Switch Mode

အပိုင်း (၁၉၇၇)

သတ်ဖြတ်ခြင်း

အဆင့်ခုနှစ် ရန်ဟောင်တန်ခိုးရှင်က အလွန် အစွမ်းထက်သည်လား။

အဆင့်မြင့်ရန်ဟောင်က တိုက်ခိုက်လာလျှင်ပင် ထိုသူက သေချာပေါက် ရီဖူရှင်းအား ရှုံးနိမ့်ဆဲပင် ဖြစ်သည်။ ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်က အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဝင်္ကပါအတွင်းနှင့်အပြင် နှစ်ခုလုံးမှ တန်ခိုးရှင်များက ဆွံ့အသွားခဲ့သည်။ ယခုမှ သူတို့သည် ရီဖူရှင်းက မည်သည့်အတွက် ထိုမျှ မောက်မာနေရသည်ကို နားလည်သွားခဲ့ကြသည်။

ကောင်းကင်တိုက်ပွဲနန်းတော်က ရီဖူရှင်းအား ဖိတ်ခေါ်ခဲ့သည့် နေ့ကို ပြန်တွေးမိသည့်အခါ သူတို့သည် အမှန်တကယ်ပင် ရီဖူရှင်းကို လမ်းစဥ်တိုက်ပွဲတွင် စိန်ခေါ်ချင်ခဲ့ကြသော်လည်း ရီဖူရှင်း၏ မျက်လုံးထဲ၌ သူတို့အားလုံးက ရယ်စရာ သတ္တဝါများမျှသာ ဖြစ်နေပေလိမ့်မည်။

ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်ကို ကြည့်လျှင် သူတို့နှင့် လမ်းစဥ်တိုက်ပွဲ ဆင်နွှဲ၍ သူ့အချိန်ကို ဖြုန်းရန် ထိုက်တန်ခြင်းမရှိဟု ယူဆမည်မှာ သေချာပေသည်။

ယခု ပြန်စဥ်းစားကြည့်လျှင် ထိုသည်မှာ ရီဖူရှင်းအတွက် အမှန်တကယ် စော်ကားသည့် လုပ်ရပ်သာ ဖြစ်ပေသည်။

မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်အများအပြားသည်ပင် ရီဖူရှင်းရပ်နေရာသို့ ကြည့်လိုက်ကြသည်။ ထိုသူ၏ စွမ်းရည်က အလွန်ပင် အစွမ်းထက်လှသည်။ သူတို့၏ အကြည့်များထဲ၌ လေးနက်မှုတို့ ရှိနေခဲ့သည်။

သို့သော် ယခု ရီဖူရှင်းက လူအုပ်ကြီး သူ့ကို မည်သို့ တွေးထင်နေသည်အား လျစ်လျူရှုထားသည်။ သူက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်၏။ တစ်ချက်ခြေဆောင့်လိုက်ရုံနှင့် သူ၏ ပုံရိပ်က ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သူသည် ဝင်္ကပါ အထက် လေဟာနယ်တွင် ရပ်နေခဲ့ပြီး ဗုဒ္ဓအလင်းရောင်တို့က သူ့ကို ဝန်းရံထားခဲ့သည်။

ကောင်းကင်အထက်တွင် ကြီးမားသော ဗုဒ္ဓတစ်ပါး ပေါ်ပေါက်လာခဲ့၏။ ဓမ္မတေးသံက ဗုဒ္ဓကို ဝန်းရံထားပြီး ထိုဝန်းကျင်တွင် ရှိနေသည့် လူတိုင်း ကြားနေရပေသည်။

သူက မည်သည်ကို လုပ်နေသနည်း။ လူအများက လှမ်းကြည့်လိုက်သည့်အခါ ဗုဒ္ဓတစ်ပါးကိုသာ မြင်တွေ့နိုင်ပေသည်။ ရီဖူရှင်းက ချက်ချင်းပင် ဗုဒ္ဓတစ်ပါး ဖြစ်လာသကဲ့သို့ ထင်မှတ်ရပေသည်။

ထို့ပြင် ထောင်သောင်းချီသော ဓားများက ရီဖူရှင်း၏ ပုံရိပ်အနီးတွင် လှည့်ပတ်နေကြသည်။ အဆုံးမဲ့ ဓားစွမ်းအားများက ပျံသန်းထွက်လာပြီး ကျယ်ပြောသော လေဟာနယ်တစ်ခွင်ကို လွှမ်းခြုံထားလိုက်သည်။ ၎င်းသည် အစွမ်းထက် မဟာလမ်းစဥ် ဓားစွမ်းအားတစ်ခု ဖြစ်လာခဲ့သည်။ တိုက်ပွဲကွင်းပြင်တွင် လူအများက ထိုဓားစွမ်းအားများကို ရှင်းလင်းစွာ ခံစားမိနိုင်ပေသည်။

ထောင့်တစ်နေရာတွင် ရပ်နေသော ချီမုက သူ၏ ခေါင်းကို မော့ကာ ကောင်းကင်၌ စီးဆင်းနေသော ဓားစွမ်းအားလှိုင်းများကို ကြည့်လိုက်သည်။ သူ၏ အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ် လွင့်နေခဲ့သည်။ ဓားစွမ်းအားများက သူ့ကို ရည်ရွယ်ခြင်းဖြစ်လျှင် သူ မည်သို့ ဟန့်တားနိုင်ပါမည်နည်း။

အစွမ်းထက် ဓားစွမ်းအားများက သူ့ ခေါင်းထက်တွင် စီးဆင်းနေပြီး ကောင်းကင် တစ်ခွင်တွင် စီးမျောနေခဲ့သည်။ ၎င်းသည် ပိုမိုကြီးမားသောနေရာတစ်ခုကို လွှမ်းခြုံလာခဲ့၏။ သူသာလျှင် မဟုတ်ဘဲ အာခီမီနတ်နန်းတော်မှ တန်ခိုးရှင် အားလုံးက ထိုစွမ်းအားအတွင်း၌ လွှမ်းခြုံခံထားရသည်။

လူအများက မျက်မှောင်ကြုတ်လိုက်ကြပြီး သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်၍ ရီဖူရှင်းအား စောင့်ကြည့်နေခဲ့ကြသည်။ ဤလူက ထိုမျှ အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။ သူက မည်သည်အား လုပ်ရန် စီစဥ်နေသနည်း။

သူတို့သည် ရီဖူရှင်းထံသို့ ကြည့်လိုက်သောအခါ သူ၏ ပုံရိပ်က ကောင်းကင်တွင် မျောလွင့်နေခဲ့သည်။ မဟာလမ်းစဥ်ဓမ္မတေးသံက သူရှိနေသည့် လေဟာနယ်တစ်ခွင်ကို ဝန်းရံရစ်ပတ်နေခဲ့သည်။ ဓမ္မတေးသံများက မရေတွက်နိုင်သော ဓမ္မသင်္ကေတစာလုံးများအဖြစ် ဖွဲ့တည်လာပြီး မတူညီသည့် နေရာအနှံ့အပြားသို့ ထိုးတက်သွားခဲ့သည်။

“ခင်ဗျားတို့ အားလုံးက လမ်းစဥ်တိုက်ပွဲကို ဆင်နွှဲဖို့ ဒီလောက် စိတ်အား ထက်သန်နေမှတော့ ကျုပ်က ခင်ဗျားတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့” ရီဖူရှင်းက ပြောလိုက်သည်။ သူပြောလိုက်သည်နှင့် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် မဟာလမ်းစဥ် အသံလှိုင်းများက ထွက်ပေါ်လာကာ သဏ္ဌာန်မဲ့ လမ်းစဥ်အသံလှိုင်းတို့ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းသည် အဆုံးမဲ့ လေဟာနယ်ကို ဖြတ်သန်းသွားခဲ့၏။ ဝင်္ကပါအတွင်း ကျယ်ပြောသော လေဟာနယ်သည် အသံလှိုင်း တိုက်ခိုက်မှုဖြင့် အပြည့်အဝ လွှမ်းခြုံခံလိုက်ရသည်။

ဖူး…

ရီဖူရှင်း၏ အနီးတွင် ရှိနေသော ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်အချို့က ချက်ချင်းပင် နောက်သို့ လွင့်စင်သွားခဲ့ကြသည်။ သူတို့သည် အော်ဟစ်ညည်းညူလိုက်ကြပြီး သူတို့မျက်နှာများက ဖြူဖျော့နေခဲ့ကြသည်။ သူတို့၏ စိတ်ဝိညာဥ်များက တုန်ခါနေပြီး အချို့မှာ ချက်ချင်း မြေပြင်သို့ ပြုတ်ကျ၍ သတိလစ်သွားခဲ့သည်။ အချို့က ချောင်းဆိုးကာ ပါးစပ်အပြည့် လတ်ဆတ်သော သွေးများ အန်ထုတ်လိုက်ရ၏။ သူတို့က မသက်မသာ ဖြစ်လာကာ သူတို့၏ ပုံရိပ်များက ထိန်းချုပ်၍ မရအောင် တုန်ယင်လာခဲ့သည်။

ရီဖူရှင်းက လူတိုင်းကို တိုက်ခိုက်နေခဲ့သည်လား။ အပြင်ဘက်ရှိ လူအများက ထိုမြင်ကွင်းကို စောင့်ကြည့်ရင်း ထိတ်လန့် အံ့သြသွားခဲ့ကြသည်။ အမှန်တွင် ရီဖူရှင်းသည် လူတိုင်းကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ သူ့အား ယခင်က တိုက်ခိုက်ခဲ့ကြသည့် ဝမ်တုမှ အင်အားစု၏ တန်ခိုးရှင်များကိုသာ ပစ်မှတ်ထားခြင်း ဖြစ်ပေသည်။

ယခင်က သူသည် တစ်ဖက်လူကိုလျစ်လျူရှူထားခဲ့သည်။ သို့သော်လည်း တစ်ဖက်လူက အလွန် ဇွဲကောင်းကာ သူ့အား တစ်ခါပြီး တစ်ခါ စိန်ခေါ်ခဲ့သည်။ သူတို့က လမ်းစဥ်တိုက်ပွဲကို ထိုမျှ သဘောကျနေသည့်အတွက် ရီဖူရှင်းက သူတို့ ဆန္ဒကို ဖြည့်ဆည်းပေးရလိမ့်မည် ဖြစ်သည်။

တန်ခိုးရှင်များ၏ ချောင်းဆိုးကာ သွေးအန်နေသည့် အသံများကို အဆက်မပြတ် ကြားနေနိုင်ပေသည်။ အဆင့်မြင့်ရန်ဟောင် အဆင့်အောက်မှ တန်ခိုးရှင်များက ထိုမဟာလမ်းစဥ် အသံလှိုင်းစွမ်းအားကို တောင့်ခံနိုင်ခြင်း မရှိကြပေ။ သူတို့ အားလုံးနီးပါး ဒဏ်ရာရသွားခဲ့ကြသည်။

အာခီမီနတ်နန်းတော်မှ ချီမုကဲ့သို့ ထူးချွန်ထက်မြက်သော ရန်ဟောင်မျိုးသည်ပင် ထိုနေရာ၌သာ ရပ်နေနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဥ်အသံလှိုင်းစွမ်းအားကို တန်ပြန် တိုက်ခိုက်ရန် မလှုပ်ရှားနိုင်ခဲ့သည်။ သူ၏ အဝတ်များက လေထဲတွင် တဖျတ်ဖျတ် လွင့်နေခဲ့သည်။ ဗုဒ္ဓတစ်ပါးက သူ့စိတ်ထဲတွင်ပေါ်ပေါက်လာခဲ့ပြီး သူ့အား ဒေါသတကြီးပြောဆိုနေပုံရသည်။ မိစ္ဆာနှိမ်နင်းဓမ္မတေးသံက သူ့အား ဖိနှိပ်ကာ အညံ့ခံရန် ဖိအားပေးနေခဲ့သည်။

သူ့ တစ်ကိုယ်လုံးက တောင့်တင်းလာခဲ့၏။ သူ ရီဖူရှင်းကို ကြည့်လိုက်သည့်အခါ ချီမု၏ မျက်လုံးများထဲ၌ နက်ရှိုင်းသော အကြောက်တရားတို့ ဖြစ်ပေါ်လာခဲ့၏။ သူသည် ဆေးဖော်စပ်ခြင်း စွမ်းရည်အပြင် တိုက်ပွဲစွမ်းရည်၌ပါ ရီဖူရှင်းကို လုံးဝ ယှဥ်နိုင်ခြင်း မရှိကြောင်း ယခုမှ နားလည်သဘောပေါက်မိခဲ့ပေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်၌ ဓားစွမ်းရည်လှိုင်းများ စီးဆင်းနေခဲ့သည်။ ၎င်းတို့က လေဟာနယ်ကို ဆုတ်ဖြဲဖျက်ဆီးကာ အသံလှိုင်းစွမ်းအားများက တစ်ခါပြီးတစ်ခါ တိုက်ခိုက်လာခဲ့သည်။

“ကျေးဇူးပြုပြီး သက်ညှာပေးပါ။” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ ထိုသူမှာ ဝမ်တုမှ တန်ခိုးရှင်တစ်ယောက်ဖြစ်သည်။ သူက နောက်ထပ် ခံနိုင်ရည် မရှိတော့ပေ။ မဟာလမ်းစဥ်ဓားစွမ်းအားများက အဆက်မပြတ် ကျဆင်းလာနေပြီး သူ့ပုံရိပ်ကို ထိုးဖောက်သွားခဲ့သည်။ ၎င်းတို့က သွေးစီးကြောင်းများကို ချန်ရစ်ထားခဲ့ပြီး သူက နာကျင်မှုကြောင့် ညည်းညူလိုက်မိသည်။ သူ၏ ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး သူ့ပုံရိပ်က မြေပြင်သို့ ပြုတ်ကျသွားခဲ့၏။ ဓားစွမ်းအားများက သူ့ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့ပြီး ချက်ချင်းပင် တိုက်ခိုက်ခြင်းစွမ်းရည်များကို ဆုံးရှုံးသွားစေခဲ့တော့သည်။

ဓားစွမ်းအားများက ဆက်လက် စီးဆင်းနေပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးတွင် အပြင်းအထန် လှုပ်ရှားနေခဲ့သည်။ သိပ်မကြာခင်မှာပင် ကောင်းကင်မှ ပုံရိပ်များ တစ်ယောက်ပြီးတစ်ယောက်ပြုတ်ကျလာခဲ့သည်။ သူတို့အားလုံးက ဓားစွမ်းအားများကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်။

ချီမုကို မဟာလမ်းစဥ်နတ်မီးလျှံများက ဝန်းရံထားသော်လည်း တောက်ပသည့် ဓားစွမ်းအင်လှိုင်းများက ချက်ချင်းပင် နတ်မီးလျှံများကို ထိုးဖောက်လိုက်သည်။ ဓားစွမ်းအားများက ပျောက်ကွယ်မသွားခဲ့ပေ။ ချီမု၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်မဟာလမ်းစဥ် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ ဓားများကို တားဆီးပိတ်ပင်လိုက်သော်လည်း အေးစက်သော ဓားစွမ်းအားများက ကျဆင်းလာသည့်အခါ သူ၏ ခုခံကာကွယ်မှုက ပြိုကွဲပျက်စီးသွားပြီး နာကျင်မှုကြောင့် ညည်းညူလိုက်ရသည်။

ဘန်း…

ကျယ်လောင်သောအသံနှင့် ချီမု၏ ပုံရိပ်က အနောက်သို့ လွင့်စင်သွားခဲ့သည်။ ဓားများက သူ့ပေါ်သို့ တဖန် ကျဆင်းလာခဲ့၏။ သွေးအန်သည့် အသံက လေထဲတွင် ထွက်ပေါ်လာပြန်သည်။ သိပ်မကြာခင်မှာပင် အာခီမီနတ်နန်းတော်၏ ဆက်ခံသူသည်လည်း တိုက်ခိုက်မှုကို ထပ်မံတောင့်ခံထားနိုင်ခြင်း မရှိတော့ပေ။ သူက အလွန် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး သူ့ အဝတ်များတွင် သွေးတို့နှင့် စွန်းထင်းနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်က မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။

အဆင့်ခုနှစ် ရန်ဟောင်များပင်လျှင် ရီဖူရှင်း၏ တိုက်ခိုက်မှုစွမ်းအားကို ခံနိုင်ရည် မရှိခဲ့ပေ။

ကောင်းကင်တွင် ဓားစွမ်းအားများနှင့် ပြည့်နှက်နေပြီး လေဟာနယ်အတွင်းတွင် မရေတွက်နိုင်သော ဓားစွမ်းအားလှိုင်းများက ကခုန်ကာ အော်မြည်နေခဲ့၏။ မဟာလမ်းစဥ် ဓမ္မတေးသံက ရီဖူရှင်း ရပ်နေရာ ကောင်းကင်တွင် ဝန်းရံရစ်ပတ်ထားပြီး သူ့ကို ဗုဒ္ဓတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။ နတ်မိမယ် တောင်ထွတ်မှ ဧကရီယိက သူ့ပုံရိပ်ကို မြင်လိုက်သောအခါ သူမက စကားလုံးများ ပျောက်ဆုံးသွားခဲ့ပေသည်။

ရီဖူရှင်းက အားလုံးသော တန်ခိုးရှင်များကို တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုလူများက နောက်ဆုံး၌ သူ့ကို ဒေါသထွက်စေခဲ့ခြင်း ဖြစ်ရပေမည်။

ရီဖူရှင်း ယခင်က မတိုက်ခိုက်ခဲ့သည်မှာ သူ့တွင် ထိုသို့ လုပ်ဆောင်ရန် စွမ်းရည်မရှိသောကြောင့် မဟုတ်ပေ။ ထိုတိုက်ခိုက်မှုများက သူ၏ အချိန်ကို ဖြုန်းတီးရန် မထိုက်တန်သောကြောင့် ဖြစ်သည်။ သို့သော်လည်း အခြားတန်ခိုးရှင်များက သူ့အား ထပ်ကာတလဲလဲ ရန်စနေခဲ့ပြီး နောက်ဆုံး၌ သူက ဒေါသထွက်လာခဲ့တော့သည်။ သူသည် ချက်ချင်းပင် ထိုတန်ခိုးရှင်များကို တိုက်ခိုက်လိုက်တော့၏။

မြေပြင်သို့ အဆက်မပြတ် ပြိုလဲသွားနေခဲ့သော ပုံရိပ်များကို မြင်သည့်အခါ ဧကရီယိက စိတ်ထိခိုက်သလို ခံစားလိုက်ရသည်။ ယခင်က တုန်းရှောင်းကုန်းမြေမှ အင်အားစုများ၏ ရန်ဟောင်များသည်  မြောက်ပိုင်းနယ်မြေမှ အင်အားစုများ၏ တိုက်ခိုက်လွှမ်းမိုးမှုကို ခံခဲ့ရသည်။ သူတို့က ဆိုးဆိုးဝါးဝါး  ရှုံးနိမ့်ခဲ့ပါသော်လည်း  ရီဖူရှင်းနှင့် ရင်ဆိုင်ရန် မေ့ပစ်ခဲ့ခြင်း မရှိခဲ့ပေ။ အဆုံး၌ ရီဖူရှင်းက သူတို့အား တိုက်ခိုက်လာပြီး သွေးလွှမ်းသော အဖြစ်အပျက်များနှင့် တဖန် ရင်ဆိုင်ရခဲ့တော့သည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ စမ်းသပ်မှုသည် မူလက တုန်းရှောင်းကုန်းမြေ၏ အမျိုးမျိုးသော အင်အားစုများအတွက် ပျော်ရွှင်ဖွယ် အခွင့်အရေးတစ်ခုဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ်၌ သူတို့က လုံးဝပင် ဘေးထွက်ထိုင်နေခဲ့ရပေသည်။

“ကြောက်စရာပဲ။” ရီဖူရှင်း၏ ဘေးမှ လင်းချိုးက  ရေရွတ်လိုက်သည်။ ရီဖူရှင်းသည် အလွန်အစွမ်းထက်ကြောင်း သူခံစားမိခဲ့သော်လည်း ထိုမျှထိ အစွမ်းထက်လိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားမိခဲ့ပေ။ ရီဖူရှင်းသည် တိုက်ပွဲကို တစ်ဖက်သတ် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ မည်သူကမှ သူ့အား ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိချေ။

ထိုလူများသည် အမှန်တကယ်တွင် ရီဖူရှင်းအား ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ခြင်းမှ တားဆီးလိုခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအင်အားစုများ၌ ထိုမျှ သနားစရာကောင်းလှသည့် တန်ခိုးရှင်များသာ ရှိနေရာ ရီဖူရှင်းကို မည်သူက တားဆီးနိုင်ပါမည်နည်း။

ရီဖူရှင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရန်မှာ ကြိုတင် သတ်မှတ်ခဲ့ပြီး ဖြစ်ပေသည်။

ယခင်က ထွက်ခဲ့သော ကောလဟာလများနှင့် မဟုတ်မမှန် စကားများသည် ယခုတွင် အာခီမီနတ်နန်းတော်မှ အဖွဲ့ဝင်များအတွက် ရှက်ဖွယ်လိလိပင် ဖြစ်နေသည်ဟု ထင်မှတ်ရပေသည်။ သူတို့၏ အဖွဲ့သို့ ဝင်ရောက်ရန်မှာ ရီဖူရှင်း၏ အချိန်ကို ဖြုန်းနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။

အပြင်ဘက်မှ တိုက်ပွဲကို စူးစမ်းလေ့လာနေသည့် တန်ခိုးရှင်များသည်လည်း ထိုအချက်ကို  သတ်ိပြုမိကြသည်။ အာခီမီနတ်နန်းတော်၊ ချင်းဟယ်နန်းတော်နှင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေသော အခြားအင်အားစုများမှ တန်ခိုးရှင်များသည်လည်း ဆွံ့အသွားခဲ့ကြသည်။ သူတို့ တိုက်ပွဲသို့ စေလွှတ်ခဲ့သည့် ထူးချွန်ထက်မြက်သော ရန်ဟောင်များ အားလုံးက ရီဖူရှင်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ခွင့်ရရင် ခြေနင်းကျောက်တုံးများဖြစ်လာခဲ့လေသည်။

“သူက ဘယ်သူလဲ။” အာခီမီနတ်နန်းတော်မှ စီနီယာ တစ်ယောက်က မေးလိုက်သည်။ သူသည် မေးနေစဥ်၌ ရီဖူရှင်း၏ ပုံရိပ်ကို မမှိတ်မသုန် ကြည့်နေခဲ့သည်။ သူသည် အာခီမီအင်ပါယာက ထိုသို့သော မကောင်းဆိုးဝါးဆန်သည့် ကျင့်ကြံသူ တစ်ယောက်ကို ခေါ်ဆောင်လာနိုင်လိမ့်မည်ဟု ယုံကြည်နိုင်ခြင်း မရှိပေ။ ဤလူ၌ ကျိန်းသေ ထူးခြားသော အဆင့်အတန်း ရှိရပေလိမ့်မည်။

မည်သူကမှ ထိုစီနီယာကို ပြန်မဖြေခဲ့ပေ။ သူတို့ အားလုံးသည် ဤလူက မည်သူဖြစ်ကြောင်း သိကြသော်လည်း သူ့အကြောင်း မည်သည့်အရာမှ မသိဟု ပြောနိုင်ပေသည်။ မည်သူကမှ ရီဖူရှင်း၏ ဇာစ်မြစ်အမှန်ကို မသ်ိကြပေ။ အာခီမီအင်ပါယာ တစ်ယောက်သာလျှင် သိနိုင်ပေလိမ့်မည်။

လူအများက အာခီမီအင်ပါယာကို ကြည့်လိုက်ကြသည်။ အာခီမီနတ်နန်းတော်မှ စီနီယာ တစ်ယောက်က မေးလိုက်၏။ “အာခီမီအင်ပါယာ.. ဒီလူက ခင်ဗျားတို့ အာခီမီအင်ပါယာတာဝါက ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား။”

“မဟုတ်ဘူး။” အာခီမီအင်ပါယာက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဒါဆို သူက ဘယ်ကလာခဲ့တာလဲ။” တစ်ဖက်လူက မေးလိုက်သည်။

အာခီမီအင်ပါယာက သူ့ကို လှမ်းကြည့်လိုက်၏။  သူ၏ အကြည့်များက ရုတ်တရက် ထက်ရှလာခဲ့သည်။ အာခီမီနတ်နန်းတော်မှ စီနီယာတစ်ယောက်အနေဖြင့် သူက အလွန် ရဲတင်းစွာ ပြုမှုနေသည်လား။

“မင်းက ကျုပ်ကို မေးခွန်းထုတ်နေတာလား။” အာခီမီအင်ပါယာက သူ့ခန္ဓာကိုယ်မှ အစွမ်းထက် ဖိအားတို့ကို ထုတ်လွှတ်ရင်း မေးလိုက်သည်။ သူ၏ ရှည်လျားသော ဝတ်ရုံက လေမတိုက်ဘဲနှင့် တဖျတ်ဖျတ် လွင့်နေခဲ့သည်။ ထိုသည်မှာ တစ်ဖက်လူက သူ့နေရာသူ သတိရလာအောင် လုပ်ပေးနိုင်စွမ်းရှိပေသည်။

“ကျုပ်က ဒီတိုင်း သိချင်ရုံလေးပါ။ အာခီမီအင်ပါယာက ကျုပ်တို့အတွက် ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” တစ်ဖက်လူက ဆက်ပြောလိုက်သည်။

သို့သော်လည်း အာခီမီအင်ပါယာက ထိုသူအား လျစ်လျူရှုလိုက်သည်။ သူက အကြည့်မလွှဲခင် တစ်ဖက်လူအား ဂရုမစိုက်သည့် အကြည့်တစ်ချက်ပေးလိုက်သည်။ ထို့နောက် သူက ဝင်္ကပါအတွင်းသို့ ဆက်လက် ကြည့်နေခဲ့သည်။ သူသည်ပင် ရီဖူရှင်း၏ စွမ်းရည်ပမာဏကို ရှင်းရှင်းလင်းလင်း မသ်ိရှိထားပေ။ သူ့ဘေး၌ ရပ်နေသော နတ်မိမယ်တုံ့လိုင်သာလျှင် သေချာ သိရှိပေလိမ့်မည်။

ရီဖူရှင်း၏ စွမ်းအားက သူခန့်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။ ရီဖူရှင်းက အမျိုးမျိုးသော ကျင့်ကြံသူများကို တစ်ဖက်သတ်အနိုင်ယူနိုင်ခဲ့၏။

“အာခီမီအင်ပါယာ ခင်ဗျားက တုန်းရှောင်းကုန်းမြေနှင့် ပတ်သတ်မှုရှိနေတုန်းပဲ။ ဒါပေမယ့် ဒီနေရာကို ဒီလို အပြုအမူမျိုး ပြုမှုတတ်တဲ့ လူတစ်ယောက် ခေါ်ဆောင်လာခဲ့တယ်။ ခင်ဗျားကိုယ် ခင်ဗျား မသင့်လျော်ဘူးလို့ မထင်မိဘူးလား။” ချင်းဟယ်နန်းတော်မှ အကြီးအကဲတစ်ယောက်က မေးလိုက်သည်။ သူ၏ မျက်နှာ အမူအရာက အလွန်ရုပ်ဆိုးနေခဲ့၏။ သူတို့သည် ကြီးမားစွာ ဆုံးရှုံးခြင်းကို ခံစားခဲ့ရပြီး အပြတ်အသတ် သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့ပေသည်။

“ဒါဆိုရင် ကျုပ်က သူ့ကို အဲဒီနေရာမှာ ရပ်နေပြီး ချင်းဟယ်နန်းတော်က လူတွေ သူ့ကို ရိုက်လို့ရအောင် ပြန်မခုခံဘဲ နေဖို့ ပြောလိုက်သင့်လား။” အာခီမီအင်ပါယာက တစ်ဖက်လူကို အေးစက်သော အကြည့်များနှင့် ကြည့်ကာ သရော်လိုက်သည်။ သူက ထပ်ပြောလိုက်၏။ “ခင်ဗျားက နှစ်တွေ ဒီလောက်ကြာအောင် ကျင့်ကြံလာပြီး အသက်က သင်္ချိုင်းကုန်းလှမ်းနေတာတောင် ခင်ဗျား ပါးစပ်ကနေ ဒ်ီလို စကားမျိုး ထွက်လာနိုင်သေးတယ်လား။”

တစ်ဖက်လူ၏ မျက်နှာထက်တွင် မကျေနပ်ချက်တို့ ရှိနေခဲ့သော်လည်း သူက ပြန်လှန်တုံ့ပြန်ခြင်း မပြုခဲ့ပေ။ အဆုံးမှာတော့ သူတို့၏ အဖွဲ့ဝင်များက ရီဖူရှင်းအား အရင်တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သူမှာ သူတို့သာ ဖြစ်လေသည်။

“ဒီလို ဆက်ဖြစ်နေရင် မြောက်ပိုင်းနယ်မြေက ရန်ဟောင်တွေ ပိုပြီးတော့ အထိန်းအကွပ်မဲ့ ပြုမူလာလိမ့်မယ်။” ကောင်းကင်တိုက်ပွဲနန်းတော်မှ တန်ခိုးရှင် တစ်ယောက်က တိုက်ပွဲကွင်းပြင်အား ကြည့်ကာ မှတ်ချက်ပြုလိုက်သည်။ သူတို့မှာသာ ယခင်က ပဋိပက္ခများ မရှိခဲ့ဘဲ ရီဖူရှင်းက သူတို့ဘက်၌ ရှိနေခဲ့လျှင် ရီဖူရှင်းသည် သူတို့အား ကြီးမားသော အောင်မြင်မှုကို ဆောင်ကျဉ်း ပေးနိုင်လိမ့်မည်။

ရှက်စရာကောင်းလိုက်လေခြင်း။

ယခု သူတို့ တုန်းရှောင်းကုန်းမြေ အင်အားစုများက သွေးမြေခနေရပြီး မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များအတွက် ပို၍ပင် လွယ်ကူလာစေခဲ့သည်။

ရီဖူရှင်းက မည်မျှ အစွမ်းထက်နေပါစေ သူက တစ်ယောက်တည်းသာ ဖြစ်သည်။ မြောက်ပိုင်းနယ်မြေမှ တန်ခိုးရှင်များကြားတွင် ယန်ယွင်ကုန်းမြေမှ တော်ဝင်မိသားစုဝင်များလည်း ရှိနေသေးသည်။ ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များက ကိုယ်တိုင်ရောက်ရှိလာခြင်း ဖြစ်သည်။

“ဖယ်ထုတ်ခံလိုက်ရတဲ့သူတွေက ကျန်နေသေးရင်တောင်မှ အသုံးဝင်လိမ့်မှာ မဟုတ်ဘူး။ အခု တိုက်ပွဲမြေပြင်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေ ရှိနေတုန်းပဲ။ ရီဖူရှင်းကိုပါ ထပ်ပေါင်းလိုက်ရင် သူတို့ရဲ့အင်အားက မြောက်ပိုင်းနယ်မြေက ရန်ဟောင်တွေထက် အားနည်းနေမှာ မဟုတ်ဘူး။ သူတို့လုပ်ရမှာဆိုလို့ အသုံးမဝင်တဲ့ကောင်တွေကို အရင် ဖယ်ထုတ်ပစ်လိုက်ဖို့ပဲ လိုတာ။” အာခီမီအင်ပါယာက မှတ်ချက်ချလိုက်သည်။ သူ၏ ပျင်းတိပျင်းရွဲ လေသံ၌ လှောင်ပြောင်သရော်သော အရိပ်အငွေ့များ ပါဝင်နေသည်။

ချင်းဟယ်နန်းတော်နှင့် အာခီမီနတ်နန်းတော်မှ  တန်ခိုးရှင်များသည် အာခီမီအင်ပါယာက ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာများက အလွန်ပင် အရုပ်ဆိုးနေခဲ့ကြသည်။ သူတို့က အသုံးမဝင်တဲ့ လူတွေလား။

မည်သို့ပင်ဖြစ်စေ တရားမျှတမှုဟူသည်မှာ အနိုင်ရသူထံ၌သာ ရှိပေသည်။ သူတို့က အာခီမီအင်ပါယာကို ပြန်လည်ချေပပြောဆိုနိုင်ခြင်း မရှိပေ။ သူတို့၏ တန်ခိုးရှင်များစွာက ရီဖူရှင်းကြောင့် ချေမှုန်းခံခဲ့ကြရပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset