Switch Mode

အပိုင်း (၁၉၉၄)

လိပ်နတ်ဘုရားကျွန်းစု

သေးငယ်သော လှေများက နတ်သမုဒ္ဒရာအတွင်း လှိုင်းများနှင့်အတူ မျောလွင့်နေသည်။ အချိန်နှင့်အမျှ သူတို့က ကျွန်းမြို့တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာကြသည်။

ထိုသေးငယ်သော လှေများ၌ စီးနင်းလိုက်ပါလာသူတို့မှာ ရီဖူရှင်းနှင့် တခြားလူများ ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် မြေပုံကြည့်နေသည့် လင်းယွမ်က အဝေးသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။ “ကျွန်တော်တို့ ရောက်ခါနီးပြီ။ နောက်ကျွန်းမြို့က လိပ်နတ်ဘုရားကျွန်းစုပဲ။”

“အင်း” ရှေ့ဆုံးရှိ လှေပေါ်မှ ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့က ခရီးကို အလျင်စလို မသွားခဲ့ဘဲ လမ်းတလျှောက် ရှုခင်းများကို ရှုစားရင်း အေးဆေးသက်သာသော အရှိန်နှင့်သာ ခရီးဆက်နေကြသည်။ အင်ပါယာရှီ၏ နတ်ဘုရားကပ်ဘေး ဖြတ်ကျော်ခြင်း စတင်တော့မည်ဆိုလျှင် သူတို့ ခရီးသွားနှုန်းကို အရှိန်မြှင့်လိုက်မည် ဖြစ်သည်။

သို့သော် လွန်ခဲ့သော ရက်အတွင်း ကပ်ဘေးဖြတ်ကျော်မည့် အရိပ်အယောင် မပြခဲ့သည့်အတွက် သူတို့က ပျော်ပွဲစားထွက်နေသလို ဖြေးဖြေးမှန်မှန်သာ သွားလာကြပေသည်။

တခြားလှေပေါ်တွင် လူနှစ်ယောက်ရှိပြီး ပေ့ကုံးအော့သည် လှေကို ရှေ့သို့ ရွေ့လျားရန် ထိန်းကျောင်းနေပြီး ပေ့ကုံးရွှမ်းက မျက်လုံးများမှိတ်ကာ ကျင့်ကြံနေသည်။ ဖြေးညှင်းစွာပင် ကြောက်မက်ဖွယ် မိုးကြိုးစွမ်းရည်က သူမ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး သူမတစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ ပေ့ကုံးအော့က ပတ်ဝန်းကျင်အား လှုပ်ခတ်မှုတို့ကို ထိန်းချုပ်ထားသဖြင့် သူမက အေးချမ်းစွာ ကျင့်ကြံနိုင်ပေသည်။

ထိုနေ့တွင် ရီဖူရှင်း သူမအား ရတနာပေးခဲ့ပြီးနောက် ပေ့ကုံးရွှမ်းက ၎င်းအား သူမ၏ ခန္ဓာကိုယ်အတွင်း ယူငင်ခဲ့ပြီး စတင်ကျင့်ကြံကာ သန့်စင်တော့သည်။ သူတို့၏ ခရီးတလျှောက်တွင် သူမက သန့်စင်ခြင်းနှင့် ကျင့်ကြံခြင်းလုပ်ငန်းကိုသာ လုပ်ဆောင်ပေသည်။

“လိပ်နတ်ဘုရားကျွန်းစုကို မရောက်ခင် ရှောင်ရွှမ်း ကျင့်ကြံလို့ပြီးသွားမယ် ထင်တယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

“စောင့်ကြည့်ကြတာပေါ့။ မပြီးခဲ့ရင်လည်း ဒီမှာပဲ သူမနဲ့အတူ နေခဲ့ပါ့မယ်။” ပေ့ကုံးအော့က ပြောလိုက်သည်။ နတ်ဘုရားကပ်ဘေးသုံးပါးကို ကြည့်ရှုရန်က ရှားပါးလှသော်လည်း မိမိ၏ ကျင့်ကြံခြင်းက တူညီစွာ အရေးကြီးပေသည်။

၎င်းက ပေ့ကုံးရွှမ်းရရှိထားသော အခွင့်အရေး ဖြစ်ပြိီး သူမကို အဆင့်တက်အောင်ပင် လုပ်ပေးနိုင်စွမ်းရှိနိိုင်ပေသည်။ သူမ ကျင့်ကြံ၍ မပြီးခင် ပေ့ကုံးအော့က အနှောက်အယှက် ပြုလိမ့်မည် မဟုတ်ပေ။

လှေငယ်လေးများက ရှေ့သို့ ရွေ့လျားနေပြီး ပေ့ကုံးရွှမ်း၏ မိုးကြိုးဆန္ဒက ပို၍ အားကောင်းလာသည်။ နတ်သမုဒ္ဒရာအထက် အဆုံးမဲ့ ကြည်လင်နေသော ကောင်းကင်တွင် ရုတ်တရက် မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်တည်လာကာ ပေ့ကုံးရွှမ်းထံသို့ တိုးဝင်လာ၏။ မိုးကြိုးစွမ်းအားများက ကောင်းကင်မှ သူမပေါ်သို့ ကျဆင်းလာပေသည်။

ပေ့ကုံးအော့က မော့ကြည့်လိုက်သော်လည်း သဘာဝတရားကို ရပ်တန့်ရန် မကြိုးစားခဲ့ပေ။ ရီဖူရှင်းအတွက် ထိုသို့သော အရာမျိုးက အသုံးမဝင်သည့်အတွက် သူက ပေ့ကုံးရွှမ်းကို အေးခဲ့သော်လည်း ရီဖူရှင်း၏ အားထုတ်ပေးမှုသာ မရှိလျှင် သူတို့ ဘဝတစ်သက်တာ၌ ထိုသို့သော အရာမျိုးအား ရရှိရန်နီးစပ်လိမ့်မည်မဟုတ်ကြောင်း ပေ့ကုံးအော့က သေချာသိရှိထားပေသည်။ ထိုသည်မှာ ယခင်တစ်ကြိမ် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွင်း သူ တိမ်မြူသစ်သားအား ရရှိခဲ့သလိုပင် ဖြစ်သည်။

ရှေ့ဆုံးမှ သေးငယ်သော လှေပေါ်ရှိ ရီဖူရှင်းက ပေ့ကုံးရွှမ်းကို ကြည့်လိုက်သည်။ သူ့မျက်နှာထက်၌ တောက်ပသော အပြုံးတို့ ရှိနေပြီး သူက မေးလိုက်သည်။ “အဆင့်တက်ခါနီးပြီလား။”

“ဖြစ်နိုင်ပါတယ်။” ပေ့ကုံးအော့က ခေါင်းညိတ်လိုက်သည်။ သူသည် လေဟာနယ်အတွင်းမှ စွမ်းအားများ ပို၍ တိုးမြင့်လာသည်ကို မြင်လိုက်ရပြီး ထိုနေရာတဝိုက်အား မငြိမ်မသက် ဖြစ်လာစေသည်။ လှိုင်းများက ဆက်လက်မြင့်တက်လာပြီး ကြောက်မက်ဖွယ် မိုးကြိုးစက်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

“ဘယ်လောက် ကြောက်စရာကောင်းလိုက်သလဲ။ ရန်ဟောင်တွေ အဆင့်တက်ဖို့အတွက် ဒီလို မဟာလမ်းစဥ် ကပ်ဘေးကို ဖြတ်ကျော်ရတယ်။” လင်းယွမ်က ရေရွတ်လိုက်သည်။ ရှန့်ထိုအဆင့်မှ တစ်စုံတစ်ယောက်အနေနှင့် သူသည် သာမန်လူများကြား၌ လုံလောက်အောင် အစွမ်းထက်သော လူတစ်ယောက်ဖြစ်သည်။ နတ်သမုဒ္ဒရာကုန်းမြေအတွင်း သူ့ အဆင့်က ပျမ်းမျှ၏ အထက်တွင် တည်ရှိပေသည်။

သို့သော် ရန်ဟောင်တစ်ပါးနှင့် ယှဥ်လျှင် ဘီလူးကြီးမျက်လုံးထဲမှ ကလေးတစ်ယောက်အသွင် ဖြစ်နေပေလိမ့်မည်။ ရန်ဟောင်တစ်ပါး၏ အဆင့်တက်ခြင်းက သူ့လို ရှန့်ထိုအဆင့်တန်ခိုးရှင်လေးကို ကြောက်ချေးပါသွားစေရန် လုံလောက်ပေသည်။

“တစ်နေ့မှာ မင်း ဒီလိုအဆင့်ကို ရောက် တဲ့အခါ တွေ့ကြုံရလိမ့်မယ်။ အနှေးနဲ့အမြန်ပေါ့။” ရီဖူရှင်းက လင်းယွမ်ကို ပြုံးပြလိုက်သည်။ သူသည်လည်း ဘဝခရီးတလျှောက် နိုဘယ်အဆင့်မှ ရှန့်ထိုအဆင့်သို့ ဖြတ်သန်းကာ လမ်းစဥ်ကို သက်သေပြ၍ ရှန့်ထိုမှ ရန်ဟောင်တစ်ပါး ဖြစ်လာခဲ့ပေသည်။ ကျင့်ကြံခြင်းခရီးအား လျှောက်လှမ်းရာ၌ သူသည် သူ့ထက် ရှေ့ရောက်နေသည့် လူများကို လှမ်းမျှော်ကြည့်ခဲ့သည်။ သို့သော် အချိန်ကျလာသောအခါ သူက ပို၍ မြင့်မားသော အဆင့်သို့ တက်ရောက်လာနိုင်ခဲ့ပြီး သူတစ်ချိန်က မော်ကြည့်ခဲ့ရသည့် မရေတွက်နိုင်သော လူများကို ကျော်တက်နိုင်ခဲ့ပေသည်။

“အခု ကြည့်ရတာတော့ အလှမ်းဝေးနေသေးတယ် ထင်ပါတယ်။” လင်းယွမ်က ပြုံး၍ ပြောလိုက်သော်လည်း  ၎င်းက အမှန်သာ ဖြစ်သည်။ ရှန့်ထိုအဆင့်အတွက် ရန်ဟောင်ဖြစ်လာရန်မှာ အဝေးကြီးလိုသေးသည်ဟု ဆိုနိုင်ပေသည်။

“အဆင့်နိမ့်ရန်ဟောင်ရဲ့ ချိုးဖျက် အဆင့်တက်မှုကတင် ဒီလောက် ကြောက်ဖို့ကောင်းနေပြီကို အင်ပါယာရှီ နတ်ဘုရားကပ်ဘေး ဖြတ်ကျော်တဲ့အခါ ဘယ်လောက်တောင် ကြောက်စရာကောင်းလိမ့်မလဲ။” လင်းယွမ်က နောက်တစ်ခါ ရေရွတ်လိုက်သည်။ ထိုသည်မှာ သူ၏ မှန်းဆနိုင်စွမ်းကို ကျော်လွန်နေသည့် တစ်စုံတစ်ရာဖြစ်ပေသည်။

“နှိုင်းယှဥ်လို့တောင် ဘယ်ရမလဲ။” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ “အင်ပါယာရှီ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရရင် နတ်သမုဒ္ဒရာကုန်းမြေတစ်ခုလုံးတောင် တုန်လှုပ်သွားနိုင်တယ်။”

ကျင့်ကြံခြင်းတွင် အရေးပါသော နတ်ဘုရားကပ်ဘေး နှစ်မျိုးရှိသည်။ တစ်ခုမှာ ရှန့်ထိုအဆင့်သို့ တက်လှမ်းခြင်းနှင့် နောက်တစ်ခုမှာ နတ်ဘုရားကပ်ဘေးသုံးပါးကို ကျော်ဖြတ်ခြင်းပင် ဖြစ်သည်။ အခြားအချိန်များမှာ အဆင့်တက်ဖြတ်ကျော်ခြင်းတွင် ဖြစ်ပေါ်တတ်သည်။ ရှန့်ထိုအဆင့်သို့ တက်လှမ်းခြင်းသည် မိုးကြိုးမုန်တိုင်းကဲ့သို့ သဘာဝကပ်ဘေးကို ဖြစ်ပေါ်ရန် လုံလောက်ပေသည်။ ထို့ကြောင့် နတ်ဘုရားကပ်ဘေးက မှန်းဆ၍ မရနိုင်အောင် ဖြစ်ပေလိမ့်မည်။

အဆင့်တက်ခြင်းကို သူ နားလည်ထားမှုအရ နတ်ဘုရားကပ်ဘေးသည် မဟာလမ်းစဥ်စည်းမျဥ်းများက လက်ခံနိုင်သောအရာ မဟုတ်တော့ပေ။ ထိုသည်မှာ ကမ္ဘာမြေအား တုန်လှုပ်စေနိုင်သော အရေးအခင်းပင် ဖြစ်သည်။ ၎င်းမှာ သူ သိထားသည်နှင့် အခြေခံကာ မှန်းဆ၍ မရနိုင်သော တစ်စုံတစ်ရာပင် ဖြစ်သည်။

ထိုအချိန်၌ ပေ့ကုံးရွှမ်းက မျက်လုံးများကို ဖွင့်လိုက်ပြီး ကောင်းကင်မှ မိုးကြိုးအလင်းများက သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် သွန်းလောင်းနေကာ သူမ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ် မိုးကြိုးအလင်းများ ဖြစ်ပေါ်လာသည်။ သူမက ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ အလင်းတန်းနှစ်ခုက သူမ၏ မျက်လုံးများထဲမှ ထွက်ပေါ် တောက်ပလာသည်။

လျှပ်တပြက်အတွင်း ပေ့ကုံးရွှမ်း၏ ခန္ဓာကိုယ်က ကောင်းကင်သို့ ထိုးတက်သွားကာ မိုးကြိုးလျှပ်စီးများက သူမအား လွှမ်းခြုံလာပြီး မဟာလမ်းစဥ်စွမ်းအားများက သူမ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်လာသည်။ သူ၏ ခန္ဓာတစ်ခုလုံးက မဟာလမ်းစဥ်အိုးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မိုးကြိုးစွမ်းအားများကို စုပ်ယူဝါးမြိုနေသည်။

“ဒီအဆင့်တက်တာက မဟာလမ်းစဥ်စွမ်းအား အများကြီး လိုအပ်တာပဲ။” ရီဖူရှင်းက မှတ်ချက်ပြုလိုက်၏။ ပေ့ကုံးအော့သည်လည်း အံ့အားသင့်စွာဖြင့် သဘောတူကာ ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ သူ့သမီးက ဤတစ်ကြိမ်၌ အကျိုးအမြတ်များစွာ ရသွားပုံရလေသည်။

“အဲဒီရတနာက သူမအတွက် အတော်လေး အကျိုးရှိတဲ့ပုံပဲ။” ပေ့ကုံးအော့က ပြောလိုက်သည်။

အားလုံးသော လှေငယ်လေးများ ရပ်တန့်လိုက်ပြီး လူတိုင်းက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ အချိန်အတော်ကြာပြီးနောက် ကောင်းကင်မှ မိုးကြိုးအလင်းများက တဖြေးဖြေး ပျောက်ကွယ်လာတာ ပေ့ကုံးရွှမ်းက လှေငယ်ပေါ်သို့ ပြန်လည်ဆင်းသက်လာသည်။ သူမက သူမ၏ လှပသော မျက်လုံးများနှင့် ရီဖူရှင်းအား ကြည့်နေရာ ရီဖူရှင်းကို သီး၍ ချောင်းပင်ဆိုးသွားစေသည်။

“ဆက်သွားပါ။” ရီဖူရှင်းက ပြောလိုက်သည်။ သူ၏ အသံထွက်ပေါ်လာသောအခါ အားလုံးသော လှေများက ရှေ့သို့ ဆက်သွားကြပေသည်။

“သွားစို့။” ပေ့ကုံးအော့ကလည်း ထပ်ကာ အမိန့်ပေးလိုက်သည်။ ရုတ်တရက် သူတို့အဖွဲ့ကြီးက ရှေ့သို့ ဆက်သွားကြလေသည်။ သူတို့နောက်မှ နတ်မိမယ်တုံ့လိုင်က အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ရီဖူရှင်းကို ကြည့်နေသော ထိုမျက်လုံးများတွင် လေးစားမှုများ ပို၍ ပျော်ဝင်နေ၏။ ထိုသို့သော လူမျိုးက မည်သို့ဖြစ်၍ မူဘဘုံတွင် ထွက်ပေါ်လာသည်ကို မသိပေ။ သူသည် သူ့အနီး၌ အစွမ်းထက်ပုဂ္ဂိုလ်များကို စုဝေးစေနိုင်သော အစွမ်းသတ္တိရှိပုံရသည်။ သူ့နောက်သို့ လူအများအား နာနာခံခံလိုက်ပါလာအောင် ပြုလုပ်နိုင်သည်မှာ သူ ပိုင်ဆိုင်ထားသော ပင်ကိုစွမ်းရည် ဖြစ်နိုင်ပေသည်။

သူ့ကဲ့သို့သော တစ်စုံတစ်ယောက်မှာ သူ၏ စွမ်းရည် အားလုံးကို အောင်မြင်သွားလျှင် ရလဒ်က အံ့အားသင့်စရာ ဖြစ်လာပေလိမ့်မည်။

ရီဖူရှင်း၏ အနာဂတ်က မည်မျှ ဝေးဝေး သွားမည်ကို မသိနိုင်သော်လည်း သူမက ဝမ်းမြောက်ဝမ်းသာ စောင့်ဆိုင်းကြည့်ရှုနေလိမ့်မည် ဖြစ်သည်။

….

နတ်သမုဒ္ဒရာကုန်းမြေတွင် လိပ်နတ်ဘုရားကျွန်းစုနှင့် ပတ်သတ်သော ကောလာဟလများစွာ ရှိပေသည်။ အချို့လူများသည် လိပ်နတ်ဘုရားကျွန်းစု၌ အစစ်အမှန် နတ်ဘုရားတစ်ပါး ရှိသည်ဟု ဆိုကြပြီး အချို့လူများက ဤကြီးမားသော ကျွန်းကြီးမှာ အနက်ရောင်လိပ်ကြီးတစ်ကောင်၏ ကျောဘက်ပေါ်တွင် တည်ရှိသည်ဟု ပြောနိုင်ပေသည်။ သို့သော် လူအများစုက ယုံကြည်ကြသည်မှာ လိပ်နတ်ဘုရားကျွန်းစုဟူသော ထိုကျွန်းစုကိုယ်တိုင်ကပင် လိပ်နက် ရွှမ်းဝူကို ကိုယ်စားပြုသည်ဟု ဖြစ်လေသည်။

ကောလာဟလများက မည်သို့ဖြစ်စေ လိပ်နတ်ဘုရားကျွန်းစုသည် အင်ပါယာရှီဟူသော တန်ခိုးရှင်တစ်ဦးကြောင့်သာ အမှန်တကယ် ကျော်ကြားလာခြင်း ဖြစ်ပေသည်။

လိပ်နတ်ဘုရားကျွန်းစုသာမက နတ်သမုဒ္ဒရာကုန်းမြေတစ်ခုလုံးသည်ပင် ကုန်းမြေတစ်ခုလုံး၏ အထက်တွင် တည်ရှိနေသော ပုဂ္ဂိုလ် ထိပ်သီးအဆင့် တည်ရှိမှုဖြစ်သည့် အင်ပါယာရှီကြောင့် ကျော်ကြားရခြင်း ဖြစ်ပေသည်။

သူတို့ လိပ်နတ်ဘုရားကျွန်းစုသို့ ချဥ်းကပ်လာသည့်အခါ သူတို့သည် လေဟာနယ်အတွင်း အချိန်တိုင်းလိုလို ခရီးဆက်နေသော သူများကို မြင်တွေ့လိုက်ရသည်။ ရီဖူရှင်းနှင့် အခြားသူများသည်လည်း လေဟာနယ်ကို ဖြတ်သန်းလာသည့် လူများကဲ့သို့ ပင်လယ်တွင် ခရီးဆက်ခဲ့ကြသည်။ တခါတရံ၌ လေဟာနယ်အတွင်းမှ အရှိန်အဝါတို့က အလွန် အစွမ်းထက်လှပြီး ခြိမ်းခြောက်နိုင်စွမ်းရှိကာ တခါတရံတွင် ရယ်မောစကားပြောဆိုနေသည့် အသံများကို ကြားကြရပေသည်။

သူတို့သည် အရှေ့ရှိ လိပ်နတ်ဘုရားကျွန်းစု နယ်မြေကို မြင်နိုင်နေကြပြီ ဖြစ်သည်။

“အရှေ့ဆိုရောက်ပြီ။” လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ဤတစ်ကြိမ်၌ ရီဖူရှင်း၏ နောက်သို့ လိုက်ကာ သူသည် အင်ပါယာရှီက နတ်ဘုရားကပ်ဘေးအား ကျော်ဖြတ်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရန် အခွင့်အရေးရှိလာပြီ ဖြစ်သည်။ သူက မည်သို့ စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။

လိပ်နတ်ဘုရားကျွန်းစုအနီးတဝိုက်တွင် ပြန့်ကျဲနေသော ကျွန်းပေါင်းများစွာ ရှိသည်။ သူတို့ ချဥ်းကပ်လာသောအခါ သူတို့သည် နေရာအနှံ့၌ လူများရှိနေသည်ကို မြင်တွေ့လိုက်ရပေသည်။

“ဘာတွေ ဖြစ်နေတာလဲ။” ရီဖူရှင်းက နတ်အာရုံကို ထုတ်လွှတ်ကာ လူအုပ်ကြီးပေါ် ဖြန့်ကျက်လိုက်သည့်အခါ လိပ်နတ်ဘုရားကျွန်းစု အပြင်ဘက်တွင် ရေတွက်၍ မရနိုင်သော တန်ခိုးရှင်များ ရှိနေပြီး ကျွန်းပေါ်သို့ ခြေချ၍ မရနိုင်အောင် ရှိနေပေသည်။

သူ၏ နားထဲသို့ အသံများ ဝင်ရောက်လာပြီး ရီဖူရှင်းက ရုတ်တရက် နားလည်သွားပေသည်။ သူက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။ “ကြည့်ရတာ လိပ်နတ်ဘုရားကျွန်းစုမှာ လူအရမ်းများနေပြီး ဝင်ရောက်မယ့်လူတွေကို စတင်ထိန်းချုပ်နေပြီ ထင်တယ်။”

“ဒါက မျှော်လင့်ထားပြီးသားပဲ။ လိပ်နတ်ဘုရားကျွန်းစုက ကျယ်ပြန့်ပေမယ့် ဒါက ကျွန်းတစ်ခုပဲဖြစ်ပြီးတော့ ဆံ့တဲ့ အရေအတွက်က အကန့်အသတ်ရှိလိမ့်မယ်။ ဒါပေမယ့် ဒီတစ်ခေါက် တုန်းဟွာနယ်မြေတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပြီး တန်ခိုးရှင်တေတွေ အများကြီး ရောက်လာစေတာမို့ သူတို့အားလုံးသာ ကျွန်းပေါ်ဝင်လာရင် လိပ်နတ်ဘုရားကျွန်းစုတစ်ခုလုံး လူတွေနဲ့ ပြည့်လျှံသွားလိမ့်မယ်။” နောက်ဘက်မှ နတ်မိမယ်တုံ့လိုင်က ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်ကာ လူအုပ်ကြီးဖြင့် ပိတ်ဆို့တားဆီးထားသလို ဖြစ်နေသော နေရာသို့ ရောက်လာခဲ့သည်။ သူတို့၏ ရှေ့တွင် အလွန် ထူးဆန်းအံ့သြစရာကောင်းသော အရှိန်အဝါတို့ ရှိနေပြီး လေးလံလှသော ဖိအားတို့က သူတို့ကို ရှေ့သို့ ဆက်သွားရန် ခက်ခဲလာစေပေသည်။

“လေဟာနယ်ကိုလည်း ပိတ်ထားတယ်။” ရီဖူရှင်းက ခေါင်းကို မော့ကာ လေဟာနယ်အား မော့ကြည့်လိုက်သည်။ လေထုကို ဖြတ်သန်းလာသော တန်ခိုးရှင်များမှာလည်း ရပ်တန့်သွားခဲ့သည်။ ကြည့်ရသည်မှာ သူတို့အား မမြင်နိုင်သော အင်အားတစ်ခုက ပိတ်ဆို့ထားဆီးထားပုံရလေသည်။ ထို့နောက်တွင် သူတို့က မြေပေါ်သို့ ဆင်းသက်လိုက်ကြသည်။

ရီဖူရှင်းနှင့် အခြားလူများက ပင်လယ်ပြင်သို့ ကြည့်လိုက်လျှင် အနက်ရောင်လိပ်တစ်ကောင်ကို မြင်လိုက်ရသော်လည်း တစ်ခုတည်း ဟုတ်မနေပေ။ သမုဒ္ဒရာထဲတွင် လိပ်နတ်ဘုရားကျွန်းစု၏ အဖျားအနား၌ လိပ်နက်များစွာ ရှိနေပေသည်။

“စီနီယာ… ကျုပ်တို့ ကျွန်းပေါ် ဘယ်လိုဝင်ရမလဲ။” ရီဖူရှင်းက သူ့ဘေးမှ လူကို မေးလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က လိပ်နတ်ဘုရားကျွန်းစုကနေ သတင်းတစ်ခု ထုတ်ခဲ့တယ်။ ကျွန်းပေါ်ကို အဆင့်မြင့်ရန်ဟောင်တွေ ဝင်လို့ရပြီး ထိပ်တန်းပုဂ္ဂိုလ််ရဲ့ ဦးဆောင်မှုမရှိတဲ့ တခြားလူတွေကတော့ အတူတူလူစုပြီး ဝင်လို့ရတယ်။” ထိုလူက ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်ပြီး ရှေ့သို့ ခြေလှမ်းလိုက်ရင်း ပြောလိုက်သည်။ “လိပ်အကြီးအကဲ၊ ကျုပ်တို့က တုန်းရှောင်းကုန်းမြေက လာတာပါ။ ကျုပ်တို့ကို ခြွင်းချက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

လိပ်နက်က သူ့ကို အထင်အမြင်သေးသော အကြည့်တို့နှင့် ကြည့်လိုက်ပြီးနောက် ရေကို ထက်ပိုင်းခွဲလိုက်သည်။

ရီဖူရှင်းက ရှေ့သို့ လျှောက်လိုက်ပြီး ထိုပြင်းထန်လှသည့် မဟာလမ်းစဥ် ခုခံမှုစွမ်းအားကို ရင်ဆိုင်ကာ ဆက်လက်လျှောက်လှမ်းလိုက်သည်။ သူ ဖိအားပေး ဝင်ရောက်လာသည်ကို မြင်သောအခါ အဆင့်မြင့်ရန်ဟောင် လိပ်နက်က ခေါင်းကို မော့၍ သူ့ထံသို့ ကြောက်မက်ဖွယ် ရိုက်ချက်အား ထုတ်ဖော်ကာ လှိုင်းထစေလိုက်သည်။

ရီဖူရှင်းက လေဟာနယ်သို့ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပုဆိန်ခုတ်လွှဲချက်မှ အလင်းတို့ ကျဆင်းလာကာ လှိုင်းများကို ကွဲထွက်သွားစေသည်။ သူက အန္တရာယ်ရှိသော အလင်းတန်းတစ်ခုကဲ့သို့ လှုပ်ရှားလိုက်ပြီး လိပ်နက်ဆီ တိုက်ရိုက် ပြေးဝင်သွားလေသည်။

ဘုန်း…

ကြီးမားသော လှိုင်းလုံးများကို စီးရင်း လိပ်နက်သည်လည်း ရေကို ဖြတ်ကာ ရီဖူရှင်းဆီ ပြေးဝင်သွားလေသည်။ ကြီးမားလေးလံသော ဖိအားတစ်ခုက ရီဖူရှင်းထံ ဆင်းသက်လာသည်။

ရီဖူရှင်းက ၎င်းကို ရှောင်ရှားရန် အလုပ်ရှုပ်မခံပေ။ သူ၏ လက်ဝါးများကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး ကြောက်မက်ဖွယ် ဖိအားက အောက်သို့ ကျဆင်းလာကာ မဟာလမ်းစဥ် ကျောက်တိုင်တစ်ခုကဲ့သို့ ယင်းအား ဖိနှိပ်လာသည်။ လေထဲတွင် ထိခတ်မိသံကြီးတစ်ခု ကြားလိုက်ရပြီး ကြီးမားသော လိပ်နက်ကြီးက နောက်သို့ လွင့်ပျံသွားလေသည်။ ရီဖူရှင်း၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားကာ လိပ်ကြီး၏ ကျောပေါ်သို့ ဆင်းသက်ကာ ပြောလိုက်သည်။ “စီနီယာ၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခြွင်းချက်ထားပေးပါ။”

***

Comment

Leave a Reply

Options

not work with dark mode
Reset