အပိုင်း (၁၉၈၅)

ဝိညာဉ်ဂိတ်တွင် ကျင့်ကြံခြင်း

“ဟုတ်တယ်… နယ်မြေသခင်အိမ်တော်…” ဆေးအင်ပါယာက ရီဖူရှင်းအား ခေါင်းညိတ်သည် “တုန်းဟွာပိုင်နက်ခေါင်းဆောင်အိမ်တော်က ပိုင်နက်တစ်ခုလုံးကို အုပ်ချုပ်တယ်။ အိမ်တော်မှာ ထိပ်သီးတန်ခိုးရှင်တွေ အများကြီးပဲ။ အိမ်တော်က တန်ခိုးရှင်တွေကို မမွေးထုတ်ပေမဲ့ သူတို့က အဆင့်မြင့်တန်ခိုးရှင်တွေကိုတော့ ဖိတ်ကြားတယ်။ ဒါမှလည်း သူတို့က ပိုင်နက်တစ်ခုလုံးကို ထိန်းချုပ်နိုင်မှာကိုး”

“မင်းရဲ့စွမ်းရည်နဲ့ဆိုရင် သေချာပေါက် နယ်မြေသခင်အိမ်တော်ကို ဝင်ခွင့်ရမှာပဲ။ ကောင်းကင်ဒေသက ဘယ်အင်အားစုမှ မင်းကို ထိရဲမှာ မဟုတ်တော့ဘူး”

ရီဖူရှင်းက ခေါင်းညိတ်သည်။ သူသိသလောက် ရွှေရောင်နတ်ပြည်ထောင်ဘုရင်၏အစ်ကိုတော်သည် အရှင်ဒွန်ဟောင်၏လက်ပါးစေတစ်ဦးဖြစ်သည်။ မှန်သည်၊ နယ်မြေသခင်အိမ်တော်တွင်လည်း နယ်မြေသခင်အတွက် အလုပ်လုပ်နေသူ အများအပြား ရှိပေမည်။

ဆေးအင်ပါယာသည် တုန်းလိုင်နတ်မိမယ်၏စကားများအရ ရီဖူရှင်း၏အခြေအနေကို သဘောပေါက်ပေသည်။ သူ့တွင် ဤအကြံအတွက် အကြောင်းပြချက် နှစ်ခု ရှိပေသည်။ ပထမတစ်ချက်ကား ရီဖူရှင်းအတွက် ဖြစ်သည်။ အင်အားကြီးအိမ်တော်တစ်ခု၏နောက်ခံဖြင့်ဆိုပါက တခြားအင်အားစုများက ရီဖူရှင်းအား တော်ရုံ မထိရဲတော့ပေ။ ဒုတိယတစ်ချက်ကား အရှေ့နတ်ဘုရားကျွန်းစုအတွက် ဖြစ်သည်။ နယ်မြေသခင်အိမ်တော်၏နောက်ခံဖြင့်ဆိုပါက အရှေ့နတ်ဘုရားကျွန်းစုသည်လည်း ပိုမို၍ တည်ငြိမ်လာပေမည်။

ထို့အပြင် ရီဖူရှင်းက သူ၏ထူးခြားကောင်းမွန်သော စွမ်းရည်များကို ပြသထားရာ သူသည် အနာဂတ်တွင် နယ်မြေသခင်အိမ်တော်၏အဓိကလူတစ်ဦး ဖြစ်လာနိုင်ပေသည်။

ရီဖူရှင်းက တစ်ဘက်လူ၏အကြံကို နားထောင်ကာ တွေဝေနေသည်။ သူ၏ဇစ်မြစ်မှာ မသေချာသေးရာ သူ့အနေဖြင့် ဆုံးဖြတ်ချက်ကို သေချာစဉ်းစားရန် လိုပေသည်။ မင်းသမီးဒွန်ဟောင်က သူ့အား တစ်ကြိမ် ကယ်တင်ခဲ့သော်လည်း အရှင်ဒွန်ဟောင်သည် အင်ပါယာရီချင်အား ရန်ငြိုးထားနေဆဲဖြစ်သည်။

ဆေးအင်ပါယာက ဆက်ပြောသည် “ဒါပေမဲ့ ဒီကိစ္စကို ချက်ချင်းကြီးတော့ တွေးစရာမလိုသေးဘူး။ မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားက မင်းကျင့်ကြံဆင့်ထက် မြင့်တယ်။ မင်းက အဆင့်လေးရန်ဟောင်ပဲ ရှိသေးတယ်။ တကယ်လို့ မင်းကသာ ကျင့်ကြံဆင့်ကို အလယ်အလတ်အမြင့်ဆုံးသို့ မြှင့်နိုင်ရင် မင်းကို တော်ရုံလူ အန္တရာယ်ပေးနိုင်မှာ မဟုတ်တော့ဘူး”

မှန်သည်၊ အရေးကြီးသောအချက်ကား ရီဖူရှင်းက အဆင့်တက်တိုင်း ပြီးပြည့်စုံသော နတ်ဝင်ရိုးကို တည်ဆောက်နိုင်ရန် လိုပေသည်။

“နားလည်ပါပြီ။ ဒါပေမဲ့လည်း ကျင့်ကြံခြင်းက တခဏတည်းနဲ့ ပြီးမြောက်နိုင်တဲ့ကိစ္စမဟုတ်တာကြောင့် ကောင်းကင်ဒေသကို ခရီးနှင်ရင်းနဲ့မှ အခက်အခဲတွေကို ဖြတ်ကျော်ပြီးတော့ လေ့လာသင်ယူဖို့ တွေးထားပါတယ်” ရီဖူရှင်းက ပြောသည်။

“အင်း…” ဆေးအင်ပါယာက ခေါင်းညိတ်သည် “အမြဲတမ်းအားဖြင့် တံခါးပိတ်ကျင့်ကြံနေတာက တကယ်ပဲ အဓိပ္ပာယ်ကင်းမဲ့တယ်။ ပြီးပြည့်စုံတဲ့နတ်ဝင်ရိုးကို ထိမ်းသိမ်းဖို့အတွက် လူတစ်ယောက်က ခိုင်မာတဲ့ အုတ်မြစ်ကို တည်ဆောက်ဖို့လိုတယ်”

ရီဖူရှင်းက ငြိမ်သက်စွာ နားထောင်သည်။ ဆေးအင်ပါယာက သူ့အား လမ်းမှားရောက်မည်စိုးရိမ်၍ အကြံဉာဏ်များ ပေးနေခြင်းဖြစ်သည်။

“ငါ အဆင့်မြင့်ရန်ဟောင်မဖြစ်ခင်တုန်းက အက်ကြောင်းမဲ့ဝင်ရိုးကို ထိမ်းသိမ်းနိုင်ခဲ့တယ်။ အဲဒီတုန်းက ငါ့စိတ်နှလုံးက ခိုင်မာခဲ့ပေမဲ့ ငါ့ကိုယ်ငါ အထင်ကြီးခဲ့တာကြောင့် အဆင့်မြင့်ရန်ဟောင်သို့ တက်လှမ်းတဲ့အခါ ငါ့နတ်ဝင်ရိုးမှာ အက်ကြောင်းထင်ခဲ့တယ်။ ဒါက ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းခရီကို အများကြီး အတားအဆီးဖြစ်စေခဲ့တယ်”

သူသည် အတိတ်ကို ပြန်ပြောရာတွင် တည်ငြိမ်နေသော်လည်း အကယ်၍ အတိတ်ကိုသာ ပြန်သွားခွင့်ရပါက သူ၏အခြေခံအုတ်မြစ်ကို ပိုမို၍ ခိုင်မာအောင် တည်ဆောက်ပြီးမှသာ အဆင့်တက်ရန် ရွေးချယ်ခဲ့မိမည် ဖြစ်သည်။

“ကျွန်တော် အသေအချာ မှတ်ထားပါ့မယ်” ရီဖူရှင်းက အနည်းငယ် ဦးညွတ်ကာ ပြောသည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏မှတ်ဉာဏ်တွင်လည်း သူက ထိုသို့ သင်ယူခဲ့ရပေသည်။ ဆေးဝါးများမှာ အဆက့်တက်ရန်မဟုတ်ဘဲ အခြေခံအုတ်မြစ်တည်ဆောက်ရာတွင် ပိုမိုအားကောင်းစေရန်သာဖြစ်သင့်ကြောင်း တုံ့လိုင်နတ်ဘုရားအကြီးအကဲက အထူးတလည် ညွှန်ကြားထား၏။

ထိုအခိုက်တွင် ဆေးအင်ပါယာက နောက်လှည့်ကာ ရီဖူရှင်းကို ပြောသည် “ငါ့နောက်က လိုက်ခဲ့…”

ရီဖူရှင်းက ခေါင်းညိတ်ကာ ဆေးအင်ပါယာနောက်မှနေ၍ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ထံသို့ လိုက်ပါလာခဲ့သည်။ ၄င်းသည် ကောင်းကင်နှင့်မြေပြင်အကြား တည်ရှိ၏။ တုံ့လိုင်နတ်မိမယ်နှင့် တခြားလူများကား ငြိမ်သက်စွာ ကြည့်နေကြသည်။ ကြည့်ရသည်မှာ ဆေးအင်ပါယာက ရီဖူရှင်းအား ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် လေ့ကျင့်စေလိုသည်။

ရီဖူရှင်းသည် သူမ၏အဖေ ချန်ထားခဲ့သမျှအား အမွေဆက်ခံခဲ့ပြီး ထူးခြားထက်မြက်သော စွမ်းရည်များအား ပြသသည်။ ဆေးအင်ပါယာက ရီဖူရှင်းအား သေချာပေါက် ကူညီပေးလိုသည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် ကျင့်ကြံခြင်းလောက၌ ထူးခြားဆန်းကြယ်သော ရတနာဖြစ်သည်။ ၄င်းသည် လောက၏ကံတရားကို စုစည်း၏။ တုန်းရှောင်ကုန်းမြေ၌ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့်ပတ်သက်၍ များစွာသော ကောလာဟလများ ရှိသည်။ ဆေးအင်ပါယာ နာမည်ကျော်ကြားလာခဲ့ခြင်းမှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကြောင့်ဟု လူအများက သတ်မှတ်ယူဆကြ၏။ အမှန်တရားကား ၄င်းသည် ဝိညာဉ်ဂိတ်တံခါး ဖြစ်၏။

ရီဖူရှင်းသည် ဆေးအင်ပါယာနှင့်အတူ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရှေ့သို့ ရောက်လာသည်။ သူ့သက်စော်င့ဟော်နန်းမှ ကမ္ဘာသစ်ပင်သည် ပြင်းထန်စွာ လှုပ်ယမ်း၏။ အတိတ်တွင် ရီဖူရှင်းသည် ဆင်တူသော ဖြစ်ရပ်များစွာ ကြုံဖူးသည်။ ကမ္ဘာသစ်ပင်ကို တုန့်ပြန်စေနိုင်သော အရာများအားလုံးမှာ နတ်ရတနာများဖြစ်ကြသည်။

ရီဖူရှင်း၏မျက်လုံးများက မျှော်စင်အလွှာများအဆုံး၌ မဟာလမ်းစဉ်ဂိတ်တံခါးကိုမြင်သည်။ ၄င်းနေရာမှ လေဟာနယ်သည် သာမန်နှင့်ကွဲပြားခြားနား၏။

“မင်း ခံစားမိလား” ဆေးအင်ပါယာက ရီဖူရှင်းကို မေးသည်။

“ဒါက ချုပ်နှောင်ခြင်းလမ်းစဉ်ပဲ” ရီဖူရှင်းက ပြန်ပြောသည်။

“ဟုတ်တယ်…” ဆေးအင်ပါယာက ခေါင်းညိတ်သည် “မင်းဟာ ဖိနှိပ်ခြင်းလမ်းစဉ်မှာ ကျွမ်းကျင်တာ ငါသတိထားမိတယ်။ နတ်ဆင်စွမ်းအာဟာ အရှိန်အဝါကြီးပြီးတော့ နေရာတစ်ခုလုံးကို ဖိနှိပ်နိုင်တယ်။ မျှော်စင်ဟာလည်း ရှေးကျတဲ့သမိုင်းရှိတယ်။ ဒါက ကောင်းကင်လမ်းစဉ်ပြိုလဲတုန်းက အပိုင်းအစတစ်ခုဖြစ်တယ်လို့ ဒဏ္ဌာရီထဲမှာ ဆိုထားတယ်။ ဒါက ကောင်းကင်ဘုံကို စောင့်ကြပ်တဲ့ ကျောက်တံခါးဖြစ်တယ်လို့လည်း ပြောကြတယ်။ ဘာဖြစ်ဖြစ် ဒါက ကျင့်ကြံဖို့အတွက် အရမ်းအထောက်အကူပြုတဲ့နတ်ရတနာပဲ”

“မင်း စမ်းကြည့်သင့်တယ်” ဆေးအင်ပါယာက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကား သူတို့ရှေ့တွင် ရှိနေသည်။ ၄င်းသည် အလွန်တရာ နီးကပ်သည်ဟု ထင်မြင်ရသော်လည်း တချိန်တည်းတွင် အလွန်ဝေးနေသည်။ ၄င်းကား တခြားကမ္ဘာမှ ဂိတ်တံခါးအလား ဖိအားသည် ကြီးမားကာ ရှေးဆန်သော အငွေ့အသက်များကို ပေး၏။

ရီဖူရှင်းက ရှေ့ကိုတက်သွားလျှင် မဟာလမ်းစဉ်၏ဖိအားသည် သူ့ထံသို့ ကျဆင်းလာခဲ့သည်။ စွမ်းအားကား ကောင်းကင်သည် သူ့ထံသို့ ပြိုကျလာသည့်အလား ဖြစ်သည်။

မျှော်စင်သည် သူ့ရှေ့တွင်ဖြစ်သော်လည်း သူ့အနေဖြင့် အလွယ်တကူ မရောက်နိုင်ပေ။

ဘန်း…

အသံတိုးတိုးတစ်ချက် ပဲ့တင်သွားကာ ရီဖူရှင်း၏ခြေလှမ်းများ လေးလံလာခဲ့သည်။ ထိုအခိုက်တွင် သူသည် အနီးတဝိုက်မှ အရာအားလုံး ပျောက်ကွယ်သွားသည့်အလား ခံစားလိုက်ရ၏။ သူ၏အသိအာရုံထဲတွင် ဆေးအင်ပါယာလည်းသော်လည်းကောင်း၊ ကျင့်ကြံခြင်းရတနာသည်လည်းကောင်း မရှိတော့ပေ။ စိတ်ဝိညာဉ်ဂိတ်တစ်ခုတည်းသာ တည်ရှိတော့သည်။

“နတ်ရတနာတွေဟာ မဟာလမ်းစဉ်ရဲ့မူလစွမ်းအားတွေကို သယ်ဆောင်ကြတယ်” ရီဖူရှင်းက စိတ်တွင်းမှ ရေရွက်သည်။ သူ ရောက်ရှိရာနေရာသည် မူလလေဟာနယ်နှင့် ကွဲပြားကာ စိတ်ဝိညာဉ်ဂိတ်မှ မဟာလမ်းစဉ်၏ဖိအားသည် သူ့အပေါ်သို့ ကျဆင်းလာနေသည်။ ခြေတစ်လှမ်းတိုင်း၌ ဖိအားသည် ပိုမိုကြီးမားလာ၏။

ထို့အပြင် ရီဖူရှင်းအား ပုံရိပ်ယောင်တစ်ခုလည်း ဖြစ်ပေါ်လာဟန်ရသည်။ သူ့စိတ်တွင် ဝိညာဉ်ဂိတ်သည် ပို၍ ကြီးမားလာခဲ့ကာ စစ်မှန်သော ကောင်းကင်မျှော်စင်အဖြစ် ပြောင်းလဲလာနေသည်။

အကယ်၍ သူသည်သာ မဟာလမ်းစဉ်၏ဖိနှိပ်ခြင်းစွမ်းအားကို သည်နေရာတွင် ကျင့်ကြံပါက သေချာပေါက် မြန်ဆန်စွာ တိုးတက်လာမည်ဖြစ်ကြောင်း ရီဖူရှင်းက တွေးမိသည်။

ရီဖူရှင်း ရှေ့ကို ဆက်လျှောက်သည်။ သူသည် အချိန်ကြာမြင့်စွာ လျှောက်လှမ်းပြီးသည့်အလား ခံစားရ၏။ သို့သော်လည်း သူသည် မည်သည့်အခါမှ အဆုံးကို ရောက်ဟန်မတူ။ အချိန်အနည်းငယ်ကြာသောအခါ သူက ထိုင်ချလိုက်ပြီး စတင်ကျင့်ကြံသည်။

သိပ်မဝေးသောနေရာတွင် ဆေးအင်ပါယာနှင့် တခြားလူများသည် ရီဖူရှင်းအား စောင့်ကြည့်နေကြ၏။ တုန့်လိုင်နတ်မိမယ်က ဆေးအင်ပါယာကို ပြောသည် “သူ ဘာဖြစ်တာလဲ”

“ဝိညာဉ်ဂိတ်က သူ့အနားမှာ သီးသန့်နယ်ပယ်ကို ဖန်တီးပေးထားတာ။ သူက အဲဒီနေရာမှာ လေ့ကျင့်လိမ့်မယ်။ သူ့မှာ ပြဿနာမရှိဘူး”

“အင်း…” တုန့်လိုင်နတ်မိမယ်က ခေါင်းညိတ်သည်။

“အခု မင်းမှာ ဘာအစီအစဉ်ရှိလဲ…” ဆေးအင်ပါယာက တုန့်လိုင်နတ်မိမယ်ကို မေးသည်။

“ကျွန်မ ပြန်ရမယ့် အချိန်ကျပြီ” တုန့်လိုင်နတ်မိမယ်က ပြောသည်။

“ရှေးဟောင်းယန်မိသားစုက ဒီနေရာကို ပစ်မှတ်ထားပြီးတော့ အရှေ့နတ်ဘုရားကျွန်းစုကို သိပ်အာရုံထားမှာ မဟုတ်ဘူး။ သူတို့ပစ်မှတ်ထားရင်လည်း မင်းနဲ့ ရီဖူရှင်းကိုပဲ တိုက်ရိုက်ပစ်မှတ်ထားလိမ့်မယ်” ဆေးအင်ပါယာက ရီဖူရှင်းကို လှမ်းကြည့်ကာ ပြောသည် “ဒါဆိုရင် ဘာလို့ မင်းလည်း ဒီမှာ ဆက်မနေတာလဲ။ မင်းက သူ့ကို တုန့်ဟွာကောင်းကင်သို့ ခေါ်သွားလို့ရတာပဲ။ မင်းရဲ့ခွန်အားနဲ့ဆို တော်ရုံလူ မင်းကို အနိုင်မယူနိုင်ဘူး”

တုန့်လိုင်နတ်မိမယ်က တွေးတောဟန်ပေါ်လာသည်။ အရှေ့နတ်ဘုရားကျွန်းစုကား ရှေးဟောင်းယန်မိသားစုအတွက် သိပ်အလေးထားစရာ မဟုတ်တော့ပေ။ ယခု ရီဖူရှင်း ပေါ်ထွက်လာရာ သူတို့က ရီဖူရှင်းကို တိုက်ရိုက်ပစ်မှတ်ထားမည့်ဟန်ရှိသည်။ သူတို့က အရှေ့နတ်ဘုရားကျွန်းစုကို တိုက်ခိုက်ကာ ဆေးအင်ပါယာအား အပြစ်လုပ်မည့်ပုံမရှိပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset