အပိုင်း (၁၉၉၃)

အနက်ဖော်ခြင်း

“မူလအခြေအနေသို့ပြန်လာခြင်း” ရီဖူရှင်းက ချောက်ကမ်းပါးကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။ ၎င်းက လွတ်လပ်ခြင်းလမ်းစဥ်ဖြစ်ကာ သူက လမ်းစဥ်ကို ကိုယ်စားပြုသည်။

မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်သည် ဉာဏ်အလင်းမရခင် ဆယ်စုနှစ်များစွာ လမ်းစဥ်ကို ထွင်းထုခဲ့ပေသည်။

ရီဖူရှင်းသည် ယခင်က ထိပ်သီးပုဂ္ဂိုလ်အများအပြားနှင့် ပတ်သတ်ဖူးလေရာ သူသည် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်၏ အဆင့်ကို အနည်းနှင့်အများ ရိပ်မိထားပေသည်။ သူ ချောက်ကမ်းပါး၌ ထွင်းထုခဲ့သော အမှတ်အသားများက ပြီးပြည့်စုံသော ပုဆိန်နည်းစနစစ်ခု မဟုတ်သော်လည်း သူ၏ တိုးတက်လာမှုဖြစ်စဥ်ကို မှတ်ကျောက်တင်ထားသည့် သူ့အဆင့် တက်သွားသော မှတ်တမ်းပင် ဖြစ်သည်။

“ရှောင်ရွှမ်း မင်းပြောတာမှန်တယ်။” ရီဖူရှင်းက ပြောလိုက်သည်။ “အရင်တုန်းက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ဉာဏ်အလင်းမရခင် သူ ဒီမှာ ထွင်းထုထားခဲ့တာ အကုန်လုံးက ဉာဏ်အလင်းရခြင်းဖြစ်စဥ်ကို မှတ်တမ်းတင်ထားတာပဲ။ အဲဒါက ပြည့်စုံတဲ့ ပုဆိန်နည်းစနစ် တစ်ခုကို ဆိုလိုတာ မဟုတ်ပေမယ့် နည်းစနစ်တစ်ခုချင်းစီက တစ်ခုနဲ့တစ်ခု အမှီအခိုကင်းတယ်။ အဲဒါကြောင့် သူ ဉာဏ်အလင်းရပြီးတဲ့အခါ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ရတနာထပ်မလိုအပ်တော့တာပဲ။ ထိပ်တန်းအဆင့် နတ်ရတနာတောင်မှ သူ့အတွက် အဓိပ္ပါယ်မရှိတော့ဘူး။”

ပေ့ကုံးရွှမ်းက သူမ၏ လှပသော မျက်လုံးများနှင့် သူ့ကို ကြည့်ကာ မေးလိုက်သည်။ “ရှင် နားလည်သွားပြီလား။”

သူက နောက်ထပ် နားလည်သဘောပေါက်သွားပြန်ပြီလား။ သူမ ရီဖူရှင်းအပေါ် အထင်ကြီးလေးစားမှုမှာ သူ၏ မြင့်မားလှသော သဘောပေါက်နိုင်စွမ်းကြောင့် ဖြစ်လေသည်။ ကြည့်ရသည်မှာ ဤလောက၌ သူ နားလည်သဘောမပေါက်နိုင်သည့်အရာ မည်သည့်အရာမှ မရှိပုံရလေသည်။

“မဟုတ်သေးဘူး။ ဒါပေမယ့် အဓိကအချက်ကိုတော့ ဆုပ်ကိုင်မိပြီ။ ကျုပ်ကို လှုံ့ဆော်ပေးခဲ့တာ မင်းပဲလေ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူ၏ စကားလုံးများက လူအများကို အာရုံစိုက်စေခဲ့ပြီး သူတို့အားလုံးက အံ့အားသင့်ကာ သံသယဝင်နေကြသည်။

သူက နားလည်သဘောပေါက်သွားပြီလား။

သို့သော် သူတို့က မည်သည့်အတွက် မယုံကြည်ရသနည်း။

သူတို့နှင့် အချင်းများခဲ့သော အရှေ့ဘက်တွင် ရှိနေသည့် လူငယ်က မျက်မှောင်ကြုတ်လိုက်သော်လည်း သူက စကားမပြောခင် သူ့ဘေးမှ အမျိုးသမီးက ရီဖူရှင်းထံ လှည့်လာကာ မေးလိုက်သည်။ “ရှင် နားလည်သွားပြီလား။”

အမှန်တကယ်တွင် ထိုအမျိုးသမီးသည်လည်း ရီဖူရှင်း၊ ပေ့ကုံးရွှမ်းတို့နှင့် တူညီသော အတွေးရှိပေသည်။ သူမက ထိုဆန်းစစ်မှုအတွင်း နစ်မြုပ်လာလေ သူမ၏ ခံယူချက်က ပို၍ အားကောင်းလာလေဖြစ်သည်။ ချောက်ကမ်းပါး၌ ရှိသမျှအရာအားလုံးသည် တစ်ခုနှင့်တစ်ခု အဆက်အစပ်မရှိဘဲ အမှီအခိုကင်းလေသည်။ သူမဘေးတွင် ရှိနေသော လူငယ်က လုံးဝကို မှားယွင်းနေခဲ့သည်။

သို့သော်လည်း သူမက မည်သည်ကိုမှ ပြောမနေဘဲ တစ်ဖက်လူ အဖြေရှာနိုင်မည့် ဖြစ်နိုင်ချေကို ခွင့်ပြုထားလိုက်သည်။

ထို့ကြောင့်ပင် ရီဖူရှင်းက အဓိကအချက်ကို ဆုပ်ကိုင်မိသည်ဟု ကြားလိုက်သောအခါ ချက်ချင်း လှည့်ကြည့်၍ မေးလာခြင်း ဖြစ်သည်။

“မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ဒီနေရာမှာ ကျင့်ကြံခဲ့စဥ်က သူ့ရဲ့ စိတ်အခြေအနေကို နားလည်လိုက်တာပါ။” ရီဖူရှင်းက ပြောလိုက်သည်။

“အဲဒီလိုလား။” လူငယ်က သူ့ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “အဲဒါကို ကျုပ်မျက်လုံးတွေနဲ့ မြင်ချင်သေးတယ်။”

ရီဖူရှင်းက ပြုံးလိုက်ကာ မည်သည်ကိုမှ ထပ်မပြောတော့ပေ။ သူက ချောက်ကမ်းပါးသို့ ဆက်ကြည့်နေပြီး သင်္ကေတပုံစံပေါ်မှ ပထမဆုံး အမှတ်အသားကို စတင်လေ့လာလိုက်ကာ အစမှ စတင်၍ နားလည်သဘောပေါက်ရန် ကြိုးစားလိုက်သည်။ ထိုအမှတ်အသားသည် သူ၏ စိတ်ထဲ၌ ပုံနှိပ်ထားသကဲ့သို့ အလွန် ရှင်းလင်းစွာ ပေါ်ပေါက်လာခဲ့သည်။

“အဲဒီလိုဆိုလည်း အနီးကပ်စောင့်ကြည့်လိုက်ပေါ့။” ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူ့မျက်လုံးများမှ အလွန်တောက်ပသော အလင်းတန်းတစ်ခုက ချောက်ကမ်းပါးထက် အမှတ်အသားတွင် တောက်ပလာသည်။ ချက်ချင်းပင် ထိုအမှတ်အသားအတွင်း ပုံရိပ်ကြီးတစ်ခု ဆင်းသက်လာသည်ဟု ထင်မှတ်ရကာ ရီဖူရှင်း၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ ပုံရိပ် ရွေ့လျားနေသည့်အတိုင်း အမှတ်အသားများလည်း လိုက်လံ ရွေ့လျားလာသည်။ ၎င်းတို့က အသက်ဝင်လာသလိုပင် ဖြစ်၏။

ရွှင်း…

တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ချောက်ကမ်းပါးမှ သေးငယ်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကိုယ်တိုင် ပြန်ရောက်လာသလိုဖြစ်ကာ ပုဆိန်ကို လွှဲယမ်းနေသည်။ လူတိုင်းသည် ၎င်းမှ စွမ်းအားနှင့် အရှိန်ကို ခံစားမိကာ ချောက်ကမ်းပါးရှေ့ရှိ လူအများကို ကြောက်လန့်တကြား နောက်ဆုတ်သွားစေရန် ဖိအားပေးခဲ့သည်။

သို့သော် သူတို့ ဆုတ်ခွာပြီးနောက် သူတို့ သိရှိခဲ့သည်မှာ ထိုစွမ်းအားများက သူ့အားအမှန်တကယ် မထိခိုက်နိုင်ပေ။ ပုံရိပ်ယောင်က အစစ်အမှန် မဟုတ်သော်လည်း သူတို့ကို အစစ်အမှန်ဟု ယုံကြည်လာအောင် လှည့်စားရန် လုံလောက်ပေသည်။

“ဒါက…” အနီးအနားမှ လူများသည် အလွန် ထိတ်လန့်စွာဖြင့် ရီဖူရှင်းအား လှည့်ကြည့်လိုက်ကြသည်။ သူ လုပ်ခဲ့သော ဖြစ်ရပ်မျိုးနှင့် တူညီသောအရာမျိုးကို ယခင်က မည်သူမှ မလုပ်ဆောင်နိုင်ခဲ့ဖူးပေ။ ယခုတွင် ထိုအမှတ်အသားများက ပြင်ပလောကသို့ ထွက်ပေါ်လာပြီး လူအားလုံးက ၎င်းကို စူးစမ်းလေ့လာနိုင်ကြပေသည်။

သူက အမှန်တကယ် နားလည်သဘောပေါက်သွားခြင်း ဖြစ်နိုင်သလား။

ထိုအမျိုးသမီး၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာပြီး ရီဖူရှင်းကို လေးနက်စွာ အကဲဖြတ်နေသည့် အကြည့်တစ်ချက် ပေးလိုက်သည်။

သူမဘေးမှ လူငယ်၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ် အကြည့်တို့ ရှိနေခဲ့၏။ ရီဖူရှင်းက သူ မည်သည်ကို နားလည်သဘောပေါက်ခဲ့သည်အား ရှင်းလင်းစွာ ပြသခဲ့သည်။

ရီဖူရှင်းက အမှန်တကယ် နားလည်ခဲ့သည်မှာ မှန်လျှင် သူ့ကို ပါးရိုက်လိုက်ခြင်းနှင့် မခြားနားပေ။ ယခင်က သူသည် အထက်စီးဆန်စွာနှင့် ပေ့ကုံးရွှမ်း၏ အမြင်က မှားယွင်းနေကြောင်း ပြောခဲ့ပြီး သူနှင့် ယှဥ်ကာ ငြင်းဆန်ရန် မထိုက်တန်ဟု ပြောဆိုခဲ့သည်။

ထို့နောက်တွင် ရီဖူရှင်းက ကြားဝင်ခဲ့၏။

ယနေ့တွင် ရီဖူရှင်းက သူမှားနေကြောင်း အတည်ပြုနိုင်ခဲ့လျှင် သူ ရရှိလာမည့် အရှက်တရားက မှန်းဆ၍ မရနိုင်အောင်ပင်။

သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ယုံကြည်သည်မှအပ သူသည် ရီဖူရှင်းက ချောက်ကမ်းပါး၏ လျှို့ဝှက်ချက်အား ဖြေရှင်းနိုင်လိမ့်မည်ဟု တွေးမိမထားခဲ့ပေ။ ရီဖူရှင်းကဲ့သို့ပင် သူသည်လည်း မဖြေရှင်းနိုင်ပါလျှင် အခြားမည်သူမှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ရာ မည်သူကမှ ထိုထူးခြားဆန်းကြယ်မှုကို အနက်ဖော်နိုင်လိမ့်မည် မဟုတ်ပါချေ။

ထိုသို့သော ယုံကြည်ချက်ကြောင့်သာ သူက သူ့ကိုယ်သူ သံသယအနည်းငယ်မှ မထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ကြည့်ရသည်မှာ သူက မှားယွင်းနေခဲ့သည့် ပုံပင်။ တစ်ဖက်လူက သူ တွေးထားသည်ထက် ပို၍ အစွမ်းထက်နေခဲ့သည်။

ရီဖူရှင်းက သူတို့၏ အကြည့်ကို ဂရုမစိုက်သလို ထိုသူများအား မည်သည့် အာရုံစိုက်မှုမှ မပေးခဲ့ပေ။ သူက အရှေ့ကိုသာ အာရုံစိုက်ထားခဲ့ပြီး မကြာခင်၌ ဒုတိယအမှတ်အသားက လင်းလက်လာခဲ့ပေသည်။ ထိုမြင်ကွင်းမှာ ပေ့ကုံးအော့နှင့် ပေ့ကုံးရွှမ်းတို့အား အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ပြန်ရောက်သွားသလို ခံစားမိပေသည်။

ထိုသည်မှာ ယခင်ကနှင့် အတူတူပင် ဖြစ်သည်။ သူတစ်ယောက်တည်းကသာလျှင် ရှေးခေတ်ကတန်ခိုးရှင်များ ချန်ထားရစ်ခဲ့သည့် အမွေအနှစ်တို့အား ဖြေရှင်းနိုင်ခဲ့ပေသည်။

သူ့ကို ကျရှုံးစေသော မည်သည့်အမွေအနှစ်မှ မရှိသည်လား။

ပေ့ကုံးရွှမ်းနှင့် ပေ့ကုံးအော့တို့က ပြောလိုက်သည်။ “ဒီကောင်က အမွေအနှစ်လုယက်သူပဲ။ သူ မဖြေရှင်းနိုင်တဲ့ဟာ ဘယ်ဟာမှ မရှိဘူး။”

အလင်းတန်းများ လင်းလက်တောက်ပလာပြီး ချောက်ကမ်းပါးထက် အမှတ်အသားများမှ ထုတ်လွှတ်သော စွမ်းအားများက အားကောင်းသန်မာလာသည်။ လူအများသည် များလှစွာသော ပုံရိပ်များ ကခုန်နေသည်ကို မြင်တွေ့ကြရပြီး ထိုပုံရိပ်များက တိုက်ပွဲပုဆိန်များအား ဝှေ့ယမ်းနေကာ ၎င်းတို့ထံမှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို ခံစားမိကြပေသည်။ သူတို့က ထိုသို့သော အခွင့်အရေးကို မလွဲချော်လိုကြပေ။

“ကြည့်ရတာ သူမှန်ပုံရတယ်။”အမျိုးသမီးက ရေရွတ်လိုက်သည်။ ချောက်ကမ်းပါးမှ အမှတ်အသားများက လင်းလက်လာသည်။ လူတိုင်းသည် ၎င်းမှ စွမ်းအားများကို ရှင်းလင်းစွာ ခံစားမိကြပေသည်။ သူတို့က မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူ၏ တိုက်ပွဲပုဆိန်ကို စိတ်ကြိုက်လွှဲယမ်းကာ ထိုအမှတ်အသားများကို ထွင်းထုနေသော ယခင်နေ့ရက်များသို့ ပြန်လည်ရောက်ရှိသွားသည်ဟု ခံစားမိလိုက်ပေသည်။ ထိုအမှတ်အသားများက တစ်ခုနှင့်တစ်ခု အဆက်အစပ် မရှိကြသလို မည်သည့် ပြီးပြည့်စုံသော ပုဆိန်နည်းစနစ်မှလည်း ပါဝင်မနေပေ။

၎င်းသည် ရီဖူရှင်း မှန်ကန်သည်ဟု ဆိုလိုပေသည်။

သူမဘေး၌ ရပ်နေသော လူငယ်က သူမ၏ စကားများကို ကြားသောအခါ ပို၍ပင် ရှက်ရွံ့လာပေသည်။ သူ့နောက်မှ စီနီယာတစ်ယောက်က ပြောလိုက်သည်။ “ဒီရှုပ်ထွေးနေတဲ့ ပုဆိန်နည်းစနစ် တစ်ခုချင်းစီက စနစ်တစ်ခုလိုဖြစ်နေတာမို့ ပြည့်စုံတဲ့ ပုဆိန်နည်းစနစ်လို့ သတ်မှတ်လို့ရပါတယ်။”

သို့သော်လည်း ၎င်းက ကျိုးကြောင်းမဆီလျော်လှပေ။ ကြည့်ရသည်မှာ သူက လူငယ်၏ သိက္ခာအား အနည်းငယ်ပေးလိုသဖြင့် ပြောပေးခြင်း ဖြစ်နိုင်ပေသည်။

အမျိုးသမီးကလည်း ထိုသည်ကို နားလည်သည့်အတွက်ကြောင့် ညင်သာစွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။ “အဲဒီလို ပြောနိုင်ပါတယ်။”

သူတို့ ပြောနေချိန်၌ တောက်ပသော အလင်းတန်းများက ချောက်ကမ်းပါးဆီမှ ထွက်ပေါ်လာပြီး တုန်ခါသံက တပါတည်း လိုက်ပါလာလေ၏။ အမှတ်အသားမှ အလင်းတန်းတို့က ချောက်ကမ်းပါးထက်ရှိ အမှတ်အသား တစ်ခုပြီးတစ်ခု လင်းလက်လာစေသည်။ တဖြေးဖြေးနှင့် ကမ်းခြေရှေ့ရှိ ချောက်ကမ်းပါးက ပြင်းထန်စွာ တုန်လှုပ်လာကာ ထိုလင်းလက်နေသော အမှတ်အသားများက ချောက်ကမ်းပါးထက်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ အက်ကြောင်းတစ်ခုချင်းစီက တိုက်ပွဲပုဆိန်နှင့် ပိုင်းဖြတ်ခံထားရသလို ထင်မှတ်ရပေသည်။.

ထိုစဥ်က မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်၏ ခွန်အားနှင့် ဤချောက်ကမ်းပါး၌ မပျက်စီးစေဘဲ လမ်းစဥ်အား ထွင်းထုရန် မဖြစ်နိုင်ပေ။ ၎င်းတို့က အပြည့်အဝ အက်ရာများ ထင်နေပြီဖြစ်သော်လည်း မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က မဟာလမ်းစဥ်နှင့် ချိပ်ပိတ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ထိုအမှတ်အသားများက လျှို့ဝှက်ဆန်းကြယ်မှုအား ဖြေရှင်းနိုင်သည့် လျှို့ဝှက်ချက် ဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပင် ဤနှစ်များအတွင်း မည်သူမှ အားသုံးကာ မချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“အဲဒါက ကျိုးပျက်တော့မယ်။” မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းများ ထွက်ပေါ်လာသောအခါ လူအများက တီးတိုးရေရွတ်လိုက်ကြသည်။ ထိုအက်ကြောင်းများက ချောက်ကမ်းပါးကို စုတ်ဖြဲဖွင့်လှစ်လိုက်ကာ ချက်ချင်းပင် သူတို့ရှေ့ရှိ အရာအားလုံး ပျောက်ကွယ်သွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေသည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသူများမှာ သူတို့၏ စိတ်ခံစားချက်များ အတော်လေး လှိုင်းထန်သွားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ၎င်းအား ဖြေရှင်းနိုင်သူ တစ်စုံတစ်ယောက် ရှိလာခဲ့ပြီ ဖြစ်သည်။

၎င်းသည် ရီဖူရှင်းပြောခဲ့သည်မှာ မှန်ကန်ကြောင်း သက်သေပြနေပေသည်။

ဆန့်ကျင်ဘက်အနေနှင့် လူငယ်က မှားယွင်းခဲ့သည်။ သူသည် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူတို့ အိမ်တော်သို့ ဧည့်သည့်အဖြစ် လာခဲ့ဖူးသည်ဟု ပြောခဲ့ဖူးသည်။ သို့သော် ယခင်က သူသည် ပေ့ကုံးရွှမ်းမှားနေသည်ဟု အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။

ယခု စဥ်းစားကြည့်လျှင် သူက ယခင်က ပြသခဲ့သော ရန်လိုမှုများက အတော်လေး ကိုးယို့ကားယား နိုင်ပေသည်။

လူအများက လူငယ်ကို လှမ်းကြည့်လိုက်ကြပြီး သူသည်လည်း ထိုအကြည့်များကို ရှင်းလင်းစွာ သတိပြုမိလေသည်။ ထိပ်တန်းပါရမီရှင် ရန်ဟောင်တစ်ပါးအနေနှင့် သူသည် ထိုအခိုက်အတန့်တွင် ရှက်ရွံ့မှုတို့အား ခံစားခဲ့ရသည်။ သူ၏ မျက်နှာက ပူလောင်လာပြီး သူက စကားမပြောတော့သလို အခြားသူများကိုလည်း မကြည့်တော့ပေ။ မာထန်စွာနှင့်ပဲ သူ၏ အကြည့်များကို ရှေ့သို့ ပို့ထားလိုက်သည်။

ဖျက်ဆီးခံလိုက်ရသော ထိုလေဟာနယ်တွင် ကြောက်မက်ဖွယ် မိုးကြိုးစက်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ထိုနေရာရှိ လေထဲတွင် မျောလွင့်နေသော မိုးကြိုးအမြုတေတစ်ခု ထွက်ပေါ်လာပေသည်။ ၎င်းက ကောင်းကင်နှင့် မြေကြီးကြားမှ မိုးကြိုးစွမ်းအင်တို့ကို ဝါးမြိုနေပုံရလေသည်။ အနီးရှိ မိုးကြိုးစွမ်းအားများက တစ်ခုပြီးတစ်ခု ထိုအတွင်းသို့ ပေါင်းစပ်နေသည်။

တန်ခိုးရှင်များအားလုံးက ထိုနေရာတွင် ရပ်နေကြပြီး အလျင်စလို မလှုပ်ရှားရဲကြပေ။

၎င်းမှာ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ချန်ထားရစ်ခဲ့သော ရတနာဖြစ်နိုင်ပေသည်။

“မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ချောက်ကမ်းပါးကနေ ထွက်သွားခဲ့တာ အတော်ကြာပြီ။ သူက ဒီနေရာကို မဖျက်ဆီးခဲ့ရုံမက ရတနာကိုတောင် ချိပ်ပိတ်ထားခဲ့သေးတယ်။ သူက တစ်ယောက်ယောက်က ဒီချောက်ကမ်းပါးရဲ့ လျှို့ဝှက်ချက် ဖော်နိုင်တာကို မြင်ချင်တာ ဖြစ်မယ်။ အကြီးအကဲက ဒီလိုလုပ်ခဲ့မှတော့ ရတနာက လျှို့ဝှက်ချက်ဖော်နိုင်တဲ့သူနဲ့ပဲ သက်ဆိုင်သင့်တယ်။” ထိုအချိန်၌ အသံတစ်ခုကို ကြားလိုက်ရပြီး လူတိုင်းက အသံလာရာကို ကြည့်လိုက်ကြသည်။

ထိုသူက လင်းယွမ်ဖြစ်သည်။ သူ၏ မှတ်ချက်မှာ သိသာစွာပင် ရတနာက ရီဖူရှင်းသာ ပိုင်ဆိုင်သင့်သည်ဟု ဖြစ်လေသည်။

မည်သူကမှ စကားမပြောကြပေ။ ရီဖူရှင်းနှင့် သူ့လူများကို ယှဥ်ပြိုင်နိုင်သူက သိပ်မများလှပေ။ ရီဖူရှင်းနှင့် အငြင်းအခုန်ဖြစ်ခဲ့သော အဖွဲ့က ဤရတနာအတွက် ယှဥ်ပြိုင်မည်လား မည်သူမှ မသိပေ။

သို့သော် အမျိုးသမီးက လူငယ်ကို ကြည့်ကာ ပြောလိုက်သည်။ “သွားကြစို့။”

သိသာစွာပင် သူတို့က ထိုအရာအတွက် တိုက်ခိုက်ရန် စိတ်ကူးမရှိကြပေ။ သူတို့၏ အမြင်အရ ထိုရတနာက ထိုမျှ တန်ဖိုးမကြီးပေ။ ၎င်းကို ဖော်ထုတ်နိုင်သူက ရီဖူရှင်း ဖြစ်လေရာ သူတို့က တိုက်ခိုက်နေရန် မလိုအပ်ချေ။ တစ်ဖက်လူက သေချာပေါက် အင်အားစုကြီးမှလာခြင်း ဖြစ်နိုင်ပေသည်။

“ကောင်းပြီ။” လူငယ်က ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်၌ သူ ရှုံးနိမ့်သွားသည်မှာ သိသာပေသည်။ သူက ခေါင်းကို လှည့်၍ ရီဖူရှင်းအား ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏။ “လိပ်နတ်ဘုရားကျွန်းစုမှာ တွေ့ကြမယ်။”

သူ စကားပြော၍ ပြီးသွားသောအခါ သူတို့အဖွဲ့က လေဟာနယ်ကို ချိုးဖြတ်၍ ထွက်ခွာသွားတော့သည်။

ရီဖူရှင်းက ထွက်ခွာသွားသည့် အမျိုးသားကို ကြည့်လိုက်ပြီးနောက် ရတနာကို ပြန်ကြည့်ကာ သူ့ဘေးရှိ ပေ့ကုံးရွှမ်းအား ပြောလိုက်သည်။ “ပြီးခဲ့တဲ့အခေါက်က တိမ်မြူသစ်သားကို မင်းအဖေ ယူသွားခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ဒီရတနာက မင်းအပိုင်ပဲ။”

“ကျွန်မလား။” ပေ့ကုံးရွှမ်းက ရီဖူရှင်းကို ကြည့်လိုက်သည်။

“ကျုပ်မှာ ဒီလိုရတနာမျိုး မရှားဘူး။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ ပေ့ကုံးရွှမ်းက သူ့ကို ကြည့်ပြီးနောက် သူမ၏ အဖေကို ကြည့်လိုက်သည့်အခါ သူမအဖေက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ “လက်ခံလိုက်ပါ။”

“အင်း..” ပေ့ကုံးရွှမ်းက ငြင်းဆန်မနေတော့ဘဲ ရှေ့ကို လျှောက်လာခဲ့သည်။ သူတို့အနီးရှိ လူများက ရှုပ်ထွေးသွားခဲ့သည်။ ထိုအဆင့်ရတနာတစ်ခုက အရေးမပါသလို ပေးပစ်ခံလိုက်ရလေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset