မြောက်ပိုင်းမှ ရန်ဟောင်များ ၀မ်တုသို့ ရောက်ရှိလာပြီး ကောင်းကင် တိုက်ပွဲနန်းတော်အတွင်းရှိ လမ်းစဥ်တိုက်ပွဲ စင်မြင့်ထက်တွင် ၀မ်တုမှ ရန်ဟောင်များကို စိန်ခေါ်ခဲ့သည်။ ရန်ဟောင် အဆင့် တန်ခိုးရှင်များက တိုက်ပွဲဆင်နွှဲနေကြပြီး ဖြစ်သည်။ ၀မ်တုဘက်မှ တန်ခိုးရှင်များက အနိုင်ရသည်ထက် ရှုံးနိမ့်သည်က ပိုများနေသည်။ သူတို့က တစ်ဖက်သတ် အနိုင်ယူခြင်းကို ခံနေရကြောင်း လူတိုင်းပြောနိုင်ပေသည်။ ရန်ဟောင်များက ဒဏ်ရာ အများအပြား ရရှိနေကြပြီဖြစ်သည်။
ထိုသတင်းထွက်ပေါ်လာသည့်အခါ ၀မ်တုမှ လူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ အင်အားစု အားလုံးက လှုပ်ရှားရန် အသင့် ဖြစ်နေကြကာ မုန်တိုင်း တစ်ခုဖြစ်ပေါ်ရန် အစပျိူးနေခဲ့ပြီ ဖြစ်၏ ။
ဤတစ်ကြိမ် ကောင်းကင်တိုက်ပွဲနန်းတော်၌ စုစည်းနေခဲ့သော ရန်ဟောင်များမှာ ထိုနန်းတော်မှ ရန်ဟောင်များသာလျှင် မဟုတ်ပေ။ နေရာအနှံ့မှ ရန်ဟောင်များကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ၀မ်တုအတွင်းရှိ ထိပ်သီးအင်အားစုအချို့မှအပ တုန်းရှောင်းကုန်းမြေ အနီး၀န်းကျင်ရှိ ထိပ်သီးအင်အားစုအားလုံးသည် ဤနေရာသို့ ရောက်ရှိနေကြသည်။ သူတို့၏ အင်အားက အလွန်ပင် အစွမ်းထက်လှသော်လည်း သူတို့က ဖြိုခွင်းခံနေရဆဲပင်ဖြစ်၏။ မြောက်ပိုင်းမှ လာသော တန်ခိုးရှင်များ၏ အင်အားက မည်မျှ သန်မာသည်ကို လူတိုင်း ခန့်မှန်းနိုင်ကြပေသည်။
သူတို့သည် အစွမ်းထက်သူများကြားမှ အစွမ်းထက်သူများပင် ဖြစ်သည်။ မြောက်ပိုင်းမှ ထိုအစွမ်းထက် ရန်ဟောင်များသည် ၀မ်တုသို့ စေလွှတ်ရန် အထူးရွေးချယ်ထားသူများ ဖြစ်ပေသည်။ ထိုကြောင့် သူတို့၏ တိုက်ပွဲခွန်အားက အလွန်ပင် မြင့်မားလှ၏။
ရှေးဟောင်းတော်၀င် ယန် မိသားစုက သူတို့၏ အနောက်တွင် ရှိနေသည်မှာ သေချာပေသည်။ ကောလဟာလများအရ သူတို့က ၀မ်တုအတွင်းသို့ ရောက်ရှိနေပြီးဖြစ်ကာ တည်းခိုဆောင်တစ်ခု၌ တည်းခိုနေသည်ဟု ဆိုကြသည်။
၎င်းသည် ၀မ်တုအတွင်းရှိ အခြေအနေကို အလျှင်အမြန် ရှုပ်ထွေးစေခဲ့သည်။ လူအများက ထိုအကြောင်းနှင့် ပတ်သတ်၍ ပြောဆိုနေကြပေသည်။
လမ်းစဥ်တိုက်ပွဲအပြင် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး အငြင်းအခုန် များစွာ ဖြစ်စေခဲ့သော လူတစ်ယောက်လည်း ရှိသည်။ ထိုလူမှာ ယမန်နေ့က ကျော်ကြားမှုရရှိခဲ့သော ရီလျှို့နျန်ပင် ဖြစ်လေသည်။
ရီလျှို့နျန်သည် အာခီမီစုဝေးပွဲတွင် ဆရာသခင်ကျီဟဲ့ကို ရှုံးနိမ့်စေခဲ့ပြီး ကျော်ကြားမှုကို ရရှိခဲ့သည်။ လူအများက ထိုစုဝေးပွဲပြီးသည့်နောက်တွင် သူ့ကို သိရှိခဲ့ကြသည်။ ကောလဟာလများအရ သူ့ကို စိန်ခေါ်ခဲ့သည့် တစ်စုံတစ်ယောက်အား သူက အကြည့်တစ်ချက်နှင့်ပင် ဒဏ်ရာရစေခဲ့သည်။ သူက အလွန်စွမ်းအားကြီးသော်လည်း မြောက်ပိုင်းမှ အစွမ်းထက်သော တန်ခိုးရှင်တစ်ဦးက လမ်းစဥ်တိုက်ပွဲအတွင်း စိန်ခေါ်ခဲ့သည့်အခါ ရီလျှို့နျန်သည် ၀မ်တုသာမက တုန်းရှောင်းကုန်းမြေတစ်ခုလုံးနှင့် သက်ဆိုင်ခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး တိုက်ပွဲကို ရှောင်တိမ်းကာ ထွက်ခွာသွားခဲ့သည်။ သူ၏ အပြုအမူနှင့် ပုံစံက လူအများကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့၏။
သူက ဆေးဖော်စပ်ခြင်း စွမ်းရည်၌ ဆရာတစ်ဆူ ဖြစ်နေလျှင်ပင် သူ၏ အပြုအမူက အရှက်ကင်းမဲ့လှပြီး နှစ်ဖက် ပဋိပက္ခများတွင် ခေါင်းရှောင်ရန် ကြိုးစားခဲ့သည်။ လူတိုင်းက လက်ရှိအဖြစ်အပျက်များကို စိတ်၀င်စားနေကြသော်လည်း သူသည် ၀မ်တုနှင့်လုံး၀ စည်းခြားထားခဲ့သည်မှာ သိသာလှသည်။ လူအများက မည်သို့ ဖြစ်၍ သူ့ကို အတင်းအဖျင်းမပြောဘဲ နေနိုင်ပါမည်နည်း။
အာခီမီအင်ပါယာ ခေါ်ဆောင်လာခဲ့သော ထို ဆေးဖော်စပ်သူဆရာသခင်ပါရမီရှင်က မည်သူနည်း။ ထိုသူ၏ အပြုအမူတို့က မေးခွန်းထုတ်ဖွယ် ဖြစ်နေခဲ့သည်။
ထို့ပြင် မမေ့သင့်သည်မှာ အာခီမီအင်ပါယာနှင့် ၀မ်ရှန့် စောင့်ကြည့်မျှော်စင် ကြားတွင် ပတ်သတ်မှုရှိသည်ကိုပင် ဖြစ်သည်။ အချို့က ပြောကြသည်မှာ အာခီမီအင်ပါယာသည် ဆေးအင်ပါယာ၏ မိတ်ဆွေကောင်း တုံ့လိုင်နတ်ဘုရားအကြီးအကဲမှ ရွေးချယ်ထားသူဖြစ်လေရာ တုံ့လိုင်နတ်ဘုရားအကြီးအကဲနှင့် ရှေးဟောင်းတော်၀င် ယန်မိသားစုတို့ကြားမှ ပတ်သတ်မှုကို သတိမပြုမိရန်မှာ မဖြစ်နိုင်ပေ။ ဤတစ်ကြိမ်၌ ရီဖူရှင်း ထွက်ပြေးရန် ရွေးချယ်လိုက်ခြင်းက အတင်းအဖျင်းများ ဖြစ်ပေါ်လာစေလိမ့်မည်။
သို့သော်လည်း ရီဖူရှင်းက စိတ်ထဲမထားပေ။ သူတည်းခိုခန်းသို့ ပြန်ရောက်ပြီးနောက် အခန်းတွင် ပိတ်လှောင်ကာ ငြိမ်းချမ်းစွာ ကျင့်ကြံနေတော့သည်။
ထိုစဥ် အလွန်လှပသော အမျိုးသမီးတစ်ယောက်က ရီဖူရှင်း ကျင့်ကြံနေသော ဘေးတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။
“စီနီယာအမ” ရီဖူရှင်းက ခေါ်လိုက်ပြီး ၀င်လာသော တုံ့လိုင်နတ်မိမယ်ကို ကြည့်လိုက်သည်။
“ဘာလို့ ၀င်မပါခဲ့တာလဲ။” တုံ့လိုင်နတ်မိမယ်က တည်ငြိမ်စွာ မေးလိုက်သည်။ မည်သူကမှ ထိုအသံမှနေ၍ သူမ၏ ခံစားချက်ကို မပြောနိုင်ပေ။
“ကျွန်တော် မလုပ်ချင်လို့ မလုပ်ခဲ့တာ။” ရီဖူရှင်းက ရယ်မော၍ ပြောလိုက်သည်။
“မလုပ်ချင်ဘူးတဲ့လား။” တုံ့လိုင်နတ်မိမယ်က ကြည့်လိုက်သည်။ ရီဖူရှင်းက ခေါင်းကို မော့ကာ ထိုအေးစက်၍ ဝံ့ထည်သော ပုံရိပ်ကို ကြည့်၍ ပြောလိုက်သည်။ “ကျွန်တော်က တုံ့လိုင် နတ်ဘုရားအကြီးအကဲရဲ့ လမ်းစဥ်ကို ဆက်ခံခဲ့တယ်။ ကျွန်တော်နဲ့ ကျင့်ကြံဆင့်ခြင်းတူတဲ့ မြောက်ပိုင်း ရန်ဟောင်တစ်ပါးက ကျွန်တော်ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ်လို့ စီနီယာအစ်မ ထင်လား။”
နတ်မိမယ်တုံ့လိုင်၏ မျက်လုံးများက လှုပ်ခတ်သွားပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
“ရှေးဟောင်းတော်၀င် ယန်မိသားစု လူတွေက မလှုပ်ရှားဘူးဆိုတော့ ကျွန်တော်ကလည်း ကိုယ်တိုင် တိုက်ပွဲ လမ်းစဥ်စင်မြင့်ကို သွားပြီး ကိုယ့်အရည်အချင်းကိုယ် ပြစရာမလိုဘူးမလား။ မဟုတ်ရင် ကျွန်တော်က ဘယ်လိုလုပ် တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ ဆက်ခံသူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တော့မှာလဲ။” ရီဖူရှင်းက အပြုံးနှင့် ဖြေလိုက်ပြီးနောက် သူက ဆက်ပြောလိုက်၏။ “စီနီယာအစ်မလည်း ဒီအကြောင်းကို သိမယ်လို့ သေချာပါတယ်။ တကယ်လို့ ကျွန်တော်သာ ရှေးဟောင်းတော်၀င် ယန်မိသားစုက တန်ခိုးရှင်တွေ ထွက်မလာခင် ကိုယ့်စွမ်းရည်ကိုယ် ဖော်ထုတ်လိုက်မယ်ဆိုရင် အရှေ့နတ်ဘုရား ကျွန်းစုနယ်မြေက မျက်နှာပျက်ရလိမ့်မယ်။”
နတ်မိမယ်တုံ့လိုင်က သူ့ကိုကြည့်လိုက်သည်။ ရီဖူရှင်းပြောတဲ့ စကားမှာ အလွန် နည်းလမ်းကျသလို ထင်မှတ်ရပေသည်။
တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူတစ်ယောက်အနေနှင့် သူ၏ ပြိုင်ဘက်သည် ရှေးဟောင်းတော်၀င်ယန်မိသားစုမှ တစ်စုံတစ်ယောက်ဖြစ်သင့်ပေသည်။ ရှေးဟောင်းတော်၀င်ယန်မိသားစု တန်ခိုးရှင်များက ထွက်မလာသေးရာ သူက မည်သို့ လှုပ်ရှားရပါမည်နည်း။ နတ်မိမယ် တုံ့လိုင်က ထိုကိစ္စကိုယ် ထပ်မပြောတော့ပဲ သူမက အကြောင်းအရာပြောင်းလိုက်သည်။ “အပြင်ဘက်မှာ မင်းအကြောင်း ကောလဟာလတွေ ပျံ့နေတယ်။ တန်ခိုးရှင်တွေ အများကြီးက မင်းဒီမှာနေတယ်ဆိုတာကို သိနေကြတယ်။ အတင်းဖျင်းတွေက အများကြီးပဲ ပျံ့နေတာဆိုတော့ ဆူပူမှု တစ်ခုခုဖြစ်လာမှာကို ငါစိုးရိမ်မိတယ်။”
“ကျွန်တော် နာမည်ပျက်သွားမှာကိုလား။ ကျွန်တော်က အခုမှ ရောက်တာလေ။ ဘယ်သူက အဲဒီလို လုပ်မှာလဲ။” ရီဖူရှင်းက မေးလိုက်သည်။
“မင်း ၀မ်ရှန့်စောင့်ကြည့်မျှော်စင်ကို ၀င်တာကနေ တာဆီးဖို့လေ။” တုံ့လိုင်နတ်မိမယ်က ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက ကြောင်အသွားခဲ့၏။ ထို့နောက် ချက်ချင်းပင် နားလည်သွားခဲ့သည်။ သူ၏ ဆေးဖော်စပ်ခြင်းတွင် ပါရမီ ခွန်အားနှင့်သူက ၀မ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ၀င်ရောက်ပြီးနောက် ဆေးအင်ပါယာနှင့် တွေ့ခွင့်ရခဲ့လျှင် အာခီမီနတ်နန်းတော်သည် သူ၏ ခြိမ်းခြောက်မှုကို ခံရမည်ဖြစ်သည်။
သူ့နာမည်သာ ပျက်သွားခဲ့လျှင် သူ့ကိုယ်သူ ဝမ်တုနှင့် စည်းခြားသွားသည်ဟူသော သတင်းက ဝမ်ရှန့် စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များထံ ရောက်ရှိသွားပြီး သူတို့၏အမြင်က သူ့အပေါ်
ဆိုးရွားသွားမည်ဖြစ်သည်။ ထိုအခါ သူဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ရန် အခွင့်အရေးကိုပင် ဆုံးရှုံးရနိုင်ပေသည်။
သို့သော် ကံမကောင်းစွာနှင့် ရန်သူ၏ အားထုတ်မှုက အချည်းနှီးပင် ဖြစ်သည်။ ပထမဆုံးအနေနှင့် ရီဖူရှင်းသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်၍ကျင့်ကြံရန် ရည်ရွယ်ချက်မရှိပေ။ ဒုတိယအနေနှင့် တုံ့လိုင်နတ်ဘုရားအကြီးအကဲနှင့် ဆေးအင်ပါယာတို့၏ ပတ်သတ်မှုကြောင့် ရန်သူသည် သူ့အား မည်သည့် တားဆီးကာကွယ်မှုကိုမှ ပြုလုပ်နိုင်မည်မဟုတ်ပေ။ ထို့ပြင်ရီဖူရှင်း၏ ခွန်အားလဲ ရှိနေသေးသည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲနှင့် ပတ်သတ်မှု ရှိမနေလျှင်ပင် သူသည် ဆေးအင်ပါယာနှင့် တွေ့ဆုံရန် အခွင့်အရေးရှိနေဆဲပင်ဖြစ်၏။
“သွားပြီးကျင့်ကြံတော့။ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်ကို သွားလည်ဖို့ အချိန်ရောက်ရင် ငါမင်းကို လာရှာလိုက်မယ်။” နတ်မိမယ်တုံ့လိုင်က ထွက်မသွားခင် ပြောလိုက်သည်။
သူမ ထွက်သွားပြီးသည်နောက် တစ်စုံတစ်ယောက်က ခိုးကြောင်ခိုးဝှက်အမူအရာနှင့် ဝင်ရောက်လာသည်။ သူက နတ်မိမယ် တုံ့လိုင် ထွက်သွားရာဘက်သို့ လှမ်းကြည့်လိုက်၏။
ရီဖူရှင်းက ထိုသူဆီသို့ တစ်ချက်လှမ်းကြည့်၍ မေးလိုက်သည်။ “ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ။” လင်ချိုးက ပြုံးလိုက်ပြီး လျှောက်လာရင်းနှင့် သူ၏ အပြုအမူကို ပုံမှန်ပြန်ဖြစ်သွားအောင် ထိန်းလိုက်သည်။
သူသည် ယခင်က သံသယဝင်ရုံသာ ရှိသော်လည်း ယခု အတည်ပြုလိုက်ပြီ ဖြစ်သည်။ သို့သော် နတ်မိမယ်တုံ့လိုင်က သူရှာတွေ့သွားသည်နှင့်ပတ်သတ်ပြီး မည်သို့မှ မဖြစ်ပုံရလေသည်။ သိသာစွာပင် သူမက ဂရုမစိုက်ပေ။
သူက လျှောက်လာကာ ရီဖူရှင်း၏ ဘေးနားတွင် ထိုင်ချလိုက်သည်။ သူက တီးတိုးပြောလိုက်၏။ “တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ ဆက်ခံသူလား။”
အစောပိုင်း သူ ဤနေရာ ရောက်လာစဥ်က ခိုးနားမထောင်ရဲခဲ့ပေ။ ထိုအရာက အတော်လေး အရိုသေမဲ့ရာကျပေသည်။ သူသည် နတ်မိမယ်တုံ့လိုင်က ရီဖူရှင်းကို လာကြည့်သည်ဟုသာ သိထားပေသည်။
ထိုအစွမ်းထက် နတ်မိမယ်က တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သမီး ဖြစ်နိုင်သည်။ ရီဖူရှင်းက ဤနေရာသို့ သူမနှင့် လိုက်လာခဲဲ့ပြီး ဝမ်ရှန့် စောင့်ကြည့်မျှော်စင်ကို ဝင်ရောက်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ရီဖူရှင်းက သူ့ကို စိုက်ကြည့်လိုက်သော်လည်း မည်သို့မှ မတုံ့ပြန်ခဲ့ပေ။ သို့သော် လင်ချိုးသည် သူရဲ့ မတုံ့ပြန်ခြင်းက သဘောတူသည်ဟု ယူဆလိုက်သည်။ သူ၏ မျက်လုံးများကလည်း လင်းလက်သွားခဲ့၏။ သူ ရီဖူရှင်းကို ကြည့်သည့် အကြည့်များမှာလည်း ရတနာတစ်ပါးကိုကြည့်နေသကဲ့သို့ပင် ဖြစ်လာခဲ့သည်။
“မင်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ ဆက်ခံသူတပည့် ဆိုမှတော့ မင်းကလည်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကနေ လာခဲ့တာမလား။ မင်းမှာ ကျုပ်ကို ချေးဖို့ အံ့ဖွယ်ဆေးဝါးတွေ နတ်ဆေးလုံးတွေရော မရှိဘူးလား။” ထိုအခိုက်အတန့်တွင် လင်ချိုးက သူ၏ အပြုအမူကို ဂရုမစိုက်တော့ပေ။ တုံ့လိုင်နတ်ဘုရားအကြီးအကဲက မည်သူနည်း။ တုန်းဟွာပိုင်နက်အတွင်း နံပါတ်တစ် ဆေးလုံးဖော်စပ်သူဆရာသခင် ဖြစ်သည်။ ရီဖူရှင်းက သူ၏ ဆက်ခံသူဖြစ်လေရာ သူ့တွင် ဆေးလုံးနှင့် ဆေးဝါးများ ပြတ်လတ်မနေနိုင်ပေ။
“ဒါပေါ့ ရှိတယ်လေ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ လင်ချိုး၏ မျက်လုံးများက ပို၍ပင် တောက်ပလာခဲ့သည်။ သူက ရုတ်တရက် ပျော်ရွှင်သွားခဲ့သည်။
“ဒါပေမယ့် ကျုပ်က ဘာလို့ ခင်ဗျားကို ချေးသင့်တာလဲ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ တစ်စုံတစ်ယောက်ကို ဆေးလုံးဆေးဝါးများ ချေးငှား၍ ရနိုင်သည်လား။ ဆေးလုံးဆေးဝါးဟူသည်မှာ သောက်သုံးလိုက်လျှင် ပျောက်ကွယ်သွားမည့်အရာ ဖြစ်သည်။ ၎င်းကို ပြန်ပေးဖို့ ဖြစ်နိုင်ပါ့မလား။ သူသည် ယခု ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်က ဆေးလုံးချေးငှားလာသည်အား ကြားဖူးခြင်း ဖြစ်သည်။
“ကျုပ်တို့က ညီအစ်ကိုတွေပဲ။ ကျုပ်တို့ ကံကောင်းခြင်းကို မျှဝေသင့်တယ်လေ။” လင်ချိုးက သူ၏ အပြုအမူကောင်းများကိုပင် မေ့လျော့သွားပေသည်။
“…”
ရီဖူရှင်းက လင်ချိုးကို ကြည့်လိုက်သည်။ သူတို့ မည်သည့်အချိန်က ညီအစ်ကို ဖြစ်သွားရသနည်း။ သူတို့၏ ကောင်းချီးကို မျှဝေရမည်လား။
ရီဖူရှင်း၏ အမူအရာကို သတိပြုမိသည့်အခါ လင်ချိုးက ပြောလိုက်သည်။ “အစ်ကိုရီ အနာဂတ်မှာ ဒီညီလေးက အစ်ကိုရီရဲ့ ဦးဆောင်မှုနောက်ကိုပဲ လိုက်ပါ့မယ်။”
“…” ရီဖူရှင်းက လင်ချိုးကို ကြည့်လိုက်သည်။ ထိုလူက အလယ်အလတ်အဆင့် ရန်ဟောင်ဖြစ်သည်။ သူ၏ အရှိန်အဝါက ထူးကဲကာ အားကောင်းသော နောက်ခံအဆင့်အတန်း ရှိသည်။ သို့သော် သူက အလွန် အရှက်ကင်းမဲ့လှသည်။
ယခု သူက တည်ကြည်သော ရန်ဟောင်တစ်ပါး ဖြစ်ရမည့်အစား အရှက်ကင်းမဲ့လှသည့် အပြုအမူတို့ကို ပြုလုပ်နေရာ ရီဖူရှင်းက မည်သို့ တတ်နိုင်ပါမည်နည်း။
သူက ရွှံ့စေးနှင့် ပြုလုပ်ထားသော ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ လင်ချိုးထံ ကမ်းပေး၍ ပြောလိုက်သည်။ “ဒီထဲမှာ နတ်ဆေးဝါးတော်တော်များများရှိတယ်။ ဒါတွေအားလုံးက ကျုပ်ရဲ့ ရတနာတွေပဲ။ အဲဒါတွေကို နတ်မိမယ်တို့က ကျုပ်အတွက် ပေးခဲ့တာ။ ဒါပေမယ့် အခု ခင်ဗျားကို ပေးလိုက်တော့မယ်။ ဒါက ကျုပ် ကောင်းချီးကို မျှဝေလိုက်တာပဲ။ ဒါကြောင့် နောက်ပိုင်းမှာ မကောင်းတဲ့ကိစ္စတွေရှိလာရင် ခင်ဗျားနဲ့ပဲ အပ်ထားလိုက်တော့မယ်။”
သူက စကားပြောပြီးသည့်အခါ လင်ချိုး၏ ပခုံးကို ပုတ်လိုက်သည်။ လင်ချိုးက မျက်ရည်လည်လုမတတ် စိတ်လှုပ်ရှားသွားခဲ့၏။
“ကျုပ်မှာ ရှိသမျှအားလုံးပေးပါ့မယ်။” လင်ချိုး၏ မျက်လုံးများက နီရဲလာသည်။ သူက လက်ကို ဆန့်ထုတ်ကာ ဆေးပုလင်းကို ယူလိုက်သည်။ သူက အားကုန်သုံး၍ ယူလိုက်ပါသော်လည်း ဆေးပုလင်းကို ယူ၍မရပေ။ သူက ရီဖူရှင်းအား ဇဝေဇဝါနှင့် ကြည့်ကာ ဆက်ပြောလိုက်သည်။ “အစ်ကိုရီအတွက်ဆိုရင် ငရဲပြည်ဆင်းရဆင်းရ အသက်စွန့်ရစွန့်ရ တွေဝေနေမှာ မဟုတ်ပါဘူး။”
ရီဖူရှင်းက နောက်ဆုံး၌ လွှတ်ပေးလိုက်သည်။ ဆေးပုလင်းပေါ်ရောက်နေသော လင်ချိုး၏ အကြည့်များက တောက်ပနေ၏။ လင်ချိုးက ဆေးပုလင်းကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။ သူက ရီဖူရှင်း နောင်တရမည့် အခွင့်အရေးကို ပေးမည် မဟုတ်ပေ။
“အစ်ကိုရီ ကျုပ် ခင်ဗျား ကျင့်ကြံတာကို ထပ်မနှောက်ယှက်တော့ပါဘူး။ ကျုပ် လုပ်စရာရှိတဲ့ ကိစ္စလေးပေါ်လာလို့ သွားတော့မယ်။ အစ်ကိုရီ အမိန့်ပေးစရာတစ်ခုခုရှိရင် ကျုပ်ကို အချိန်မရွေး လာရှာလှည့်ပါ။ သူက ပြောပြီးသည်နှင့် တချိုးတည်း ပြေးထွက်သွားတော့သည်။ သူ့ထက်မြန်သည့်သူပင် သူ့လောက်မြန်မည် မဟုတ်ချေ။
“…”
ရီဖူရှင်းက လင်ချိုးထွက်သွားသည်ကို မြင်သည့်အခါ မျက်တောင်အကြိမ်အနည်းငယ် ခတ်လိုက်သည်။
အရှက်မရှိလိုက်တာ။
သူသည် မည်သည့်အခါကမှ ထိုမျှ အရှက်မရှိသော ရန်ဟောင်ကို မမြင်ဖူးပေ။
ဟင်း….. သူက သက်ပြင်းချလိုက်သည်။ သူ၏ ရတနာဆေးလုံးလေးများက မည်မျှ နှမြောစရာကောင်းလိုက်သနည်း။
သူက လက်ကို ဆန့်ထုတ်လိုက်လျှင် အစောက ဆေးပုလင်းနှင့် တစ်ပုံစံတည်းတူသည့် နောက်ထပ်ဆေးပုလင်းတစ်ခု ပေါ်ပေါက်လာသည်။ သူက ဆေးပုလင်းကို ဖွင့်ကာ အထဲမှ ဆေးတစ်လုံး ထုတ်ယူလိုက်သည်။ ထို့နောက် သူက ပါးစပ်တွင်း ပစ်ထည့်ကာ ဝါးမြိုလိုက်သည်။ တခဏအတွင်းမှာပင် သူ့ခန္ဓာကိုယ်တဝိုက်တွင် အစွမ်းထက်သော အရှိန်အဝါတို့ ထွက်ပေါ်လာသည်။
ထိုသို့ အဖိုးတန်ဆေးဝါးမျိုး…. သူ့အတွက် ထိုဆေးဝါးများ ပြုလုပ်ရန် လွယ်ကူပါရဲ့လား။ သူ့ထံတွင် ဆေးပုလင်းတစ်ရာခန့်သာ ကျန်တော့သည်။
နောက်ရက်များတွင် လင်ချိုးက ရီဖူရှင်းဘေးသို့ ရောက်လာပြန်သည်။ သို့သော်လည်း ဤတစ်ကြိမ်၌ သူသာလျှင်မဟုတ်ဘဲ ဟန်ထျယ်နှင့် လန်ရယ့် ဟူသည့် ညီအစ်ကိုနှစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့သည်။ သူတို့သည် နဂါးဝပ်ဆင်းအိမ်တော်သခင် သုံးယောက်၏ မျိုးဆက်များ ဖြစ်သည်။ ယခုတွင် လင်ချိုးက ပြောင်းလဲသွားပြီဖြစ်၏။ သူ့အဆင့်က ပိုမြင့်သွားသည်ဟု ထင်မှတ်ရသည်။ သူ့မျက်နှာက တောက်ပနေပြီး သူက ပို၍ တက်ကြွနေသည်။
သူတို့ သုံးယောက်က ရီဖူရှင်းကို တွေ့သောအခါ တစ်ချိန်တည်း အရိုအသေပြုလိုက်ကြသည်။ ထို့နောက် လင်ချိုးက ရီဖူရှင်းကို ကြည့်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ “ကျုပ်တို့ကို ဒီလို ဆေးလုံးတွေ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုရီ။”
ဆေးလုံးများက အဆင့်မြင့်နတ်ဆေးလုံးများဖြစ်ကာ အသုံးပြုသူ၏ လမ်းစဥ်အား အခြေခံအုတ်မြစ်ကို ခိုင်မာလာစေသည်။ သူတို့ စားသုံးပြီးနောက် မဟာလမ်းစဥ် အခြေခံအုတ်မြစ်က တည်ငြိမ်လာကာ အသက်စွမ်းအားက ကြံ့ခိုင်သန်စွမ်းလာပြီး အားအင်များလည်း တိုးပွားလာပေသည်။ တစ်ရက်ကျင့်ကြံလိုက်သည်နှင့် ကျင့်ကြံဆင့်ကို အများကြီး အထောက်အကူပြုပေ၏။ ထိုသို့သော အံ့ဖွယ်နတ်ဆေးဝါးကို မည်သည့်နေရာ၌ သွားရှာရမည်နည်း။
ရီဖူရှင်းက သဘောထား ကြီးလှသည်။ ထိုသို့သော သဘောထားကြီးမှုကြောင့် သူတို့က မည်သို့ ကျေးဇူးမတင်ဘဲ နေနိုင်ပါမည်နည်း။
ရီဖူရှင်းက သူတို့ကိုကြည့်၍ လက်ကို ယမ်းလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ “ကျုပ်တို့က အခု ညီအစ်ကိုတွေဆိုတော့ ယဥ်ကျေးနေစရာမလိုပါဘူး။ အဲဒီဆေးတွေကို ကျုပ်ရဲ့ အကြီးအကဲက ကျုပ် အဆင့်တက်လို့ရအောင် ပေးထားပေမယ့် ခင်ဗျားတို့ လိုတယ်ဆိုလို့ ပေးလိုက်တာ။ ကျုပ်က အဲဒီအတွက် နောက်ထပ် ဆယ်စုနှစ်နည်းနည်းလောက် ထပ်ကျင့်ကြံရမယ်။ နောက်ထပ် ဆယ်စုနှစ်နည်းနည်းလောက်ပါပဲ။ သိပ်မများပါဘူး။”
“ဒါက..” သူတို့သုံးယောက်က အလွန်ပင် ကျေးဇူးတင်သွားကြသည်။ သူတို့က ရီဖူရှင်း၏ သဘောထားကြီးမှုအောက်တွင် အပြီးတိုင် ကျရှုံးသွားတော့သည်။ သူက အလွန် ဖြောင့်မတ်ပြီး ကောင်းကင်တမျှ သဘောထားကြီးသော ညီအစ်ကိုအစစ်အမှန်ပင် ဖြစ်တော့သည်။
***