ရီဖူရှင်းက တန်ခိုးရှင်များကို ချေမှုန်းပြီးနောက် သူက ချက်ချင်းပင် ဝင်္ကပါအတွင်းမှ လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုထက်ပင် ပို၍ မျက်စိကျစရာ ဖြစ်လာခဲ့ပေသည်။
ယခု ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ယန်တုန်းရန်သည်ပင် ရီဖူရှင်းရှိနေရာသို့ ကြည့်နေခဲ့သည်။ သူက စိတ်ဝင်စားသော အကြည့်များ ထုတ်ဖော်ပြလာ၏။ သူသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင် ဝင်္ကပါကို ဖြတ်ကျော်ရာ၌ ထိုသို့သော ပုဂ္ဂိုလ်မျိုးနှင့် ထိပ်တိုက်တွေ့မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထိုသူက အဆင့်ချိုးဖျက်ပြီးနောက်၌ အပြစ်အနာအဆာကင်းမဲ့သော နတ်ဝင်ရိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့် အလယ်အလတ်အဆင့် ရန်ဟောင်ဖြစ်လာခြင်း ဖြစ်ပေမည်။ ထို့ကြောင့်သာလျှင် သူက ထိုမျှ ပြင်းထန်သော တိုက်ပွဲစွမ်းရည်ကို ထုတ်ဖော်နိုင်ကာ အဆင့်ခုနစ် ရန်ဟောင်တစ်ပါးအား ချက်ချင်း သတ်ဖြတ်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
ဝမ်တုရှိ တုန်းရှောင်းကုန်းမြေမှ တန်ခိုးရှင်များကြားတွင်သာမက ယန်တုန်းရန်ဦးဆောင်လာသော တန်ခိုးရှင်များကြား၌ပင် ရီဖူရှင်းနှင့် ယှဥ်နိုင်သူ မရှိကြပေ။ ယန်တုန်းရန်ကိုယ်တိုင် ရီဖူရှင်းအား တိုက်ခိုက်သည်မှလွဲလျှင် အခြားမည်သူမှ သူ့ကို ယှဥ်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ပြီးပြည့်စုံသော မဟာလမ်းစဥ်နတ်ဝင်ရိုးနှင့် တစ်စုံတစ်ယောက်အနေဖြင့် ယန်တုန်းရန်သည် ထိုသို့သောသူမျိုး၏ တိုက်ပွဲစွမ်းရည်က မည်မျှ အစွမ်းထက်၍ ကြောက်မက်ဖွယ် ကောင်းသည်အား သိရှိပေသည်။
ယန်တုန်းရန်က အစပိုင်းတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ပြီးနောက်မှသာ ထိုသို့သော ပုဂ္ဂိုလ်မျိုးနှင့် တွေ့ဆုံလိမ့်မည်ဟု ယုံကြည်ထားသည်။ သို့သော် သူသည် ဝင်္ကပါကျော်ဖြတ်စဥ် ထိုသို့သော သူတစ်ယောက်ကို တွေ့လိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားခဲ့ပေ။
“သူက အဲဒီလူဖြစ်လိမ့်မယ်။” ယန်တုန်းရန်က အဓိပ္ပါယ်ရှိသော အပြုံးတစ်ခုကို လှစ်ဟပြလာသည်။ သူက ရီဖူရှင်း၏ သရုပ်မှန်ကို ခန့်မှန်းခဲ့ပြီး ဖြစ်လေသည်။
သူသာလျှင် မဟုတ်ဘဲ ဝင်္ကပါအတွင်းရှိ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များသည်လည်း ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ရန်ဟောင်တစ်ပါးက ပြောလိုက်၏။ “ပြီးပြည့်စုံတဲ့ မဟာလမ်းစဥ်နတ်ဝင်ရိုးနဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဝင်ဖို့အတွက် ဘာလို့ ဒီစစ်ဆေးချက်တွေကို ဖြတ်ကျော်နေရတာလဲ။ မင်းသာ စောစော ရောက်လာမယ်ဆိုရင် စောင့်ကြည့်မျှော်စင်ကို ဝင်နိုင်ခဲ့မှာပဲ။”
သူ့ကဲ့သို့သော အဆင့်ရှိ ကျင့်ကြံသူကို လက်မခံသည့် အင်အားစု ရှိမည်မဟုတ်ပေ။ ၎င်းသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက်လည်း အတူတူပင် ဖြစ်သည်။ ရီဖူရှင်းက ဆေးအင်ပါယာကို တွေ့ရန် အခွင့်အရေးပင် ရနိုင်ပေသည်။
ရီဖူရှင်းက အဝေးမှ စကားပြောလာသည့် ထိုလူကို ကြည့်ကာ သူက ပြုံး၍ ပြောလိုက်သည်။ “စီနီယာတစ်ယောက်က အဲဒီလိုလုပ်ဖို့ ပြောခဲ့တာပါ။ ဒါကြောင့် ကျုပ်အနေနဲ့ လိုက်နာဖို့ပဲ တတ်နိုင်တယ်။ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့ဆိုတာ ကျုပ်အတွက် ဘာပြဿနာမှ မရှိပါဘူး။”
“ကောင်းပြီ။ မင်းရဲ့ တိုက်ပွဲစွမ်းရည်ကို ထပ်ပြီး မစစ်ဆေးတော့ဘူး။ မင်းရဲ့ စွမ်းရည်နဲ့ဆို ကျုပ်တို့ထဲက ဘယ်သူမှ မင်းကို အနိုင်ရမှာမဟုတ်ဘူး။” ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်က ပြောလိုက်သည်။ ရီဖူရှင်း၏ ပြီးပြည့်စုံသော မဟာလမ်းစဥ်နတ်ဝင်ရိုးနှင့် တိုက်ခိုက်မှုက အလွန် အစွမ်းထက်ပေသည်။ သူက ချက်ချင်းပင် တန်ခိုးရှင်အများအပြားကို ချေမှုန်းပစ်ခဲ့သည်။ ထိုသို့သော စွမ်းရည်မျိုးနှင့်ဆိုလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင် ဝင်္ကပါအတွင်းမှ တန်ခိုးရှင်များကြားတွင် မည်သူမှ ရီဖူရှင်းကို ယှဥ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူတို့ နားလည်သဘောပေါက်ပေသည်။
ထို့ကြောင့် သူတို့က သူ့ကို စစ်ဆေးနေရန် မလိုအပ်တော့ပေ။
ထိုအချိန်တွင် အဆင့်ခုနစ်ရန်ဟောင်တချို့က ရီဖူရှင်းထံ လျှောက်လာခဲ့သည်။ သူတို့၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့သည်လည်း တုန်းရှောင်းကုန်းမြေမှ တန်ခိုးရှင်များ ဖြစ်ကြသည်။ ရီဖူရှင်းသည် ယခင်က သူတို့အင်အားစုများမှ အဖွဲ့ဝင်တို့အား ချေမှုန်းခဲ့သည်။
“တော်တော့။ မင်းတို့အားလုံး မလုံလောက်သေးဘူးလား။” အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်တိုက်ပွဲနန်းတော်၏ နန်းတော်သခင်ငယ် ယန့်ချန်က ထိုလူများကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ ရီဖူရှင်းသည် ယခင်က သူ့အား တိုက်ခိုက်ချင်ခဲ့သော အင်အားစုများမှ တန်ခိုးရှင်များနှင့် အာခီမီနတ်နန်းတော်၊ ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်များကို စတင်တိုက်ခိုက်ခဲ့သည်။ ယန့်ချန်သည် ယခင်က ရီဖူရှင်းအား လျှို့ဝှက်ကြံစည်ခဲ့သော်လည်း သူက ရီဖူရှင်းအား မတိုက်ခိုက်ခဲ့ပေ။
ယန့်ချန်၏ ပြစ်တင်စကားကို ကြားသည့်အခါ အာခီမီနတ်နန်းတော်၊ ချင်းဟယ်နန်းတော်နှင့် အခြားအင်အားစုများမှ အဆင့်ခုနစ်ရန်ဟောင်တန်ခိုးရှင်များက အေးခဲသွားလေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်တစ်ဦးကလည်း ထပ်ဖြည့်ပြောလိုက်သည်။ “လူတိုင်းပဲ၊ ဒါက တကယ့်စစ်မြေပြင် မဟုတ်ပါဘူး။ ခင်ဗျားတို့အားလုံးက ဒီစစ်ဆေးမှုမှာ ကျရှုံးပြီးသား ဖြစ်နေပြီ။”
ဤဝင်္ကပါသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဝင်ရောက်နိုင်မည့် တန်ခိုးရှင်များအား ရွေးချယ်ပေသည်။ သို့သော်လည်း အဆင့်မြင့်တန်ခိုးရှင်များက လူတစ်ဦးတည်းကို ဆန့်ကျင်နေကြပြီး ယခုထိတိုင် ရပ်တန့်ရန် ဆန္ဒမရှိကြပေ။ ထို့ကြောင့် သူတို့သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ကျင့်ကြံရန် မလိုအပ်တော့ချေ။
အဆင့်မြင့်ရန်ဟောင်များသည် သူတို့၏ ငယ်ရွယ်သော မျိုးဆက်များကို ကာကွယ်ရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ သူတို့၏ အဆင့်နှင့် သူတို့သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ရန် အခွင့်အရေးမရှိကြပေ။ အချို့လူများသည် ယခင်က ဝင်ခွင့်ရခဲ့ဖူးသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဤနေရာ၌ အဆင့်ရှစ်နှင့် အဆင့်ကိုးရန်ဟောင်တို့ မရှိသလောက် ရှားပါးပေသည်။ ထိုသူတို့မှာ အင်အားစုအမျိုးမျိုး၏ စီနီယာမျိုးဆက်များ ဖြစ်ကြပေသည်။
ထိုအဆင့်မြင့်ရန်ဟောင်တို့မှာ အနှီတန်ခိုးရှင်ပြောခဲ့သည့် စကားတို့ကို ကြားသောအခါ နားလည်သွားခဲ့သည်။ ဤသို့ ပဋိပက္ခဖြစ်ခြင်းက အလွန်ပင် ရူးမိုက်လှသည်။ အမှန်တွင် မူလက သူတို့ထံ၌ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ငင်ရောက်ရန် အခွင့်အရေးတစ်ခု ရှိခဲ့သည်။ အာခီမီနတ်နန်းတော်၏ ဆက်ခံသူ ချီမုနှင့် အခြားသူများက အမှန်တွင် အလွန် အစွမ်းထက်လှသည်။ သို့သော်လည်း သူတို့က ရီဖူရှင်းနှင့် တွေ့ခဲ့ပြီး သူ၏ ချေမှုန်းခြင်းကို ခံခဲ့ရ၏။ သူတို့က သူတို့၏ခွန်အားကို ပြသရန် အခွင့်အရေးပင် မရခဲ့ပေ။
သူတို့က ကံမကောင်းဟု ဆိုနိုင်ပေသည်။
ခေတ္တမျှ တွေဝေနေပြီးနောက် သူတို့အားလုံးက ဒဏ်ရာရနေသော အဖွဲ့သားနှင့်အတူ သက်ဆိုင်ရာအဖွဲ့ထံ ပြန်ဆုတ်ခွာသွားခဲ့သည်။ သည်နေရာ၌ ဆက်နေခြင်းက အဓိပ္ပါယ်မဲ့နေကာ တိုက်ရိုက်လက်လွှတ်လိုက်ခြင်းက ပိုကောင်းပေသည်။ ထိုပဋိပက္ခက ရီဖူရှင်း၏ တောက်ပမှုကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်နေပေသည်။
သူတို့ ပြန်ဆုတ်ခွာပြီးနောက် ဝင်္ကပါအတွင်းမှ တိုက်ပွဲမြေပြင်က ချက်ချင်း တိတ်ဆိတ်သွားခဲ့ပေသည်။ ရီဖူရှင်း၏ ထုတ်ဖော်ပြသခဲ့သော အစွမ်းအစများကြောင့် တိုက်ခိုက်နေသူများက ရပ်တန့်၍ သူ့ကို ကြည့်လာကြသော်လည်း ယခု စစ်မှန်သော တိုက်ပွဲက ပြန်လည်စတင်လာလေသည်။
၎င်းသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များနှင့် မြောက်ပိုင်းနယ်မြေမှ တန်ခိုးရှင်များကြားမှ တိုက်ပွဲဖြစ်သည်။
ထိုလူများက သူ့အား မနှောက်ယှက်လျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် ရီဖူရှင်းအား သေချာပေါက် လက်ခံလိမ့်မည် ဖြစ်သည်။ တုန်းရှောင်းကုန်းမြေမှ တန်ခိုးရှင်ဖြစ်စေ ဝမ်တုမှ ဖြစ်စေ အရေးမကြီးပေ။ သူ၏ အဆင့်အတန်းက သံသယဖြစ်ဖွယ် မရှိပါချေ။ သူက စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ကာ ကျင့်ကြံလိမ့်မည်ဖြစ်သောကြောင့် သူတို့ဘက်၌ ကျိန်းသေ ရပ်တည်လိမ့်မည် ဖြစ်သည်။
မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များ ရောက်လာခြင်းမှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကြောင့် ဖြစ်ပေသည်။
နှစ်ဖက်ထိပ်တိုက်တွေ့သောအခါ ရီဖူရှင်းက နောက်ဘက်၌ တစ်ယောက်တည်း ရပ်နေခဲ့သည်။ သူ၏ ပုံရိပ်က ကောင်းကင်တွင် မျောလွင့်နေပြီး မြောက်ပိုင်းမှရန်ဟောင်များကို မျက်နှာချင်းဆိုင်ထားသည်။ သူ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။ သူ့အောက်ဘက်တွင် စီဖုန်း၊ လင်ချိုးနှင့် အခြားသူများ ရှိနေသည်။
ကျယ်ပြောသော တိုက်ပွဲမြေပြင်တွင် မဟာလမ်းစဥ် သဏ္ဌာန်မဲ့ဖိအားက ထွက်ပေါ်လာပြီး ယခင်ကထက်ပို၍ ကြီးမားသာ ဖိအားတို့ ဖြစ်ပေါ်လာသည်။ မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များက ဖြန့်ကျက်နေရာယူလိုက်သည်။ သူတို့တစ်ယောက်ချင်းစီမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဥ်အရှိန်အဝါတို့ ထွက်ပေါ်နေသည်။ သူတို့ထဲက အချို့မှာ မဟာလမ်းစဥ်နတ်ဝင်ရိုးများကိုပင် တိုက်ရိုက် ထုတ်ဖော်ထားကြပြီ ဖြစ်သည်။
“မင်းတို့အားလုံး ဘယ်လို တိုက်ခိုက်ချင်ကြလဲ။” ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်က မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များကို ကြည့်ကာ မေးလိုက်သည်။
“ကျုပ်တို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို လမ်းညွှန်ပြသမှုခံယူဖို့ လာခဲ့ကြတာ။ ကျုပ်တို့ ဆေးအင်ပါယာနဲ့ တွေ့ချင်တယ်။ ကျုပ်တို့ ဒီဝင်္ကပါကို ဝင်လာတာဆိုတော့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ချမှတ်ထားတဲ့ စည်းမျဥ်းအတိုင်းပဲ သွားကြတာပေါ့။ ကျေးဇူးပြုပြီး ခင်ဗျား ကြိုက်သလို လုပ်ပါ။” လေထဲတွင် ရပ်နေသော ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ယန်တုန်းရန်က ပြောလိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်နေပြီး သူက ပုံမှန်အတိုင်း ပြောလာ၏။
သူတို့သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို စိန်ခေါ်ရန်ရောက်လာခြင်း မဟုတ်ဘဲ ဧည့်သည်များအဖြစ် ရောက်လာခြင်း ဖြစ်ပေသည်။
“ဒီလိုဆိုရင် ကျုပ်တို့ စာအုပ်အတိုင်း သွားကြတာပေါ့။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “မင်းရဲ့ တိုက်ပွဲစွမ်းရည်ကို စမ်းသပ်ဖို့ ကျင့်ကြံဆင့်တူတဲ့ တန်ခိုးရှင်ကို ရှာလိုက်မယ်။ မင်းသာ လုံလောက်အောင် အစွမ်းထက်တယ်ဆိုရင် ဒီဝင်္ကပါကို ဖြတ်ကျော်ပြီး လမ်းကြောင်းရှာတွေ့လိမ့်မယ်။ မင်းသာ တံခါးကို ကျော်ဖြတ်နိုင်ခဲ့ရင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို တိုက်ရိုက်ရောက်သွားလိမ့်မယ်။” သူတို့က တစ်ဖက်လူကို တမင်သက်သက် ခက်ခဲအောင် မလုပ်ဘဲ အခြားစမ်းသပ်မှုခံယူသည့် အခြားသူများကဲ့သို့ပင် ဆက်ဆံပေသည်။
ယန်တုန်းရန်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူ၏ စကားကို ကြားသည့်အခါ အပြုံးတစ်ခု လှစ်ဟပြလာသည်။ “တုန်းရှောင်းကုန်းမြေရဲ့ ထိပ်တန်းသန့်စင်မြင့်မြတ်နယ်မြေက ထင်ထားသလိုပဲ သဘောထားကြီးပါပေတယ်။” ထို့နောက် သူက သူ့လူများကို အမိန့်ပေးလိုက်သည်။ “မင်းတို့တွေ တုန်းရှောင်းကုန်းမြေရဲ့ အသန်မာဆုံးအင်အားစုက ရန်ဟောင်တွေရဲ့ စွမ်းရည်ကို ရင်ဆိုင်ရမှာ ကောင်းကောင်းပြင်ဆင်ထားတာ ကောင်းလိမ့်မယ်။ ဒီလိုအခွင့်အရေးက မကြာခဏ ရမှာမျိုးမဟုတ်ဘူး။”
ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များသည် တစ်ဖက်အဖွဲ့ကို ကြည့်ကာ အသင့်ပြင်လိုက်ကြသည်။ နှစ်ဖက်လုံးက အသင့်ဖြစ်နေပြီ ဖြစ်သည်။ မည်သည့်ဘက်က အနိုင်ရပါစေ ၎င်းသည် သူတို့၏ စွမ်းရည်ကို စမ်းသပ်ရန် ရှားပါးသော အခွင့်အရေးပင် ဖြစ်သည်။ ထိုသည်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ မည်မျှအစွမ်းထက်သည်ကို သိနိုင်ရန် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။
“စကြရအောင်။” ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်က ပြောလိုက်သည်။ သူ ပြောပြီးသည်နှင့် တန်ခိုးရှင်များ ထွက်လာပြီး ပြိုင်ဘက်များကို ရှာဖွေကြသည်။ နောက်တခဏတွင် မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များ၏ အမူအရာတို့က တည်ငြိမ်ကာ လေးနက်လာသည်။ သူတို့က မြောက်ပိုင်းနယ်မြေမှ ထူးချွန်ထက်မြက်သော တန်ခိုးရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် တုန်းရှောင်းကုန်းမြေမှ တန်ခိုးရှင်များကို ဖိနှိပ်နိုင်စွမ်းရှိကြသည်။ သို့သော်လည်း ယခု သူတို့က တုန်းရှောင်းကုန်းမြေမှ အသန်မာဆုံး ရန်ဟောင်များနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထိုသို့သော ပြိုင်ဘက်မျိုးကို မည်သူက ဂရုမစိုက်ဘဲ ဆန့်ကျင်တိုက်ခိုက်ရဲလိမ့်မည်နည်း။
မကြာခင်၌ ပြင်းထန်သော မဟာလမ်းစဥ်တိုက်ခိုက်မှုအသံများ လိုက်ပါလာသည်။ လမ်းစဥ်တိုက်ပွဲက တရားဝင်စတင်တော့မည် ဖြစ်သည်။ အမျိုးမျိုးသော အစွမ်းထက် လမ်းစဥ်တိုက်ပွဲများက စင်မြင့်၏ ထောင့်များတွင် ချက်ချင်း ပေါ်ပေါက်လာပေသည်။ ၎င်းစွမ်းအားများက ကမ္ဘာမြေကြီး အက်ကွဲမတတ် ဖြစ်လာစေပေသည်။
ထိုလမ်းစဥ်တိုက်ပွဲများက ယခင်ကထက်ပင် ပို၍ ရက်စက်ပြင်းထန်လာသည်။ ယခင်တိုက်ပွဲတွင် မြောက်ပိုင်းနယ်မြေမှ တန်ခိုးရှင်များက အရေးသာကာ တိုက်ပွဲကို လွှမ်းမိုးထားနိုင်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင် များသည် အစွမ်းထက်လှပြီး ယခုတိုက်ပွဲများတွင် စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်များက ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။
ထို့နောက်တွင် ယန်တုန်းရန်ရှိရာ နေရာ၌ ရန်ဟောင်အနည်းငယ် ပေါ်ပေါက်လာသည်။ သူတို့အားလုံးက စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်များ ဖြစ်ကြပေသည်။ ထိုလူများအားလုံးက အလွန်အစွမ်းထက်ကြသည်။ မဟာလမ်းစဥ်၏ နတ်အလင်းများက ဆင်းသက်လာပြီး ယန်တုန်းရန်ကို လွှမ်းခြုံထားသည်။
သူတို့သည် ရှင်းလင်းစွာပင် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ သည်ကျင့်ကြံသူ၏ စွမ်းရည်ကို စမ်းသပ်ချင်နေကြသည်။
တောက်ပသော နတ်ရောင်ဝါက အပြင်ဘက်သို့ လျှံကျလာသည်။ ဓားအလင်းက ကောင်းကင်မှ သက်ဆင်းလာ၏။ ထိုနေရာ၌ နေမင်း၏ နတ်ရောင်ဝါလည်း ရှိနေခဲ့သည်။ မျက်စိကျိန်းဖွယ် အလင်းတို့က လေဟာနယ်အတွင်း မျောလွင့်နေသော်လည်း ယန်တုန်းရန်က ထိုနေရာတွင် မလှုပ်မရှား ရပ်နေဆဲဖြစ်သည်။ သူက သူ့ကို တိုက်ခိုက်လာသည့် တန်ခိုးရှင်များကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကြောက်မက်ဖွယ် ရွှေရောင်ရောင်ဝါတစ်ခုက အပြင်သို့ ထိုးထွက်လာပြီး သူ့အနီးမှ ဝန်းကျင်ကို လွှမ်းခြုံထားသည်။
သူက ရှေ့တစ်လှမ်းလှမ်းလိုက်ပြီးနောက် လက်ကို မြှောက်ကာ ကောင်းကင်သို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
ဘန်း…. ဘန်း….. ဘန်း…
ကောင်းကင်ထက်မှ တန်ခိုးရှင်များက နောက်သို့ လွင့်စင်သွားကြသည်။ သူတို့က ချောင်းဆိုးလိုက်ကာ လတ်ဆတ်သော သွေးများကို ပါးစပ်အပြည့် အန်ထုတ်လိုက်ကြသည်။ ၎င်းလက်သီးချက်က လေဟာနယ်ကို ဖြတ်သန်းသွားလျှင်ပင် ထိုလက်သီးချက်ကြောင့် သူတို့ ရပ်နေသော နေရာမှ လေဟာနယ်က ကွဲထွက်သွားသလို ခံစားလိုက်ကြရပေသည်။
“မင်းတို့အားလုံး မနိုင်ပါဘူး။” ယန်တုန်းရန်က ပြောလိုက်ပြီး နောက်သို့ ဆုတ်ခွာသွားရသော တန်ခိုးရှင်များကို တစ်ချက်မျှ ကြည့်လိုက်သည်။ ထို့နောက် သူက လက်ကို ပြန်ရုတ်လိုက်ပြီး နောက်တွင် ပြန်ထားလိုက်သည်။ သူက တိုက်ပွဲမြေပြင်၌ ရောက်နေခြင်း မဟုတ်သကဲ့သို့ စိတ်အေးလက်အေး ဖြစ်နေသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်အချို့က ယန်တုန်းရန်ကို ကြည့်လိုက်ကြသည်။ လေဟာနယ်ကို ဖြတ်သန်းလာသည့် လက်သီးတစ်ချက်ကို ကြည့်လျှင် သူ၏ တိုက်ပွဲစွမ်းရည်က မည်မျှ အစွမ်းထက်သည်ကို သူတို့ ပြောနိုင်ပေသည်။
တိုက်ပွဲကွင်းပြင်၏ အပြင်ဘက်တွင် ရီဖူရှင်းသည်လည်း တူညီစွာပင် တိတ်တဆိတ် ရပ်နေခဲ့သည်။ သူ၏ ပုံရိပ်က လေထဲ၌ တည်ရှိနေ၏။
သို့သော်လည်း ရှင်းလင်းစွာပင် တစ်ဖက်လူက သူ့ကို ထိုမျှ ပေါ့ပါးစွာ ရှိနေရန်ခွင့်မပြုခဲ့ပေ။ ထက်ရှပြီး နားစည်ကို ထိုးဖောက်နိုင်သည့် အသံတစ်ခုကို ကြားလိုက်ရကာ အဝေးမှ အစွမ်းထက် အသံလှိုင်းများ လွှမ်းခြုံလာသည်။ ရီဖူရှင်းက ခေါင်းကိုမော့ကာ သူ့အရှေ့ကောင်းကင်တွင် ပေါ်ပေါက်လာသည့် ကြီးမားသော ခေါင်းလောင်းကို ကြည့်လိုက်သည်။ ၎င်းသည် ရန်ဟောင်တစ်ပါး၏ ဝိညာဥ်ဆိတ်ငြိမ်ခေါင်းလောင်း မဟာလမ်းစဥ်နတ်ဝင်ရိုး ဖြစ်ပေသည်။
ဝိညာဥ်ဆိတ်ငြိမ်ခေါင်းလောင်းက ရီဖူရှင်းရှိရာ ကောင်းကင်ထက်တွင် မျောလွင့်နေသည်။ ၎င်းသည် လေထဲတွင် လှည့်ပတ်နေပြီး နားကွဲလောက်မတတ် ဆူညံသံတို့ကို ထုတ်လွှတ်နေသည်။ ကြောက်မက်ဖွယ် အသံလှိုင်းများက လွှမ်းခြုံလာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက်လွှမ်းမိုးလာသည်။ ခေါင်းလောင်းသံက သူ့စိတ်ထဲကို ကျူးကျော်လာပြီး စိတ်ဝိညာဥ်ကို တုန်ခါလာစေသည်။
အဝေးမှ ရန်ဟောင်တစ်ပါးသည် မျက်လုံးများကို မှိတ်ကာ ဝိညာဥ်ဆိတ်ငြိမ်ခေါင်းလောင်းကို ထိန်းချုပ်နေသည်။ သူက ရီဖူရှင်းနှင့် သူ၏ မှော်အသံလှိုင်းလမ်းစဥ်တွင် မည်သူက ပို၍ သန်မာသည်ကို သိချင်နေသည်။
ရီဖူရှင်းက တစ်ဖက်လူ၏ အတွေးတို့ကို နားလည်ကာ ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။ သူက လက်များကို ပူးကပ်လိုက်ပြီး သူ၏ အမူအရာက တည်ငြိမ်နေသည်။ ဗုဒ္ဓဓမ္မတေးသံတိ့က သူ့ကို ဝန်းရံနေပြီး သူ့ပုံရိပ်မှ အလင်းများ ဖြာထွက်နေသည်။ သူ့ခန္ဓာကိုယ်သည် ဗုဒ္ဓတစ်ပါးကဲ့သို့ ဖြစ်လာသလို ထင်မှတ်ရပြီး မျက်စိကျိန်းလောက်ဖွယ် ဗုဒ္ဓရောင်စဥ်တို့က ထိုးထွက်လာကာ မိစ္ဆာနှိမ်နင်းဓမ္မတေးသံနှင့်အတူ ပတ်ဝန်းကျင်ကို လွှမ်းခြုံလာ၏။ ကြောက်မက်ဖွယ် အသံလှိုင်းစွမ်းအား နှစ်ခုက ထိပ်တိုက်တွေ့သွားကြသည်။ ၎င်းသည် ဗုဒ္ဓက မိစ္ဆာကို သတ်သကဲ့သို့ ထင်မှတ်ရသည်။ ကျယ်လောင်သော အသံနှင့်အတူ ဝိညာဥ်ဆိတ်ငြိမ်ခေါင်းလောင်းက အပြင်ဘက်သို့ လွင့်ပျံသွားသည်။
ပိုပြီး ကြောက်မက်ဖွယ် ကောင်းသည်မှာ မိစ္ဆာနှိမ်နင်းဓမ္မတေးသံက ဝိညာဥ်ဆိတ်ငြိမ်ခေါင်းလောင်းကို အသုံးချကာ ရန်ဟောင်၏ စိတ်ဝိညာဥ်ကို လှုပ်ခါစေခဲ့ခြင်းပင် ဖြစ်သည်။ ယင်းက ထိုရန်ဟောင်ကို ထိုင်နေရာမှ ညည်းညူသံသဲ့သဲ့ ထုတ်လွှတ်လိုက်စေသည်။ သူက ပါးစပ်အပြည့်သွေးတို့ ထွေးထုတ်လိုက်ပြီး သူ၏ စိတ်ဝိညာဥ်ကို ပြင်းထန်စွာ တုန်ခါစေခဲ့သည့်အတွက် သူ့မျက်နှာက ဖြူဖျော့နေသည်။
***