ရီဖူရှင်းနှင့် ကျုံးချန်တို့က ဆေးအင်ပါယာဆီသို့ သွားခဲ့ကြသည်။ အစောပိုင်းက စီနီယာသည်လည်း ထိုနေရာတွင် ရှိနေခဲ့၏။ သူ့အမည်က လီချန်ရှန်းဖြစ်ပြီး သူက ကျုံးချန်ထက်စောကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ရောက်လာသူဖြစ်သည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ဆေးအင်ပါယာနောက်သို့ လိုက်ခဲ့ပေသည်။
ယခု သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ကိစ္စအများစုအား တာဝန်ယူထားပေသည်။
လီချန်ရှန်းက ရီဖူရှင်းအား ကြင်နာစွာ ပြုံးပြလိုက်သည်။ သူ့တွင် အလွန် ထူးခြားသော အရှိန်အဝါရှိပြီး ၎င်းသည် လူအများကို အလွန် သက်သောင့်သက်သာဖြစ်မှုအား ခံစားမိစေသည်။
“မင်းတို့နှစ်ယောက်လုံးက ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားကြတယ်။ ဒီဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ မင်းတို့နှစ်ယောက်လုံး ကျင့်ကြံနေတာကိုက လွန်လွန်းနေပြီကို အချင်းချင်း ယှဥ်တိုက်ချင်နေတုန်းပဲ။ ညီအစ်ကိုချင်း အချစ်စမ်းနေတာလား။” လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။ သူ၏ အသံက နွေဦးလေပြေကဲ့သို့ အလွန် သိမ်မွေ့နေသည်။
“ကျုပ်က ညီလေးရီရဲ့ လမ်းစဥ်ကို မြင်တွေ့ချင်စိတ်ဖြစ်မိလို့ပါ။” ကျုံးချန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“အစ်ကိုကျုံးကို ကျွန်တော့ရဲ့ စီနီယာတစ်ယောက်အဖြစ် သတ်မှတ်နိုင်တယ်။ ပြီးပြည့်စုံတဲ့ မဟာလမ်းစဥ်နဲ့ အဆင့်မြင့်ရန်ဟောင်တစ်ယောက်ကို ကျွန်တော် တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အစ်ကိုကျုံးကို မယှဥ်နိုင်ခဲ့ဘူးလေ။ လမ်းညွှန်မှုတစ်ခုခု ပေးဖို့ မေးခဲ့ရုံလေးပါ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံးရဲ့ ပါရမီက ကောင်းကင်ဒေသတခွင်လုံးမှာတောင် ထူးချွန်တာကို တစ်ယောက်နဲ့တစ်ယောက် ယဥ်ကျေးလွန်းပြီး နှိမ့်ချနေကြတယ်။ ဒီအဖိုးကြီး တကယ်ကို ထပ်ပြီး နားမထောင်နိုင်တော့ဘူးကွာ။” လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။ “အိုး.. ဟုတ်သားပဲ။ မိတ်ဆွေလေးရီကို ကျုပ်ကိုယ်ကျုပ် မိတ်မဆက်ပေးရသေးဘူးပဲ။ ကျုပ်က လီချန်ရှန်း… ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ ကျင့်ကြံနေတာ အတော်ကြာပါပြီ။’
“စီနီယာ၊ အရမ်းယဥ်ကျေးလွန်းနေပါပြီ။” ရီဖူရှင်းက အရိုအသေပြုလိုက်သည်။ လီချန်ရှန်းက အဆင့်ကိုးရန်ဟောင်တစ်ပါးဖြစ်ကြောင်း ခံစားမိပေသည်။
လွန်ခဲ့သောလ သူ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ရောက်လာခဲ့စဥ်က စောင့်ကြည့်နေခဲ့သည်။ အခြားသော ရန်ဟောင်များအားလုံးက သူ့ကို သူတို့၏ အဖွဲဝင်များအဖြစ် သတ်မှတ်ထားကြပေသည်။
သို့သော် ယခု သူတို့ရှေ့တွင် ဆေးအင်ပါယာရှိနေသောအခါ မတူညီသော ခံစားချက်ကို ပေးစွမ်းလေသည်။
ထို့ပြင် လူအနည်းငယ်၏ စကားများမှ ရီဖူရှင်းသည် ဆေးအင်ပါယာ၌ ပေါင်းသင်းဆက်ဆံရလွယ်ကူသော စရိုက်ရှိကြောင်း သိနိုင်ပေသည်။ မဟုတ်လျှင် လီချန်ရှန်းနှင့် ကျုံးချန်တို့က ထိုမျှ ပေါ့ပါးစွာ ပြောဆိုနေလိမ့်မည် မဟုတ်ပေ။ သိသာစွာပင် သူတို့က ထိုသို့သော အဖြစ်မျိုးနှင့် အသားကျနေပုံရလေသည်။
“ကျုပ်ကို စီနီယာလို့ ခေါ်တာ အရမ်းသူစိမ်းဆန်လွန်းတယ်။ မင်း ဒီဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ ကျင့်ကြံနေပြီဆိုကတည်းက ကျုပ်တို့တွေက တာအိုမိတ်ဆွေတွေပဲလေ။ ကျုပ်ကို အစ်ကိုချန်ရှန်းလို့ ခေါ်နိုင်ပါတယ်။” လီချန်ရှန်းက ပြောလိုက်သည်။ သူတို့က ဆေးအင်ပါယာ၏ တရားဝင်တပည့်မဟုတ်သော်လည်း သူတို့က သူ့အား ဆရာဟု ခေါ်ကြပေသည်။
ဆေးအင်ပါယာသည် ရီဖူရှင်းအား တပည့်အဖြစ် လက်ခံထားခဲ့ခြင်း မဟုတ်ပေ။ သို့သော်လည်း သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၌ ကျင့်ကြံနေပြီဖြစ်ရာ ထိုစီနီယာအား အစ်ကိုဟု ခေါ်ရန် တွေဝေနေမည် မဟုတ်ပေ။
“အစ်ကိုချန်ရှန်း” ရီဖူရှင်းက အသေးစိတ်အချက်များကို ဂရုစိုက်မနေဘဲ ပေါ့ပေါ့ပါးပါး ခေါ်လိုက်သည်။
“အင်း… ကျုပ်က တကယ်ပဲ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို ကျုပ်ရဲ့ ဂျူနီယာဖြစ်လာအောင် သိမ်းသွင်းနိုင်ခဲ့ပြန်ပြီပဲ။” လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။ “အနာဂတ်မှာ မင်း ကျင့်ကြံခြင်းအထွတ်အထိပ်အဆင့်ကို တက်လှမ်းနိုင်တဲ့အခါ ဒီနေရာမှာ မင်းကို ဂရုစိုက်ပေးခဲ့တဲ့ စီနီယာအစ်ကိုကို သတိရပေးရမယ်နော်။”
“အစ်ကိုချန်ရှန်း၊ ကျွန်တော့်ကို စနေတာ တော်ပါတော့ဗျာ။” ရီဖူရှင်းက ပြုံးရင်းနှင့် ခေါင်းယမ်းလိုက်သည်။ လက်ရှိတွင် သူက လီချန်ရှန်းထက် အနည်းငယ် အားနည်းနေသေးပေသည်။
“ညီလေးကျုံး အနာဂတ်မှာ မင်းအတွက် ပြိုင်ဘက်တစ်ယောက် ရှိလာတော့မှာမို့ တစ်ယောက်တည်း အထီးကျန်နေမှာ မဟုတ်တော့ဘူး။” လီချန်ရှန်းက ကျုံးချန်ကို ကြည့်ကာ ပြုံးလိုက်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ထိပ်တန်းပါရမီရှင်တစ်ယောက်အနေဖြင့် သူ၏ မျိုးဆက်အတွင်း ပြိုင်ဘက်ကင်း ဖြစ်နေခဲ့သည်။ မည်သူကမှ သူ့ကို မယှဥ်နိုင်ခဲ့ကြပေ။
“ကျုပ်လည်း အဲဒီလိုလူကို ရှာနေခဲ့တာ။” ကျုံးချန်က ပြုံးလိုက်သည်။
“ကျွန်တော်က အစ်ကိုကျုံးကို မီဖို့ အဝေးကြီးလိုပါသေးတယ်။” ရီဖူရှင်းက နှိမ့်ချစွာ ပြောလိုက်သည်။ သို့သော်လည်း သူတို့နှစ်ယောက်ကြားမှ ကွာခြားချက်က အတော်လေး လှမ်းနေသေးသည်မှာ အမှန်ပင် ဖြစ်သည်။
“လူတွေက ကျင့်ကြံခြင်းလောကထဲကို မတူညီတဲ့ အချိန်တွေမှာ ဝင်ရောက်လာကြတယ်။ ဒါကြောင့် အခု မင်းဘယ်လောက် သန်မာတယ် အားနည်းတယ်ဆိုတာ အဓိပ္ပါယ်နည်းနည်းပဲရှိတယ်။ ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်မှုဆိုတာရဖို့ နှစ်ပေါင်းများစွာ ကျင့်ကြံဖို့ လိုအပ်တယ်။ အချိန်အကြာကြီး ကျင့်ကြံပြီးတဲ့နောက် မင်း ပျင်းရိနေခဲ့ရင် မျိုးဆက်သစ်တွေက မင်းကို ကျော်တက်သွားကြတာကို သတိပြုမိလိမ့်မယ်။” ဆေးအင်ပါယာက ပြောလိုက်သည်။
လီချန်ရှန်းက ထိုစကားမှ လေးနက်မှုတို့ကို ခံစားမိလိုက်ပေသည်။ ရီဖူရှင်းက ကိုယ်တိုင် မတွေ့ကြုံဖူးလျှင်ပင် သူက နားလည်သဘောပေါက်ပေသည်။ သူက နားလည်သဘောပေါက်သော်လည်း သူသည် အခြားသူများအား အမြဲကျော်တက်နေသူ ဖြစ်လေရာ ကောင်းစွာ ကိုယ်ချင်းစာမပေးနိုင် ဖြစ်နေလေသည်။
“ဒါပေမယ့် မင်းတို့ရဲ့ စိတ်အခြေအနေကို သက်ရောက်လောက်အောင် ဖိအားပေးစရာ မလိုဘူး။ တည်ငြိမ်တဲ့ မဟာလမ်းစဥ်အခြေခံအုတ်မြစ်က အရာအားလုံးကို တည်ငြိမ်စေနိုင်တယ်။ မင်းတို့ရဲ့ ပါရမီနဲ့ဆိုရင် အရေးကြီးဆုံးအရာက ဦးတည်ချက်လမ်းကြောင်းပဲ။”
ကျုံးချန်နှင့် ရီဖူရှင်း နှစ်ယောက်လုံးက ခေါင်းညိတ်လိုက်ကြသည်။
“ဒီနှစ်ကုန်ရင် အပြင်သွားဖို့ စီစဥ်နေတာ။ မင်းတို့နှစ်ယောက်လုံးလည်း အတူတူလိုက်ခဲ့ကြ။” ဆေးအင်ပါယာက ပြောလိုက်သည်။
“ဆရာ၊ ကျွန်တော်တို့ ဘယ်ကို သွားလဲ။” ကျုံးချန်က မေးလိုက်သည်။ ဆေးအင်ပါယာကိုယ်တိုင် သွားသည့်အတွက် ထိုနေရာမှာ အတော်လေး ထူးခြားသောနေရာတစ်ခု ဖြစ်နိုင်သည်။
“ချန်ရှန်း၊ မင်းပြောပြလိုက်။” ဆေးအင်ပါယာက လီချန်ရှန်းကို ပြောလိုက်သည်။
“ကောင်းပါပြီ.. ဆရာ။” လီချန်ရှန်းက ခေါင်းညိတ်ကာ ကျုံးချန်နှင့် ရီဖူရှင်းတို့ကို ပြုံး၍ ကြည့်ရင်း ပြောလိုက်သည်။ “ဂျူနီယာနှစ်ယောက်၊ မင်းတို့ ကံကောင်းတယ်။ ဒီခရီးက မင်းတို့အတွက် ထူးထူးခြားခြား အဓိပ္ပါယ်အပြည့်ရှိလိမ့်မယ်။ အနာဂတ်မှာ မင်းတို့ အဲဒီ အတွေ့အကြုံ ကောင်းကောင်း ရနိုင်တယ်။”
ကျုံးချန်က အံ့အားသင့်သည့်အမူအရာတို့ ထုတ်ဖော်လာသည်။ လီချန်ရှန်းက အလွန်လေးနက်နေသည်။ သူတို့ အတိအကျ မည်သည့်နေရာသို့ သွားကြမည်နည်း။
“မကြာသေးခင်က လိပ်နတ်ဘုရားကျွန်းစုကနေ သတင်းတွေထွက်လာတယ်။ အင်ပါယာရှီက ကပ်ဘေးသုံးခုကို ဖြတ်ကျော်တော့မယ်တဲ့။” လီချန်ရှန်းက ပြောလိုက်သည်။ “ဒီသတင်းက နတ်သမုဒ္ဒရာထဲက ကျွန်းစုအားလုံးကို ပျံ့နှံ့သွားခဲ့တယ်။ သတင်းတွေက ပြောတာတော့ အင်ပါယာရှီက လူတွေစောင့်ကြည့်နေလည်း စိတ်ထဲမထားဘူးတဲ့။”
“နတ်ဘုရားကပ်ဘေး” ကျုံးချန်၏ မျက်လုံးများတွင် ထိတ်လန့်မှုတို့ ဖြစ်ပေါ်လာသည်။ အင်ပါယာရှီသည် တုန်းဟွာတွင် ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ့တွင် ပြီးပြည့်စုံသော မဟာလမ်းစဥ်ရှိပြီး သူ၏ ကျင့်ကြံဆင့်က ရန်ဟောင်အဆင့် အထွတ်အထိပ်တွင် ရှိနေသည်။ သူက တုန်းဟွာပိုင်နက်အတွင်း ထိပ်သီးအဆင့်တွင် ရပ်တည်နေပေသည်။
ယခု သူက ကပ်ဘေးသုံးပါးကို ခံယူတော့မည်လား…
ကပ်ဘေးသုံးပါးမှာ နတ်ဘုရားကပ်ဘေးပင် ဖြစ်သည်။ ကောင်းကင်လမ်းစဥ် ပျက်စီးပြီးကတည်းက ပြီးပြည့်စုံသော မဟာလမ်းစဥ်သည် လက်ရှိလောက၏ စည်းမျဥ်းများက လက်မခံတော့ပေ။ ကောင်းကင်လမ်းစဥ်ကို ခြေချချင်သည့်လူတိုင်း ကပ်ဘေးသုံးပါးကို ကျော်ဖြတ်ကာ ရှင်သန်နိုင်ရမည် ဖြစ်သည်။
ကောင်းကင်ဒေသတစ်ခုလုံးတွင် လူအနည်းသာလျှင် ထိုသို့ လုပ်ဆောင်ရန် အရည်အချင်းရှိကြပေသည်။
အင်ပါယာရှီသည် ပထမကပ်ဘေးမှ ရှင်သန်လွတ်မြောက်နိုင်လျှင် သူသည် တုန်းဟွာပိုင်နက်တစ်ခုလုံး၌ အစွမ်းထက်ဆုံး တည်ရှိမှုတစ်ခုဖြစ်လာပေလိမ့်မည်။
လီချန်ရှန်းက သူတို့ နောက်ပိုင်းကြုံတွေ့ရသည့်အခါ အတွေ့အကြုံရနိုင်သည်ဟု ပြောခဲ့သည်။ သူဆိုလိုသည်မှာ သူတို့ ရန်ဟောင်အဆင့် အထွတ်အထိပ်သို့ တက်လှမ်းသည့်အခါ ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ဆက်လက်ထိန်းသိမ်း၍ ကောင်းကင်လမ်းစဥ်သို့ တက်လှမ်းရန် ကပ်ဘေးသုံးပါးမှ ရှင်သန်ကျန်ရစ်ရန် လိုအပ်ပေသည်။
ရီဖူရှင်းသည် ယခု ကျင့်ကြံခြင်းက မည်မျှ ကျယ်ပြန့်သည်ကို သိရှိပြီး ကပ်ဘေးသုံးပါးအကြောင်းလည်း သိရှိခဲ့ရသည်။ သူ၏ မှတ်ဉာဏ်အတွင်း၌ ထိုကပ်ဘေးသုံးပါးမှ လွတ်မြောက်ခဲ့သော မည်သူမဆို ကောင်းကင်ဒေသ၏ ဒဏ္ဍာရီပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပေသည်။ ကပ်ဘေးသုံးပါးမှ ရှင်သန်ကျန်ရစ်သူ မည်သူမဆို သက်ရှိနတ်ဘုရားများ ဖြစ်ကြသည်။
ထို့ကြောင့် ထိုသက်ရှိနတ်ဘုရားများမှလွဲလျှင် ဤကမ္ဘာလောက၌ ပထမကပ်ဘေးနှင့် ဒုတိယကပ်ဘေးကို ကျော်ဖြတ်နိုင်သူများသာ ရှိပေသည်။ ထိုသို့သော ပုဂ္ဂိုလ်များမှာ မည်သို့သော တည်ရှိမှုမျိုးဖြစ်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ထိုစကားကြောင့် ကျုံးချန်ကဲ့သို့သော သူမျိုးပင် စိတ်လှုပ်ရှားသည်မှာ အံ့သြစရာ မရှိပေ။
“ကြည့်ရတာ လိပ်နတ်ဘုရားကျွန်းစု က တုန်းဟွာနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေတော့မယ် ထင်တယ်။” ကျုံးချန်က တီးတိုးရေရွတ်လိုက်သည်။
“သေချာတာပေါ့။ ဒါက နှစ်တစ်ထောင်မှာ တစ်ခေါက် မြင်ရခဲတဲ့ ဖြစ်ရပ်ကြီးပဲ။ ဒီပွဲကို ကျင့်ကြံသူဘယ်လောက်များများ တက်ရောက်မလဲဆိုတာ သိချင်မိတယ်။ ဒါက တုန်းဟွာနယ်မြေအတွင်း ထောင်စုနှစ်တစ်နှစ်လောက်နေမှ တစ်ကြိမ်ဖြစ်ပွားနိုင်တဲ့ ဖြစ်ရပ်တစ်ခုပဲ။ ကျင့်ကြံခြင်းလောကရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့သူတွေ ကျိန်းသေသွားကြလိမ့်မယ်။” လီချန်ရှန်းက ပြောလိုက်သည်။ ကပ်ဘေးသုံးပါး ကျော်ဖြတ်မှုအခမ်းအနားကို မည်သူက အလွတ်ခံပါမည်နည်း။
တုန်းဟွာနယ်မြေအရှင်သခင်ပင်လျှင် ထိုပွဲသို့ တက်ရောက်ပေလိမ့်မည်။
“အင်ပါယာရှီက ဘယ်သူလဲ။” ရီဖူရှင်းက သိချင်စိတ်နှင့် မေးလိုက်သည်။ တုန်းဟွာနယ်မြေတွင် မည်သည့်အချိန်ကပင် ထိုသို့အစွမ်းထက်ပုဂ္ဂိုလ်မျိုး ရှိလာခဲ့ရသနည်း။
“အင်ပါယာရှီက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ရန်ဟောင်အထွတ်အထိပ်အဆင့်ကို ရောက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ သူက နတ်သမုဒ္ဒရာကုန်းမြေက လိပ်နတ်ဘုရားကျွန်းစုမှာ ကျင့်ကြံနေခဲ့တာ။ အဲဒီကုန်းမြေကို ဘာလို့ နတ်သမုဒ္ဒရာကုန်းမြေလို့ ခေါ်တာလဲဆိုရင် ပတ်ပတ်လည်မှာ ရှိနေတဲ့ ကုန်းမြေတချို့ကလွဲရင် ကျန်တဲ့ဘေးပတ်လည်နေရာတွေက ပင်လယ်တွေချည်းပဲ။ နတ်သမုဒ္ဒရာထဲမှာ မရေတွက်နိုင်တဲ့ ကျွန်းတွေ ရှိပြီး လိပ်နတ်ဘုရားကျွန်းစုက ရှေးအကျဆုံးပဲ။ ကျုပ် သိသလောက်တော့ အင်ပါယာရှီက ကျုပ်မမွေးခင်ကတည်းက အထွတ်အထိပ်ရန်ဟောင် ဖြစ်နေပြီး လိပ်နတ်ဘုရားကျွန်းစုမှာ ကျင့်ကြံနေခဲ့ပြီ။” လီချန်ရှန်းက ပြောလိုက်သည်။ သူ ကျင့်ကြံလာသည်ကပင် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ရာ အင်ပါယာရှီ ကျော်ကြားမှုက မည်မျှကြာမြင့်နေသည်ကို ခန့်မှန်းနိုင်ပေသည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ကြည့်ရသည်မှာ အင်ပါယာရှီသည် ကျင့်ကြံသည့်အချိန်ကာလ ကြာရှည်လှသော ထိပ်သီးတန်ခိုးရှင်တစ်ယောက် ဖြစ်ပေသည်။
ယခု နောက်ဆုံးတွင် သူက ကပ်ဘေးသုံးပါးအား ဖြတ်ကျော်တော့မည် ဖြစ်၏။
“ဒီတစ်ကြိမ်ကပ်ဘေးက အန္တရာယ်များမှာလား။” ရီဖူရှင်းက မေးလိုက်သည်။
“အင်း….. ကျင့်ကြံသူတစ်ယောက်က ရှန့်ထိုအဆင့်ကို ရောက်တဲ့အခါ ရှန့်ထိုကပ်ဘေးကို ဖြတ်ကျော်ရလိမ့်မယ်။ သူက လူသားခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်ကို စွန့်လွှတ်ပြီး သာမန်ထက် သာလွန်တဲ့ လူသားတစ်ယောက်အဖြစ်နဲ့ ရှန့်ထိုအဆင့်ကို ဝင်ရောက်လိမ့်မယ်။ ကပ်ဘေးသုံးပါးကို ကျော်ဖြတ်ပြီးရင်တော့ ကျင့်ကြံသူက သူ့ရဲ့ ရှန့်ထိုခန္ဓာကို စွန့်ပြီးတော့ နတ်ဘုရားအဆင့်ကို စတင်ဝင်ရောက်လိမ့်မယ်။ ကပ်ဘေးသုံးပါးက အရမ်းအန္တရာယ်များတယ်။ အဲဒါက ရှန့်ထိုကပ်ဘေးထက် ပိုပြီး အသက်အန္တရာယ်ရှိနိုင်တယ်။ နည်းနည်းလေးဂရုမစိုက်မိတာနဲ့ မဟာလမ်းစဥ် ကပ်ဘေးကြောင့် အသက်တောင် သေသွားနိုင်တယ်။” လီချန်ရှန်းက ပြောလိုက်သည်။
ရီဖူရှင်းက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူသည် နတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်းက ထိုမျှအန္တရာယ်ရှိလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။ တစ်လောကလုံး၌ နတ်ဘုရားအဆင့် အနည်းငယ်မျှသာ ရှိနေသည်မှာ အံ့သြစရာမရှိချေ။
ကောင်းကင်လမ်းစဥ် ပျက်စီးခဲ့ခြင်းက ကောင်းကင်လမ်းစဥ်သို့ ဝင်ရောက်လိုသူတိုင်းအတွက် အခက်အခဲတစ်ခု ဖြစ်လာခဲ့သည်။
“ကျုပ် အစတုန်းက မင်းကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ အချိန်တစ်ခုထိ ကျင့်ကြံစေဖို့ပဲ ရည်ရွယ်ထားခဲ့တာ။ ဒါပေမယ့်လည်း အင်ပါယာရှီ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်တာကို မြင်ရဖို့ဆိုတာက တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပဲ။ အဲဒီလိုအဖြစ်အပျက်က ထောင်စုနှစ်တစ်ခုနေမှသာ တစ်ခါမြင်တွေ့နိုင်လောက်အောင် ရှားပါးတာကြောင့် မင်းတို့ကို ဒီအခွင့်အရေးနဲ့ လွဲချော်မသွားစေချင်ဘူး။” ဆေးအင်ပါယာက ပြောလိုက်သည်။
“နားလည်ပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူက ထိုသို့သော အခွင့်အရေးကို သေချာပေါက်လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။
ဆေးအင်ပါယာ ပြောသကဲ့သို့ပင် ထိုသို့သော အခွင့်အရေးမျိုးကို နှစ်ထောင်ချီမှ တစ်ကြိမ်သာ တွေ့ကြုံနိုင်ပေသည်။
ထို့ပြင် သူသည်လည်း တုန်းဟွာနယ်မြေမှ နေရာများနှင့် တန်ခိုးရှင်များကို မြင်တွေ့ချင်ပေသည်။ ဤတစ်ကြိမ်၌ အစွမ်းထက်တန်ခိုးရှင်များမှာ ကပ်ဘေးကျော်ဖြတ်မှုအား ကြည့်ရှုရန် လိပ်နတ်ဘုရားကျွန်းစုတွင် စုဝေးလာကြပေသည်။
“ဒီတစ်ကြိမ် နယ်မြေသခင်အိမ်တော်က လူတွေနဲ့လည်း တွေ့လိမ့်မယ်။ သူတို့နဲ့ တွေ့ရင် သူတို့နဲ့ ခင်မင်ခွင့်ရဖို့ ကြိုးစားကြည့်ရမယ်။ ဒါမှ အနာဂတ်မှာ နယ်မြေသခင်အိမ်တော်ကို ဝင်ဖို့ အထောက်အကူပြုမှာ။” ဆေးအင်ပါယာက ထပ်ပြောလိုက်သည်။ သူသည် ရီဖူရှင်း အနာဂတ်အတွက် ကူညီရန်ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ တုန်းဟွာနယ်မြေအရှင်သခင်၏ အိမ်တော်သို့ ဝင်ရောက်ရမည်လား။
တုန်းဟွာနယ်မြေအရှင်သခင်၏ အိမ်တော်သို့ သူ ဝင်ရောက်ခဲ့လျှင် အနာဂတ်၌ ရင်ဆိုင်တွေ့ရမည့် အန္တရာယ် နည်းပါးသွားနိုင်သည်။
***