Switch Mode

စာစဥ် (၁) အပိုင်း (၂)

မူလမှော်စာလုံး

တိတ်ဆိတ်ငြိမ်သက်မှုက နန်းတော်အတွင်းမှာ ဖုံးလွှမ်းထားလျှက်ရှိသည်။ ဖိအားက တစ်စုံတစ်ယောက်ကို အသက်ရှုလို့မရနိုင်လောက်အောင်ပင် မွန်းကျပ်နေစေသည်။
ဇူယွမ်က သူ့ဘေးမှာထိုင်နေတဲ့ ဇူချင်ကိုကြည့်လိုက်မိသည်။ ဇူချင်ရဲ့မျက်နှာက ခုချိန်မှာ စွမ်းအားကင်းမဲ့နေမှုနဲ့အတူ ပင်ပန်းနွမ်းနယ်မှုတွေပါ ထင်ဟပ်နေလျှက်ရှိသည်။ အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စက ယခုချိန်ထိတိုင်အောင် သူ့ကိုအပြင်းအထန် ထိုးနှက်တိုက်ခိုက်လျှက်ရှိ တာ ထင်ရှားပေသည်။
သူ့ရဲ့ရှေ့မှာ သူ့သားရဲ့ကံကြမ္မာက ခိုးယူခံခဲ့ရတဲ့အပြင် ရှေးကတည်းက တည်ရှိလာခဲ့တဲ့ အခြေခံအုတ်မြစ်တွေ ဖျက်စီးခံလိုက်ရခြင်းက သူ့ကိုအလုံးစုံစွမ်းအား ကင်းမဲ့သွားစေသည်။ ဒါကသူ့အဖေအတွက်တော့ စိတ်ပျက်အားငယ်မှုတွေနဲ့ သိမ်ငယ်စိတ်တွေကို ဖြစ်ပေါ်စေခဲ့သည်။
ဇူယွမ်က သူ့နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူ့အဖေဇူချင်ရဲ့ စရိုက်ကို သူနားလည်ပေသည်။ အကယ်၍ သန်းပေါင်းများစွာသော ဇူအင်ပါယာက မျိုးနွယ်စုတို့ အတွက်သာမဟုတ်လျှင် ဝူဘုရင်နဲ့အတူ အောက်ကိုခုန်ဆင်းချဖို့ကိုပဲ သူကရွေးချယ်ပေလိမ့်မည်။
“ဒါကြောင့်မို့လို့ ငါ့ရဲ့စွမ်းအင်ဝင်ပေါက် ၈ ခုက ဘယ်တော့မှ မပေါ်လာခဲ့တော့တာပေါ့… ဒါကငါ့ကိုကျင့်ကြံခြင်းလမ်းကြောင်း စတင်နိုင်ဖို့ ခက်ခဲအောင်ပြုလုပ်နေတာပဲ… ဝူဘုရင်ရဲ့နည်းလမ်းက တကယ်ကိုကြောက်စရာကောင်းတာပဲ…” ဇူယွမ်က သူ့ရဲ့လက်ထဲမှာ တွန့်လိမ်၍နှေးကွေးစွာ သွားလာလှုပ်ရှားနေတဲ့ အနီရောင်အစုအဝေးကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်သည်။
သူ့ရဲ့ကံကြမ္မာကိုယူပြီး မြင့်မြတ်တဲ့နဂါးရဲ့အခြေခံအုတ်မြစ်ကို ဖျက်စီးပစ်တာနဲ့ မလုံလောက်ဘူးလား။ ဝူဘုရင်က သူ့ကိုရှင်းထုတ်ဖို့ ရည်ရွယ်ပြီးတော့ နဂါးဒေါသအဆိပ်နဲ့ တဖြည်းဖြည်းနဲ့သေအောင် ပြုလုပ်ခဲ့ပေသည်။
ဒီအတွက်ကြောင့် သူ့အမေဘုရင်မ အကြီးအကျယ် ဒဏ်ရာရမှုက ဇူယွမ့်ကို အကြီးအကျယ် ဒေါသထွက်စေသည်။ ဒီဒဏ်ရာတွေကြောင့်ပဲ သူမဟာ နောက်ထပ် ၁၀ နှစ်လောက်သာ အသက်ရှင်နိုင်ပေလိမ့်မည်။
ဇူယွမ်က အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ကာ သူ့ရင်ထဲက ဒေါသတွေကလည်း တဖြည်းဖြည်းနဲ့ လျော့ပါးလာခဲ့သည်။ အိပ်ပျော်နေတဲ့ သူ့အမေရဲ့ ဖြူဖျော့ဖျော့မျက်နှာကို ကြည့်လိုက်မိတဲ့အခါ သူ့နှလုံးသားကို ဓါးတစ်ချောင်းနဲ့ဖွင့်ပြီး လှီးဖြတ်နေသလို ခံစားရစေသည်။ “အဖေ… အမေ့ရဲ့ကျန်တဲ့သက်တမ်းတစ်လျှောက် သူမအတွက် ဘာတွေလုပ်ပေးရမလဲ” ဇူယွမ်က သူ့အဖေကိုမေးလိုက်သည်။
ဇူချင်က အတန်ကြာတိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်… “ဒီကမ္ဘာပေါ်မှာရှိတဲ့ ထူးခြားဆန်းကြယ်တဲ့ ရတနာတွေကပဲ လူတစ်ယောက်ရဲ့အသက်ကို တိုးမြှင့်ပေးနိုင်တယ်… တကယ်လို့ အဖေတို့ဒီလိုပစ္စည်းမျိုးရနိုင်ရင် သားအမေရဲ့ အသက်ကိုရှည်အောင် လုပ်နိုင်လိမ့်မယ်… ဒါပေမဲ့…”
ဇူချင်က ဒီနေရာကိုရောက်တဲ့အခါ ဆက်မပြောသေးဘဲ ခဏရပ်ကာ ခါးခါးသီးသီးပြုံးလိုက်မိသည်။ “ဒီလိုထူးခြားဆန်းကြယ်တဲ့ ရတနာတွေက အရမ်းကိုရှားပါးတယ်… အဖေက ဇူအင်ပါယာမှာရှိတဲ့ လူများစွာနဲ့ တစ်ကြိမ်ရှာဖွေခဲ့ပေမယ့်လည်း တစ်ခုတောင် ရှာလို့မရခဲ့ ဘူး…”
“ဇူအင်ပါယာက နောက်ပိုင်း ဘယ်အရာမှ မနှိုင်းယှဉ်နိုင်တဲ့အတွက် ခုချိန်ဒီနေရာမှာ လာပြီးခိုအောင်းနေကြရတယ်… ငါတို့ဟာ ကိုယ့်ကိုကိုယ် ကာကွယ်ရုံမျှသာ တတ်နိုင်ခဲ့ကြတယ်…”
ဇူယွမ်က လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးမှာတော့ စွမ်းအားရှိခြင်းရဲ့ အကျိုးကျေးဇူးကို နားလည်သွားခဲ့သည်။ တကယ်လို့ သူ့မှာသာ စွမ်းအားရှိမယ်ဆိုရင် လူတစ်ယောက်ရဲ့ အသက်ကိုရှည်အောင် ပြုလုပ်ပေးနိုင်တဲ့ ဒီလိုပစ္စည်းတွေကို အရမ်း အန္တရာယ်များတဲ့ တားမြစ်နယ်မြေဖြစ်နေရင်တောင်မှပဲ ရှာဖွေနိုင်လိမ့်ပေမည်။
သို့ပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်မှာ စွမ်းအင်ဝင်ပေါက် ၈ ခု မထွက်ပေါ်လာခဲ့တဲ့အတွက်ကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့အတွက်ပင် စွမ်းအားမရှိပေ။
ဇူယွမ် အံကိုတင်းတင်းကြိတ်လိုက်ပြီး တိုးညှင်းစွာနဲ့ မေးလိုက်သည်… “အဖေ… သားက အမှန်တကယ်ကို မူလဆရာသခင်တစ်ယောက် ဖြစ်မလာတော့ဘူးလား?”
သူ့အတွက် သူ့အမေရဲ့သွေးအဆီအနှစ်တွေ များစွာဆုံးရှုံးခဲ့ရပြီး သူမရဲ့သက်တမ်းကလည်း လျော့နည်းခဲ့ရသည်။ သူမရဲ့ သားတစ်ယောက်အနေနဲ့ ဒါကိုဘယ်လိုလုပ် ထိုင်ကြည့်နေနိုင်မှာလဲ။ ဒါ့အပြင် သူ့အနေနဲ့ ဝူကလန်က ဇူနိုင်ငံအပေါ်လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘာမှမသိရသေးခင်မှာ အဆင်ပြေနေပေမဲ့ အခုအားလုံးကို သိပြီးသွားတဲ့နောက်မှာ ဒီရန်ကြွေးကို လွယ်လွယ်နဲ့ မချေဖျက်ပေးနိုင်တော့ပါဘူး။
ဒါပေမယ့်လည်း လက်စားချေဖို့အတွက် သူ့မှာလုံလောက်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားမှသာ ဖြစ်နိုင်ပါလိမ့်မည်။
ဒီကမ္ဘာကြီးထဲမှာတော့ ကြီးမားတဲ့စွမ်းအားရှိတဲ့ လူတွေဟာ ပုံမှန်အားဖြင့်တော့ မူလဆရာသခင်တွေပဲဖြစ်သည်။
ဇူယွမ်ရဲ့ စကားကိုကြားလိုက်ရပြီးတဲ့နောက်မှာ ဇူချင်က တစ်စုံတစ်ခုကို တွေးလိုက်မိပြီး သက်ပြင်းချလိုက်သည်။ ခဏမျှကြာပြီး နောက်ဆုံးမှာ သူကပျော့ပျောင်းစွာ ပြောလိုက် သည်… “သားက ဒီရန်ကြွေးကို တကယ်ပြန်ယူချင်တာလား?”
ဇူယွမ်က ပေါ့ပါးစွာ ခေါင်းညှိတ်ပြလိုက်သည်။ သူက ဒီနှစ်တွေအတွင်းမှာ ကြီးစွာသော ဆင်းရဲဒုက္ခတွေနဲ့ ဝေဒနာခံစားနေခဲ့ရပေမဲ့ သူ့အသက်အရွယ်နဲ့မလိုက်အောင်ပင် ရင့်ကျက်တည်ငြိမ်လာပြီး စိတ်ဓါတ်ကိုကြံ့ခိုင်စေခဲ့သည်။
ဝူကလန်က ဇူနိုင်ငံအပေါ်ပုန်ကန်ပြီး သူ့ရဲ့ကံကြမ္မာကို ခိုးယူသွားခဲ့ကတည်းက သူတို့တွေဟာ ဘယ်တော့မှ အတူတကွယှဉ်တွဲနေထိုင်လို့မရနိုင်ဘူးဆိုတာ သိခဲ့ရသည်။
ဝူဘုရင်ကပြန်လည်ဆုတ်ခွာမယ်လို့ ကတိပေးခဲ့တာကြောင့်သာ ဇူနိုင်ငံအနေနဲ့ ယနေ့တိုင်အောင် ရှင်သန်နေနိုင်ခြင်းဖြစ်ပေသည်။ နှစ်တစ်ရာပြည့်လို့ ပေးထားတဲ့ကတိပြည့်သွားခဲ့ရင်တော့ ဝူအင်ပါယာအနေနဲ့ သူတို့ရဲ့အနာဂတ်မှာ ဖြစ်လာနိုင်တဲ့အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဇူနိုင်ငံကိုပထမဆုံးဖျက်စီးပြစ်မယ်ဆိုတာကို အလွယ်တကူခန့်မှန်းနိုင်သည်။
ဒီလိုအခြေအနေကို ပြောင်းလဲနိုင်ဖို့အတွက် သူ့မှာလုံလောက်တဲ့ စွမ်းအားရှိဖို့ လိုအပ်ပေသည်။
ဇူချင်က ဇူယွမ်ရဲ့ဆုံးဖြတ်ချက်ကို ကြားရတဲ့အခါ အရမ်းကိုကျေနပ်အားရ ဖြစ်သွားမိသည်။ အချိန်အနည်းငယ်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် သူကဇူယွမ်ရဲ့ပုခုံးကို ပြင်းပြင်းထန်ထန်ပုတ်လိုက်မိသည်။ “ကောင်းပြီ! သူတို့ကိုပြန်လည်ပေးဆပ်ရအောင်လုပ် ဖို့အတွက်က သားအပေါ်ကိုပဲ မျှော်လင့်ထားရမှာပဲ… တကယ်လို့ သားမှာသာဆန္ဒရှိရင် အဖေ အားလုံးကို ကူညီပေးနိုင်တယ်!”
ဇူချင်ရဲ့ စကားကိုကြားလိုက်ရတဲ့အခါ ဇူယွမ်ရဲ့မျက်လုံးတွေတောက်ပလာခဲ့ပြီး မျှော်လင့်တကြီးနဲ့ ပြောလိုက်သည်… “အဖေ့မှာ အကြံရှိလား?”
ဇူချင်ခေါင်းညှိတ်ပြလိုက်ပြီး ခါးသီးစွာပြုံးလိုက်ရင်း ပြောလိုက်သည်… “သားအရမ်းကြီးလည်း ပျော်မသွားနဲ့ဦး… အဖေလည်း ဒီနည်းလမ်းက အမှန်တကယ် အလုပ်ဖြစ်မလားဆိုတာ မကျိန်းသေဘူး…”
“ဘာနည်းလမ်းလဲ?” လူငယ်တစ်ယောက်ရဲ့ စိတ်အားထက်သန်မှုတွေကို နောက်ဆုံးမှာ ဇူယွမ်ရဲ့မျက်နှာပေါ်မှာ မြင်တွေ့လိုက်ရသည်။
“နောက်သုံးရက်နေရင် ဘိုးဘေးတွေကိုပူဇော်တဲ့ အခမ်းအနားရှိတယ်… အဲ့ဒီအချိန်ကျရင် အဖေ့နဲ့အတူ ရှေးဟောင်းနယ်မြေထဲကို သားကလိုက်လာရလိမ့်မယ်…”
ဇူချင်က ရယ်မော၍သာနေခဲ့ပြီး အသေးစိတ်ကိုတော့ ရှင်းမပြခဲ့ပေ။ သူကဆက်မပြောခင် ခဏရပ်ထားခဲ့ပြီးမှ “ဒါပေမဲ့ သားအတွက်ကတော့ စည်းကမ်းချက်တစ်ခုရှိ တယ်…”
“ဘာစည်းကမ်းလဲ” ဇူယွမ်က အံ့အားသင့်သွားပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
ဇူချင်ကတင်းကျပ်စွာပြောလိုက်သည်… “သားကစွမ်းအင်ဝင်ပေါက်ကို မဖွင့်နိုင်ဘူးဆိုပေမဲ့လည်း မူလမှော်စာလုံးတွေကို မလေ့လာနိုင်ဘူးလို့ဆိုလိုတာတော့မဟုတ်ဘူး… သားသိထားရမှာက တကယ်လို့ သားရဲ့စွမ်းအင်ဝင်ပေါက် ၈ ခုကိုမဖွင့်နိုင်ခဲ့ဘူးဆိုရင် မှော်စာလုံးရေးခြင်းက သားလျှောက်လှမ်းနိုင်တဲ့ နောက်ဆုံးလမ်းကြောင်းပဲ… တကယ်လို့ မှော်စာလုံးရေးခြင်းမှာသာ အထွတ်အထိပ်ကို သားရောက်သွားမယ်ဆိုရင် သားခန္ဓာကိုယ်ထဲမှာရှိတဲ့ နဂါးဒေါသအဆိပ်ကိုလည်း ဖိနှိပ်ထားနိုင်လိမ့်မယ်…”
ဒီကမ္ဘာကြီးထဲမှာရှိတဲ့ မူလဆရာသခင်တွေဟာ စွမ်းအားမျိုးစုံကို ပိုင်ဆိုင်နိုင်ကြသည်။ ဒါပေမဲ့ ဒါကလမ်းကြောင်းတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ခြားနားတဲ့ပုံစံတွေနဲ့ မတူညီတဲ့လမ်းကြောင်းများစွာ ရှိတဲ့အထဲကမှ မူလမှော်စာလုံးရေးသားတဲ့လမ်းကြောင်းဟာ ကျယ်ပြန့်ကာနက်ရှိုင်းလှပေသည်။
ဇူယွမ်ရဲ့ စွမ်းအင်ဝင်ပေါက် ၈ ခုပွင့်နေခဲ့စဉ် အချိန်တုန်းက ဇူချင်ရဲ့လမ်းညွှန်သင်ကြားမှုအောက်မှာ ဇူယွမ်က မူလမှော်စာလုံးရေးသားခြင်းကို လေ့လာသင်ယူခဲ့ရသည်။ ပြောကြတာက စွမ်းရည်များစွာရှိနေခြင်းက လူတစ်ယောက်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မှာ မဟုတ်ပါဘူး။ များစွာသော မူလဆရာသခင်တွေဟာ မူလမှော်စာလုံးတွေရဲ့ အခြေခံအချက်အနည်းငယ်ကိုသာ နားလည်ထားကြပေသည်။
ဇူယွမ်က ဒါကိုကြားလိုက်ရတဲ့အခါ ညင်သာစွာခေါင်းညိတ်ပြလိုက်သည်။ ဇူချင်ပြောတဲ့ စကားရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်ကို သူနားလည်တဲ့အတွက် ဒါတွေက အမှန်ဆိုတာကို သူသိပေသည်။ ဇူချင်အနေနဲ့ကလည်း ဇူယွမ်တစ်ယောက် သူ့ရဲ့စွမ်းအင် ဝင်ပေါက် ၈ ခုမပေါ်လာခဲ့တဲ့အတွက် သူ့ကိုယ်သူစိတ်ပျက်အားငယ်ခြင်းတွေ မူလဆရာ သခင်တစ်ယောက်ဖြစ်လာဖို့ ငြင်းပယ်ခံခဲ့ရခြင်းတွေကြောင့် နောက်ဆုံးလမ်းကြောင်းပေါ်ကို ရောက်ရှိသွားမှာကို သူ့အနေနဲ့ စိုးရိမ်ခဲ့ရသည်။
ဇူချင်ခေါင်းကိုညှိတ်လိုက်ပြီး သူ့မျက်နှာက ပြုံးပျော်လာခဲ့သည်။
“ဒီနေ့တော့ အနားယူလိုက်တော့…သားက တော်ဝင်ဇူကျောင်းတော်ကို သင်ယူဖို့ သွားရောက်ရမယ်… နောက်သုံးရက်ကြာရင်တော့ သားကိုရှေးဟောင်းနယ်မြေကို ခေါ်သွားမယ်…”
“ကောင်းပါပြီ!” လူငယ်လေးရဲ့ ပြောလိုက်တဲ့အသံမှာ မျှော်လင့်ချက်အပြည့် ပါဝင်နေပေသည်။
ဇူချင်က ရယ်မောလိုက်ကာ ဇူယွမ်ရဲ့ဆံပင်ကို ထိုးဖွလိုက်သည်။ အဲ့ဒီနောက်မှာသူက သတိလစ်နေတဲ့ ချင်ယုကိုသယ်ဆောင်ပြီး ဆရာချင်နဲ့အတူ နန်းတော်အတွင်းကနေ လမ်းလျှောက်ထွက်သွားလိုက်ကြသည်။
ဇူယွမ်က ဇူချင်ရဲ့ နောက်ကျောကို ငေးမောကြည့်လိုက်ပြီး အမြဲတမ်းဂုဏ်သရေရှိလှတဲ့ သူ့အဖေရဲ့နောက်ကျောဟာ ခုချိန်မှာတော့ စွမ်းအားမဲ့မှုတွေ ပင်ပန်းနွမ်းနယ်နေတဲ့ အရှိန်အဝါအငွေ့အသက်တွေ ထွက်ပေါ်နေခြင်းက သူ့ကိုဝမ်းနည်းနာကျင်စေသည်။ သူသိခဲ့တဲ့ အရင်အချိန်တွေတုန်းက သူ့အဖေဟာ ကြီးမားတဲ့ရည်မှန်းချက်တွေနဲ့ ပြည့်နှက်နေတဲ့ လူတစ်ယောက် အဖြစ်ရှိခဲ့သည်။ သို့ပေတည့်လည်း ရက်စက်လှတဲ့ ကံကြမ္မာကြီးက ဒီရည်မှန်းချက်တွေကို တဖြည်းဖြည်းနဲ့ လျော့ပါးလာစေခဲ့သည်။
ဒါတွေအားလုံးက ဝူဘုရင်ကြောင့် ဖြစ်ခဲ့ရတာပဲ။
ဇူယွမ်က နှုတ်ခမ်းတွေကို တင်းကျပ်စွာပိတ်လိုက်ပြီး သူ့ရဲ့ငယ်ရွယ်တဲ့ မျက်နှာပေါ်မှာ အေးစက်စက်အငွေ့အသက်တွေ ယှက်သန်းလာခဲ့သည်။
“ဝူကလန်နဲ့ ဝူဘုရင်… အနာဂတ်မှာ ဒီရန်ကြွေးကို တစ်ယောက်ချင်းစီကနေ ပြန်ပေးဆပ်ရ အောင် ငါလုပ်မယ်!”

နောက်တစ်နေ့
မနက်စောစောအချိန်မှာပဲ ဇူယွမ်က အစောင့်အရှောက်တွေရဲ့ ကာကွယ်မှုနဲ့အတူ နန်းတော်ကနေ တော်ဝင်ဇူကျောင်းတော်တည်ရှိရာ တော်ဝင်ဇူမြို့တော်ရဲ့ အနောက်ဘက်ဒေသကို ဦးတည်ထွက်ခွာလာခဲ့ကြသည်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ဇူချင်က တော်ဝင်ဇူကျောင်းတော်ကို တည်ထောင်ဖို့ အမိန့်ပေးခဲ့သည်။ အဲ့ဒီအချိန်တုန်းက သူ့ရဲ့စစ်တပ်ထဲက ကျွမ်းကျင်သူတွေကို စုစည်းပြီး တော့ ကျောင်းမှာဆရာတွေအဖြစ်ခန့်အပ်ခဲ့သည်။ တော်ဝင်ဇူကျောင်းတော်က လာရောက်သင်ကြားတဲ့ ကျောင်းသားတွေကို ခွဲခြားဆက်ဆံခဲ့ခြင်းမရှိဘဲ အရည်အချင်းလုံလောက်အောင်ရှိတဲ့သူတွေသာမက သာမန်လူတန်းစားတွေကိုတောင်မှပဲ ကျောင်းတော်မှာ လာရောက်လေ့ကျင့်စေခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ တော်ဝင်ဇူကျောင်းတော်ဟာ အနာဂတ်မှာ ထူးချွန်ထင်ရှားတဲ့လူများစွာကို မွေးထုတ်ပေးနိုင်ခဲ့သလို ကျောင်းတော်ရဲ့ အဆင့်အတန်းဟာလည်း တော်ဝင်ဇူအင်ပါယာထဲမှာ ပိုပိုပြီးမြင့်မားလာခဲ့သည်။ ဒါ့ကြောင့် တော်ဝင်မင်းသားလေးဖြစ်တဲ့ ဇူယွမ်တောင်မှပဲ ဒီနေရာမှာလေ့ကျင့်ဖို့အတွက် လာရောက်ခဲ့ရသည်။
တော်ဝင်ဇူကျောင်းတော်ရဲ့ ဂိတ်တံခါးတွေမှာ အစောင့်တွေက တင်းကျပ်စွာစောင့်ကြပ်လျှက်ရှိနေသည်။ သံချပ်ကာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အစောင့်အရှောက်တွေက ကျောင်းတော်ထဲကို ဝင်ရောက်လာတဲ့ ဘယ်သူ့ကိုမဆို တင်းကျပ်စွာ စစ်ဆေးလျက်ရှိသည်။ ဒါပေမဲ့ ဇူယွမ်အနေနဲ့ ပုံမှန်အားဖြင့်စစ်ဆေးခံရခြင်းမှ ကင်းလွတ်ခွင့်ရရှိလေသည်။ အဲ့ဒီနောက်မှာ တော်ဝင်ဇူမြို့တော်ထဲမှာရှိတဲ့ လူတိုင်းက မင်းသားလေးကို အသိအမှတ်ပြုနှုတ်ဆက်ခဲ့ကြသည်။
“နှုတ်ဆက်ပါတယ် မင်းသားလေး!”
ဇူယွမ်တစ်ယောက် ကျောင်းတော်ရဲ့ဂိတ်ပေါက်က ထွက်ပေါ်လာတဲ့အခါ အစောင့်တွေက လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။
“မင်းသားလေး…” များစွာသော တော်ဝင်ဇူကျောင်းတော်သားတွေက လမ်းတစ်လျှောက် ထွက်ပေါ်လာခဲ့ကြသည်။ သူတို့က ဇူယွမ်ကိုပြုံးပြလိုက်ကြပြီး သူတို့ရဲ့အမူအယာတွေထဲမှာ လေးစားမှုအချို့ကို မြင်တွေ့ရပေမည်။
ဇူယွမ်ကလည်း သူတို့ရဲ့အပြုံးတွေကို သူ့ရဲ့လက်သီးနှစ်ဖက်ကိုဆုပ်ကိုင်ကာ နှုတ်ဆက်ရင်းနဲ့ တုန့်ပြန်လိုက်သည်။ ကျောင်းသားအများစုက သာမန်လူတန်းစားတွေဖြစ်ကြပြီး သူ့အပေါ်ထားတဲ့ လေးစားမှုတွေက ဒီကျောင်းတော်ကိုတည်ထောင်ခဲ့တဲ့ သူ့အဖေကြောင့် ဆိုတာကို သူလည်းသိပေသည်။ ဒီအရာက သာမန်လူတန်းစားတွေအတွက် သူတို့ရဲ့ အဆင့်အတန်းကို မြင့်တက်လာစေနိုင်ပြီး သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ဖို့ အခွင့်အရေးပေးခဲ့သောကြောင့် ဖြစ်ပေသည်။
အနောက်ဘက်ဒေသရဲ့ တော်ဝင်ဇူကျောင်းတော်။
ကျယ်၀န်တဲ့စာသင်ခန်းမအတွင်းမှာတော့ စားပွဲခုံတွေကို အစီအစဉ်တကျ နေရာချထား လျက်ရှိသည်။ များပြားလှတဲ့လူငယ်လေးတွေဟာ စားပွဲခုံတွေရဲ့ရှေ့မှာ ဒူးထောက်နေတဲ့ ပုံစံနဲ့ထိုင်နေကြသည်။ ဒါကအရမ်းကို ငြိမ်သက်အေးချမ်းတဲ့ပတ်ဝန်းကျင် တစ်ခုဖြစ်ပေ သည်။
ဇူယွမ်ကလည်း တိတ်ဆိတ်စွာပဲ ပထမဆုံးတန်းရဲ့ ပထမဆုံးခုံမှာ ဝင်ထိုင်လိုက်သည်။ တောက်ပပြီး သန့်ရှင်းနေတဲ့ ကျောက်စိမ်းပြားတစ်ချပ်နဲ့အတူ အဲ့ဒါရဲ့ ဘေးမှာ ရှည်လျားတဲ့ အနီရောင်စုတ်တံတစ်ချောင်းရှိနေသည်။
စုတ်တံရဲ့ ကိုယ်ထည်တစ်ခုလုံးလိုလိုကို အနီရောင်ကျောက်နဲ့ပြုလုပ်ထားပြီး စုတ်တံရဲ့ ခေါင်းပိုင်းကိုတော့ မီးလျှံကြွက်ရဲ့ ဝမ်းဗိုက်ကအနူးညံ့ဆုံးသောအမွှေးတွေနဲ့ ပြုလုပ်ထားပေသည်။ ဒီနူးညံ့တဲ့အမွှေးတွေပေါ်မှာ အလင်းရောင်တစ်ချို့ မှုန်ဝါးဝါထွက်ပေါ်နေသည်။ ထိုအရာက မူလမှော်စာလုံးစုတ်တံတစ်ချောင်းပင် ဖြစ်သည်။
မူလမှော်စာလုံးရေးတဲ့အခါမှာ အရမ်းကိုအရေးကြီးတဲ့ ပစ္စည်းတစ်ခုက ဘာလဲလို့မေးလိုက်ရင် လူတိုင်းက မူလမှော်စာလုံးစုတ်တံဆိုပြီး ဒီတူညီတဲ့ စကားလုံးသုံးလုံးကိုသာ ဖြေကြပေလိမ့်မည်။
မူလမှော်စာလုံးစုတ်တံတစ်ချောင်းဟာ မူလမှော်စာလုံးတွေ ရေးသားဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ရုံသာမက စုတ်တံတစ်ချောင်းနဲ့အတူ တစ်ယောက်ယောက်က ထူးခြား ဆန်းကြယ်ပြီး ကြီးကျယ်တဲ့မူလမှော်စာလုံးတွေကို ကမ္ဘာကြီးထဲမှာရှိတဲ့ မူလချီစွမ်းအင် တွေထဲမှာ အရမ်းကိုကြီးမားတဲ့ စွမ်းအားတွေပါဝင်အောင် ရေးဆွဲနိုင်စွမ်းရှိကြသည်။
ဒါကြောင့် မူလမှော်စာလုံးစုတ်တံတွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြောစရာပင်မလိုချေ။ စုတ်တံမပါဘဲနဲ့ လူတစ်ယောက်ဟာ မူလမှော်စာလုံးရေးသားတဲ့နေရာမှာ ဘယ်လောက်အရည်အချင်းရှိနေနေ သူရေးတဲ့မူလမှော်စာလုံးရဲ့ စွမ်းအားကလည်း လျော့ကျသွားပေလိမ့်မည်။
ဇူယွမ်လည်း မူလမှော်စာလုံးစုတ်တံကို ကိုင်လိုက်ရင်း သက်လက်ပိုင်းအရွယ် ဆရာတစ်ယောက်က တည်ငြိမ်တဲ့လေသံနဲ့ သင်ခန်းစာပို့ချနေတာကို ကြည့်လိုက်သည်။
“စုတ်ချက်တစ်ချက်ဆွဲဖို့အတွက် မင်းတို့ရဲ့စိတ်ကို စုတ်တံထိပ်ဖျားမှာ အာရုံစိုက်ထားကြ… မျဉ်းကြောင်းတိုင်းနဲ့ စုတ်ချက်တိုင်းကို ကိုယ့်စိတ်နဲ့ တစ်ထပ်တည်းကျအောင် ရေးဆွဲကြရမယ်… ပြီးတော့ကိုယ်ဆွဲလိုက်တဲ့ မူလမှော်စာလုံးတွေကလည်း ကမ္ဘာကြီးထဲက မူလချီတွေကို အသုံးချနိုင်ရမယ်…”
“မင်းတို့ မှတ်ထားရမှာက မူလမှော်စာလုံးတွေ ရေးဆွဲတဲ့အခါမှာ လူတစ်ယောက်ရဲ့ နှလုံးသားက ရေလိုကြည်လင်နေရမယ်… ပြီးတော့ လက်ရှိအခြေအနေကနေပြီး စိတ်ပျံ့လွင့်သွားလို့မရဘူး… မူလမှော်စာလုံးစုတ်တံကိုလည်း မင်းတို့ရဲ့ခန္ဓာကိုယ်လိုပဲ သဘောထား ရမယ်… မင်းတို့ရဲ့စိတ်က စုတ်တံထိပ်ဖျားကိုပဲ အာရုံစိုက်ထားရမယ်… အဲ့ဒါမှစုတ်တံနဲ့ မင်းတို့ဟာ တစ်သားတည်းဖြစ်သွားပြီးတော့ အသက်တစ်ရှုစာအချိန်အတွင်းမှာပဲ ပြည့်ပြည့်စုံစုံ ချောချောမွေ့မွေ့နဲ့ ရေးဆွဲနိုင်ကြလိမ့်မယ်…”
“ ….. “
ဆရာကရှင်းပြပြီးတဲ့နောက်မှာ ဆက်ပြောခဲ့တယ်… “နောက်ပြီးတော့… ငါတို့အခု ပြီးခဲ့တဲ့လက မင်းတို့ကိုသင်ပေးခဲ့တဲ့ မူလမှော်စာလုံးပုံစံသုံးခုကို ပြန်လေ့ကျင့်ကြမယ်… ဒီနေ့ မင်းတို့ထဲကတစ်ယောက်ယောက်က သုံးခုထဲကတစ်ခုကို အောင်မြင်အောင်လုပ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်…”
ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ စာသင်ခန်းမထဲမှာရှိတဲ့ လူငယ်လေးတွေရဲ့ မျက်နှာတွေက နာကျင်စွာရှုံ့မဲ့သွားကြပြီး စကားသံတွေ ဆူညံစွာထွက်ပေါ်လာခဲ့ကြသည်။ ဒီမူလမှော်စာလုံးရေးသားတာက ရိုးရှင်းတယ်လို့ထင်ရပေမဲ့လည်း လေ့ကျင့်ခန်းတစ်ခုချင်းစီက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ကုန်ခမ်းသွားစေနိုင်လောက်အောင် ပင်ပန်းစေသည်။
သူတို့ရဲ့ အသံတွေကို ဆရာကကြားလိုက်တဲ့အခါ ဒေါသထွက်တဲ့ အမူအယာဖြင့် တင်းမာစွာပြောလိုက်သည်… ”ဟမ့်… မင်းတို့ရဲ့ အသံတွေတိတ်ကြတော့… မင်းတို့ကို ငါသင်ပေးခဲ့တာ ပြင်းထန်သောခွန်အားမှော်စာလုံးရယ် အလင်းခန္ဓာကိုယ်မှော်စာလုံးနဲ့ သတ္တုအရေပြားမှော်စာလုံး သုံးခုပဲ… အဲ့ဒီသုံးခုစလုံးက အခြေခံအဆင့်ကို ရောက်ရုံပဲရှိသေးတယ်…”
သူ့ရဲ့အသံမှာ မကျေနပ်မှုတွေပါဝင်နေပြီးတော့ ကျောင်းသားတွေအားလုံးကို လှမ်းကြည့်လိုက်သည်။
လူငယ်တွေအားလုံး သူတို့ဆရာဒေါသထွက်သွားတာကို တွေ့ရတဲ့အခါ တွန့်ဆုတ်သွားခဲ့ကြပြီး နောက်ထပ်ဆူညံသံတွေ ထပ်မံပေါ်ထွက်လာခြင်း မရှိတော့ပေ။ နောက်ပြီး သူတို့အားလုံး သူတို့ရဲ့မူလမှော်စာလုံးစုတ်တံတွေကို ကိုင်စွဲလိုက်ကြပြီး ရှေ့မှာရှိတဲ့ ကျောက်စိမ်းပြားပေါ်မှာ စတင်ရေးဆွဲလိုက်ကြသည်။
ဇူယွမ်လည်း ပေါ့ပါးစွာပြုံးလိုက်မိသည်။ သူ့လက်ထဲက စုတ်တံကိုစတင်ဆုပ်ကိုင်လိုက်ပြီး မှော်စာလုံးရေးဖို့အတွက်ကို အာရုံစိုက်လိုက်သည်။ ပတ်ဝန်းကျင်ကဆူညံသံတွေ အားလုံးကလည်း ရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည်။ သူ့ရဲ့နှလုံးသားက ကြည်လင်အေးချမ်းတဲ့ ရေကန်ငယ်လေးတစ်ခုနဲ့တူပြီး ကျောက်စိမ်းပြားအပေါ်ကိုပဲ အာရုံစူးစိုက်ထားလိုက်သည်။ သူ့ရဲ့မျက်ခုံးတွေကြားကနေ အလင်းရောင်တန်းတွေ ထွက်ပေါ်လာခဲ့ပြီး စုတ်တံထိပ်ဖျားမှာလည်း အနီရောင်အလင်း မှိန်မှိန်လေးက စတင်ခုန်ပေါက်နေလျက်ရှိသည်။
ဇူယွမ်ရဲ့ စုတ်တံထိပ်ဖျားက ကျောက်စိမ်းပြားပေါ်မှာ ဖြည်းညှင်းစွာလှုပ်ရှားသွားလာနေခဲ့ကာ ခက်ခဲရှုပ်ထွေးတဲ့ စုတ်ချက်ပေါင်းများစွာ ရေးဆွဲပြီးတဲ့နောက်မှာမှ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ အဲ့ဒီစုတ်ချက်တွေက သမင်ချိုနဲ့ ပုံစံတူပြီး အရမ်းကိုဆွဲဆောင်နိုင်စွမ်းရှိပေသည်။ သူတို့တွေအတူတကွ စုဝေးသွားကြတဲ့အခါမှာ မှော်စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရပေမည်။
မူလမှော်စာလုံးတွေကို များစွာသော စုတ်ချက်တွေ မျဉ်းကြောင်းတွေနဲ့ ရေးဆွဲထားကြသည်။ ယေဘူယျအနေဖြင့် စုတ်ချက်နဲ့ မျဉ်းကြောင်းတွေ ပိုပြီးတော့ပါဝင်လေလေ မူလမှော်စာလုံးရဲ့ အရည်အသွေးနဲ့ စွမ်းအားကပိုပြီးတော့ မြင့်တက်လာလေလေဖြစ်သည်။
လက်ရှိဇူယွမ်ရေးဆွဲထားတဲ့ မူလမှော်စာလုံးက သတ္တုအရေပြားမှော်စာလုံးပဲ ဖြစ်သည်။ ၎င်းကအခြေခံအဆင့် မှော်စာလုံးတစ်ခုမျှသာဖြစ်ပြီး စုတ်ချက်တစ်ရာကျော်သာ ပါဝင်သည်။ သို့ပေမဲ့ စုတ်ချက်တစ်ရာကျော်ကို အောင်အောင်မြင်မြင်ရေးဆွဲနိုင်ဖို့အတွက်ကို အံ့သြစရာကောင်းလောက်တဲ့ လေ့ကျင့်မှုအကြိမ်ရေရှိဖို့လည်း လိုအပ်ပေသည်။
ဇူယွမ်ရဲ့ စုတ်တံထိပ်ဖျားက စီးဆင်းနေတဲ့ရေလိုပဲ ညင်သာလှပေသည်။ တုန့်ဆိုင်းခြင်း အလျဉ်းမရှိဘဲ သူ့ရဲ့လှုပ်ရှားမှုတွေက သဘာဝကျကာ အလှတရားတွေက လွတ်လပ်စွာ စီးဆင်းနေကြသည်။
သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ဝင်ပေါက် ၈ ခုမပေါ်လာခဲ့တဲ့အတွက် ကုန်လွန်ခဲ့တဲ့နှစ်တွေ အတွင်းမှာ ဇူယွမ်ရဲ့ အချိန်တွေအားလုံးဟာ မူလမှော်စာလုံးလေ့ကျင့်တဲ့ အပေါ်မှာသာ ကုန်ဆုံးစေခဲ့သည်။ ဒါကြောင့်လည်း သူ့ရဲ့အခြေခံက အခြားကျောင်းသားတွေထက်ကို ပိုပြီးတော့ သန်မာနေခြင်းဖြစ်သည်။
အမှန်တကယ် အရေးကြီးဆုံး အချက်ကတော့ သူ့ရဲ့စိတ်ဝိညာဉ်ဟာ သာမန်လူတွေထက် ပိုပြီးတော့ သန်မာနေခြင်းကြောင့်ဖြစ်သည်။ သူ့ရဲ့ကံကြမ္မာကို ယူဆောင်သွားခြင်းခံခဲ့ရပြီး မြင့်မြတ်တဲ့နဂါးရဲ့အခြေခံအုတ်မြစ်ပျက်စီးသွားခဲ့ပေမယ့်လည်း ကံအားလျော်စွာ သူ့ရဲ့ စိတ်ဝိညာဉ်က နာကျင်ထိခိုက်ခဲ့ခြင်းအလျဉ်းမရှိခဲ့ပေ။ သူငယ်စဉ်ကတည်းက ဘေးအန္တရာယ်တွေကနေ ရှောင်ရှားနိုင်အောင် ကူညီပေးခဲ့တဲ့အတွက်ကြောင့်လည်း သူ့ရဲ့စိတ်ဝိညာဉ်က ပြည့်စုံစွာဖွဲ့စည်းပြီးပြီဟု ထင်ရသည်။
မိနစ်များစွာကြာပြီးတဲ့နောက်မှာ ဇူယွမ်ရဲ့သေးသွယ်တဲ့ လက်ကနေ အလင်းကွေးပုံစံ လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ပြီးတဲ့နောက်မှာ သူ့ရှေ့မှာရှိတဲ့ ကျောက်စိမ်းပြားပေါ်ကနေ တောက်ပတဲ့အလင်းရောင်တွေ ရုတ်တရက် ထွက်ပေါ်လာခဲ့ကြသည်။ တစ်ယောက်ယောက်က သေချာကြည့်လိုက်ပါက ရှုပ်ထွေးပြီး လှပတဲ့မူလမှော်စာလုံးတစ်ခုပုံစံ ဖြည်းညှင်းစွာပေါ်ပေါက်လာသည်ကို မြင်တွေ့ရပေမည်။
“ကောင်းတယ်… ကောင်းတယ်… စုတ်ချက်တွေက ပြည့်စုံပြီး အရမ်းကိုအသက်ဝင်နေတယ်… ဒီသတ္တုအရေပြားမှော်စာလုံးကို အောင်မြင်တဲ့လက်ရာတစ်ခုအဖြစ် သတ်မှတ်နိုင်တယ်…” ဇူယွမ်သူ့အလုပ်ပြီးသွားတဲ့အချိန်မှာ ဘေးနားကနေ တလေးတစားနဲ့ပြောလိုက်တဲ့အသံကို ကြားလိုက်ရသည်။
ဇူယွမ်ခေါင်းမော့ကြည့်လိုက်တဲ့အခါ သူ့ဘေးမှာဘယ်အချိန်တည်းက ရောက်နေမှန်းမသိတဲ့ဆရာကို တွေ့လိုက်ရပြီး ပြုံးရွှင်နေတဲ့ မျက်နှာထားနဲ့ ကျောက်စိမ်းပြားပေါ်က မူလမှော်စာလုံးကို ကြည့်နေလျက်ရှိသည်။
စာသင်ခန်းထဲကလူငယ်အားလုံးကလည်း သူတို့ရဲ့ခေါင်းတွေကိုမော့လိုက်ပြီး ဇူယွမ်ရှိရာကို လှမ်းကြည့်လိုက်ကြသည်။ သူတို့ကစတင်ဖို့ကြံရုံပဲရှိသေး ဇူယွမ်ကအောင်မြင်သွားတာကို ကြည့်ပြီးလူငယ်တစ်ချို့ရဲ့ မျက်လုံးထဲမှာ အံ့သြတကြီး ဖြစ်သွားကြသည်။
ဆရာကကျောင်းသားတွေကို ဝမ်းနည်းစွာကြည့်လိုက်မိသော်လည်း သူ့ရဲ့စိတ်ထဲမှာတော့ အနည်းငယ် ပျော်ရွှင်ရပေသည်။ “မင်းတို့အားလုံးလည်း သူ့လိုလေ့လာသင်ယူကြရင် အရမ်းကောင်းမှာပဲ…”
ဆရာရဲ့စကားကို ကြားလိုက်ရတဲ့အခါ လူငယ်လေးတွေက တခစ်ခစ်ရယ်မောလိုက်ကြပြီး ခေါင်းကိုသာခါရမ်းလိုက်မိကြသည်။ မင်းသားလေးဇူယွမ်က ဒီနယ်ပယ်မှာ အရမ်းကိုပါရမီရှိတဲ့ဟာကို… သူတို့အားလုံးကိုလည်း ဒီလိုဖြစ်လာဖို့ ဆရာကဘယ်လိုလုပ် မျှော်မှန်းထားနိုင်ရတာလဲ။
သို့ပေမယ့်လည်း တခစ်ခစ်ရယ်မောသံတွေကြားထဲကနေမှ ထူးဆန်းတဲ့ရယ်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဟီဟီ… ဆရာ့ရဲ့စကားက နည်းနည်းတော့မမျှတဘူး… ကျွန်တော်တို့တွေက အချိန်အများစုကို စွမ်းအင်ဝင်ပေါက်ဖွင့်လှစ်ခြင်းအပေါ်မှာပဲ အာရုံစိုက်ထားခဲ့ကြတယ်… ဒါ့ကြောင့်မို့လို့ မင်းသားလေးလိုမျိုး မူလမှော်စာလုံးရေးတဲ့ နေရာတစ်ခုထဲမှာပဲ နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို နှစ်မြှုပ်မထားနိုင်ဘူး… တစ်နည်းပြောရမယ်ဆိုရင်တော့ မြင်းရဲ့ရှေ့မှာ လှည်းကိုထားလို့ ရနိုင်ပါ့မလား?”
ဒီရယ်သံထွက်ပေါ်လာတဲ့အခါ စာသင်ခန်းတစ်ခုလုံး ရုတ်ချည်းတိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြပြီး များစွာသောအကြည့်တွေက ရယ်သံထွက်ပေါ်လာတဲ့နေရာဆီကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ကြသည်။
ဇူယွမ်ရဲ့မျက်ခုံးတွေကလည်း မြင့်တက်သွားခဲ့ပြီး စကားသံထွက်ပေါ်လာသည့်နေရာကို ကြည့်လိုက်တဲ့အခါ ပန်းပွင့်တွေစီချယ်ထားတဲ့ ဝတ်စုံကိုဝတ်ဆင်ထားကာ အပေါ်ယံအပြုံးတစ်ခုနဲ့အတူ စုတ်တံကိုလက်ထဲမှာ မွှေ့ယမ်းလျက်ရှိတဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
သူ့ရဲ့အပြုံးမှာတော့ လှောင်ပြောင်သရော်ဟန်တွေ ပါဝင်နေပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset