အပိုင်း(၁၉၆၆)

မြောက်ပိုင်းနယ်မြေမှ ရှေးဟောင်းတော်ဝင်မိသားစု

ကောင်းကင်ထက်မှ ထိုတန်ခိုးရှင်များသည် အောက်ဘက်ရှိ ကောင်းကင်တိုက်ပွဲနန်းတော်မှ လူများကို ဝေ့ကြည့်လိုက်ပြီး သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။ “ဒါက တုန်းရှောင်းကုန်းမြေရဲ့ ဝမ်တုလမ်းစဥ်တိုက်ပွဲ နေရာလား။”

ထိုပြောလိုက်သောလူဘေးမှ တခြားလူများက ခေါင်းညိတ်လိုက်၏။ ထို့နောက် အောက်ဘက်ရှိ လူများကို ငုံ့ကြည့်လိုက်လျှင် အောက်ရှိထိုသူတို့၏ မျက်နှာတွင် ဇဝေဇဝါအမူအရာတို့ ဖြစ်ပေါ်နေသည်။ ထိုစကားလုံးများကို ကြားပြီးနောက် သူတို့သည် ထိုလူများက တုန်းရှောင်းကုန်းမြေမှ မဟုတ်ဘဲ အခြားကုန်းမြေမှလာသော သူများဖြစ်ကြောင်း သိသွားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် အင်အားတူညီသော ကုန်းမြေတစ်ခုခုမှ လာခြင်း ဖြစ်နိုင်ပေသည်။

ရီဖူရှင်းနှင့် သူ့အဖွဲ့ကလည်း အနီးကပ်လေ့လာနေပြီး ထိုသူတို့က အဖွဲ့တစ်ခုတည်းမှမဟုတ်ဘဲ မတူညီသော အဖွဲ့သေးသေးလေးများစုပေါင်း၍ လှုပ်ရှားခြင်းနှင့် တူပေသည်။ သူတို့သည် ထိုသူများက အင်အားစုတစ်ခုတည်းမှ မဟုတ်ဘဲ အင်အားစုအမျိုးမျိုးမှ တန်ခိုးရှင်များ စုစည်းထားခြင်းဖြစ်ကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။

ဆိုလိုသည်မှာ တုန်းဟွာပိုင်နက်အတွင်း အဓိက ကုန်းမြေခုနစ်ခုရှိရာ ထိုလူများသည် အခြားကုန်းမြေခြောက်ခုအနက်မှ တစ်ခုရှိ တန်ခိုးရှင်များဖြစ်ကြောင်းပင် ဖြစ်သည်။ တုန်းရှောင်းကုန်းမြေ၏ အနီးတဝိုက်တွင် ထိုသို့သော လွှမ်းမိုးနိုင်စွမ်းရှိသည့် အစွမ်းထက် အင်အားမျိုး ရှိသည်မှာ ကုန်းမြေတစ်ခုသာလျှင် ရှိပေသည်။

ကုန်းမြေခုနစ်ခုမှ မဟုတ်သော တန်ခိုးရှင်များမဟုတ်လျှင် သူတို့က ထိုသို့သော အပြုအမူမျိုးနှင့် မည်သည့်အခါမှ ရောက်လာရဲလိမ့်မည် မဟုတ်ပေ။

“ဒါက ဝမ်တုလမ်းစဥ်တိုက်ပွဲနေရာဖြစ်တဲ့ ကောင်းကင်တိုက်ပွဲနန်းတော်ပါ။ ခင်ဗျားတို့က ဝမ်တုက မဟုတ်ဘူးလား။” ယန့်ချန်က မေးလိုက်သည်။

ထိုတန်ခိုးရှင်များက ငုံ့ကြည့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။ “ကျုပ်တို့ မြောက်ပိုင်းက လာခဲ့တာ။”

“မြောက်ပိုင်းလား။” တန်ခိုးရှင်အများစု၏ မျက်ဆံများက ကျုံ့သွားလေသည်။ တုန်းဟွာပိုင်နက်နယ်မြေများအတွင်း မြောက်ပိုင်းဟူသည်မှာ အဓိကကုန်းမြေခုနစ်ခုရှိ မြောက်ပိုင်းနယ်မြေများကို ဆိုလိုသည်။ ၎င်းသည် အဓိကကုန်းမြေခုနစ်ခုမှ မြောက်ပိုင်းဒေသရှိ ကုန်းမြေတစ်ခု ဖြစ်ပေသည်။

တုန်းဟွာပိုင်နက်အတွင်း အဓိကကုန်းမြေခုနစ်ခုကြား တုန်းဟွာကုန်းမြေသည် ပင်မဗဟိုပင် ဖြစ်သည်။ ယင်းသည် တုန်းဟွာကုန်းမြေအကြီးအကဲ၏ ရုံးတော်တည်ရှိရာနေရာဖြစ်ပြီး ကောင်းကင်ဒေသ၏ နယ်မြေ ၁၈ ခုအနက် အဓိကအကျဆုံးနယ်မြေတစ်ခုပင် ဖြစ်သည်။ အခြားသော အဓိကကုန်းမြေခြောက်ခုသည် တုန်းဟွာကုန်းမြေကို ဝိုင်းရံထားပြီး ထိုအဓိကကုန်းမြေခြောက်ခုအနီး၌ ပြန့်ကျဲနေသော အခြားနယ်မြေအပိုင်းအစများ ရှိနေသည်။ ၎င်းကို ကြည့်ရသည်မှာ လအနီးတွင် ဝန်းရံနေသော အသင်္ချေကြယ်များကဲ့သို့ပင် ဖြစ်သည်။

တုန်းရှောင်းကုန်းမြေသည် အရှေ့ပိုင်းနယ်မြေတွင် တည်ရှိကာ မြောက်ပိုင်းနယ်မြေ၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်မှာ ယန်ယွင်ကုန်းမြေ ဖြစ်သည်။

ထိုလူများက မြောက်ပိုင်းမှလာသည်ဟု ပြောလေရာ ယန်ယွင်ကုန်းမြေမှ ကျိန်းသေဖြစ်နိုင်ပေသည်။

ယန်ယွင်ကုန်းမြေ၏ တန်ခိုးရှင်များက တုန်းဟွာကုန်းမြေရှိ ဝမ်တုသို့ ရောက်လာခြင်းမှာ အသေးအဖွဲပြဿနာ မဟုတ်ပေ။ ယန်ယွင်ကုန်းမြေ၏ စစ်တပ်ခေါင်းဆောင်များ ရောက်လာခြင်းလည်း ဖြစ်နိုင်ပြီး လူအုပ်ကြားထဲ ဖုံးကွယ်နေသလား မရှင်းလင်းချေ။

‘မြောက်ပိုင်းလား’ ရီဖူရှင်းက တွေးလိုက်ပြီး သူ၏ မှတ်ဉာဏ်များထဲတွင် ရှာကြည့်လိုက်၏။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ ထားခဲ့သော မှတ်ဉာဏ်များကြောင့် သူသည် ကောင်းကင်ဒေသမှ သတိထားရမည့် ကိစ္စရပ်များအကြောင်း အနည်းငယ် သိရှိပေသည်။ သို့သော်လည်း မှတ်ဉာဏ်များက အပိုင်းပိုင်းကွဲထွက်နေရာ အတော်လေး ဝေဝါးနေဆဲ ဖြစ်သည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲသည် အထူးသဖြင့် သူ ကျင့်ကြံနေစဥ်အတွင်း ဖြစ်ပျက်မှုများအပေါ် အထူးအလေးပေးထားရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုသည်မှာ ရီဖူရှင်းက အဘယ့်ကြောင့် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ အမွေကို ဆက်ဆံနိုင်ခဲ့ခြင်းဟူသည်ပင် ဖြစ်၏။ သို့သော်  ပြင်ပလောကအရေးအခင်းများနှင့် ပတ်သတ်လာလျှင် အနည်းအကျဥ်းသာ သိရှိပြီး မှတ်ဉာဏ်များက ဝေဝါးနေသည်။

မြောက်ပိုင်း… ကြည့်ရသည်မှာ အတော်လေး အားကောင်းသည့် ထင်မြင်ချက်ကို ချန်ရစ်ထားနိုင်ပုံရလေသည်။

တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ အဓိကရန်သူမှာ မြောက်ပိုင်းတွင် ရှိသည်။

လင်ချိုး၏ အမူအရာက တည်ငြိမ်အေးစက်သွားသည်။ သူသည် သူ့ဘေးရှိ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက တစ်ခုခု ပြောလိုသော်လည်း မည်သည်ကိုမှ မပြောရသေးခင် ရပ်တန့်လိုက်သည်။ သူသည် ရီဖူရှင်း၏ သရုပ်မှန်ကို ခန့်မှန်းမိခဲ့ပြီး ရီဖူရှင်းသည် ထိုလူများဖြင့် ပြောမပြနိုင်သော နည်းလမ်းများနှင့် ပတ်သတ်မှုရှိနေပုံရသည်။

“မြောက်ပိုင်းနဲ့ ပတ်သတ်ပြီး ခင်ဗျား ဘယ်လောက်သိထားလဲ။” ရီဖူရှင်းက သူ့ဘေးရှိ လင်ချိုးကို အသံပို့လွှတ်ကာ မေးလိုက်သည်။ သူသည် လင်ချိုး အစောပိုင်းက သူ့အား တစ်ခုခု ပြောချင်သည်ကို သတိပြုမိခဲ့ပြီး လင်ချိုးက တစ်ခုခု သိထားရမည်ဟု ခန့်မှန်းမိပေသည်။

“မြောက်ပိုင်းကုန်းမြေတွေက ယန်ယွင်ကုန်းမြေကို ဗဟိုပြုထားတယ်။ ယန်ယွင်ကုန်းမြေရဲ့ အင်အားက တုန်းရှောင်းကုန်းမြေနဲ့ ညီမျှတယ်။ ကျုပ်တို့ကြားမှာ မတူညီတဲ့အချက်က ယန်ယွင်ကုန်းမြေရဲ့ လွှမ်းမိုးနိုင်စွမ်းက တိုက်ခိုက်ခြင်းမှာ ပိုသာနေတာပဲ။ အတိတ်မှာ ရှေးဟောင်းတော်ဝင်မိသားစု ယန်ကလန်နှင့် ယွင်ကလန်က ကုန်းမြေကို အုပ်စိုးဖို့ ကြိုးစားခဲ့ကြတယ်။ ယွင်ကလန်က သုတ်သင်ခံလိုက်ရပြီး ရှေးဟောင်းတော်ဝင်မိသားစု ယန်ကလန်တစ်ခုတည်းပဲ ဒီနေ့ထိ တည်ရှိနေတာ။ ဒါက သမိုင်းကြောင်းရှည်ကြီး တစ်ခုပဲ။ သူ့သမိုင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နဲ့ ယှဥ်နိုင်တာတော့ မဟုတ်ဘူး။”

လင်ချိုးက အသံကို ပို့လွှတ်ပြီး ရီဖူရှင်းအား ရှင်းပြလိုက်သည်။ “ရှေးဟောင်းတော်ဝင်မိသားစု ယန်ကလန်က နှစ်ပေါင်းများစွာ တည်တံ့လာခဲ့တယ်။ သူတို့ရဲ့ နောက်ခံက ထူးခြားပြီး အရမ်းအားကောင်းတယ်။ တုန်းဟွာပိုင်နက်အတွင်းမှာ လွှမ်းမိုးနိုင်စွမ်းရှိပြီး သူတို့က အရမ်းအားကောင်းတဲ့အပြင် ထင်ရာစိုင်းတဲ့ လှုပ်ရှားမှုတွေလည်း လုပ်တတ်သေးတယ်။ ဟိုးတုန်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲနဲ့ ရှေးဟောင်းတော်ဝင်ယန်မြို့တော်ကြားမှာ ရန်ငြိုးရန်စတချို့ ရှိခဲ့တယ်။ နှစ်ဖက်လုံးက တင်းမာတဲ့အခြေအနေနဲ့ အလျှော့မပေးခဲ့ကြတာမို့ ပဋိပက္ခတွေကြားမှာ စစ်ပွဲတစ်ခု ဖြစ်ပွားဖို့ကလွဲရင် တခြားလမ်းမရှိခဲ့ဘူး။ စစ်ပွဲရလဒ်အနေနဲ့ တုံ့လိုင်နတ်ဘုရားအကြီးအကဲ သေဆုံးခဲ့ပြီး ဒဏ္ဍာရီ ဆေးဖော်စပ်သူဆရာသခင် ကျဆုံးသွားမှုက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို အပြင်လောကနဲ့ အဆက်အသွယ်ဖြတ် နေထိုင်စေခဲ့တယ်လေ။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက နောက်ဆုံး၌ နားလည်သွားခဲ့ပြီ ဖြစ်၏။

ရှေးဟောင်းတော်ဝင်မိသားစု ယန်ကလန်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ အဓိကရန်သူဖြစ်ပြီး သူ့ကို ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။ သူက မြောက်ပိုင်းနယ်မြေဟူသည်အား ကြားဖူးသလို ခံစားရသည်မှာ အံ့သြစရာမရှိတော့ပေ။ ၎င်းအဖြစ်အပျက်များက ရှေးဟောင်းတော်ဝင် ယန်မိသားစုပေါ်တွင် အခြေခံနေခြင်း ဖြစ်သည်။

ယခုတွင် ရှေးဟောင်းတော်ဝင်ယန်မိသားစုက ဝမ်တုသို့ ရောက်လာပြီ ဖြစ်သည်။

သူ၏ အကြည့်များကို ကောင်းကင်ရှိ တန်ခိုးရှင်အဖွဲ့ပေါ်တွင် စူးစိုက်ထားလိုက်သည်။ သို့သော်လည်း သူက ထိုအဖွဲ့အတွင်း မည်သည့် အဓိကပုဂ္ဂိုလ်ကိုမှ ရှာမတွေ့ခဲ့ပေ။ ကြည့်ရသည်မှာ ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များ ဤနေရာသို့ ကိုယ်တိုင်မရောက်လာခဲ့ပုံပင်။ အဆုံးမှာတော့ သူတို့က မတူသော အဆင့်အတန်းတွင် ရှိနေကြသူများ ဖြစ်ပေသည်။ ရှေးဟောင်းတော်ဝင်ယန်မိသားစုက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် အဆင့်ချင်းတူသည်။ သူတို့က တစ်စုံတစ်ခု ပြောလိုလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကိုသာ တိုက်ရိုက်ပြောမည် ဖြစ်သည်။ သူတို့က ဝမ်တုမှ ထိပ်သီးအင်အားစုများရှေ့တွင် သူတို့၏ အင်အားကို ပြသရန် မလိုအပ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းက ရှေးဟောင်းတော်ဝင်မိသားစု၏ အဆင့်အတန်းနှင့် မကိုက်ညီချေ။

တူညီသည်မှာ သူတို့ နောက်ဆုံးတစ်ခေါက် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ကျင့်ကြံခဲ့စဥ်က ရှေးဟောင်းတော်ဝင်ကျန်းမိသားစုမှ တန်ခိုးရှင် ကျန်းကျိုမင်သည် အခြားမည်သူနှင့်မှ မရောနှောဘဲ တစ်ယောက်တည်း ကျင့်ကြံခဲ့သည်။ အကြောင်းမှာ သူတို့က တူညီသောအဆင့်တွင်ပင် ရှိမနေသောကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် သူတို့ရှေ့မှ တန်ခိုးရှင်များသည်လည်း ရှေးဟောင်းတော်ဝင် ယန်မိသားစုနောက်သို့ လိုက်သည့် ယန်ယွင်ကုန်းမြေရှိ အင်အားစုအမျိုးမျိုးမှ တန်ခိုးရှင်များ ဖြစ်နိုင်ပေသည်။

ပုံမှန်အားဖြင့် ယန့်ချန်နှင့် အခြားသူများသည်လည်း မြောက်ပိုင်းမှ လာသည်သူသော တန်ခိုးရှင်များကို လေ့လာပြီးနောက် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ဖြစ်ကြောင်း သတိပြုမိကြသည်။ သူတို့ကရော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် ရောက်လာကြသည်လား။

တန်ခိုးရှင်များ၏ စိတ်တို့က ရုတ်တရက် လေးလံလာပုံရလေသည်။ ကောင်းကင်တိုက်ပွဲနန်းတော်၏ တိုက်ပွဲစင်မြင့်ထက်မှ တန်ခိုးရှင်များသည်လည်း သူတို့ တိုက်ပွဲများကို ရပ်တန့်လိုက်ကြသည်။ လူတိုင်းက ခေါင်းများကို မော့ကာ ကောင်းကင်ရှိ တန်ခိုးရှင်များအား ကြည့်လိုက်ကြသည်။ ကျယ်ပြန့်ပြီး အစွမ်းထက်သော ကောင်းကင်တိုက်ပွဲနန်းတော်က ရုတ်တရက် အလွန် တိတ်ဆိတ်သွားပေသည်။

မြောက်ပိုင်းမှ အင်အားစုများက တုန်းရှောင်းကုန်းမြေရှိ ဝမ်တုသို့ ရောက်ရှိလာကြသည်။ လူအများသည်လည်း ၎င်းက မည်မျှ ပုံမှန်မဟုတ်ကြောင်း သတိပြုမိကြပေသည်။ တစ်ခုခုက ဖြစ်ပေါ်လာတော့မည် ဖြစ်၏။

လူတိုင်းသည် ယခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ဆေးအင်ပါယာနှင့် မြောက်ပိုင်းမှ ရှေးဟောင်းတော်ဝင်မိသားစုတို့ကြားမှ ပဋိပက္ခကို သိရှိကြသည်။ တစ်ဖက်နှင့်တစ်ဖက် ခင်မင်ရင်းနှီးခြင်း မရှိကြပေ။ သို့ဖြစ်ရာ ရောက်လာသူများ၌ ရည်ရွယ်ချက်ကောင်းတို့ ရှိပုံမရချေ။

“မြောက်ပိုင်းက လာတဲ့ ဧည့်သည်တော်တို့ ကောင်းကင်တိုက်ပွဲနန်းတော်ကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲလို့ မေးလို့ရမလား။” အသံတစ်ခုက မေးလိုက်သည်။ ထိုအသံမှာ ကောင်းကင်တိုက်ပွဲနန်းတော်အတွင်းမှ လာခြင်း ဖြစ်သည်။ အသံက စွမ်းအားပြည့်ဝပြီး သန်မာသည်။ ထိုစကားသံ ဆုံးသွားပြီးနောက် ကောင်းကင်တိုက်ပွဲနန်းတော်အတွင်းမှ တန်ခိုးရှင်တစ်စု ထွက်ပေါ်လာသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသူမှာ အားအင်အပြည့်နှင့် သူ့ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းရှိသော အစွမ်းထက် စွမ်းအားများကို ထုတ်လွှတ်နေသည်။ သူက စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ ဤသက်လတ်ပိုင်းလူကြီးမှာ ကောင်းကင်တိုက်ပွဲနန်းတော်၏ နန်းတော်သခင်ဖြစ်ပြီး ယန့်ကလန်မှ စစ်နတ်ဘုရားကဲ့သို့သော တည်ရှိမှုဖြစ်သည့် ယန့်ကျန်းပင် ဖြစ်လေသည်။

“ကျုပ်တို့က ကောင်းကင်တိုက်ပွဲနန်းတော်ရဲ့ လမ်းစဥ်တိုက်ပွဲအကြောင်းကို ကြားမိလို့ မြောက်ပိုင်းက လာခဲ့ကြတာ။ ကျုပ်တို့ ဒီကို လာတာ ဝမ်တုက တန်ခိုးရှင်တွေရဲ အဆင့်ကို အကဲဖြတ်ပြီး လေ့လာကြည့်ချင်လို့ပဲ။ ခင်ဗျားတို့အားလုံး ဆက်ဆွေးနွေးနိုင်ပါတယ်။” ကောင်းကင်ထက်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြန်ဖြေလိုက်သည်။ သူတို့သည် အထင်အမြင်သေးပြီး မောက်မာသောအပြုအမူတို့ကို ထိန်းသိမ်းထားဆဲပင် ဖြစ်သည်။ ထိုသည်မှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသည်။

ထိုသို့သော အခြေအနေအောက်တွင် ကောင်းကင်တိုက်ပွဲနန်းတော်က မည်သို့မှမဖြစ်သကဲ့သို့ လမ်းစဥ်တိုက်ပွဲကို စတင်နိုင်ပါမည်နည်း။

“ခင်ဗျားတို့ ဒီမှာ ရောက်နေပြီဆိုမှတော့ ဘာလို့ ဝင်မပါတာလဲ။ လေ့လာရုံပဲက ပျော်စရာမကောင်းဘူးလေ။” ယန့်ကျန်းက တည်ငြိမ်၍ အေးစက်သော အသံနှင့် ပြန်ပြောလိုက်သည်။ သူက လာရောက်သူများ၏ သဘောထားကို မနှစ်သက်ပေ။ ယန်ယွင်ကုန်းမြေမှ လာသည်ဆိုလျှင်ပင် တုန်းရှောင်းကုန်းမြေ ဝမ်တုက သူတို့၏ ပိုင်နက်နယ်မြေ ဖြစ်သည်။ တပါးသူ၏ ပိုင်နက်သို့ ရောက်သောအခါ အစွမ်းထက်နဂါးတစ်ကောင်သည်ပင် ဦးညွှတ်သင့်လျှင် ဦးညွှတ်ရပေလိမ့်မည်။

ထို့ပြင် ထိုလူများသည် ရန်စရန် ကြိုးစားနေသည်မှာ ရှင်းလင်းပေသည်။ ကောင်းကင်တိုက်ပွဲနန်းတော်၏ နန်းတော်သခင်အနေနှင့် ယန့်ကျန်းသည် သံမဏိစိတ်ဓာတ်နှင့် အလွန်ပင် လွှမ်းမိုးနိုင်စွမ်းရှိသော လူမျိုး ဖြစ်လေရာ သူ့အား ထိုသို့ လာ၍ လူပါးဝသည်ကို သည်းခံနေလိမ့်မည် မဟုတ်ပေ။

သူစကားပြောပြီးသွားသည့်အခါ အကြည့်များစွာက ကောင်းကင်တိုက်ပွဲနန်းတော်သခင်ပေါ်သို့ ကျရောက်လာကြသည်။ အစွမ်းထက်၍ ပြင်းထန်သော မဟာလမ်းစဥ်စွမ်းအားတို့က ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပေါ် ကျဆင်းလာ၏။ သို့သော်လည်း ယန့်ကျန်းသည် အထွတ်အထိပ်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူက သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသော မဟာလမ်းစဥ်စွမ်းအားတို့ကို ခွင့်ပြုထားပြီး တည်ငြိမ်သော အမူအရာနှင့် ရှိိနေဆဲပင် ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော မဟာလမ်းစဥ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပင် လေဟာနယ်အတွင်း၌ ပြင်းထန်သော တိုက်ပွဲစွမ်းအားများဖြင့် ပြည့်နှက်သွားသည်။ ကောင်းကင်တိုက်ပွဲနန်းတော်အတွင်းရှိ လူတိုင်းသည် တိုက်ပွဲထဲမှ ပြင်းထန်သော စွမ်းအားကို ခံစားမိကြပေသည်။

မြောက်ပိုင်းမှ လူများ ရောက်လာခြင်းတွင် ကောင်းသော ရည်ရွယ်ချက် မရှိကြပေ။

“ကျုပ်လည်း အခုလေးတင် အဲဒီလိုတွေးနေတာပဲ။” သူတို့ကြားမှ အကြီးအကဲတစ်ယောက်က တည်ငြိမ်စွာ ဖြေလိုက်သည်။ သူသည်လည်း အဆင့်ကိုးရန်ဟောင်တစ်ပါးပင်ဖြစ်သည်။ ယန့်ကျန်းက အကြီးအကဲတစ်ယောက်ကို မြင်လိုက်သည့်အခါ ယန်ယွင်ကုန်းမြေ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များ လာရောက်ကြောင်း နားလည်သွားပေသည်။ ထို့ပြင် သူတို့သည် ဝမ်တုအတွင်းသို့ ရောက်နေကြပြီး ထိုအခိုက်အတန့်တွင် ဖြစ်ပျက်သမျှကို စောင့်ကြည့်နေကြပုံရလေသည်။

ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များ၏ ကျောထောက်နောက်ခံ မရှိဘဲနှင့် ထိုလူများက သူတို့အား မည်သည့်အခါမှ ရန်စရဲကြလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များ မဟုတ်လျှင် အခြားအစွမ်းထက် အကြီးအကဲတစ်ယောက်က သူတို့အပေါ် လွန်လွန်ကျူးကျူး လုပ်ရဲလိမ့်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ ရုတ်တရက် ပေါ်လာသည့် ထိုဘေးဒုက္ခက သူတို့ကို ပစ်မှတ်ထားခြင်း ဟုတ်ပုံမရပေ။ ထို့အစား သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပစ်မှတ်ထားနေပုံရသည်။

သူက ထိုသို့တွေးမိသည့်အခါ သူ၏ နတ်အာရုံက အဝေးတစ်နေရာဆီ ထိုးထွက်သွားကာ တစ်ခုခုကို ရှာဖွေလေသည်။ သူက ကျယ်ပြန့်စွာ ဆက်လက် ရှာဖွေနေပြီး ကောင်းကင်တိုက်ပွဲနန်းတော်ကို ဗဟိုပြုကာ ဝမ်တုအတွင်းရှိ အရာအားလုံးက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သူက အရာအားလုံးကို မြင်နိုင်စွမ်းရှိလာသည်။

ကျယ်ပြောသော လူအုပ်ကြီးအလယ်တွင် ယန့်ကျန်းက စားသောက်ဆိုင်တစ်ခုကို အလျင်အမြန် ရှာဖွေတွေ့ရှိသွား၏။ ထိုစားသောက်ဆိုင်အတွင်း ထူးခြားလှသည့် အရှိန်အဝါတို့နှင့် လူတစ်စုမှလွဲလျှင် အခြားမည်သူတို့မှ ရှိမနေပေ။ သူတို့က ထိုနေရာအား ရှင်းလင်းထားပုံရသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသော လူက ငယ်ရွယ်သော်လည်း သူ့ကို အဆင့်မြင့်ရန်ဟောင်များက ဝန်းရံထားသည်။

“ရိုင်းစိုင်းလိုက်တာ!” အကြီးအကဲတစ်ယောက်က ခေါင်းကို အလျင်အမြန်မော့၍ အပြင်ဘက်သို့ ကြည့်လိုက်သည်။ လူငယ်သည်လည်း မျက်မှောင်ကြုတ်ကာ အပြင်သို့ ကြည့်လိုက်၏။ ထို့နောက် သူ၏ အကြည့်က ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်သွားကာ ကောင်းကင်တိုက်ပွဲနန်းတော်ရှိရာဘက်သို့ ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ဒေါသတို့ ရှိမနေဘဲ တည်ငြိမ်နေ၏။ ကောင်းကင်တိုက်ပွဲနန်းတော်၏ အသန်မာဆုံးပုဂ္ဂိုလ်မှာ ဖြုံလောက်စရာပင် ဖြစ်သည်။ သူက သူတို့အား ရှာတွေ့ရန် အချိန်အကြာကြီး မယူခဲ့ရပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset