ကောင်းကင်ဒေသတွင် မရေတွက်နိုင်သော ကုန်းမြေများရှိသည်။ ကောင်းကင်ဒေသအတွင်းရှိ အဓိကနယ်မြေ ၁၈ ခုမှ တစ်ခုအဖြစ် တုန်းဟွာနယ်မြေတွင် တူညီသော ကုန်းမြေများ ပါဝင်နေသည်။
နတ်သမုဒ္ဒရာကုန်းမြေသည် ကုန်းမြေများထဲမှ ပို၍ ထူးခြားသော ကုန်းမြေတစ်ခု ဖြစ်သည်။ ၎င်းက သိပ်မကြီးမားဘဲ အဓိကကုန်းမြေတစ်ခုလည်း မဟုတ်ပေ။ ယင်းက အလယ်အလတ်ခန့် ကြီးမားပေသည်။ ထိုကုန်းမြေ၏ တည်ရှိမှုမှာ သိပ်အားမကောင်းလှသည့်အတွက် တုန်းဟွာနယ်မြေမှ လူများများစားစားက ထိုအကြောင်းကို မသိကြပေ။
နတ်သမုဒ္ဒရာကုန်းမြေအတွင်းမှ လိပ်နတ်ဘုရားကျွန်းစုနယ်မြေပေါ်တွင် အထွတ်အထိပ် တည်ရှိမှုတစ်ခုဖြစ်သော အင်ပါယာရှီ နေထိုင်ပေသည်။
ယခု လိပ်နတ်ဘုရားကျွန်းစုမှ ထွက်ပေါ်လာသည့် သတင်းများအရ အင်ပါယာရှီက နတ်ဘုရားကပ်ဘေးသုံးပါးနှင့် ရင်ဆိုင်တော့မည် ဖြစ်သည်။ ဤသတင်းက ပထမဆုံးအနေနှင့် နတ်သမုဒ္ဒရာကုန်းမြေတွင် လျင်မြန်စွာ ပျံ့နှံ့သွားကာ ထို့နောက်တွင် တုန်းဟွာနယ်မြေထိ ရောက်သည့်တိုင်အောင် အခြားသော ကုန်းမြေများသို့ ရောက်ရှိသွားပေသည်။
ချက်ချင်းပင် ပုံမှန်အားဖြင့် လူအများ၏ အာရုံစိုက်မှုကို သိပ်မရခဲ့သည့် နတ်သမုဒ္ဒရာကုန်းမြေသည် တုန်းဟွာကုန်းမြေတခွင် အာရုံစိုက်စရာ ဖြစ်လာခဲ့ပေသည်။
ယခုတွင် နတ်သမုဒ္ဒရာကုန်းမြေအထက် ကောင်းကင်တွင် လူအများအဆက်မပြတ် ရောက်ရှိလာနေသည်။ ကုန်းမြေအသီးသီးမှ တန်ခိုးရှင်များက အသည်းအသန်ပင် ရောက်လာနေကြပေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကဲ့သို့ ထိပ်သီးအင်အားစုများအပြင် အနီးဝန်းကျင် ကုန်းမြေများမှ တန်ခိုးရှင်များသည်လည်း ရောက်လာကြပေသည်။ ထိုသို့သော ရှားပါးလှသည့် ဖြစ်ရပ်မျိုးကို မည်သူက မျက်မြင်မတွေ့ချင်ဘဲ နေပါမည်နည်း။
နတ်ဘုရားကပ်ဘေးဟူသည်မှာ ဒဏ္ဍာရီအဆင့် ဖြစ်ရပ်မျိုး ဖြစ်သည်။ ယခင်က အလွန် နည်းပါးသည့် လူနည်းစုသာလျှင် မျက်မြင်တွေ့ဖူးကြလေသည်။ အနီးအနားရှိ ကုန်းမြေများမဆိုထားနှင့် ကောင်းကင်ဒေသတစ်ခုလုံးရှိ ကုန်းမြေများကြားတွင်ပင် မြင်ရခဲလှပေသည်။
ယခု ထိုသို့သော အခွင့်အရေးမျိုးက နတ်သမုဒ္ဒရာကုန်းမြေ၌ ပေါ်ပေါက်လာပြီ ဖြစ်သည်။ အင်ပါယာရှီ ရင်ဆိုင်ရမည့် နတ်ဘုရားကပ်ဘေးကို မျက်မြင်တွေ့ရရန်မှာ ၎င်းက ပထမကပ်ဘေး ဖြစ်လျှင်ပင် တစ်လောကလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် လုံလောက်နေပြီ ဖြစ်၏။
ထိုအချိန်တွင် ကောင်းကင်မှ တန်ခိုးရှင်တစ်စု ဆင်းသက်လာလေသည်။ သူတို့သည် မိုးကုပ်စက်ဝိုင်းအစွန်းမှ ချက်ချင်းပင် ပေါ်ပေါက်လာကြခြင်း ဖြစ်ပေသည်။ ၎င်းသည် လူအများအား သူတို့ဘက်သို့ လှည့်ကြည့်လိုက်မိကြစေသည်။ လူအများသည် မည်သည့်ကုန်းမြေရှိ ထိပ်သီးအင်အားစုမှ လူများ ရောက်လာကြသလဲဆိုသည်ကို သိချင်နေကြသည်။ ထိုသို့သော အရှိန်နှုန်းမျိုးက မျက်လုံး သို့ စိတ်စွမ်းအင်နှင့် မြင်တွေ့ဆုံးဖြတ်နိုင်မည် မဟုတ်ပါချေ။
ထိုသူများမှာ ဆေးအင်ပါယာနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားသူများ ဖြစ်သည်။ သူတို့သည် စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအပြင် ရီဖူရှင်း၏ အဖွဲ့ကိုလည်း ခေါ်ဆောင်လာပေသည်။
“ကျုပ်တို့ ရောက်ပြီ။” ဆေးအင်ပါယာက ရပ်ကာ ပြောလိုက်သည်။ ရီဖူရှင်းက အောက်သို့ ငုံ့ကြည့်လိုက်၏။ ထင်ထားသလိုပင် သူတို့အောက်၌ ကျယ်ပြောသော သမုဒ္ဒရာကြီးတစ်ခု ရှိနေသည်။ နတ်သမုဒ္ဒရာထဲတွင် ကျွန်းပေါင်းများစွာ ရှိသည်။ သို့သော်လည်း ကျွန်းစုများကို အဆောက်အအုံများနှင့် ဖုံးလွှမ်းထားပြီး ၎င်းတို့က ကျွန်းစုမြို့တော်များ ဖြစ်ကြလေသည်။ ၎င်းတို့သည် ရီဖူရှင်း ကြီးပြင်းလာရာ တုန်းဟိုင်ရှိ ချင်ကျိုးမြို့နှင့် ဆင်တူပေသည်။
သို့သော်လည်း တုန်းဟိုင်က နတ်သမုဒ္ဒရာနှင့် ယှဥ်နိုင်ရန် အလွန်ဝေးကွာပေသည်။
ရီဖူရှင်း၏ လက်ရှိကျင့်ကြံခြင်းအဆင့် သည် သူ ငယ်ရွယ်စဥ်က ကျင့်ကြံဆင့်နှင့် ယှဥ်လျှင် အလွန် သာလွန်ပေသည်။ ထို့ကြောင့် သူသည် ထူးဆန်းစွာပင် ထိုနေရာနှစ်ခုက တူညီသည်ဟု ခံစားရပေသည်။ သူ၏ အမြင်အာရုံနှင့် စိတ်စွမ်းအားများက ကြီးမားကျယ်ပြန့်သော နေရာကို လွှမ်းခြုံသွားလေသည်။ ကျွန်းမြို့များကြားမှ အကွာအဝေးက ကျယ်ပြန့်လှပြီး သူ၏ အမြင်အာရုံက ကျွန်းမြို့များပေါ်တွင် လွှမ်းခြုံနေပေသည်။
“အရမ်းမြန်တာပဲ” ရီဖူရှင်းက ဆေးအင်ပါယာကို တစ်ချက်လှမ်းကြည့်၍ တွေးလိုက်သည်။ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်၏ အရှိန်က အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ရီဖူရှင်းသည် သူတို့ ကောင်းကင်ကို ဖြတ်သန်းကာ ခရီးထွက်လာစဥ် အချိန်နှင့် လေဟာနယ်ကို ဖြတ်သန်းသွားသည်ဟု ခံစားမိလိုက်ပေသည်။ တုန်းရှောင်းကုန်းမြေမှ နတ်သမုဒ္ဒရာကုန်းမြေသို့ လာသည့်အခါ ကြားထဲတွင် ကုန်းမြေပေါင်းများစွာကို ဖြတ်ကျော်လာရပေသည်။ သို့သော် ရီဖူရှင်းသည် ဤနေရာကို ရောက်လာရန် အချိန် မည်မျှမယူခဲ့ရဟု ခံစားမိပေသည်။ ၎င်းက ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အရှိန်ပင် ဖြစ်သည်။
“ဧည့်သည်လက်ခံမှာ ဘယ်အချိန်လဲ ကျုပ်တို့မသိသေးဘူး။ နတ်သမုဒ္ဒရာကုန်းမြေမှာ မင်းတို့ ဆန္ဒရှိသလို လျှောက်ကြည့်လို့ရတယ်။ သူတို့လက်ခံတဲ့နေ့ ရောက်တဲ့အခါ လိပ်နတ်ဘုရားကျွန်းစုကို တည့်တည့် လာခဲ့ကြ။” ဆေးအင်ပါယာက သူတို့ကို ရှင်းပြလိုက်သည်။ လူအုပ်ကြီးက နားလည်စွာနှင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် ဆေးအင်ပါယာက ရှေ့သို့ ခြေလှမ်းလိုက်ကာ အစအနမကျန် ပျောက်ကွယ်သွားပေသည်။ သူက ကျင့်ကြံဖို့ရာ နေရာရှာရန် ထွက်သွားပေသည်။
လိပ်နတ်ဘုရားကျွန်းစုမှ သတင်းများထွက်လာသော်လည်း ဧည့်သည်လက်ခံမည့်နေ့ကို မသတ်မှတ်ရသေးပေ။ သူတို့က အခွင့်အရေးကို မလွဲချော်ချင်သည့်အတွက် စောစောစီးစီး ရောက်နေကြခြင်း ဖြစ်ပေသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့က လိပ်နတ်ဘုရားကျွန်းစုသို့ မသွားနိုင်ဘဲ ထိုနေရာ၌သာ လူတိုင်း စုဝေးနေကြသည်။ လိပ်နတ်ဘုရားကျွန်းစု၏ အပြင်ဘက်တွင် လူအများ စုဝေးရောက်ရှိနေကြပြီ ဖြစ်လေသည်။
“ကျုပ်ကတော့ လိပ်နတ်ဘုရားကျွန်းစုနဲ့ နီးနီးနားနားမှာ နေပြီး ကျင့်ကြံဖို့ စီစဥ်ထားတယ်။ မင်းတို့ရော ဘာလုပ်ဖို့ စီစဥ်ထားကြလဲ။” လီချန်ရှန်းက အပြုံးနှင့် မေးလိုက်သည်။
“ကျုပ်က လိပ်နတ်ဘုရားကျွန်းစုကို သွားမယ်။” ကျုံးချန်က ပြန်ဖြေလိုက်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများတွင် ကိုယ်ပိုင်အစီအစဥ်များရှိကြပေသည်။
“ဒီအနီးအနားကို သွားလျှောက်ကြည့်လိုက်ဦးမယ်။” ရီဖူရှင်းက ပြောလိုက်သည်။
“ကောင်းပြီ။ ဒါဆို အခုတော့ ကိုယ့်လမ်းကိုယ် သွားကြတာပေါ့။ လိပ်နတ်ဘုရားကျွန်းစုမှာ ပြန်တွေ့ကြမယ်။” လီချန်ရှန်းက ရယ်မောရင်း ပြန်ဖြေလိုက်သည်။ ထို့နောက် တန်ခိုးရှင်များက ကိုယ်ပိုင် ကိစ္စများဖြင့် ထွက်ခွာသွားတော့သည်။
သို့သော့ ရီဖူရှင်း၏ အဖွဲ့က ကျန်နေခဲ့သည်။ ရီဖူရှင်းအပြင် နတ်မိမယ်တုံ့လိုင်၊ အာခီမီအင်ပါယာလည်း လိုက်လာပေသည်။ ရှားရှင်းယွန်၊ စီဖုန်းနှင့် အခြားလူများကလည်း သူတို့နှင့်အတူ ရှိနေခဲ့သည်။
နတ်မိမယ်တုံ့လိုင်ကလည်း ထွက်မသွားဘဲ ရီဖူရှင်းနောက်သို့ လိုက်ရန် ရွေးချယ်ခဲ့သည်။ သူမက ကိုယ့်ဘာသာ သွားရန် မစီစဥ်ခဲ့ပေ။
လိပ်နတ်ဘုရားကျွန်းစုမှ အဖြစ်အပျက်က အတော်လေး မုန်တိုင်းထန်စေသည်။ အမျိုးမျိုးသော အင်အားစုများမှ တန်ခိုးရှင်များအားလုံး ရောက်လာကြသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များသည်လည်း အခြားအင်အားစုမှ လူများနှင့်အတူ ရောက်လာခဲ့သည်။ ရီဖူရှင်းအနီး၌ ရှိသော ကျင့်ကြံဆင့်အမြင့်ဆုံးသူမှာ ပေ့ကုံးအော့တစ်ယောက်တည်းသာ ဖြစ်လေရာ သူမက သူတို့အား ထားသွားရန် စိတ်မချပေ။
“သွားကြစို့။” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့သည် ကောင်းကင်တွင် ခရီးဆက်ကာ ကျွန်းမြို့များကို ဖြတ်သန်းသွားခဲ့သည်။ အောက်ဘက် နတ်သမုဒ္ဒရာမှ ကြီးမားသော လှိုင်းလုံးများ၏ အသံတို့အား အဆက်မပြတ် ကြားနေရသည်။ သမုဒ္ဒရာလေပြေများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလာပြီး သူ့ အဖြူရောင်ဝတ်ရုံများမှာ လေနှင့် တဖျတ်ဖျတ် လွင့်နေကာ သူ၏ အဖြူရောင်ဆံပင်များက လေထဲတွင် ကခုန်နေသည်။
ရီဖူရှင်းက ထိုထိတွေ့ခံစားမှုအား လွမ်းဆွတ်နေခဲ့သည်။ တုန်းဟိုင်တွင် သူ၏ ဆရာ ဟွာဖန်းလူ၊ ဂျီယူတို့နှင့်အတူ သွားလာ ကုန်ဆုံးခဲ့သည့် အချိန်မှ ပုံရိပ်များစွာက သူ၏ စိတ်ထဲတွင် ထင်ဟပ်လာသည်။
သူသည် ယခု သူတို့ မည်သို့ ရှိနေမည်ကို မသိပေ။ သူက ကောင်းကင်ဒေသသို့ ရောက်နေသည်မှာ နှစ်အနည်းငယ်ခန့် ရှိနေပြီ ဖြစ်၏။ မူလဘုံတွင် သူတို့ အဆင်ပြေကြပါ၏လော။
နတ်သမုဒ္ဒရာထက် ကောင်းကင်တွင် လူအများက သွားလာနေကြသည်။ လူအများက ရီဖူရှင်း၏ ဘေးမှ ဖြတ်သန်းသွားကြသည်။ သို့သော်လည်း တန်ခိုးရှင်အများစုမှာ သူတို့၏ ကိုယ်ပိုင်ကိစ္စကိုသာ စိတ်ထဲထားကြလေသည်။ ဤတစ်ကြိမ်၌ တန်ခိုးရှင်များက နေရာအနှံ့အပြားမှ ရောက်လာကြခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ နောက်ခံကို မည်သူမှ မသိကြသည့်အတွက်ကြောင့် သူတို့က အလွယ်တကူ ပြဿနာရှာကြလိမ့်မည် မဟုတ်ပေ။
ယခု ရီဖူရှင်းတို့အဖွဲ့နှင့် မဝေးလှသော နေရာတွင် နောက်ထပ်အဖွဲ့တစ်ဖွဲ့က အလွန် လျင်မြန်လှသော အရှိန်နှင့် ခရီးဆက်နေသည်။ သူတို့၏ အဖွဲ့ဝင်များထဲမှ တစ်ဦးက ရီဖူရှင်းကို လှမ်းကြည့်လိုက်ပြီးနောက် ကျယ်လောင်စွာ ပြောလာသည်။ “အဲဒါက ဖီးနစ်နတ်ဆိုးပဲ။”
ထိုပြောလိုက်သူ၏ မျက်လုံးများထဲတွင် ကောက်ကျစ်ဟန်တို့ ရှိနေ၏။ သူက ကျီဖုန့်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ဝင်စားသည့််အရိပ်အယောင်တို့ကို ဖော်ပြနေသည်။ သူသည် အကြည့်တစ်ချက်နှင့်ပင် စီဖုန်း၏ သဏ္ဌာန်အမှန်က နတ်ငှက်ဖီးနစ်ဖြစ်ကြောင်း ပြောနိုင်ပေသည်။
တစ်ဖက်လူ၏ အကြည့်များကို ခံစားမိသည့်အခါ စီဖုန်း မျက်လုံးများမှာ ကြောက်မက်ဖွယ် မဟာလမ်းစဥ် မီးလျှံများနှင့် တောက်ပလာသည်။ မဟာလမ်းစဥ်အရှိန်အဝါသည် သူမ၏ မျက်လုံးများထဲ၌ ဖြာလင်းနေသည်ဟု ထင်မှတ်ရပေသည်။ မဟာလမ်းစဥ် မီးလျှံများက တစ်ဖက်လူ၏ မျက်လုံးထဲသို့ ကျူးကျော်ဝင်ရောက်သွားခဲ့သည်။
သို့သော်လည်း ထိုကောက်ကျစ်သော မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်ခု လင်းလက်သွားသည်။ သူက စီဖုန်း၏ စွမ်းအားကို သူ့စွမ်းအားများအတွင်း ကျူးကျော်ခွင့်ပြုထားလိုက်သည်။ သူ၏ မျက်လုံးများတွင် အလင်းတစ်ခု လင်းလက်သွားပြီး တစ်ခုခုကို ခံစားမိလိုက်ပုံရလေသည်။ ထို့နောက် သူက ရယ်မောကာ ပြောလိုက်သည်။ “ဘယ်လိုတောင် အစွမ်းထက်တဲ့ ဖီးနစ်လဲ။ သနားစရာပဲ။ သူမမှာ သခင်မရှိသေးရင် ပိုကောင်းလိမ့်မယ်။”
သူက ပြောရင်း ရီဖူရှင်းနှင့် အခြားလူများကို လှမ်းကြည့်လိုက်သည်။ ထိုနတ်ဆိုးသားရဲက ဤအဖွဲ့မှ လူများနှင့် လိုက်ပါလာခြင်း ဖြစ်သည်။ သူမထံ၌ သခင်ရှိပြီးသား ဖြစ်နိုင်ပေသည်။
သူမသာ သခင်မဲ့ဖီးနစ်တစ်ကောင် ဖြစ်ပါက သူမအား သူ သိမ်းသွင်းနိုင်ပေလိမ့်မည်။
“ရှေ့ဆက်သွား၊ အချိန်ဖြုန်းမနေနဲ့။” သူ့ဘေးမှ တစ်စုံတစ်ယောက်က သတိပေးလိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး သူတို့အဖွဲ့က အလွန်လျင်မြန်စွာဖြင့် ချက်ချင်းပင် ရီဖူရှင်းတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်၏။ တစ်ဖက်လူက စည်းကျော်ကာ မည်သို့မှ လုပ်မသွားခဲ့သော်လည်း သူ၏ လေသံက ရန်စနေဟန်ပင်။
“သူတို့ထဲမှာ ထိပ်တန်းပုဂ္ဂိုလ်တွေ အများကြီးပါတယ်။ သူတို့က ထိပ်သီးအဆင့် အင်အားစုက လူတွေဖြစ်နိုင်တယ်။” နတ်မိမယ်တုံ့လိုင်က နူးညံ့ညင်သာစွာ ပြောလိုက်သည်။ ရီဖူရှင်းက သူမ ပြောသည်ကို ကြားသောအခါ ဆွံ့အသွားလေသည်။ သူသည် နတ်သမုဒ္ဒရာကုန်းမြေထက် ကောင်းကင်၌ တွေ့ခဲ့သော ဖြတ်သွားဖြတ်လာ လူတစ်စုက ထိပ်သီးအဆင့်အင်အားစုတစ်ခု ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။
“သူတို့က ဘယ်အင်အားစုကလဲဆိုတာ သိလား။” စီဖုန်းက မေးလိုက်သည်။ သူမက အတော်လေးကို မပျော်မရွှင် ဖြစ်နေသည်။ သူမက တစ်ဖက်လူ၏ မျက်လုံးများမှ အကြည့်တို့နှင့် သဘောထားတို့ကြောင့် အလွန် မကျေမနပ် ဖြစ်နေ၏။
“စီဖုန်း၊ သူတို့က ဘာမှမလုပ်သွားခဲ့ဘူး။ ပြဿနာမရှာချင်စမ်းပါနဲ့။” နတ်မိမယ်တုံ့လိုင်က ငြင်သာစွာ ပြောလိုက်သည်။ သူတို့က ဆေးအင်ပါယာ၏ ကာကွယ်မှုအောက်၌ ရှိနေသော်လည်း ထိုသို့သော အစွမ်းထက်အင်အားစုများကို ဆန့်ကျင်၍ ဆေးအင်ပါယာအတွက် ရန်သူများ တိုးလာစေရန် မဖန်တီးခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
စီဖုန်းက ခေါင်းညိတ်လိုက်သည်။ သူမက အတော်လေး စိတ်မကျေနပ်နေသော်လည်း ကိစ္စကို ဆက်မလိုက်တော့ပေ။
***