အပိုင်း (၁၉၇၃)

အတင်းဝင်ခြင်း

ရီဖူရှင်းက အပြင်ဘက်မှ လမ်းစဥ်တိုက်ခိုက်မှုကို ချိုးဖျက်ကာ ရှေ့သို့ ဆက်သွားခဲ့သည်။ သူ၏ အဖြူရောင်ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး သူ့ကို ကြည့်ရသည်မှာ ဖျတ်လတ်ကာ အားမာန်အပြည့်ဖြစ်နေပုံရသည်။

ထိုဝန်းကျင်ရှိ ရန်ဟောင်များက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ ထိုသူက အလွန်အစွမ်းထက်လေသည်။ သူက မောက်မာကာ လူတိုင်းကို ဂရုမစိုက်သော်လည်း သူ့ထံ၌ ထိုသို့လုပ်ရန် ခွန်အားရှိပေသည်။ မဟုတ်လျှင် သူက ထိုသို့ ကျိုးကြောင်းမစဥ်းစားဘဲ လုပ်ဝံ့မည် မဟုတ်ပေ။

သို့ဆိုလျှင်ပင် သူ ပြောခဲ့သည့် ‘လူညံ့အုပ်စု’ ဟူသော စကားမှာ မတူညီသော အင်အားစုများမှ လူအများကို ဆန့်ကျင်ခဲ့သည်။ သူ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ကျင့်ကြံရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထို့နောက် လူအများအပြားက ရီဖူရှင်း ရှိနေရာသို့ ရောက်လာကြပြီး ရီဖူရှင်းကို စက်ဝိုင်းသဏ္ဌာန်ဝိုင်းပတ်ကာ ဝင်္ကပါအပြင်ဘက်မှ တိုက်ပွဲစောင့်ကြည့်နေသူများကို ပဟေဠိဖြစ်လာစေသည်။ ကြည့်ရသည်မှာ ထိုလူများက ရီဖူရှင်းအား တိုက်ခိုက်ရန် လှုပ်ရှားမှုပြုလာကြပုံရလေသည်။

သူတို့သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ဖို့ရာ ဝင်္ကပါအစီအရင်အား ချိုးဖျက်ရန် လိုပေသည်။ ဤအချိန်အတွင်းတွင် မည်သည့် စည်းမျဥ်းမှ မရှိဘဲ မည်သည့် နည်းလမ်းမဆို အသုံးပြုနိုင်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က မည်သည့်စည်းမျဥ်းမှ သတ်မှတ်မထားပေ။ သို့သော် ဝင်္ကပါအစီအရင်၏ အပြင်ဘက်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်များက အခြေအနေအား လျှို့ဝှက်စွာ ထိန်းချုပ်နေခဲ့သည်။ မည်သည့်စည်းမျဥ်းမှ မရှိလျှင်ပင် သူတို့သည် အထဲမှ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိပေသည်။

ဥပမာအနေနှင့် သူတို့သည် အတွင်းမှ ရန်ဟောင်များ တိုက်ခိုက်နိုင်ခြင်း ရှိမရှိ ဆုံးဖြတ်နိုင်ပြီး တစ်စုံတစ်ယောက်ကို ဆန့်ကျင် တိုက်ခိုက်ရန် မည်သည့်အဆင့်များက လုပ်ဆောင်နိုင်သည်ကိုလည်း ဆုံးဖြတ်နိုင်ပေသည်။

ထိုသည်က သူတို့အား ဝင်္ကပါအစီအရင်အတွင်းမှ တိုက်ပွဲများကို တိုက်ရိုက်လွှမ်းမိုးနိုင်စွမ်းရှိစေသည်။ အတွင်း၌ သိသိသာသာ အဆင့်ကွာဟချက်ရှိသည့် အားကောင်းသော လူများအကြားတွင် တိုက်ပွဲဖြစ်ပွားတတ်ပြီး အဆင့်နိမ့်ရန်ဟောင်များကို အဆင့်မြင့်ရန်ဟောင်များက ဆန့်ကျင်တိုက်ခိုက်သည်များလည်း ရှိတတ်သည်။ ထိုသို့ဖြစ်လာလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက ဝင်ရောက်စွက်ဖက်လိမ့်မည်ဖြစ်ပြီး သူတို့က အဆင့်မြင့်ရန်ဟောင်များကို တိုက်ခိုက်မည်ဖြစ်ကြောင်း ဝမ်တုမှ လူများက နားလည်ကြပေသည်။

ဝင်္ကပါအတွင်းမှ ရန်ဟောင်အချို့ အချင်းချင်း တိုက်ခိုက်ကြလျှင် သူတို့၏ အဆင့်ချင်း ကွာခြားမှုသိပ်မရှိပါက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ရီဖူရှင်းထံ လျှောက်လာသူများထံ၌ မည်သည့် စိတ်ပိုင်းဆိုင်ရာဖိအားမှ ရှိမနေပေ။ သူတို့၏ ခန့်မှန်းချက်အရ ရီဖူရှင်း ယခင်က ပြခဲ့သော တိုက်ပွဲခွန်အားမှာ အလွန် ထူးချွန်ပြောင်မြောက်နေသောကြောင့် သူတို့အားလုံးက တစ်ချိန်တည်း ဆန့်ကျင်တိုက်ခိုက်လျှင်ပင် အပြင်ဘက်က လူများက ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။

သူတို့ ခန့်မှန်းသည့်အတိုင်း ဝင်္ကပါအပြင်ဘက်မှ အားကောင်းသော သူများမှာ ရီဖူရှင်းထံ လျှောက်လာသူများကို မြင်လိုက်သည့်အခါ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။ သူတို့သည် ထိုအခွင့်အရေးအား အသုံးချကာ ရီဖူရှင်း၏ ခွန်အားကို စူးစမ်းချင်နေကြသည်။

ရီဖူရှင်းထံ လျှောက်လာနေသော ရန်ဟောင်များမှာ ထိုနေ့က ကောင်းကင်တိုက်ပွဲနန်းတော်၌ ရှိနေခဲ့သူများ ဖြစ်သည်။ သူတို့အားလုံးက အာခီမီနတ်နန်းတော်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အင်အားစုများ ဖြစ်သည်။ အဆင့်လေးရန်ဟောင် နှစ်ယောက်နှင့် အဆင့်ငါးရန်ဟောင်နှစ်ယောက် ပါဝင်သော အဖွဲ့က ရီဖူရှင်းထံသို့ မတူညီသော နေရာများမှ ချဥ်းကပ်လာသည်။ သူတို့၏ မဟာလမ်းစဥ်အရှိန်အဝါများက ပေါက်ကွဲထွက်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ အလွန် ဖိနှိပ်နိုင်သော မဟာလမ်းစဥ် နယ်မြေတစ်ခု ဖြစ်တည်လာစေသည်။

“မလောက်လေးမလောက်စားတွေ။” ရီဖူရှင်းက ရှေ့သို့ ဆက်လျှောက်နေပြီး မည်သည့် အာရုံစိုက်မှု မပေးသော်လည်း လင်ချိုးနှင့် ကျန်သူများက စတင်တိုက်ခိုက်လိုက်ကြသည်။ သူတို့သုံးယောက်က ပြိုင်ဘက်များထံ တိုက်ရိုက်ပြေးဝင်သွားသည်။ ထိုမြင်ကွင်းကို မြင်သည့်အခါ ပိုမိုများပြားသော ရန်ဟောင်များက သည်ဘက်သို့ တိုးဝင်လာကြလေသည်။ အပြင်ဘက်မှ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ရန်ဟောင်များနှင့် တိုက်ခိုက်မည့်အစား ဤနေရာမှ လူများနှင့် တိုက်ခိုက်သည်ကလည်း အတူတူပင် ဖြစ်လေသည်။

ရီဖူရှင်း၏ ဘေးတွင်လည်း အာခီမီအင်ပါယာနှင့် လိုက်ပါလာသော ထိုက်ယွမ်ကုန်းမြေမှ တန်ခိုးရှင်များရှိနေသည်။

“အာခီမီအင်ပါယာတာဝါက တန်ခိုးရှင်တွေ ဘယ်လောက် သန်မာလဲ ကြည့်ကြရအောင်။” ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက လေဟာနယ်အတွင်း ပေါ်ပေါက်လာသည်။ ရှင်းလင်းစွာပင် ထိုသူမှာ အာခီမီနတ်နန်းတော်မှ တပည့် ကျုံးဖန် ဖြစ်လေသည်။ သူသည် ထိုနေ့က ဆရာသခင်ကျီဟဲ့နှင့်အတူ ဆေးလုံးသန့်စင်ခဲ့သော ထူးချွန်သူဖြစ်၏။ သူ၏ မဟာလမ်းစဥ် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည့်အခါ လမ်းစဥ်မီးလျှံများက လေဟာနယ်အား လွှမ်းခြုံထားသည်။ ထိုစွမ်းအားက ကြောက်မက်ဖွယ် ဖြစ်ပြီး ၎င်းတို့သည် လေဟာနယ်တစ်ခုလုံး၏ အပူချိန်ကို မြင့်တက်လာစေသည်။

“စီဖုန်း… ” ရီဖူရှင်းက အော်ခေါ်လိုက်သည်။ သူက ကိုယ်တိုင်လှုပ်ရှားရန် ရည်ရွယ်ချက်မရှိပေ။

ရီဖူရှင်း၏ ဘေးတွင် ဖီးနစ်ဝတ်ရုံရှည်နှင့် စီဖုန်း ခန္ဓာကိုယ်က ပျံသန်းထွက်သွားကာ သူမနောက်တွင် ရုတ်တရက် နတ်တောင်ပံတစ်စုံပေါ်ပေါက်လာပေသည်။ ကြောက်မက်ဖွယ် လမ်းစဥ်မီးလျှံများက သူမခန္ဓာကိုယ်ကို လွှမ်းခြုံထားကာ ထိုအခိုက်အတန့်တွင် သူမက နှိုင်းယှဥ်မရအောင် ခမ်းနားထည်ဝါသော ဖီးနစ်နတ်မိမယ်တစ်ပါး ဖြစ်လာသည်။ ခဏချင်းအတွင်း  တန်ခိုးရှင်များက သူမအား ကြည့်လာကြပေသည်။

“ဘယ်လောင်အားကောင်းလိုက်တဲ့ အရှိန်အဝါလဲ။” ထိုရန်ဟောင်များသည် အတွင်းစိတ်ထဲမှပင် တုန်ယင်သွားကြကာ နောက်တခဏအတွင်း ခမ်းနားထည်ဝါသည့် ဖီးနစ်တောင်ပံများက တဖျတ်ဖျတ်ခတ်ကာ လှုပ်ရှားလာသည်ကို မြင်လိုက်ကြရ၏။

ဘုန်း…

နတ်မီးလျှံများက ကျုံးဖန်ရပ်နေသည့် လေဟာနယ်ကို တိုက်ရိုက်ဝါးမြိုလိုက်ပြီး သူ့ခန္ဓာကိုယ်က မဟာလမ်းစဥ်၏ ပုံရိပ်ယောင်နယ်မြေ အတွင်း ရောက်ရှိသွားသည်ကို ခံစားမိလိုက်ပေသည်။ ထိုမဟာလမ်းစဥ်နယ်မြေအတွင်းတွင် ကြီးမားသော နတ်ဖီးနစ်ငှက်တစ်ကောင် ပေါ်ပေါက်လာကာ ကောင်းကင်ကို ဖုံးလွှမ်း၍ လေဟာနယ်အတွင်း လွှမ်းခြုံထားသည်။

ကျယ်လောင်ရှင်းလင်းသော ဖီးနစ်အော်သံတစ်ခု ထွက်ပေါ်လာကာ ကျုံးဖန်သည် နားစည်များ ကွဲထွက်တော့မလို ခံစားလိုက်ရပြီး နတ်ဖီးနစ် တောင်ပံခတ်လိုက်သည့်အခါ၌ သူ၏ စိတ်ဝိညာဥ်က တုန်ယင်လာခဲ့ပေသည်။

ဖူး…

ကျုံးဖန်၏ မဟာလမ်းစဥ်စွမ်းအားက ဖြတ်တောက်ခံလိုက်ရပြီး သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။ သူက နောက်သို့ လွင့်စင်သွားကာ သူ့ခန္ဓာကိုယ်တွင် သွေးလွှမ်းနေသော ဒဏ်ရာတစ်ခုရှိနေသည်။ စီဖုန်းက သူ့အား သတ်ဖြတ်ရန် ဆက်မလုပ်ခြင်းကြောင့်သာ မဟုတ်ပါက သူသည် သူမ၏ တိုက်ခိုက်မှုအား ထပ်မံတောင့်မခံနိုင်တော့ဘဲ သေနေလောက်ပြီ ဖြစ်သည်။

“ဖီးနစ်တစ်ကောင်က ဒီလောက် အားကောင်းတာလား။” လူအများက အံ့သြထိတ်လန့်သွားကြသည်။ စီဖုန်း၏ ခန္ဓာကိုယ်က လေထဲတွင် မျောလွင့်နေ၏။ သူမ၏ တောင်ပံများက သူမ နောက်ကျောတွင် တဖျတ်ဖျတ် ခတ်နေပြီး ထိုအကန့်အသတ်မဲ့ ကြီးမားသော အရိပ်က ကောင်းကင်ကို ဖုံးလွှမ်းကာ အဆုံးမဲ့လေဟာနယ်အား လွှမ်းခြုံထားလေသည်။

နောက်ထပ် ဖီးနစ်အော်မြည်သံ ထွက်ပေါ်လာပြီး ရီဖူရှင်းထံ လာနေသော ရန်ဟောင်အားလုံးသည် သူတို့ထံသို့ ဖီးနစ်အရိပ်ကြီးကျရောက်လာသည်အား မြင်လိုက်ကြရသည်။ မွန်းကြပ်ဖွယ် မဟာလမ်းစဥ် စွမ်းအားက သူတို့ကို ခုခံစွမ်းမရှိသလို ခံစားရစေရန် ပြုလုပ်နေသည်။

သွေးအန်သည့်အသံများ ထွက်ပေါ်လာသည်။ သူတို့သည် သွေးအန်သည်အထိအရိုက်ခံလိုက်ရသလို ခံစားလိုက်ရကာ မျက်နှာများက ဖြူဖျော့သွားလေသည်။

ထိုအဖြစ်ကြောင့် လင်ချိုးနှင့် အခြားသူများပင် အေးခဲသွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်များက လေထဲတွင် မျောလွင့်နေပြီး စီဖုန်းအား ဗလာမျက်ဝန်းများနှင့် စိုက်ကြည့်နေကြသည်။

သူမက ထိုကဲ့သို့ပင် လုပ်ချင်သည်အား လုပ်ပြီးသွားခဲ့ပြီလား။

ယခင်က စီဖုန်းသည် သူမ၏ ခွန်အားကိိုမဆိုထားနှင့် အရှိန်အဝါကိုပင် မထုတ်ဖော်ခဲ့ဘဲ ရီဖူရှင်းနောက်မှသာ တိတ်ဆိတ်စွာ လိုက်ပါလာခြင်း ဖြစ်သည်။ သူမ မည်မျှအားကောင်းသည်အား မည်သူမှ မသိသော်လည်း ယခု ရုတ်တရက် ပေါက်ကွဲထွက်လာသော ခွန်အားက လူတိုင်းကို အေးခဲသွားစေသည်။

ရီဖူရှင်းနောက်မှ လိုက်ပါလာသော ဖီးနစ်နတ်မိမယ်က ထိုမျှထိ အားကောင်းသန်မာသည်လား။

စီဖုန်း၏ ခန္ဓာကိုယ်က လေထဲ၌ ရှိနေဆဲ ဖြစ်သည်။ သူမသည် လူအုပ်ကြီးအား ကြည့်လိုက်ပြီး သူမ၏ လှပထည်ဝါသော နတ်ဖီးနစ်မျက်ဝန်းတစ်စုံက လမ်းစဥ်မီးလျှံများနှင့် တောက်ပနေကာ မြင့်မြတ်တော်ဝင်ဆန်ပြီး အေးစက်စက်နိုင်သည့် အရှိန်အဝါကို ပေးစွမ်းသည်။ ယင်းတို့တွင် လူတိုင်းအပေါ် အထင်အမြင်သေးခြင်းတို့နှင့် ပြည့်နေပြီး ရီဖူရှင်း ယခင်က ပြောလာသည့် စကားလုံးများကို အတည်ပြုနေသည်။

စီဖုန်း တိုက်ခိုက်လာသည့် အခိုက်အတန့်တွင် မြောက်ပိုင်းမှ ရန်ဟောင်များကို သေချာပေါက် ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းက သူ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရန် လိုအပ်ပါမည်လား။

ဖြစ်နိုင်သည်က သူ တိုက်ပွဲ၌ အမှန်တကယ် မပါဝင်လိုခြင်းပင် ဖြစ်ရမည်။

“မင်းတို့ နောက်ထပ် တိုက်ခိုက်ချင်တယ်ဆိုရင် ပိုမြင့်တဲ့ ကျင့်ကြံဆင့်ရှိသူကို ရှာသင့်တယ်။ ဒီလူတွေက ကျုပ် အာရုံစိုက်ဖို့မတန်ဘူး။” ရီဖူရှင်းက လူအုပ်ကြီးကို တစ်ချက်လှမ်းကြည့်ကာ အားကောင်းသန်မာသည့် ထိုလူများကို လျစ်လျူရှုရင်း မှတ်ချက်ချလိုက်သည်။ သူက မည်သူ့ကို ပြောနေသည်ဟူသည်မှာ တစ်ဖက်လူများအား သူတို့ဘာသာ အဓိပ္ပါယ်ကောက်ခိုင်းလိုက်မည် ဖြစ်သည်။ ထိုသည်မှာ သူ့အား အပြင်းအထန်ဆန့်ကျင်ချင်နေသော သူများအားလုံး ပါဝင်ပေသည်။ သူသည် တုန်းရှောင်းကုန်းမြေတစ်ခွင်လုံးမှ အစွမ်းထက်သူများ ပါဝင်လာလျှင်ပင် ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းက စကားပြောပြီးသည်နှင့် ရှေ့သို့ ဆက်လက်သွားနေခဲ့ပြီး သူ့အနီးရှိ သန်မာအားကောင်းသော သူများကလည်း သူ့နောက်မှ လိုက်လာကြသည်။ ထိုအချိန်တွင် ဝင်္ကပါအပြင်ဘက်ရှိ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်များမှာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ ရန်ဟောင်များက အောက်သို့ ကြည့်ကာ ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ။ အောက်ကို တစ်ချက်လောက်သွား သွားကြည့်ချင်လား။”

ဤနေရာ၌ စီဖုန်း၏ တိုက်ပွဲခွန်အား မည်မျှသန်မာသည်ကို စစ်မှန်စွာ ခံစားကြည့်ရန် မဖြစ်နိုင်ပေ။ သူတို့က ဝင်္ကပါအစီအရင်အတွင်းဝင်ကာ ထိပ်တိုက်ရင်ဆိုင်ကြည့်မှသာ သိနိုင်ပေလိမ့်မည်။

ထို့ပြင် ရီဖူရှင်း မည်မျှ အားကောင်းသန်မာသည်မှာလည်း လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေသည်။ သူသည် ယခင်က ရန်ဟောင်နှစ်ယောက်၏ တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့သော်လည်း သူက ခွန်အား မည်မျှများများ ထုတ်သုံးနိုင်သည်ကို မည်သူမှ မသိပေ။

“အလျင်စလိုမလုပ်နဲ့။ သူတို့ ဝင်သွားတော့မယ်။” လူအချို့က အဝေးသို့ ကြည့်လိုက်ကြသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အပြင်ဘက်တွင် မြောက်ပိုင်းမှလာသော ထိုအစွမ်းထက်တန်ခိုးရှင်များက လှုပ်ရှားနေကြပြီ ဖြစ်သည်။  အဖွဲ့ခေါင်းဆောင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်တို့က မြောက်ပိုင်းကနေ စီနီယာဆေးအင်ပါယာဆီ လာလည်တာပါ။ ဒီရှေးဟောင်းလမ်းနဲ့ ဝင်္ကပါအစီအရင်ကို အသုံးပြုပြီး တုန်းရှောင်းကုန်းမြေရဲ့ ရန်ဟောင်တွေနဲ့အတူ မဟာလမ်းစဥ် စစ်ဆေးမှုကို ခံယူဖို့ ဆန္ဒရှိပါတယ်။”

ထိုသို့ပြောပြီးနောက် သူတို့သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းမနေဘဲ ဝင်္ကပါအစီအရင်အတွင်း ချက်ချင်း ခြေချလိုက်ကြသည်။

အပြင်ဘက်မှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ မျက်နှာထက်တွင် ထူးဆန်းသော အရိပ်အယောင်တို့ ဖြစ်ပေါ်လာ၏။ မြောက်ပိုင်းနယ်မြေမှ တန်ခိုးရှင်များက ဝင်္ကပါအစီအရင်အတွင်း အတင်းအကျပ် ဝင်ရောက်ခဲ့ကြသည်။ ယခင်က ကောင်းကင်တိုက်ပွဲနန်းတော်မှ တိုက်ပွဲများတွင် သူတို့သည် မည်သူက ဆရာကြီးဖြစ်ကြောင်း တုန်းရှောင်းကုန်းမြေမှ တန်ခိုးရှင်များကို ပြသခဲ့ပြီး ဖြစ်လေသည်။

မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များသည် ဝင်္ကပါအစီအရင်အတွင်း ခြေချလာသည့်အခိုက်အတန့် သူတို့က ချက်ချင်းပင် အားကောင်းသော မဟာလမ်းစဥ်စွမ်းအားများကို တပြိုင်တည်း ထုတ်လွှတ်ကာ ရှေ့သို့ ဆက်လျှောက်လိုက်ကြသည်။

“သူတို့ သွားကြပြီ…” အပြင်ဘက်ရှိ လူများသည် ထိုသူများက သူတို့၏ မဟာလမ်းစဥ် နတ်ဝင်ရိုးအား တပြိုင်တည်း ထုတ်လွှတ်လိုက်သည်ကို မြင်တွေ့လိုက်ကြရ၏။ ပုံရိပ်အများအပြားက လေဟာနယ်အတွင်း ခြေချလာပြီး အလွန် လျင်မြန်လှစွာနှင့် ဝင်္ကပါအစီအရင်ထက် ပြေးလွှားနေကြသည်။ သူတို့က ကောင်းကင်နတ်ဘုရားများကဲ့သို့ပင်။ သူတို့၏ ခြေတစ်လှမ်းချင်းစီက ကောင်းကင်နှင့် မြေကြီးကို အက်ကွဲသွားစေပြီး ဝင်္ကပါလေဟာနယ်အား ပြင်းထန်စွာ တုန်ယင်လာစေ၏။

သူတို့ကြားရှိ မြောက်ပိုင်းနယ်မြေ၏ တော်ဝင်မိသားစုမှ အစွမ်းထက် တန်ခိုးရှင်သည် ထိုနေ့က ကောင်းကင်တိုက်ပွဲနန်းတော်မှ တိုက်ပွဲ၌ ပါဝင်တိုက်ခိုက်ခဲ့သည်။ ထိုလေထဲ၌ ပြေးလွှားနေသော တော်ဝင်မိသားစုမှ တန်ခိုးရှင်များသည် တူညီသော စွမ်းရည်ကို ကျွမ်းကျင်ကြ၏။

ဘုန်း…

ထိုအခိုက်အတန့်တွင် လူအုပ်ကြီးသည် တစ်ချိန်တည်း လေဟာနယ်ကို ဖြတ်သန်းလာသော လူများကို မြင်တွေ့လိုက်ကြရသည်။ သူတို့က ဝင်္ကပါအစီအရင်အတွင်းမှ ရန်ဟောင်များဆီ တိုက်ရိုက်တိုးဝင်သွားလေသည်။ ထိုသည်မှာ အဆုံးမဲ့ကြီးမားသော ကျောက်တိုင်ကြီးတစ်ခုက ဤလေဟာနယ်အား ဖြိုဖျက်လိုက်သကဲ့သို့ပင်။

ချက်ချင်း တိုက်ခိုက်ခံလိုက်ရသော ရန်ဟောင်များက ခုခံကာကွယ်ရန် သူတို့၏ မဟာလမ်းစဥ် စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သို့သော် ကြီးမားသော ခြေရာများ၏ အောက်တွင် မဟာလမ်းစဥ်က ချက်ချင်း ပြိုကျပျက်စီးသွားခဲ့သည်။ ပြင်းထန်သည့် တုန်ခါသံ ထွက်ပေါ်လာပြီး ရန်ဟောင်များသည် ထိုခြေထောက်များအောက်၌ တက်နင်းခံရကာ အပြင်းအထန် ဒဏ်ရာရသွားကြပေသည်။

သေချာသလောက်ပင် ထိုသည်က တမင်သက်သက် ရန်စခြင်း ဖြစ်ပေသည်။ ဤတစ်ကြိမ်၌ မြောက်ပိုင်းနယ်မြေက တုန်းရှောင်းကုမ်းမြေမှ တန်ခိုးရှင်များနှင့် ရင်ဆိုင်ရန် သူတို့၏ ထိပ်တန်းရန်ဟောင်များကို စေလွှတ်ခဲ့သည်။ ယခု ရောက်ရှိလာသူများက မြောက်ပိုင်းနယ်မြေမှ အစွမ်းထက်ဆုံး တန်ခိုးရှင်များ ဖြစ်လေသည်။

ဝင်္ကပါအတွင်းရှိ ရန်ဟောင်တစ်ပါးက ချက်ချင်း အသတ်ခံရလုနီးနီးဖြစ်သွားသော ရန်ဟောင်များအား လှည့်ကြည့်လိုက်သည်။ သူတို့၏ မျက်နှာများက ပြောင်းလဲသွားလေသည်။ ယခင် ကောင်းကင်တိုက်ပွဲနန်းတော်မှ လမ်းစဥ်တိုက်ပွဲက အကြိုလေ့ကျင့်ခြင်းပေလား။

ဤတစ်ကြိမ်၌ သူတို့သည် အလေးအနက်နှင့် အဖွဲ့လိုက်တိုက်ပွဲကို စတင်ခဲ့သည်။

အမတအရှိန်အဝါနှင့် စီနီယာတစ်ယောက်က ဝင်္ကပါအစီအရင်အတွင်းသို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများ၌ ထက်ရှသော အလင်းတို့ ဖျတ်ခနဲ လက်လာခဲ့၏။ သူ့ဘေးမှ တစ်စုံတစ်ယောက်က သူ့ကို ကြည့်ကာ မေးလိုက်သည်။ “မင်း အထဲဝင်သွားချင်လို့လား။”

သိသာစွာပင် သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ အထဲသို့ တစ်ဖက်လူများနှင့် စစ်ပွဲစတင်ရန် လိုအပ်လားဟု မေးနေခြင်း ဖြစ်သည်။

“သူတို့က ဝင်္ကပါအစီအရင်ထဲဝင်ဖို့ လမ်းစဥ်ရှာဖွေတယ်ဆိုတဲ့ ဆင်ခြေကို သုံးသွားတယ်။ သူတို့က ရက်ရက်စက်စက် တိုက်ခိုက်ပေမယ့် နည်းနည်းတော့ ထိန်းထားပြီး သတ်ဖို့မလုပ်ဘူး။ သူတို့ရဲ့ အကန့််သတ်ကို သိပုံပဲ။ ဒီလိုဆိုမှတော့ စောင့်ကြည့်ရအောင်။” စီနီယာက မှတ်ချက်ချလိုက်သည်။ ထိုသို့သော တိုက်ပွဲမျိုးက ဤတစ်ကြိမ် ဝင်္ကပါအတွင်း ဝင်ရောက်လာသော ရန်ဟောင်များအကြား ဆေးအင်ပါယာ၏ သင်ကြားပြသပေးမှုနှင့် ထိုက်တန်သူရှိမရှိ စောင့်ကြည့်၍ ရပေသည်။

“ကောင်းပြီ။” သူ့ဘေးမှလူက မည်သည့်စကားမှ ထပ်မဆိုတော့ဘဲ ထိုဝင်္ကပါအတွင်းရှိ တိုက်ပွဲကိုသာ ဆက်ကြည့်နေတော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset