိုက်ချိန်တွင် ထိုလူက လက်ဝါးထဲ၌ အားထည်လိုက်လေရာ သူတို့နှစ်ယောက်လုံးက ချက်ချင်းပင် ပြာမှုန်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့သည်။ သူတို့က စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရပေသည်။

ထိုအကြီးအကဲ၏ ပုံရိပ်က လျှပ်တပြက်လှုပ်ရှားသွားပြီး ချိပ်ပိတ်ထားသော စွမ်းအားက ပျောက်ကွယ်သွားသည်။ သူသည်လည်း နေရာမှ ချက်ချင်းပျောက်ကွယ်သွားကာ ထိုနေရာတွင် မည်သည့်အရာမှ မဖြစ်သကဲ့သို့ ပြန်လည်တည်ငြိမ်သွား၏။

သို့သော်လည်း လိပ်နတ်ဘုရားကျွန်းစုတွင် ကျင့်ကြံသူအများအပြား ရောက်ရှိနေရာ ထိုအဖြစ်အပျက်များကို သတိပြုမိသူများလည်း ရှိပေသည်။ ပုံရိပ်များက ထိုနေရာမှ ပျံသန်းသွားကြသည်။ သူတို့သည် ပျောက်ကွယ်သွားသော ထိုလူ၏ ပုံရိပ်ကို ကြည့်ပြီး သူတို့နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေပေသည်။ ကျင့်ကြံဆင့်နိမ့်သော သူများက အကြောက်တရားတို့အား ခံစားလိုက်ကြရပေသည်။

ထိုကျင့်ကြံသူနှစ်ဦးမှာ ယခုကဲ့သို့ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များပင် မကျန်ရစ်ခဲ့ပေ။ သူတို့က မည်သူ့အား ဆန့်ကျင်မိခဲ့သနည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset