အပိုင်း(၁၉၆၅)

လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်များ

ရီဖူရှင်းက ပြုံးလိုက်ပြီး တိုက်ရိုက်မတုံ့ပြန်ဘဲ ပုံမှန်သာ ပြောလိုက်သည်။ “ကျုပ်က ဝမ်တုကို အတွေ့အကြုံရအောင် လာခဲ့တာပါ။ တခြား ဘာအစီအစဥ်မှ မရှိပါဘူး။”

ဤတစ်ကြိမ်၌သူသည် နတ်မိမယ်တုံ့လိုင်၏ စီစဥ်မှုဖြင့် ဝမ်တုသို့ သူမနောက်မှ လိုက်လာခြင်းသာ ဖြစ်သည်။

ရီဖူရှင်းသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ကျင့်ကြံရန် ရည်ရွယ်ချက်မရှိပေ။ နတ်မိမယ်တုံ့လိုင်က သူ့အား တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ တပည့်တစ်ပိုင်းဖြစ်ကြောင်း မိတ်ဆက်ပေးရန် ရည်ရွယ်ထားသည်။ ယခင်နေ့ရက်များတွင် တုန်းရှောင်းကုန်းမြေ၏ ထိပ်သီးပုဂ္ဂိုလ်ဖြစ်သော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သခင် ဆေးအင်ပါယာနှင့် တုံ့လိုင်နတ်ဘုရားအကြီးအကဲတို့က မိတ်ဆွေကောင်းများ ဖြစ်ကြပေသည်။

“ရန်ဟောင်ရီရဲ့စွမ်းရည်က ထူးချွန်ပြီး ဆေးဖော်စပ်တဲ့နေရာမှာလည်း ပြိုင်စံရှားပဲ။ ရန်ဟောင်ရီနဲ့ အာခီမီအင်ပါယာကြားမှာ ဘယ်လိုပတ်သတ်မှုမျိုးရှိလဲ မေးလို့ရမလား။” အသံတစ်ခုက မေးလိုက်သည်။ ရီဖူရှင်းသည် သူ၏ အကြည့်များကို ထိုစကားပြောလာသော သူထံသို့ ရွှေ့လိုက်၏။ ထိုသူမှာ နတ်ဘုရားမတောင်ထွတ်မှ တပည့်တစ်ဦးဖြစ်သည်။ သူမသည် အလွန် ထူးခြားလှပသော အသွင်အပြင်နှင့် ထက်မြက်သော အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားသည်။ သူမက နတ်မိမယ်တောင်ထွတ်မှ နတ်မိမယ်တစ်ပါး ဖြစ်လေသည်။

“နတ်မိမယ်တောင်ထွတ်က နတ်မိမယ် ဧကရီယိ” လင်ချိုးက ထိုအမျိုးသမီးအကြောင်းကို ရီဖူရှင်းအား စိတ်ချင်းဆက်သွယ်ကာ ပြောပြလိုက်သည်။

ဧကရီယိ၏ မေးခွန်းက အခြားသူများလည်း သိလိုကြသော မေးခွန်းဖြစ်ပေသည်။ ရီဖူရှင်း၏ ဆေးဖော်စပ်ခြင်းစွမ်းရည်က အလွန် ထူးချွန်သော်လည်း သူက အာခီမီအင်ပါယာ၏ တပည့်ဟု မပြောခဲ့ပေ။ သို့ဆိုလျှင် သူ၏ သရုပ်မှန်က မည်သည်နည်း။

ယခုထိတိုင် ၎င်းက လျှို့ဝှက်ဆန်းကြယ်နေဆဲပင် ဖြစ်သည်။ မည်သူကမှ မသိကြပေ။ သို့သော်လည်း သူက အာခီမီအင်ပါယာ၏ တပည့်တစ်ယောက် မဟုတ်လျှင်ပင် အာခီမီအင်ပါယာနှင့်အတူ ဝမ်တုသို့ ရောက်လာခြင်း ဖြစ်သည်။ ရီဖူရှင်းက သူနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိပေလိမ့်မည်။

“နတ်မိမယ် နောက်ပိုင်းကျ သေချာပေါက်သိလာပါလိမ့်မယ်။” ရီဖူရှင်းက တစ်ဖက်လူ၏ မေးခွန်းကို ပြန်မဖြေဘဲ အပြုံးနှင့် ပြောလိုက်သည်။ နတ်မိမယ်တုံ့လိုင်က သူ၏ သရုပ်မှန်ကို မဖော်ပြရန် ညွှန်ကြားခဲ့လေရာ သူမတွင် ထိုသို့လုပ်ရန် အကြောင်းပြချက်ရှိပေလိမ့်မည်။ အာခီမီအင်ပါယာသည်လည်း ထိုက်ယွမ်ကုန်းမြေမှ သူနှင့်အတူ လိုက်လာခဲ့သူများကို လျှို့ဝှက်ချက် ထိန်းသိမ်းထားရန် ပြောထားခဲ့သည်။

သူတို့သိသည်မှာ ရီဖူရှင်းက အာခီမီအင်ပါယာ၏ တပည့်မဟုတ်ဘဲ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဖြစ်ကာ သူ့ ဂျူနီယာညီလေးဟူ၍သာ ဖြစ်လေသည်။

လူအများက ရီဖူရှင်းသည် တစ်ချိန်က တုန်းဟွာပိုင်နက်အတွင်း ကျော်ကြားခဲ့သော ထိပ်သီးဆေးဖော်စပ်သူ ဆရာသခင်၏ ဆက်ခံသူဖြစ်သည်ဟု သိကြလျှင် သူ့အား မတူကွဲပြားစွာ ဆက်ဆံကြပေလိမ့်မည်။ ထိုသည်က မုန်တိုင်းတစ်ခု ကျိန်းသေဖြစ်ပေါ်လာပေလိမ့်မည်။ ထိုစဥ်က တုံ့လိုင်နတ်ဘုရားအကြီးအကဲထံ၌ သူ့သမီးမှလွဲလျှင် အခြားဆက်ခံသူ မရှိခဲ့ပေ။ သူ သုတ်သင်ခံရပြီးနောက် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ကာ တဖြေးဖြေး လောကကြီးမှ အမေ့လျော့ခံ ဖြစ်လာပေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် တုန်းဟွာပိုင်နက်မှ ထိပ်သီးအင်အားစုများသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို မေ့ပျောက်လာကြပေသည်။

“ရန်ဟောင်ရီ၊ နည်းနည်းလေးတောင် ပြောပြလို့မရဘူးလား။” ဧကရီယိက အပြုံးနှင့် ပြောလိုက်သည်။ ထိုအပြုံးက သူမ၏ တောင်းဆိုချက်အား ငြင်းပယ်ရန် ခက်ခဲစေသည်။ ထိုနေရာ၌ ထိုင်နေသော ယန့်ချန်ကလည်း သူမနောက်မှလိုက်ကာ ပြောလိုက်သည်။ “ကျုပ်လည်း ဒီအကြောင်းကို သိချင်မိတယ်။ နောက်ပိုင်းမှာ သိလာမယ်ဆိုကတည်းက ဘာလို့ နည်းနည်းပါးပါးလောက် သိခွင့်မပေးရတာလဲ။ မဟုတ်လည်း အရိပ်အမြွက်လေးဖြစ်ဖြစ် ပြောပြပါလား။”

“အာခီမီအင်ပါယာကို ကျုပ်ရဲ့ စီနီယာလို့ သတ်မှတ်နိုင်ပေမယ့် သူက ကျုပ်ဆရာတော့ မဟုတ်ဘူး။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူ၏ အဖြေတွင် မည်သည့်အရာကိုမှ မဖော်ပြနေသော်လည်း သူက သူတို့အပေါ် အရိပ်အမြွက်ပေးနေသည်ဟု သတ်မှတ်နိုင်ပေသည်။

တုံ့လိုင်နတ်ဘုရားအကြီးအကဲသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သေဆုံးခဲ့ပြီး ဖြစ်သည်။ အာခီမီအင်ပါယာသည် ယခင်က တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ လမ်းညွှန်ပြသမှုကို ခံခဲ့ရရုံသာသည်။ ထို့ကြောင့် ရီဖူရှင်းအား တုံ့လိုင်နတ်ဘုရားအကြီးအကဲနှင့် ဆက်စပ်မိရန် ခက်ခဲလှသည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲကို မည်သူကမှ ထည့်သွင်းစဥ်းစားလိမ့်မည် မဟုတ်ပေ။

လူအုပ်ကြီးသည် ခန့်မှန်းနေကြသော်လည်း မည်သူကမှ အစဖော်နိုင်ကြပေ။

“ကြည့်ရတာတော့ ကျုပ်တို့ စောင့်ကြည့်ရုံပဲ တတ်နိုင်တော့မယ်။ ကျုပ် တကယ်ကို မဖော်ထုတ်နိုင်တော့ဘူး။ တစ်ယောက်ယောက်များ စဥ်းစားလို့ရသေးလား။” ယန့်ချန်က လူအုပ်ကြီးကို မေးလိုက်သည်။ လူအုပ်ကြီးက ခေါင်းခါလိုက်ကြ၏။ သူတို့သည်လည်း အာခီမီအင်ပါယာ၏ ဂျူနီယာတစ်ယောက်ဟု ပြောခဲ့သော အစွမ်းထက် တိုက်ပွဲစွမ်းရည်နှင့် ပြောင်မြောက်သော ဆေးဖော်စပ်မှုစွမ်းရည်တို့ကို ပိုင်ဆိုင်ထားသည့် ဤတန်ခိုးရှင်၏ သရုပ်မှန်ကို မဖော်ထုတ်နိုင်ကြပေ။

“ကြည့်ရတာ ဘယ်သူမှ မခန့်မှန်းနိုင်တော့ဘူး ထင်ပါရဲ့။” လူအုပ်ကြီး၏ တုံ့ပြန်မှုကို မြင်ပြီးနောက် ယန့်ချန်က ခေါင်းကို ယမ်းရင်း အပြုံးနှင့် ပြောလိုက်သည်။ “ဒီလိုဆိုတော့လည်း ကျုပ်တို့ စောင့်ကြည့်ရုံပဲ တတ်နိုင်တော့တာပေါ့။ ဘယ်လိုအံ့သြစရာမျိုး ဖြစ်နေမလဲလို့ တကယ် သိချင်နေမိပြီ။”

လူအုပ်ကြီးက ရီဖူရှင်း၏ သရုပ်မှန်ကို ထပ်ကာ တွေးမနေကြတော့ပေ။ တစ်ဖက်လူက ဖော်ပြရန် ဆန္ဒမရှိသလို သူတို့ကလည်း မခန့်မှန်းနိုင်လေရာ ထားလိုက်ရုံသာ တတ်နိုင်ပေသည်။ ဆက်စဥ်းစားနေပါက အချိန်ကို အလဟဿဖြုန်းရုံသာ ရှိပေလိမ့်မည်။

“ကျုပ်လည်း လူတိုင်းကို မေးချင်တာတစ်ခုရှိတယ်။” တစ်ယောက်က ရုတ်တရက် မေးခွန်းမေးလိုက်သည်။ လူအုပ်ကြီးက စကားပြောလာသည့် ထိုလူကို ကြည့်လိုက်၏။ သူသည် သြဇာရှိသော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ ထိုသူက ဝမ်တုမှ မဟုတ်ဘဲ ရီဖူရှင်းနှင့် အခြားသူများကဲ့သို့ပင် အခြားကုန်းမြေမှလာသော တန်ခိုးရှင်တစ်ဦး ဖြစ်သည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် အဓိကလာရောက်ခြင်း ဖြစ်ပေသည်။

“မေးပါ။” ယန့်ချန်က ပြောလိုက်သည်။ သူသည် လူတိုင်းကို ဤနေရာသို့ ဖိတ်ခေါ်ခဲ့သူဖြစ်လေရာ တစ်ဖက်လူက မည်သူဖြစ်ကြောင်း သိရှိပေသည်။ ထိုသူသည် ထျန်းဟွာကုန်းမြေမှ အစွမ်းထက်ရန်ဟောင်တစ်ဦး ဖြစ်သည်။ သူက ထျန်းဟွာကုန်းမြေ ဟွာကလန်မှ တန်ခိုးရှင်တစ်ယောက် ဖြစ်၏။ သူ့နာမည်မှာ ဟွာထျန်းလင် ဖြစ်သည်။ ယန့်ချန် သိသလောက်ကို အခြေခံရလျှင် ဟွာထျန်းလင်သည် ထိုကုန်းမြေ၌ အလွန် ကျော်ကြားပေသည်။ သူ၏ ဂုဏ်သတင်းကျော်ကြားမှုက ကျယ်ပြန့်ပြီး ဝေးလံသော နေရာထိ ရောက်ပေသည်။ သူက ငယ်ရွယ်ပြီး ထိုကုန်းမြေရှိ လူအများကြားတွင် အထူးချွန်ဆုံးတစ်ယောက် ဖြစ်လာခဲ့သည်။

ဟွာထျန်းလင် တုန်းရှောင်းကုန်းမြေရှိ ဝမ်တုသို့ လာခြင်းမှာ ဤကုန်းမြေ၏ ထိပ်သီးပုဂ္ဂိုလ် ဆေးအင်ပါယာကို တွေ့ရန်ဟူသည့် ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ ယခင်နေ့ရက်များတွင် သူသည် ဆေးအင်ပါယာ၏ လက်အောက်၌ ကျင့်ကြံခြင်းနည်းလမ်းများကို သင်ယူရန် မေးမြန်းခဲ့ဖူးသည်။ သူသည် ထျန်းဟွာကုန်းမြေမှ ထိပ်သီးကလန်တစ်ခု၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလျှင်ပင် ထိုပုဂ္ဂိုလ်ကြီးထံမှ ညွှန်ကြားပြသမှုကို မရရှိခဲ့ပေ။ သူက ဤတစ်ကြိမ်၌လည်း အခွင့်အရေးရှာရန် ရောက်လာခြင်း ဖြစ်သည်။

သူ၏ စွမ်းရည်နှင့် သူက အခွင့်အရေးတစ်ခု ကျိန်းသေရပေလိမ့်မည်။

“ဒီတစ်ခေါက် ကုန်းမြေအသီးသီးက တန်ခိုးရှင်တွေ ဝမ်တုကို လာခဲ့ကြတယ်။ သူတို့ထဲက ဘယ်လောက်များများ ဆေးအင်ပါယာနဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရနိုင်ကြမယ် ထင်လဲ။” ဟွာထျန်းလင်က မေးလိုက်သည်။ သူက ရီဖူရှင်းအကြောင်းကို သံသယမဝင်ပေ။ ကောင်းကင်ဒေသက ကြီးမားလှပြီး အစွမ်းထက်သည့် တန်ခိုးရှင်များစွာ ရှိသည်။ အစွမ်းထက်လှသော တန်ခိုးရှင်များက မရေတွက်နိုင်အောင်ပင် ဖြစ်သည်။ သူက လူတိုင်းကို လိုက်၍ အာရုံစိုက်မနေနိုင်ပေ။ သူ လုပ်လိုသည့် အရာပေါ်တွင် အာရုံစိုက်ထားရန်သာ တတ်နိုင်ပေသည်။

“ခင်ဗျားရဲ့ မေးခွန်းကို ဘယ်သူမှ မဖြေနိုင်မှာစိုးမိတယ်။” ယန့်ချန်က ပြောလိုက်သည်။ “ဝမ်တုကလူတွေတောင်မှ ဆေးအင်ပါယာကို တစ်ကြိမ်ထက်ပိုပြီး မြင်တွေ့ရဖို့ ခက်ခဲတယ်။ ဆေးအင်ပါယာက နားလည်ရခက်တယ်လေ။ ကျုပ်တို့က ဆန္ဒရှိရင်တောင် သူ့ကို ဆက်သွယ်ဖို့ မလာနိုင်ဘူး။ ကောင်းကင်တိုက်ပွဲနန်းတော်၊ အာခီမီနတ်နန်းတော်နဲ့ တခြားအင်အားစုတွေလည်း အတူတူပဲ။ ခင်ဗျားက ဆေးအင်ပါယာနဲ့ လူဘယ်လောက်များများ တွေ့ခွင့်ရနိုင်မလဲ သိချင်ရင် ဆေးအင်ပါယာ ကိုယ်တိုင်ပဲ သိလိမ့်မယ်။”

ဟွာထျန်းလင်က ခေါင်းညိတ်ကာ ထပ်မမေးတော့ပေ။

“ဒါပေမယ့် ခင်ဗျားတို့အားလုံး ဒီမှာ ရောက်နေပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သိဖို့ကြိုးစားလို့ရတယ်။” ယန့်ချန်က အပြုံးနှင့် ပြောလိုက်သည်။ “ဒီနေရာကို လာတဲ့သူအားလုံးဟာ နေရာအနှံ့က ထူးချွန်ထက်မြက်တဲ့ သူတွေချည်းပဲ။ အများစုက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် လာခဲ့ကြတာ။ ခင်ဗျားတို့ စိတ်ဝင်စားရင် လမ်းစဥ်တိုက်ပွဲစင်မြင့်ထက်မှာ အချင်းချင်း ပညာဖလှယ်လို့ရပါတယ်။”

“တခြားလူတွေရဲ့ စွမ်းရည်ကို စစ်ဆေးတာနဲ့ သင်ယူတာတွေ စိတ်မဝင်စားဘူး။ အရင်သွားနှင့်ပါ့မယ်။” ဟွာထျန်းလင်က ပြောလိုက်သည်။ သူ့ကို ကြည့်ရသည်မှာ လမ်းစဥ်တိုက်ပွဲကို စိတ်ဝင်စားသည့်ပုံမရပေ။ သူက ပြောပြီးသည်နှင့် အမှန်တကယ် ထွက်သွားလေရာ လူအများကို ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာစေသည်။ ဟွာထျန်းလင်က ထိုကဲ့သို့ ထွက်ခွာသွားချင်နေသည်လား။

ထိူမျှ မြင့်မားသောအဆင့်ထိ ကျင့်ကြံပြီးသူတို့မှာ အမြဲ တမူထူးခြားကြပေသည်။

“ကျုပ်လည်း ကိစ္စအချို့ လုပ်စရာရှိသေးလို့ မနေတော့ပါဘူး။ နောက်မှ ပြန်တွေ့ကြတာပေါ့။” ရီဖူရှင်းကလည်း နှုတ်ဆက်၍ ထွက်သွားရန် ပြင်လေသည်။

သူက မည်သည်ကိစ္စမှ လုပ်ရန် မရှိသည့်အတွက် တစ်ဖက်လူ၏ ဖိတ်ကြားချက်ကို လက်ခံ၍ လာရောက်ခြင်းဖြစ်သည်။ သူက ဤနေရာသို့ စစ်ဆေးရန်လာရောက်ခြင်း ဖြစ်ပေသည်။ သူသည် တစ်ဖက်လူက သူ့ကို ထောက်ချောက်ဆင်၍ လမ်းစဥ်တိုက်ပွဲတွင် ပါဝင်စေချင်လိမ့်မည်ဟု မည်သည့်အခါကမှ မထင်မှတ်ခဲ့ပေ။ ယန့်ချန်က တောင်းပန်ခဲ့သော်လည်း ရီဖူရှင်းသည် ဤနေရာ ပတ်ဝန်းကျင်ကို မကြိုက်သလို လမ်းစဥ်တိုက်ပွဲတွင်လည်း မပါဝင်ချင်ပေ။ ထို့ကြောင့် ပြန်ရန်ပြင်ဆင်ခြင်း ဖြစ်သည်။

၎င်းသည် ယန့်ချန်ကို ကိုးယို့ကားယား ဖြစ်သွားစေသည်။ ကြည့်ရသည်မှာ သူ့အကြံအစည်က စည်းကျော်သွားမိပုံရသည်။ ထိုသူများသည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြပုံရလေသည်။

သို့သော်လည်း ရီဖူရှင်း ထွက်သွားရန် ပြင်နေသည့်အချိန်တွင် သူ့အကြည့်များက ရုတ်တရက် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာ၌ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ခပ်ရေးရေးခံစားမိပေသည်။

ရီဖူရှင်းသာမကဘဲ သူ့အဖွဲ့မှ အခြားသူများသည်လည်း ခံစားမိလိုက်ကြပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။

အလွန် လျင်မြန်စွာပင် ကောင်းကင်ရှိ အရောင်က ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဥ်ဖိအားက သူတို့ကို ဖိနှိပ်လာပြီး ကောင်းကင်တိုက်ပွဲနန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူတို့သာလျှင် မဟုတ်ဘဲ ကောင်းကင်တိုက်ပွဲနန်းတော်ရှိ လူများအားလုံးလည်း ထိုမဟာလမ်းစဥ်ဖိအားတို့ကို ခံစားမိလိုက်ကာ ကောင်းကင်သို့ ထိတ်ထိတ်ပျာပျာ မော့ကြည့်လိုက်ကြသည်။

“ဟင်…” ယန့်ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ကောင်းကင်တိုက်ပွဲနန်းတော်မှ တန်ခိုးရှင်များက သူ့နောက်တွင် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။ အစွမ်းထက်စွမ်းအားများက ထိုနေရာသို့ ပြေးထွက်သွားခဲ့သည်။ သူတို့က ရှင်းလင်းစွာပင် ထိုဖိအားကို ခံစားမိခဲ့ကြပေသည်။

မကြာခင်၌ အဝေးရှိ ကောင်းကင်မှ နတ်အလင်းများ ဆင်းသက်လာသည်။ နောက်တခဏတွင် နတ်အလင်းများနှင့် ခြံရံထားသော တန်ခိုးရှင်တစ်စု ဆင်းလာပေသည်။ သူတို့က ချက်ချင်းပင် ကောင်းကင်တိုက်ပွဲနန်းတော်ထက်တွင် ပေါ်ပေါက်လာသည်။

ထိုလူများက အလွန်ပင် အစွမ်းထက်လှသည်။ တစ်ယောက်ချင်းစီတိုင်းက ရန်ဟောင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ကြားတွင် လူ့အနည်းငယ်က အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိကြသည်။ သူတို့၏ ခန္ဓာကိုယ်တို့မှ ထိပ်သီးအဆင့် ရန်ဟောင်အရှိန်အဝါများ ထုတ်လွှတ်နေသည်။ အများစုမှာ အဆင့်မြင့်ရန်ဟောင်များ ဖြစ်ကြသည်။

ထိုသို့သော အင်အားမျိုးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဝမ်တုမှာပင် ထိုသို့ အစွမ်းထက်သော အဖွဲ့မျိုး များများစားစား မရှိပေ။

ထိုလူများသည် ဝမ်တုမှ အင်အားစုတစ်ခု မဟုတ်ချေ။

ထိုအချိန်၌ သူတို့သည် ကောင်းကင်တိုက်ပွဲနန်းတော်၏ လမ်းစဥ်တိုက်ပွဲကိုစင်မြင့်ထက် ရပ်တန့်လိုက်ကြသည်။ မရေတွက်နိုင်သော အကြည့်များက ကောင်းကင်ထက်မှ ဆင်းလာသော ထိုတန်ခိုးရှင်အဖွဲ့ကို မော့ကြည့်လိုက်ကြသည်။ သည်လူတွေက မည်သူနည်း။.

“ကောင်းကင်တိုက်ပွဲနန်းတော်ကို ဘာကိစ္စများ ရှိလို့လဲ။” ကောင်းကင်တိုက်ပွဲနန်းတော်၏ နန်းတော်သခင်ငယ် ယန့်ချန်က ရပ်နေရာမှ ကောင်းကင်သို့ မော့ကြည့်ရင်း မေးလိုက်သည်။ သူက ထိုသူတို့ မည်သည့်နေရာမှ လာကြောင်း ခန့်မှန်း၍ မရသေးပေ။

တုန်းဟွာပိုင်နက်အတွင်း ထိုသို့သော အင်အားမျိုးနှင့် အဖွဲ့တို့က အနည်းငယ်သာ ရှိပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset