အပိုင်း (၁၉၈၉)

ပုံပြင်

အချို့လူများက နတ်သမုဒ္ဒရာသို့ ဖြတ်သန်းရန် လှေများကို အသုံးပြုကြသည်။

လှေများက နတ်သမုဒ္ဒရာပေါ်တွင် မျောလွင့်နေသည်။ လှေများထဲမှ တစ်ခုတွင် ရီဖူရှင်းက တိတ်ဆိတ်စွာ လှဲလျောင်းနေ၏။ ရှားရှင်းယွန်က သူ့နောက်တွင် ထိုင်နေကာ သိမ်းငှက်နက်က သူ့ဘေးတွင် ပတ်ဝန်းကျင်အား လေ့လာစူးစမ်းနေ၏။

သူတို့နောက်မှ အခြားသော လှေများပေါ်တွင် အခြားတန်ခိုးရှင်များ ရှိနေခဲ့သည်။ နတ်မိမယ်တုံ့လိုင်၊ စီဖုန်းနှင့် ပိုင်မုတို့က အတူတူရှိနေခဲ့၏။ ပေ့ကုံးအော့နှင့် ပေ့ကုံးရွှမ်းတို့က တူညီသော လှေပေါ်တွင် ရှိနေခဲ့သည်။ သူတို့အားလုံးက ရီဖူရှင်းနောက်သို့ လိုက်ကာ လှေစီးနေကြပေသည်။

“ကျုပ်တို့အတွက် ဒီလို စိတ်အေးလက်အေး နေရဖို့ အချိန်ဆိုတာ ရှားပါးတယ်။” ပေ့ကုံးအော့က အဝေးမှ မြင်ကွင်းကို နှစ်သက်ကြည်နူးစွာ ကြည့်လိုက်သည်။ ကောင်းကင်သည် မိုးကုပ်စက်ဝိုင်းနှင့် ပေါင်းစပ်နေပေသည်။ ရှေးဟောင်းအဆောက်အအုံများ၏ အရိပ်များကို ကောင်းကင်တွင် ခပ်ရေးရေးမြင်နေရပေသည်။ ၎င်းတို့က တံလျှပ်များသဖွယ် ထင်မှတ်ရပေသည်။

“ခဏလောက် အနားယူကြတာပေါ့။” အရှေ့မှ ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူက ခေါင်းနောက်တွင် လက်များကို ထားထားပြီး အလွန် သက်သောင့်သက်သာ ဖြစ်နေပေသည်။ ထိုကဲ့သို့သော အခိုက်အတန့်မျိုးက တကယ့်ကို ရှားပါးလှပေသည်။

နှစ်ပေါင်းများစွာအတွင်း သူက အမြဲ ကျင့်ကြံပြီးရင်း ကျင့်ကြံခဲ့သည်။ သူက မည်သည့်အခါကမှ မရပ်တန့်ခဲ့ဘဲ ပျင်းရိမနေရဲခဲ့ပေ။

ထို့ကြောင့် နတ်သမုဒ္ဒရာကုန်းမြေသို့ လာသော ခရီး၌ ကျင့်ကြံရန် နေရာတစ်ခု ရှာဖွေခြင်းက သူတို့အတွက် အဓိပ္ပါယ်များများစားစား မရှိပေ။ သူတို့က ခေတ္တခဏ ကျင့်ကြံခြင်းကို မေ့ဖျောက်ထားပြီး စိတ်အပန်းဖြေနိုင်သည့် အခွင့်အရေးကို ယူသည်မှာလည်း ကောင်းပေသည်။ လေက သယ်ဆောင်ရာ အရပ်သို့ လိုက်ပါရင်း အဆုံးမဲ့ နတ်သမုဒ္ဒရာအတွင်း လျှောက်သွားနေရသည်မှာလည်း အလွန်ကောင်းပေသည်။

သူတို့က ခေါင်းကို မော့လိုက်သောအခါ ကောင်းကင်ထက်၌ ဖြတ်သန်းသွားနေသည့် လူများကို မြင်တွေ့နိုင်ပေသည်။ ကျယ်ပြောသော သမုဒ္ဒရာထက်တွင် အချိန်တိုင်း ဖြတ်သန်းသွားနေသော လူများကို မြင်နိုင်နေသည့်အတွက် နတ်သမုဒ္ဒရာကုန်းမြေသို့ လာရောက်သူ မည်မျှ များပြားသည်ကို ခန့်မှန်းနိုင်ပေသည်။ သူတို့အားလုံးက လိပ်နတ်ဘုရားကျွန်းစုကို ဦးတည်နေကြပေသည်။

“ကျွန်တော် နောက်တစ်ဆင့်ကို ချိုးဖျက်ပြီး ကပ်ဘေးနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုဖြစ်မလဲ သိချင်မိတယ်။” ရီဖူရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူသည် တစ်နေ့တွင် နတ်ဘုရားကပ်ဘေးအား ရင်ဆိုင်ရမည့်နေ့ကို ရောက်လာမည်ဟု ယုံကြည်ပေသည်။

“ရှင့်အတွက် အဲဒီလိုနေ့ကို ရောက်လာခဲ့ရင် ကောင်းကင်ဒေသတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားပြီး တလောကလုံးက အဲဒီအခမ်းအနားကို တက်ရောက်ကြလိမ့်မယ်။” ရီဖူရှင်း၏ ဘေးမှ နူးညံ့ညင်သာသော အသံတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်းက ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ၏ မြင်ကွင်းအတွင်းသို့ လှပသော မျက်နှာလေးတစ်ခု ဝင်ရောက်လာသည်။ ရှားရှင်းယွန်က ခေါင်းကို ငုံ့ကာ သူ့အား ကြည့်နေသည်။ ရီဖူရှင်း၏ စကားများက သူမကို ထိုနေ့တစ်နေ့ဆီသို့ မှန်းဆစိတ်ကူးမိစေသည်။

အနာဂတ်၌ သူက ထိုသို့သော နတ်ဘုရားကပ်ဘေးနှင့် ရင်ဆိုင်ရလျှင် မည်သို့သော မြင်ကွင်းမျိုး ဖြစ်လာမည်နည်း။

“အဲဒီလိုမဟုတ်ရင်… ငါက တလောကလုံးနဲ့ ရန်သူလုပ်မိပြီး ကောင်းကင်ဒေသတစ်ခုလုံးက လူတွေ ငါ့ကို သတ်ဖို့လာကြရင် ဘယ်လိုလုပ်မလဲ။” ရီဖူရှင်းက ပြောလိုက်သည်။ သူသည် အနာဂတ်က မည်သို့ ဖြစ်လာမည်ကို မသိချေ။ သူ၏ ကျင့်ကြံခြင်းက အဆင့်မြင့်လာသည့်အခါ သူ့ဘဝ လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် နီးကပ်လာပေလိမ့်မည်။ ထိုအကြောင်း ပေါ်သွားသည့်အခါ ကောင်းကင်ဒေသမှ မည်သို့ တုံ့ပြန်မည်ကို မသိရှိပါချေ။ သူတို့က ကောင်းချီးပေးမည်လား.. သူ့ကို သတ်ရန် လာရောက်ကြမည်လား။

“အဲဒီလို မဖြစ်ပါဘူး။” ရှားရှင်းယွန်က သူ၏ မျက်လုံးများထဲသို့ လေးနက်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ဘယ်သူသိမှာလဲ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူ၏ အနာဂတ်လမ်းကြောင်းက မည်သို့ ဖြစ်လာမည်ကို မည်သူမှ ကြိုတင်မသိနိုင်ကြပေ။ သူက အချိန်နှင့်အမျှ ရှေ့သို့ လျှောက်လှမ်းနေရန်သာ တတ်နိုင်ပေသည်။

ရှားရှင်းယွန်က သူ့ကို ကြည့်လိုက်သည်။ သူမသည် ရီဖူရှင်းက သူကိုယ်တိုင်ပင် မသေချာသော လျှို့ဝှက်ချက်အား ထိန်းသိမ်းထားသည်ကို သိရှိပေသည်။

“အင်အားစုတွေအားလုံးက ရှင့် ရန်သူတွေ ဖြစ်သွားရင်တောင် ကျွန်မ ရှင့်အနား ရှိနေပေးပါ့မယ်။” ရှားရှင်းယွန်က တီးတိုးပြောလိုက်၏။ သူမက ရီဖူရှင်းကို မကြည့်နေတော့ပေ။ သူမသည် အဝေးသို့သာ စိုက်ကြည့်နေခဲ့သည်။ ထိုသို့သောတစ်နေ့ ရောက်လာလိမ့်မည်လား။

ရီဖူရှင်းက သူမ၏ လှပသော မျက်နှာကို ကြည့်လိုက်ပြီး နူးညံ့သော အပြုံးတစ်ခုကို လှစ်ဟပြလာသည်။ ဤလောကကြီးက သူ့အပေါ် အလွန် ကောင်းလှပေသည်။

သူ၏ ကျင့်ကြံခြင်းခရီးလမ်းတလျှောက်တွင် အန္တရာယ်များစွာ ကြုံတွေ့ခဲ့ရပြီး ရန်သူအများအပြား ရှိခဲ့သော်လည်း သူ့ဘက်တွင် ရပ်တည်ကာ သူ့အား ကူညီထောက်ပံ့ပေးနေသည့် စီနီယာများနှင့် သူ့ဘက်တော်သားများစွာလည်း ရှိပေသည်။

လှေကို ဆက်လက်ရိုက်ခတ်နေသော လှိုင်းသံများကို အဆက်မပြတ် ကြားနေရပေသည်။ လှေက လှိုင်းများနှင့်အတူ ဆက်လက်မျောလွင့်နေသည်။ အလင်းလွှာတစ်ခုက လှေငယ်ကို ဝန်းရံထားကာ သမုဒ္ဒရာရေများ လှေထဲသို့ မဝင်အောင် တားဆီးထားပေသည်။ သူတို့သည် မည်သည့် ဦးတည်ရာမှမရှိဘဲ ရေစီးကြောင်းတလျှောက် မျောပါနေကာ မည်သည့်နေရာ၌ အဆုံးသတ်မည်ကို မသိကြပေ။

ရီဖူရှင်းက တရေးတမော အိပ်နေသည်။ သူ မအိပ်ခဲ့သည်မှာ အတော်ပင် ကြာနေပြီ ဖြစ်လေသည်။ တန်ခိုးရှင်များသည် လောကထဲရှိ အရာအားလုံးမှ ဝိညာဥ်ချီများကို စုပ်ယူကြပေသည်။ သူတို့က ရှန့်ထိုအဆင့်သို့ ရောက်လာသောအခါ စားသောက်ရန် နှင့် အိပ်စက်ရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ရီဖူရှင်းကလည်း အိပ်စက်ခဲလှပေသည်။

ရီဖူရှင်းက ဆူဆူညံညံ အသံများကို ကြားသောအခါမှပင် လှေပေါ်တွင် အိပ်စက်နေရာမှ နိုးလာခဲ့ပေသည်။ သူက မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ အကြည့်များက စူးစိုက်မှုရှိမနေပေ။ သူက မော့ကြည့်လိုက်သည့်အခါ ဘေးတွင် ထိုင်ကာ သူ့ကို ငုံ့ကြည့်နေသော ရှားရှင်းယွန်ကို မြင်လိုက်ရသည်။

ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်လာသည်အား မြင်သည့်အခါ သူမက အကြည့်များကို အဝေးသို့ လွှဲလိုက်သည်။ သူမက ခိုးကြည့်နေသည်အား လူမိသွားသဖြင့် ရှက်ရွံ့သွားပုံရလေသည်။

ရီဖူရှင်းက အပြုံးနှင့် မေးလိုက်သည်။ “အဲဒါဘာအသံလဲ။”

“ကျွန်မတို့ ကမ်းခြေကို ရောက်နေပြီ။ ကြည့်ရတာ လေ့ကျင့်ရေးကွင်းပြင်တစ်ခု ဖြစ်မယ်ထင်တယ်။ လူတော်တော်များများ အဲဒီကို ဦးတည်နေကြတယ်။” ရှားရှင်းယွန်က ခေါင်းကို ငုံ့ကာ သူ့ကို ကြည့်၍ ညင်သာစွာ ပြောလိုက်သည်။

ရီဖူရှင်းက ထထိုင်ကာ ထိုနေရာသို့ ကြည့်လိုက်သည်။ အနီးအနားရှိ ကမ်းခြေတွင် တန်ခိုးရှင်များ စုစည်းနေကြသည်။ ကြည့်ရသည်မှာ ထိုသမုဒ္ဒရာကမ်းပါး၌ ထွင်းထုထားသော သင်္ကေတများ ရှိနေပေသည်။ လူအများက ထိုကမ်းခြေသောင်ခုံတွင် ရပ်နေကြပြီး ချောက်ကမ်းပါးကို ကြည့်နေကြပေသည်။

ရီဖူရှင်း၏ စိတ်စွမ်းအားများ ထွက်ပေါ်လာပေသည်။ သူသည် ထိုသင်္ကေတများမှာ လူတစ်ယောက်သဏ္ဌာန် ရေးဆွဲထားသည်ကို မြင်တွေ့ရပေသည်။ ထိုသဏ္ဌာန်က ပုဆိန်နည်းစနစ်ကို လေ့ကျင့်နေပုံရလေသည်။ သူ၏ စိတ်စွမ်းအားများက ထိုပန်းချီအား ကျူးကျော်လာသည့်အခါ ပုံရိပ်က လှုပ်ရှားလာသလို ထင်မှတ်ရပေသည်။ ၎င်းတွင် အလွန် အစွမ်းထက်လှသော မဟာလမ်းစဥ် အရှိန်အဝါတို့ ပါဝင်နေကာ ချောက်ကမ်းပါးမှ မိုးကြိုးမဟာလမ်းစဥ် စွမ်းအားများကို ထုတ်လွှတ်နေသည်။

“ဟင်…” ရီဖူရှင်းက ထူးဆန်းသော အမူအရာတို့အား ထုတ်ဖော်ပြသလာသည်။ သူသည် ထိုပန်းချီက ထူးခြားသည်ကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုပုဆိန်နည်းစနစ်က အလွန် အစွမ်းထက်လှပေသည်။ သူ၏ စွမ်းအားက ပန်းချီကို ကျူးကျော်ဝင်ရောက်သွားသောအခါ သူသည် အလွန် ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ရပေသည်။

မဟာလမ်းစဥ် အခွင့်အလမ်းတစ်ခုက ဤနေရာ၌ တည်ရှိနေခြင်း ဖြစ်နိုင်သလား။

သို့ဆိုလျှင် ရီဖူရှင်း၏ ကံကြမ္မာက အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။

“ဒါက ရိုးရိုးချောက်ကမ်းပါးမဟုတ်ဘူး။ တစ်ချက်လောက် သွားကြည့်ရအောင်။” ပေ့ကုံးအော့က စိတ်လှုပ်ရှားနေသော အမူအရာနှင့် ပြောလိုက်သည်။ သူ၏ အကြည့်များက ကမ်းရိုးတန်းတလျှောက်ရှိ ချောက်ကမ်းပါးတစ်ခုလုံးကို လေ့လာနေခဲ့သည်။ သူသည် ထိုပြည့်စုံသော ပန်းချီအပြင် ချောက်ကမ်းပါးပေါ်တွင် အမှတ်အသားသင်္ကေတများဖြင့် ဖုံးလွှမ်းထားသည်အား တွေ့ရှိလိုက်ရပေသည်။ ထိုသင်္ကေတများက အတော်ဝေးဝေးထိ ရောက်ရှိနေပေသည်။ ချောက်ကမ်းပါးတစ်ခုလုံး၌ ထိုသင်္ကေတများအား ရေးထွင်းထားပေသည်။

“အင်း… ဒီပန်းချီကို လူတစ်ယောက်က သူ့ရဲ့ ကျင့်ကြံခြင်း ပြည့်စုံသွားတဲ့အချိန်မှာ ထွင်းထုထားခဲ့တာ ဖြစ်နိုင်တယ်။ အဲဒီလူက အထိမ်းအမှတ်တစ်ခု ချန်ရစ်ခဲ့တာ ဖြစ်နိုင်တယ်။” ရီဖူရှင်းက ချောက်ကမ်းပါးမှ သင်္ကေတများကို လှမ်းကြည့်ပြီးနောက် ခေါင်းညိတ်ကာ မှတ်ချက်ပေးလိုက်သည်။ သူတို့က လှေကို ဆက်လက်၍ ရွေ့လျားလိုက်သည်။ တခါတရံ၌ ဤနေရာသို့ ဖြတ်သွားသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ ရပ်တန့်၍ ဆင်းသက်လိုက်ကြပေသည်။

သောင်ပြင်မှ ကြီးမားသော ကျောက်တုံးကြီးပေါ်တွင် လူငယ်စုံတွဲတစ်တွဲ ရှိနေသည်။ သူတို့ရဲ့ ကျင့်ကြံခြင်းက သိပ်မမြင့်ဘဲ ရှန့်ထိုအဆင့်၌သာ တည်ရှိပေသည်။

“ဒါက ဘယ်လိုနေရာလဲဆိုတာ မေးလို့ရမလား။” ရီဖူရှင်းတို့က သူတို့နှစ်ယောက်အနီးမှ ဖြတ်သန်းသွားသည့်အခါ ပေ့ကုံးအော့က ထိုနှစ်ယောက်အား မေးလိုက်သည်။

သူတို့နှစ်ယောက်က ပေ့ကုံးအော့နှင့် တခြားလူများကို ကြည့်လိုက်သည်။ ထို့နောက် သူတို့သည် ရီဖူရှင်းတို့အဖွဲ့မှာ အခြားသော နယ်မြေမှ အစွမ်းထက် တန်ခိုးရှင်များဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ လူငယ်က အရိုအသေပေးရင်း ပြောလိုက်၏။ “ဒီနေရာက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် လေ့ကျင့်ရာ နေရာပါပဲ။”

“မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် လား။” ပေ့ကုံးအော့က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ကြည့်ရသည်မှာ ၎င်းက နောက်ထပ် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နိုင်ပေသည်။

“ဟုတ်တယ်။” လူငယ်က ခေါင်းညိတ်လိုက်သည်။ “မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် အဆင့်မြင့်ရန်ဟောင် အဆင့်မှာရှိတုန်းက သူ လေ့လာသင်ယူဖို့အတွက် လိပ်နတ်ဘုရားကျွန်းစုကို ရောက်လာတယ်။ သူက အင်ပါယာရှီနဲ့ တွေ့ခွင့်ရခဲ့ပေမယ့် အင်ပါယာရှီက ဘာမှသင်မပေးဘဲ သူ့ရဲ့ လမ်းစဥ်ကို မှတ်ကျောက်တင်ဖို့အတွက် နေရာတစ်ခုရှာဖို့ပဲ ပြောခဲ့တယ်။ အင်ပါယာရှီက သူ့ကို အရာအားလုံး မေ့ပစ်ဖို့နဲ့ မဟာလမ်းစဥ် ကျင့်ကြံခြင်းကို ရပ်တန့်ဖို့ ပြောခဲ့တယ်။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ဒီနေရာကို လာပြီး ဉာဏ်အလင်းမရခင်ထိ ဒီချောက်ကမ်းပါးမှာ နှစ်ပေါင်းသုံးဆယ်လောက် ကြာအောင် သူ့ရဲ့ လမ်းစဥ်ကို ထွင်းထုနေခဲ့တယ်။”

လူငယ်က ဆက်၍ ပြောလိုက်သည်။ “မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က နောက်တစ်ဆင့်ကို ချိုးဖျက်ဝင်ရောက်သွားပြီးတဲ့အခါ လိပ်နတ်ဘုရားကျွန်းစုကိုသွားပြီး သူ့ကို တပည့်အဖြစ်လက်ခံဖို့ အင်ပါယာရှီဆီ တောင်းဆိုခဲ့တယ်။ အင်ပါယာရှီက သူ့ကိုတောင်မကြည့်ဘဲနဲ့ ဒါက သူ့နဲ့ထိုက်လို့ရတဲ့ မဟာလမ်းစဥ် အခွင့်အရေးပဲ။ အင်ပါယာရှီနဲ့ မဆိုင်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူ့ကိုယ်သူ အင်ပါယာရှီရဲ့ တပည့်လို့ အမြဲ မှတ်ယူထားတာ။ ဒီနေရာက သူ အရင် ကျင့်ကြံခဲ့တဲ့နေရာပဲ။ ကောလာဟလတွေက ပြောကြတာတော့ အဲဒီ ချောက်ကမ်းပါးထဲမှာ သူချန်ရစ်ခဲ့တဲ့ ရတနာတစ်ခု ရှိတယ်တဲ့။ ဒါပေမယ့်လည်း ဒါက ကောလာဟလသက်သက်ပါပဲ။ တကယ် အမှန်ဟုတ်မဟုတ် မသိဘူး။”

“အထင်ကြီးလောက်စရာပဲ။” ပေ့ကုံးအော့က လေးစားမှုနှင့် ပြောလိုက်သည်။ အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် နှစ်ဦးလုံးက လေးစားထိုက်သော စံပ ပုဂ္ဂိုလ်များဖြစ်ကြပေသည်။

နှစ်ယောက်လုံးက ထူးချွန်ပြောင်မြောက်သောသူများ ဖြစ်ကြသည်။ အင်ပါယာရှီက မည်သည့်ပြန်လည်ရယူလိုမှုမှ မရှိဘဲ လမ်းညွှန်ပေးခဲ့သည်။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်သည်လည်း အင်ပါယာရှီကို သူ၏ ဆရာအဖြစ် အသိအမှတ်ပြုမှတ်ယူခဲ့၏။ သူက ဉာဏ်အလင်းပွင့်သွားပြီ ဖြစ်သော်လည်း အင်ပါယာရှီကို သူ့ဆရာအဖြစ် မှတ်ယူထားဆဲပင် ဖြစ်သည်။ သူက ဤနေရာ၌ ထွင်းထုထားသော အရာအားလုံးကို မဖျက်ပစ်ဘဲ နောင်လာနောင်သားများအတွက် ချန်ရစ်ထားခဲ့ပေသည်။ သူက အင်ပါယာရှီ၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းရသွားသည့်အတွက် ထိုသင်္ကေတများက အခြားတန်ခိုးရှင်များအတွက် အကျိုးရှိစေမည်ဟု မျှော်လင့်ခဲ့ပေသည်။

ရီဖူရှင်းသည်လည်း အထင်ကြီးလေးစားမိသွားသည်။ ဤတစ်ကြိမ်တွင် အင်ပါယာရှီက ကပ်ဘေးကို ရင်ဆိုင်တော့မည်ဖြစ်ရာ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်လည်း ထိုနေရာ၌ ရှိနေပေလိမ့်မည်။

ရီဖူရှင်းသည် ထိုသို့သော ပုဂ္ဂိုလ်ကြီးမျိုးတွင် ထိုကဲ့သို့ ဇာတ်ကြောင်း ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ၎င်းက အံ့အားသင့်စရာပင် ဖြစ်လေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset