မြောက်ပိုင်း တော်ဝင်မိသားစုမှ ရန်ဟောင်က လမ်းစဥ်တိုက်ပွဲစင်မြင့်တွင် ကျန်ရစ်ပြီး ထွက်မသွားပေ။ သူက ကောင်းကင်တိုက်ပွဲနန်းတော်မှ ရန်ဟောင်များကို ဝေ့ဝဲကြည့်ရှုနေသည်။ သူ၏ ခန္ဓာကိုယ်က ရွှေရောင်တောက်ပနေပြီး မျက်လုံးများက တော်ဝင်တစ်ယောက်၏ မောက်မာမှုတို့ကို သယ်ဆောင်ထားသည်။ သူသည် ကုန်းမြေတစ်ခုလုံးကို အစိုးရသော တော်ဝင်မိသားစုမှ ရန်ဟောင်တစ်ပါး ဖြစ်လေသည်။
“တုန်းရှောင်းကုန်းမြေရဲ့ မြို့တော် ဝမ်တုက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကြောင့် ကျော်ကြားပြီး တုန်းရှောင်းကုန်းမြေရဲ့ နံပါတ်တစ်မြို့တော် ဖြစ်လာတယ်။ ဒီနေ့ ဝမ်တုရဲ့ လမ်းစဥ်တိုက်ပွဲနေရာက တိုက်ပွဲနန်းတော်မှာ ရှိတယ်။ ဒါကြောင့် အခု တန်ခိုးရှင်တွေ အားလုံးက ဝမ်တုမှာ ရောက်နေကြတယ်။ ဒါက ခင်ဗျားတို့ရဲ့ တိုက်ပွဲခွန်အားလို့တော့ မပြောနဲ့နော်” မြောက်ပိုင်းမှ ရန်ဟောင်က ပြောလိုက်သည်။ သူ့အသံက မောက်မာနေပြီး အေးသက်သည့် အသံမှနေ၍ ဝမ်တုမှ တန်ခိုးရှင်များအပေါ် သူ၏ အထင်အမြင်သေးမှုကို သိမြင်နိုင်သည်။
သူက ပင်မ ယန်ယွင်ကုန်းမြေမှ တန်ခိုးရှင်မဟုတ်သော်လည်း ကုန်းမြေတစ်ခုကို အုပ်စိုးသော တော်ဝင်မိသားစုမှ ဖြစ်သည်။ သူက အစွမ်းထက်လှပြီး မြောက်ပိုင်းမှ လာသော အဖွဲ့များကြား၌ပင် သူက အဆင့်တူများအကြား အားကောင်းသော တိုက်ပွဲစွမ်းရည်ရှိသူ ဖြစ်ပေသည်။ ထို့ကြောင့် ကောင်းကင်တိုက်ပွဲနန်းတော်မှ ရန်ဟောင်က ဆိုးဆိုးဝါးဝါး ထိခိုက်ကာ ရှုံးနိမ့်သွားခဲ့ရသည်။
ရန်ဟောင်က ပြောပြီးသည်နှင့် ကောင်းကင်တိုက်ပွဲနန်းတော်၏ ခန့်ထည်သော လေထုက ဖိနှိပ်နိုင်သော အရှိန်အဝါကြောင့် မွန်းကြပ်လာပေသည်။ ကြီးမားသော ရှေးဟောင်းခန်းမကြီး၏ ရှေ့တွင် တန်ခိုးရှင်များသည် မြောက်ပိုင်းမှ အစွမ်းထက် ရန်ဟောင်ကို ကြည့်ကာ တိတ်ဆိတ်နေကြသည်။
ထိုသို့သော လမ်းစဥ်တိုက်ပွဲအတွက် သူတို့သည် အဆင့်မြင့်သော တန်ခိုးရှင်အား ပို့ရန် အဆင့်တူများကြား၌ မြောက်ပိုင်းရန်ဟောင်ကို ရှုံးနိမ့်စေနိုင်သော စွမ်းရည်ရှိသည့် တစ်ယောက်ယောက်ရှိပါမည်ဟု မည်သူမှ ယုံကြည်ချက်မရှိပေ။ မြောက်ပိုင်းရန်ဟောင်က သူ၏ ခွန်အားအစစ်အမှန်ကိုပင် မပြရသေးပေ။ ယခင်တိုက်ပွဲတွင် ထိုနှစ်ယောက်ကြားမှ ကွာခြားမှုက အလွန်ကြီးမားလှသည်။ တိုက်ခိုက်သူသည် သူတတ်နိုင်သမျှ အင်အား အားလုံးအသုံးပြုကာ တိုက်ခိုက်ခဲ့သော်လည်း ကျရှုံးခဲ့သည်။
“မင်းက တိုက်ခိုက်ချင်တုန်းပဲလား။” ကောင်းကင်တိုက်ပွဲနန်းတော်သခင်က မေးလိုက်သည်။
မြောက်ပိုင်းမှ ရန်ဟောင်သည် သူ့ကို ကြည့်ကာ ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။ “ဒါပေါ့။”
“မြောက်ပိုင်းကလာတဲ့ ဧည့်သည်တွေကို ပြန်ဧည့်ခံပေးမယ့် ဝမ်တုက ကျင့်ကြံသူတစ်ယောက်ယောက်များ မရှိဘူးလား။” ယန့်ကျန်းက လူအုပ်ကြီးကို ကြည့်ရင်း မေးလိုက်သည်။ ပြိုင်ဘက်က အရင်ဆုံး သူ၏ ခွန်အားကို ပြသပြီး ဖြစ်သည်။ ဆက်ပြီးတိုက်ခိုက်မည်ဆိုလျှင် သူတို့က အရေးသာနိုင်ပေသည်။ သူတို့က ရန်သူ့ကျင့်ကြံသူ၏ ခွန်အားကို မြင်ဖူးပြီးဖြစ်ရာ အကဲခတ်ရန် ပို၍ လွယ်ကူလာပေလိမ့်မည်။
ကြိုတင်ပြင်ဆင်သည့်အနေနှင့် သူတို့သည် တူညီသောအဆင့်မှ လုံလောက်အောင် သန်မာသော ရန်ဟောင်တစ်ပါးကို လိုအပ်ပေသည်။
“ကျုပ် တစ်ယောက်ယောက်ကို ထောက်ခံချင်တယ်။” ထိုအချိန်၌ တစ်ယောက်က ပြောလိုက်သည်။ ချက်ချင်းပင် လူအများ၏ အကြည့်ကစကားပြောသူထံ ရွေ့လျားသွား၏။ လူအများ၏ မျက်လုံးများက လင်းလက်သွားသည်။ ၎င်းမှာ အာခီမီနတ်နန်းတော်မှ ချီမု ဖြစ်သည်။
အာခီမီနတ်နန်းတော်က အလွန် အစွမ်းထက်ပြီး ကျင့်ကြံသူများက နေရာအနှံ့တွင် ရှိသည်။ အာခီမီနတ်နန်းတော်၏ ဆက်ခံသူအနေနှင့် ချီမု၏ အမြင်က သေချာပေါက် အပြစ်ပြောစရာ ရှိမည် မဟုတ်ပေ။ သူ ထောက်ခံချက်ပေးမည့် တန်ခိုးရှင်က အလွန် အစွမ်းထက်ရပေမည်။
“ကျေးဇူးပြုပြီး ပြောပါ။” ယန့်ကျန်းက ပြောလိုက်သည်။
ထို့နောက် ချီမု၏ အကြည့်များက တဖြေးဖြေး ရွေ့လျားသွားပြီး နောက်ဆုံး၌ ရီဖူရှင်းပေါ် ကျရောက်သွားသည်။ သူက ပြုံးကာ ပြောလိုက်၏။ “အစောပိုင်းတုန်းက ရန်ဟောင်ရီကို ရန်ဟောင်တချို့က မဟာလမ်းစဥ်အကြောင်း မေးခဲ့ပေမယ့် ရန်ဟောင်ရီက မပါဝင်ခဲ့ဘူး။ သူက ပြိုင်ဘက်ကို အကြည့်တစ်ချက်နဲ့ ရှုံးနိမ့်စေခဲ့တာဆိုတော့ သူ့ ခွန်အားက တွေးဆမရအောင် နက်နဲလိမ့်မယ်။ သူက အဆင့်လေးမှာပဲ ရှိနေပေမယ့် သူ့ကို နန်းတော်သခင်ငယ် တစ်ယောက်ပဲ ယှဥ်ပြိုင်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ရန်ဟောင်ရီ ပြောတာကို အခြေခံရရင် သူ့ရဲ့ တိုက်ပွဲခွန်အားက အားကောင်းမှာကို သံသယဖြစ်စရာမလိုဘူး။ ရန်ဟောင်ရီသာ ဆန္ဒရှိမယ်ဆိုရင် သူက မြောက်ပိုင်းက ဧည့်သည်အပေါ် အံ့သြစရာအကြီးကြီး ပေးလိုက်နိုင်မယ်ဆိုတာ သေချာတယ်။”
လင်ချိုးနှင့် ရီဖူရှင်းဘေးမှ အခြားသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။ ချီမုက ကိုယ်တိုင် ရှေ့မထွက်ဘဲ ရီဖူရှင်းကို ထောက်ခံလိုက်သည်။ သူက အတော်လေး တွက်ဆတတ်သူ ဖြစ်ပေသည်။ ရီဖူရှင်းက အနိုင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူ့အတွက် အရှုံးမရှိပေ။ အနည်းဆုံး သူက ရီဖူရှင်း၏ ခွန်အားကို မြင်တွေ့ရကာ ချင့်ချိန်နိုင်ပေလိမ့်မည်။
“အမှန်ပဲ။ ကျုပ်လည်း ရန်ဟောင်ရီက သင့်တော်တယ်လို့ ထင်တယ်။” ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်က ပြောလိုက်သည်။ သူတို့သည်လည်း ရီဖူရှင်း၏ ခွန်အားကို မြင်တွေ့ချင်ပြီး သူက မြောက်ပိုင်းမှ အစွမ်းထက် ရန်ဟောင်ကို တိုက်ခိုက်နိုင်ခြင်း ရှိမရှိ တွေ့လိုကြပေသည်။
ချက်ချင်းပင် ကောင်းကင်တိုက်ပွဲနန်းတော်မှ လူများအပါအဝင် တန်ခိုးရှင်များ၏ အာရုံက ရီဖူရှင်းထံ ကျရောက်လာသည်။ သူတို့သည် ရီဖူရှင်းမည်မျှ သန်မာသည်ကို အစောပိုင်းက မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူက အကြည့်တစ်ချက်နှင့်ပင် အဆင့်တူရန်ဟောင်ကို ဒဏ်ရာရအောင် လုပ်နိုင်စွမ်းရှိသည်။ အကယ်၍ သူသာ ရှေ့ထွက်မည်ဆိုလျှင် အခွင့်အရေး ရရှိလိမ့်မည် ဖြစ်သည်။
“အားနာမိပါရဲ့။ ကျုပ်က ဝမ်တုရဲ့ ကျင့်ကြံသူမဟုတ်ဘူးလေ။” ရီဖူရှင်းက ချီမုကို တစ်ချက်ကြည့်လိုက်သည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဖြစ်ခဲ့ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အကျိုးအမြတ်များစွာ ရခဲ့ပြီးနောက် သူသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ရန်သူဖြစ်သော ရှေးဟောင်းတော်ဝင် ယန်မိသားစုအပေါ် အလွန် သဘောမတွေ့ခဲ့ပေ။ ထိုရန်ဟောင်များက ရှေးဟောင်းတော်ဝင် ယန်မိသားစုနောက်မှ လိုက်ပါလာခြင်း ဖြစ်သည်။ ထပ်ပြောရလျှင် သူတို့က ဤနေရာသို့ ဖိအားပေးကာ တိုက်ခိုက်သည့်အခါတွင်လည်း ရက်စက်၍ အကြင်နာကင်းမဲ့ပေသည်။ သူက သူတို့ကြောင့် ဒေါသထွက်ပြီး စိတ်အနှောက်အယှက် ဖြစ်ရသည်။
သို့သော် ထိုသည်မှာ သူက ချီမု၏ သဘောထားနောက်သို့ လိုက်ကာ လုပ်ပေးမည်ဟု မဆိုလိုပေ။ ချီမု၏ စကားများက သူ့ကို ပို၍ စိတ်အနှောက်အယှက် ဖြစ်စေပေသည်။
ချီမုက သူကိုယ်တိုင်လည်း ရှေ့မထွက်ဘဲ အာခီမီနတ်နန်းတော်မှ လူများကိုလည်း ရှေ့ထွက်ဖို့ မမေးသော်လည်း သူ့ကို ရှေ့သို့ တွန်းလွှတ်နေသည်လား။
ထို့ပြင် သူသည် လူအုပ်ကြီးရှေ့၌ ပြောခဲ့သေးသည်။ ၎င်းသည် သူ့ကို တိုက်ခိုက်ရန် ဖိအားပေး၍ ထောက်ချောက်ဆင်နေသည်ဟု ခံစားရပေသည်။
ထိုသို့သော အခြေအနေမျိုးတွင် ထောက်ချောက်ထဲ ပိတ်မိသွားပြီး တုန်းရှောင်းကုန်းမြေ၏ အင်အားစုများအလယ်တွင် ကြည့်ရသည်မှာ ရွေးချယ်စရာ မရှိတော့သလိုပင်။ သူသာ ငြင်းပယ်ခဲ့လျှင် လူအများကို ဆန့်ကျင်မိပေလိမ့်မည်။
ကံမကောင်းစွာနှင့် ရီဖူရှင်းက မည်သူ့ကိုမှ ဂရုစိုက်ခြင်း မရှိပေ။ သူက အခြားသူများ စိတ်ကျေနပ်ရန် လုပ်ဆောင်ရန် မလိုအပ်သလို ဝမ်တုမှ တန်ခိုးရှင်များသည်လည်း သူ့ကို သဘောကျရန် မလိုအပ်ပေ။ သူက ဤနေရာသို့ လာရောက်ခြင်းမှာ အလည်အပတ်သဘောသာ ဖြစ်လေသည်။
ကောင်းကင်တိုက်ပွဲနန်းတော်က သူ၏ ရန်သူ ဖြစ်လာလျှင်ပင် သူက ဂရုစိုက်မည် မဟုတ်ပေ။
လူအများသည် ရီဖူရှင်း၏ အဖြေကို ကြားပြီးနောက် သူတို့အမူအရာက ဇဝေဇဝါဖြစ်လာကြသည်။ ရီဖူရှင်း၏ စကားလုံးများက အခြားသူများနှင့် သူ့ကြားမှ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်း မဟုတ်ပါလား။
“ရန်ဟောင်ရီ၊ ခင်ဗျားက ဘာကိုဆိုလိုတာလဲ။ ခင်ဗျားက ဝမ်တုက မဟုတ်ရင်တောင် ထိုက်ယွမ်ကုန်းမြေက လာတာပဲလေ။ အဲဒါက တုန်းရှောင်းကုန်းမြေနဲ့ အတူတူပဲပေါ့။” ချီမုက စိတ်အနှောက်အယှက်မဖြစ်သလို ပြုံးကာ ပြန်ဖြေလိုက်သည်။ သူက ရီဖူရှင်း မည်သူဖြစ်သည်ကို သိချင်နေသည်။ ထိုသို့သော စကားမျိုးပြောခြင်းက အလွန် တုံးအသည်ဟု ထင်မှတ်ရပေသည်။
“ကျုပ်က အာခီမီအင်ပါယာနဲ့အတူ လာခဲ့ပေမယ့် ထိုက်ယွမ်ကုန်းမြေက လာတာ မဟုတ်ဘူး။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ၎င်းသည် သူ့ကိုယ်သူ အခြားသူများနှင့် စည်းခြားရန် အကောင်းဆုံး ကြိုးစားလိုက်သလို ခံစားလိုက်ရပေသည်။ ၎င်းသည် လူအများကို ရှုပ်ထွေးသွားစေပြီး အချို့သော ရန်ဟောင်များကို ဒေါသထွက်သွားစေသည်။
“မင်းက မတိုက်ခိုက်ချင်ဘူးဆိုရင်တောင် ဒီလိုတွေလုပ်နေစရာမလိုပါဘူး။ ခင်ဗျားက တုန်းရှောင်းကုန်းမြေက မဟုတ်ဘူးဆိုရင် ဝမ်တုကိုလာပြီး ဒီနေရာမှာ ဘာထိုင်လုပ်နေတာလဲ။” ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်တစ်ယောက်က အေးစက်စွာ မေးလိုက်သည်။
“ရန်ဟောင်ရီက ဒီနေရာကို အာခီမီအင်ပါယာနဲ့ လိုက်လာတာ။ မင်းရဲ့ ခွင့်ပြုချက်ကို လိုနေလို့လား။ ချင်းဟယ်နန်းတော်ရဲ့ စီရင်ပိုင်ခွင့်က ဘယ်တုန်းက ဒီလောက် ကျယ်ပြန့်သွားတာလဲ။ ဒီနေရာမှာ ထိုင်ဖို့အတွက် ရန်ဟောင်ရီကို ကျုပ် ဖိတ်ထားတာ။ မင်းတို့က မကြိုဆိုဘူးဆိုရင် ကျုပ်တို့ ထွက်သွားပေးမယ်။” ဘေးဘက်တွင် ထိုင်နေသော လင်ချိုးက စိတ်တိုကာ ပြောလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။ “အာခီမီနတ်နန်းတော်နဲ့ ချင်းဟယ်နန်းတော်မှာ လူတော်တွေ ဒီလောက်ပေါများနေတာ ဘာလို့ မင်းတို့ ရှေ့ထွက်ပြီး မတိုက်တာလဲ။ တခြားလူကို တိုက်ခိုက်ဖို့ ရှေ့တွန်းပို့နေတာ ဘာအဓိပ္ပါယ်လဲ။ အာခီမီနတ်နန်းတော်က တုန်းဟွာပိုင်နက်အတွင်းမှာ နံပါတ်တစ် သန့်စင်မြင့်မြတ်နယ်မြေလို့ မနေ့က ကြေညာခဲ့သလားလို့။ ဘာလို့အခုပဲ ရှေ့ထွက်သက်သေမပြလဲ။ အာခီမီနတ်နန်းတော်နဲ့ ချင်းဟယ်နန်းတော်က ဝမ်တုရဲ့ အင်အားစုတွေ မဟုတ်ဘူးလား။ ဖြစ်နိုင်တာ မင်းတို့က တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ရန်ဟောင်မရှိမှာ စိုးနေကြတာလား။”
သူ့လေသံက ပေါ့ပါးကာ တည်ငြိမ်နေသော်လည်း ကျိန်ဆဲနေပုံရပေသည်။ ၎င်းသည် အာခီမီနတ်နန်းတော်နှင့် ချင်းဟယ်နန်းတော်၏ လူများကို မပျော်မရွှင်ဖြစ်အောင် ပြုလုပ်နိုင်ပေသည်။
“တော်လောက်ပြီ။” ကောင်းကင်တိုက်ပွဲနန်းတော်သခင် ယန့်ကျန်းက ပြောလိုက်သည်။ ထို့နောက်မှသာ သူတို့ ဆူပူရန်ဖြစ်နေခြင်းက မသင့်လျော်ကြောင်း သတိပြုမိလိုက်ကြပေသည်။
ကောင်းကင်ထက်မှ မြောက်ပိုင်းတန်ခိုးရှင်က သူတို့ကို ကြည့်နေသည်။ သူတို့ မျက်နှာထက်တွင် အေးစက်၍ သရော်သော အပြုံးတို့ ရှိနေသည်။ ဝမ်တုတွင် တစ်ယောက်မှ မရှိသည်လား။ တိုက်ပွဲ ရှောင်လွှဲရန်အတွက် သူတို့အချင်းချင်းပင် ကိုက်နေကြသေးသည်။
လူအများက ရီဖူရှင်းကို အေးစက်စွာ စိုက်ကြည့်နေကြသည်။ ကြည့်ရသည်မှာ ရီဖူရှင်းက ထိုပဋိပက္ခများ၏ အရင်းအမြစ် ဖြစ်ပုံရသည်။ လူအများက မပျော်ရွှင်ကြတော့ပေ။
“မတိုက်ခိုက်ချင်ဘူးဆိုရင် ဒီမှာနေနေစရာ ဘာအကြောင်းရှိတော့လို့လဲ။” တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ ရီဖူရှင်းက စကားပြောလာသည့် ထိုလူကို ကြည့်လိုက်ကာ သူက သတိမထားမိသလို ပြုံးလိုက်၏။ ထို့နောက် သူက ထရပ်ကာ ယန့်ကျန်းကို ပြောလိုက်သည်။ “အနှောက်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။”
ထို့နောက် သူက ထွက်ခွာသွားသည်။ သူ၏ အဖြူရောင်ဝတ်ရုံက လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး ဝံ့ကြွားသော ခံစားချက်ကို ချန်ရစ်ခဲ့သည်။ လူအများက အံ့သြသွား၏။ သူက တကယ်ပဲ ထွက်သွားပြီလား။
“ပျင်းစရာကောင်းတယ်။ ကျုပ်လည်း သွားလိုက်ပါဦးမယ်။” လင်ချိုးနှင့် အခြားသူများက ထရပ်ကာ ထွက်သွားတော့သည်။ သူက ခံစားချက်ကောင်းမနေပေ။ သူ့အား တိုက်ပွဲဝင်ရန် တစ်စုံတစ်ယောက်က ဖိအားပေးလာပါက သူသည်လည်း ရီဖူရှင်းကဲ့သို့ ခံစားရပေလိမ့်မည်။
ထို့ပြင် သူသည် ရီဖူရှင်း၏ သရုပ်မှန်ကို သိထားသည်။ သည်လူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လာခြင်းဖြစ်ပြီး တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူ ဖြစ်နိုင်ပေသည်။ သူ၏ ဆေးဖော်စပ်မှုစွမ်းရည်သာမက တိုက်ပွဲစွမ်းရည်သည်လည်း ထူးချွန်လှသည်။ ထိုသို့သော တစ်စုံတစ်ယောက်က မည်သို့ မမောက်မာဘဲ နေပါမည်နည်း။ အဆက်မပြတ် တိုက်ပွဲဝင်ရန် ဖိအားပေးခံနေရပါက စိတ်မတိုရန်မှာ မဖြစ်နိုင်ပေ။
မြောက်ပိုင်းတန်ခိုးရှင်များက တိုက်ခိုက်ရန် လာကြသည်။ ရီဖူရှင်းက တိုက်ခိုက်လိုလျှင် သူက ကိုယ်ပိုင်ဆန္ဒနှင့်သာ တိုက်ခိုက်မည်ဖြစ်ပြီး ဖိအားပေးခံရ၍ မဖြစ်နိုင်ပေ။
အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဆက်ခံသူဟူသော ရီဖူရှင်း၏ သရုပ်မှန်ကို ထိုလူများ သိသွားလျှင် ထိုသူတို့က မည်သို့ တွေးပါမည်နည်း။
ထိုအချိန်တွင် ရီဖူရှင်းတို့အဖွဲ့ ထွက်သွားသည်ကို မြင်သောအခါ ကောင်းကင်တိုက်ပွဲနန်းတော်မှ တန်ခိုးရှင်များက မပျော်မရွှင် ဖြစ်သွားကြသည်။ သူတို့က အမှန်တကယ်ပင် သူတို့အား မျက်နှာသာမပေးခဲ့ပေ။ စကားပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူတို့က ဒေါသပေါက်ကွဲသွားကြသည်လား။
နဂါးဝပ်ဆင်းတောင်တန်းမှ လူများသည် ထိုရွာအကြီးအကဲများကဲ့သို့ပင် သဘာဝအရ သီးသန့်ဆန်ကာ မိတ်ဆွေဖွဲ့ရန် ခက်လှသည်။
“အကုန်လုံးက တိုက်ပွဲကို ရှောင်နေကြတယ်။ ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ။” တစ်စုံတစ်ယောက်က တိုးသက်စွာ သရော်လိုက်သည်။ သို့သော်လည်း မည်သူကမှ မတုံ့ပြန်ပေ။ ထို့အစား သူတို့က ကောင်းကင်ထက်ရှိ တန်ခိုးရှင်များကို မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူတို့က ရီဖူရှင်းအကြောင်း ဆွေးနွေးနေရမည့် အချိန်မဟုတ်ပေ။ သူတို့က မပျော်ရွှင်လျှင်ပင် မျိုသိပ်ထားရန်သာ တတ်နိုင်သည်။
ရီဖူရှင်း၏ အဖွဲ့က လေထဲတွင် ပျံသန်းကာ ထွက်ခွာသွားပြီ ဖြစ်သည်။ သူတို့က တည်းခိုဆောင်ရှိရာသို့ ဦးတည်သွားကြသည်။
“ဘာလို့ ကျုပ်နဲ့ လိုက်လာတာလဲ။” ရီဖူရှင်းက သူ့နောက်သို့ အမီလိုက်လာသော လင်ချိုးကို မေးလိုက်သည်။
“ကျုပ်တို့က အတူလာမှတော့ အတူပြန်ရမှာပေါ့။” လင်ချိုးက ပြန်ဖြေလိုက်၏။
“သူတို့တွေနဲ့ သီးခြားဖြစ်သွားမှာ မကြောက်ဘူးလား။” ရီဖူရှင်းက အပြုံးနှင့် မေးလိုက်သည်။
“နဂါးဝပ်ဆင်းတောင်တန်းက အမြဲတမ်း သီးသန့်လှုပ်ရှားကြတယ်။ တန်ခိုးရှင်တွေရဲ့ ခရီးစဥ်က အမြဲတမ်း တစ်ကိုယ်တည်း လျှောက်လမ်းကြရတယ်။ သူတို့က ဘယ်အချိန်မှာ အဖော်ရှာဖို့ လိုအပ်လိမ့်မလဲ။” လင်ချိုး ပြန်ဖြေလိုက်သည်။ “တခြားတစ်ဖက်မှာ မင်းက ဝမ်တုကို လာခဲ့တယ်။ အဲဒါနဲ့တင်ပဲ မင်းက ဝမ်တုက အင်အားစုတွေကို ဆန့်ကျင်ပြီး ဖြစ်နေခဲ့ပြီ။
“ကျုပ်ပြောခဲ့သလိုပဲ။ ကျုပ်က ဝမ်တုက လူမဟုတ်ဘူး။ ဘာလို့ ဂရုစိုက်သင့်တာလဲ။” ရီဖူရှင်းက ပြောလိုက်သည်။
လင်ချိုးက ရယ်မောကာ မေးလိုက်သည်။ “မြောက်ပိုင်းက လူတွေ ရောက်လာတာ ကောင်းတဲ့ ရည်ရွယ်ချက် မရှိတာ ရှင်းလင်းနေတာပဲ။ ကျုပ် စိုးရိမ်တာက ကောင်းကင်တိုက်ပွဲနန်းတော်ဒုက္ခရောက်မှာကိုပဲ။ မင်းက မတိုက်ခိုက်ချင်ဘူးဆိုရင်တောင် ကျုပ် သိချင်နေတုန်းပဲ။ မင်း တိုက်ခိုက်မယ်ဆိုရင် ဘယ်လို ဖြစ်လိမ့်မလဲ။”
သူက ပြောပြီးနောက် ရီဖူရှင်းကို ကြည့်လိုက်သည်။ ရှင်းလင်းစွာပင် လင်ချိုးက ရီဖူရှင်း၏ ခွန်အားကို သိချင်နေပေသည်။
ရီဖူရှင်းက သူ့ဘေးမှ လင်ချိုးကို ကြည့်လိုက်သည်။ ထို့နောက် သူက အကြည့်များကို ရှေ့သို့ရွှေ့ကာ သာမန်အတိုင်း ပြန်ဖြေလိုက်သည်။ “သူက ကျုပ် တိုက်ခိုက်ဖို့ မထိုက်တန်ဘူး။”
“…”
လင်ချိုး၏ ခန္ဓာကိုယ်က ရွေ့လျားနေရာမှ ခေတ္တရပ်တန့်သွားသည်။ သူက ရီဖူရှင်းကို မျက်တောင်ခတ်ကာ ကြည့်လိုက်၏။ သူ့မျက်နှာထက်တွင် ဇဝေဇဝါ အပြုအမူတို့ ပေါ်ပေါက်လာသည်။
ထိုလူက အဆင့်ငါး ရန်ဟောင်တစ်ဦး ဖြစ်သည်။ ထို့ပြင် သူ၏ တိုက်ပွဲစွမ်းရည်က အံ့သြစရာပင် ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက ထိုသူမှာ သူနှင့် တိုက်ခိုက်ရန် မထိုက်တန်ဟု ဆိုနေသည်။
မည်မျှ ယုံကြည်ချက် ပြင်းထန်လိုက်သနည်း။ ထို့ပြင် ယခင်က အဖြစ်အပျက်ကြောင့် သူက ရီဖူရှင်းအား ယုံကြည်ပေသည်။ ရီဖူရှင်းက ထိုသို့ပြောသည်ဖြစ်ရာ အခြားပြဿနာမရှိသည်မှာ ရှင်းလင်းပေသည်။
ထို့ကြောင့် ရီဖူရှင်း မထိုက်ခိုက်သည့် အကြောင်းရင်းမှာ သူ့ပြိုင်ဘက်က မထိုက်တန်၍သာ ဖြစ်ရပေမည်။
ထိုသည်က..
“စိတ်ဝင်စားစရာပဲ။” လင်ချိုးက ပြုံးကာ ရှေ့သို့ ဆက်သွားလိုက်သည်။ ထိုလူများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် ရောက်လာကြခြင်း ဖြစ်သည်။ သူက ရီဖူရှင်း၏ သရုပ်မှန်ကို ခန့်မှန်းမိနေရာ ရီဖူရှင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို လာရောက်ကြောင်း သိပေသည်။ ဆိုလိုသည်မှာ သူတို့က အနှေးနှင့်အမြန် ပြန်တွေ့ကြမည် ဖြစ်သည်။ ထိုနေရာ၌ ဝမ်တုမှ တန်ခိုးရှင်များလည်း ရှိနေသည်။ သူက မြန်မြန် မြင်တွေ့ချင်နေပြီ ဖြစ်၏။
***