Switch Mode

အပိုင်း (၁၉၉၀) ​ချောက်ကမ်းပါး

အပိုင်း (၁၉၉၀) ​ချောက်ကမ်းပါး

“စီနီယာ ခင်ဗျားတို့အားလုံး ​ေခြားကုန်းမြေကနေ ရောက်လာကြတာလား။” လူငယ်က ရီဖူရှင်းတို့ အဖွဲ့ကို ပြုံး၍ ကြည့်ကာ မေးလိုက်သည်။

“အင်း” ပေ့ကုံးအော့က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ “ကျုပ်တို့ လိပ်နတ်ဘုရားကျွန်းစုက သတင်းကို ကြားတာမို့လို့ အဝေးကြီးကနေ လာခဲ့ရတာ။”

“ကျွန်တော်နာမည်က လင်းယွမ်ပါ။ ဒီဘက်က ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော် လွီချင်။” လူငယ်က ပြောလိုက်သည်။ “လိပ်နတ်ဘုရားကျွန်းစုကနေ သတင်းပျံ့နှံ့လာပြီးတဲ့ နောက်မှာ ကုန်းမြေများစွာက တန်ခိုးရှင်တွေ နတ်သမုဒ္ဒရာကုန်းမြေကို ရောက်လာကြတယ်။ ဒီနေရာက နတ်သမုဒ္ဒရာကုန်းမြေမှာတော့ ထင်ရှားပေမယ့် ဒီနေရာမှာ ကောင်းကင်ဒေသရဲ့ အပျက်အစီးတွေ အများကြီးရှိနေတာဆိုတော့ အပြင်လောကမှာ သိပ်ပြီး မကျော်ကြားလှဘူး။ လတ်တလော ဧည့်သည်တွေ အများကြီးရောက်လာကြတယ်.. ခင်ဗျားတို့လိုပေါ့။ ဒီနေရာကို ဖြတ်သွားရင်းနှင့် လာကြည့်ကြတာမျိုးလေ။”

“နှစ်ပေါင်းများစွာ ကြာသွားတာတောင်မှ ဒီချောက်ကမ်းပါးက ရှိနေတဲ့ လမ်းစဥ်တွေကို ဘယ်သူမှ နားမလည်နိုင်ခဲ့ကြဘူးလား။” ရီဖူရှင်းက မေးလိုက်သည်။

“ကျွန်တော် မသိဘူး။ လူတိုင်းကတော့ နည်းနည်းချင်းစီ နားလည်ပေါက်နိုင်ကြတယ်။” လင်းယွမ်က ပြန်ဖြေလိုက်၏။ “ဒါပေမယ့် ကောလာဟလတွေ အရတော့ အဲ့ဒီရေးဆွဲထားတာတွေက ပြန့်ကျဲနေတယ်တဲ့။ အရင်တုန်းက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ရဲ့ နှစ်သုံးဆယ် ထိုးထွင်းသိမြင်မှု ဉာဏ်တွေကို ဒီနေရာမှာ ထွင်းထု ထားခဲ့တယ်။ ဒီပုဆိန်နည်းစနစ် သူ့ လမ်းစဥ် ပြီးမြောက်သွားတဲ့ အချိန်က ဖြစ်တည်လာတာလို့ ကောလာဟလရှိတယ်။ မတူညီတဲ့ တန်ခိုးရှင်တွေက မတူညီတဲ့ ကိုယ်ပိုင် နားလည်သဘောပေါက်မှုတွေ ရခဲ့ကြတယ်။ ဒီတစ်ခုလုံးကနေ နားလည်သဘောပေါက်တဲ့လူ ရှိမရှိကတော့ ကျွန်တော်တို့ မသိနိုင်ကြဘူးလေ။”

“ကျုပ် သိပြီ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“စီနီယာ ခင်ဗျားရဲ့ အရှိန်အဝါက အတော်လေးကို  ထူးခြားတယ်။ ခင်ဗျားက တခြားကုန်းမြေရဲ့

ထိပ်သီးအင်အားစုကနေ လာတာဖြစ်ရမယ်။ ဟုတ်တယ်မလား။” လင်းယွမ်က မေးလိုက်သည်။

ရီဖူရှင်းက သူ့ကိုကြည့်လိုက်လျှင် လင်းယွမ်၏ မျက်လုံးများထဲတွင် မျှော်လင့်စောင့်စားမှုများ ရှိနေသည်ကို မြင်လိုက်ရသည်။

“မင်းခန့်မှန်းသလိုပဲ ဖြစ်နိုင်ပါတယ်။” ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်ကာ ဖြေလိုက်သည်။

“ကျွန်တော် ခင်ဗျားတို့နဲ့အတူ လိုက်လို့ရမလား။ ကျွန်တော် လမ်းပြလုပ်ပေးနိုင်ပါတယ်။” လင်းယွမ်က အရိုအသေပေးကာ မေးလိုက်သည်။

ရီဖူရှင်းက သူပြောသည်ကို ကြားသောအခါ လင်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ရီဖူရှင်းက အပြုံးနှင့် လက်ညှိုးညွှန်လိုက်ကာ ပြောသည်။ “မင်းက လိပ်နတ်ဘုရားကျွန်းစုရဲ့ အခမ်းအနားကို တက်ချင်လို့ မဟုတ်ဘူးလား”

ထိုစုံတွဲက အစွမ်းထက် ကျင့်ကြံခြင်း မရှိကြပေ။ ထိပ်သီး ပုဂ္ဂိုလ်များအတွက် နတ်သမုဒ္ဒရာကုန်းမြေကို ကြီးသည်ဟု သတ်မှတ်၍ မရနိုင်သော်လည်း ရှန့်ထို အဆင့်များအတွက် ၎င်းက ကြီးမားနေဆဲပင်ဖြစ်သည်။ သူတို့၏ ကျင့်ကြံအဆင့်နှင့် သူတို့က လိပ်နတ်ဘုရားကျွန်းစုသို့ ခြေချရန် အဆင့်မမီကြပေ။

သို့သော်လည်း သူတို့သည် တစ်သက်မှ တစ်ခါ ကြုံရသည့် အခွင့်အရေးကို လက်လွှတ်မခံလိုကြချေ။ ယခုသူတို့က ရီဖူရှင်း၏ အဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လင်းယွမ်သည် ရီဖူရှင်းထံ၌ အလွန်

ထူးခြားသော အရှိန်အဝါတို့ ရှိသည်ကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် သူက အခွင့်အရေးရရန် ကောင်းကောင်းမွန်မွန်ပြုမှုဆက်ဆံနေခြင်းဖြစ်သည်။ သူက လိပ်နတ်ဘုရားကျွန်းစုသိို့ သွားရောက်လိုပေသည်။

လင်းယွမ်က နောက်အဆင့်တစ်ခုသို့ ရောက်ရန် အလွန် ဝေးကွာနေသော်လည်း ထိပ်သီး ပုဂ္ဂိုလ်ကြီးတစ်ဦးက နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်နေသည်အား မျက်မြင်တွေ့ရန် အခွင့်အရေးမှ သူ၏ တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေးဖြစ်ပေသည်။ သူက ဤတစ်ကြိမ်၌ လွှဲချော်သွားခဲ့လျှင် ဤဘ၀တစ်လျှောက်လုံး အခြားမည်သည့် အခွင့်အရေးမှ ရနိုင်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းသည် တစ်ဖက်လူ၏ မျက်လုံးများထဲမှ မျှော်လင့်ချက်တို့ကို မြင်တွေ့လိုက်ရသဖြင့် သူက ပြုံးကာ ပြောလိုက်သည်။ ” ကံကောင်းမလားလို့ ကြိုးစားကြည့်ကြတာပေါ့။ တကယ်လို့ ဒီ​ချောက်ကမ်းပါးကနေပြီးတော့ မဟာလမ်းစဥ်ကိုနားလည်သွားခဲ့ရင် မင်းကို ကျုပ်တို့နဲ့အတူတူ ခေါ်သွားပေးမယ်။ တကယ်လို့ ကျုပ်အဲဒီလို မလုပ်နိုင်ခဲ့ဘူးဆိုရင် မင်းတို့ကို ခေါ်သွားမှာမဟုတ်ဘူး။”

လင်းယွမ်က ရီဖူရှင်း၏ စကားကို ကြားသောအခါ သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ ရီဖူရှင်းသည် အခြားသော ကုန်းမြေ၏ ထိပ်သီး အင်အားစုမှ ဖြစ်သော်လည်း မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ထွင်းထုထားခဲ့သော အရာများကို နားလည်သဘောပေါက်ရန်မှာ မလွယ်လှပေ။  နတ်သမုဒ္ဒရာကုန်းမြေမှ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း ယခင်က ဤနေရာသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီက သက်ဆိုင်ရာ နားလည်သဘောပေါက်မှုများကို ရရှိခဲ့ကြသော်လည်း မည်သူကမှ ထိုချောက်ကမ်းပါးမှ မဟာလမ်းစဥ်စွမ်းအားများကို အပြည့်အဝနားလည်ပါသည်ဟု မပြောရဲခဲ့ကြပေ။

ရီဖူရှင်းက ထူးချွန်ထက်မြက်သော အရှိန်အဝါရှိနေလျှင်ပင် အောင်မြင်ရန် အခွင့်အရေး နည်းပါးနေဆဲပင် ဖြစ်၏။

သူ၏ စိတ်ပျက်လက်ပျက် ဖြစ်မှုက ခဏလေးအတွင်း ပျောက်ကွယ်သွားခဲ့သည်။ လင်းယွမ်က ပြုံးကာ ပြောလိုက်၏။ “စီနီယာ၊ ခင်ဗျား ကျိန်းသေလုပ်နိုင်မှာပါ။”

ရီဖူရှင်းက ပြုံးလိုက်သည်။ လင်းယွမ်က သူ ထိုင်နေသည့် ကျောက်တန်းပေါ်မှ ထရပ်ကာ ပြောလိုက်သည်။ “စီနီယာ၊ ကျေးဇူးပြုပြီး ထိုင်ပါ။”

သူက ပြောလိုက်ပြီးနောက် ထိုကျောက်တန်းမှ ခပ်ဝေးဝေးကို ဖယ်ပေးလိုက်သည်။ ရီဖူရှင်းက တွေဝေမနေဘဲ လင်းယွမ်၏ နေရာသို့ လျှောက်သွားခဲ့သည်။ ရီဖူရှင်းသည် သူ့ရှေ့မှ ချောက်ကမ်းပါးကို ကြည့်လိုက်၏။ သူ့ရှေ့တွင် လူများစွာ ရပ်နေကြပြီး မတူညီသော နေရာများမှနေ၍ ချောက်ကမ်းပါးကို နားလည်သဘောပေါက်အောင် လေ့လာနေကြသည်။

“ရှင် တကယ်ပဲ လိပ်နတ်ဘုရားကျွန်းစုကို သွားချင်နေတာလား။” လွီချင်က လင်းယွမ်ကို ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

“အင်း” လင်းယွမ်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ “ဒီလိုအခွင့်အရေးမျိုးက ထောင်စုနှစ်တစ်ခုနေမှ တစ်ခါကြုံတွေ့ရတာမျိုး။ အထဲထိ မဝင်နိုင်ရင်တောင် အပြင်ဘက်ကနေတော့ ကြည့်ချင်မိတယ်။ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်တာက လိပ်နတ်ဘုရားကျွန်းစုတစ်ခုလုံးကိ လှုပ်ခတ်စေမှာမို့ အပြင်ကနေလည်း မြင်ရလောက်ပါတယ်။”

လွီချင်က ပြောလိုက်သည်။ “ကျွန်မတို့ရဲ့ ကျင့်ကြံခြင်းက သိပ်မဆိုးပါဘူး။ ဒါပေမယ့် ရှင်ပြောသလို ဒီအဖြစ်အပျက် ထောင်စုနှစ်တစ်ခုနေမှ တစ်ကြိမ်လောက် ဖြစ်တာ။ ဒီရက်တွေထဲမှာ တန်ခိုးရှင်တွေအများကြီးက နေ့တိုင်းရောက်လာနေတယ်။ တုန်းဟွာနယ်မြေတစ်ခုလုံးက ထိပ်သီးအဆင့် ပုဂ္ဂိုလ်တွေအားလုံးလ​ည်း ရောက်လာကြလိမ့်မယ်။ ကျွန်မတို့ရဲ့ ကျင့်ကြံဆင့်လောက်နဲ့ နေရာရှိမှာ မဟုတ်ဘူး။ နတ်ဘုရားကပ်ဘေးဖြစ်စဥ်အတွင်းမှာ အန္တရာယ် အရမ်းကြီးနေတာမျိုး ဒါမှမဟုတ် တခြားအန္တရာယ်မျိုး ကြုံလာခဲ့ရင် ကျွန်မတို့ရဲ့ စွမ်းရည်လောက်နဲ့ အကူအညီမဖြစ်သလောက်နီးပါးပဲ။” ကြည့်ရသည်မှာ သူမက သွားချင်ပုံမရပေ။

ဤနေရာ၌ စုစည်းလာကြသော တုန်းဟွာနယ်မြေမှ တန်ခိုးရှင်များက သူမကိုဖိအားများ ခံစားရစေသည်။ ထိုသည်မှာ နတ်ဘုရားကပ်ဘေးဖြစ်ကာ ကြီးမားလှသော အန္တရာယ်ကို သယ်ဆောင်ထားသည်။ ၎င်းက နှစ်တစ်ထောင်ခန့်ကြာမှ တစ်ကြိမ်ဖြစ်ပေါ်သော အခမ်းအနားဖြစ်သော်လည်း အနည်းငယ် ကံဆိုးသွားရုံနှင့် အသက်ပင်အန္တရာယ်ရှိနိုင်သည်။ ထိုသို့ဖြစ်လာသောအခါ သူတို့၏ နိမ့်ကျသော ကျင့်ကြံဆင့်လေးနှင့် လွတ်မြောက်အောင် စွမ်းဆောင်ရန် မလုံလောက်နိုင်ပေ။

ထို့ကြောင့် လွီချင်က အနည်းငယ် တွက်ချက်နေရခြင်း ဖြစ်သည်။ သူမသည် ဖြစ်လာမည့် အန္တရာယ်များကို ​ကြောက်ရွံ့ပေသည်။  သူမသည် ထိုသို့သော ဖြစ်ရပ်မျိုးက ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားလိမ့်မည်မဟုတ်ကြောင်း ခံစားမိပေသည်။ သူတို့က ရီဖူရှင်းတို့အဖွဲ့နှင့် လိုက်သွားခဲ့လျှင် အန္တရာယ်က ပို၍ပင် ကြီးမားပေလိမ့်မည်။

လင်းယွမ်က ပြန်ထောက်လိုက်သည်။ “အရင်တုန်းက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ဒီနေရာမှာ နှစ်သုံးဆယ်ကြာအောင် သူ့လမ်းစဥ်ကို မှတ်တမ်းတင်ခဲ့တယ်။ အဆုံးမှာ သူက အောင်မြင်ခဲ့ပြီး ‘ကောင်းကင်အရှင်’ ဘွဲ့ကို ရရှိခဲ့တယ်။ ကိုယ့်ရဲ့ လက်ရှိကျင့်ကြံဆင့်နဲ့ လမ်းစဥ်ကို ရှာဖွေပြီး အကန့်အသတ်ကို တိုးချဲ့ဖို့ ဘယ်မှာ အခွင့်အရေး ရှိမှာလဲ။ နတ်ဘုရားကပ်ဘေးကို လေ့လာနိုင်မယ်ဆိုရင် နည်းန​ည်းလေး နားလည်သဘောပေါက်သွားရင်တောင် ကိုယ်တို့အတွက်တော့ အဲဒါက ထူးခြားလာမယ်ဆိုတဲ့ လက္ခဏာပဲလေ။”

လင်းယွမ်က လွီချင်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ လွီချင်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။ ဤတစ်ကြိမ်၌ သူမသည် သူ့နောက်သို့လိုက်ကာ လောက၏ အားအကောင်းဆုံး ကပ်ဘေးကို အဖော်ပြုကြည့်ရှုပေးရန် ဆုံးဖြတ်လိုက်သည်။

ရီဖူရှင်းက ချောက်ကမ်းပါးကို ကြည့်နေခဲ့သည်။ သူ၏ အကြည့်များက အလွန် ထူးဆန်းလာခဲ့ကာ ဖမ်းစားနိုင်သော တင့်တယ်မှုတို့ သူ့ပုံရိပ်မှ ထွက်လာခဲ့သည်။ သူသည် မှော်သင်္ကေတများနှင့်တူသော စာလုံးများအား ကြည့်နေခဲ့သည်။ ယင်းတို့က စစ်ပုဆိန်ဖြင့် ကျင့်ကြံသော လူတစ်ဦး၏ အသွင်နှင့် ဆင်တူပေသည်။

ထိုအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ လူပုံရိပ်များက စစ်ပုဆိန်ကို လှည့်ပတ်ကစားပြနေသည်များ ထင်ဟပ်လာပေသည်။

“ကြောက်စရာပဲ။” ရီဖူရှင်းသည် စစ်ပုဆိန်၏ စွမ်းအားများကို ခံစားမိပေသည်။ ထိုစစ်ပုဆိန်က အစွမ်းထက်လှသည်။

သို့သော် ၎င်းကို ကြည့်ရသည်မှာ ခက်ခဲပုံမပေါ်ပေ။ သူသည် ထိုပန်းချီအတွင်းမှ မဟာလမ်းစဥ်စွမ်းအားများကို ကောင်းစွာ ခံစားမိပြီး အလွန် လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ပေသည်။

နောက်ထပ် ရီဖူရှင်းက ဒုတိယပန်းချီဘက်သို့ လှည့်လိုက်သည်။ ယင်းက ပထမတစ်ခုနှင့် အနည်းငယ် ကွာခြားပေသော်လည်း ဆင်တူမှုများ ရှိနေဆဲပင် ဖြစ်သည်။ နှစ်ခုလုံးက သြချလောက်စရာ ပုဆိန်နည်းစနစ်များပင် ဖြစ်သည်။

ရီဖူရှင်းက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး နည်းစနစ်များကို နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။ သူ့ဘေးမှ ပေ့ကုံးအော့နှင့် ပေ့ကုံးရွှမ်းတို့သည်လည်း ချောက်ကမ်းပါးကို မျက်နှာမူကာ နည်းစနစ်များကို လေ့လာနေသည်။ လင်းယွမ် ပြောသလိုဆိုလျှင် လူတိုင်းက ပန်းချီများမှနေ၍ မတူညီသော နားလည်သဘောပေါက်မှုများကို ခံစားမိပေလိမ့်မည်။

သူတို့နောက်တွင် လင်းယွမ်က တိတ်ဆိတ်စွာနှင့် သူတို့အား ကြည့်နေခဲ့သည်။ သူက သူတို့ အောင်မြင်လိမ့်မည်ဟု မျှော်လင့်ချက်မထားသော်လည်း တိတ်ဆိတ်စွာ စောင့်နေဆဲ ဖြစ်သည်။ သူက သူတို့အားစောင့်ဆိုင်းနေစဥ် ကျင့်ကြံနိုင်ပေသည်။

နတ်သမုဒ္ဒရာအတွင်း ချောက်ကမ်းပါးရှေ့၌ လူအများက ဆူညံနေကြပြီး ချောက်ကမ်းပါးမှ လမ်းစဥ်အကြောင်း ဆွေးနွေးနေကြသည်။

ထိုအခိုက်တွင် ပိုမိုများပြားသော လူများ ချောက်ကမ်းပါးရှေ့သို့ ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုသူများသည်လည်း သာမန်ထက် ပို၍ ထူးခြားကြပေသည်။ လူတိုင်းက ထူးခြားပြောင်မြောက်သော အရှိန်အဝါတို့ ရှိပေသည်။

“ဒါက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် သူ့လမ်းစဥ်ကို နားလည်သဘောပေါက်သွားတဲ့ အချိန်တုန်းက ချန်ရစ်ခဲ့တာပဲ။ သူက ချောက်ကမ်းပါးမှာ ရတနာတစ်ခု ချန်ခဲ့သေးတယ်လို့ ကောလာဟလလည်း ရှိတယ်။ ဒီရတနာကို ရနိုင်တဲ့ ဘယ်သူမဆို နည်းစနစ်ကို ကျွမ်းကျင်နိုင်လိမ့်မယ်တဲ့။” လူငယ်တစ်ယောက်က သူ့ဘေးမှ အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။

ထိုအမျိုးသမီးတွင် ထူးခြားသာလွန်သော အသွင်အပြင်ရှိသည်။ သူမတွင် သီးခြားဆန်သော အရှိန်အဝါတို့ရှိကာ နတ်မိမယ်တစ်ပါးကဲ့သို့ လှပပေသည်။ ထို့ကြောင့်ပင် လူအများ၏ အာရုံက သူမထံ ကျရာက်နေကြသည်။ သို့သော် လည်း မကြာခင်မှာပင် သူတို့က အကြည့်များကို လွှဲကာ ဆက်မကြည့်ရဲကြတော့ပေ။

အကြည့်တစ်ချက်နှင့်ပင် ထိုအဖွဲ့နှစ်ခုက သာမန်နောက်ခံနှင့်မဟုတ်ကြောင်း ပြောနိုင်ကြပေသည်။ လူတိုင်းက နတ်သမုဒ္ဒရာကုန်းမြေမှ လက်ရှိအခြေအနေကိုသာ အာရုံစိုက်နေကြသည်။ ဤနေရာတွင် လူပင်လယ်ဖြစ်သည်ထိ စုဝေးနေကြပြီး အများစုမှာ သူတို့ ဆန့်ကျင်၍ မရနိုင်တော့ လူများဖြစ်ကြသည်။ ထို့ကြောင့် လူတိုင်းက နှိမ့်ချ၍သာ နေရန် ကြိုးစားနေကြသည်။

ရောက်လာသော သူများမှာ နတ်သမုဒ္ဒရာကုန်းမြေ အပြင်ဘက်မှ ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များ ဖြစ်နိုင်သည်။ မည်သူကမှ သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း မပြုမူရဲကြပေ။

“နည်းစနစ်က အရမ်းအစွမ်းထက်တယ်။” အမျိုးသမီးက ချောက်ကမ်းပါးကို ကြည့်ကာ ပြောလိုက်သည်။ သူမသည် အကြည့်တစ်ချက်နှင့်ပင် မည်မျှထူးခြားကြောင်း သတိထားမိကာ ချီးကျူးလိုက်မိသည်။

“ကျွန်တော် အရင်က မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကို မြင်ဖူးတယ်။ အဲဒီတုန်းက သူ ကျွန်တော်တို့ အိမ်တော်ကို ဧည့်သည်အနေနဲ့ လာခဲ့တာလေ။ စီနီယာမိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က တကယ့်ကို ထူးချွန်တဲ့သူမျိုးပဲ။ ဒါကြောင့် သူချန်ခဲ့တဲ့ နည်းစနစ်ကလည်း အရမ်းအစွမ်းထက်မှာ အသေအချာပဲ။” လူငယ်က ပြုံးရင်း ပြောလိုက်သည်။ ချက်ချင်းပင် လူအများ၏ အကြည့်က သူ့ပေါ် ကျရောက်လာ၏။

သူ၏ စကားက လူအများပေါ် သက်ရောက်စေခဲ့သည်။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူ့အိမ်ကို အလည်လာဖူးတယ်လား။ မည်သည့်အဓိပ္ပါယ်နည်း။

ဆိုလိုသည်မှာ ထိုလူငယ်၏ နောက်ခံမှာ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်နှင့် အဆင့်ချင်း တူနေပေလိမ့်မည်။ သို့မှသာ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူတို့ထံ လာလည်ရန် သူတို့၏ ကလန်က အရည်အချင်းပြည့်မီပေလိမ့်မည်။ သံသယဝင်ရန် မရှိစွာပင် ထိုလူငယ်က ထိပ်သီးအင်အားစုကြီးတစ်ခုမှ ဖြစ်နိုင်ပေသည်။

အမျိုးသမီးက အံ့အားသင့်သွားခြင်းမရှိပေ။ သူမသည် လူငယ်၏ ကလန်ကို သေချာသိရှိထားသည်။ သူတို့က တကယ့်ကို ထိပ်သီးအင်အားစုကြီးမှ ဖြစ်သည်။ သူတို့က တုန်းဟွာကောင်းကင်မှ ဖြစ်​လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset