အပိုင်း (၁၉၉၂)

အံ့အားသင့်စွာ နိုးထမှု

ရီဖူရှင်းသည် လင်းယွမ်၏ ရှေ့၌ ရှိနေပြီး သူသည်လည်း မမြင်ရသော အင်အား တစ်ခုကို ခံစားလိုက်ရသည်။ သူက လင်းယွမ်ကို လှည့်ကြည့်လိုက်လျှင် လင်းယွမ်က ချွေးများနှင့် စိုရွှဲနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် နာကျင်နေပုံရလေသည်။ သိသာစွာပင် တစ်စုံတစ်ယောက်က သူ့အပေါ် ဖိအားပေးရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။

လင်းယွမ်၏ အဆင့်က ရန်ဟောင့်အဆင့်အောက် အလွန်ဝေးလေရာ အစွမ်းထက်ရန်ဟောင်တစ်ပါး၏ စိတ်စွမ်းအင်ဖိနှိပ်မှုက သူ့ဝိညာဥ်ကို ကြေမွပျက်စီး သွားစေရန် လုံလောက်ပေသည်။

သူ ပြောလိုက်သည့် တစ်စုံတစ်ခုကြောင့် တစ်ဖက်လူက အမှန်တကယ်ပင် လင်းယွမ်အပေါ် မဟာလမ်းစဥ်ဖိနှိပ်မှုအား အသုံးပြုခဲ့ပေသည်။

ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဖက်လူရှိရာသို့ ပြန်ကြည့်လိုက်သည်။ သို့သော်လည်း ထိုသူက သူ၏ စွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ကာ သူ့နှုတ်ခမ်းထောင့်တွင် သေးငယ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက လင်းယွမ်ကို စိုက်ကြည့်လိုက်ကာ ထိုအပြုံးသေးသေးက သူတို့ကို သရော်နေသလို ထင်မှတ်ရပြီး သူ၏ စက်ဆုပ်ရွံရှာမှုကို ဖော်ပြနေပေသည်။

လင်းယွမ်သည် ထိုလူ့မျက်လုံးထဲမှ အကြည့်တို့ကို မြင်လိုက်ရသည့်အခါ ဒေါသဖြစ်သွားသော်လည်း တိတ်ဆိတ်နေခဲ့သည်။ သူ့ အဆင့်သည် တစ်ဖက်လူ၏ မျက်လုံးထဲတွင် ပိုးမွှားတစ်ကောင်လောက်ပင် အရေးပါမနေပေ။ သူက သူတို့နှင့် ဖက်ပြိုင်ပြောဆိုရန် မည်သည့် အခွင့်အရေး ရှိပါမည်နည်း။

ထိုမထီမဲ့မြင်အကြည့်တို့ကသာ သူ့ကို တုံ့ပြန်ခဲ့ပေသည်။

အမှန်တွင် လင်းယွမ်သည် တစ်ဖက်နှင့်တစ်ဖက် အမြင်မတူသည်များ ရှိနိုင်သည့်အတွက် အလေးအနက်မထားရန် ပြောပြခဲ့ခြင်းသာဖြစ်ပြီး ထို့ထက်ပိုသောအရာ မည်သည်ကိုမှ မလုပ်ခဲ့ပေ။

ထိုသူက တစ်ဖက်ပြန်လှည့်သွားသည်ကို မြင်သည့်အခါ ရီဖူရှင်းက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။ သူသည် ပေ့ကုံးရွှမ်းက တစ်ဖက်လူအား ရည်ရွယ်ချက်ရှိရှိ ရန်စခြင်း မဟုတ်သည်ကို မြင်ပေသည်။ ထိုသည်က သူမ၏ ပင်ကိုစရိုက်ပင် ဖြစ်သည်။ တစ်ဖက်လူက သူတို့၏ သုံးသပ်ချက်ကို အရင်ထုတ်ဖော် ပြောဆိုခဲ့သည့်အတွက်ကြောင့် ပေ့ကုံးရွှမ်းက ထိုယူဆချက်အား သဘောမတူသည့််အခါ ပြဿနာရှာခြင်း၊ ရန်လိုခြင်းဟု သတ်မှတ်လိုက်သည်လား။

သို့သော် ရန်ဟောင်အဆင့် တန်ခိုးရှင်တစ်ယောက်က ထို့ထက်ပို၍ သည်းခံတတ်သောစိတ် ထားရှိသင့်သည်။ အခြားအကြောင်းရင်း ရှိနေခြင်း ဖြစ်နိုင်သလား။

ရီဖူရှင်းက ထိုသူ့ဘေးတွင် ရှိနေသော နတ်မိမယ်တစ်ပါးကဲ့သို့ တန်ခိုးရှင်တစ်ယောက်ကို မြင်လိုက်သည်။ အကြောင်းရင်းမှာ သူမကြောင့်ပင် ဖြစ်နိုင်ပေသည်။

သူက ထိုလူငယ်သည် အမျိုးသမီးနှင့် ရင်းနှီးလိုကြောင်း ပြောနိုင်ပေသည်။

“မင်းတို့နှစ်ယောက်လုံးမှန်တယ်။ ဒီသင်္ကေတနဲ့ အမှတ်အသားတွေကို မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က အဆက်အစပ်မရှိ ထွင်းထုထားခဲ့တာ။ ဒီအမှတ်အသားပုံစံတစ်ခုချင်းစီက အချင်းချင်း အဆက်အစပ်မရှိဘဲ အမှီအခိုကင်းတယ်။” ရီဖူရှင်းက ပေ့ကုံးရွှမ်းနှင့် လင်းယွမ်ကို ရုတ်တရက် ပြောလိုက်သည်။

“စီနီယာ…” လင်းယွမ်က ရီဖူရှင်းကို ကြည့်လိုက်၏။ ရှန့်ထိုအဆင့်တွင် သူသည် ယှဥ်ရသည့်လူအပေါ် မူတည်၍ သူ၏ ကျင့်ကြံခြင်းစွမ်းရည်က အားမနည်းပေ။ သူသည် ရီဖူရှင်းက တစ်ဖက်လူ၏ အပြုအမူ သဘောထားကို မနှစ်မြို့၍ တမင်သက်သက်ပြောလိုက်ခြင်းဖြစ်သည်ကို သူ ခံစားမိပေသည်။

ထိုလူသည် သူတို့၏ ဆန့်ကျင်ဘက်ဖြစ်နေသော အမြင်အတွက် မပျော်မရွှင်ဖြစ်သွားခဲ့သည့် သဘောထားမှာ ရှင်းလင်းနေသည်။ ထို့ကြောင့် ယခု ဖြစ်ပျက်သွားသည်မှာ သတိပေးခြင်းသာ ဖြစ်ပေသည်။

ပေ့ကုံးရွှမ်းသည် ယခင်ကလို ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်သူ မဟုတ်တော့လျှင်ပင် ယခု ရီဖူရှင်း၏ မှတ်ချက်က အငြင်းပွားမှုကို သေချာပေါက်စတင်နိုင်ပေသည်။

လင်းယွမ်က ဒေါသထွက်သော်လည်း သူသည် သာမန်နောက်ခံများမဟုတ်ကြသော နှစ်ဖက်လုံးကို အချင်းမပွားစေချင်မိပေ။ သူသည် ရီဖူရှင်းနှင့် တစ်ဖက်လူတို့က ထူးခြားသာလွန်သော အရှိန်အဝါနှင့် မြင့်မားသော ကျင့်ကြံဆင့် ရှိသူများ ဖြစ်ကြသည်။ အကယ်၍ သူ့ကြောင့်နှင့် သူတို့ကြားတွင် ပဋိပက္ခဖြစ်ပွားခြင်းမှာ မထိုက်တန်ပေ။

ကျင့်ကြံခြင်းလောကတွင် သေးငယ်လှသော ကိစ္စလေးများကြောင့် အငြင်းပွားမှုများစွာ ဖြစ်ပွားကြရပြီး ထိုအရေးမပါသည့်ကိစ္စလေးများအတွက် တန်ဖိုးတစ်ခု ပေးဆပ်ရန် မထိုက်တန်လှချေ။

လင်းယွမ်က ထိုအဖြစ်အပျက်ကို ဤနေရာ၌ ဖြစ်ပျက်မည်အား မလိုချင်ပေ။

ရီဖူရှင်း၏ စကားလုံးများက တစ်ဖက်သို့ လှည့်သွားပြီဖြစ်သော လူငယ်ကို ကြက်သေသေသွားစေပြီး သူက သည်ဘက်သို့ တဖန်ပြန်လှည့်လာကာ သူ၏ မျက်လုံးများက ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်သည်။ သို့သော်လည်း ရီဖူရှင်းက သူ့ကို မည်သည့်အာရုံစိုက်မှုမှ မပေးခဲ့ပေ။ ထို့အစား သူက လင်းယွမ်ကို ပြောလိုက်သည်။ “ကျုပ် မင်းကို လိပ်နတ်ဘုရားကျွန်းစုဆီ ခေါ်သွားမယ်။”

လင်းယွမ်က ရီဖူရှင်းပြောလိုက်သည်ကို ကြားသောအခါ သိပ်မပျော်ရွှင်ခဲ့ချေ။ သူက အမှန်တကယ်ပင် ရီဖူရှင်းအတွက် အနည်းငယ် စိုးရိမ်နေသည်။ တစ်ဖက်လူ၏ နောက်ခံအင်အားက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ပင် လာလည်သည်ဟု ဆိုလေရာ မည်မျှ အင်အားကြီးကြောင်း သိနိုင်ပေသည်။

ရီဖူရှင်း၏ သဘောထားက သူ့ကို အနည်းငယ် ပူပန်စေသည်။

ထိုသို့သော စကားပြောဆိုပုံမှာ သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေပြီး ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်ကြရပေလိမ့်မည်။

“စီနီယာ…” လင်းယွမ်က တစ်ခုခု ပြောလိုသော်လည်း သူက မည်သို့ပြောရမည်ကို မသိပေ။

“ဒါဆို ဒီိလိုပဲ ဆုံးဖြတ်လိုက်ပြီ။” ရီဖူရှင်းက ပြုံးကာ လင်းယွမ် ပြောလိုသည့်စကားအား ဖြတ်ချလိုက်သည်။

“သူမ မှားနေတယ်လို့ ကျုပ်ပြောပြီးပြီ။” ထိုအချိန်၌ လူငယ်က စကားပြောလိုက်သည်။ ရီဖူရှင်းကို ကြည့်နေသော သူ့မျက်လုံးများက ထက်ရှနေသည်။

ရီဖူရှင်းက သူ့အာရုံကို ထိုလူငယ်ဘက် ပြန်ပို့လိုက်သည်။ ယခင်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်မှာ သေးငယ်သည့်ပြဿနာလေးသာ ဖြစ်သည်။ လင်းယွမ် ပြောခဲ့သလိုပင် မတူညီသော ရှုထောင့်များမှ မတူညီသော အမြင်များ ထွက်ပေါ်လာနိုင်သည်ဖြစ်ရာ သူတို့၏ အမြင်များကို ထုတ်ဖော်နိုင်ခွင့်ရှိပေသည်။ သို့ဖြစ်ရာ သူတို့က အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဝင်စွက်ဖက်စရာမလိုပေ။

သို့သော်လည်း တစ်ဖက်လူက သူတို့ မှားသည်ဟု အခိုင်အမာပြောနေသည်။ ပေ့ကုံးရွှမ်းက အလျှော့ပေးခဲ့သော်လည်း တစ်ဖက်လူက သူတို့ ပြသခဲ့သည့် ယဥ်ကျေးမှုကို အားနည်းခြင်းအဖြစ် မှတ်ယူနေသည်လား။

“သူမ မှန်တယ်။” ရီဖူရှင်းက ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် တစ်ဖက်လူ၏ မျက်လုံးများကို ကြည့်လိုက်သည်။ သူတို့က တိုက်ခိုက်လိုလျှင် သူသည်လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိမ့်မည် ဖြစ်သည်။

ပေ့ကုံးရွှမ်းက ထိုသူနှင့် ဆွေးနွေးရန်အဆင့်မမီပါက သူကိုယ်တိုင်ဆိုလျှင် အဆင့်မီနိုင်သလား။

“ဘာကိုအခြေခံပြီးတော့လဲ။” တစ်ဖက်လူက မေးခွန်းထုတ်လိုက်သည်။

“သူမမှန်တယ်လို့ ကျုပ်ထင်တာကြောင့် သူမ မှန်တာပဲ။ တခြားအကြောင်းပြချက် လိုသေးလို့လား။” ရီဖူရှင်း၏ အသံက အေးအေးလူလူပင် ဖြစ်ကာ သူ၏ ကိုယ်ပိုင်အတွေးအမြင်က အကြောင်းပြချက်ရှိရန် မလိုအပ်ချေ။

ထိုလူက ရုတ်တရက် ထေ့ငေါ့သလို ပြုံးလိုက်သည်။

“ဒါဆို မင်းကရော မင်းကိုယ်မင်း ချောက်ကမ်းပါးရဲ့ လျှို့ဝှက်ချက်ကို နားလည်သွားပြီလို့ ထင်လား။” သူက သရော်လိုက်၏။

“မင်းကရော နားလည်လား။” ရီဖူရှင်းက ခွန်းတုံ့ပြန်လိုက်သည်။

“မလည်ဘူး။” ထိုသူက ချက်ချင်းပင် ပြန်တုံ့ပြန်လိုက်သည်။

“ဘယ်သူကမှ ကျုပ် မှားတယ်လို့ သက်သေပြဖို့ နားလည်သဘောပေါက်တဲ့လူ ဘယ်သူမှ မရှိဘူးဆိုမှတော့ ကျုပ် တွေးတာလည်း မှန်နိုင်တာပဲ။

ဒီနေရာက ပုဆိန်နည်းစနစ်ကို မင်းကိုယ်တိုင်နားလည်သဘောပေါက်တာကလွဲရင် တခြားလူရဲ့ အမြင်ကို မေးခွန်းထုတ်ဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ။” ရီဖူရှင်းက တစ်ဖက်လူ၏ အမြင်ကို ပြန်လည်ချေပကာမေးလိုက်သည်။

မဟာလမ်းစဥ် စွမ်းအားက တစ်ဖက်လူထံမှ ထွက်ပေါ်လာပြီး သူက ပြုံးကာ ရီဖူရှင်းကို ပြောလိုက်သည်။ “မင်း ဘယ်ကလဲ။ ဘယ်အင်အားစုကနေ လာခဲ့တာလဲ။”

“ဒီကမ်းပါးမှာ ကျင့်ကြံတာနဲ့ အဲဒါက ဘာဆိုင်လို့လဲ။” ရီဖူရှင်းက မေးခွန်းနှင့် တုံ့ပြန်လိုက်သည်။

ထိုလူက ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “မဟုတ်ဘူး။ မသက်ဆိုင်ဘူး။”

“မသက်ဆိုင်ရင် ဘာလို့ မေးတာလဲ။” ရီဖူရှင်းသည် ယခင်က ပေ့ကုံးရွှမ်းနှင့် လင်းယွမ်အပေါ် ပြောဆိုခဲ့သည့် ရန်လိုနေသော လေသံအတိုင်း ပြန်တုံ့ပြန်ပြောဆိုလိုက်သည်။

မဟာလမ်းစဥ်ဖိနှိပ်ခြင်းက တစ်ဖက်လူထံမှ စတင်ကာ ထိုးဖောက်ဝင်ရောက်လာသော်လည်း သူ၏ မျက်လုံးများက ရီဖူရှင်းထံ၌ ရှိနေဆဲ ဖြစ်သည်။

“သူတို့ ပြောတာ ကျိုးကြောင်းမဆီလျော်တာတော့ မဟုတ်ဘူး။ ဒီအမှတ်အသားတွေက တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိကြဘူး။ ဒါကို အတည်မပြုရသေးခင် အလောတကြီး ကောက်ချက်မချတာ ပိုကောင်းလိမ့်မယ်။” ထိုအခိုက်တွင် ချောက်ကမ်းပါးကို ကြည့်နေသော သူတို့ရှေ့မှ အမျိုးသမီးက ညင်သာစွာ ပြောလိုက်ပြီး လူငယ်အား ထိတ်လန့်တုန်လှုပ်သွားစေသည်။ ထို့နောက် သူက အကြည့်များက ရီဖူရှင်းထံမှ လွှဲဖယ်၍ အမျိုးသမီးထံ အပြုံးနှင့် ပြောလိုက်သည်။ “အဲဒါ အဓိပ္ပါယ်ရှိတယ်။”

တူညီသောစကားများ ဖြစ်သော်လည်း မတူညီသည့် လူက ပြောလိုက်သည့်အခါ သူ၏ သဘောထားက လုံးဝ ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားလေသည်။

“ချောက်ကမ်းပါးရဲ့ လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်တာကလွဲရင် ဘယ်လို ကျိန်းသေ ကောက်ချက်ချတာမျိုးက ကျိုးကြောင်းမဆီလျော်ဘူး။ ပြီးတော့ ဒီလိုကိစ္စလေးနဲ့ အငြင်းအခုန်ဖြစ်နေတာထက် ဒီအထဲက ကျင့်ကြံခြင်းတွေကို ပိုနားလည်နိုင်အောင် ကြိုးစားတာ ပိုမကောင်းဘူးလား။” အမျိုးသမီးက ဆက်ပြောလိုက်ပြီး ရီဖူရှင်းဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။

ရီဖူရှင်းက သူမ မျက်လုံးများနှင့် ဆုံသွားခဲ့၏။ ရန်ဟောင်တစ်ပါးအနေနှင့် ထိုအမျိုးသမီးတွင် မြင့်မြတ်သော အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားပြီး သူမ၏ တည်ငြိမ်ကာ လှပသော မျက်လုံးများတွင် ယုံကြည်ချက်ရှိမှုနှင့် ဝံ့ကြွားမှုတို့အား ပြသနေသည်။

သို့သော် ရီဖူရှင်းက ပြုံးရုံမျှ ပြုံးလိုက်၏။”

“ရယ်စရာ တစ်ခုခုများ ပါလို့လား။” အမျိုးသမီးက မေးလိုက်သည်။

“မပါပါဘူး။” ရီဖူရှင်းက ပြန်တုံ့ပြန်လိုက်သည်။ “အဲဒါက ကျုပ် မမှားဘူး။ အနည်းဆုံးတော့ ဒီနေ့ ကျုပ်မမှားဘူး။”

သူက မမှန်သော်လည်း သေချာပေါက် မှားမနေပေ။ သူက ထိုအမှတ်အသားများကို အဆက်အစပ်ရှိအောင် မလုပ်နိုင်ဘဲ နားလည်သဘောမပေါက်နိုင်လျှင်ပင် မည်သူမှလည်း နားလည်သဘောမပေါက်နိုင်လေရာ သူက ကျိန်းသေပေါက် မှားမနေပေ။

သူတို့က ထိုသို့ မလုပ်နိုင်ရာ သက်သေပြစရာ မရှိသည့်အတွက် သူက အမှားမဖြစ်နိုင်ချေ။

အမျိုးသမီးက ရီဖူရှင်း၏ စကားလုံးတွေကို အမှန်တကယ် နားလည်သဘောပေါက်သလား မရှင်းလင်းသည့်အတွက် ရီဖူရှင်းကို လေးနက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူမက ချောက်ကမ်းပါးသို့ ပြန် လှည့်ကြည့်လိုက်ကာ မြန်မြန်ဆန်ဆန် သဘောပေါက်နားလည်လာအောင် ဆက်လက်လေ့လာနေခဲ့သည်။

သူမ စကားပြောလိုက်ပြီးနောက် လူငယ်ရန်ဟောင်က တိတ်ဆိတ်သွားခဲ့သည်။ သူမကဲ့သို့ သူသည်လည်း တိတ်ဆိတ်စွာ နားလည်သဘောပေါက်စေရန် လေ့လာနေကာ တစ်စုံတစ်ခုကို သက်သေပြ၍ သူ မှန်သည်ဟု သက်သေပြချင်ပေသည်။

တစ်ဖက်လူက ထပ်ပြီး အကန်စကားမဆိုတော့ရာ ရီဖူရှင်းသည်လည်း သူ့ကို တမင်သက်သက် ရန်ရှာမနေတော့ပေ။ သူက ချောက်ကမ်းပါးကိုသာ နောက်တဖန် ပြန်ကြည့်နေလိုက်သည်။

သူသည် ယခင်က ပေ့ကုံးရွှမ်းကို ထောက်ခံပေးခဲ့သော်လည်း အမှန်မှာ သူသည်လည်း ၎င်းက အမှန်ဟုတ်မဟုတ် မဆုံးဖြတ်နိုင်သေးပေ။ ပေ့ကုံးရွှမ်း၏ ဆန်းစစ်မှုက ယုတ္တိရှိ၍ သူ သဘောတူလိုက်သော်လည်း ထိုလူငယ်၏ စကားလုံးများက အခြေအမြစ်မရှိပေ။

မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က တစ်ဖက်လူ၏ အိမ်တော်သို့ လာရောက်လည်ပတ်ဖူးသောကြောင့် သူက ထိုအကြောင်းနှင့် ပတ်သတ်ပြီး အနည်းအကျဥ်း သိပုံရလေသည်။ ထိုသူ၏ ယခင်စကားပြောဆိုမှုများမှ ဆက်စပ် ဆုံးဖြတ်ရလျှင် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်အကြောင်း ကောလာဟလမှာ သေချာသလောက် ရှိပေသည်။ အမြင့်ဆုံးဖြစ်နိုင်ချေက ထိုရတနာကို ချောက်ကမ်းပါးအတွင်း မြှုပ်နှံထားခြင်း ဖြစ်နိုင်ပေသည်။

သို့ဆိုလျှင် ထိုအထဲတွင် မည်သည့် ဆက်သွယ်မှုကို မြှုပ်နှံထားသနည်း။.

သူက ထိုသို့တွေးလိုက်မိသည့်အခါ ရီဖူရှင်းက နားလည်သဘောပေါက်ရန်  တိတ်ဆိတ်စွာ လေ့လာနေလိုက်သည်။ တခဏကြာပြီးနောက် သူသည် သူ့မျက်လုံးများကို  နောက်တစ်ကြိမ်ထပ်၍ လေ့လာခြင်း၌ အာရုံစိုက်ထားလိုက်သည်။

သူ၏ သက်စောင့်ဟော်နန်းအတွင်း အမှတ်အသားများ ထပ်ပေါ်ပေါက်လာကာ သူသည် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ထွင်းထုထားခဲ့သော လမ်းစဥ်ကို စူးစမ်းလေ့လာနေခဲ့သည်။

ဤတစ်ကြိမ်တွင် သူက အချိန်ကြာကြာ ပို၍ လေ့လာခဲ့သည်။ ထို ပုဆိန်နည်းစနစ်များသည် အလင်းများကဲ့သို့ သူ့စိတ်ထဲတွင် ထပ်ကာ ထပ်ကာ ပေါ်ပေါက်လာသော်လည်း ၎င်းတို့က အချင်းချင်း အဆက်အစပ် မရှိနေဆဲ ဖြစ်လေသည်။ သူတို့ အချင်းချင်း ဆက်စပ်နိုင်သော်လည်း အတင်းဖိအားပေးခံထားရသလို သဘာဝမကျပုံပေါ်နေသည်။

အချိန်အတော်ကြာပြီးနောက် ပုဆိန်နည်းစနစ်က ရုပ်ပုံကားချပ်များကဲ့သို့ ရီဖူရှင်း၏ စိတ်ထဲတွင် ဆက်လက် ထွက်ပေါ်လာနေပြီး အရှေ့နှင့် အနောက်ပျံသန်းနေသည်။ နည်းစနစ်တစ်ခုချင်းစီတိုင်းသည် အလွန်အစွမ်းထက်လှသော်လည်း သူက ၎င်းတို့ကြားမှ ဆက်စပ်မှုအား ရှာမတွေ့သေးပေ။

ဤချောက်ကမ်းပါး၌ မည်သည့် လျှို့ဝှက်ဆန်းကြယ်မှုများ ဝှက်ထားသနည်း။

သူက မျက်လုံးများကို ဖွင့်လိုက်လျှင် ပေ့ကုံးရွှမ်းက ချောက်ကမ်းပါးသို့ လျှောက်လာပြီး ချောက်ကမ်းပါးကို အနီးကပ်လေ့လာနေသည်အား မြင်လိုက်ရသည်။ တစ်ခါတစ်ရံ၌ သူမသည် ၎င်းကို ထိတွေ့မိလုနီးပါးပင် ဖြစ်လာခဲ့သည်။

“ဘာလို့ ဒီလောက် အလေးအနက်ဖြစ်နေတာလဲ။” ရီဖူရှင်းက သူမကို မေးလိုက်သည်။

“ထူးဆန်းတယ်။” ပေ့ကုံးရွှမ်းက ရီဖူရှင်းထံ ပြန်လျှောက်လာပြီး ရေရွတ်လိုက်သည်။ သူမက တွေးလိုက်မိလိုက်သည့်အတိုင်း ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “လမ်းစဥ်စွမ်းအား မရှိတဲ့ အဲဒီအမှတ်အသားတွေက ဘာလို့ လမ်းစဥ်စွမ်းအားရှိတဲ့ အမှတ်အသားတွေထက် နက်ရှိုင်းတယ်လို့ မြင်နေရတာလဲ။ ပြီးတော့ အဲဒီက ရတဲ့ ရသခံစားမှုကလည်း ပိုပြီးအားကောင်းတယ်။”

ရီဖူရှင်းသည် ရုတ်တရက် သူ့ခေါင်းကို မော့ကာ ချောက်ကမ်းပါးကို ကြည့်လိုက်လျှင် ချောက်ကမ်းပါးမှ မရေတွက်နိုင်သော အမှတ်အသားများက သူ့စိတ်ထဲကို လျင်မြန်စွာ ဝင်ရောက်လာပေသည်။ ယခု သူ့စိတ်ထဲတွင် ၎င်းတို့က အဆက်မပြတ် ထွက်ပေါ်လာသည်။

သူ့စိတ်ထဲတွင် လျှပ်စီးတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ့ မှတ်ဉာဏ် အနက်ရှိုင်းဆုံးနေရာများတွင် တစ်စုံတစ်ခု ပေါ်ပေါက်လာကာ သူ့မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

ဟုတ်သည်။ လမ်းစဥ်စွမ်းအား မပါသော ပုဆိန် အမှတ်အသားများက လမ်းစဥ်စွမ်းအား ပါဝင်သော အမှတ်အသားများထက် ပို၍ နက်ရှိုင်းနေသည်။ ၎င်းက မည်သည်ကို ဆိုလိုသနည်း။

သူက အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်အကြောင်း ကောလာဟလများကို တွေးမိခဲ့ပြီး ကောင်းကင်အရှင်က ဆယ်စုနှစ်ကြာ လမ်းစဥ်များကို ထွင်းထုခဲ့ကြောင်း သိရှိလေသည်။ နောက်ဆုံးတော့ သူက ဉာဏ်အလင်းပွင့်ကာ အောင်မြင်နိုင်ခဲ့သည်။

သူ မည်သို့ လုပ်ခဲ့သနည်း။

ရီဖူရှင်းက ထိုအမှတ်အသားများကို တဖန်မော့ကြည့်လိုက်သောအခါ သူ၏ စိတ်အခြေအနေက အတော်လေး ကွဲပြားသွားသည်။ သူက ထိုထွင်းထုထားသာ အမှတ်အသားများမှာ မတူကွဲပြားစွာ တည်ရှိနေပြီး အချင်းချင်း ဆက်စပ်မှု မရှိကြောင်း အလွန် သေချာသွားလေသည်။

သူ၏ ကျပန်းခန့်မှန်းချက်က မှန်ကန်နေခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset