အပိုင်း(၁၉၆၃)

အကွက်ဆင်ခြင်း

ထိုအခိုက်တွင် မနီးမဝေးရှိ အဆင့်တစ်ခုမှ လူတစ်စုက ထရပ်လိုက်သည်။ သူတို့က ကောင်းကင်တိုက်ပွဲနန်းတော်မှ လူများဖြစ်ပေသည်။

ခေါင်းဆောင်မှာ အသက်သုံးဆယ်ခန့်ရှိပြီး သူ့ခန္ဓာကိုယ်မှ သဏ္ဌာန်မဲ့ ဖိအားတို့ ထုတ်လွှတ်နေသည်။ သူ၏ ပုံရိပ်က အချိုးအစားကျနပြီး သူ့မျက်နှာသွင်ပြင်က ထင်ရှားပေသည်။

ထိုသူမှာ တိုက်ပွဲနန်းတော်သခင်၏ အကြီးဆုံးသား ယန့်ချန် ဖြစ်လေသည်။ သူသည် ကောင်းကင်တိုက်ပွဲနန်းတော်၏ အရည်အချင်းအရှိဆုံးလည်း ဖြစ်သည်။ သူ့ကို နောက်လာမည့် ကောင်းကင်တိုက်ပွဲနန်းတော်သခင်ဟု သတ်မှတ်ထားကြသည်။ သူသည် နှစ်ပေါင်းတစ်ရာထက်မနည်း ကျင့်ကြံခဲ့ပြီး ယခု အဆင့်မြင့်ရန်ဟောင်အဆင့်မှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သည်။ သူ၏ တိုက်ပွဲစွမ်းရည်က အလွန် အစွမ်းထက်ပေသည်။

ယခု ကောင်းကင်တိုက်ပွဲနန်းတော်သခင်က သူ့သားအား နန်းတော်သခင်ရာထူး ဆက်ခံနိုင်ရန် စတင် လမ်းခင်းပေးနေပြီ ဖြစ်သည်။ ယန့်ချန်က ကောင်းကင်တိုက်ပွဲနန်းတော်၏ အကြီးအကဲများကို အမိန့်ပေးနိုင်နေပြီ ဖြစ်၏။

ယခု ယန့်ချန်ဘေးတွင် တန်ခိုးရှင်များစွာရှိနေသည်။ ထိုအဆင့်၌ ထိုင်ကာ စောင့်ကြည့်နေသူအားလုံးက ကောင်းကင်တိုက်ပွဲနန်းတော်မှ အစွမ်းထက်တန်ခိုးရှင်များ ဖြစ်လေသည်။

“ကောင်းကင်တိုက်ပွဲနန်းတော်ရဲ့ ယန့်ချန်က ခင်ဗျားတို့အားလုံးကို ကြိုဆိုပါတယ်။” ယန့်ချန်က လူအုပ်ကြီးအား လက်သီးဆုပ်အရိုအသေပေးကာ ပြောလိုက်သည်။ ဝမ်တုရှိ အင်အားစုများမှ အဖွဲ့ဝင်တို့သည် သူက မည်သူဖြစ်ကြောင်း သေချာပေါက် သိရှိကြပေသည်။ သို့သော်လည်း အပြင်လူအချို့က သူ့ကို မသိကြပေ။ ထို့ကြောင့် ယန့်ချန်က သူ့နာမည်သူ တမင်သက်သက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူက ကောင်းကင်တိုက်ပွဲနန်းတော်သခင်ရဲ့ အကြီးဆုံးသား ဖြစ်ပြီး အနာဂတ် ကောင်းကင်တိုက်ပွဲနန်းတော်သခင်ပဲ။” လင်ချိုးက ရီဖူရှင်းအား စိတ်ချင်းဆက်သွယ်ကာ ရှင်းပြလိုက်သည်။ ရီဖူရှင်းက ချက်ချင်း နားလည်လိုက်၏။ ထိုသူက ဤတစ်ကြိမ်၌ လူတိုင်းကို ဖိတ်ကြားခဲ့သူ ဖြစ်သည်။ ထိုသို့သော အဆင့်အတန်းရှိသူမှလွဲပြီး မည်သူကမှ တန်ခိုးရှင်အသီးသီးကို  စုစည်းဖိတ်ကြားနိုင်မည် မဟုတ်ပေ။

လူအများကလည်း သူ့ကို ပြန်လည်နှုတ်ဆက်လိုက်ကြသည်။ ယန့်ချန်က လူအုပ်ကြီးကို ဝေ့ကြည့််လိုက်ပြီးနောက် ရီဖူရှင်းအား အပြုံးနှင့် ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားက ရန်ဟောင်ရီ ဖြစ်ရမယ်။ ဒီမတိုင်ခင်က အာခီမီစုဝေးပွဲအတွင်း ခင်ဗျားရဲ့ စွမ်းရည်ကို ပြသခဲ့တယ်။ ကျုပ် ဒီအကြောင်းကို တခြားလူတွေဆီက ကြားခဲ့ရတာကြောင့် ရန်ဟောင်ရီကိုပါ ဖိတ်ကြားဖို့ အထူးညွှန်ကြားခဲ့တာ။”

“ယဥ်ကျေးလွန်းနေပါပြီ။” ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“ကျေးဇူးပြုပြီး ထိုင်ပါ။” ယန့်ချန်က ထိုင်ခုံသို့ အမူအရာပြရင်း ပြောလိုက်သည်။ ရီဖူရှင်းနှင့် အခြားလူများက ချက်ချင်း ထိုင်ချလိုက်ကြသည်။ ယန့်ချန်က နတ်မိမယ်တောင်ထွတ်မှ တန်ခိုးရှင်များကို ကြည့်ကာ ပြောလိုက်သည််။ “နတ်မိမယ် ကျုပ်တို့က အချင်းချင်း ရင်းနှီးပြီးသားပဲ။ ကျေးဇူးပြုပြီး ထိုင်ပါ။”

နတ်မိမယ်တောင်ထွတ်မှ တန်ခိုးရှင်များတွင် ထူးခြားသာလွန်သော အရှိန်အဝါတို့ ရှိသည်။ သူတို့က ရီဖူရှင်းအနီးမှ ခုံတွင် ထိုင်ချလိုက်ကြသည်။ အများစုက ရီဖူရှင်းအား သိလိုစိတ်များနှင့် ကြည့်နေကြသည်။ ယန့်ချန်ပြောသည်ကို ကြားလိုက်ကြသောအခါ သူတို့သည် အာခီမီစုဝေးပွဲအတွင်း အနှောက်အယှက် ပေးသွားသော လူဖြစ်ကြောင်း သိသွားခဲ့ကြ၏။

ဝမ်တုမှ အဓိကအင်အားစုအားလုံး ထိုအကြောင်းကို သိရှိကြသည့်အတွက် နတ်မိမယ်တောင်ထွတ်မှ ကျင့်ကြံသူများကလည်း သိပေသည်။

ရီဖူရှင်းတို့အဖွဲ့ ရောက်ရှိလာခြင်းက လူအများ၏ အာရုံကို ဆွဲယူသွားခဲ့သည်။ သူတို့က ရီဖူရှင်းအား အတော်စိတ်ဝင်စားနေကြ၏။ သူသည် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပေသည်။

ရီဖူရှင်းအား စိတ်အဝင်စားဆုံးလူများမှာ အာခီမီနတ်နန်းတော်မှ ကျင့်ကြံသူများဖြစ်ကြောင်း သံသယဝင်ရန် မလိုပေ။ ချီမု၊ ကျုံးဖန်၊ ကျီဟဲ့နှင့် အခြားလူများက တစ်ဖက်တွင် ထိုင်နေကြသည်။ သူတို့က ရီဖူရှင်းရောက်လာသည့်အခါ သူ့ကို လှမ်းကြည့်လိုက်ကြ၏။ သူတို့သည် ရီဖူရှင်း ထိုင်လိုက်သည့်အခါမှသာ အကြည့်လွှဲလိုက်ကြသည်။ သူတို့က ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြပုံပေါ်သည်။ သို့သော်လည်း လူအများသည် မနေ့က အာခီမီစုဝေးပွဲမှ ပြဿနာကို ခုထိ မရှင်းရသေးကြောင်း သိရှိကြပေသည်။ ထိုအဖြစ်က ဆက်ရန် ရှိနိုင်သေးပေသည်။

အခြေအနေက ပေါက်ကွဲထွက်လာသည့်အခါ မည်သို့ဖြစ်မည်ကို မည်သူမှ မသိပေ။

တန်ခိုးရှင်များအားလုံးက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့သည် ဝမ်တု၏ ထိပ်တန်းအင်အားစုများမှ တန်ခိုးရှင်များနှင့် ရီဖူရှင်းတို့ကဲ့သို့ အခြားကုန်းမြေမှလာသော တန်ခိုးရှင်များ ဖြစ်ကြပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့က ကုန်းမြေအသီးသီး၏ ထိပ်တန်းအင်အားစုများကို ဖိတ်ကြားထားခြင်း ဖြစ်သည်။ ထိပ်တန်းအင်အားစုများမှ မဟုတ်လျှင် သူတို့က ကောင်းကင်တိုက်ပွဲနန်းတော်၏ မျက်လုံးများတွင် နေရာယူနိုင်လိမ့်မည် မဟုတ်ပေ။

ပိုမိုများပြားသော လူများက ဤနေရာသို့ စုစည်းရောက်ရှိလာကြသည်။ ထို့​ကြောင့် ဤနေရာက အလွန် သက်ဝင်လှုပ်ရှားနေတော့သည်။ ကံကောင်းစွာဖြင့် နေရာက အလွန် ကျယ်ပြောသောကြောင့် ကြည့်ရှုရန် ထိုင်ခုံအလုံအလောက်ရှိပေသည်။ မြင်ကွင်းမှာလည်း အထူး ကောင်းမွန်သည်။ ဤနေရာက လမ်းစဥ်တိုက်ပွဲအား ကြည့်ရှုရန် နေရာတစ်ခုဖြစ်သည်။ တစ်ချက်ကြည့်ရုံနှင့် လမ်းစဥ်တိုက်ပွဲစင်မြင့်သို့ တန်းနေအောင် မြင်ရပေသည်။

ရီဖူရှင်းက အောက်ဘက်ရှိ လမ်းစဥ်တိုက်ပွဲစင်မြင့်သို့ လှမ်းကြည့်လိုက်သည်။ လမ်းစဥ်တိုက်ပွဲတစ်ခုစီကို အစီအရင်ဝင်္ကပါများက လွှမ်းခြုံထားသည်။ ယင်းတို့က မတူညီသော နေရာများသို့ ဖြန့်ကျက်သွားသည်။ ၎င်းတို့၏ အမြင့်တစ်ခုချင်းစီက ကွဲပြားခြားနားပေသည်။ ထိုအသွင်အပြင်မှာ ယခင် ကျိုထန်နန်းတော်နှင့် ဆင်တူပေသည်။ ကျင့်ကြံဆင့်မြင့်သော တိုက်ပွဲမျိုးကို ပိုမိုမြင့်မားသော လမ်းစဥ်တိုက်ပွဲစင်မြင့်ထက် ကျင်းပလိမ့်မည် ဖြစ်သည်။

အနိမ့်ဆုံးတိုက်ပွဲစင်မြင့်များက ရှန့်ထိုအဆင့််အောက် ကျင့်ကြံသူများအတွက် ဖြစ်သည်။ သူတို့သည် ကောင်းကင်တိုက်ပွဲနန်းတော်၏ တစ်ဝက်နိမ့်သော နေရာတွင် တည်ဆောက်ထားသည်။ လူအများက ထိုတိုက်ပွဲများကို သိပ်စိတ်ဝင်စားလေ့မရှိပေ။ သူတို့က အလယ်အလတ်အဆင့်ရှိ တိုက်ပွဲစင်မြင့်များကို ပိုမိုစိတ်ဝင်စားတတ်ကြသည်။ ယင်းတို့က ရှန့်ထိုများကြားမှ တိုက်ပွဲအတွက် စင်မြင့်များဖြစ်သည်။

ကောင်းကင်တိုက်ပွဲနန်းတော်တွင် ရှန့်ထိုအဆင့်မှ တန်ခိုးရှင်များကြားတိုက်ပွဲက မကြာခဏ ဖြစ်ပွားတတ်သည်။ ဤတိုက်ပွဲတွင် ပါဝင်သူများ၌ အချို့မှာ ကျော်ကြားမှုကြောင့်ဖြစ်ပြီး အချို့က အကျိုးအမြတ်ကြောင့် လာခြင်း ဖြစ်သည်။ မည်သည့်အကြောင်းပြချက်ကြောင့် လာသည်ဖြစ်စေ ကောင်းကင်တိုက်ပွဲနန်းတော်က သူတို့၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော အကောင်းဆုံး လေ့ကျင့်ရေး နေရာတစ်ခု ဖြစ်သည်။

အားလုံး၏ ထိပ်ဆုံး၌ တည်ရှိသော လမ်းစဥ်တိုက်ပွဲစင်မြင့်တစ်ခု ရှိသည်။ ၎င်းသည် ကောင်းကင်တွင် မျောလွင့်နေပြီး ဝင်္ကပါအလင်းများက လွှမ်းခြုံထားသည်။ ၎င်းကို ကြည့်ရသည်မှာ သိမ်မွေ့နက်နဲပြီး ထွင်းဖောက်မြင်နေရ၏။ ၎င်းပေါ်၌ မည်သည့်လမ်းစဥ်တိုက်ပွဲမှ မရှိလျှင် ထိုစင်မြင့်က မတည်ရှိသကဲ့သို့ပင် ထင်မှတ်ရသည်။

ဤလမ်းစဥ်တိုက်ပွဲစင်မြင့်က ရန်ဟောင်များအတွက် ဖြစ်ပေသည်။

လမ်းစဥ်တိုက်ပွဲတွင် ရန်ဟောင်များစွာ မပါဝင်ပေ။ ထို့ကြောင့် သူတို့ တိုက်ခိုက်နိုင်သည့် လမ်းစဥ်တိုက်ပွဲစင်မြင့်တစ်ခုသာ ရှိနေသည်။ ထိုစင်မြင့်က လမ်းစဥ်တိုက်ပွဲတွင် ပါဝင်ချင်သည့် ရန်ဟောင်များကို ထောက်ပံ့ပေးရန် လုံလောက်ပေသည်။

ရီဖူရှင်းက အောက်ဘက်ရှိ တိုက်ပွဲကွင်းပြင်များသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ရှန့်ထိုများနှင့် ရှီအဆင့်များကြားမှ တိုက်ပွဲမှာ သူ၏ အာရုံကို မဖမ်းစားနိုင်ပေ။ သူက ကြည့်ရုံမျှသာ ကြည့်​နေခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်နှင့် သူ့အနီးရှိ အခြားလူများ၏ ကျင့်ကြံဆင့်မှာ ရှန့်ထိုအဆင့်ကို ကျော်လွန်ခဲ့ပြီး ဖြစ်သည်။

“ယန့်ချန်၊ ရှင် ကျွန်မတို့ကို ဖိတ်တုန်းက စိတ်လှုပ်ရှားစရာ လမ်းစဥ်တိုက်ပွဲ ရှိလိမ့်မယ်ဆို။ အခု ဘာလို့ တစ်ခုမှ မစီစဥ်သေးတာလဲ။” ထိုအခိုက်တွင် အသံတစ်ခု ထွက်ပေါ်လာ၏။ စကားပြောလိုက်သူမှာ နတ်မိမယ်တောင်ထွတ်မှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူမ၏ အသံက သြဇာအာဏာ ​ပြည့်ဝပြီး အသွင်အပြင်က မှင်တက်ဖွယ်ကောင်းလောက်အောင် လှပသည်။ သူမသည် လူအများက သူမအလှကို ကြည်ညိုမြတ်နိုးရုံသာ တတ်နိုင်ပြီး မည်သူမှ သူမအား ချဥ်းကပ်ကာ သိက္ခာညှိုးနွမ်းအောင် မလုပ်ရဲကြပေ။

“နတ်မိမယ် ခင်ဗျားက အတော်လေး စိတ်မရှည်တာပဲ​ဗျ။” ယန့်ချန်က အပြုံးနှင့် ပြောလိုက်သည်။ သူက ဘေးမှ လူများကို ညွှန်ကြားချက် ပေးလိုက်သည့်အခါ သူ့ဘေးမှ လူတစ်ယောက် ချက်ချင်း ထွက်ခွာသွားပေသည်။

သိပ်မကြာခင်မှာပင် မဟာလမ်းစဥ် အလင်းတစ်ခု တောက်ပလာသည်။ လမ်းစဥ်တိုက်ပွဲစင်မြင့်က ပြောင်းလဲသွားသလို ထင်မှတ်ရသည်။ ၎င်းက အစစ်အမှန် ဖြစ်လာပြီး လေထဲ၌ မျောလွင့်နေသည်။ ယင်းက ခမ်းနားထည်ဝါသော တိုက်ပွဲစင်မြင့်တစ်ခု ဖြစ်သည်။ မဟာလမ်းစဥ်၏ အလင်းက စင်မြင့်ကို ဝန်းရံနေခဲ့သည်။ ၎င်း၏ ဝန်းကျင်မှ ဝင်္ကပါတွင် မဟာလမ်းစဥ် လေဟာနယ်စွမ်းအားများ ပါဝင်နေ၏။

ထိုအခိုက်တွင် ပုံရိပ်တစ်ခုက လေထဲတွင် ပေါ်ပေါက်လာသည်။ သူက ကောင်းကင်မှ ဆင်းသက်လာကာ တိုက်ပွဲစင်မြင့်ထက် ရပ်လိုက်သည်။

ထိုသူ၌ အစွမ်းထက် အရှိန်အဝါတို့ရှိသည်။ သူ့မျက်လုံးများမှ လွှမ်းမိုးနိုင်သော အငွေ့အသက်တို့ ထုတ်လွှတ်နေသည်။ သူက အနီးဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ လူအများသည် ထိုသူ၏ အရှိန်အဝါကို ခံစားမိကြပေသည်။ သူက အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါး ဖြစ်လေသည်။ ထိုအခိုက်တွင် လူအများက အနည်းငယ် စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် အလယ်အလတ်ရန်ဟောင်၏ တိုက်ပွဲကို အနီးကပ်ကြည့်ခွင့်ရလိမ့်မည်လား။

ကောင်းကင်တိုက်ပွဲနန်းတော်သည် ယနေ့တွင် လူအများကြီး ဖိတ်ကြားခဲ့၏။ ထို့ကြောင့် လာမည့်တိုက်ပွဲက ရိုးရှင်းလိမ့်မည် မဟုတ်ပေ။

လူတစ်ယောက်တည်း တက်လာသည်လား။

လူအများထံ၌ ဇဝေဇဝါ အမူအရာတို့ ဖြစ်ပေါ်လာသည်။ လမ်းစဥ်တိုက်ပွဲတစ်ခုဖြစ်လျှင် ပြိုင်ဘက် လိုအပ်ပေသည်။ သူက မည်သည့်အတွက် တစ်ယောက်တည်း ရပ်နေရသနည်း။

ယန့်ချန်က မည်သည်ကို လုပ်ရန် စီစဥ်နေသနည်း။

“ကျုပ်က ချင်းဟယ်နန်းတော်ရဲ့ ဝမ်ယဲ့ပါ။ ဒီနေ့မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဝင်ချင်တဲ့ ကုန်း​မြေအသီးသီးက ကျင့်ကြံသူတွေ ရောက်နေတယ်လို့ ကြားမိတယ်။ ဒါကြောင့် ဝမ်တုကို စေလွှတ်ခံရတဲ့ ကျင့်ကြံသူတွေရဲ့ စွမ်းရည်အဆင့်က ဘယ်လောက်ရှိလဲ သိချင်မိတာကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ်တိုင်တွေ့ကြုံရဖို့ မျှော်လင့်ပါတယ်။” သူက လမ်းစဥ်တိုက်ပွဲထက်မှနေ၍ ကျယ်လောင်သော အသံနှင့် ကြေညာလိုက်သည်။ သူက တန်ခိုးရှင်များဘက် ကြည့်ကာ မေးလိုက်၏။ “ထိုက်ယွမ်ကုန်းမြေက ကျင့်ကြံသူတွေထဲ ကျုပ်နဲ့ အချင်းချင်း ပညာဖလှယ်ဖို့ စိတ်ဝင်စားတဲ့သူ ရှိလား။”

ထိုစကားများကို ကြားသောအခါ ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ယဲ့က သူတို့ကို ပစ်မှတ်ထားနေသည်လား။

ကောင်းကင်တိုက်ပွဲနန်းတော်မှ သူတို့ကို ဖိတ်ခေါ်ခဲ့သည်မှာ အယောင်ဆောင် လှည့်စားခဲ့ခြင်းပေလား။

လင်ချိုးနှင့် အခြားသူများသည်လည်း ထိုသည်ကို ရှင်းလင်းစွာ သတိပြုမိကြ၏။ သူတို့က ယန့်ချန်ကို ကြည့်လိုက်ကြသည်။ ယန့်ချန်၏ အမူအရာက သာမန်သာဖြစ်ပြီး အရာအားလုံးက သူနှင့် မဆိုင်သကဲ့သို့ ရှိနေသည်။

လင်ချိုးသည် အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်များကို သတိပြုမိသည်။ အာခီမီနတ်နန်းတော်မှ ကျုံးဖန်က သူတို့ဘက်သို့ လှမ်းကြည့်ခဲ့သည်။ သူ့အမူအရာက တည်ငြိမ်နေ၏။ ထိုသည်မှာ သူ့ခန့်မှန်းချက်အတွင်း ရှိနေသည့်အတွက် အံ့သြမှုမရှိသကဲ့သို့ပင်။

အာခီမီနတ်နန်းတော်နှင့် ချင်းဟယ်နန်းတော်က ရင်းနှီးကြသည်။ ထို့ကြောင့် အာခီမီနတ်နန်းတော်က တစ်ခုခု သိထားခြင်းဖြစ်သည့်အတွက် အံ့သြမသွားခြင်း ဖြစ်လေသည်။ သူတို့သည် နောက်ကွယ်၌ ပူးပေါင်းကြံစည်ထားခြင်းပင် ဖြစ်နိုင်သည်။ အာခီမီစုဝေးပွဲမှ ရီဖူရှင်းနှင့် ပဋိပက္ခကို သူတို့က လမ်းစဥ်တိုက်ပွဲထက် ဖြေရှင်းချင်နေခြင်းဖြစ်သည်။

သူတို့က ဤနေရာ၌ သိက္ခာပြန်ဆယ်ရန် ကြိုးစားနေသည်လား။

လက်ရှိတွင် လင်ချိုးသည် ကောင်းကင်တိုက်ပွဲနန်းတော်က မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို မသိပေ။ သို့သော် ကောင်းကင်တိုက်ပွဲနန်းတော်နှင့် အာခီမီနတ်နန်းတော်က သိပ်မရင်းနှီးကြချေ။ ကောင်းကင်တိုက်ပွဲနန်းတော်က တိုက်ပွဲများကို နှစ်သက်သည်။ သူတို့က အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်များကို လေးစားသော်လည်း လေးစားရုံသက်သက်သာ ဖြစ်၏။ သူတို့က ကိုယ်တိုင်ဆန္ဒရှိ၍မှ မဟုတ်လျှင် အာခီမီနတ်နန်းတော်၏ အမိန့်ကို လိုက်နာလိမ့်မည် မဟုတ်ပေ။

ကောင်းကင်တိုက်ပွဲနန်းတော်က စိတ်လှုပ်ရှားဖွယ်တိုက်ပွဲကို မျက်မြင်တွေ့ချင်နေခဲ့သည်။ ယခု ကုန်းမြေအသီးသီးမှ တန်ခိုးရှင်များ ရောက်နေပြီး အာခီမီစုဝေးပွဲအတွင်းမှ ပဋိပက္ခများကို ထပ်ပေါင်းသည့်အခါ အစွမ်းထက် ရန်ဟောင်များကြားမှ လမ်းစဥ်တိုက်ပွဲကို ဖန်တီးရန် အခွင့်အရေး ရသွားခြင်း ဖြစ်ပေသည်။

ကျယ်လောင်သော ဟစ်ကြွေးသံများ ထွက်ပေါ်လာ၏။ လူအုပ်ကြီးသည် ဤတိုက်ပွဲကို စိတ်လှုပ်ရှားမှုအပြည့်နှင့် စောင့်ဆိုင်းနေပုံရသည်။ အစွမ်းထက်ရန်ဟောင်များ ကြားမှ လမ်းစဥ်တိုက်ပွဲမှာ ရှန့်ထိုနှင့် ရှီအဆင့်များနှင့်မတူဘဲ ရှားပါးလှပေသည်။

ထိုသည်က ပညာဖလှယ်ခြင်းမျှသာ ဖြစ်လျှင်ပင် ရန်ဟောင်များက သူတို့်အား လူအများ ဝိုင်းကြည့်နေမည်ကို မုန်းတီးပေသည်။

ယခု ထိုသို့သော အခွင့်အရေးမျိုး ရှိနေပြီ ဖြစ်သည်။ တိုက်ပွဲအတွက် ထွက်လာသော တန်ခိုးရှင်မှာ ထိပ်သီးအင်အားစုတစ်ခုဖြစ်သော ချင်းဟယ်နန်းတော်မှ ရန်ဟောင်တစ်ပါးဖြစ်သည်။ ထိုသူမှာ အာခီမီစုဝေးပွဲအတွင်း အနှောက်အယှက် ဖြစ်စေခဲ့သော ထိုက်ယွမ်ကုန်းမြေမှ တန်ခိုးရှင်များနှင့် တိုက်ပွဲဆင်နွှဲချင်နေခဲ့သည်။ သူ၏ မြားဦးမှာ အစွမ်းထက် ဆေးဖော်စပ်သူဆရာသခင် ရီလျှို့နျန်ထံ ဦးတည်နေခြင်း ဖြစ်ပေသည်။

“မင်း ဒီစိန်ခေါ်မှုကို လျစ်လျူရှုချင်ရင် ချက်ချင်း ထွက်သွားလို့ရတယ်။ ကောင်းကင်တိုက်ပွဲနန်းတော်က ဘာမှလုပ်လို့မရဘူး။ သူတို့က လမ်းစဥ်တိုက်ပွဲ လက်ခံတာမခံတာနဲ့ ပတ်သတ်ပြီး တိုက်ရိုက်ဝင်စွက်ဖက်ဖို့ အရည်အချင်း မမီဘူး။” လင်ချိုးက ရီဖူရှင်းအား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ တိုက်ပွဲနန်းတော်က မည်သည့် ရည်ရွယ်ချက်ရှိနေပါစေ သူတို့အားလုံးကို ဤနေရာ၌ လမ်းစဥ်တိုက်ပွဲကြည့်ရန်သာ ဖိတ်ခေါ်ခဲ့သည်ဆိုလျှင် ကောင်းကင်တိုက်ပွဲနန်းတော်က သူတို့ကို အကွက်ဆင်ခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းနှင့် လင်ချိုးသည် ထိုအဖြစ်ကြောင့် စိတ်မကျေမနပ် ခံစားလိုက်ကြရပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset