အပိုင်း(၁၉၆၄)

စွမ်းအား

ရီဖူရှင်းသည် လမ်းစဥ်တိုက်ပွဲကို လက်ခံလိမ့်မည် မဟုတ်ပေ။ ချင်းဟယ်နန်းတော်မှ အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါးက သူနှင့် လမ်းစဥ်တိုက်ပွဲ ဆင်နွှဲချင်နေသည်လား။

သူတို့က မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။

သူတို့သည် တူညီသော အဆင့်၌ပင် ရှိမနေကြပေ။ အဆင့်ခုနှစ် အဆင့်မြင့် ရန်ဟောင် တစ်ပါးကသာလျှင် ရီဖူရှင်းကို လမ်းစဥ်တိုက်ပွဲ ဆင်နွှဲဖို့ရာ ဖိတ်ခေါ်ရန် အရည်အချင်း ပြည့်မီပေသည်။

ရီဖူရှင်းသည် လမ်းစဥ်တိုက်ပွဲစင်မြင့်ထက်သို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။ ၎င်းသည် သူနှင့်လားလားမှ မသက်ဆိုင်သကဲ့သို့ ထင်မှတ်ရပေသည်။

တစ်ဖက်လူသည် ထိုက်ယွမ်ကုန်းမြေမှ တန်ခိုးရှင်များကို သူနှင့် လမ်းစဥ်တိုက်ပွဲ ဆင်နွှဲရန် ဖိတ်ခေါ်ခဲ့သည်။ အမှန်စင်စစ်တွင် သူတို့က ရီဖူရှင်းအား ပစ်မှတ် ထားနေခြင်းဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက ထိုက်ယွမ်ကုန်းမြေမှ တန်ခိုးရှင် တစ်ယောက်မဟုတ်ပေ။

သူ့ဘေးနားတွင် ထိုင်နေသော လူအများကြီးက သူ့ကို စိုက်ကြည့်နေကြသည်။ သူတို့က သူမည်သို့ တုံ့ပြန်လာမည်ကို မြင်လိုနေကြသော်လည်း ရီဖူရှင်းက တိုက်ပွဲ၀င်ရန် ရည်ရွယ်ချက်မပြဘဲ ထိုနေရာ၌သာ ထိုင်နေသည်ကို မြင်သည့်အခါ အကုန်လုံးက စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြသည်။

အခြားတစ်ဖက်တွင် ရီဖူရှင်းဘေးမှ ရန်ဟောင် အချို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့၏ အမူအရာများက မပျော်မရွှင် ဖြစ်နေကြ၏။ သူတို့သည် ကောင်းကင်တိုက်ပွဲနန်းတော်က သူတို့ကို အခြားသော ရည်ရွယ်ချက်များနှင့် ဖိတ်ကြားခဲ့ကြောင်း သတိပြုမိကြပေသည်။

ယခု ချင်းဟယ်နန်းတော်၏ အဖွဲ့၀င် တစ်ယောက်က သူတို့ကို တိုက်ရိုက် စိန်ခေါ်နေသည်။ သူတို့က စိန်ခေါ်မှုကို လက်ခံလိမ့်မည်လား။

သည်ဘက်တွင် ရှိနေသော လူများသာ မဟုတ်ဘဲ ကောင်းကင်တိုက်ပွဲနန်းတော်ဘက်ရှိ ကျယ်ပြန့်လှသော နေရာမှ မရေတွက်နိုင်သော တန်ခိုးရှင်များသည် သူတို့၏ ခေါင်းကို မော့ကာ ကြည့်လိုက်ကြသည်။ သူတို့သည် ရန်ဟောင်များကြားမှ လမ်းစဥ်တိုက်ပွဲကို မျက်မြင်တွေ့လိုနေကြသည်။ ထိုက်ယွမ်ကုန်းမြေမှ တန်ခိုးရှင်များက သူတို့ကို ထိုသို့ လုပ်ခွင့်ပြုမည်လား မပြုမည်လားဟု စောင့်ကြည့်ရုံသာ ကျန်ရစ်တော့သည်။

“ချင်းဟယ်နန်းတော်ရဲ့ တန်ခိုးရှင်တွေက တိုက်ပွဲမှာ အတော်လေး ထူးချွန်တာပဲ။” ယန့်ချန်က အပြုံးဖြင့် ပြောလိုက်သည်။ “၀မ်ယဲ့က ဟိုးနှစ်တွေကတည်းက လမ်းစဥ်ကို သက်သေပြခဲ့တာ အခုဆိုရင် သူက အလယ်အလတ် ရန်ဟောင် အဆင့်ကိုတောင် ရောက်နေခဲ့ပြီ။ သူရဲ့ မဟာလမ်းစဥ်နတ်၀င်ရိုးက အစွမ်းထက်သလို သူရဲ့ တိုက်ပွဲ စွမ်းရည်ကလည်း ပြိုင်ဘက်ကင်းပဲ။ ၀မ်တုက အဆင့်တူ တန်ခိုးရှင်တွေကြား သူရဲ့တိုက်ပွဲစွမ်းရည်က အရမ်းအစွမ်းထက်တယ်လို့ ဆုံးဖြတ်နိုင်တယ်။ ကောင်းကင်တိုက်ပွဲနန်းတော်က လမ်းစဥ်တိုက်ပွဲကို ပါ၀င်တာ သူ့ရဲ့ ပထမဆုံးအကြိမ်ပဲ။ သေချာပေါက် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လိမ့််မယ်။”

ယန့်ချန်သည် ထိုက်ယွမ်ကုန်းမြေမှ တန်ခိုးရှင်များကို တိုက်ပွဲတွင် ပါ၀င်ရန် အတင်းအကြပ် မလုပ်ဆောင်ခဲ့ပေ။ သူသည် သူ၏ ကိုယ်ပိုင်အမြင်ကိုသာ ဆက်လက် ပြောဆိုနေခဲ့သည်။ ထိုသို့သော အခြေအနေအောက်တွင် ထိုက်ယွမ်ကုန်းမြေမှ တန်ခိုးရှင်များ ထွက်သွားချင်လျှင် သူက မည်သည့် ဟန့်တားစကားကိုမှဆိုမည် မဟုတ်ပေ။

“မနေ့က ဆေးဝါးဖော်စပ်သူများစုဝေးပွဲအတွင်း ရန်ဟောင်ရီက အရမ်းထူးချွန်တဲ့ ဆေးဝါးဖော်စပ်ခြင်း စွမ်းရည်ကို ပြသခဲ့တယ်။ သူဖော်စပ်တဲ့ ဆေးလုံးတွေက သူရဲ့ အလယ်အလတ် အဆင့် ရန်ဟောင်ကျင့်ကြံခြင်းနဲ့ဆိုရင် တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ သူရဲ့ ကိုယ်ပိုင် စွမ်းရည်ကလည်း တကယ့်ကို ထူးချွန်လိမ့်မယ်ဆိုတာ ငါယုံကြည်တယ်။ အဲ့ဒါကို တွေ့ကြုံခံစားဖို့ အခွင့်အရေးရနိုင်ပါ့မလား သိချင်မိတယ်။” ထိုအချိန်၌ နောက်တစ်ယောက်က ပြောလိုက်သည်။ ထိုစကားပြောလိုက်သောသူမှာ ဆရာသခင်ကျီဟဲ့ ဖြစ်သည်။

ယမန်နေ့က ရီဖူရှင်း ဆေးဖော်စပ်ခဲ့ပြီးနောက် သူသည်ပင် ရီဖူရှင်းနှင့် ဆေးဝါးဖော်စပ်ရာ၌ ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း ဆရာသခင်ကျီဟဲ့ သိရှိခဲ့သည်။

သူသည် ရီဖူရှင်း၏ စွမ်းရည်က ကျိန်းသေအားမနည်းဟု ခန့်မှန်းမိသည်။ ရီဖူရှင်းက အလွန်ပင် အစွန်းထက်သူဖြစ်ပေလိမ့်မည်။

ရီဖူရှင်းက သူ၏ ခေါင်းကို လှည့်ကာ ကြည့်ပြီးနောက် သူက ပြုံး၍ ပြောလိုက်၏။ “ဆရာသခင်ကျီဟဲ့ ကျုပ်နဲ့ လမ်းစဥ်တိုက်ပွဲ ဆင်နွှဲချင်လား။”

ကျီဟဲ့က မှင်တက်သွားခဲ့သည်။ သူ၏ အဆင့်သည် ရီဖူရှင်းထက် ပို၍ မြင့်မားပေသည်။ ကျီဟဲ့က သူကိုယ်တိုင် ပါဝင်ချင်ခြင်းကြောင့် မဟုတ်ဘဲ သိချင်စိတ်ကြောင့်သာ ပြောလိုက်ခြင်း ဖြစ်ပေသည်။

“ဝမ်ယဲ့ရဲ့ အဆင့်က ရန်ဟောင်ရီနဲ့ အတူတူပဲလေ။” လမ်းစဥ်တိုက်ပွဲစင်မြင့်ကို ကြည့်နေသော ချီမုက ပြောလိုက်သည်။

ရီဖူရှင်းသည် ချီမု၏ အကြည့်များကို ခံစားမိလိုက်ပြီးနောက် ဝမ်ယဲ့၏ဘက်သို့ ကြည့်လိုက်သည်။ ဝမ်ယဲ့သည်လည်း သူ့ကို ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများက တိုက်ပွဲ ဝင်လိုစိတ်နဲ့ လောင်ကျွမ်းနေသည်။ ရှင်းလင်းစွာပင် ဝမ်ယဲ့သည် သူနှင့် တိုက်ပွဲဆင်နွှဲရန် ဆန္ဒ ရှိနေပေသည်။

“ဆရာသခင်ကျီဟဲ့ရဲ့ အဆင့်က ကျုပ်ထက် ပိုပြီး မြင့်မားပါတယ်။ ဒါပေမယ့် အဲဒါကြောင့်နဲ့ သူဖော်စပ်တဲ့ ဆေးလုံးစွမ်းအားက ကျုပ်ထက် ပိုပြီး ကောင်းမွန်တယ်လို့ ဆိုလိုနိုင်လား။” ရီဖူရှင်းက ဝမ်ယဲ့ဘက်သို့ တစ်ချက် လှမ်းကြည့်ပြီးနောက် သာမန်ကာလျှံကာ ပြောလိုက်သည်။ “ကျုပ်သာ လမ်းစဥ်တိုက်ပွဲမှာ ပါဝင်မယ်ဆိုရင် သူ့အဆင့်က ကျုပ်ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူး။”

ရီဖူရှင်း၏ လေသံက အလွန်ပင် မောက်မာ လှသည်။ တစ်ဖက်လူက သူ့ကို သေလောက်အောင် စိန်ခေါ်ချင်နေလေရာ သူ့ဘက်က သူတို့အပေါ် ယဥ်ကျေးနေရန် မလိုအပ်တော့ပေ။ မနေ့က ဆေးဝါးဖော်စပ်သူများစုဝေးပွဲ၌ ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်များသည် သူ့ကို ထောင်ချောက်ဆင်ရန် ကြိုးစားခဲ့ကြသည်။ ယခုတဖန် သူတို့က လမ်းစဥ်တိုက်ပွဲကို တိုက်ခိုက်ရန် သူ့အား စိန်ခေါ်ချင်နေကြပြန်သည်။ သူတို့သည်ဤအဆင့်ရှိကိုယ်စားပြုသူကို စေလွှတ်ရုံမျှနှင့် လုံလောက်သည်ဟု ထင်နေကြသည်လား။

လူအုပ်ကြီးသည် ရီဖူရှင်း၏ လေသံမှ မောက်မာမူတို့ကို ခံစားမိကြသည်။ ကြည့်ရသည်မှာ ရီဖူရှင်းက သူ၏ စွမ်းရည်အပေါ် အလွန် ယုံကြည်ချက် ရှိပုံရသည်။ ဝမ်ယဲ့သည် ချင်းဟယ်နန်းတော်မှ အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးအဖြစ် ဆုံးဖြတ်နိုင်သော်လည်း ရီဖူရှင်းသည် လမ်းစဥ်တိုက်ပွဲတွင် သူ့ပြိုင်ဘက် အဖြစ် အရည်အချင်းမမီဟု ဆိုခဲ့သည်။

ထိုပြင် ရီဖူရှင်းသည် စကားတစ်ခွန်းတည်းနှင့် ကျီဟဲ့နှင့်ဝမ်ယဲ့တို့ နှစ်ယောက်လုံးကို အရှက်ရစေခဲ့သည်။

လမ်းစဥ်တိုက်ပွဲစင်မြင့်ပေါ်ရှိ ဝမ်ယဲ့၏ အကြည့်က ရီဖူရှင်းအပေါ်တွင် စွဲမြဲနေသည်။ ထိုစဥ် စင်မြင့်ထက်မှ သဏ္ဌာန်မဲ့စွမ်းအားတစ်ခုက ရီဖူရှင်းရှိရာ လေဟာနယ်သို့ ကျရောက်လာပြီး ရီဖူရှင်းကို ဖိအားပေး၍ တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

ရီဖူရှင်းက မျက်မှောင်ကြုတ်ကာ တစ်ဖက်လူကို ကြည့်လိုက်၏။ စက္ကန့်ပိုင်းအတွင်း ရီဖူရှင်း၏ မျက်လုံးများက ပြောင်းလဲ သွားသည်။ ၀မ်ယဲ့သည် မျက်လုံးတစ်စုံအစား လတစ်စင်းကို ကြည့်နေရသည်ဟု ထင်မှတ်လာရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်လာပြီး သူ့ ဝိညာဥ်က အေးခဲသွားသည်ဟုပင် ခံစားလာရပေသည်။

လူအုပ်ကြီးက ထူးဆန်းသော အမူအရာတို့ကို ဖော်ပြလာသည်။ သူတို့သည် သူတို့၏ မျက်လုံးရှေ့မှ မဟာလမ်းစဥ် သဏ္ဌာန်မဲ့အရှိန်အဝါတို့ကို ခံစားနိုင်ပေသည်။ ထိုမဟာလမ်းစဥ် အရှိန်အဝါတို့က အေးစိမ့်လှကာ ရေခဲကဲ့သို့သော ခံစားမှုမျိုးကို ထုတ်လွှတ်နေသည်။

သူတို့နှစ်ယောက်က အချင်းချင်း တိုက်ခိုက်မှုများပင် ပြုလုပ်နေကြပြီလား။

လေထဲတွင် ရေခဲများ ပေါ်ပေါက်လာသည်။ လူအုပ်ကြီးသည်လည်း ထိုရေခဲများကို သတိပြုမိလိုက်သည်။ ဝမ်ယဲ့၏ ဆံပင်များက နှင်းခဲအလွှာ တစ်ထပ်အဖြစ် ဖုံးလွှမ်းခံလာရပြီး အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ ပတ်ဝန်းကျင်က အလွန်အေးစိမ့်နေသည့််အတွက် သူက ခိုက်ခိုက်တုန်လာခဲ့သည်။

ထိုအချိန်တွင် ရန်ဟောင်တစ်ပါး ဖြစ်သော ဝမ်ယဲ့သည် အမှန်တကယ်ပင် အေးစိမ့်မှုကို ခံစားနေရပေသည်။ သူက ထို ခံစားချက်ကို ချိုးဖောက်၍ လွှတ်မြောက်ရန် ကြိုးစားသော်လည်း ပြိုင်ဘက်၏ ထိန်းချုပ်မူအတွင်း၌ ကျဆုံးသွားခဲ့သည်။ ရီဖူရှင်းထံမှ အကြည့်တစ်ချက်က သူ့ကို ရှုံးနိမ့်သွားအောင် ပြုလုပ်နိုင်ပေသည်။

လူအများက ရီဖူရှင်းအား စိုက်ကြည့်ရင်း အံ့အားသင့်နေကြသည်။ ရီဖူရှင်းက လက်တစ်ချောင်းကိုပင် မ,မခဲ့ဘဲ ဝမ်ယဲ့အား စိုက်ကြည့်ရုံသာ ကြည့်နေခဲ့ပြီး သူ၏ နေရာ၌ ထိုင်မြဲထိုင်နေလျက်သာ ဖြစ်သည်။

“မင်းက အခုထိ ငါနဲ့ လမ်းစဥ်တိုက်ပွဲ တိုက်ချင်နေသေးတာလား။” ရီဖူရှင်းက သရော်လိုက်သည်။ သူ၏ အသံတွင် လမ်းစဥ်စွမ်းအားလှိုင်းများ ပါဝင်နေသကဲ့သို့ ထင်မှတ်ရပြီး နက်ရှိုင်းကာ လွှမ်းမိုးနိုင်စွမ်းရှိသည်။ သူ့ အသံတွင် ဗုဒ္ဓ၏ စွမ်းအားတို့ကို သယ်ဆောင်ထားပြီး လူအများ၏ နှလုံးသားများထဲ၌ ကြောက်ရွံ့မှုတို့ ဖြစ်တည်လာစေသည်။

ရီဖူရှင်းက ပြောလိုက်ပြီးသည်နှင့် ၀မ်ယဲ့၏ စိတ်ထဲ၌ မရေတွက်နိုင်သော အသံများ ပဲ့တင်ထွက်လာကာ သူ၏ ဝိဉာဥ်က ပေါက်ကွဲသွားတော့မလို ခံစားလာရသည်။

ဝမ်ယဲ့က ချောင်းဆိုးလိုက်ကာ ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် မမြင်ရသော ဖိအားကြောင့် ထိတ်လန့် တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ သူက ဖြူစုတ်နေသော မျက်နှာနှင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်ခွာသွားခဲ့ရသည်။

ထိုအချိန်တွင် စွမ်းအားများက ပျောက်ကွယ်သွားခဲ့သည်။ ဝမ်ယဲ့သည် နောက်ဆုံး၌ မွန်းကြပ်ဖွယ်ကောင်းသော အခြေအနေမှ လွတ်မြောက်သွားခဲ့၏။ သူက ခေါင်းကို မော့ကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းက ထိုင်ခုံ၌ ထိုင်နေဆဲပင်ဖြစ်သည်။ အဖြူရောင် ဆံပင်နှင့် လူငယ်သည် တည်ငြိမ်သော အမူအရာနှင့်ရှိနေပြီး ဝမ်ယဲ့ကို မည်သည့်အခါကမှ မတိုက်ခိုက်ခဲ့သလို ရှိနေခဲ့သည်။

“မင်းက အခုထိ ငါနဲ့ လမ်းစဥ် တိုက်ပွဲ ဆင်နွှဲချင်နေတုန်းလား” ရီဖူရှင်းက ထပ်မေးလိုက်သည်။ သူ၏ အသံက အေးဆေးတည်ငြိမ်နေဆဲပင် ဖြစ်သည်။ ၀မ်ယဲ့၏ မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူစုတ်နေပြီး သူက မတ်တပ်ရပ်နေလျက်မှ ရီဖူရှင်းအား ဦးညွှတ်၍ ပြောလိုက်သည်။ “ညွှန်ကြားပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ဝမ်ယဲ့က ရီဖူရှင်းကို နှုတ်ဆက်ပြီးနောက် ချက်ချင်းလှည့်ထွက်သွားတော့သည်။ သူက ထိုနေရာ၌ ရပ်နေရန် အလွန် ရှက်ရွံ့နေခဲ့သည်။

တိုက်ခိုက်မှုလေးတစ်ခုနှင့် ရီဖူရှင်းသည် သူ့အား လေးနက်သည့် သင်ခန်းစာတစ်ခု ပေးခဲ့ပေသည်။

သူသည် ရန်ဟောင်အဆင့်တွင် ရှိနေသော်လည်း အစွမ်းထက်ခြင်းမရှိပေ။

ချင်းဟယ်နန်းတော်မှ ရန်ဟောင်များသည် အလွန် ထူးချွန်ထက်မြက်သည့် တိုက်ပွဲစွမ်းရည်များ ရှိကြသည်။ ထိုအထဲတွင် ဝမ်ယဲ့က ထူးချွန်သည်ဟုသတ်မှတ်နိုင်ပေသည်။ သို့သော်လည်း ယခုမှသာလျှင် သူက မည်မျှ အားနည်း၍ ပျော့ဖတ်နေသည်ကို သဘောပေါက်လိုက်မိပေသည်။ ဝမ်ယဲ့က ရီဖူရှင်းထံမှ အကြည့်တစ်ချက် အော်သံတစ်ခုကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။

လမ်းစဥ်တိုက်ပွဲလား။ ဝမ်ယဲ့က မထိုက်တန်ပေ။

သူက လမ်းစဥ်တိုက်ပွဲကို မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။

ဝမ်ယဲ့က လှည့်ထွက်ကာ အဝေးသို့ လျှောက်သွားခဲ့သည်။ သူသည် လမ်းစဥ်တိုက်ပွဲစင်မြင့်ထက်မှ ဆင်းသွားကာ မှင်တက်နေသော လူအုပ်ကြီးနောက်မှ ထွက်ခွာသွားခဲ့သည်။

ထို့နောက်တွင် လမ်းစဥ်တိုက်ပွဲစင်မြင့်အောက်ရှိ လူအုပ်ကြီး၏ အံ့အားတသင့် ဆွေးနွေးသည့် အသံများ ဆူညံပေါက်ကွဲထွက်လာပေသည်။

သူတို့သည် လမ်းစဥ်တိုက်ပွဲကို မျက်မြင်မတွေ့ခဲ့ရသော်လည်း လမ်းစဥ်တိုက်ပွဲထက်ပင် ပို၍

စိတ်လှုပ်ရှားဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုကို မြင်တွေ့ခဲ့ရပေသည်။ ရီဖူရှင်းသည် သူနှင့်ကျင့်ကြံဆင့်တူသော ရန်ဟောင်တစ်ပါးကို အကြည့်တစ်ချက်နှင့်ပင် နောက်ဆုတ်၍ အညံ့ခံရအောင် ပြုလုပ်နိုင်ခဲ့သည်။

၀မ်ယဲ့၏ တုံ့ပြန်မူအရ သူသည် ရှုံးနိမ့်မှုကို ၀န်ခံခဲ့သည်။ မျှတစွာ ရှုံးနိမ့်ခဲ့ပြီးနောက် ဆက်၍ တိုက်ပွဲ၀င်ရောက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။

ဆိုလိုသည်မှာ သူတို့နှစ်ယောက်၏ စွမ်းအားက တူညီသော အဆင့်တွင် ရှိမနေပေ။ သူတို့နှစ်ယောက်ကြားမှ ကွာခြားချက်က အလွန် ကြီးမားလှသည်။

ပွဲကြည့်ပရိတ်သတ်နေရာ၌ ထိုင်နေသော လူများသည် ရီဖူရှင်း၏ စွမ်းအားကို အံ့အားသင့်နေကြသည်။ ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်များက အရှက်ရ သိက္ခာကျ သွားသလို ခံစားလိုက်ရပြီး အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်များသည်လည်း ဆွံ့အသွားခဲ့ကြသည်။ သူတို့သည် ရီဖူရှင်းအား လမ်းစဥ်တိုက်ပွဲပါ၀င်ရန် အတင်းအကြပ် ပြောဆိုခဲ့ကြသော်လည်း ၀မ်ယဲ့သည် ရီဖူရှင်းထံမှ အကြည့်တစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။ ထိုသည်မှာ တစ်ဖက်သတ်တိုက်ပွဲသာ ဖြစ်သည်။ ၀မ်ယဲ့သည် လမ်းစဥ်တိုက်ပွဲကို တိုက်ခိုက်နိုင်ရန် စွမ်းအားမရှိချေ။

သူတို့သည် ရီဖူရှင်းက အစွမ်းထက်မည်ဟု သိထားခဲ့ကြသော်လည်း ထိုမျှထိ အစွမ်းထက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

ရီဖူရှင်း၏ ယခုတိုက်ခိုက်မူကို အခြေခံလျှင် သူ့ကို အဆင့်ငါး ရန်ဟောင်တစ်ပါးကပင် ရှုံးနိမ့်အောင် လုပ်ရန် ခက်ခဲပေလိမ့်မည်။ သူက ဆရာသခင်ကျီဟဲ့ကို စိန်ခေါ်သည်မှာ အံ့သြစရာ မဟုတ်ပေ။

“ခင်ဗျားတို့က ကျုပ်ရဲ့ လမ်းစဥ်တိုက်ပွဲကို မြင်ချင်တယ်ဆိုရင် အဓိက အဖွဲ့၀င်တွေကို စေလွှတ်သင့်တယ်။ မဟုတ်ရင်လည်း ကောင်းကင်တိုက်ပွဲနန်းတော်ရဲ့ နန်းတော်သခင်ငယ်ကို လမ်းစဥ်တိုက်ပွဲ စင်မြင့်ပေါ် တက်လာခိုင်းလိုက်လေ။ ဒါဆိုရင် တိုက်ခိုက်ဖို့ ကျုပ် စဥ်းစားကြည့်ပေးမယ်။” ရီဖူရှင်းက ပြောလိုက်သည်။ ထိုမျှ မောက်မာလှသော စကားလုံးများက အနီး၀န်းကျင်ရှိ လူများကို စိတ်လှုပ်ရှားလာစေသည်။ ကောင်းကင်တိုက်ပွဲနန်းတော်၏ နန်းတော်သခင်ငယ်က မည်သို့သော ပုဂ္ဂိုလ်နည်း။ သူသည် အဆင့်ခုနှစ် အဆင့်မြင့် ရန်ဟောင်တစ်ပါး ဖြစ်နေခဲ့ပြီးဖြစ်သည်။ သူ၏ တိုက်ပွဲ စွမ်းရည်က အလွန်ပင် အစွမ်းထက်လှသည်။ အဆင့်မြင့် ရန်ဟောင်အဆင့်အောက်မှ မည်သူမှ သူနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့သည် ရီဖူရှင်း၏ လေသံမှ စိတ်မကျေနပ်မှုတို့ကို ကြားနိုင်ပေသည်။ ဤ တစ်ကြိမ်၌ ကောင်းကင်တိုက်ပွဲနန်းတော်က ထိုသို့ကို ဖိတ်ခေါ်ခဲ့သော်လည်း အမှန်တကယ်၌ သူတို့သည် ရီဖူရှင်း၏ လမ်းစဥ်တိုက်ပွဲကို မြင်တွေ့ချင်နေကြခြင်း ဖြစ်သည်။ ရီဖူရှင်းသည် ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး ပုံမှန်အားဖြင့် စိတ်ခုနေသည်မှာ အသေချာပင် ဖြစ်သည်။ ထိုကြောင့် သူက ထိုသို့သော စကားလုံးများကို အသုံးပြု၍ သူ၏ စိတ်ထဲမှ ဒေါသတို့ကို ဖွင့်ထုတ်လိုက်ခြင်း ဖြစ်ပေသည်။

ကောင်းကင် တိုက်ပွဲနန်းတော်၏ နန်းတော်သခင်ငယ် ယန့်ချန်သည် ရီဖူရှင်း၏ မကျေနပ်မူကို လျစ်လျူရှူခဲ့သည်။ သူက  အူလှိုက်သည်းလှိုက် ရယ်မောကာ ပြောလိုက်၏။ “ဒီနေ့ ဖြစ်ခဲ့တဲ့ ပြသာနာအတွက် ကျုပ်ကပဲ ရန်ဟောင်ရီကို တောင်းပန်ပါတယ်။ ကျုပ်က ခင်ဗျားတို့ အားလုံးကို တခြား ရည်ရွယ်ချက်နဲ့ ဖိတ်ခေါ်ခဲ့မိတာ အမှန်ပဲကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က ကုန်းမြေမှာရှိတဲ့ တန်ခိုးရှင်တွေရဲ့ တိုက်ပွဲစွမ်းရည်တွေကို မျက်မြင်တွေ့ချင်မိတာကြောင့်ပါ။ ဒါက ကျုပ် ဖြစ်ချင်မိတဲ့ ရည်ရွယ်ချက်သေးသေးလေးပါပဲ။ ကျုပ်က လမ်းစဥ် တိုက်ပွဲကို သဘောကျတယ်လေ။ တကယ်လို့ ကျုပ်ရဲ့ အပြုမူတွေက ရန်ဟောင်ရီကို ဆန့်ကျင်သလို ဖြစ်သွားခဲ့ရင် ကျုပ်ရဲ့ မသင့်တော်တဲ့ အပြုအမူအတွက် ခွင့်လွှတ်ပေးပါ။”

လူအများက ထူးဆန်းသော အမူအရာတို့ကို ထုတ်ဖော်ပြသလာသည်။ ယန့်ချန်က အမှန်တကယ်ပင် ရီဖူရှင်းကို တောင်းပန်နေသည်လား။

ဒါက…

ကြည့်ရသည်မှာ ရီဖူရှင်း၏ ပြီးခဲ့သော တိုက်ခိုက်မူက ယန့်ချန်၏ လေးစားမှုကို ရရှိစေခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ယန့်ချန်က အပြုံးနှင့် ပြောလိုက်၏။ “မနေ့က ဆေးဖော်စပ်သူစုဝေးပွဲကိုလွတ်သွားခဲ့တာ တကယ်ကို နှမြောမိပါတယ်။ ဒီနေ့လို မြင်ကွင်းမျိုးကို မျက်မြင် တွေ့ရလိမ့်မယ်လို့ ကျုပ်ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ အဲဒါက ကျုပ်ကို ရန်ဟောင်ရီရဲ့ အကြောင်း ပိုပြီး သိချင်စိတ် ဖြစ်လာစေမိတယ်။ ခင်ဗျားရဲ့ ဆေးဖော်စပ်ခြင်း တိုက်ပွဲစွမ်းရည် အကုန်လုံးက ထူးချွန် ပြောင်မြောက်တယ်။ ကျုပ်ရဲ့ ခန့်မှန်းမှုသာ မှန်ကန်မယ်ဆိုရင် အာခီမီအင်ပါယာက ရန်ဟောင်ရီကို ဆေးအင်ပါယာနဲ့ တွေ့ဖို့ ခေါ်လာတာမလား။”

လူအများက ဤတစ်ကြိမ်၌ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ လာခဲ့ကြသည်။ သို့သော်လည်း သူတို့က ဆေးအင်ပါယာနှင့် တွေ့ဆုံရန် လာရောက်သည်ဟု မပြောရဲကြပေ။ သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ကျင့်ကြံနိုင်လျှင်ပင် ဆေးအင်ပါယာနှင့် တွေ့ဆုံခွင့်ရနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခု တိုက်ခိုက်မှုမှ ယန့်ချန်သတိပြုမိလိုက်သည်က အာခီမီအင်ပါယာသည် ရန်ဟောင်ရီကို ဝမ်တုသို့ ခေါ်ဆောင်လာခြင်းမှာ ထိုရည်ရွယ်ချက်ကြောင့် ဖြစ်ကြောင်းကိုပင် ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset