Switch Mode

အပိုင်း(၁၉၇၆)

သတ္တမဆင့်ရန်ဟောင်လား။

ရီဖူရှင်းက အကိုင်းအခက်နှင့် အရွက်များဖြင့် ရစ်ပတ်ခံထားရသော ထိုတန်ခိုးရှင် သုံးယောက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အေးစက်နေပြီး ဂရုမစိုက်ဟန်ရှိကာ သူသည် သူတို့ကို မည်သည့်အခါမှ အလေးအနက် မှတ်ယူလိမ့်မည် မဟုတ်ပေ။

အကိုင်းအခက်နှင့် နွယ်အတွင်း သူတို့သုံးယောက်က ရုန်းကန်နေပြီး ချုပ်ကိုင်ထားသည်မှ လွတ်မြောက်ရန် ကြိုးစားနေသော်လည်း အကိုင်းအခက်နှင့် အရွက်များက အော်မြည်ဟစ်ကြွေးလာကာ ထိုအကျဥ်းသားသုံးယောက်ကို အောက်ဘက်သို့ ရိုက်ချလိုက်ပြီး မြေပြင်နှင့် တိုက်ရိုက် မိတ်ဆက်သွားကြရလေသည်။ သူတို့၏ ခန္ဓာကိုယ်များက ထိုးဖောက်ခံလိုက်ရသလို ခံစားမိကာ ညည်းညူသံများကို ကြားလိုက်ရပေသည်။

ထိုသည်မှာ အတော်လေး ရင့်သီးရိုင်းစိုင်းသော အပြုအမူပင် ဖြစ်လေသည်။

ရှင်းလင်းစွာပင် ထိုနှစ်ဖက်လုံးမှ တန်ခိုးရှင်များက သူနှင့် တူညီသောအဆင့်တွင် ရှိမနေကြပေ။ သူတို့အနီးတွင် တိုက်ခိုက်နေသော ရန်ဟောင်များအားလုံးက ထိုမြင်ကွင်းကို မြင်သည့်အခါ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားပေသည်။ အထူးသဖြင့် အာခီမီနတ်နန်းတော်ကဲ့သို့သော အခြားအင်အားစုများမှ တန်ခိုးရှင်များ ဖြစ်လေသည်။ သူတို့သည် ရီဖူရှင်းက ထိုမျှ အစွမ်းထက်လိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားခဲ့ပေ။

ထိုရန်ဟောင်သုံးယောက်လုံးက အဓိကအင်အားစုများမှ ဖြစ်သည်။ တစ်ယောက်က မြောက်ပိုင်းမှ တန်ခိုးရှင်တစ်ယောက်ဖြစ်ပြီး အခြားနှစ်ယောက်မှာ အဆင့်ခြောက်ရန်ဟောင်များ ဖြစ်လေသည်။ သို့သော် သူတို့ထဲက မည်သူကမှ ပြန်လည်တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိပေ။ သူတို့က ရီဖူရှင်း၏ ချေမှုန်းခြင်းကို အလွယ်တကူ ခံခဲ့ကြရပေသည်။ ရှင်းလင်းစွာပင် သူ့အတွက် သူတို့က ပြိုင်ဘက်များ ဟုတ်မနေပေ။ ဤသည်မှာ အဆင့်လေး အလယ်အလတ်ရန်ဟောင်တစ်ပါး လုပ်ဆောင်နိုင်သော ကိစ္စမျိုးပေလား။

သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုး အရှိန်အဝါက အလွန် လွှမ်းမိုးနိုင်ပေသည်။ သူ၏ မဟာလမ်းစဥ်က ချို့ယွင်းချက်ကင်းပြီး သူက ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်သလား။

ထိုအချိန်တွင် ကောင်းကင်ထက်မှ နတ်အလင်းတို့ လင်းလက်လာပြီး အဆင့်ခုနစ် အဆင့်မြင့်ရန်ဟောင်တစ်ပါးက ရီဖူရှင်း၏ အထက်တွင် ပေါ်ပေါက်လာသည်။ ထိုသူက ချင်းဟယ်နန်းတော်မှ အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်လေသည်။ ရီဖူရှင်း၏ ထိန်းချုပ်ခြင်းခံထားရသော လူများက သူ့လူများ ဖြစ်ပေသည်။

သူက အဆင့်ခုနစ်ရန်ဟောင်ကို ခုခံနိုင်မည်လားဟု လူအများက တိတ်တဆိတ် တွေးတောလိုက်ကြသည်။ အပြင်ဘက်ရှိ လူအများကလည်း ရီဖူရှင်းကို ကြည့်နေကြသည်။ ရီဖူရှင်းက ဝင်္ကပါအတွင်း မဝင်ရောက်ခင်မှာပင် ရေပန်းစားသော ခေါင်းစဥ်တစ်ရပ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လူအများက သူ့အား အထူးအာရုံစိုက်နေခဲ့ကြသည်။

ယခု တိုက်ပွဲအတွင်း ရီဖူရှင်းက ထိုသို့သော ခွန်အားမျိုး ပြသခဲ့ရာ သူသည် ပို၍ပင် အားလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး သူ့ပေါ်သို့ ပိုမိုများပြားသော မျက်လုံးများကို ကျရောက်လာစေခဲ့သည်။

ယခုအခါ သူတို့သာမကဘဲ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များသည်ပင် ရီဖူရှင်းကို ကြည့်နေကြပြီ ဖြစ်သည်။ ဦးဆောင်သူ လူအိုကြီးက ယခင်ကအတိုင်း ထိုင်နေခဲ့သည်။ သူ၏ မျက်လုံးများက ဝင်္ကပါအတွင်း ရီဖူရှင်းကို အာရုံစိုက်နေပြီး သူက မေးလိုက်သည်။ “ဒီလူက ဘယ်သူလဲဆိုတာ ဘယ်သူသိလဲ။”

“သူ့ နာမည်က ရီလျှို့နျန်။ ပြောကြတာတော့ သူက အာခီမီအင်ပါယာနဲ့အတူ လာတယ်လို့ ပြောတယ်။ အရင်က သူ ကောင်းကင်တိုက်ပွဲနန်းတော်မှာ ဆူပူမှုတချို့ ဖြစ်စေခဲ့တယ်။ တချို့က ခန့်မှန်းတာတော့ အာခီမီအင်ပါယာက သူ့ဆရာ ဖြစ်မယ်တဲ့။ ဒါပေမယ့် သူက ငြင်းခဲ့တယ်။ ကျုပ်ရဲ့ ခန့်မှန်းချက်အရဆိုရင်တော့ ဒီလူက ထိုက်ယွမ်ကုန်းမြေ အာခီမီအင်ပါယာတာဝါကနေ လာတာ မဟုတ်ဘူး။” လူအိုကြီး ထိုနေရာကို လျှောက်လာသည့် တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ဒါဆို သူ ဘယ်ကလာတယ်လို့ ထင်လဲ။” လူအိုကြီးက အပြင်လောက ကိစ္စများနှင့် ပတ်သတ်ပြီး ဂရုမစိုက်ဘဲ နေသည့်အတွက် သူက ရီဖူရှင်းနှင့် ပတ်သတ်သော အကြောင်းအရာများကို မသိပေ။ ထို့ကြောင့် စုံစမ်းမေးမြန်းနေခြင်း ဖြစ်ပေသည်။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက။” ထိုရန်ဟောင်က ပြန်ဖြေလိုက်သည်။ လူအိုကြီး၏ မျက်လုံးများတွင် အလင်းတစ်ခု ဖြတ်ပြေးသွားပြီး သူက အဝေးကို ကြည့်လိုက်သည်။ “သိပြီ။ ဒီလိုဆိုတော့ ကြည့်ရတာ သူမက သူ့ကို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ ကျင့်ကြံဖို့ ပို့ချင်တာ ထင်တယ်။”

“ဖြစ်နိုင်တယ်။” သူ့ ဘေးမှ ရန်ဟောင်က ခေါင်းညိတ်လိုက်သည်။ သူတို့က အချင်းချင်း နားလည်သဘောပေါက်သွားခဲ့ကြပြီး ထပ်ရှင်းပြရန် မလိုအပ်တော့ပေ။

တုံ့လိုင်နတ်မိမယ်က ရီဖူရှင်း၏ သရုပ်မှန်ကို လူအများသိစေရန် မကြေညာခဲ့သလို ဆေးအင်ပါယာနှင့် တွေ့ရန် ချက်ချင်း ခေါ်ဆောင်လာခဲ့ခြင်း မရှိသော်လည်း တုန်းရှောင်းကုန်းမြေ၏ နံပါတ်တစ် ထိပ်သီးအင်အားစုဖြစ်သော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအနေနှင့် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများမှနေ၍ တစ်ခုနှစ်ခု တွေးဆနိုင်ကြဆဲပင် ဖြစ်သည်။ သူတို့သည် ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လာသည်ဟုသာ ခန့်မှန်းနိုင်ပြီး သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဟု မသိကြပေ။

“အဆင့်ခုနစ် အဆင့်မြင့်ရန်ဟောင်က ပိုကောင်းအောင် လုပ်နိုင်မလား စောင့်ကြည့်ရအောင်။” လူအိုကြီးက တိုက်ပွဲမြေပြင်အား ကြည့်ကာ ပြောလိုက်သည်။ အဆင့်ခုနစ် အဆင့်မြင့်ရန်ဟောင်က လွှမ်းမိုးချုပ်ကိုင်နိုင်သော မဟာလမ်းစဥ်စွမ်းအားများကို ထုတ်လွှတ်ကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

အဆင့်ခုနစ်တန်ခိုးရှင်က ဖိနှိပ်ခြင်း မဟာလမ်းစဥ်ကို ထုတ်လွှတ်လိုက်သည့်အခါ ကျယ်ပြောလှသော အဆုံးမဲ့ လေဟာနယ်အတွင်း မွန်းကြပ်ဖွယ်ဖိအားများနှင့် ပြည့်နှက်သွားလေသည်။ ရီဖူရှင်းက ကောင်းကင်ကို မော့ကြည့်လိုက်လျှင် ပြိုင်ဘက်အား ဝန်းရံနေသည့် ပုံရိပ်များစွာကို မြင်လိုက်ရသည်။ ချက်ချင်းပင် ထိုထောင်သောင်းချီသော ပုံရိပ်များက ကောင်းကင်ထက်တွင် ရပ်နေကြပြီး လေဟာနယ်ကို ဝန်းရံထားပေသည်။ ထိုပုံရိပ်တစ်ခုချင်းစီက စစ်နတ်ဘုရားတစ်ပါး၏ ပုံရိပ်ကဲ့သို့ ထင်မှတ်ရပေသည်။ ထိုထောင်သောင်းချီသည့် ပုံရိပ်များက ဖိနှိပ်ခြင်းစွမ်းအားကို တပြိုင်နက်တည်း ထုတ်လွှတ်လိုက်လျှင် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

ကြည့်ရသည်မှာ ရီဖူရှင်းက အရေးမသာသော အခြေအနေသို့ ရောက်နေသလို ထင်မှတ်ရပြီး ထိုလေဟာနယ်က မြှုပ်နှံခံလိုက်ရတော့မလိုပင်။

“ဒါပေမယ့် ဒါက…” အပြင်ဘက်မှနေ၍ တိုက်ပွဲကို စောင့်ကြည့်နေသူများက ထိတ်လန့်တုန်လှုပ်သွားကြသည်။ အဆင့်ခုနစ် အဆင့်မြင့်ရန်ဟောင်က လှုပ်ရှားလာသော်လည်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ဝင်ရောက်စွက်ဖက်လာခြင်း မရှိပေ။ ထိုသည်မှာ သူတို့က ရီဖူရှင်းအား အဆင့်ခုနစ်ရန်ဟောင်နှင့် ယှဥ်ပြိုင်တိုက်ခိုက်ရန် တိတ်တဆိတ် ခွင့်ပြုလိုက်ခြင်း ဖြစ်ပေသည်။

အဆင့်လေးရန်ဟောင်မှာ အလယ်အလတ်အဆင့်၏ ပထမဆင့်ဟု ဆုံးဖြတ်နိုင်ပြီး သတ္တမဆင့်ရန်ဟောင်က အဆင့်မြင့်ရန်ဟောင် ဖြစ်ပေသည်။ ထိုသည်မှာ သူတို့နှစ်ယောက်ကြား၌ အဆင့်ကြီးတစ်ဆင့်လုံးကွာခြားနေသည်ဟု ပြောနိုင်ပေသည်။ ရီဖူရှင်းက ထိုသို့သော တိုက်ပွဲမျိုးတွင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရှိပါမည်လား။

“အဆင့်မြင့်ရန်ဟောင်တစ်ယောက်အနေနဲ့ မင်းကို တိုက်ခိုက်ရမှာ သိပ်မမျှတဘူး။ မင်းသာ ကျုပ်ဆီက တစ်ချက်ကို ခံနိုင်ရည်ရှိရင် ကျုပ် ရပ်လိုက်မယ်။” လေထဲရှိ သတ္တမဆင့် အဆင့်မြင့်ရန်ဟောင်က ကျယ်လောင်ရှင်းလင်းစွာ ပြောလိုက်သည်။ သူ၏ အသံက  လေဟာနယ်ကို ပဲ့တင်ထပ်လာသည်။ သူ၏ ပုံရိပ်များကလည်း တပြိုင်တည်း စကားပြောလာပေသည်မှာ ကောင်းကင်နှင့် မြေကြီးကြား မရေတွက်နိုင်သော ပဲ့တင်သံများ ဖြစ်ပေါ်လာပေသည်။ သူ့အသံက ကောင်းကင်တွင် ထွက်ပေါ်လာကာ လူတိုင်း၏ နားထဲတွင် အချိန်အတော်ကြာထိ ပဲ့တင်ထပ်လာ၏။

ရီဖူရှင်းက ခေါင်းမော့ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။ သူက မည်သည့်အတွက် ထိုသို့ သူတော်ကောင်းယောင်ဆောင်နိုင်ရသနည်း။

တစ်ချက်တည်းလား။ ထိုသည်မှာ အစွမ်းထက်ဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ပေသည်။

“ခင်ဗျားတို့ လူတွေက ဒီလောက်အဆင့်နိမ့် ဗျူဟာတွေနဲ့ အကန့်အသတ်မဲ့ တိုက်ပွဲတွေ ပြပြီးတာတောင် ဘာလို့ သဘောထားကြီးချင်ယောင်ဆောင်ရတာလဲ။” ရီဖူရှင်းက ထေ့ငေါ့ပြောဆိုလိုက်သည်။ ဤလမ်းစဥ်ဝင်္ကပါတိုက်ပွဲတွင် အဆင့်ခုနစ်ရန်ဟောင်က အဆင့်လေးမှ ရန်ဟောင်အားတိုက်ခိုက်သည့်အခါ အနိုင်ရလျှင်ပင် အနိုင်ဖြစ်ပါမည်လား။

ဤခရီးစဥ်၏ မူလရည်ရွယ်ချက်မှာ ချိုးဖောက်ခံခဲ့ရပြီးဖြစ်ကာ ယခု သူတို့တိုက်ခိုက်မှုက ရီဖူရှင်းထံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုသို့ဖြစ်လေရာ အပေါ်ယံ သကာဖြင့် ဖုံးအုပ်နေရန် မလိုတော့ပေ။

“ခင်ဗျား ဘယ်နှစ်ကြိမ်ပဲ တိုက်တိုက် ဂရုမစိုက်ဘူး။ ကျုပ်ရှေ့မှာ ဘာလုပ်ညာလုပ် လာပြောဖို့ ခင်ဗျားက အဆင့်မမီဘူး။” ရီဖူရှင်းက လှောင်ပြောင်သရော်လိုက်သည်။ သူ့အသံ ထွက်လာပြီးသည်နှင့် သူ့ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားပြီး အံသြထိတ်လန့်ဖွယ် မဟာလမ်းစဥ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင်နတ်အလင်းက သူ့ခန္ဓာကိုယ်ပေါ် လင်းလက်နေပြီး ဗုဒ္ဓတစ်ဆူ ထွက်ပေါ်လာသကဲ့သို့ ထင်မှတ်ရသည်။ ဓမ္မတေးသံက ပဲ့တင်ထပ်လာသည်။ အဆုံးမဲ့ ဓမ္မစာလုံးသင်္ကေတများ ပျံသန်းထွက်လာပြီး ကောင်းကင်နှင့် မြေကြီးအကြား နေရာအနှံ့ ပျံနှံသွားခဲ့သည်။ လူတိုင်း၏ နားများထဲတွင် ဗုဒ္ဓဓမ္မတေးသံနှင့် ပြည့်နှက်နေပြီး သူတို့စိတ်ထဲ၌ ရှေးဟောင်းဗုဒ္ဓတစ်ဆူ ဖြစ်တည်လာသကဲ့သို့ပင်။

“ခင်ဗျားက အဆင့်မြင့်ရန်ဟောင်တစ်ယောက်ဖြစ်ပေမယ့် အရှက်မရှိ တိုက်ခိုက်လာတာဆိုတော့ ကျုပ်ဘက်က သက်ညှာမပေးဘူးလို့ အပြစ်မတင်နဲ့။” ရီဖူရှင်း ပြောသည့် စကားကို ကြားသောအခါ လူတိုင်းက အံ့အားသင့်သွားပြီး သူ့ကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

သက်ညှာမပေးဘူးတဲ့လား။

ထိုစကားများမှာ အဆင့်ခုနစ် အဆင့်မြင့်ရန်ဟောင်တစ်ယောက်ကို ပြောသင့်သည့် စကားပေလား။

“ဘယ်လောက်မောက်မာလိုက်သလဲ။” မနီးမဝေးတွင် ရှိနေသည့် နတ်မိမယ်တောင်ထွတ်မှ နတ်မိမယ်ဧကရီယိက သူမ၏ လှပသော မျက်ဝန်းများနှင့် ရီဖူရှင်းကို ကြည့်လိုက်သည်။ ထိုသူက သူမ မြင်တွေ့ဖူးသမျှ ရန်ဟောင်များထဲတွင် ဘဝင်အမြင့်ဆုံးသူ ဖြစ်ပေသည်။ သူ၏ ကြွားဝါမှုက သူ့စရိုက်သဘာဝကို မဖော်ပြသော်လည်း သူ့အပြုအမူနှင့် စကားများမှတဆင့် လုံးဝဥဿုံ သိမြင်နိုင်ပေသည်။ သို့သော်လည်း သူ၏ သာလွန်သော ခွန်အားက သူ့အားအမှန်တကယ် ထောက်ပံ့ပေးထားနိုင်ပေသည်။

သို့သော် ထိုအခိုက်တွင် သူက အဆင့်ခုနစ်အဆင့်မှ အစွမ်းထက်ရန်ဟောင်တစ်ပါးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူက မဟာလမ်းစဥ်နှင့် ၎င်းကို ချိုးဖျက်နိုင်မည်လား။

“ဂရုစိုက်။ ဒီလူက ချင်းဟယ်နန်းတော်ရဲ့ အစွမ်းထက်ရန်ဟောင်တစ်ယောက်ပဲ။ သူ့တိုက်ခိုက်မှုက အရမ်းရက်စက်တယ်။ သူက ထောင်ချီတဲ့ ပုံရိပ်တွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်နိုင်တာကြောင့် သူ့ရဲ့ တိုက်ခိုက်မှုစွမ်းအားက အံ့မခန်းပဲ။ ဂရုမစိုက်ဘဲ မနေနဲ့။” ရီဖူရှင်းသည် သူ့အား စိတ်ချင်းဆက်သွယ်ကာ လှမ်းပြောသော ဧကရီယိ၏ အသံကို ကြားလိုက်ရသည်။

ရီဖူရှင်းက သူ့မျက်လုံးထောင့်မှနေ၍ တစ်ဖက်လူကို ကြည့်လိုက်သည့်အခါ ဧကရီယိက တိုက်ပွဲမြေပြင်သို့သာ တိတ်ဆိတ်စွာ စောင့်ကြည့်နေဟန်တူသည်။ ဖြစ်နိုင်သည်မှာ ထိုသတိပေးချက်က သူ့ဆီသို့ ပြသသော သူမ၏ စိတ်ဆန္ဒကောင်းတစ်ခု ဖြစ်နိုင်ပေသည်။

သူက မတုံ့ပြန်ခဲ့ပေ။ လေဟာနယ်အတွင်း အဆင့်ခုနစ် တန်ခိုးရှင်၏ မဟာလမ်းစဥ် ချုပ်ကိုင်လွှမ်းမိုးမှုက ပို၍ အားကောင်းလာသည်။ ထောင်ချီသော ပုံရိပ်များက မဟာလမ်းစဥ်နှင့် တသားတည်းဖြစ်လာသည်ဟု ထင်မှတ်ရသည်။ ပုံရိပ်တစ်ခုချင်းစီမှ ထွက်ပေါ်လာသော မဟာလမ်းစဥ်၏ လွှမ်းမိုးနိုင်သော စွမ်းအားက လေဟာနယ်ကို ဖိနှိပ်နေသည်။ မဟာလမ်းစဥ်၏ မမြင်နိုင်သော ဖိအားက လွှမ်းခြုံထားကာ လေဟာနယ်တစ်ခုလုံးတွင် ကြီးမားလေးလံသော ဖိအားကို ခံစားမိလိုက်ကြသည်။ သာမန်ရန်ဟောင်တစ်ယောက်က ဤလေဟာနယ်အတွင်း ရပ်နေမိပါက မွန်းကြပ်လာရပေလိမ့်မည်။

ရီဖူရှင်းက ပုံမှန်အမူအရာနှင့် ထိုနေရာ၌ ရပ်နေသော်လည်း သူက ဖိအားတစ်စွန်းတစ်စကိုမှ ခံစားမိခြင်းမရှိပေ။ ကောင်းကင်က ပြိုကျပြီး သူ့ကို ဖိနှိပ်တော့မယောင် ထင်မှတ်ရပေသည်။

ရီဖူရှင်းအထက်တွင် နတ်သစ်ပင်တစ်ပင် ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ် အရှိန်နှင့် ကြီးထွားလာခဲ့သည်။ အချိန်တိုလေးအတွင်းမှာပင် ရှေးဟောင်းသစ်ပင်၏ သိမ်မွေ့နက်နဲသော အရှိန်အဝါက ကျယ်ပြောသော လောကကြီးအတွင်း ပျံ့နှံ့သွားပြီး မဟာလမ်းစဥ် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။

ဘန်း…

အသက်ရှုကြပ်ဖွယ်အသံတစ်ခု ထွက်ပေါ်လာပြီး ထောင်ချီသည့် ပုံရိပ်များက ကောင်းကင်တွင် တစ်ချိန်တည်း ခြေဆောင့်နင်းလိုက်ကြကာ သူတို့၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတို့ ပေါက်ကွဲထွက်လာခဲ့သည်။ သူတို့က တူညီသော လှုပ်ရှားမှုများနှင့် သူတို့၏ လက်များကို မြှောက်ကာ လက်မောင်းပေါ်တွင် ရွှေရောင်အလင်းများ စီးဆင်းနေခဲ့၏။ ပျက်စီးခြင်းမဟာလမ်းစဥ်၏ ကြောက်မက်ဖွယ်အရှိန်အဝါတို့ လွှမ်းခြုံလာခဲ့သည်။

နောက်ဆုံးတွင် မရေတွက်နိုင်သော အကြည့်များအောက်၌ တစ်ဖက်လူသည် ပုံရိပ်ပေါင်းများစွာနှင့်အတူ တစ်ချိန်တည်း တစ်ပုံစံတည်း လှုပ်ရှားလာလေသည်။ သူတို့ အောက်ဘက်သို့ တိုက်ခိုက်လာသည့် ခဏချင်းအတွင်းမှာပင် ကောင်းကင်က ပြိုကျလုဆဲဆဲ အခြေအနေဖြစ်လာပေသည်။ လူအုပ်ကြီးသည် လေဟာနယ်အတွင်း ဖြတ်သန်း ပြေးလွှားနေပြီး ရီဖူရှင်းအား တိုက်ခိုက်လာသည့် ကောင်းကင်မှ ပုံရိပ်များကို မြင်လိုက်ကြရသည်။

တစ်ချိန်တည်းတွင် မမြင်နိုင်သော ကြောက်မက်ဖွယ် အသံလှိုင်းတို့ ထွက်ပေါ်လာသည့်အခါ ထိုပုံရိပ်များက ပေါက်ကွဲထွက်ပြီး ဖျက်ဆီးခံလိုက်ရပေသည်။ လူအများသည် မယုံနိုင်ဖွယ် ထိုမြင်ကွင်းကို ကြည့်ကာ အမူအရာက အံ့သြ ထိတ်လန့်နေကြသည်။

အကြီးမြတ်ဆုံးအသံလှိုင်းကို ပုံမှန်အားဖြင့် မကြားရပေ။ သူတို့သည် ထိုအသံကို မကြားနိုင်သော်လည်း ခံစားနိုင်ပေသည်။

ရှေးဟောင်းသစ်ပင်က လေဟာနယ်ကို လွှမ်းခြုံထားပြီး မဟာလမ်းစဥ်နယ်မြေအတွင်း၌ နက်မှောင်ကာ အေးစက်သော အရှိန်အဝါတို့ ထွက်ပေါ်လာကာ အောက်သို့ ဆင်းသက်လာသည့် ထို ပုံရိပ်ကြီးများကို အေးခဲ၍ ရေခဲအဖြစ်သို့ ပြောင်းလဲသွားစေပေသည်။  တိုက်ခိုက်မှုများ ရီဖူရှင်းထံ မရောက်ရှိခင်မှာပင် ယင်းတို့က အေးခဲသွားခဲ့ပြီ ဖြစ်၏။

လူအုပ်ကြီးက ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ပျံသန်းတက်ကာ သူ့အနီးတွင် ကြောက်မက်ဖွယ် ဓားစွမ်းအင်လှိုင်းမုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်အား မြင်တွေ့လိုက်ကြရသည်။ သူ ဖြတ်သန်းသွားသမျှတွင် ကြီးမားသော ပုံရိပ်များက ဆက်လက်၍ ပြိုကွဲပေါက်ကွဲထွက်လာပေသည်။ ထောင်ချီသော ပုံရိပ်များက  အလွန်လျင်မြန်လှသော အရှိန်နှင့် ပျက်စီးကုန်ကာ အချိန်တိုအတွင်းတွင် အရာအားလုံးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေသည်။

မကြာခင်မှာပင် သတ္တမဆင့်ရန်ဟောင်က လူကိုယ်တိုင် ထွက်ပေါ်လာခဲ့သည်။ သူသည် မျက်စိရှေ့၌ ဖြစ်ပေါ်လာသော ကြီးမားလှသည့် ပုံရိပ်ကြီးများ အားလုံးဖျက်ဆီးခံရကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး ခဏချင်းအတွင်း ပျောက်ကွယ်သွားသည့် မြင်ကွင်းအား ကြည့်နေခဲ့သည်။ သို့သော် သူ့တွင် ထိတ်လန့်တုန်လှုပ်နေရန် အချိန်မရှိပေ။ သူ မသိလိုက်ခင် ချို့ယွင်းချက်ကင်း ဓားစွမ်းရည်နှင့် ဓားတစ်လက်က သူ့ရှေ့သို့ ရောက်ရှိလာပေသည်။

ဘုန်း….

ပြင်းထန်သော မဟာလမ်းစဥ်စွမ်းအားများက ရက်ရက်စက်စက် ပေါ်ကွဲထွက်လာပြီး သူ့ခန္ဓာကိုယ်က ဖျက်ဆီး၍မရနိုင်သော ရွှေရောင်သဏ္ဌာန် အဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းက သူ၏ စွမ်းအားများနှင့် မဟာလမ်းစဥ်ကို ဖိနှိပ်ထားပေသည်။ သူ၏ လက်သီးနှစ်ဖက်လုံးက လေဟာနယ်ကို ဖြတ်ကာ ဓားတိုက်ခိုက်မှုအား တားဆီးရန် ထိုးနှက်လိုက်သည်။

ဓားကျဆင်းလာသည်နှင့် ထက်ရှသော ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ထိုဓားသည် ကောင်းကင်နှင့် မြေကြီးကြားမှ ထောင်ချီသော ဓားစွမ်းအားများကို ပေါင်းစပ်ကာ ဓားတစ်လက်တည်းအဖြစ် ပြောင်းလဲသွားလေသည်။ ရွှေရောင်သဏ္ဌာန်က ကွဲကြေသွားပြီး လက်သီးများက သွေးလွှမ်းသွားခဲ့သည်။ ဓားက ရှေ့သို့ဆက်လက် ခရီးနှင်နေပြီး လက်မောင်းအား ခုတ်ပိုင်းလိုက်သည်။ ၎င်းသည် မဟာလမ်းစဥ်ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားခဲ့၏။ ရွှေရောင်နတ်ရောင်ဝါတို့နှင့် ခန္ဓာကိုယ်တွင် အက်ကြောင်းများ ပေါ်ပေါက်လာသည်အား လူအများ မြင်တွေ့လိုက်ရသည်။ နောက်တခဏတွင် ဓားက ရပ်တန့်သွားသော်လည်း အဆင့်ခုနစ်ရန်ဟောင်မှာ အဝေးသို့ လွင့်စင်သွားပြီး သူ့ရင်ဘတ်မှ သွေးများ ဒလဟော ကျဆင်းလာပေသည်။

သူ့ခန္ဓာကိုယ်က ဖျက်ဆီးဓားစွမ်းအားများနှင့် ပြည့်နှက်နေခဲ့သည်။

“ဒါက ခင်ဗျားရဲ့ တိုက်ခိုက်မှုလား။” ရီဖူရှင်းက အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ “ဒါက အရမ်းအစွမ်းထက်တဲ့ အဆင့်ခုနစ်ရန်ဟောင်တဲ့လား။”

အဆင့်ခုနစ်မှ အဆင့်မြင့်ရန်ဟောင်က ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset